Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၈)

A+ A-

ဖြန်း …

ဆရာတော်ဘုရားက ကျောင်းကကျွန်းတိုင်ကြီးကို ကြိမ်လုံးကြီးနဲ့ လွှဲရိုက်လိုက်တာကြောင့် ဦးမင်းငွေ လက်အုပ်ချီထားရင်း တုန်တက်သွားရသည်။

” ဒေါ်တူးစိန်အိမ်က ဘူးသီးဘယ်သူခိုးတာလဲ … မှန်မှန်ပြော “

ဆရာတော်က မေးသာမေးလိုက်ပေမယ့် ဘယ်သူတရားခံလဲဆိုတာကို သိပြီးသားဖြစ်သည်။ ကျောင်းပေါ်မှာ လူတွေ စုစုရုံးရုံးနဲ့ ရောက်နေကြသည်။

ဘယ်ဘက်အခြမ်းမှာတော့ တရားခံဖြစ်တဲ့ ပစ်တိုင်းထောင်တို့အုပ်စုနဲ့အတူ သူကြီးဦးမင်းငွေနဲ့ရွှေဒင်္ဂါးက ထိုင်နေသည်။ တစ်ဖက်ခြမ်းမှာတော့ ဒေါ်တူးစိန်တို့ သားအမိနဲ့ သာဗြောတို့ မိသားစုက ထိုင်နေသည်။ အားလုံးကတော့ ဆရာတော်ကို ငယ်ကြောက်တွေမို့ ဆရာတော့်ရှေ့မှာ ကျုံ့ကျုံ့လေးထိုင်ရင်း ခေါင်းငုံ့နေကြသည်။

” ဘူးသီးခိုးတာ မဟုတ်ပါဘူး ဘုရား . ဘူးသီးစိတ်ခိုးတာပါ “

” ပစ်တိုင်းထောင် …! “

ဖြန်း …

အထွန့်တက်ရှာတဲ့ ပစ်တိုင်းထောင်ကြောင့် ဆရာတော်က မာန်မဲလိုက်ရင်း တိုင်လုံးကြီးကို ကြိမ်လုံးနဲ့ရိုက်ပြန်သည်။

” ဆရာတော်ဘုရား . တပည့်တော်အိမ်က ဘူးသီးကို နှစ်လုံးတောင်မှ လုပ်သွားတာပါ ဘုရား … တစ်လုံးလုံးကို ဒီတိုင်းခူးသွားတယ်ဆိုရင်တောင် ခံသာပါသေးတယ် … အခုကျတော့ ထက်ခြမ်းခြမ်းပြီး တစ်ခြမ်းကို ခိုးသွားတာပါ ဘုရား “

ဒေါ်တူးစိန်က မျက်နှာကြီးရှုံ့မဲ့လို့ ဆရာတော်ကို တိုင်တဲ့အခါ ဘေးမှာမျက်နှာငယ်လေးနဲ့ ထိုင်နေတဲ့မယ်တင်က သူ့မအေကြီးကို ဆက်မပြောဖို့ တံတောင်ကိုအသာဆွဲရင်း တားသည်။

” ဒေါ်တူးစိန်ကြီးနှယ် … ကြက်တစ်ကောင်လုံး အခိုးခံရတဲ့ ကျုပ်တို့တောင် ဘာမှမဖြစ်ဘူး … ခင်များက ဘူးသီးလေး နှစ်ခြမ်းအခိုးခံရတာကို ခင်ဗျားသမီး အခိုးခံရတဲ့အတိုင်းပဲ “

” ဟဲ့ . သာဗြော နင်ဘာစကားပြောတာလဲ “

” ဟုတ်တယ်လေ … ဒေါ်ဘူးစိန်လို့ ခေါ်ကြတာလည်း မပြောနဲ့ . ခင်ဗျားအိမ်မှာ ဘူးသီးတွေ ဒီလောက်ပေါနေတာ . မစား ပုပ်သွားမယ့်ဟာ “

” တော်ကြစမ်း …! “

ဆရာတော့်ရှေ့မှာတောင် ရန်ထဖြစ်နေကြတဲ့ ဒေါ်တူးစိန်နဲ့ သာဗြောကြောင့် ဆရာတော်က ဝင်တားရသည်။ ဦးမင်းငွေနဲ့ ဒင်္ဂါးကတော့ ဘာမှဝင်မပြောနိုင်ပဲ ပစ်တိုင်းထောင်တို့ ငါးယောက်အနားမှာငြိမ်နေရသည်။

ဆရာတော်က ပစ်တိုင်းထောင်တို့အဖွဲ့ကိုကြည့်ပြီး အမျက်ထွက်နေတာလည်း အကြောင်းမဆန်း။ ဒေါ်တူးစိန်ကြီးက သူ့ဘူးသီးနှစ်ခြမ်း အခိုးခံရတဲ့ကိစ္စကို သူကြီးကိုကျော်လို့ ဆရာတော်ဆီ လာတိုင်ခြင်းဖြစ်သည်။

ဘယ်ကဘယ်လိုသိသွားသလဲ မသိပေမယ့် မီးကင်းပေါ်မှာ ကြက်ကာလသားချက်,ချက်စားကြောင်းကို ဒေါ်တူးစိန်က ဆရာတော်ကိုတိုင်ရင်း ဖောက်သည်ချသည်။ ပစ်တိုင်းထောင်ကို မြို့အုပ်မင်းညီမင်းသိထားတဲ့ ဒေါ်တူးစိန်က နပ်သည်။ သူကြီးအိမ်မှာ ပစ်တိုင်းထောင်တို့က နေနေတာမို့ အညှာကိုင်နိုင်မယ့် အမေသူကြီးကျော်ပြီး ဒွေးတော်ဖြစ်တဲ့ ဆရာတော်ဆီကို ရောက်လာသည်။

ဘူးသီးနှစ်ခြမ်း အခိုးခံလိုက်ရတာကြောင့် ဒေါ်တူးစိန်က လွန့်လွန့်လူးနေတာမို့ ကြက်တစ်ကောင်လုံး အခိုးခံရတာတောင် မတိုင်တဲ့သာဗြောတို့ကပါ ဆရာတော်အခေါ်လွှတ်တာမို့ ရောက်လာရသည်။ အမှန်ဆို သာဗြောကလည်း ကိုယ့်ကြက်ကိုယ် ပျောက်လို့ပျောက်မှန်းပင်မသိ။ ကြက်တွေက ခြံစည်းရိုးအောက်ဖက်ကို ယက်လို့ သွားချင်ရာသွားတတ်တာကြောင့် တစ်ကောင်စနှစ်ကောင်စကတော့ သာဗြောလည်း မှတ်မထားတော့တာဖြစ်သည်။

” ပစ်တိုင်းထောင် …! “

” တင်ပါ့ဘုရား “

” အပြစ်ရှိလား . မရှိဘူးလား “

” ….. “

ပစ်တိုင်းထောင်က ပြန်မဖြေတဲ့အခါ ဆရာတော်က ခပ်စူးစူးကြည့်လာသည်။ ခွေးပုနဲ့ ဘမော်တို့ကတော့ ဆရာတော့်အကြည့်ကို မခံနိုင်စွာ မျက်နှာငယ်လေးတွေနဲ့ ခေါင်းငုံ့ထားသည်။ ဒင်္ဂါးကတော့ ငြိမ်နေတဲ့ ပစ်တိုင်းထောင်ကို အနောက်ကနေ ပြန်ဖြေဖို့ လက်ကုတ်သည်။

” ဘမော် “

” ဟုတ် . အဲ … တင်ပါ့ဘုရား “

” မင်းက အကြီးဖြစ်ပြီး မတားဘူးလား “

မတားတာမဟုတ်ပဲ တားလို့မရကြောင်းကိုတော့ ဘမော် ပြန်မဖြေဖြစ်ပါ။ တရမ်းရမ်းလုပ်နေတဲ့ ဆရာတော့်ကြိမ်လုံးကို ကြောက်ရသလို စကားမှားသွားရင် အငြှိုးခံရမယ့် မြို့အုပ်မင်းညီကိုလည်း ကြောက်ရသေးသည်။

” အေး . ပြန်မဖြေကြနဲ့ … ပြန်မဖြေကြလဲ ဒီကိစ္စကို ဘယ်သူဦးဆောင်သလဲဆိုတာ ငါရိပ်မိပြီသား “

ဆရာတော်က ပစ်တိုင်းထောင်ကို တည့်တည့်ကြည့်ပြီး ပြောနေပေမယ့် မသိချင်ယောင်ဆောင်နေတဲ့ ပစ်တိုင်းထောင်ကတော့ တုံဏှိဘာဝေ။ အရိုက်ခံရမှာကို ဖင်တုန်အောင်ကြောက်သော ဘမော်၊ ဖိုးထူးနဲ့ အောင်ကျော်တို့ကသာ ဒူးတုန်နေပြီဖြစ်သည်။ ငယ်ကြောက်တွေချည်းမို့ တစ်ရွာလုံး ဆရာတော့်ကြိမ်လုံးကို မမြည်းစမ်းဖူးသူဆိုလို့ ကာလသားတွေထဲမှာ ဒင်္ဂါးတစ်ယောက်သာရှိသည်။

” ဒကာကြီးမင်းငွေ ပြောကြည့် … ဒီကောင်တွေကို ဘာအပြစ်ပေးသင့်သလဲ “

” တပည့်တော်ကတော့ ဒေါ်တူးစိန်နဲ့ သာဗြောက ဘာဖြစ်စေချင်သလဲ အရင်သိချင်ပါတယ် ဘုရား … ဘူးသီးဖိုးနဲ့ ကြက်ဖိုးလည်း အလျော်လိုချင်ရင် ပစ်တိုင်းထောင်ကို လျော်ခိုင်းလိုက်ပါ့မယ် ဘုရား “

ဦးမင်းငွေက ပြေရာပြေကြောင်းပြောပေမယ့် ဘူးသီးနှစ်ခြမ်းပိုင်ရှင် ဒေါ်ဘူးစိမ်ကတော့ ကျေနပ်ဟန်မတူပါ။

” အိုတော် … ကျုပ်က ငွေလိုချင်လို့ပြောနေတာ မဟုတ်ဘူးတော့် … ငွေလိုချင်မှတော့ ကျုပ်ဘူးသီးတွေ ခူးရောင်းတော့မှာပေါ့ “

” ကျုပ်တို့ကတော့ ကြက်ဖိုးမရလည်း ဘာမှမဖြစ်ဘူး . အဲ့ကြက်လောက်ကတော့ စာဖွဲ့မနေဘူး “

သာဗြောရဲ့ ခပ်ရွတ်ရွတ်စကားကြောင့် ဒေါ်တူးစိန်ရဲ့မျက်စောင်းက ဒိုင်းခနဲရောက်လာသည်။ ကြက်ခိုးခံရတဲ့လူကတောင် ဘာမှမဖြစ်ပေမယ့် ဒေါ်တူးစိန်ကတော့ ဘူးသီးခိုးမှုနဲ့ ဂတ်ထဲထည့်လို့ရရင် ထည့်မယ့်ပုံ။

” အဲ့တာဆို ဒီကောင်တွေကို ကြိမ်နဲ့ ငါးချက်စီရိုက်လိုက်မယ် . ကျေနပ်သလား ဒကာမကြီး “

ဆရာတော့်စကားကြောင့် ဒေါ်တူးစိန်မှာ မကျေနပ်လို့လည်းမရ။ ကြိမ်နဲ့ငါးချက်စီရိုက်မယ်ဆိုတာ ပေါ့သေးသေးအပြစ်ဒဏ်တော့ မဟုတ်ကြောင်း ဆရာတော့်ကြိမ်လုံးကို မြည်းစမ်းဖူးသူတိုင်း သိသည်။

” ဆရာတော်ဘုရား “

” ပြော . ဒကာကြီးမင်းငွေ “

ဦးမင်းငွေကတော့ ဆရာတော်က ကြိမ်ဒဏ်ငါးချက်လည်းဆိုရော ပြစ်ဒဏ်လျော့ပေါ့အောင် လျှောက်ဖို့ပြင်ရသည်။ ဦးဆောင်သူ အမောင်ပစ်တိုင်းထောင်ကတော့ သူမဟုတ်သလို မထုံတတ်တေးမျက်နှာနဲ့။

” ပစ်တိုင်းထောင်က ဒီတိုင်းပျော်ချင်စိတ်လေးနဲ့ လုပ်တာပါ ဘုရား … တခြားနစ်နာစေလိုတဲ့ ဘာစိတ်မှလည်း မရှိပါဘူး . ရွာ့ဧည့်သည်လည်းဖြစ်တဲ့အပြင် မြို့အုပ်မင်း မောင်ကျော်ကျော်ဟန့်မျက်နှာလည်း ထောက်ပါဦးဘုရား “

” နို့ . သူကြီးက ပစ်တိုင်းထောင်ကို ပြစ်ဒဏ်လျှော့ပေါ့ပေးဖို့ ပြောနေတာလား “

” တင်ပါ့ ဘုရား “

” အဲ့တာဆို ပစ်တိုင်းထောင်အစား ဒကာကြီး အရိုက်ခံလေ “

ဆရာတော်ရဲ့ တစ်ချက်လွှတ်စကားကြောင့် ဦးမင်းငွေ ပါးစပ်ပိတ်ရတော့သည်။ ဆရာတော်က ကျောင်းက ကျွန်းတိုင်ကြီးကို တစ်ယောက်တစ်လှည့်စီဖက်စေပြီး ကြိမ်နဲ့ဆော်တာများ တဗြောင်းဗြောင်း။ တစ်ခါမှ အရိုက်မခံဖူးတဲ့ ဒင်္ဂါးကတော့ ဆရာတော်လက်တစ်ချက်လွှဲလိုက်တိုင်း မျက်နှာလွှဲလို့ မျက်လုံးကို မှိတ်လိုက်ရသည်အထိ။

ဖြောင်း …!

” အား . ဆရာတော် … နာတယ် ဘုရား “

ဆရာတော့်လက်စာကို ပထမဆုံးအကြိမ် မြည်းစမ်းရတဲ့ ပစ်တိုင်းထောင်ကတော့ တိုင်လုံးကို ကျစ်ကျစ်ပါအောင်ဖက်ရင်း ငယ်သံပါအောင် အော်သည်။ တစ်သက်နဲ့တစ်ကိုယ် အရိုက်ခံရဖို့မပြောနဲ့ မြို့အုပ်မင်းဖြစ်တဲ့ အစ်ကိုကတောင် လေသံမာမာပြောဖူးတာက အလွန်ဆုံးမို့ ပစ်တိုင်းထောင်အတွက်တော့ ရိုက်ချက်တွေက အသည်းပါခိုက်သည်။

ခွေးပုကလည်း ဆရာမကောင်း တပည့်ခေါင်းဆိုသလို အရိုက်ခံရတဲ့အထဲ အဆစ်ပါသည်။ ဘမော်တို့ကတော့ ရိုးနေပြီမို့ ထူးပြီးအော်မနေတော့ပါ။ ဘယ်သူသာတယ် ဘယ်သူနာတယ် ပြောရအောင်လည်း ညတုန်းက ကြက်သားမြောက်ပိုင်းသားဟင်းကို တစ်ညီတစ်ညွတ်တည်း စားခဲ့ကြသူတွေချည်း။

ကြက်သားနဲ့ ဘူးသီးနှစ်ခြမ်းခိုးတဲ့ငါးယောက်ကို ဆရာတော်က ကြိမ်ဒဏ်ပေးပြီး ပစ်တိုင်းထောင်ကိုတော့ ဦးဆောင်သူမို့ ရွာဦးစေတီကိုပါ သန့်ရှင်းရေးလုပ်စေဖို့ အမိန့်ပေးသည်။ ဘယ်သူမှ ဝင်မကူဖို့လည်း တစ်ချက်လွှတ်အမိန့်ထုတ်သေးတာကြောင့် ဒင်္ဂါးတို့မှာ တုတ်တုတ်ပင်မလှုပ်ရဲပဲ ရွာဦးကျောင်းကနေသာ အိမ်ပြန်လာရတော့သည်။

>>>>>>>>>>

တယ်လီဖုန်းခွက်ကိုချရင်း ကျော်ကျော်ဟန် လေပူတွေကို မှုတ်ထုတ်လိုက်သည်။ အနားမှာရှိနေတဲ့ ဇနီးသည်က လက်မောင်းကို လက်ဆုပ်ကိုင်ရင်း ဘာဖြစ်သလဲ ဆိုတဲ့ အကြည့်တွေနဲ့ မော့ကြည့်နေတာကြောင့် ထိုင်ခုံဆီကို ဆွဲခေါ်ရင်း အရင်ထိုင်စေသည်။

” ဆရာတော်က တယ်လီဖုန်းဆက်တယ် ခင်ခင် … မင့်မောင်ပစ်တိုင်းထောင် မွှေနေတယ်လေ … မနေ့ညက မီးကင်းလေးတစ်ရက်စောင့်တာ သူများအိမ်က ဘူးသီးနဲ့ကြက်ခိုးပြီး ချက်စားပစ်တယ်တဲ့ “

” ဟယ်တော် … “

ခင်ခင်က စိုးရိမ်ဟန်နဲ့ ရင်ဘတ်ကိုဖိသည်။ ကျော်ကျော်ဟန်လည်း သက်ပြင်းချမိပြန်သည်။

” ခင်ခင့်မောင်ကိုမနိုင်လို့ ရွာကိုလွှတ်လိုက်ကာမှ ပိုဆိုးနေသလိုပဲ ခင်ခင်ရယ် … မကောင်းကျောင်းပို့လိုမျိုးလုပ်လိုက်ရတာ ဆရာတော်နဲ့ သူကြီးက တော်တော်ထိန်းနေရပုံပဲ “

” အို~ ကိုကိုကျော်ကလည်း … မောင်ငယ့်ကို ဆိုးသွမ်းနေတယ် မပြောပါနဲ့ဆို … အဲ့လိုလုပ်တာ အပျော်နေမှာပါ ကိုကိုကျော်ရယ် … ဟိုမယ် ရွာက ကာလသားတွေလည်း အပျော်သဘောလုပ်ကြတာပဲဟာ “

ပြောပြန်ရင်လည်း ကာဆီးကာဆီးလုပ်ပြန်တဲ့ ဇနီးသည်ကြောင့် ကျော်ကျော်ဟန်လည်း ဆက်မပြောချင်ပါ။ စိတ်ချရမလားလွှတ်ကာမှ ဟိုမှာ ပတ်မွှေထိုးနေတာမို့ ကျော်ကျော်ဟန်လည်း ဆရာတော်နဲ့သူကြီးကို မျက်နှာပူလှသည်။

” အဲသည်တော့ . အဲသည်တော့ မောင်ငယ့်ကို အပြစ်ပေးသေးလား ကိုကိုကျော် … ဆရာတော်က တယ်လီဖုန်းဆက်တယ်ဆိုတော့ ဒီအတိုင်း လှမ်းတိုင်ရုံလား “

” အပြစ်ရှိတဲ့ငါးယောက်ကို တစ်ယောက် ကြိမ်ဒဏ်ငါးချက်စီ အပြစ်ပေးလိုက်တယ်တဲ့ … ဒါတောင် ဆရာတော်က အပြစ်ရှိသလားမေးတာကို မင့်မောင်က ထုံပေပေလုပ်နေတယ်ဆိုပဲ … သူကြီးကလည်း ခင်ခင့်လိုပဲ ကြားထဲက ကာဆီးကာဆီးလုပ်နေလို့ ဆရာတော်က ပစ်တိုင်းထောင်အစား ကြိမ်ဒဏ်ခံမလားမေးကာမှ ငြိမ်တယ်တဲ့ “

” ဟင်~ ကြိမ်ဒဏ်ငါးချက်တောင် “

ခင်ခင်က လက်ငါးချောင်းထောင်ရင်း သေချာအောင်မေးတော့ ကိုကိုကျော်က ခေါင်းညိတ်သည်။

” အဲ့တာကိုကိုကျော့်ကြောင့် “

” ဟောဗျာ “

ခင်ခင်က ကျော်ကျော်ဟန့်ရဲ့ လက်မောင်းတွေကို ထုရိုက်လာတာကြောင့် လက်ကလေးနှစ်ဖက်ကို ဆုပ်ကိုင်လို့ တားလိုက်ရသည်။

” ဟော်. ခင်ခင်ရယ် … ခင်ခင့်မောင်ကို ရိုက်တယ်ဆိုတော့ ဝမ်းနည်းနေသလား “

အမှန်တကယ် မျက်နှာနုနုလေးက နီရဲလာပြီး မျက်ရည်ကလေးပင် ဝဲတက်နေတာမို့ ကျော်ကျော်ဟန် ချစ်ဇနီးလေးကို ရင်ခွင်ထဲ ထွေးပွေ့ထားလိုက်သည်။

” ရှင်ကြီးလုပ်လို့လေ … မောင်ငယ့်ကို ဒီမှာထားပြီး ဆိုဆုံးမလည်းရရဲ့သားနဲ့ ရွာပို့တယ်… အခုတော့ မောင်ငယ်အပြစ်လုပ်မိတော့ အရိုက်ခံရပြီလေ “

” မင့်မောင်ငယ် ဘာဖြစ်ဖြစ် ကိုကို့ကြောင့်ပဲ ဖြစ်ရသလား ခင်ခင်ရယ် “

” လွှတ်ပါ … အဲ့တာ ရှင်ကြီးပဲ မောင်ငယ့်ကို ရွာပို့လိုက်လို့ဖြစ်တာလေ … ရှင့်ကြောင့်မှမဟုတ်ရင် ဘယ်သူ့ကြောင့် ဖြစ်ရဦးမှာလဲ “

ရင်ခွင်ထဲက ဇနီးသည်လေးက ကျော်ကျော်ဟန့်ကို ထုရိုက်ရုန်းကန်သည့်အခါ ခပ်ကျစ်ကျစ်ကလေး ထိန်းပွေ့ဖက်ရပြန်သည်။

” မောင်ငယ်က တစ်သက်လုံး အလိုလိုက်ခံလာရတာ … ကိုကိုကျော်တောင်မှ မောင်ငယ့်ကို ထိုးနှက်ရိုက်နှက်ဖူးလို့လား ပြောပါဦး … ဘာမှအနာတရမဖြစ်ဖူးပဲ အလိုလိုက်ခံလာရတဲ့ ကလေးက ရိုက်နှက်ပြီးဆုံးမခံရတယ်လို့ ခင်ခင်မကြိုက်ပါဘူး “

” ဆရာတော်က ခင်ခင့်မောင် လူဆိုးကို ဆုံးမတာ ကိုကိုက ဘာပြောလို့ရမှာလဲ ခင်ခင်ရယ် … ခင်ခင့်မောင်ကိုက ဆိုးတာလည်း ထည့်ပြောဦးလေ ခင်ခင်ရယ် “

” အို … မသိဘူး . မောင်ငယ်နောက်တစ်ခါအရိုက်ခံရတယ်ဆိုရင် ပြန်ခေါ်တော့မယ် … ကိုကိုကျော်မခေါ်ချင်ရင်လည်းနေ . ခင်ခင်ပြန်ခေါ်ထားပြီး ခင်ခင့်အိမ်မယ် နေခိုင်းမယ် “

ချစ်ဇနီးလေးနဲ့ ကျော်ကျော်ဟန်က ငယ်ကျွမ်းဆွေတွေ။ အိမ်နီးချင်းလည်းဖြစ်တာကြောင့် မိသားစုကပါ နှစ်အိမ့်တစ်အိမ် နေကြတာဖြစ်သည်။ ခင်ခင်က ကျော်ကျော်ဟန်နဲ့ အကြောင်းပါပြီး အတူတူလိုက်နေတာမလို့ ခင်ခင့်အိမ်မှာတော့ ခင်ခင့်မိဘတွေသာရှိသည်။ ခင်ခင့်မိဘတွေကလည်း ငယ်ငယ်ကတည်းက ပစ်တိုင်းထောင်ကို အချစ်ပိုတာမို့ ထိုအချက်ကြောင့် နောက်တစ်ခါသာဆို အိမ်ပြန်ခေါ်ထားမည်ဖြစ်ကြောင်း တစ်ချက်လွှတ်အမိန့်ထုတ်နေတာဖြစ်သည်။

” အင်းပါ . အင်း အင်း … ခင်ခင့်သဘော “

မြို့အုပ်ဖြစ်နေလည်း ဘာအရေးလဲ။ မိန်းမက ဒါဆို ဒါပေါ့။ ချစ်ရတော့လည်း လိုက်လျောပြီး ခေါင်းညိတ်ပြရတာပါပဲ။ ဒါတောင် ချစ်ဇနီးလေးရဲ့မောင် ပစ်တိုင်းထောင်ကို ဆရာတော်က ရွာဦးစေတီတစ်ဝင်းလုံး သန့်ရှင်းရေး အလုပ်ခိုင်းထားကြောင်း ထိမ်ချန်ထားမိသေးသည်။ ပြောများပြောမိရင် ခင်ခင်က ပစ်တိုင်းထောင်ကို ချက်ချင်းမြို့ကို ပြန်ခေါ်မလားတောင် မသိပါ။

>>>>>>>>>>

” ကျွန်တော်တစ်လှည့် လှည်းပေးမယ်လေ . ဆျာထောင် “

” ကူမယ်ပြောရအောင် မင်းက ထပ်အဆော်ခံချင်လို့လား “

ပစ်တိုင်းထောင်က မေးလိုက်တော့ အပင်ရိပ်လေးမှာ ခပ်ကုတ်ကုတ်ထိုင်နေတဲ့ ခွေးပုက ပါးစပ်ပိတ်သွားသည်။ ဆရာတော့်အမိန့်ကြောင့် ရွာဦးစေတီမှာ သန့်ရှင်းရေးလုပ်နေတာ နေမွန်းတည့်နေပြီပင်ဖြစ်သည်။ နေကပူပူ လေကလည်းတိုက်တာကြောင့် သစ်ရွက်ခြောက်တွေက ရှင်းမနိုင်။ ခွေးပုမှာ ဆရာသမားကို ကူချင်ပေမယ့်လည်း ဆရာတော့်အမိန့်ကြောင့် မလှုပ်သာဖြစ်နေရသည်။ တင်ပါးကို ကြိမ်လုံးနဲ့ ငါးချက်အဆော်ခံထိထားတာ အီစိမ့်နေတာတောင် မပျောက်သေး။

” ခမောက်ဆောင်းထားလေ ဆျာထောင်ရဲ့ … အစ်မငွေမှုန်က နေပူမှာစိုးလို့ ထည့်ပေးလိုက်တာကို “

” တော်စမ်းပါကွာ . ခေါင်းလေးတယ် ”

သစ်ရွက်ခြောက်တွေကို တံမြက်စည်းကြမ်းကြီးနဲ့ တဗျန်းဗျန်းလှဲရင်း ပစ်တိုင်းထောင်က ပြောလိုက်သည်။ နေက ခေါင်းတည့်တည့်ရောက်နေပြီမလို့ နားထင်စပ်ကနေလည်း ချွေးတဒီးဒီးကျနေပြီဖြစ်သည်။ နေပူလွန်းလို့လည်း ပစ်တိုင်းထောင်မှာ မနားရဲ။ ဖုန်ထူနေပူရတဲ့အထဲ လေပူတွေကလည်း ဝှေ့ဝှေ့တိုက်တာမလို့ နားလိုက်တဲ့အခါတိုင်း တစ်ဝန်းလုံး သစ်ရွက်ခြောက်တွေက ပြန်ပွသွားသည်။ တစ်နေရာမှာ စုပုံပြီး မီးမရှို့နိုင်မချင်း ပစ်တိုင်းထောင်ကတော့ လက်ထဲက တံမြက်စည်းကို မချရဲပါ။

” ခွေးပု “

” ဟုတ် . ဆျာထောင် “

” ဗိုက်ဆာလှပြီ … သွား . သူကြီးအိမ်ပြန်ပြီး ရွှေဒင်္ဂါးကို ထမင်းလာပို့ခိုင်းချေ “

ထမင်းစားချင်တာက သူဖြစ်ပြီးတော့ ပြောတဲ့ပုံလေးကလည်း ထမင်းလာပို့ချင်စရာ။ ခွေးပုလည်း စိတ်ထဲကနေပဲ ဝေဖန်ရဲတာကြောင့် မျက်နှာကို မသိမသာရှုံ့မဲ့လိုက်ရင်း ထိုင်နေရာကနေ ထလိုက်သည်။

” ကိုဒင်္ဂါးကို ပို့ခိုင်းတော့ သပ်သပ်လာနေရမှာပေါ့ ဆျာထောင်ရဲ့ … ကျွန်တော်ပဲ ပြန်ယူလာမယ်လေ “

” ဟ . ရွှေဒင်္ဂါးကို လာပို့ခိုင်းချေပါဆို ရွှေဒင်္ဂါးပဲပေါ့ … ဘောက်မဲ့ကြောင့် ငါ့လျှာလာရှည်နေပြန်တာလဲ မိချောင်းမသား “

” ကိုဒင်္ဂါးက ရွာဦးစေတီထိ သီးသန့်လာနေရမှာလေ … မဟုတ်လည်း ကျွန်တော်ပြန်လာမှာပဲကို “

” အဲ့တာဖြင့် ပြန်မလာနဲ့ . ငါ့သမီးတွေနားနေ … ရွှေဒင်္ဂါးကို လာပို့ခိုင်းချေ “

ခွေးပု ခေါင်းကို တဗျင်းဗျင်းမြည်အောင် လက်နှစ်ဖက်နဲ့ပင် စုံကုတ်လိုက်မိသည်။ ဘယ်သူလာပို့ပို့ အတူတူပဲဟာကို ဆျာထောင်က ကိုဒင်္ဂါးဆို အနိုင်ကိုကျင့်လွန်းသည်။

” အဲ့မှာ ဘာရပ်လုပ်နေသေးတာလဲ ခိုင်းတာကို မသွားပဲ “

” သွားမှာလို့ . သွားမှာ “

” သွား . သွား မြန်မြန် … ရာသီဥတုကပူ . အလုပ်လုပ်ရတာ ပင်ပန်းရတဲ့အထဲ မင်းမျက်နှာကြီးက ကျက်သရေကိုမရှိဘူး “

ဘာမှလည်းမဆိုင်။ ဆရာတော့်ကိုမနိုင်တိုင်း မနိုင်နိုင်ရာ ခွေးပုကိုပဲ မဲနေတဲ့ ဆျာထောင်ကြောင့် ငိုချင်စိတ်ပင်ပေါက်လာရသည်။

” ဆရာတော့်ကို မကျေနပ်တိုင်း ကျွန်တော့်ကိုပဲ လာမဲနေတယ် “

” ဟာ . ဒီကောင်! “

ပစ်တိုင်းထောင်က လက်ထဲက တံမြက်စည်းကြမ်းကိုချ ပုဆိုးကိုမ,ရင်း ခွေးပုကိုကန်ဖို့ ခြေထောက်တပြင်ပြင်လုပ်တဲ့အခါ ခွေးပုက လှစ်ခနဲနေအောင် လှည့်ပြေးတော့သည်။

” ပြန်လာပလေ့စေဦး … နားရင်းကို နာနာအုပ်ဦးမယ် “

” မောင်လေး ထောင်ထောင် “

” ဟမ် “

ခွေးပုကို ကျိန်ဆဲပြီးနောက် ပစ်ချထားတဲ့ တံမြက်စည်းကြမ်းကို ပြန်ကောက်ကိုင်ကာ သစ်ရွက်ခြောက်တွေကို လှဲကျင်းနေတုန်း ပစ်တိုင်းထောင်ကို ခေါ်ဝေါ်လိုက်တဲ့ အခေါ်အဝေါ်တစ်ခုက နားထဲကို ကန့်လန့်ကြီးဝင်လာသည်။ မျက်နှာကြီး ရှုံ့မဲ့ပစ်လိုက်ရင်း အသံကြားရာဘက်ကို လှည့်ကြည့်လိုက်တော့ ထန်းတောက အပျိုကြီးမညိုမြဖြစ်နေသည်။

” ခင်ဗျား ကျုပ်ကို ဘယ်လိုကြီးခေါ်လိုက်တာတုန်း မညိုမြ … ပူရအိုက်ရတဲ့အထဲ မျက်နှာကလည်း ဖရိုဖရဲနဲ့ ဘာဖြစ်နေတာလဲ “

မညိုမြက ပါးစပ်ထဲမှာ ကွမ်းကိုထည့်ပြီး အဆက်မပြတ်ဝါးသူဖြစ်တာကြောင့် သွားတွေကလည်း နီရဲနေသည်။ နေပူထဲကနေ လာပုံရတာကြောင့် မျက်နှာမှာလည်း ချွေးတဒီးဒီးနဲ့ ပစ်တိုင်းထောင်ကို သွားဖြဲလို့ ရယ်ပြနေတာမို့ ပျစ်ပျစ်နှစ်နှစ်ပင် ဝေဖန်လိုက်သည်။

” အော် မောင်လေးထောင်ထောင်ရယ် … အစ်မက မောင်လေး ရွာဦးစေတီမယ် တစ်ယောက်တည်း သန့်ရှင်းရေးလုပ်နေရတယ်ဆိုလို့လေ “

” ဟ ! နေစမ်းပါဦး … အဲ့တာ ခင်ဗျားကို ဘယ်သူပြောလဲ “

” ဟိုအကောင် သာဗြောလေ “

ပစ်တိုင်းထောင် မျက်ခုံးနှစ်ဖက်ကို စုံ့ကျုံ့ပစ်လိုက်သည်။ သာဗြောပြောလို့ ထန်းတောထဲက မညိုမြသိတယ်ဆိုတော့ ဒီသတင်းကို သာဗြောက ရွာထဲ လိုက်ဖွနေသလားပင်မသိ။

” သာဗြောက အစ်မထန်းတောထဲမယ် ထန်းရည်လာသောက်ရင်း ပြောတာကြားလို့တော့ … အဲ့တာ ဒီကိုလိုက်လာပြီး ထမင်းလာပို့တာ “

မညိုမြအပြောကြောင့် သာဗြောက ရွာထဲ လျှောက်ဖွတာမဟုတ်ကြောင်း သိလိုက်ရတာမို့ ပစ်တိုင်းထောင်မျက်ခုံးပင့်ရင်း အခုမှသာ မညိုမြလက်ထဲက ငါးဆင့်ချိုင့်ကြီးကို မြင်တော့သည်။

” မောင်လေးထောင်ထောင် . စားတော့မလားဟင် “

” ဟာ …! ဘာတွေလာပြောနေတာလဲ … အဲ့လိုမခေါ်နဲ့ ပြောနေတယ်လေ … ဒီမိန်းမ လုပ်ထည့်လိုက်ရ “

ပစ်တိုင်းထောင်က တံမြက်စည်းကြီးကိုင်လို့ ဒေါသထွက်စွာပြောမိသည်။ လူကို ပရောပရည် လာလုပ်နေတဲ့ မညိုမြက နာမည်ကိုလည်း ဘယ်လိုခေါ်နေမှန်းမသိ။ မသတီသလို ခံစားရတာကြောင့် ရှေ့က မညိုမြကို ဆောင့်ကန်ပစ်ချင်စိတ်ပင်ပေါ်လာသည်။

” အို မောင်လေးကလည်း အစ်မက စားစေချင်လို့ နေ့လယ်စာ လာပို့တာကို “

” ဘာမှမစားဘူး . သွား … ခင်ဗျားချိုင့်ကြီး ပြန်ယူသွား “

နှင်လွှတ်တော့လည်းမသွားပဲ ပစ်တိုင်းထောင်နားမှာ ပေကပ်ကပ်လုပ်နေတာကြောင့် လက်ထဲကိုင်ထားတဲ့ တံမြက်စည်းကြမ်းကိုသာ မညိုမြရှိရာဘက်ကို နာနာဖိလှည်းပစ်လိုက်သည်။

” ဟို … အစ်ကိုပစ်တိုင်းထောင် “

လာပြန်ပြီနောက်တစ်ယောက်။ တစ်ယောက်က ရှင်းလို့မှမပြီးသေး နောက်တစ်ယောက်က ရောက်လာပြန်တာကြောင့် ပစ်တိုင်းထောင် စိတ်ရှုပ်စွာ လက်ထဲက တံမြက်စည်းကြမ်းကြီးကို ပစ်ချလိုက်ရင်း ခေါင်းကုတ်လိုက်သည်။ သန့်ရှင်းရေးမလုပ်တော့ဘူး။ ဒင်းတို့ကိုပဲ ထိုင်ရှင်းတော့မယ်။

” ဘာလဲ မယ်တင် … ညည်းက ဘာလာလုပ်ပြန်တာလဲ ”

ပစ်တိုင်းထောင်က ခပ်ငေါက်ပေါက်ပြောလိုက်တော့ မျက်နှာငယ်လေးနဲ့မယ်တင်က ထမင်းတောင်းလေးကိုင်ရင်း အနားကိုကပ်လာသည်။

” မယ်တင်တောင်းပန်ပါတယ် အစ်ကို … အမေ့ကို မပြောပါနဲ့ဆိုတာကို ဘူးသီးလေးလောက်နဲ့ ဆရာတော်ဘုရားကို သွားတိုင်လိုက်တာ “

ပစ်တိုင်းထောင်ကတော့ မယ်တင့်အပြောကို ဘာမှပြန်မဖြေပဲ မှုန်ကုတ်ကုတ်သာ ရပ်ကြည့်နေလိုက်သည်။

” အလိုတော် … ကိုယ့်မအေဖြင့် ကိုယ်နိုင်အောင်မထိန်းနိုင်ပဲ အခုမှလာပြီး ချွေးသိပ်နေတယ် … ညည်းတို့ ဘူးသီးလေးနှစ်ခြမ်းများ ဘယ်လောက်တန်လို့တုန်း … ကျုပ်ပြန်ပေးမယ် “

မညိုမြက မယ်တင့်ကိုကြည့်ရင်း မဲ့ရွှဲ့လို့ပြောသည်။ ပစ်တိုင်းထောင်ကတော့ မိန်းမနှစ်ယောက်ရန်ပွဲကို ဝင်မပါပဲ အပင်ရိပ်မှာသွားရပ်ရင်း ပွဲကြည့်သလို လက်ပိုက်ကြည့်နေလိုက်သည်။

” အဲ့လိုမပြောပါနဲ့ မညိုမြ … အခုလည်း မယ်တင်က အစ်ကိုပစ်တိုင်းထောင်ကိုအားနာလို့ လာတောင်းပန်တာ “

” အို … တောင်းပန်ရုံနဲ့ မောင်လေးထောင်ထောင် အရိုက်ခံရတာ ပျောက်မှာတဲ့လား “

မညိုမြက အစဖော်လိုက်တာကြောင့် ပစ်တိုင်းထောင်ရဲ့ တင်ပါးနေရာက ဆရာတော့်လက်ရာက ပြန်ပြီး ကျိန်းစပ်လာတော့သည်။ သတိရလို့ ပြန်တွေးကာမှ တဆစ်ဆစ်ဖြစ်လာတာကြောင့် ပစ်တိုင်းထောင် ဒူးနှစ်လုံးကို ကျုံ့လိုက်မိသည်အထိ။

” အဲ့တာ မညိုမြနဲ့ မဆိုင်ပါဘူး … မယ်တင်က အစ်ကိုပစ်တိုင်းထောင်ဆီလာတာ “

မယ်တင်က ခပ်တင်းတင်းပြန်ပြောတော့ မညိုမြက စိတ်ကြမ်းကိုယ်ကြမ်း ပါးစပ်ကြမ်းသူပီပီ လက်ထဲက ငါးဆင့်ချိုင့်ကြီးကို မြေကြီးပေါ် ဂွက်ခနဲနေအောင်ချသည်။

” ဟဲ့ . ငါနဲ့လည်း မဆိုင်ဘူးဆို ညည်းနဲ့လည်း ဘာဆိုင်လို့တုန်း “

” အို . မယ်တင်နဲ့ ဆိုင်လို့ပေါ့ … မယ်တင့်အမေကြောင့် အစ်ကိုအရိုက်ခံရလို့လေ . မညိုမြက မဆီမဆိုင် ဘာလို့ မယ်တင့်ကို လာရန်တွေ့နေရတာလဲ “

” ဟဲ့ . ကောင်မ “

မညိုမြရဲ့အော်သံကြောင့် မယ်တင့်ပခုံးလေးက တုန်တက်သွားသလို နားထောင်နေရတဲ့ ပစ်တိုင်းထောင်ပင် လန့်ပြီး ပခုံးတွန့်လိုက်မိသည်အထိ။

” ပစ်တိုင်းထောင် ~ “

တင်းမာနေတဲ့ အခြေအနေကြားမှာ ကြားလိုက်ရတဲ့ အသံကြောင့် မယ်တင်နဲ့ မညိုမြရဲ့ အသံတွေက တိတ်ဆိတ်သွားသလို ပစ်တိုင်းထောင်လည်း အသံလာရာဆီကို လှမ်းကြည့်လိုက်သည်။

” ရွှေဒင်္ဂါး “

ပစ်တိုင်းထောင် ရွှေဒင်္ဂါးနာမည်ကို ဝမ်းသာအားရခေါ်ရင်း အနားကို ပြေးသွားလိုက်သည်။ နေပူထဲက လာရတာမလို့ ခမောက်ကလေးနဲ့ ရွှေဒင်္ဂါးက လက်ထဲမှာ သုံးဆင့်ချိုင့်ကလေးကိုင်ထားသည်။ နံ့သာရောင်အင်္ကျီလေးနဲ့ အနီရောင်ပုဆိုးကို တိုတိုဝတ်ထားတဲ့ ရွှေဒင်္ဂါးက အသားဖြူသူဖြစ်တာကြောင့် နေပူထဲမှာ ထင်းလင်းနေသည်။

” မင်း ငါ့ကို ထမင်းလာပို့ခိုင်းတယ်ဆိုလို့ “

” အင်း … နေပူတယ် … နေရိပ်ထဲသွားမယ် . လာ “

ရွှေဒင်္ဂါးလက်ထဲက သုံးဆင့်ချိုင့်ကို ပစ်တိုင်းထောင် လက်လွှဲယူလိုက်ပြီး လက်မောင်းကနေဆွဲခေါ်ကာ ကံ့ကော်ပင်ရိပ်အောက်ကို ဆွဲခေါ်လာခဲ့သည်။

” ပစ်တိုင်းထောင် . သူတို့က “

” အလကား ဘာမှမဟုတ်ဘူး “

အချင်းချင်း ရန်စောင်နေကြတဲ့နှစ်ယောက်ကို ရွှေဒင်္ဂါးက မေးနေတာကြောင့် ပစ်တိုင်းထောင်က ပြန်ဖြေလိုက်သည်။ မညိုမြနဲ့ မယ်တင်ကလည်း ရွှေဒင်္ဂါးကို မြင်ကတည်းက ငြိမ်သက်သွားကြပြီး ပစ်တိုင်းထောင်တို့ကို အကြည့်မလွှဲတမ်း လိုက်ကြည့်နေသည်။

” ဘာဟင်းလဲ “

မယ်တင်နဲ့ မညိုမြကို အဖက်မလုပ်စွာ ကံ့ကော်ပင်ရိပ်မှာ တင်ပျင်ခွေထိုင်လိုက်ရင်း ရွှေဒင်္ဂါးကို မေးလိုက်သည်။

” ဟို အစ်မငွေမှုန်က တစ်ဖက်ရွာကို မိကဲတို့နဲ့ပါသွားလို့ ငါချက်လာတာ “

” အင်း . ဘာဟင်းတွေချက်လာတာလဲ ခင်ဗျား “

” ကြက်သားငပိချက်,ချက်လာတယ်… ကန်စွန်းရွက်နဲ့မှိုကို အချိုကြော် “

” ဟမ့် … ကြက်သားဆို စိတ်ကနာ “

ထမင်းချိုင့်ထဲက ကြက်သားဟင်းကိုကြည့်ရင်း ရှုံ့မဲ့မဲ့ပြောနေတဲ့ ပစ်တိုင်းထောင်ကိုကြည့်ရင်း ဒင်္ဂါးပြုံးလိုက်မိသည်။ ကြက်သားဟင်းကြောင့် အရိုက်ခံထားရတာမို့ ကြက်သားကို စိတ်နာနေပုံရသည်။

” မောင်လေးထောင်ထောင် … ကြက်သားမစားချင်ရင် အမဲသား စားပါ့လား … အစ်မက အမဲသားကို နူးအိနေအောင် နှပ်လာတာ “

” ညီမလည်း ဝက်သားနီချက်လာတယ် အစ်ကို … မယ်တင် ချက်လာတာစားမလား ”

ပစ်တိုင်းထောင်က ကြက်သားမစားချင်ဘူးဆိုတဲ့ အသံလည်းကြားရော မယ်တင်နဲ့ မညိုမြက အနားကို အပြိုင်အဆိုင်ရောက်လာသည်။ မညိုမြကဆို ပစ်တိုင်းထောင်ဘေးမှာ ပိုင်ပိုင်နိုင်နိုင်ဝင်ထိုင်ရင်း ငါးဆင့်ချိုင့်ကြီးကိုပင် ဖွင့်နေပြီဖြစ်သည်။ မယ်တင်ကလည်း သယ်လာတဲ့ ထမင်းတောင်းလေးကို ပစ်တိုင်းထောင်ရှေ့ချလို့ ဆီနဲ့ နူးအိနေတဲ့ ဝက်သားနီချက်ကို ထုတ်သည်။

” ဟာ ရှုပ်ရှုပ်ရှက်ရှက်နဲ့ … ဘုရားဝင်းထဲမယ် သားကြီးငါးကြီးတွေ မစားချင်ဘူး သွားကြ “

” အဲ့တာဆို ဘူးရွက်ကြော်လေး “

” လာပြန်ပြီ ဒီဘူး … ငါလုပ်လိုက်ရ … သွား . ဘာမှမစားဘူး … ရွှေဒင်္ဂါးချက်လာတာပဲ စားမှာ “

မယ်တင်က အထွန့်တက်ပြန်တော့ ပစ်တိုင်းထောင်က ငြင်းသည်။ ဒင်္ဂါးမှာသာ သူတို့ကြား ဘာမှဝင်မပြောသာပဲ ပစ်တိုင်းထောင်နား ငုတ်တုပ်ကလေးရယ်။

” ဘာမှမစားချင်ရင်လေ မောင်လေးထောင်ထောင် … အစ်မချက်လာတဲ့ အာလူးစပ်စပ်လေးစားနော် “

” ဘာမှမစားဘူးလို့ ပြောနေတယ်လေ “

ပစ်တိုင်းထောင်ရဲ့လေသံက တဖြည်းဖြည်းမာလာပြီဖြစ်သည်။ မလုပ်ချင်တာကို ဘေးကနေ တတွတ်တွတ် လာပြောနေကြတာကြောင့် စိတ်ရှုပ်လာပုံရသည်။

” ဒါဆို “

” ဒီမယ် မညိုမြ “

ပစ်တိုင်းထောင် လက်ထဲက ရွှေဒင်္ဂါးယူလာပေးတဲ့ ထမင်းချိုင့်လေးကို အောက်ကို ခဏချလိုက်သည်။

” ကျုပ်ကို အဲ့လိုမခေါ်နဲ့လို ပြောနေတယ်နော် … ထပ်မပြောဘူး . ကျုပ်ခြေထောက်က အချိန်မရွေး ခင်ဗျားဆီ ရောက်လာတော့မယ် . မယ်တင်ရော မညိုမြရော သွားတော့ … ဘယ်လိုဟာတွေမှန်းမသိဘူး နေပူရတဲ့အထဲ “

ပစ်တိုင်းထောင်က ခပ်ပြတ်ပြတ်ပြောလိုက်တော့ မယ်တင်ရော မညိုမြရောက မျက်နှာအပျက်ပျက်နဲ့ ထပြန်သွားသည်။ ကျန်ခဲ့တဲ့ ဒင်္ဂါးမှာသာ ပစ်တိုင်းထောင်ရဲ့ ပျစ်ပျစ်နှစ်နှစ် အပြောတွေကြောင့် ကြားထဲကပင် အားနာရသည်။

” အားနာစရာကြီး မင်းကလည်း “

” အားနာရင် ခင်ဗျားလိုက်သွားပြီး သွားစားချေလေ ရွှေဒင်္ဂါး “

ဒင်္ဂါး ဆက်မပြောပဲ ပါးစပ်သာ ပိတ်ထားလိုက်ပါတော့သည်။ ပစ်တိုင်းထောင်ကတော့ ဒင်္ဂါးချက်လာတာတွေနဲ့ ထမင်းကိုစားနေတာများ အားရပါးရ။ ဘယ်အချိန်ကတည်းကများ ဗိုက်ဆာနေသလဲတော့ မသိပါလေ။ အခုလိုကျတော့လည်း ဒင်္ဂါးယူလာတဲ့ ထမင်းဟင်းကိုမှစားတာမို့ ပစ်တိုင်းထောင်က အမေထမင်းလာပို့တာကို မျှော်နေတဲ့ ကလေးလေးတစ်ယောက်နှယ်လို့ တွေးမိကာ ဒင်္ဂါးပြုံးမိပါတော့သည်။

>>>>>>>>>>

ဆက်ရန်
Yellowish_One 💛
(၁၂-၄-၂၀၂၄)

Tags: read novel Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၈), novel Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၈), read Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၈) online, Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၈) chapter, Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၈) high quality, Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၈) light novel, ,

Comment

Leave a Reply

Chapter 15