Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၁၆)

A+ A-

ဒီနေ့အတွက် double update ဖြစ်တာမို့ မနက်ကတင်ထားတဲ့ အပိုင်း -(၁၅)ကို အရင်ဖတ်ကြပါ။

>>>>>>>>>>

ဒီကနေ့တော့ ဒင်္ဂါးတို့ရဲ့ မနက်ခင်းစားပွဲဝိုင်းတွင် လူစုံနေသည်။ အရင်ရက်တွေက အခါတွင်းဉပုသ်ကိစ္စ၊ အလှူကိစ္စတွေနဲ့ အလုပ်များနေသည်မို့ အဘက ဒင်္ဂါးတို့နဲ့ မနက်စာအတူမစားဖြစ်တာများသည်။ အခုတော့ အလှူကိစ္စကြီးလည်း ပြီးသွားပြီဖြစ်လို့ အဘလည်း အနည်းငယ်အနားရနေသည်။

ရွာတောင်ပိုင်းက ကိုမြင့်ဆွေတို့တောတက်ပြီး ရလာတဲ့ဆက်သားခြောက်ကို အစ်မငွေမှုန်က မီးသွေးရဲရဲနဲ့ ကျွတ်ခြောက်နေအောင် ကင်ပေးထားပြီး ပဲဆီဆုံဆီစစ်စစ်လေးဆမ်းထားပေးသည်မို့ အဘတင်မကပဲ ပစ်တိုင်းထောင်တို့ဆရာတပည့်နှစ်ယောက်ပါ အားရပါးရစားနေကြသည်။

” အဘ ဒီနေ့ဘယ်ရွာသွားဖို့ရှိသေးလဲ ”

ဒင်္ဂါး မနက်စာစားနေသည်ကို လက်စသတ်ပြီးတော့ အဘကိုမေးလိုက်သည်။ အစ်မငွေမှုန်ကတော့ လယ်ထဲထမင်းပို့ဖို့အတွက် မီးဖိုခန်းထဲတွင် ပြင်ဆင်နေသည်။

” အခုလောလောဆယ်တော့ မရှိသေးပါဘူး.. လူလေးရဲ့.. ဘာဖြစ်လို့လဲ ”

” ကျွန်တော် ဒီနေ့ ရွာကျောင်းမယ် ကလေးတို့ကို စာသွားပြပေးရမှာမို့… အဘသွားစရာရှိရင် ကိုဘမော်ဖြစ်ဖြစ်၊ ကိုချက်ကြီးကိုဖြစ်ဖြစ် ခေါ်သွားဖို့ပြောမလို့ ”

” ဟုတ်လား… လူလေး ကျောင်းသွားမယ်ဆိုရင်တော့ အဘဒီနေ့အိမ်စောင့်ရတော့မပေါ့ ”

သူကြီးနဲ့ ရွှေဒင်္ဂါးပြောနေတာကို ပစ်တိုင်းထောင်က တိတ်တဆိတ်နားထောင်နေသည်။ ဒီနေ့အိမ်မှာ အစ်မငွေမှုန်လည်းမရှိဘူး။ ရွှေဒင်္ဂါးကလည်း ကလေးတွေစာသွားပြမယ်ဆိုတော့ သူကြီးနဲ့ ပစ်တိုင်းထောင်တို့ ဆရာတပည့်နှစ်ယောက်သာ ကျန်နေလိမ့်မည်။

အလှူတုန်းက ကိုချက်ကြီးနဲ့ ကိုဘမော်တို့ကာလသားတစ်စုကို ကိုကိုကြီးတို့ပြန်ပြီးရင် ထန်းရည်လိုက်တိုက်မယ်ဆိုကာ ပစ်တိုင်းထောင်က ကတိပေးထားခဲ့သည်။

အခုအိမ်မှာ ဘယ်သူမှမရှိဘူးဆိုတော့ သူကြီးက ပစ်တိုင်းထောင်ကို မျက်စိဒေါက်ထောက်ပြီး လိုက်ကြည့်နေလိမ့်မည်။ မဖြစ်သေးချေဘူး။ ပစ်တိုင်းထောင် သေချာပေါက်ကို ရွှေဒင်္ဂါးနဲ့လိုက်သွားမှဖြစ်မည်။ ဟိုရောက်ကာမှ ရွှေဒင်္ဂါးရဲ့အခြေအနေကိုကြည့်ပြီး လစ်ထွက်ရမည်။

” အဟမ်း… ရွှေဒင်္ဂါး . ခင်ဗျား ရွာကျောင်းသွားရင် ကျုပ်လည်းလိုက်ခဲ့မယ် ”

ကမ္ဘာ့အထူးဆန်းဆုံးစကားကို ကြားလိုက်ရသည့်နှယ် ခွေးပုက ဝါးလက်စ,ထမင်းလုတ်ကို အမြန်မျိုချပြီး ဆရာသမားဖြစ်သူကို ပြူးကြည့်လာသည်။ တစ်သက်နဲ့တစ်ကိုယ် ကိုယ့်ကျောင်းကိုယ်တောင် မှန်အောင်မတက်တဲ့သူက သူများကျောင်းသွားတာကို လိုက်မလို့တဲ့လား။

ကိုဒင်္ဂါးတို့ကတော့ အကြောင်းမသိသည်မို့ အဟုတ်ထင်ချင်ထင်လိမ့်မည်။ ခွေးပုအတွက်ကတော့ ဒါကသွေးရိုးသားရိုးမဖြစ်နိုင်။ ဆျာထောင် ဘာတွေးကြံစည်နေပြန်ပြီလဲ။

” ပစ်တိုင်းထောင်က ရွာကျောင်းကို ဘာလို့လိုက်မှာလဲ… ကိစ္စရှိလို့လား ”

” ဟ! .. ကျုပ်က ရွာကျောင်းကို ကိစ္စရှိမှလိုက်ရမှာလား… ဒီအတိုင်း လိုက်လည်လို့ရောမရဘူးလား… ဘာလဲ ခင်ဗျားတို့ကျောင်းက ဟိုက်စကူးမအောင်ရင် လာလို့မရဘူးလား ”

” အဲ့လိုတော့လည်း မဟုတ်ပါဘူး ”

ပစ်တိုင်းထောင် ခပ်ရွတ်ရွတ်ပြောလိုက်တော့ ရွှေဒင်္ဂါးက မျက်နှာသူငယ်လေးနဲ့ ငြင်းလာသည်။ ပစ်တိုင်းထောင် သတိထားမိသလောက်ပြောရရင် ရွှေဒင်္ဂါးက ပစ်တိုင်းထောင်စကားတစ်ခွန်းပြောရင် တစ်ခွန်းလောက်ထပ်ပြီး အထွန့်တက်လိုက်ရမှ ကျေနပ်သည်ထင်။

ပစ်တိုင်းထောင်က စိတ်မရှည်လို့ ပစ်ပစ်ခါခါပြောမိရင်လည်း မျက်နှာကဇီးရွက်လောက်ငယ်သွားတတ်သည်။ မသိရင် သူ့ကို ပစ်တိုင်းထောင်ကပဲ တရားလွန်အနိုင်ကျင့်နေသည့်အတိုင်း။

” ကဲပါ.. လူလေးရယ်.. ခေါ်သွားလိုက်ပါ… ဒီမှာက အဘပဲကျန်နေမှာဆိုတော့ ပစ်တိုင်းထောင်လည်း ပျင်းရှာမပေါ့.. ပြီးတော့ သူလည်း ရွာကျောင်းကိုမှ မရောက်ဖူးသေးပဲ အလည်အပတ်ခေါ်သွားလိုက်ပါ.. မောင်ခွေးပုလည်း လိုက်ချင်လိုက်သွားချည်.. ဟိုမယ် ကလေးအဖော်တွေရှိတယ်… မပျင်းရဘူး ”

ပစ်တိုင်းထောင်တို့နှစ်ယောက်ကိုကြည့်ပြီး သူကြီးက ခပ်သော့သော့ရယ်ရင်း စကားစ,လိုက်သည်။ ကြည့်ရတာ သူကြီးကလည်း ပစ်တိုင်းထောင်အိမ်မှာ မနေခဲ့ချင်တာကို ရိပ်မိပုံရသည်။

ခွေးပုကတော့ သူကြီးစကားကြားပြီး မျက်နှာကြီးရှုံ့မဲ့သွားသည်။ ကိုဒင်္ဂါးစာသွားသင်မှာက မူလတန်းကျောင်းဖြစ်သည်မို့ သူကြီးပြောတဲ့ ကလေးအဖော် ဆိုတာက မူလတန်းကလေးတွေသာဖြစ်သည်။

သူကြီးမျက်စိထဲမှာ ခွေးပုက မူလတန်းအရွယ်လောက်ပဲရှိတာလို့ ပြန်မေးလိုက်ချင်ပေမယ့် သူကြီးထက် ဘေးမှာရှိနေတဲ့ဆရာသမားကို ပိုကြောက်ရသည်မို့ ပါးစပ်ကိုသာ တင်းတင်းစေ့ပိတ်ထားလိုက်သည်။ ကိုဒင်္ဂါးကတော့ သူ့အဖြစ်ကိုသတိထားမိ၍ ပြုံးစိစိဖြစ်နေသည်။

” အစ်မငွေမှုန် သွားတော့မလို့လား… ကျွန်တော် လိုက်ပို့မယ်လေ ”

အိမ်ရှေ့ကွပ်ပျစ်မယ် ပစ်တိုင်းထောင်တို့တစ်စု လိုက်ရေး၊ မလိုက်ရေး လုပ်နေကြတုန်း အစ်မငွေမှုန်က ထမင်းတောင်းပိုက်လို့ အရှေ့ထွက်လာသည်။ ဒင်္ဂါးက ကွပ်ပျစ်ပေါ်က ခပ်သွက်သွက်ဆင်းလိုက်ပြီး အစ်မငွေမှုန်ကို လယ်ထဲလိုက်ပို့ဖို့ပြင်သည်။

” နေ.. နေ… အငယ်.. လိုက်မပို့နဲ့တော့… အစ်မ မိကဲတို့နဲ့အတူသွားမယ်ပြောထားတယ်.. သူတို့လာလိမ့်မယ်.. ဒီမှာ မောင်ငယ်တို့အတွက် ထမင်းထုပ်… ကျောင်းမှာပဲစားမှာမလား…”

ဒင်္ဂါးလက်ထဲကို ကမ်းပေးလာတဲ့ဖက်ထမင်းသုံးထုပ်ကိုကြည့်ပြီး ခေါင်းညိတ်လိုက်သည်။ အစ်မငွေမှုန်က အချက်အပြုတ်ကောင်းတယ်ဆိုပေမယ့် ဖက်ထမင်းလက်ရာကတော့ အကောင်းဆုံးဖြစ်သည်။

” အဘအတွက်က သမီးအိမ်ထဲမယ် ပြင်ထားခဲ့တယ်.. အုပ်ဆောင်းအုပ်ခဲ့တယ်နော်.. အဘနေ့လယ်ကို ရေတွေဘာတွေမကိုင်နဲ့နော်… သမီးတို့ပြန်လာမှ ဆေးကြောယူမယ်… လက်ဖက်နှပ်လေးလည်း ကြောင်အိမ်ထဲမယ် ထည့်ထားခဲ့တယ်… ရေနွေးက ဒီတစ်မနက်တော့လောက်မယ်ထင်တယ်နော် အဘ.. ကုန်သွားရင် ”

” ကဲပါ… လုံမလေးရယ်… ဒီလောက်တော့ အဘလည်းလုပ်နိုင်ပါသေးတယ်… ညည်းအဘက မထိုင်နိုင်,မထနိုင်ဖြစ်နေတာမှ မဟုတ်ပဲ ”

အစ်မငွေမှုန်ရဲ့မှာတမ်းခြွေမှုကို သည်းမခံနိုင်တော့သည့်အဆုံး သူကြီးက ဖြတ်ပြောလိုက်ရသည်။ အစ်မငွေမှုန်ကိုကြည့်ပြီး ပစ်တိုင်းထောင် မမကြီးကိုသတိရသွားသည်။

မမကြီးလည်း ရာဇူးက ကျောင်းသားဟောင်းတွေ့ဆုံပွဲတွေကိုသွားရင် အိမ်မှာကျန်နေခဲ့တဲ့ သူတို့ညီအစ်ကိုနှစ်ယောက်ကို အခုလိုပဲ ရထားတွဲလိုရှည်တဲ့မှာတမ်းတွေခြွေလေ့ရှိသည်။

ကိုကိုကြီးရဲ့ ‘ ခင်ခင်ရယ်… ကိုကိုတို့က ကလေးတွေမှမဟုတ်ပဲ… ခင်ခင့်အစား ကိုကိုမောလိုက်တာကွာ ‘ စကားကြားမှာသာ ရပ်သွားတော့သည်။ ဒါတောင် ‘ ကလေးမဟုတ်လို့ ပြောနေရတာပေါ့.. ကလေးဆို တွေ့ဆုံပွဲခေါ်သွားပြီး ဘေးမှာထိုင်ခိုင်းထားမှာ ‘ ဆိုတာက ပါသေးသည်။

” သမီးက စိတ်ပူလို့ပြောတာပေါ့… အဘရယ်… နီးနီးနားနားဆို အဘကို သမီးခေါ်သွားလိုက်ပြီ ”

အစ်မငွေမှုန်ရဲ့ အဓိပ္ပါယ်တူသောစကားကိုကြားလိုက်ရချိန်မှာ ပစ်တိုင်းထောင် ရယ်ကျဲကျဲဖြစ်သွားသည်။ ထိုအချိန် ပစ်တိုင်းထောင်ဆီအကြည့်ရောက်နေတဲ့ ရွှေဒင်္ဂါးနဲ့တိုးတာကြောင့် အမြန်အရှိန်သတ်ပြီး ခပ်တည်တည်နေလိုက်သည်။

” အစ်မငွေမှုန်.. အစ်မငွေမှုန် မိကဲတို့လာပြီ ”

မိကဲအသံကြားတော့ သူကြီးက ကယ်တင်ရှင်တွေ့သွားသည့်အလား။ မိကဲကတော့ ခြံဝင်းထဲဝင်လာကတည်းက အိမ်ရှေ့မယ်လူစုံရပ်နေကြသည့် ပစ်တိုင်းထောင်တို့ကို စပ်စုနေသည်။

” ကိုပစ်တိုင်းထောင်တို့ရော လယ်ထဲလိုက်မလို့လား ”

” မလိုက်ဘူး ”

မိကဲအမေးကို ပစ်တိုင်းထောင်က ခပ်ပြတ်ပြတ်ပဲဖြေလိုက်သည်။ အခုတလော ဒီကောင်မလေးနဲ့ ခဏခဏတွေ့နေရတာ အဆင်မပြေဘူး။ ရွှေဒင်္ဂါးကိုလည်း သူ့ကွယ်ရာမှာ မဟုတ်တမ်းတရားတွေပြောသေးသည်။

” ဒါဖြင့် ကိုဒင်္ဂါးလက်ထဲက ထမင်းထုပ်တွေက ဘာလဲ ”

” အော်.. ဒါက ”

” ကျုပ်တို့သွားကြမယ် ရွှေဒင်္ဂါး… သူ့ကို ဘာမှပြောပြနေစရာမလိုဘူး … ဟိုကောင်ခွေးပု အနောက်ကမြန်မြန်လိုက်လာခဲ့ ”

ဒင်္ဂါးက မိကဲအမေးကိုဖြေမယ်လုပ်တုန်း ပစ်တိုင်းထောင်က ဒင်္ဂါးလက်မောင်းကိုဆွဲလို့ ခြံထဲကနေ ခပ်သွက်သွက်ထွက်လာသည်မို့ ဒင်္ဂါးလည်း ဒရောသောပါးနဲ့ပါလာခဲ့တာ အဘနဲ့အစ်မငွေမှုန်ကိုတောင် နှုတ်မဆက်ခဲ့ရ။

” ဖြည်းဖြည်းသွားပါ… ပစ်တိုင်းထောင်ရဲ့… မိကဲတို့ အနောက်ကလိုက်မလာပါဘူး ”

ဒင်္ဂါးပြောလိုက်မှသာ ဆွဲထားတဲ့လက်မောင်းကိုလွှတ်ပြီး အနောက်ကိုလှည့်ကြည့်လိုက်သေးသည်။ ပြီးမှ လက်နှစ်ဖက်ကိုနောက်ပစ်လို့ ဒင်္ဂါးဘေးကနေ ယှဉ်လျှောက်လာသည်။ အရင်ကလည်း မိကဲနဲ့ ပစ်တိုင်းထောင်က ဒီလိုပဲတွေ့တိုင်း ဦးသူခွပ်ကြတာဆိုပေမယ့် ဒီနေ့တော့ ပစ်တိုင်းထောင်က ထူးထူးဆန်းဆန်း အကဲဆတ်နေသည်။

” မိကဲနဲ့ ရန်ဖြစ်ထားလို့လား … ပစ်တိုင်းထောင်က ”

” ဟာဗျာ.. ကျုပ်ကယောက်ျားတန်မဲ့ မိန်းကလေးနဲ့ပြိုင်ပြီးရန်ဖြစ်စရာလား ”

” ဒါဖြင့် မိကဲက ကောင်းကောင်းမေးတာကို ဘာလို့မဖြေလဲ ”

” အဲ့ကောင်မလေးက အကြီးမသိ,အငယ်မသိ ကျုပ်ကိုမလေးမစားလုပ်လွန်းလို့ တမင်မဖြေတာ ”

ပစ်တိုင်းထောင်စကားကြားတော့ ဒင်္ဂါးမျက်ခုံးပင့်သွားသည်။ ပြောနေပုံက မသိရင် သူ့အသက်က အဘနီးပါးလောက် ရှိနေသလို။ တကယ်ဆို မိကဲနဲ့ ပစ်တိုင်းထောင်က ကွာလှမှအလွန်ဆုံးရှိ တစ်နှစ်၊ နှစ်နှစ်ပေါ့။ သူ့ထက်အသက်သုံးနှစ်လောက်ကြီးတဲ့ဒင်္ဂါးကို ရွှေဒင်္ဂါး… ရွှေဒင်္ဂါးနဲ့ ခေါ်နေတာက သူမဟုတ်တဲ့အတိုင်း။

>>>>>>>>>>

” ကိုကိုဒင်္ဂါး … ကိုကြီးဒင်္ဂါး လာပြီဟေ့ ”

” ပစ်တိုင်းထောင်… လာလေ ”

ဒင်္ဂါးတို့ရွာကျောင်းက ဘုန်းကြီးကျောင်းဘေးတွင်ရှိသည်။ ကျောင်းထဲရောက်တော့ စာသင်ဆောင်ထဲကြိုရောက်နှင့်နေတဲ့ ကလေးတွေက ဒင်္ဂါးတို့ကို ပြေးကြိုကြသည်။ ပစ်တိုင်းထောင်က ကျောင်းအပေါက်ဝမှာ ရပ်ကျန်နေခဲ့သည်မို့ ဒင်္ဂါးလှည့်ခေါ်လိုက်ခြင်းဖြစ်သည်။

” စာသင်ခန်းထဲထိတော့ ကျုပ် မလိုက်တော့ဘူး… ဟိုး မန်းကျည်ပင်ရိပ်မှာ ထိုင်စောင့်နေမယ် ”

ပစ်တိုင်းထောင်လက်ညှိုးထိုးပြတဲ့ မန်းကျည်ပင်က ကျောင်းဝင်းထဲမှာ အရိပ်အရဆုံးအပင်ဖြစ်သည်။ ပုံမှန်ကျောင်းဖွင့်ချိန်တွေဆိုရင် နေ့လယ်ကျောင်းဆင်းချိန်တိုင်း ထိုအပင်အောက်မှာ ကလေးတွေဝိုင်းနေတတ်သည်။ အခုတော့ နွေရာသီကျောင်းပိတ်ကာလမို့ ပစ်တိုင်းထောင်နဲ့အတူ အပင်ရိပ်လုမယ့်ကလေးမရှိ။

” သွားလေ… ဗိုက်ဆာလာရင်ပြောနော် ကျွန်တော် ထမင်းထုပ်ဖြည်ပေးမယ် ”

ဒင်္ဂါးလက်ထဲကထမင်းထုပ်ကိုမြှောက်ပြီး ပြောလိုက်တော့ ခေါင်းညိတ်ပြပြီး အပင်ရှိရာကို ဦးတည်သွားသည်။ အနောက်ကလိုက်လာတဲ့ ကိုခွေးပုကိုတော့ ပစ်တိုင်းထောင်ရှိရာကို မေးဆတ်ပြလိုက်သည်။

” အီး… ဗြဲ… ”

” မငိုပါနဲ့ ကလေးရယ်… တိတ် . တိတ်… အစ်မသိန်းကြည် ကလေးကအရမ်းငိုနေတယ် ”

” ငါလည်း စိတ်ညစ်ပါတယ်… ဒင်္ဂါးရယ်.. အိမ်မှာထမင်းက အခုထိမချက်ရသေးဘူး… ငါ ကြက်သွန်တူးလည်းသွားရဦးမှာ ”

မန်းကျည်ပင်ရိပ်ကောင်းသည်မို့ တရေးတမောအိပ်ကာ အနားယူနေတုန်း ကြားလိုက်ရတဲ့ကလေးငိုသံကြောင့် ပစ်တိုင်းထောင်နိုးသွားသည်။ ခွေးပုကိုကြည့်လိုက်တော့ ပါးစောင်ကနေသားရေတွေစီးကျလို့ ဟောက်တောင်ဟောက်နေသေးသည်။ တော်တော်အားကိုးရတဲ့တပည့်။ အခုနေများ သူ့ကိုတောပုန်းဓားပြတွေဖမ်းသွားရင် သိလိုက်မည်တောင်မထင်။ ဘယ်လူဆိုးကမှ သူ့ကိုမဖမ်းရဲလို့ တော်သေးသည်။

” ကျွန်တော်က ခေါ်ထားပေးလို့ရပါတယ်… ဒါပေမယ့် ကလေးက အစ်မနောက်ပဲလိုက်ချင်နေတာ ”

ကလေးငိုသံနဲ့အတူ ရွှေဒင်္ဂါးအသံကိုပါ သဲ့သဲ့ကြားနေရသည်မို့ ပစ်တိုင်းထောင် အပင်ရိပ်အောက်ကွပ်ပျစ်ပေါ် အိပ်နေရာကထပြီး စာသင်ခန်းဘက်ကို လျှောက်လာသည်။

စာသင်ဆောင်ရှေ့ရောက်တော့ အခန်းပေါက်ဝတွင် ရွှေဒင်္ဂါးက လသားအရွယ်ကလေးတစ်ယောက်ကို ချီထားသည်။ ကလေးက ဒင်္ဂါးလက်ထဲမှာ အငြိမ်မနေ။ အာခေါင်ခြစ်ပြီး ပြဲလန်နေအောင်ငိုနေတာက ရွာဦးကျောင်းကဓာတ်စက်ကြီးပင် အရှုံးပေးရမည်။ ကလေးအမေဖြစ်ဟန်တူသူက လက်ထဲမှာငါးနှစ်၊ခြောက်နှစ်အရွယ်ကလေးတစ်ယောက်ကိုလည်း လက်ဆွဲထားသေးသည်။

” အဲဒါက ဘာဖြစ်နေကြတာလဲ ”

ရွှေဒင်္ဂါးလက်ထဲက ကလေးက အငြိမ်မနေသည့်အပြင် ရွှေဒင်္ဂါးမျက်နှာကိုလည်း သူ့လက်သေးသေးနဲ့ တဖတ်ဖတ်ရိုက်သေးသည်။ ရပ်ကြည့်မနေနိုင်တော့သည့်အဆုံး ပစ်တိုင်းထောင် သူတို့အနားသွားပြီး အသံမာမာနဲ့မေးလိုက်တော့ ရှိသမျှအကုန်လုံးရဲ့အကြည့်တွေက ပစ်တိုင်းထောင်ဆီရောက်လာသည်။

” ကလေးတစ်ကောင်နဲ့ ခင်ဗျားကဘာဖြစ်နေတာလဲ … ရွှေဒင်္ဂါး ”

ပစ်တိုင်းထောင်ရဲ့ ပိဿလေးဘေးပစ်အပြောကြောင့် ကလေးအမေဖြစ်သူက မျက်နှာမဲ့သွားသည်။ ပစ်တိုင်းထောင်ကတော့ ဂရုမစိုက်။ ရွှေဒင်္ဂါးကိုသာ စေ့စေ့ကြည့်ရင်း ထပ်ပြောလိုက်သည်။

” မေးနေတယ်လေ… ဘာဖြစ်နေကြတာလဲလို့… ခင်ဗျားက စာလာသင်တာမဟုတ်ဘူးလား… ဒီကလေးက ဘယ်လိုဖြစ်ပြီး ခင်ဗျားလက်ထဲရောက်နေလဲ ”

” ဟို . အစ်မသိန်းကြည်ရဲ့သားကြီးက စာလာသင်တော့ ဒီအငယ်လေးကို အိမ်မှာကြည့်ပေးမယ့်သူမရှိလို့ . အဲဒါ ငါ့ကိုခဏထိန်းပေးဖို့ အကူအညီတောင်းလို့ ”

” ဟ!.. ရွှေဒင်္ဂါး ခင်ဗျား ဒီကိုလာတာ ကလေးတွေကို စာသင်ပေးဖို့မဟုတ်ဘူးလား.. ကလေးထိန်းကျောင်းဖွင့်ပေးဖို့ လာတာလား ”

” အဲ့လိုတော့လည်း မဟုတ်ပါဘူး ”

* ကျစ်!… လုပ်ပြန်ပြီ . အဲဒီဇီးရွက်မျက်နှာနဲ့ အဲ့အပြော… ရွှေဒင်္ဂါး.. ခင်ဗျားနဲ့တော့ခက်တယ် *

ပစ်တိုင်းထောင်ဆက်မပြောတော့ပဲ ကလေးအမေဘက်ကို လှည့်လိုက်သည်။

” ဒီမှာ အစ်မကြီး… အစ်မကြီးရဲ့သားကြီးက စာလာသင်တာမို့ ကလေးထိန်းဖို့ မအားဘူးဆိုရင် အစ်မကြီးကထိန်းလေ ”

” ကျွန်မက ကြက်.ကြက်သွန်တူးသွား.သွားရဦးမှာမို့ပါ ”

ပစ်တိုင်းထောင်ကို အကြောက်လွန်ပြီး စကားတွေထစ်နေတဲ့အစ်မသိန်းကြည်ကြောင့် ဒင်္ဂါး ကလေးကို လက်တစ်ဖက်နဲ့ချီပြီး ကျန်လက်တစ်ဖက်နဲ့ ပစ်တိုင်းထောင်လက်မောင်းကို လှမ်းကိုင်လိုက်သည်။ ခုနကပြဲလန်နေအောင် အော်ငိုနေတဲ့ကလေးကလည်း ပစ်တိုင်းထောင်ရောက်လာမှပင် ငြိမ်ကျသွားတော့သည်။

” ခင်ဗျား အသာနေစမ်း… ရွှေဒင်္ဂါး ”

အစ်မသိန်းကြည်ကို မာန်မဲနေရင်း ဒင်္ဂါးကိုလည်း ခပ်ငေါက်ငေါက်ပြောလာသည်။

” ဟ. ခင်ဗျားတို့ကလည်း မဟုတ်သေးပါဘူး… ရွှေဒင်္ဂါးက ခင်ဗျားသားကြီးကိုလည်းစာသင်ပေးရဦးမယ်.. ခင်ဗျားသားငယ်ကိုလည်းထိန်းပေးရအောင် ခင်ဗျားယောက်ျားများမှတ်နေလား ”

” အဲ့ . အဲ့လို မဟုတ်ပါဘူး … မြို့အုပ်ညီကလေးရယ် ”

” ခင်ဗျားတို့ မွေးတုန်းကမွေးပြီး ကြည့်တော့မကြည့်ချင်ကြဘူး… ခင်ဗျားယောက်ျားက ဘယ်သွားနေလို့တုန်း ”

” သူ . သူက အိမ်မှာမူးပြီးအိပ်နေလို့ပါ ”

မျက်ရည်စမ်းစမ်းဖြစ်လာတဲ့ အစ်မသိန်းကြည်ကိုကြည့်ပြီး ဒင်္ဂါး အားနာလာသည်။ ပစ်တိုင်းထောင်ကလည်း ဒေါသထွက်နေဟန်မို့ ဒင်္ဂါး ဝင်မပြောရဲ။

” ကျုပ်ဖြင့်မကြုံဖူးပေါင်.. သူများရွာတွေဆို သူကြီးသားဆိုတာနဲ့ ဖိန့်ဖိန့်တုန်အောင်ကြောက်ကြတာ… ခင်ဗျားတို့ရွာမှအဆန်း… သူကြီးသားက တစ်ရွာလုံးရဲ့ခိုင်းဖတ်ကိုဖြစ်လို့… ခင်ဗျားတို့က အားနာတတ်တာကို အခွင့်ကောင်းယူပြီး လူပါးဝနေကြတာ ”

” အဲ.အဲလိုမဟုတ်ပါဘူး မြို့အုပ်ညီကလေးရယ်… ဒေါ်ရွှေကြီးက အရင်ကလည်း ဒင်္ဂါးက သူ့ကလေးအငယ်ကို တစ်ဖက်ထိန်းကူရင်း စာသင်ပေးတယ်ဆိုပြီးပြောလို့ပါ… ကျွန်မလည်း ဘယ်လိုမှမတတ်နိုင်လို့ ကူထိန်းခိုင်းမိတာပါ ”

အစ်မသိန်းကြည်ကလည်း သူ့ဘက်ကအကြောင်းပြချက်ကို ကြောက်ကြောက်ရွံ့ရွံ့နဲ့သာ ပြောရှာသည်။ ပစ်တိုင်းထောင်က ပုဆိုးစနှစ်ဖက်ကိုမ,ပြီး ခါးထောက်ရပ်နေရင်း ဆက်ပြောသည်။

” မလိုချင်ဘူး.. ကျုပ်ကို အရင်ကအကြောင်းတွေ လာမပြောနဲ့… အခုချိန်ကစပြီး ရွှေဒင်္ဂါးကစာသင်မယ်ဆို စာပဲသင်ပေးမှာ… ခင်ဗျားတို့ရဲ့ စာသင်ရမယ့်အရွယ်ကလေးတွေကလွဲရင် တခြားကလေးတွေခေါ်မလာနဲ့…

အေး . ကျုပ်ပြောတာကို နားမထောင်ပဲ ခင်ဗျားတို့ဆက်လုပ်နေမယ်ဆိုရင် ကျုပ်ဘာကောင်လဲဆိုတာ ခင်ဗျားတို့သိသွားစေရမယ်…

ပြီးတော့ တစ်ခါတည်းပြောထားလိုက်မယ်… နောက်ဆိုရွှေဒင်္ဂါးကို ဟိုခိုင်းဒီခိုင်းလုပ်တာတွေ ကျုပ်တွေ့ရင် ခင်ဗျားတို့နာပြီသာမှတ်… မဖြစ်မနေကူညီဖို့လိုအပ်ရင် ကျုပ်ကိုယ်တိုင်လာလုပ်ပေးမယ် ”

အာဏာစက်ပြင်းလှသော မြို့အုပ်ညီကလေးကြောင့် အစ်မသိန်းကြည်မပြောနဲ့.. အစောပိုင်းကထိ တစ်ရွာလုံးကွဲထွက်တော့မတတ် ငိုကြောရှည်နေတဲ့သူ(မ)သားလေးပင် ရှိုက်သံမထွက်ရဲတော့။ စာသင်ခန်းထဲမှာ မျောက်ရှုံးအောင်ဆော့လွန်းလို့ ခဏခဏအဆူခံ၊ အရိုက်ခံရတဲ့ဖိုးလုံးပင် ငြိမ်ကုတ်နေတော့သည်။

” သွား… ခင်ဗျားကလေးကို ပြန်ခေါ်သွား… ခင်ဗျားယောက်ျားအရက်သမားကို ထိန်းခိုင်းလိုက်… အေး တကယ်လို့မှ သူမထိန်းဘူးဆိုရင် သူ့ကိုမြို့ဂတ်ကိုပို့မယ်လို့ ကျုပ်ကပြောတယ်လို့ပြောလိုက်… ခဏနေကျရင် ခင်ဗျားတို့အိမ်ဘက်ကို ကျုပ်အခြေအနေလာကြည့်လှည့်မယ် ”

ပစ်တိုင်းထောင်စကားဆုံးတော့ အစ်မသိန်းကြည်က ဒင်္ဂါးလက်ထဲက ကလေးကိုလွှဲယူပြီး ခြေကုန်သုတ်ကာ ခပ်သွက်သွက်ပြန်ပြေးတော့သည်။

” ရွှေဒင်္ဂါး .. ခင်ဗျား သတိထားနေ ”

အသံကြိတ်ကြိတ်နဲ့ ဒင်္ဂါးကို ဆူငေါက်သွားတဲ့ ပစ်တိုင်းထောင်ကို ဒင်္ဂါးစိတ်မဆိုးမိပါ။ စာသင်ဆောင်ကနေ မန်းကျည်ပင်ရိပ်ကိုပြန်နေတဲ့ ပစ်တိုင်းထောင်ကို မျက်တောင်မခတ်တမ်း ငေးကြည့်မိသည်။ အပင်ရိပ်ရောက်တော့ အိပ်မောကျနေတဲ့ ကိုခွေးပုကို ခြေထောက်နဲ့ကန်လိုက်တာကို မြင်လိုက်တာကြောင့် ဒင်္ဂါး ရပ်ကြည့်နေရင်းမှပင် ပြုံးမိသွားတော့သည်။

>>>>>>>>>>

နေ့လယ်ခင်း ကျောင်းလွှတ်ချိန်ရောက်တော့ ကလေးတွေကလည်း အိမ်ပြန်ပြီး ထမင်းစားကြပြီမလို့ ဒင်္ဂါးကလည်း အစ်မငွေမှုန်ထည့်ပေးလိုက်တဲ့ ဖက်ထမင်းထုပ်တွေကိုယူလို့ ပစ်တိုင်းထောင်တို့ ဆရာတပည့်နှစ်ယောက်နဲ့အတူတူ စားဖို့ပြင်သည်။

” ဒီအချိန်ဆို အစ်မငွေမှုန်ရော လယ်ထဲကနေ အိမ်ပြန်ရောက်လောက်ပြီလား “

” မရောက်လောက်သေးဘူး ပစ်တိုင်းထောင်ရဲ့ .. ညနေခင်း ယာခင်းသိမ်းချိန်ကျမှ ပြန်ရောက်မှာပေါ့ “

ပစ်တိုင်းထောင်က အစ်မငွေမှုန် ထည့်ပေးလိုက်တဲ့ ဖက်ထမင်းကို တမြုံ့မြုံ့စားနေရင်း ‌ရွှေဒင်္ဂါးကို ခေါင်းညိတ်ပြလိုက်သည်။ သုံးယောက်သားက စားပွဲဝိုင်းလေးမှာ အဝိုင်းလိုက်လေး မျက်နှာချင်းဆိုင် ထိုင်နေကြတာမလို့ ထမင်းဝါးနေတဲ့ ရွှေဒင်္ဂါးရဲ့ ပါးဖောင်းဖောင်းကို စိုက်ကြည့်မိရင်း ပစ်တိုင်းထောင် ပြုံးမိသေးသည်။

” ထမင်းစားပြီးရင် ကျုပ် လယ်ထဲကို ခဏလိုက်သွားချေဦးမယ် … “

ပစ်တိုင်းထောင်စကားပြောင့် ဒင်္ဂါးက ဝါးလက်စထမင်းကို ခပ်သွက်သွက်မျိုချလိုက်ရတာကြောင့် နင်သလိုပင် ဖြစ်သွားသည်။

” ဘာ . ဘာသွားလုပ်မလို့လဲ “

” အစ်မငွေမှုန်ကို စိတ်မချလို့လေ … ခင်ဗျားပဲ ပြောဖူးတယ်လေ . အစ်မငွေမှုန် လယ်ထဲသွားရင် ဟိုဘက်ရွာက သူကြီးသားက လိုက်နှောင့်‌ယှက်နေလို့ စိတ်မချရဘူးဆို … အခု ခင်ဗျားရော ကျုပ်ရော ဒီမယ်လေ … အစ်မငွေမှုန်ကို ခဏလောက်တော့ ကျုပ်သွားကြည့်ချေဦးမယ် “

” အော် . အင်းပါ … ခွေးပုကိုလည်း ခေါ်သွားလေ “

” ဟ ! ခွေးပုက ဘာလိုက်လုပ်ဦးမှာလဲ … ကျုပ်တစ်ယောက်တည်းသွားရင် ရတယ် “

* ကြည့်ပြန်ပြီ .. အဲ့အကြည့်တွေ *

ပစ်တိုင်းထောင်ကို အကဲခတ်သလိုမျိုး မျက်လုံးပင့်ကြည့်လာတဲ့ ရွှေဒင်္ဂါးကြောင့် စိတ်အလိုမကျတာမလို့ အားနေတဲ့လက်နဲ့ ရွှေဒင်္ဂါးနဖူးကို ဖတ်ခနဲနေအောင် ရိုက်ပစ်လိုက်သည်။

ဖတ် …!

” အ ! ပစ်တိုင်းထောင် …! ကျွန်တော့်ကို ဘာလို့ရိုက်တာလဲ “

လက်တစ်ဖက်နဲ့ နဖူးကို ဖိအုပ်ထားရင်း ရန်စွာလာတဲ့ ရွှေဒင်္ဂါးက ကြောင်ပေါက်လေးလိုပင်။ ပစ်တိုင်းထောင်က ပြန်မဖြေသေးပဲ မျက်စချီလို့ နှုတ်ခမ်းတွန့်ရုံပြုံးလိုက်သည်။

” ခင်ဗျားကို ကျုပ် ဟိုနေ့ညကတည်းက ရှင်းအောင်ပြောပြီးသား … အစ်မငွေမှုန်အပေါ် ကျုပ် ဘာစိတ်မှ မရှိဘူးဆိုတာ … အဲ့ခေါင်းသေးသေးလေးက တစ်ခုခုဆို ကျုပ်က အစ်မငွေမှုန်လို့ပြောတိုင်း ဘာတွေ တွေးနေသလဲမှ မသိတာ “

” အဲ့လိုတော့လည်း မဟုတ်ပါဘူး “

” ဟမ့် . ထင်သား ရွှေဒင်္ဂါး … အဲ့လိုပဲ ခင်ဗျားပြန်ပြောမယ်ဆိုတာ … ဒါနဲ့ . ပြစမ်း ရွှေဒင်္ဂါး … ခင်ဗျားနဖူးက အရမ်းနာသွားသလား “

ရွှေဒင်္ဂါးက ရှုံ့မဲ့မဲ့နဲ့ နဖူးပေါ်မှာ အုပ်ကိုင်ထားတဲ့ လက်ကလေးကို ဖယ်လိုက်တဲ့အခါ အနည်းငယ်ရဲနေတာကို တွေ့လိုက်ရတာကြောင့် ပစ်တိုင်းထောင် နည်းနည်းတော့ စိတ်မကောင်းဖြစ်သွားသည်။

ပစ်တိုင်းထောင်က နာစေလိုတဲ့သဘောနဲ့ ရိုက်ပစ်လိုက်တာမဟုတ်ပေမယ့် စိန်မြန်လက်မြန်ရှိသူပီပီ ရိုက်လိုက်မိတာက အားပါသွားသည်။ ရွှေဒင်္ဂါးကတော့ အသားဖြူသူမလို့ နဖူးနေရာမှာ ရဲစပ်စပ်ကလေး ဖြစ်နေတာတော့ သိသာလှသည်။

” ဟမ့် . နောက်တစ်ခါ ကျုပ်ကို အစ်မငွေမှုန်နဲ့ ပေါက်ကရတွေ ထပ်ထင်ရင် ခင်ဗျား ဒီထက်နာမယ် ”

” ပစ်တိုင်းထောင်နော် … ကျွန်တော့်ကို မင်းထက်အငယ်များ မှတ်နေလား “

” ငယ်ငယ် မငယ်ငယ်ပေါ့ … ခင်ဗျားက အကြီးဆိုတော့လည်း အငယ်ကို အနစ်နာခံတယ်ပဲ တွေးထားလိုက်လေ ”

ပစ်တိုင်းထောင်ကတော့ သူ့ဝသီအတိုင်း ရွှေဒင်္ဂါးကို ဂျစ်တစ်တစ်ပင် ပြန်ပြောလိုက်သည်။

ဘေးမှာ အတူတူထိုင်စားနေတဲ့ ခွေးပုကတော့ ဆျာထောင်နဲ့ ကိုဒင်္ဂါးကိုကြည့်လို့ စိတ်ပင်ညစ်လှသည်။ မသိရင် သမီးရည်းစားအချင်းချင်း စိတ်ကောက်နေလို့ မထိတထိကလူကျီစယ်နေကြသည့်အတိုင်း။

” ကဲ … ကျုပ်သွားတော့မယ် . ခဏတဖြုတ်ပဲ … ပြီးရင် ပြန်လာမယ် ရွှေဒင်္ဂါး “

ပစ်တိုင်းထောင်က ဖက်ထမင်းထုပ်ထဲက လက်ကျန်ထမင်းကို ခပ်သွက်သွက်စားလိုက်ရင်း အပြီးသတ်လိုက်သည်။ သိပ်မကြာခင် ကလေးတွေကလည်း ပြန်ရောက်လာကြပြီး ရွှေဒင်္ဂါးက စာသင်ဖို့ ပြင်နေပြီဖြစ်သည်။ ကျောင်းမှာ ခွေးပုကိုထားခဲ့ကာ ပစ်တိုင်းထောင်က ယာခင်းဘက်ကို ခပ်သွက်သွက် ထွက်လာခဲ့လိုက်သည်။

ယာခင်းဘက်ကိုရောက်တော့ အစ်မငွေမှုန်တို့အုပ်စုကို မမြင်ရသေးခင် အဝေးကနေ လှမ်းမြင်လိုက်ရတဲ့ မိစွာနဲ့ မိုက်မိုက်စန်းကြောင့် ပစ်တိုင်းထောင် မျက်ခုံးပင့်သွားသည်။ မနက်က မိစွာနဲ့ မိုက်မိုက်စန်းကို သူကြီးနဲ့ ကျန်နေခဲ့မယ်ထင်တာ ယာထဲကို ဘယ်ကဘယ်လို ရောက်နေလဲမသိ။

” မိစွာ … သမီးလေး မိုက်မိုက်စန်း … လယ်ထဲကို ဘယ်လိုဖြစ်လို့ ရောက်လာကြတာလဲ “

ကန်သင်းရိုးပေါ်ကနေ လှမ်းအော်လိုက်တော့ အစ်မငွေမှုန်တို့က လှည့်ကြည့်လာသလို မိစွာနဲ့ မိုက်မိုက်စန်းကလည်း ပစ်တိုင်းထောင်နားကို ပြေးလာကြသည်။

” ဟမ် . ဟမ် … ဖေ့သမီးလေးတွေ … နေပူထဲ လှနေလိုက်ကြတာ … လာ လာ . အရိပ်ထဲသွားမယ် “

မိစွာနဲ့ မိုက်မိုက်စန်းက တစ်ကိုယ်လုံး အနက်ရောင်အတိဖြစ်တာကြောင့် နေပူထဲမှာတော့ အရောင်လေးတွေက ပြောင်လက်နေသည်။ အဝေးကနေ ပြေးလာကြတာမလို့ လျှာတစ်လစ်လေးနဲ့ ပစ်တိုင်းထောင်ကို ကြိုနေကြတာကြောင့် အပင်ရိပ်ဆီကို ဆွဲခေါ်လာရသည်။

” အစ်မငွေမှုန် … မိစွာနဲ့ မိုက်မိုက်စန်းက ဘယ်လိုဖြစ်လို့ လယ်ထဲရောက်လာကြတာလဲ “

သရက်ပင်ရိပ်အောက်မှာထိုင်ရင်း သရက်သီးသုပ်ကို ဝိုင်းဖွဲ့စားနေကြတဲ့ အစ်မငွေမှုန်တို့နား ပစ်တိုင်းထောင်က ဝင်ထိုင်ရင်း မေးလိုက်သည်။

” သာထင့်နွားလှည်းနဲ့ ပါလာတာပဲ မောင်ငယ် … အဘထည့်ပေးလိုက်တာတဲ့ … ခြံထဲမယ် သောင်းကျန်းနေလို့ နေမှာ “

” မိစွာနဲ့ မိုက်မိုက်စန်းကလည်း အပြင်ထွက်ချင်နေတာနေမှာ … ပုံမှန်ဆို သာထင်နဲ့က တစ်စက်မှ တည့်တာမဟုတ်ဘူး “

ပစ်တိုင်းထောင်က မဲ့ရွဲ့လို့ပြောလိုက်တော့ အစ်မငွေမှုန်က ရယ်သည်။ မိစွာနဲ့ မိုက်မိုက်စန်းကလည်း ထူးထူးဆန်းဆန်း ဖအေနားကပ်ပြီး ခေါင်းလေးတွေကို ပေါင်ပေါ်တင်အိပ်ကာ လူကြားထဲမှာ ကပ်ချွဲနေတာမလို့ ပစ်တိုင်းထောင်မှာ သဘောတကျ။

” ကိုပစ်တိုင်းထောင်မလဲနော် … မမငွေမှုန်နဲ့ ကိုဒင်္ဂါးတို့ရဲ့ အဖေကြီးကျလို့ . သူကြီးက အဖေလား . ကိုပစ်တိုင်းထောင်က အဖေလား မသိတော့ဘူး “

” ဟဲ့ . မိကဲ … ညည်းကိုက လျှာရှည်နေတာ … ငါ့ဘာသာငါ ငါ့အစ်မကို စိတ်မချလို့ လိုက်လာတာ ဘာဖြစ်တုန်း … ညည်းမှာ‌တောင် ငါ့လိုမျိုး နောက်ကနေ လိုက်ကြည့်မယ့်မောင်မျိုး ရှိလို့လား ပြော “

” ဟွန့် . မရှိလို့ပေါ့ … ရှိလို့ကတော့ ကိုပစ်တိုင်းထောင်လို လိုက်ကြည့်ရုံတင် မဟုတ်ဘူး … မိကဲကို ကုန်းပိုးပြီးတော့ကို လိုက်ပို့ခိုင်းမှာ “

မိကဲစကားကြောင့် အပျိုအုပ်စုဆီကနေ ရယ်သံတွေ တဝေါဝေါထွက်လာသည်။ အစ်မငွေမှုန်ကလည်း ရယ်ရင်း စားလက်စ သရက်သီးသုပ်ဗန်းကြီးကို ပစ်တိုင်းထောင်ရှေ့ ထိုးပေးလာသည်။

” စားလေ မောင်ငယ် … အကြမ်းရည်လေးလည်း ရှိတယ် . သောက်ချေ “

” ဟာဗျာ … တော်ပါပြီ … အစ်မတို့ဟာကြီးက အိမ်သာဝင်ရင် ဖင်ပူမှာကြီး “

” ဟာ ကိုပစ်တိုင်းထောင်ကြီးကလဲ … “

မိကဲရဲ့ အော်သံကြီးက ခပ်ကျယ်ကျယ်ပင် ထွက်ပေါ်လာသည်။

ပစ်တိုင်းထောင်က ငရုတ်သီးတွေ နီရဲနေတဲ့ သရက်သီးသုပ်ကိုကြည့်ရင်း တုန်တောင်တုန်တက်သွားသည်။ သရက်သီးကလည်း ပေါချိန်ဖြစ်တာကြောင့် လတ်လတ်ဆတ်ဆတ်နဲ့ စားကောင်းနေမှာမှန်ပေမယ့် ငရုတ်သီးတွေကိုကြည့်ပြီး တို့တောင်မတို့ရဲပါ။ စပ်လား မစပ်လားတော့ မမေးရသေးခင် အနံ့နဲ့တင် နှာထချေတဲ့ မိစွာနဲ့ မိုက်မိုက်စန်းကြောင့် ပစ်တိုင်းထောင်က သရက်သီးဗန်းကို ပြန်တွန်းလိုက်သည်။

” ဟ ! အလှလေးတွေ ဘာတွေစားနေကြသလဲ … ကိုသန်းဇော်ကြီးကို ကျွေးပါဦး “

” သန်းဇော် …! “

လယ်ထဲပြန်မဆင်းကြသေးခင် သရက်သီးသုပ်စားနေကြတုန်း ရောက်လာတဲ့ တစ်ဖက်ရွာက သူကြီးသား သန်းဇော်ကြောင့် ပစ်တိုင်းထောင်က ထိုင်နေရာကနေ ငေါက်ခနဲ ထရပ်လိုက်သည်။ မိစွာတို့ကလည်း ဖအေ အရိပ်အကဲကို သိသည်မလို့ ဘေးမှာနေရင်း သွားတပြင်ပြင်။

” ဟဲ့ … မူးနေရင် ဝေးဝေးသွား … ဒီနေရာမှာ ‌နင့်အကြောင်း တစ်ပြားသားမှ မပါဘူး “

မိတုတ်က ခပ်စွာစွာလှမ်းပြောတော့ သန်းဇော်က လက်ထဲက လက်ကျန်အရက်ကို မော့သောက်လိုက်ပြီး ပုလင်းခွံကို တစ်ခြားဘက်ကို ပစ်လိုက်သည်။

” လျှာမရှည်စမ်းနဲ့ ကောင်မ … နင်က ငါ့ကို ပြောရအောင် ဘာမလို့လဲ . ဟမ် “

” ဟေ့ကောင် … “

” မောင် … မောင်ငယ်ရယ် … ရန်မဖြစ်ပါနဲ့ “

မူးရူးပြီး လက်တပြင်ပြင်နဲ့ မိုက်ရိုင်းနေတဲ့ သန်းဇော်ကြောင့် ပစ်တိုင်းထောင်က ရှေ့တက်လိုက်ပေမယ့် အစ်မငွေမှုန်က အနောက်ကနေ ဆွဲထားတာကြောင့် စိတ်လျှော့လိုက်ရသည်။

” ဟော …! ဘယ်သူများလဲလို့ . အဟား … ဟိုတစ်ခါကလည်း မင်း မဟုတ်လား “

” အေး . အဲ့တော့ ဘာဖြစ်သလဲ . ပြောစမ်း “

ပစ်တိုင်းထောင်က မေးငေါ့လို့ မေးလိုက်တော့ အမူးသမား သန်းဇော်က မျက်လုံးလှန်လို့ မော့ကြည့်လာသည်။

” အမြဲတွေ့ ,တွေ့နေရတာ . ဘာလဲ … ဒီနေရာကို ရောက်ရောက်နေတာ မင်းက ကောက်ရိုးပုံစောင့်တဲ့ ခွေးလား . ပြောစမ်း ”

” ဟာ … ဒီခွေးမသားကတော့ “

” ဟဲ့ . ဟဲ့ … မောင်ငယ် ! မလုပ်ပါနဲ့ “

” ကိုပစ်တိုင်းထောင်ရယ် မလုပ်ပါနဲ့ . ဟဲ့. ဟဲ့ ဆွဲကြပါဦး “

ဒေါသက ထောင်းခနဲ ထွက်သွားတာကြောင့် ပစ်တိုင်းထောင်က လက်သီးလက်မောင်းတန်းလို့ သန်းဇော်ကို ဝင်လုံးတော့သည်။ သန်းဇော်ကလည်း မူးနေသူပေမယ့် ရေချိန်ကိုက်နေပုံ မရ‌တာကြောင့် ပစ်တိုင်းထောင်ကို ပြန်လုံးသည်။ အနားမှာလည်း မိန်းကလေးတွေချည်း ရှိနေကြတာကြောင့် ဆွဲလို့ပင်မနိုင်ပဲ ဆူဆူညံညံနဲ့ ဝရုန်းသုန်းကား ဖြစ်နေကြတော့သည်။

ဝုတ် ဝုတ် … ဂီး …

” အယ် . အစ်မငွေမှုန် … မိစွာနဲ့ မိုက်မိုက်စန်းကို ဆွဲပါဦး “

သခင်ကိုထိတာကြောင့် သစ္စာရှိခွေးတွေပီပီ မိစွာနဲ့ မိုက်မိုက်စန်းကပါ နပန်းလုံးလို့ ထိုးကြိတ်နေကြတဲ့ နှစ်ယောက်ကြားကိုဝင်ကာ မိစွာ တစ်ဖက်က သန်းဇော်ခြေသလုံးကို ဝင်ခဲသည်။ မိုက်မိုက်စန်းကတော့ အနောက်ကနေ ‌သန်းဇော်ရဲ့ အင်္ကျီစကိုကိုက်ဆွဲကာ ဆွဲရမ်းနေတာမလို့ ရန်ပွဲနေရာမှာ ဖုန်တလောင်းလောင်းပင် ထနေပြီဖြစ်သည်။

” မရတော့ဘူး . ဆရာတော့်ကို သွားခေါ်ကာမှ ရတော့မယ် … မိကဲသွားခေါ်လိုက်ဦးမယ်နော် “

မိန်းမသားတွေချည်းပဲမလို့ ရန်ပွဲကလည်း ဆွဲလို့မနိုင်တာကြောင့် မိကဲက ရွာဦးကျောင်းဆီ ခပ်သွက်သွက် ပြေးထွက်သွား‌တော့သည်။ ရွာဦးကျောင်းဆီကို ရောက်တော့လည်း ဆရာတော်က စာသင်ကျောင်းဘက်ကို သွားတယ်ဆိုတာကြောင့် မိကဲမှာ စာသင်ကျောင်းဘက်ကို ပြေးရပြန်သည်။

” ဆရာတော်ဘုရား … ဆရာတော်ဘုရား … ဟောဟဲ . အယ် ကိုဒင်္ဂါး “

‌ဒင်္ဂါးက ကလေးတွေကို စာသင်ပေးနေတုန်း ဆရာတော်ကြွလာတာကြောင့် စကားပြောနေရင်း ကျောင်းဝင်းထဲကို အမောတကောဝင်လာတဲ့ မိကဲကြောင့် အလန့်တကြားဖြစ်သွားသည်။

မိကဲက မနက်ကတည်းက အစ်မငွေမှုန်နဲ့အတူ လယ်ထဲသွားတာဖြစ်ပြီး ပစ်တိုင်းထောင်ကလည်း လယ်ထဲ လိုက်သွားတာကြောင့် မိကဲကို မြင်လိုက်ရသည့်အခါ ဒင်္ဂါးရင်ထဲ ဒိတ်ခနဲဖြစ်သွားသည်။

” ဟဲ့ မိကဲ … အမောတကောနဲ့ ဘာဖြစ်သလဲ “

” ဆရာတော်ဘုရား … ကိုပစ်တိုင်း … ကိုပစ်တိုင်းထောင် … လယ်ထဲမှာ ရန်ဖြစ်နေတယ်ဘုရား “

” ဟေ . သူချည်းလားဟဲ့ “

” မိစွာနဲ့ မိုက်မိုက်စန်းလည်း ပါတယ်ဘုရား “

” ဟဲ့ မိကဲ … ငါက သူချည်းပဲလားဆိုတာ ရွာက ဘယ်သူတွေပါသေးလဲ မေးတာ … ဘယ်သူနဲ့ ဖြစ်နေသလဲ “

ဆရာတော်အမေးစကားပင်မဆုံးလိုက်။ ကိုဒင်္ဂါးက ကျောင်းထဲကနေ လယ်တောဘက်ကို ခပ်သွက်သွက် ပြေးထွက်သွားသည်။ တားချိန်ပင် မရတော့တာကြောင့် မိကဲက ဆရာတော်မေးတာကိုပဲ ဖြေဖို့ ကျန်ရစ်နေခဲ့သည်။

” ကိုပစ်တိုင်းထောင် ရန်ဖြစ်နေတာ . ကိုပစ်တိုင်းထောင်ဘက်က မိစွာနဲ့ မိုက်မိုက်စန်းလည်းပါတယ် ဘုရား … ရန်ဖြစ်တာက တစ်ဖက်ရွာက သူကြီးသား သန်းဇော်နဲ့ “

” ဟေ …! “

လူက ရန်ဖြစ်တာထားပါတော့။ ခွေးနှစ်ကောင်ကပါ ဘောက်မဲ့ကြောင့် ရန်ပွဲထဲ အဆစ်ပါနေရသနည်း။ ဆရာတော်ကတော့ မိကဲလာခေါ်တာကြောင့် ကျောင်းကိုပြန်ပြီး ကြိမ်လုံးဆွဲကာ သင်္ကန်း မ,လို့ လယ်တောကို လိုက်ရသေးသည်။ မသွားခင်လည်း ချက်ကြီးကို သူကြီးဆီသွားဖို့ အခေါ်လွှတ်လိုက်သေးတာကြောင့် မိကဲကတော့ ဆရာတော့်လက်ထဲက ကြိမ်လုံးကြီးကိုကြည့်လို့ ကိုပစ်တိုင်းထောင်အစား တင်ပါးပင် ကြိုနာနေရပြီဖြစ်သည်။ 

>>>>>>>>>>

ဆက်ရန်
Yellowish_One 💛
(၂၀-၄-၂၀၂၄)

Tags: read novel Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၁၆), novel Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၁၆), read Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၁၆) online, Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၁၆) chapter, Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၁၆) high quality, Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၁၆) light novel, ,

Comment

Leave a Reply

Chapter 31