Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၁၅)

A+ A-

” ဟင့်အင်း … ပြန်မလိုက်ဘူးနော် … မပြန်ချင်သေးဘူး … သူကြီးတို့နဲ့ နေဦးမှာ “

ကျောင်းအလှူအဖြစ် ဘုန်းကြီးကျောင်းမှာ ‌တစ်နေ့တာ အကျွေးအမွေးပြီးလို့ မောမောပန်းပန်းနဲ့ အိမ်ပြန်လာပြီးနောက် ရေမိုးချိုးပြီး အိမ်ရှေ့ကွပ်ပျစ်မှာ ထိုင်နားနေကြတုန်း ကိုကိုကြီးက ပစ်တိုင်းထောင်ကို မြို့ပြန်ခေါ်မယ်ဆိုတာကြောင့် အကြောက်အကန် ငြင်းနေမိခြင်းဖြစ်သည်။

ခွေးပုကတော့ မျက်နှာငယ်လေးနဲ့ နှုတ်ဆိတ်နေပြီး ကွပ်ပျစ်အောက်မှာ ကျုံ့ကျုံ့လေးထိုင်နေကာ ကိုမင်းမျိုးကတော့ တစ်ဖက်က ထန်းလက်ကုလားထိုင်မှာ ခပ်ဆိတ်ဆိတ်သာ ထိုင်နေသည်။

” ဘာဖြစ်လို့ မလိုက်ချင်သလဲ မောင်ငယ် … ပြောတော့ဖြင့် ဒီမယ်မနေချင်ဘူးဆို “

” ဟာ မမကြီးကလည်း … အဲ့တာက အရင်တုန်းက ကျွန်တော်ပြောတာလေဗျာ “

” ညီငယ် … ဒါက သူများရွာလေ … ညီငယ့်အိမ်မှ မဟုတ်တာ . အကြာကြီးနေလို့ မရဘူးလေ “

” ကိုကိုကြီးကလည်း … တင်ကျွေးထားတဲ့ ရွှေဒင်္ဂါးတို့တောင် ဘာမှမပြောတာကို ကိုကိုကြီးက ဘာဖြစ်လို့ ပြန်ခေါ်နေကြတာလဲ “

ပစ်တိုင်းထောင်အသံကြောင့် ခြံထောင်မှာရှိတဲ့ မိစွာနဲ့ မိုက်မိုက်စန်းကို ထမင်းကျွေးရင်း အနားမှာ ငုတ်တုတ်ထိုင်နေတဲ့ ရွှေဒင်္ဂါးက ပစ်တိုင်းထောင်ကို လှည့်ကြည့်လာသည်။ ပစ်တိုင်းထောင်နဲ့ အကြည့်ချင်းဆုံတော့ မျက်နှာလွှဲသွားတဲ့ ရွှေဒင်္ဂါးက မိစွာရဲ့ခေါင်းကိုသာ ပွတ်သပ်နေသည်။

” ဘာလဲ … ကိုကိုကြီးက ဇွတ်ပြန်ခေါ်ချင်နေတာ သူကြီးက ကျွန်တော့်ကို တင်မကျွေးနိုင်တော့ဘူးဆိုပြီး ကိုကိုကြီးကို ပြောထားလို့လား “

” ဟေ … မပြောပါဘူး ပစ်တိုင်းထောင်ရဲ့ . အဘတို့ဆီမှာ ဘယ်လောက်နေနေပါ … ပျော်သလောက်နေလည်း အဘက ခေါ်ထားမှာပါ “

ပစ်တိုင်းထောင်စကားကို သူကြီးက ခြေကာလက်ကာနဲ့ ငြင်းသည်။ သူကြီးက အဲ့လိုပြောမှာမဟုတ်မှန်း ပစ်တိုင်းထောင်သိပေမယ့် မြို့ကို ပြန်မလိုက်ချင်တာကြောင့် သူကြီးရှိရာကို မျက်စောင်းထိုးရင်း ပြောလိုက်သည်။

” ဘာတွေလျှောက်ပြောနေသလဲ ညီငယ် … အဲ့သလို မပြောရဘူးလေ . အိမ်ပြန်ဖို့ကို ဘာလို့ငြင်းနေတာလဲ … ဟိုက်စကူးလည်း ပြန်တက်ရဦးမယ်လေ . ဒီရွာမှာ ရွာသားလုပ်မလို့လား “

” မဟုတ်ဘူး . မပြန်ချင်သေးလို့ … ရွာမှာနေဦးမှာ “

” ရွာမှာနေဖို့ ဘာအကြောင်းပြချက်များ ရှိသေးလို့လဲ … အရင်ကတော့ ရွာကို အလှူကိစ္စနဲ့ လွှတ်လိုက်တာမှန်ပေမယ့် အခုက … “

” ရှေ့လကျရင် ရွာလုံးကျွတ် ရှင်ပြုရဟန်းခံပွဲရှိတယ်တဲ့ … အဲ့တာကြောင့် ကျွန်တော် နေခဲ့ဦးမှာ “

ကိုကိုကြီးစကားမဆုံးခင် ပစ်တိုင်းထောင်က ဖြတ်ပြောလိုက်သည်။ ပစ်တိုင်းထောင်က အိမ်ပြန်ဖို့ကို အကြောက်အကန်ငြင်းနေတာကြောင့် ကိုကိုကြီးမျက်နှာက တင်းမာလာသည်။ ကိုယ်တိုင်က ဆန္ဒမပါတာကြောင့် မမကြီးလည်း ရှိနေတယ်ဆိုတဲ့အတွေးနဲ့ ရသလောက်လေး ငြင်းတန်မိသည်။

” အဲ့တာဆိုရင်လည်း မောင်ငယ်ရယ် … ရှင်ပြုရဟန်းခံပွဲ နီးကာမှ မမကြီးတို့လိုမျိုး ပြန်လာခဲ့ချေပေါ့နော် … “

” အဲ့လိုကြီးလည်း မလာချင်ပါဘူး မမကြီးကလဲ … ရှင်ပြုရဟန်းခံတွေအတွက် ဘယ်လိုပြင်ဆင်ကြလဲ ကြည့်ချင်သေးတာ “

” သူများတွေ ရှင်ပြုရဟန်းခံကြမှာ မင့်အလုပ်မှမဟုတ်ပဲ ညီငယ် “

ကိုကိုကြီးစကားကြောင့် ပစ်တိုင်းထောင်က ဖြေရကျပ်သွားသလိုပြီး နှာမှုတ်လိုက်မိသည်။ ခြံထောင့်ကို လှမ်းကြည့်လိုက်တော့လည်း မိစွာနဲ့ မိုက်မိုက်စန်းကို ထမင်းကျွေးနေတဲ့ ရွှေဒင်္ဂါးက အစာခွက်တွေကိုသိမ်းလို့ အိမ်ထဲဝင်ဖို့လုပ်နေပြီဖြစ်သည်။

” ရွှေဒင်္ဂါး … “

” ဟင် “

” ဘယ်လဲခင်ဗျား … ”

” ဟို . အိမ်ထဲဝင်တော့မလို့ “

မျက်လုံးအဝိုင်းသားနဲ့ လက်ထဲမှာလည်း ဆေးဖို့ယူလာတဲ့ မိစွာနဲ့ မိုက်မိုက်စန်းရဲ့ အစာခွက်ကိုကိုင်ထားတဲ့ ရွှေဒင်္ဂါးက ပြူးကြောင်ကြောင်လေး ပြန်ဖြေသည်။

” ရေနွေးသောက်ချင်လို့ … ထန်းလျက်ရော “

” ဟဲ့ မောင်ငယ် … သူများကို အဲ့လိုမခိုင်းရဘူးလေ “

” ရပါတယ် မမကြီး … ကျွန်တော်ယူခဲ့ပေးမယ်နော် “

ဒင်္ဂါးကိုလည်း မြို့အုပ်မင်းကတော်က ပစ်တိုင်းထောင်ခေါ်သလို မမကြီးလို့သာခေါ်စေသည်။ ပစ်တိုင်းထောင်ကို ဟန့်တားနေတဲ့မမကြီးကို အဆင်ပြေကြောင်းပြောပြီး ရေနွေးတည်ဖို့ အိမ်နောက်ဖေးကို ဝင်ခဲ့လိုက်သည်။ အစ်မငွေမှုန်က ရေချိုးနေတုန်းမလို့ ရေနွေးတည်လို့ ပြီးသေးမှာတော့ မဟုတ်ချေ။

ရေနွေးတည်ထားတုန်း ထန်းလျက်ဘူးလေးထဲက ထန်းလျက်ခဲတွေကို ပန်းကန်လေးထဲ သေချာစီထည့်ထားလိုက်ပြီး‌ ရေနွေးပွက်တာနဲ့ ဒင်္ဂါးက ကရားထဲထည့်ကာ အိမ်ရှေ့ကို ယူလာခဲ့လိုက်သည်။

” ရွာလုံးကျွတ် ရှင်ပြုရဟန်းခံတာ ကျွန်တော်နဲ့ ဘာဖြစ်လို့ မဆိုင်ရမှာလဲ ကိုကိုကြီးကလဲ … ရဟန်းခံမယ့်အထဲ ဖိုးထူးလည်း ပါတယ်လေ “

” ဟ့! … ဖိုးထူးပါတာနဲ့ ဘာဆိုင်လို့တုန်း … မင်းက ဖိုးထူးရဲ့ အုပ်ထိန်းသူမို့လို့လား “

ဒင်္ဂါးက ‌လင်ဗန်းလေးကိုင်လို့ အိမ်ရှေ့ရောက်တော့ ပစ်တိုင်းထောင်က အိမ်မပြန်ရဖို့အရေး မြို့အုပ်မင်းနဲ့ ငြင်းခုန်နေဆဲဖြစ်သည်။ ပစ်တိုင်းထောင်စကားကြောင့် မြို့အုပ်မင်းက မေးခွန်းထုတ်သလို ဒင်္ဂါးကလည်း စိတ်ထဲကနေထပ်ပြီး မေးခွန်းထုတ်လိုက်မိသည်။ ဖိုးထူး‌ရဟန်းခံမှာနဲ့ ပစ်တိုင်းထောင်နဲ့က ဘာဆိုင်လို့လဲ။

” အုပ်ထိန်းသူမဟုတ်လည်း နေခဲ့မှာဗျာ … ဒီရွာမှာပျော်နေပြီ “

” ပျော်နေလည်း တစ်သက်လုံး နေလို့ရတာမှမဟုတ်ပဲ ပစ်တိုင်းထောင် “

” ရွှေဒင်္ဂါးတို့သာ ခေါ်ထားရင်ရတယ် “

ပစ်တိုင်းထောင်စကားကြောင့် ဒင်္ဂါးကြိတ်ရယ်လိုက်မိသည်။ လုပ်စရာလည်း မရှိတော့တာမလို့ ကိုမင်းမျိုးဘေးက ထန်းလက်ကုလားထိုင်လေးမှာ ဝင်ထိုင်‌လိုက်ရင်း ကွပ်ပျစ်အောက်က ခွေးပုကိုလည်း လာထိုင်ဖို့ ဒင်္ဂါးက အသံတိတ် လှမ်းခေါ်လိုက်သည်။ ခွေးပုကတော့ ခေါင်းရမ်းလို့ ငြင်း‌‌တာကြောင့် ဒင်္ဂါးလည်း ဒူးနှစ်လုံးကြား လက်ကလေးညှပ်လို့ ငြိမ်ငြိမ်လေးထိုင်နေလိုက်သည်။

” ပြီးတော့ ရှင်ပြုရဟန်းခံတင် မဟုတ်ဘူး … လာမယ့်ရက်တွေမှာ ကိုဘမော်တို့နဲ့ ဂေါ်ဆွမ်းလိုက်မယ်ပြောထားပြီးသား “

” ဟ ! တစ်ရွာလုံးလည်း မင်းအလုပ်တွေချည်းပါပဲလား ညီငယ် “

” တစ်ရွာလုံးရဲ့ အချစ်ဆုံးလေးလေ “

” အဟမ်း …! အဟမ်း “

ပစ်တိုင်းထောင်ရဲ့စကားကြောင့် ဘေးမှာထိုင်နေတဲ့ဦးမင်းငွေက ရယ်ချင်ပက်ကျိဖြစ်သွားပြီး ရယ်ချင်စိတ်ကို ချောင်းဟန့်လို့ ထိန်းလိုက်ရသည်။ ကွပ်ပျစ်နားမှာထိုင်နေတဲ့ ‌ဒင်္ဂါးနဲ့ ခွေးပုကတော့ ခပ်တိုးတိုးကြိတ်ရယ်နေပြီဖြစ်သည်။

ဦးမင်းငွေက မိသားစုအချင်းချင်း စကားပြောနေကြတာကြောင့် ဝင်မပြောပေမယ့် ပစ်တိုင်းထောင်ကတော့ ငြင်းနေလိုက်တာများ အကြောက်အကန်။ မင်းကတော်လေးဆို ပစ်တိုင်းထောင် အိမ်ပြန်ဖို့ ငြင်းနေတာကြောင့် မျက်နှာပင်ညှိုးနေပြီဖြစ်သည်။

” အဲ့တာဆို မောင်ငယ်က မမကြီးတို့နဲ့ ပြန်မလိုက်တော့ဘူးပေါ့ “

” ရှင်ပြုပွဲပြီးတဲ့အထိ နေချင်သေးတာ “

” ပြောပါဦး ကိုကိုကျော်ရယ် “

မမကြီးက ကိုကိုကြီးကို စစ်ကူတောင်းသည်။ စစ်ကူတောင်းလည်း ကိုကိုကြီးအပြောကို ပစ်တိုင်းထောင်က ငြင်းမှာသေချာနေပြန်တာကြောင့် ကိုကိုကြီးက ခေါင်းရမ်းသည်။

” ကိုကိုကြီးနဲ့ မမကြီးတို့က ကျွန်တော့်ကို မခွဲချင်သေးဘူး မဟုတ်လား … ရွာမယ် ခဏတဖြုတ်လောက် နေပါဦးလား ဆို‌တော့လည်း မဟုတ်ပြန်ဘူး “

” ကိုကိုကျော်က မအားလို့ပါ မောင်ငယ်ရယ် ”

” ဟမ့် . မမကြီးနေခဲ့လည်း ရတာပဲကို “

” အဲ့သလိုလည်း မဖြစ်ဘူးလေ မောင်ငယ်ရယ် “

ပစ်တိုင်းထောင်ရဲ့ ဂျစ်တစ်တစ်အပြောကြောင့် ကိုကိုကြီးက မျက်ထောင့်နီကြီးနဲ့ ကြည့်လာတာကြောင့် ဆက်ပြောမယ့် စကားတွေကို ပြန်မျိုချလိုက်ရသည်။

” ကိုကိုကြီးနဲ့ မမကြီးက အရင်ကကျတော့ ကျွန်တော် မသွားချင်ဘူးဆိုတာကို ရွာကိုအတင်းလွှတ်တယ် … အခုကျတော့လည်း ဒီမှာနေရတာကို အသားကျနေကာမှ မြို့ကို အတင်းပြန်ခေါ်ပြန်ပြီ “

ပစ်တိုင်းထောင်က မျက်နှာငယ်ကလေးနဲ့ ဆက်ပြောသည်။

” ပြီးတော့ ကိုကိုကြီးပဲ ပြောထားတယ်လေ … ယောက်ျားဆိုတာ ကိုယ့်စကားကိုယ် တာဝန်ယူရတယ်ဆို ”

” အင်းလေ … အဲ့တာနဲ့ မင်းအိမ်မပြန်ချင်တာနဲ့ ဘာဆိုင်လဲ “

” ဆိုင်တာပေါ့ … ကျွန်တော်က ကိုဘမော်နဲ့ အပတ်တိုင်း ဂေါ်ဆွမ်းလိုက်ခဲ့မယ်လို့ ကတိပေးထားပြီးသား … ဟုတ်တယ်မလား ခွေးပု “

ပြောနေရင်း ခွေးပုကို စစ်ကူလှမ်းတောင်းတဲ့အခါ ခွေးပုကလည်း ပုတ်သင်ညိုလိုမျိုး ခေါင်းကို တဆတ်ဆတ်ညိတ်သည်။

” ကျွန်တော်သာ မြို့ကိုပြန်လိုက်ရင် ကိုဘမော်ကိုပေးထားတဲ့ကတိ ပျက်သလို ဖြစ်သွားမှာပေါ့ … အဲ့တာဆို ကျွန်တော်က ယောက်ျားကောင်းဘယ်ဟုတ်တော့မလဲ “

ကျော်ကျော်ဟန့်မှာ ပြောစရာစကားပင် မရှိတော့ချေ။ ဘယ်လိုခေါ်ခေါ် ပစ်တိုင်းထောင် ပလီပလာတစ်သိန်းနဲ့ အကြောက်အကန် ဆက်ငြင်းမယ်ဆိုတာကို သိနေတာမလို့ မျက်နှာပူပူ အားနာနာနဲ့ပင် သူကြီးဘက်ကို လှည့်လိုက်သည်။

” ကဲ … ဒီလောက်တောင်ဖြစ်နေရင်လည်း ကျွန်တော်တော့ သူကြီးကိုပဲ အားနာနာနဲ့ အကူအညီ တောင်းရမှာပဲ … “

ကိုကိုကြီးစကားကြောင့် မမကြီးက မျက်နှာငယ်သွားပေမယ့် ပစ်တိုင်းထောင်နဲ့ ခွေးပုမျက်နှာကတော့ မှိုရသလိုမျိုး ပြုံးရွှင်သွားသည်။

” အားနာစရာမလိုပါဘူး မြို့အုပ်မင်းရယ် … ပစ်တိုင်းထောင်နဲ့ခွေးပုက အိမ်ရဲ့ မိသားစုဝင်တစ်ပိုင်းလိုမျိုး ဖြစ်နေကြပါပြီ … ကလေးတွေပျော်သလောက်နေပါစေ … ဘာမှပြဿနာမရှိပါဘူး . ရွာမှာ နေပျော်တယ်ဆိုတော့လည်း ဝမ်းသာရပါတယ် “

” ညီငယ့်ကို စောင့်ရှောက်ပေးပါဦး သူကြီး … လိုတာရှိရင်ပြောပါ “

” ဟမ့် … မသိရင် အနှီးထုပ်ထဲက ကလေးကို မွေးစားမယ့်အိမ် လာပို့တာကျနေရော … ကျွန်တော်က ကလေးလား “

” ပစ်တိုင်းထောင် … “

ကိုကိုကြီးက ပစ်တိုင်းထောင်ကို ဆူမလို့ပြင်ပေမယ့် မမကြီးက လက်မောင်းကို ဆုပ်ကိုင်လို့ တားလိုက်တာကြောင့် ငြိမ်သွားသည်။

” အဲ့ဒါဖြင့်ရင် . သူကြီး … မနက်ဖြန်ခါ ကျွန်တော်တို့ အိမ်ပြန်သွားပြီးလို့ နှစ်ရက်၊ သုံးရက်လောက်နေရင် မော်တော်ကားလွှတ်လိုက်ပါ့မယ် … ညီငယ်သုံးချင်တာလည်း သုံးလို့ရသလို သူကြီးတို့လည်း သွားလိုရာသွားနိုင်အောင်ပါ “

” ဟာ ကိုကိုကြီးကလည်း … ရွာထဲမယ် ကိုကိုကြီးကားကို ဘာလုပ်ရမှာတုန်း … နွားလှည်းရှိနေတာပဲကို “

” နွားလှည်းနဲ့ မသွားစေချင်လို့ အဆင်ပြေအောင် စီစဉ်ပေးနေတာလေ ပစ်တိုင်းထောင်ရ “

ဒင်္ဂါးမှာ ဘေးနားကနေ ထိုင်နားထောင်ရင်း ကြိတ်ရယ်နေမိသည်။ မြို့အုပ်မင်းတော့ မသိပေမယ့် ဒင်္ဂါးကတော့ မြို့အုပ်မင်းနေရာမှာဆို ပစ်တိုင်းထောင်ကို ခေါင်းပင် ထခေါက်မိလိမ့်မယ်ထင်သည်။ စကားဝိုင်းထဲမှာ မြို့အုပ်မင်းက ဘာပြောပြော ပြန်ဖြေတာက ပစ်တိုင်းထောင်ရဲ့ အသံချည်း။

” ဟမ့် … ကိုကိုကြီး ကားလာပေးထားလည်း ရွှေဒင်္ဂါးတို့ခြံထဲရှုပ်ပြီး ကားကို အားနေ သန့်ရှင်းရေးလုပ်ရတာပဲ ပိုမှာ … ဖုန်ကထူရတဲ့အထဲ ကိုကိုကြီးရဲ့ မော်တော်ကားက ဖုန်ပဲတက်နေမှာ “

” မင်းမသုံးလည်း သူကြီးတို့သုံးလို့ရတာပဲ “

” သူကြီးတို့လား သုံးမှာ … ကိုကိုကြီးကားကို ဘယ်သူက တက်မောင်းမှာမလို့လဲ ”

” မောင်းမယ့်လူပါ ထည့်ပေးလိုက်မှာပေါ့ “

ကိုကိုကြီးစကားကြောင့် ပစ်တိုင်းထောင် မျက်နှာကြီးကို မဲ့ချပစ်လိုက်သည်။

” ကားမောင်းမယ့်လူအတွက်လည်း နေဖို့နေရာမရှိဘူး … လွှတ်မယ်ဆိုလည်း ရတယ် . အိမ်အောက်မယ် မိစွာနဲ့ မိုက်မိုက်စန်းတို့နဲ့ အတူတူဆင်းအိပ်ချေပေါ့ “

” မင်းမလည်း ပြောရခက်ပါ့ “

” ပြောပြတာပါနော် … အသုံးမလိုတာကြီးကို ဘာလုပ်မှာလဲ … သွားစရာ လာစရာရှိလို့ အသုံးလိုရင် သာထင့်နွားလှည်းရှိနေတာပဲ “

ပစ်တိုင်းထောင်စကားကြောင့် ဒင်္ဂါးက မသိမသာလေး နှာခေါင်းရှုံ့လိုက်မိသည်။ ပြောပုံက အမြင်ကပ်ချင်စရာလေးရယ်။ မသိရင် သာထင့်နွားလှည်းက သူ့အပိုင်ကျနေရော။

” ဒီရွာမှာ ဘာကားမှမလိုဘူး . ကားမရှိလည်းနေ နွားရှိရင်ရပြီ “

ပစ်တိုင်းထောင်ကို အနိုင်မပြောနိုင်တော့တာကြောင့် မြို့အုပ်မင်းနဲ့ မြို့အုပ်မင်းကတော်နှစ်ယောက်လုံးက နှုတ်ဆိတ်သွားတော့သည်။ ပစ်တိုင်းထောင်ကို ဘယ်သူဘာပြောပြော သူလက်ခံကာမှလည်းဖြစ်မှာမလို့ မြို့အုပ်မင်းတို့ကလည်း လက်လျော့လိုက်ပုံရသည်။

” ဒါနဲ့ … ကိုကိုကြီးတို့က မနားသေးဘူးလား … နက်ဖြန်ခါကျ မနက်အစောပြန်ကြမှာဆို “

ပစ်တိုင်းထောင်က ကိုကိုကြီးတို့သာ ဆက်ထိုင်နေရင် အိမ်ပြန်လိုက်ဖို့ကို မသိမသာ နားချနေမှာစိုးတာကြောင့် ပထုတ်ဖို့ကြံလိုက်သည်။ အချိန်ကလည်း မစောတော့တာမလို့ မနက်အစောပိုင်းခရီးသွားမယ်ဆို အိပ်ရေးမဝတာမျိုး ဖြစ်မှာစိုးတာကြောင့်လည်း ပါသည်။

” အင်း … အဲ့တာဖြင့်ရင်လည်း စောစောပဲ အနားယူကြတာပေါ့ … အေးအေးဆေးဆေးပဲမလို့ အရမ်းစောစရာတော့ မလိုပါဘူး … မင်းမျိုးလည်း နားနားနေနေ နေ “

” ဟုတ် ဟုတ် ဆရာ ”

ကျော်ကျော်ဟန်က ကွပ်ပျစ်ပေါ်ကနေဆင်းရင်း ထန်းလက်ခုံပေါ်ထိုင်နေတဲ့ မင်းမျိုးကိုလည်း လှမ်းပြောလိုက်သည်။ ပြီးကာမှ ခင်ခင့်လက်တစ်ဖက်ကိုကိုင်ကာ ကွပ်ပျစ်ပေါ်ကနေ ဆင်းစေလိုက်သည်။

” နေပါ သူကြီး … ထိုင်ဦးမယ်ဆို ထိုင်ပါ … သူကြီးလည်း ပင်ပန်းနေတာပဲ . နားပါ … ဒီက ညီငယ်ဒင်္ဂါးကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်နော် … တစ်နေကုန် ပင်ပန်းရပြီ “

သူကြီးက ကျော်ကျော်ဟန်တို့နည်းတူ မတ်တပ်ထရပ်ဖို့လုပ်တာကြောင့် တားလိုက်ပြီး တစ်နေ့တာအလှူမှာ ပင်ပန်းခဲ့ရသမျှအတွက် ကျေးဇူးတင်မိသည်။ တောသူတောင်သားတွေမလို့ စိတ်ထားကြလည်း ကြည်စင်ကြတာကြောင့်လည်း ကျော်ကျော်ဟန်က ပစ်တိုင်းထောင်ကို ဒီရွာမှာပဲ ဆက်ထားခဲ့ဖို့ စိတ်ချရခြင်းဖြစ်သည်။

” အခုနက စကားပြောနေကြလို့ကွယ် … ငွေမှုန်လေးလည်း မတွေ့ပါလား မောင်လေးဒင်္ဂါး … ဘယ်များသွားနေသလဲ “

” ဟို . အစ်မငွေမှုန်က ခုနကတော့ ရေမိုးချိုးနေတာ … နားနှင့်ပြီထင်တယ်ရယ် မမကြီး … ကျွန်တော်ခေါ်ပေးရမလားဟင် ”

” အို … နေပါစေ . သူ့ခမျာ ပန်းကန်ဆေးတဲ့ဘက်ပြေးလိုက် ဧည့်ခံတဲ့ဘက်ကိုပြေးလိုက်နဲ့ ပင်ပန်းရှာတာ … မမကြီးတို့က ဒုက္ခလာပေးသလိုများ ဖြစ်နေသလားကွယ် “

” မဟုတ် . မဟုတ်ပါဘူးရယ် မမကြီး “

ငြင်းတာတောင်မှ ခြေခါလက်ခါနဲ့ ရိုရိုကျိုးကျိုးလေးမလို့ ခင်ခင်က ရွှေဒင်္ဂါးလေးကို အချစ်ပိုစွာ ပြုံးရင်းကြည့်လိုက်သည်။ ‌မောင်နှမနှစ်ယောက်လုံးက တစ်ယောက်တစ်မျိုး နှစ်လိုဖွယ်လေးတွေမလို့ ခင်ခင့်မှာ ဒီရက်ပိုင်းအတွင်းပင် မေတ္တာပိုရပါသည်။

” ဒါဖြင့် … မမကြီးတို့ အိမ်အပေါ်ကို တက်ချေဦးမယ်နော် . စောစောနားကြဦး … သူကြီးလည်း စောစောနားပါနော် “

ကိုကိုကြီးနဲ့ မမကြီးက ဒင်္ဂါးတို့အားလုံးကို တစ်လှည့်စီနှုတ်ဆက်ကာ အပေါ်တက်သွားတာမလို့ ကိုမင်းမျိုးကလည်း အနောက်ကနေလိုက်သွားသည်။ အိမ်ရှေ့ကွပ်ပျစ်မှာ ရွှေဒင်္ဂါးတို့ သားအဖနဲ့ ပစ်တိုင်းထောင်တို့ ဆရာတပည့်သာ ကျန်ရစ်နေခဲ့တာမလို့ ဒင်္ဂါးက အဘခြေထောက်တွေကို ဆေးပူလေးလိမ်းပေးဖို့ ပြင်လိုက်သည်။

” ဆေးလိမ်းပေးမယ်နော် အဘ … အဘလည်း တစ်နေကုန် ဟိုလျှောက်ရ ဒီလျှောက်ရနဲ့ ညောင်းနေပြီမဟုတ်လား ”

” အေးကွယ် … အသက်တွေကြီးလာ‌တော့လည်း မကောင်းဘူး . လိမ်းပါဦးကွယ် “

အဘက သူ့ဒူးတွေကို လက်ဖဝါးတွေနဲ့ ဖိနှိပ်နေရင်း ပြောတာကြောင့် ဒင်္ဂါးက အိမ်ထဲပြန်ဝင်ကာ အဘလိမ်းနေကျ ပရုတ်ဆီနဲ့ တောင်ဆိတ်ဆီဘူးကို သွားယူလာလိုက်သည်။

” ကျုပ်လိမ်းပေးမယ် သူကြီး “

” အဲ … နေပါကွယ် … ပစ်တိုင်းထောင်တို့က နားပါ . အဘတို့လည်း ဆေးလူးပြီးကြရင် အိပ်‌တော့မှာပါ “

” အော် သူကြီးရယ် … တစ်ခုခုဆို အထွန့်ကလေးကတော့ တက်လိုက်ရမှနော် … ပေး ရွှေဒင်္ဂါး . ဆေးဘူး ”

ဆေးဘူးတွေပေးဖို့အရေးကို ရွှေဒင်္ဂါးက ‌တွန့်ဆုတ်တွန့်ဆုတ်လုပ်နေ‌တာကြောင့် ပစ်တိုင်းထောင်ကပဲ ရွှေဒင်္ဂါးလက်ထဲကနေ ဆေးဘူးကို ဆွဲယူလိုက်သည်။

” ဟိုကောင် ခွေးပု … အဲ့နားမှာနေပြီး မင့်ညီမတွေကို ကလူမနေနဲ့ … လာခဲ့ … တစ်ဖက်ကနေ လာနှိပ်ချေ “

” နေပါစေ ပစ်တိုင်းထောင်ရဲ့ . ကိုခွေးပု သူ့ဘာသာ သူနေပါစေ … ကျွန်တော်နှိပ်ပါ့မယ် “

” ဟော . အဲ့ ပြောနေရင်ကို စကားလေးက ပြန်ပြန်အထွန့်တက်လိုက်ရမှနော် ရွှေဒင်္ဂါး “

ခွေးပုက နားပူမခံနိုင်တော့တာကြောင့် မိစွာနဲ့ မိုက်မိုက်စန်းတို့နားကနေ ထလာပြီး ကွပ်ပျစ်ပေါ်တက်လာကာ တစ်ဖက်မှာဝင်ထိုင်သည်။ ဦးမင်းငွေကတော့ အငေါက်ခံနေရတဲ့ ဒင်္ဂါးနဲ့ လူကြီးလိုမျိုး ခပ်ငေါက်ငေါက်ပြောနေတဲ့ ပစ်တိုင်းထောင်ကိုကြည့်ရင်း ရယ်မိ‌တော့သည်။

” ဆေးက နှစ်ပုလင်းတောင်ဆိုတော့ ဘယ်လိုလိမ်းရမှာလဲ … စပ်ပြီးလိမ်းရမှာလား “

” ဟုတ်တယ် ပစ်တိုင်းထောင် … နှစ်မျိုးကိုရောပြီး နွေးသွားအောင် လက်ဖဝါးပေါ်ပွတ်ပြီးကာမှ အဘဒူးတွေကို သေချာဆုပ်နှိပ်ပေးရမှာရယ် “

” အော် သိပြီ … ခွေးပုလည်း သူကြီးခြေထောက်တစ်ဖက်ကို အဲ့လိုလိမ်းပေးချေ “

ပစ်တိုင်းထောင်နဲ့ ခွေးပုက ဒင်္ဂါးပြောတဲ့အတိုင်း ဆေးကိုသေချာယူကာ အဘကိုလိမ်းပေးသည်။ အစကတော့ ခြေထောက်ကို နှိပ်ပေးရတာကြောင့် အားနာရတာမလို့ တားဖို့ပြင်လိုက်ပေမယ့် နှစ်ယောက်သားက စိတ်လိုလက်ရ လုပ်ပေးနေတာကြောင့် ဒင်္ဂါးလည်း မတားဖြစ်တော့ပါ။ ဒင်္ဂါးလည်း ဘေးမှထိုင်စောင့်နေရုံမလို့ လုပ်စရာမရှိတာကြောင့် ကွပ်ပျစ်ပေါ်က ယပ်တောင်ကိုယူရင်း သုံးယောက်လုံးကိုသာ တစ်ယောက်တစ်လှည့်စီသာ ခပ်ပေးနေလိုက်တော့သည်။

” ကဲ ကဲ … ရပါပြီ … သာဓုကွယ် သာဓု သာဓု … အကုန်လုံးလည်း ပင်ပန်းထားကြတာ . နားကြတော့နော် … အဘလည်း အပေါ်တက်ပြီး နားတော့မယ် “

အချိန်အနည်းငယ်လောက် နှိပ်ပေးပြီးတော့ သူကြီးက တားလာတာမလို့ ပစ်တိုင်းထောင်တို့လည်း ရပ်လိုက်ကြသည်။ သူကြီးပြောသလိုပင် တစ်နေကုန် အလှူမှာ ကူထားရတာမလို့ ခြေကုန်လက်ပန်းကျကာ အိပ်ချင်နေပြီဖြစ်တာကြောင့် အနားယူဖို့ အပေါ်ကို တက်ဖို့ပြင်လိုက်ရသည်။ ရွှေဒင်္ဂါးက သူကြီးကို‌တွဲကာ အရှေ့ကနေ တက်သွားတာမလို့ ပစ်တိုင်းထောင်နဲ့ ခွေးပုကလည်း အနောက်ကနေ လိုက်သွားလိုက်တော့သည်။

>>>>>>>>>>

” မင်း ဟိုဘက်ထောင့်မှာ သွားအိပ်ချေ ခွေးပု … ငါ့နား လာမအိပ်နဲ့ “

ပြဿနာက ညအိပ်ချိန်မှာ စတာဖြစ်သည်။ အိပ်ရာတွေခင်းကျင်းပြီးပေမယ့် အိပ်ဖို့ပြင်နေတဲ့ ခွေးပုကို ဆျာထောင်က ဘုရားခန်းရဲ့ထောင့်ကို လက်ညှိုးထိုးပြီး နှင်ထုတ်နေ‌တာကြောင့် ခွေးပုက စိတ်ညစ်ညစ်နဲ့ ခေါင်းကို တဗျင်းဗျင်းကုတ်လိုက်သည်။

” ဆျာထောင်ကလည်းဗျာ … ဘာဖြစ်လို့လဲ … မနေ့ညကလည်း ကျွန်တော်တို့တွေ ဒီအတိုင်းပဲ အိပ်ကြတဲ့ဟာကို … မရစ်ပါနဲ့တော့နော် ဆျာထောင် … ကျွန်တော်အိပ်ချင်နေပြီဗျာ့ “

” အောင်မယ် … ငါ့များ ရစ်သလေး ဘာလေးနဲ့ … ငါလုပ်ထည့်လိုက်ရ “

” ဘာများဖြစ်လို့လဲ ပစ်တိုင်းထောင်ရယ် … ခွေးပု သူ့ဟာသူ အိပ်ပါစေ “

ဆရာတပည့်နှစ်ယောက်က ဘာထဖြစ်မှန်းမသိ စကားများနေကြပြီမလို့ ဒင်္ဂါးကပဲ ကြားထဲက ဝင်တားရတော့သည်။ မျက်နှာငယ်လေးနဲ့ ခွေးပုကလည်း တကယ်ကိုပင် အိပ်ချင်နေပုံရတာကြောင့် သနားစဖွယ်ပင်ဖြစ်နေသည်။

” ဟ ရွှေဒင်္ဂါး … ခင်ဗျား မသိပါဘူး . ဒီကောင်ပေါ့ … ပူရ အိုက်ရတဲ့ကြား . ညက ကျုပ်နားကပ်ပြီး တရှုံ့ရှုံ့နဲ့ နမ်းပြီး ယောင်နေတာလေ “

” ကဲ ကဲ … အဲ့တာဆိုလည်း နေရာလဲအိပ်လိုက်လေ … ကိုခွေးပုကို ကျွန်တော့်နား အိပ်ခိုင်းလိုက်မယ် “

” ဟာ … အဲ့ကောင်က ယောင်တတ်ပါတယ်ဆို … ခင်ဗျား အိပ်ရမှာကို မဟုတ်ဘူး . ပြောနေတာကြာတယ်ကွာ … “

” ပစ်တိုင်းထောင် … မလုပ် . မလုပ်ပါနဲ့ “

ဒင်္ဂါးက လှမ်းဆွဲလည်း မမှီတော့ပေ။ ပစ်တိုင်းထောင်က အိပ်ရာခင်းတွေကို တစ်ယောက်စာ သယ်လို့ အခန်းထောင့်ကို သွားပုံလိုက်သည်။ ခွေးပုမှာတော့ အပုံလိုက်ဖြစ်နေတဲ့ အိပ်ရာခင်းကိုကြည့်ရင်း ရှုံ့မဲ့မဲ့။ နောက်ဆုံးတော့လည်း ဒင်္ဂါးရော ခွေးပုရောက ပစ်တိုင်းထောင်ကို မလွန်ဆန်နိုင်တာမလို့ သဘောတော်အတိုင်းသာ အိပ်ရတော့သည်။

ခွေးပုကတော့ ဘုရားခန်းထောင့်မှာ ခပ်ကွေးကွေးလေးဖြစ်နေပြီး ပင်ပန်းတာကြောင့် တစ်ချိုးတည်းပင် အိပ်ပျော်သွားသည်။ ဒင်္ဂါးနဲ့ ပစ်တိုင်းထောင်ကတော့ မနေ့ညက အိပ်တဲ့အတိုင်း ဘုရားခန်းအလယ်မှာ နှစ်ယောက်ယှဉ်လို့ ပက်လက်ကလေးလှဲရက်သားဖြစ်သည်။

” မအိပ်သေးဘူးလား ပစ်တိုင်းထောင် “

ဒင်္ဂါးက ပင်ပန်းမှုကြောင့် အိပ်ပျော်ဖို့ ကြိုးစားနေပေမယ့် ဘေးနားက လှုပ်စိလှုပ်စိဖြစ်နေတဲ့ ပစ်တိုင်းထောင်ကြောင့် နိုးလာရသည်။ မေးလိုက်တော့လည်း ပက်လက်လှဲနေရာက‌နေ ပစ်တိုင်းထောင်က ဒင်္ဂါးကို ခေါင်းစောင်းလို့ လှည့်ကြည့်လာသည်။

” မျက်စိကြောင်သလိုဖြစ်နေတာ … ခင်ဗျား ကျွန်တော့်ကြောင့် နိုးလာတာလား “

” မဟုတ်ပါဘူး . အိပ်မပျော်သေးတာပါ “

ဒင်္ဂါးက ပစ်တိုင်းထောင် အားနာသွားမှာစိုးတာကြောင့် ခေါင်းလေးရမ်းလို့ ငြင်းချက်ထုတ်လိုက်သည်။ ပစ်တိုင်းထောင်နဲ့ ဒင်္ဂါးကသာ အိပ်မပျော်သေးပေမယ့် ဘုရားခန်းထောင့်က ခွေးပုကတော့ အိပ်ပျော်နေတာများ သိုးနေပြီး ဟောက်သံကျယ်ကျယ်ကလည်း တစ်ချက်တစ်ချက် ထွက်လာသေးသည်။

” ပစ်တိုင်းထောင်ကို မေးစရာရှိလို့ “

” ဟမ် ~ ကျုပ်ကိုလား … ဘာမေးမလို့လဲ ရွှေဒင်္ဂါး “

” မြို့အုပ်မင်းတို့နဲ့ မြို့ကို ဘာလို့ပြန်မလိုက်ချင်တာလဲ . ပြောတော့ဖြင့် မလာချင်ဘူးဆို … ပြန်ခေါ်မယ်ဆိုတော့ ဘာလဲမလိုက်တာလဲ “

” ဟမ့် . ဘာလဲ … ခင်ဗျားက ကျုပ်ကိုပြန်စေချင်နေတာလား … ကျုပ်ရှိနေတာ ခင်ဗျားအတွက် အခက်အခဲရှိလို့လား “

နှစ်ယောက်လုံးကတော့ ပက်လက်လှဲနေကြပေမယ့် ခေါင်းစောင်းထားရင်း မျက်နှာချင်းဆိုင်ဖြစ်နေတာမလို့ ပစ်တိုင်း‌ထောင်က ဒင်္ဂါးမျက်နှာကိုကြည့်ရင်း မေးလာသည်။ ဒင်္ဂါးက ခေါင်းရမ်းလိုက်မိပြန်သည်။

” အဲ့လိုမဟုတ်ပါဘူး… ပစ်တိုင်းထောင်က မြို့ကြီးသားဆိုတော့ ရွာမယ်ကြာကြာနေရင် ပျင်းသွားမှာစိုးလို့ပါ ”

” ကျုပ်ပျင်းတဲ့အချိန်ကျရင် ကျုပ်ပြန်မှာပေါ့ … ခင်ဗျားက ဘယ့်နှယ့်ကြောင့် ကျုပ်ပျင်းမှာကို ကြိုပြီးပူပန်နေရသလဲ ရွှေဒင်္ဂါး ”

” အဲ့လိုတော့လည်း မဟုတ်ပါဘူး “

” အဲ့တာဖြင့် ခင်ဗျားက ဘယ်ဟာဟုတ်တာလဲ ရွှေဒင်္ဂါး “

ပစ်တိုင်းထောင်ရဲ့ ဝသီအ‌တိုင်း ဂျစ်တစ်တစ်အပြောကြောင့် ဒင်္ဂါးရယ်လိုက်မိသည်။

” နေပါဦး ရွှေဒင်္ဂါး … ဘာလဲ ခင်ဗျားက ခင်ဗျားအစ်မကိုအူတိုပြီး ကျုပ်ကို မြန်မြန်ပြန်စေချင်နေတာလား ”

” ဟင် . မဟုတ်.. မဟုတ်ပါဘူး ”

ဒင်္ဂါးက ခပ်တိုးတိုးငြင်းလိုက်သည်။ စိတ်ထဲက တွေးနေတဲ့အတိုင်း အမှန်တကယ် အူတိုတယ်ဆိုတာ သိသွားရင် ပစ်တိုင်းထောင်က ဒင်္ဂါးကို ထရိုက်မယ်ထင်။ 

” အဲ့တာကြောင့်ဆို စိုးရိမ်မနေနဲ့ ရွှေဒင်္ဂါး … ကျုပ်က အစ်မငွေမှုန်ကို ကျုပ်မမကြီးလိုပဲ သဘောထားတာ “

” ဟုတ်. ဟုတ်. ဟင် … ဘာ . ဘယ်လို … မမကြီးလို “

ပစ်တိုင်းထောင်စကားကိုကြားတာနဲ့ ပြူးတူးပြဲတဲ အိပ်နေရာကနေ ထထိုင်လာတဲ့ ရွှေဒင်္ဂါးကြောင့် ပစ်တိုင်းထောင်ပင် အူလည်လည်ဖြစ်သွားရသည်။ ပြီးကာမှ ပစ်တိုင်းထောင်ပြောလိုက်တဲ့ ကိုယ့်စကားကိုယ် ပြန်စဉ်းစားကာမှ ရွှေဒင်္ဂါးက ဘာကိုတွေးလိုက်မိလို့ လန့်သွားတယ်ဆိုတာကို သဘောပေါက်တော့သည်။

” ဒီမယ် ရွှေဒင်္ဂါး “

ပစ်တိုင်းထောင်က ရွှေဒင်္ဂါးနဲ့ တန်းတူဖြစ်သွားအောင် လှဲအိပ်နေရာကနေ မျက်နှာချင်းဆိုင် ထိုင်လိုက်သည်။

” ခင်ဗျားရဲ့ ဟိုက်စကူးအောင်ထားတဲ့ ခေါင်းသေးသေးလေးနဲ့ ဘာတွေကို အတွေးပေါက်သွားသတုံး … ကျုပ်ပြောတာက ကျုပ်အစ်မတစ်ယောက်လို ကျုပ်ရဲ့ သွေးရင်းတစ်ယောက်လို သဘောထားတာကိုပြောတာ … ခင်ဗျားက ခေါင်းသုံးပါဆို ဂျွမ်းလိမ့်ထိုးမယ့်သူမျိုးပဲ … စိတ်ချ . ကျုပ်က ခင်ဗျားအစ်မအပေါ် ဘာစိတ်မှမရှိဘူး “

ခင်ဗျားအပေါ်ဆိုရင်တော့ မပြောတတ်ဘူးပေါ့ ဆိုတဲ့စကားကို ပစ်တိုင်းထောင် စိတ်ထဲကနေ ပြောလိုက်မိသည်။ ဒီရက်ပိုင်းအတွင်း မိကဲတို့စကားတွေကြောင့် ကိုယ့်စိတ်ကိုယ် အတန်အသင့် နားလည်နေပြီပေမယ့် ပစ်တိုင်းထောင်အတွက် ခိုင်ခိုင်မာမာ ဆုံးဖြတ်နိုင်ဖို့ကတော့ ခက်ခဲနေဆဲဖြစ်သည်။

” ဟို … ကျွန်တော်က အဲ့လိုမထင်ပါဘူး ”

ပစ်တိုင်းထောင်ကို ငြင်းလာပေမယ့် ရွှေဒင်္ဂါးမျက်နှာက ယောင်ယောင်လေး ပြုံးသွားတာကို မြင်လိုက်ရပြီး အခုမှ အစ်မငွေမှုန်ကို စိတ်ချသွားဟန်ရတဲ့ မျက်နှာလေးက ကြည်လင်လာသည်။ 

* ဟမ့် . ဒီငတုံးလေး ရွှေဒင်္ဂါးနဲ့တော့ ယုန်တောင်ပြေး ခွေးမြောက်လိုက်ဖြစ်နေပြီ *

ထိုစကားကိုတော့ ပစ်တိုင်းထောင်က စိတ်ထဲကနေပဲ ပြောလိုက်မိသည်။ ရွှေဒင်္ဂါးအတွက် အမှန်တကယ် သဝန်တိုရမယ့်လူက ပစ်တိုင်းထောင်မဟုတ်ပဲ တခြားလူရှိကြောင်း မရိပ်မိသေးဟန်။ ယောက်ဖလောင်းက မျက်စိရှေ့တင်ရှိနေတာကို ရွှေဒင်္ဂါးက မမြင်လေရော့သလားပဲ။

ရွှေဒင်္ဂါးကသာ မရိပ်မိပေမယ့် ကိုကိုကြီးရဲ့ကိုယ်ရေးအရာရှိက အစ်မငွေမှုန်ကို သဘောကျနေကြောင်း ပစ်တိုင်းထောင်က ရိပ်မိပြီးသား။ မအိပ်ခင် ‌အိမ်အောက်ထပ်မှာ စကားပြောနေကြတုန်းကလည်း ကိုမင်းမျိုးက အစ်မငွေမှုန်ကို မသိမသာရှာနေတာကို ရွှေဒင်္ဂါးတို့က သိဟန်မတူ။

” အဲ … ဒါနဲ့လေ မိကဲတို့ကပြောတယ် … ကိုပစ်တိုင်းထောင်က ရွာမှာတစ်ကျီဆောက်ဖို့ပြင်နေပြီတဲ့ … ပစ်တိုင်းထောင်က  ဘယ်အိမ်ကသမီးကို စိတ်ဝင်စားနေတာလဲ … ကျွန်တော့်ကိုပြောလေ . ကျွန်တော်ဝိုင်းပြောပေးမယ်

ပစ်တိုင်းထောင် သဘောကျနေတာ အစ်မငွေမှုန်မဟုတ်မှန်း သေချာသွားတာကြောင့် ဒင်္ဂါး စိတ်သက်သာရာရသွားပေမယ့် ညနေတုန်းက ဆရာတော့်ကျောင်းမှာ ပန်းကန်ကူဆေးနေရင်း မိကဲတို့ဆီက ကြားလာတဲ့စကားကြောင့် ပစ်တိုင်းထောင်ကို မေးလိုက်မိသည်။

” ဟ … ဒီကလေးမတွေကတော့ . အဲ့ဒါ မဟုတ်ကဟုတ်ကတွေ လျှောက်ပြောနေကြတာပဲ … ကျုပ်သမီးနှစ်ယောက်ကလွဲရင် သူများသမီးတွေကို စိတ်မဝင်စားတော့ပေါင် … တော် တော် … ခင်ဗျားအိပ်တော့ … မနက်ကလည်း အစောကြီးထထားရတယ် … တစ်နေကုန်လည်း အလုပ်တွေလုပ်နေတာ မပင်ပန်းဘူးလား … ခင်ဗျားမပင်ပန်းလည်း  ကျုပ်က ပင်ပန်းလို့အိပ်ပြီ ”

အိပ်ချင်တော့လည်း သူပဲချက်ချင်း ဆိုတဲ့စကားကို ဒင်္ဂါး စိတ်ထဲကနေ ကြိတ်ပြောလိုက်သည်။ ပစ်တိုင်းထောင်က စောင်ကိုဆွဲယူခြုံလို့ လှဲအိပ်သွားပြီဖြစ်တာကြောင့် ဒင်္ဂါးလည်း ခပ်ဖြည်းဖြည်း လှဲအိပ်လိုက်သည်။

” အင်း. ကောင်းသောညပါ ပစ်တိုင်းထောင် “

” ကောင်းသောညပါ ဒင်္ဂါး “

ညကနက်လာလေလေ ပတ်ဝန်းကျင်က ပုစဉ်းရင်ကွဲအော်သံတွေကို ခပ်ကျယ်ကျယ်ကြားရလေ ဖြစ်သည်။ ခဏကြာတော့ တစ်ဖက်က အိပ်မောကျသွားပုံရတဲ့ ရွှေဒင်္ဂါးဆီက အသက်ရှုသံက ခပ်မှန်မှန်ထွက်ပေါ်လာသည်။ စုံမှိတ်ထားတဲ့ မျက်လုံးနှစ်လုံးကို ပြန်ဖွင့်လိုက်ပြီး ပစ်တိုင်းထောင်က ရွှေဒင်္ဂါးဘက်ကို ခပ်ဖြည်းဖြည်း စောင်းအိပ်လိုက်သည်။

ရွှေဒင်္ဂါးက ပစ်တိုင်းထောင်ဘက်ကို စောင်းအိပ်နေတာကြောင့် ဖိအိပ်ထားခံရတဲ့ ပါးတစ်ဖက်က ခပ်အစ်အစ်ဖြစ်နေသည်။ တစ်ခြမ်းသာ‌ ကောင်းကောင်းမြင်နေရတဲ့မျက်နှာကို တစိမ့်စိမ့်ကြည့်ပြီး ရွှေဒင်္ဂါးရဲ့ ခပ်ထင်းထင်း မျက်ခုံးတန်းလေးကို စိုက်ကြည့်ကာ ပစ်တိုင်းထောင် တစ်ကိုယ်တည်းရေရွတ်လိုက်သည်။

” ကျုပ်သမီးနှစ်ယောက်ကလွဲရင် သူများသမီးတွေကို စိတ်မဝင်စားဘူး . သူများအိမ်ကသားဆိုရင်တော့ မပြောတတ်ဘူးပေါ့ . ရွှေဒင်္ဂါးရ ”

ပစ်တိုင်းထောင်ရဲ့ နှုတ်ခမ်းတွေက ခပ်ဖွဖွပြုံးရိပ်ထင်နေလောက်မည်။ နွေရာသီရဲ့ ညတာက တိုပေမယ့် ရွှေဒင်္ဂါးမျက်နှာကို စိုက်ကြည့်နေမိချိန် အချိန်တွေကတော့ ရပ်တန့်နေသလိုပင်။ ညကလည်း ခပ်နက်နက်နဲ့ သဘောကျစိတ်ကလေးကလည်း တသိမ့်သိမ့်ရယ်။

>>>>>>>>>>

ဆက်ရန်
Yellowish_One 💛
(၂၀-၄-၂၀၂၄)

ညကအရမ်းနောက်ကျမှရေးပြီးလို့ မတင်ဖြစ်တာပါ။ နောက်ကျသွားလို့ တောင်းပန်ပါတယ်။

Tags: read novel Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၁၅), novel Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၁၅), read Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၁၅) online, Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၁၅) chapter, Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၁၅) high quality, Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၁၅) light novel, ,

Comment

Leave a Reply

Chapter 29