Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၁)

A+ A-

သီတာ မင်းသမီးလေးကို လိုချင်တပ်မက်မောသူ
ရာမ မင်းသားလေးနဲ့ မယှဉ်နိုင် အချစ်ပြိုင်ပွဲမှာ … အေ့ ~~

မယ်သီတာကိုစွဲလမ်းမိတဲ့ အသည်းကြမ်းနဲ့ လူကြမ်း
မယ်သီတာကိုဆုံးရှုံးသွားလို့ နှလုံးသားများလောင်ကျွမ်း … အေ့ ~~

အချစ်ရှုံးသမား … အေ့. ဂစ်ဒသဂီရိ 

အချစ်ရှုံး~~~~~ သမား … ဝေါ့ 

” ဆျာထောင်… ဆျာထောင် အဆင်ပြေရဲ့လား “

” အချစ်ရှုံး… အေ့… ဝေါ့ “

ထန်းရည်မူးပြီး ခြေလိမ်နေသည့်ဆရာသမားကိုထမ်းရင်း ခွေးပုတစ်ယောက် ဇောချွေးပြန်နေသည်။ ညဆယ်ချက်တီးရှိနေပြီမို့ ပတ်ဝန်းကျင်တစ်ခုလုံးက တိတ်ဆိတ်နေသည်။ အာလေးလျှာလေးနှင့် ကီးကြောင်ပြီးအော်ဆိုနေသောဆရာသမားကို ပါးစပ်ပိတ်ထားဖို့လိုတာကြောင့် ကျောပိုးထားသည်ကိုချလိုက်သည်။ 

” ဆျာထောင်. ဆျာထောင် အသိလေးကပ်ဦး… အိမ်နားရောက်တော့မယ်… မြို့အုပ်မင်းသိရင် တပည့်တို့နှစ်ယောက်လုံး ဂတ်ထဲအလည်သွားနေရမယ် “

” မမစိမ်း… စိမ်းသရဖူစိမ်း… ဒီမောင်ရဲ့အသည်းကိုခွဲသွားတဲ့ မမစိမ်း . အေ့ “

” တိုးတိုးပြောပါ . ဆျာထောင်ရယ်… ရှိကြီးခိုးပါရဲ့ “

ဆရာတပည့်နှစ်ယောက် သူထိန်းကိုယ်ထိန်းနှင့် မြို့အုပ်မင်းမသိအောင် ခြံထဲခိုးကြောင်ခိုးဝှက်ဝင်လာပြီး အိမ်နောက်ဖေးအပေါက်ကနေ တက်ဖို့ကြံလိုက်သည်။ 

ဝုတ် ဝုတ် …

အိမ်နောက်ဖေးပေါက်က လှေကားပေါ်ကို ခြေတစ်ဖက်လှမ်းတက်ရုံရှိသေး ကြားလိုက်ရတဲ့အသံကြောင့် ခွေးပု ခေါင်းမွေးထောင်သွားသည်။ ညမှောင်မှောင်မို့ ဘယ်အရပ်ကနေလာနေကြမှန်း မသိပေမယ့် အနားကိုပြေးလာကြတဲ့ ခြေသံတတောက်တောက်တွေကို ဆက်တိုက်ဆိုသလို ကြားလိုက်ရသည်။

” မိစွာ . မိုက်မိုက်စန်း .! … အေ့ . ဖေ့သမီးလေးတွေ . ဖေ့ကို လာကြိုတာလား “

” ဆျာထောင် နေဦးလေ… ဟာ . ဆျာထောင့်သမီးတွေကို နောက်မှနှုတ်ဆက်ပါတော့ … မြို့အုပ်မင်း လာရင် ကျွန်တော်တို့နှစ်ယာက်လုံး အဆော်ခံရလိမ့်မယ် ဆျာထောင်ရဲ့ “

ခွေးပု ခေါင်းကိုလက်နှစ်ဖက်နဲ့ တဗျင်းဗျင်းကုတ်ရင်း စိတ်ပျက်လက်ပျက် လေပူတွေကို မှုတ်ထုတ်‌ပစ်လိုက်သည်။ ဆရာသမားဖြစ်သူကတော့ ခွေးပုကိုတွန်းပြီး မြေကြီးပေါ်ကို ခြေပစ်လက်ပစ်ထိုင်ချကာ သမီးနှစ်ကောင်ကြား လုံးထွေးနေပြီဖြစ်သည်။

” အမလေး . အေ့ . ဖေ့သမီးတွေက ဖေ့ကိုလွမ်းနေတာလား . အေ့ . လာပါဦး . သမီးတို့ကို ဖေ‌ နမ်းပါရစေဦး “

မူးမူးရူးရူးနဲ့ မဲမဲတူးတူး ခွေးသမီးနှစ်ကောင်ကို တစ်လှည့်စီအာဘွားပေးနေတဲ့ ဆရာသမားကို ဒီအတိုင်းပစ်ထားလို့ မဖြစ်တာကြောင့် ခွေးနှစ်ကောင်ကြားကလူကို ဆွဲထူလိုက်သည်။

” လာပါဗျာ . ဆျာထောင့်သမီးတွေနဲ့ ဒီမှာတင် ညအိပ်ချင်လို့လား “

ခွေးပုက ဆျာထောင့်ကို ဆွဲထူပေမယ့် ‌မိစွာနဲ့ မိုက်မိုက်စန်းကလည်း ဘေးကနေ ဆျာထောင့်ပုဆိုးစကိုကိုက်ဆွဲထားရင်း ခုန်ပါက်လိုက်လာတာမလို့ ခွေးပုကဆွဲလိုက် သူတို့ကလည်းဆွဲလိုက်နဲ့ လူနှစ်ယောက်နဲ့ ခွေးနှစ်ကောင် ‌ညအမှောင်မှာ ဝိုင်းကြီးပတ်ပတ်ဒူဝေဝေ ဖြစ်နေတော့သည်။

” ဟဲ့ . ဟဲ့ … ဘယ်လိုတွေဖြစ်နေကြချေတာတုန်း… ဆူ‌ညံနေတော့တာပဲကွယ် . မောင်ပု “

ဆရာသမားတစ်ယောက်နဲ့ ခွေးနှစ်ကောင်ကိုထိန်းရင်း ပတ်ချာရမ်းနေတဲ့ ခွေးပုတစ်ယောက် နောက်ဖေး အပေါက်ဝမှာရပ်စောင့်နေတဲ့ မင်းကတော်လေးကြောင့် အလန်တကြား အသံခပ်အုပ်အုပ်လုပ်ရင်း ထူးလိုက်သည်။

” မင်း… မင်းကတော်လေး ”

” ဒါက ဘယ်လိုဖြစ်လာရတာလဲ မောင်ပုရယ်… မောင်ငယ့်ကိုထိန်းဖို့ မင်းကိုခိုင်းပါတယ်ဆိုမှ မင်းကပါ လူမိုက်အားပေးလုပ်နေတာလား ”

တိုးတိုးကြိတ်ကြိတ်နဲ့ မာန်မဲလာတဲ့မင်းကတော်လေးကြောင့် ခွေးပုမျက်နှာရှုံ့မဲ့သွားသည်။

” ဆျာထောင့်အကြောင်းလည်း မင်းကတော်လေး သိရဲ့သားနဲ့… ဆျာထောင့်ကို ကျွန်တော်က ဘယ်လိုလုပ်ပြီး ထိန်းနိုင်မှာလဲ… ဆျာထောင့်ကို ကျွန်တော်ထိန်းနိုင်တဲ့နည်းက ဒီနည်းပဲရှိတယ် ”

ပခုံးထမ်းတင်ထားတဲ့လက်ကိုမြှောက်ပြပြီး ပြောလာတဲ့ခွေးပုကြောင့် ခင် သက်မောချမိသည်။ ခွေးပုပြောတာလည်း မှန်နေသည်မို့ ဆက်မပြောဖြစ်တော့။ အိမ်ထဲမြန်မြန်ဝင်ဖို့သာ ပြောလိုက်သည်။

” သွား. သွား.. နောက်ဖေးပေါက်က မင်းတုံးမထိုးထားဘူး… အသာဖွင့်ဝင်ပြီး ပြန်စေ့ခဲ့… မင်း အစ်ကိုလေးကိုလည်း အသံမထွက်စေနဲ့ဦး… မြို့အုပ်မင်းက စာကြည့်ခန်းဝင်တုန်းရှိသေးတယ် ”

” ဟုတ်. ဟုတ်ကဲ့ပါ မင်းကတော်လေး… မိစွာနဲ့ မိုက်မိုက်စန်းကို ထိန်းပေးပါဦး မင်းကတော်လေးရယ် … ကျွန်တော့်မယ် ဆျာထောင့်ကို ထိန်းရတာကတစ်မျိုး . ဆျာထောင့်သမီးတွေကတစ်မျိုးနဲ့ … ဒီကြားထဲ မြို့အုပ်မင်းက ထွက်လာရင် အဆော်ခံရဦးမယ် “

” ကဲ … ကြွ . ကြွ … ထိန်းထားပေးမယ် ”

မိစွာနဲ့ မိုက်မိုက်စန်းရဲ့ လည်ပင်းက လည်ပတ်ကြိုးကို မင်းကတော်လေးက ခပ်ဖွဖွဆွဲကိုင်ထားလိုက်တော့မှသာ လျှာတစ်လစ်နဲ့ ငြိမ်သွားတဲ့နှစ်ကောင်က ဆျာထောင့်ကို သံယောဇဉ်မပျက်သလို မော့ကြည့်နေသည်။ မျက်လုံးတောင်မပွင့်တော့တဲ့ ဆျာထောင်ကလည်း ခွေးပုပေါ်မှာမှီထားရင်း ဘာတွေပြုံးနေမှန်းမသိ။

” အဲ့တာဖြင့် သွားလိုက်ဦးမယ်ဗျ . မင်းကတော်လေး “

ခြေသွက်သွက်လှမ်းရင်း အိမ်အနောက်ဘက်ဝင်သွားတဲ့နှစ်ယောက်ကိုကြည့်ပြီး ခေါင်းအသာရမ်းမိသည်။ စာဖတ်ခန်းကိုလှမ်းကြည့်မိတော့ မီးရောင်လင်းနေသေးသည်မို့ တော်သေးသည်။ ညီအစ်ကိုနှစ်ယောက်ကြား သူ(မ)ဗျာများနေရသည်မှာ နေ့စဉ်ရက်ဆက်။

အစ်ကိုဖြစ်သူက စိတ်မြန်လက်မြန်နဲ့ စည်းကမ်းကြီးသလို ညီဖြစ်သူကလည်း ဒေါသလက်တစ်ဆစ်နဲ့ ဝုန်းဝုန်းဒိုင်းဒိုင်းလုပ်တတ်သည်။ နှစ်ယောက်ဆုံတိုင်း ဘုနဲ့ဘောက်သာသွားသည်မို့ ကြားထဲကသူ(မ)မှာ စိတ်မချမ်းသာရပါ။

” ခင်ခင်… အိပ်ရာမဝင်သေးဘူးလား ”

” ဟင်.. ကိုကိုကျော် “

မိစွာနဲ့ မိုက်မိုက်စန်းကို ခွေးလှောင်အိမ်ထဲ သေချာထည့်ထားခဲ့ပြီး အိမ်ထဲပြန်လာတော့ တွေ့လိုက်ရတဲ့ အိမ်ဦးစီးကြောင့် ခင်ခင် လန့်သွားရသလို ရင်ဘတ်ကို ခပ်ဖွဖွဖိရင်း ပြုံးလိုက်သည်။

” ကိုကိုကျော့်ကို စောင့်နေတာပါ “

” ဟုတ်မှလည်း‌ ပြောစမ်းပါ ခင်ခင်ရယ် … မင့်မောင်ကို စောင့်နေတာမဟုတ်လား … ဒီလောက် ခွေးသံတွေရော လူသံတွေ‌ရော ဆူညံနေတာ အစ်ကိုက မကြားပဲနေပါ့မလား “

” အို . လိမ်စရာလား … ခင်ခင်က ကိုကိုကျော့်ကိုစောင့်နေရင်း မောင်ငယ့်ကိုလည်း မျှော်မိတာပါ “

ခင်ခင့်စကားကြောင့် ခင်ပွန်းဖြစ်သူက သက်ပြင်းချသည်။ ခင်ခင်လည်း စိတ်ပြေစေရန်အလို့ငှာ အနားသွားပြီး လက်မောင်းကို ခပ်ဖွဖွဆုပ်ကိုင်လိုက်တော့ ကိုကိုကျော်က ခင်ခင့်ကို စောင်းငဲ့ကြည့်လာသည်။

” မင့်မောင်ငယ်ကို သိပ်အလိုမလိုက်နဲ့ ခင်ခင် … အဲ့ကောင်က အစ်ကို့ကိုကြောက်လို့သာပဲ … ခင်ခင်က အလိုလိုက်မှန်းသိလို့ သိပ်ဆိုးနေတာ . ဟိုက်စကူးလေးအောင်ဖို့ကို သူ့မှာခက်ခဲလွန်းနေတာ… သိပ်ရမ်းကားနေတယ် ”

” မောင်ငယ့်ကို အဲ့လိုမပြောပါနဲ့ . မောင်ငယ်က ပြောရင်ရပါတယ် ကိုကိုကျော်ရဲ့ “

” ပြောတော့လည်း ခင်ခင်က ကာဆီးကာဆီးနဲ့ “

ဇနီးသည်ကို မနိုင်တာမလို့ မြို့အုပ်မင်းလည်း ဆက်မပြောတော့ပဲ စိတ်လျော့လိုက်ရသည်။ သွေးရင်းက ကိုယ်နဲ့စပ်ပေမယ့်လည်း အိမ်သူကိုယ်တိုင်က ညီဖြစ်သူကို ချစ်ခင်အလိုလိုက်ရှာတာမလို့ မြို့အုပ်မှာ တစ်မြို့လုံးက ရာဇဝတ်သားတွေကိုတော့ နိုင်နင်းပေမယ့် အိမ်ကညီဖြစ်သူကိုတော့ ပြည့်ပြည့်ဝဝမထိန်းကွပ်နိုင်သေးပါ။

>>>>>>>>>>

” သူကြီး… ဗျို့ . သူကြီး ”

” ဟေး… ချက်ကြီး ဘာတုန်းကွ ”

ဦးမင်းငွေ မနက်အဆာပြေစားနေတုန်း ဆရာတော်ကျောင်းက ကပ္ပိယချက်ကြီးတစ်ယောက် အမောတကောနဲ့ပြေးလာသည်မို့ စားလက်စထမင်းကိုရပ်ပြီး အသံပြုလိုက်သည်။

” အာ. သူကြီးက မနက်စာစားနေလား ”

” မဟုတ်ဘူး. ချက်ကြီးရ… နေ့လယ်စာကို ကြိုပြီးစားထားတာ”

ဦးမင်းငွေစကားကြားပြီး နင်သွားပုံရသည့် ချက်ကြီးက ပေစောင်းစောင်းကြည့်လာသည်။ ပြီးတော့မှ တဟဲဟဲလုပ်ကာ ခေါင်းတဗျင်းဗျင်းကုပ်ရင်း အိမ်ထဲဝင်လာသည်။

” သူကြီးတစ်ယောက်တည်းလား ”

” ငါ့မိန်းမ စိန်ခြယ်လည်းရှိတယ်. မင့် မတွေ့ဘူးလား ”

သူကြီးအပြောကြောင့် ချက်ကြီး ကျောချမ်းသွားရပြန်သည်။ အခုချိန်ဆို အရီးကဖြင့် အရိုးတောင်ဆွေးနေလောက်ပြီကို။ သူကြီးက သူ့ကိုအမြင်မကြည်တိုင်း ထိုသို့ချည်းပြောတတ်သည်။

” ဟာ! . သူကြီးကလဲ . ကျုပ်ကိုဆို ကန့်လန့်တွေပြောတော့တာပဲ… ကျုပ်က အကောင်းမေးတဲ့ဟာကို ”

” ငါတစ်ယောက်တည်းထိုင်နေတာ တွေ့ရဲ့သားနဲ့… မင်း မေးတာကဟုတ်မှမနေတာကို ”

” ငွေမှုန်တို့ . ဒင်္ဂါးတို့ကို မတွေ့မိလို့ မေးမိတာပါ… သူကြီးရာ. သူကြီးနဲ့တော့ ခက်တော့တာပဲ ”

ဒေါက်!

” ဟာ. သူကြီး! . နာတယ်ဗျာ့ ”

စိတ်ပျက်လက်ပျက်ပြောပြီး ခုံတန်းလျားမှာ ဝင်ထိုင်လာတဲ့ချက်ကြီးကို ဦးမင်းငွေဘေးက တုတ်ကောက်နဲ့လှမ်းခေါက်လိုက်သည်။

” ငါ့မျန်း ‌ခက်တော့တာပဲ ဘာပဲနဲ့… မင့်က အကြီးက ငါကအကြီးလား … ငါထပ်ခေါက်ထည့်လိုက်ရ “

စိတ်လက်တစ်ဆစ်ဖြစ်တဲ့သူကြီးက ခေါင်းကို ‌တုတ်ကောက်တရွယ်ရွယ်နဲ့မလို့ ချက်ကြီးလည်း အသာငဲ့ရှောင်ရင်း ခေါင်းကိုပါ လက်နဲ့ကာနေရသည်။

” အော်. ကိုချက်ကြီး ရောက်နေတာလား ”

” ငွေမှုန်လေး ဘယ်ကပြန်လာတာလဲ ”

” အဟမ်း.. “

ချက်ကြီးက အနားရောက်လာတဲ့ သူကြီးသမီး ငွေမှုန့်ကိုမြင်တော့ ရိုးရိုးတန်းတန်းနှုတ်ဆက်လိုက်ပေမယ့် ဘေးမှာ ရေနွေးကြမ်းသောက်နေတဲ့ သူကြီးဆီကနေ ချောင်းဟန့်သံထွက်လာသည်။ အားနေတဲ့လက်တစ်ဖက်ကလည်း ကွပ်ပျစ်ပေါ်ချထားတဲ့ တုတ်ကောက်ဆီကို လက်လှမ်းနေပြီမလို့ ချက်ကြီးလည်း မသိမသာ ဖင်လေးရွှေ့လို့ သူကြီးနဲ့ဝေးရာမှာ ပြောင်းထိုင်လိုက်သည်။

” ရွာတောင်ပိုင်းက အရီးမြ ခါးနာနေတယ်ဆိုလို့ ဆေးသွားပေးတာပါ ကိုချက်ကြီး ”

” ဒါများ ငွေမှုန်ရယ်. ကိုယ်တိုင်သွားရတယ်လို့… ကိုချက်ကြီးကိုပြောရင် သွားပေးပေးမှာပေါ့ ”

” ရပါတယ်… ငွေမှုန်လည်း တောင်ပိုင်းသွားစရာကိစ္စရှိလို့ပါ… ဒါနဲ့ ကိုချက်ကြီး မနက်အဆာပြေစားခဲ့ပြီလား. မစားရသေးရင် စားသွားမလား… ”

” အင်း. ကောင်း~~ ”

” လုံမလေး.. ညည်းဘကြီးက ကွမ်းသီးကုန်နေတယ်လို့ပြောတယ်… အမြန်သွားပေးလိုက်ဦး ”

အရေးကောင်းတော့ ဒိန်းဒေါင်းဖျက်ဆိုသလို သူကြီးရဲ့ အသံဝါဝါကြီးက ကြားဝင်လာသည်။ ကိုယ့်ထက်အသက်ကြီးပေလို့သာရယ်။ ချက်ကြီးမှာ မှီရာနဲ့ သူကြီးကို လှမ်းခေါက်ချင်တာများ လက်ကိုယားလို့။ အပျိုနဲ့ လူပျိုက မိဘရှေ့စကားပြောကြတာ ဘာများလုပ်နေမိလို့တုန်း။

” ဟုတ်ကဲ့.အဘ… သမီး အခုသွားပေးလိုက်မယ်. ကိုချက်ကြီး မစားရသေးရင် ငွေမှုန် ဒင်္ဂါးကိုထည့်ပေးဖို့ပြောခဲ့မယ် ”

အနားကနေ လှစ်ခနဲထွက်သွားတဲ့ ငွေမှုန်ကြောင့် ချက်ကြီးမှာ နှုတ်ပင်မဆက်လိုက်ရပါ။

” ကဲ မနက်အဆာပြေစားဖို့ဆို ဒင်္ဂါးမရှိဘူး… ရေသွားခပ်ပြီ… မင်းစားချင်ရင် ငါ ခူးကျွေးမယ် ”

ဘယ်လိုလဲဆိုတဲ့ သဘောနဲ့ မျက်နှာကြီးပင့်ချီလို့ မျက်စပစ်ပြနေတဲ့ သူကြီးကြောင့် ချက်ကြီးလည်း ကွပ်ပျစ်ပေါ် ထိုင်နေရာကနေ ခပ်သွက်သွက်ထလိုက်သည်။

” နေ. နေပါစေတော့… ဘုန်းကြီးကျောင်းရောက်မှပဲ စားလိုက်ပါတော့မယ်… ဟာ. သူကြီး! ”

ဘုန်းကြီးကျောင်းဆိုကာမှ သတိရသွားတာကြောင့် ချက်ကြီးလည်း ကွပ်ပျစ်ပေါ်ကို အသည်းအသန်ပြန်ထိုင်လိုက်ရသည်။ တော်သေးတာပေါ့။ ဆရာတော်ခိုင်းလိုက်တာကိုသာမေ့ပြီး ကျောင်းပြန်သွားရင် ဆရာတော်က ချက်ကြီးကို ဖင်ပုပ်အောင် ကြိမ်လုံးနဲ့ဆော်မှာ။ ထိုင်နေရာကနေ ထပြီးကာမှ အလန့်တကြား ကွပ်ပျစ်ပေါ်ကို ပြန်ထိုင်လိုက်တဲ့ ချက်ကြီးကြောင့် သူကြီးက မေးငေါ့လို့မေးသည်။

” ဟေ့ကောင် . ဘာဖြစ်ပြန်ပြီလဲ ”

” ဘုန်းကြီးကျောင်းဆိုမှ သတိရဗျို့… သူကြီးကို ဆရာတော်က ခေါ်ခိုင်းလိုက်တာ… ကျုပ် လာရင်းကိစ္စကိုမေ့သွားတယ် ”

ခေါင်းကို တဗျင်းဗျင်းကုတ်ရင်း လက်ဖက်အုပ်ထဲက ပဲကြမ်းတွေကို တကျွတ်ကျွတ်နဲ့ ခပ်စားနေတဲ့ ချက်ကြီးကြောင့် ဦးမင်းငွေ အနားမှာရှိတဲ့တုတ်ကောက်ကို ဆတ်ခနဲကောက်ကိုင်လိုက်သည်။

” ဒီခွေးကောင်တော့… ဆရာတော် ခေါ်ခိုင်းလိုက်တာကို ပြောစရာရှိတာမပြောပဲ ငါ့သမီးကို လာကြောင်နေသေးတယ် . ဒီနေ့တော့ မင်းကို ဒီတုတ်ကောက်နဲ့ မသေမချင်းရိုက်ပစ်မယ် ”

” သူကြီး. လွန်မယ်နော်… လွန်မယ်လို့… စိတ်လျှော့ပါဗျာ့ . ကျုပ်သွားနှင့်ချေတော့မယ် . ကျောင်းကို လာခဲ့ချေဦးဗျ ”

လက်တကာကာနဲ့ အနားကနေ ဖနောင့်နဲ့တင်ပါး တစ်သားတည်းကျအောင် ပြေးထွက်သွားတဲ့ ချက်ကြီးကြောင့် ဦးမင်းငွေလည်း တောက်တစ်ချက်ခေါက်လိုက်သည်။ သို့ပေမယ့် စိတ်တို‌ချိန်တောင် သိပ်မရပဲ ဆရာတော်က အခေါ်လွှတ်ထားတာမလို့ သွားဖို့ပြင်ရသည်။ နေမမြင့်ခင် ချည်ထည်စကို ခေါင်းမှာပေါင်းလိုက်ရင်း လက်ဆွဲတော်တုတ်ကောက်ကို လက်တစ်ဖက်ကဆွဲလို့ ဆရာတော့်ကျောင်းကို ခပ်သုတ်သုတ်သွားရတော့သည်။

” အိမ်း! ဒကာကြီးဦးမင်းငွေ ရောက်လာပြီလား ”

” တင်ပါ့ဘုရား ”

လက်အုပ်ချီလို့ ဆရာတော့်အမေးကို ပြန်ဖြေလိုက်ရပေမယ့် ထောင့်မှာထိုင်နေတဲ့ ချက်ကြီးကို မျက်စောင်းခဲမိသေးသည်။ လက်အုပ်ချီလို့ တောင်းပန်တဲ့သဘောနဲ့ ရိုကျိုးပြနေတဲ့ ချက်ကြီးမျက်နှာကြောင့် ဦးမင်းငွေ အံကြိတ်ပြလိုက်သည်။

” ဆရာတော် အခေါ်ရှိတာက တပည့်တော်ကို ဘာများမိန့်ချင်လို့ပါလဲ ဘုရား ”

” အိမ်း . တခြားတော့ မဟုတ်ပါဘူး… မြို့အုပ်မင်းက ဘုန်းဘုန်းတို့ရွာမှာ ဆွမ်းစားဆောင်နဲ့ ကျောင်းဆောင်လှူမယ်ဆိုတာ ဒကာကြီးတို့လည်း သိထားပြီးသားမလား ”

” တင်ပါ့ဘုရား… မြို့အုပ်မင်းက တပည့်တော်ကိုလည်း ကြေးနန်းစာပို့ထားပါတယ် ဘုရား … အဆင်မပြေတာတစ်ခုခုများရှိလို့လား ဘုရား ”

ဦးမင်းငွေကမေးလိုက်တော့ ဆရာတော်က ထိုင်နေလျက်သားကနေ ခေါင်းကို အသာအယာရမ်းပြသည်။

” အဆင်မပြေတာတော့ မဟုတ်ပါဘူး… ဒကာကြီးတို့ကို ပြောရမှာလည်း ဘုန်းဘုန်းအနေနဲ့ အားနာတယ်… ဘုန်းကြီးအမှုရွာပတ်တာမျိုးလည်းဖြစ်မှာစိုးတယ် ”

” ဘာများဖြစ်လို့ပါလဲ အရှင်ဘုရား ”

” မြို့အုပ်မင်းက ကျောင်းဆောက်တာကို ကူညီခိုင်းဖို့ သူ့ညီကို ရွာမှာလာနေစေချင်တယ်လို့ ပြောလာတယ်… ဘုန်းဘုန်း သိသလောက်ဆိုရင် ဒီကောင်လေးက ရွာကိုလာရင် ဘုန်းကြီးကျောင်းမှာတော့ နေမယ်မထင်ဘူး… အဲ့ဒါ ဒကာကြီးများ ခေါ်ထားဖို့အဆင်ပြေနိုင်မလား… မဟုတ်ရင်လည်း သူ့အတွက် သင့်တော်မယ့်တစ်နေရာကို ဒကာကြီးစီစဉ်ပေးလို့ ရနိုင်မလားလို့ပါ ”

ဆရာတော်က စကားအရှည်ကြီးကို ပြောလိုက်ရတာကြောင့် မောသွားဟန် ဘေးမှာချထားတဲ့သောက်ရေကို ‌တစ်ငုံယူသောက်သည်။

” တပည့်တော်က ဘာများလဲလို့ ဆရာတော်ရယ်… မြို့အုပ်မင်းရဲ့ညီကိုယ်တိုင် ရွာကိုလာတာပဲ… တပည့်တော်တို့အိမ်မှာပဲ နေခိုင်းလိုက်ပါမယ်… အဆင်မပြေစရာမရှိပါဘူး… ဘယ်တော့လောက်များလာမလဲမသိဘူး ”

မြို့အုပ်မင်းရဲ့ညီဆိုမှတော့ တခြားနေရာမှာ စီစဉ်ပေးဖို့ကလည်း မသင့်လျော်တာကြောင့် ဦးမင်းငွေလည်း အိမ်မှာပဲခေါ်ထားဖို့ ဆုံးဖြတ်လိုက်သည်။ အိမ်မှာသမီးပျိုလေးရှိနေပေမယ့်လည်း သားယောက်ျားလေးဖြစ်တဲ့ ဒင်္ဂါးနဲ့ လူကြီးတွေလည်း ရှိနေတာမလို့ မသင့်လျော်စရာတော့ မရှိပါချေ။

” စာအရဆိုရင်တော့ ဒီကနေ့ပဲလာမယ်ထင်တယ်… အကူအညီတောင်းလက်စနဲ့ ဒကာကြီးကိုပဲ ထပ်အကူအညီတောင်းဦးမယ် ”

” ပြောပါ ဘုရား ”

” မြို့အုပ်မင်းက ရွာအထိလာမပို့နိုင်လို့ အဲ့ဒါ ရွာချင်းဆက်လမ်းထိပ်မှာ သွားကြိုပေးနိုင်မလား ”

” ရပါတယ်ဘုရား… တပည့်တော် အိမ်ကလူလေးကိုလွှတ်လိုက်ပါမယ် . ဒါနဲ့ ဒီကနေ့လာမှာဆို ရောက်တောင်နေလောက်ပြီထင်တယ် ဘုရား … နောက်ကျနေပါ့မယ် . အခုပဲ ဒင်္ဂါးကို အခေါ်လွှတ်ဖို့ တပည့်တော် အိမ်ပြန်ပြေးဦးမယ် ဘုရား ”

ဦးမင်းငွေက ဆရာတော်ကို ရှိခိုးဦးချပြီး ပျာပျာသလဲပြန်ဖို့‌ပြင်တော့ ဆရာတော်က လက်ကာပြသည်။

” သိပ်လည်းမလောပါနဲ့ ဒကာကြီး . မင့်သား ဒင်္ဂါးကိုပြောဖို့ ချက်ကြီးကိုလွှတ်လှည့်မယ် … မင်းကတော့ အေးဆေးမှပြန် ဟုတ်လား “

” တင်ပါ့ ဘုရား “

” ဟေ့ ချက်ကြီး … ဒကာကြီးရဲ့သား ရွှေဒင်္ဂါးကို သွားပြောချည်… ရွာချင်းဆက်လမ်းမှာ မြို့အုပ်မင်းရဲ့ညီလာမှာမို့ ဆရာတော်က အကြိုခိုင်းလိုက်တယ်လို့ … သွက်သွက်သွားပြီး သွက်သွက်ပြန်နော် … သဝေထိုးနေပြီး ကျောင်းရောက်နောက်ကျရင် ကြိမ်နဲ့ ဆော်ခံထိပြီမှတ် “

” သာထင်ကိုခေါ်သွားဖို့လည်း ပြောလိုက်ဦး “

ပြောတာကို သဘောပေါက်လား မပေါက်လားလည်းမသိ။ အနားကနေ လှစ်ခနဲထွက်သွားပြီး ကျောင်းအောက်ဆင်းသွားတဲ့ ချက်ကြီးကြောင့် ဆရာတော်နဲ့ သူကြီးသာ ကျောင်းပေါ်မှာ ကျန်နေရစ်ခဲ့တော့သည်။

>>>>>>>>>>

” ဒင်္ဂါး . ဒင်္ဂါးရေ… “

ခြံဝင်းထဲကို အမောတကာ ပြေးဝင်လာတဲ့ ကိုချက်ကြီးကြောင့် အစ်မငွေမှုန်ရေချိုးဖို့အတွက် ရေဆွဲနေတဲ့ ဒင်္ဂါးက ထမ်းပိုးလေးကိုပစ်ချပြီး ခြံရှေ့ထွက်လာသည်။

” ကျွန်တော်ဒီမှာ ကိုချက်ကြီး … ဘယ်လိုဖြစ်လို့ အမောတကော ပြေးလာရတုန်း “

” ဟူး … မောလိုက်တာ . သူကြီးကပြောခိုင်းလိုက်လို့… ရွာချင်းဆက်လမ်းထိပ်မှာ မြို့အုပ်မင်းလာမှာမို့လို့ နွားလှည်းနဲ့သွားကြိုလိုက်ပါတဲ့… သာထင်ကိုအဖော်ခေါ်သွားတဲ့… အဲ့ဒါလာပြောတာ… ငါ သွားပြီနော် ”

” ဟင် ~ အော်.. ဟုတ် . ဟုတ် သွားကြိုလိုက်မယ် ”

ပြောပြီးတာနဲ့ ခြံထဲကနေ ပြန်ပြေးထွက်သွားတဲ့ ကိုချက်ကြီးကို ဒင်္ဂါးမှာ အမောပြေရေအေးလေးတောင် မတိုက်လိုက်ရ။

” ကိုချက်ကြီးက ဘာတဲ့လဲ . အငယ် “

” ဟာ အစ်မ… ထဘီရင်လျားကြီးနဲ့ … လာ လာ ဒီဘက်ကို “

ထဘီရင်လျားလျက်သားကိုမှ အပေါ်မှာ တဘက်အပါးလေးသာ လွှမ်းခြုံပြီးအိမ်ရှေ့ထွက်လာတဲ့အစ်မကို တိုလွန်းတာကြောင့် ဒင်္ဂါးက ရေချိုးဖို့အကာအရံလုပ်ထားတဲ့အနားကို ‌ဆွဲခေါ်လာရသည်။

” မြို့အုပ်မင်းလာမှာမို့တဲ့လေ … အဘက ရွာချင်းဆက်လမ်းထိပ်ကို အကြိုခိုင်းလိုက်လို့ “

” ဟောတော် … ထူးထူးဆန်းဆန်းပါ့လား . မြို့အုပ်မင်းက အရင်ဆိုမော်တော်ကားနဲ့လာနေကျပါ… အခုကဘယ်လိုဖြစ်လို့လဲမသိဘူးနော် . အငယ် ”

” ကျွန်တော်လည်း မသိဘူးလေ… အဘတို့ပဲသိမှာပေါ့… အဲ့ဒါဆို သွားကြိုလိုက်ဦးမယ်နော်… ကျွန်တော်ရေခပ်ပေးခဲ့တာ ခုနေလောက်ဆို ချိုးဖို့တော့လောက်ပါပြီ … အဝတ်တွေလျော်မနေနဲ့တော့ . ပြန်လာကာမှ ရေဆွဲပေးတော့မယ် . ဒါနဲ့ အစ်မ ဘာမှာဦးမလဲ ”

ဒင်္ဂါးမေးလိုက်တော့ အစ်မငွေမှုန်က ခပ်ဖွဖွလေးပြုံးလို့ ခေါင်းခါပြသည်။

” မှာစရာမရှိပါဘူး အငယ်ရယ်… လမ်းမှာသတိထားသွားဦးနော်… သာထင်ကိုလည်း ဝင်ခေါ်သွားဦး ”

” ဟုတ်ကဲ့… သွားပြီနော် ”

ခြံဝင်းထဲကနေ ခပ်သုတ်သုတ်ကလေးထွက်သွားတဲ့ မောင်ဖြစ်သူကို ငွေမှုန် မျက်စိတစ်ဆုံး ငေးကြည့်မိတော့သည်။ နေမြင့်လာပြီမို့ လောနေတဲ့အငယ်ကို ခေါင်းဆောင်းလေးဆောင်းသွားဖို့တောင် မမှာလိုက်ရပေ။

>>>>>>>>>>

အဝတ်ထုပ်ကြီးကို မြေကြီးပေါ် ဘုတ်ခနဲပစ်ချရင်း ပစ်တိုင်းထောင် လေပူတွေကို မှုတ်ထုတ်ပစ်လိုက်သည်။ ဖိနပ်ထိပ်ဖျားမှာ စွဲကပ်နေတဲ့ မြေစာနီနီတွေကို သဘောမကျသလိုမျိုး ငဲ့စောင်းကြည့်လိုက်ရင်း လက်နှစ်ဖက်ကို ခါးပေါ်မှာ ဟန်ပါပါထောက်ထားလိုက်သည်။

” ဆျာထောင်… ဆျာထောင့် ရွာကလူတွေတကယ်လာကြိုမှာရော ဟုတ်ရဲ့လား ”

” ကိုကိုကြီးပြောသွားတာ မင်းလည်းကြားတာပဲကို ခွေးပုရာ… ပူရအိုက်ရတဲ့ကြားထဲ တညှောင်ညှောင်လာလုပ်မနေနဲ့… ငါ့သမီးတွေလောက်တောင် မင်းကမလိမ္မာဘူး “

ဆျာထောင့်စကားကြောင့် လက်ပံပင်ရိပ်အောက်မှာ အခန့်သားအိပ်နေကြတဲ့ မိစွာနဲ့ မိုက်မိုက်စန်းကို ခွေးပု မသိမသာ မျက်စောင်းခဲလိုက်သည်။ ‌အကုန်လုံးက အရိပ်အောက်မှာပေမယ့် နေရှိန်လှတာကြောင့် ခွေးပုမှာ အပူရှိန်ကြောင့် လူက ခပ်မျော့မျော့ပင်။

” ဆျာထောင်ကလဲ… ကျုပ်က စိုးရိမ်လို့ပြောတာကို ”

” ဘာစိုးရိမ်စရာရှိလို့လဲ ”

” ဆျာထောင်က ရွာကလာကြိုမယ့်လူတွေကို မြင်ဖူးလို့လား… တော်ကြာ လူလိမ်တွေဆို ဘယ်လိုလုပ်မလဲ ”

ခွေးပုကပြောလိုက်တော့ ဟန်ပါပါနဲ့ ခါးထောက်ထားတဲ့ ဆျာထောင်က ဝတ်ထားတဲ့မျက်မှန်အမဲကြီးကို ဖျတ်ခနဲဆွဲချွတ်သည်။ ခွေးပုက ကိုယ့်ဆရာသမားမလို့သာ မပြောချင်ပေမယ့် ထိုမျက်မှန်အမဲကြီးနဲ့ ဆျာထောင်က နည်းနည်းမှပင် လိုက်ဖက်မှုမရှိလှ။

မြို့အုပ်မင်း ဘိလပ်ကအပြန် အဝယ်ပါလာတဲ့ ရေဘင်ဆိုလား ဘာဆိုလား အဲ့မျက်မှန်ကြီးကို မရမက တောင်းယူထားပြီး အချိန်ပြည်တပ် ဟန်လုပ်နေတော့တာ။ ဒီတိုင်းနေရင်သာ ခွေးပုရဲ့ ‌ဆျာထောင်က ချောပေမယ့် မျက်မှန်တပ်ထားချိန်ဆို ပုစဉ်းကြီးလိုပင်။

” ဒီမယ် ဟေ့ကောင်… မင်းရောငါရောက ကျားကိုးစီးစားလို့မကုန်တဲ့ယောက်ျားတွေကြီးပဲ… ဘာတွေတွေးကြောက်နေတာလဲ… မင်း သွေးနည်းသလား . သူတို့လာမကြိုလည်း ငါတို့ဘာသာငါတို့ရွာရောက်အောင် သွားရနေတာပဲကို… ပါးစပ်ပါရင် ရွာရောက်တယ် ဟေ့ကောင်… ပါးစပ်ပိတ်ပြီး ငြိမ်ငြိမ်နေတော့ ”

ပြောပြီးတာနဲ့ ပုစဉ်းနဲ့တူတဲ့ မျက်မှန်ကြီးကိုပြန်တပ်ပြီး တစ်ဖက်ကို ဖတ်ခနဲပြန်လှည့်သွားသည်။

” ဟေ့ ခွေးပု … မင့်ညီမတွေ ရေတိုက်စမ်းကွာ … ငါ့သမီးတွေ နေပူကပူနဲ့ ဒုက္ခပါပဲ “

စိတ်ပူနေတဲ့သူကျတော့ အခန့်သားလို့ ခွေးပုပြန်ပြောလိုက်ချင်ပေမယ့် ခေါင်းအခေါက်ခံရမှာစိုးတာကြောင့် လျှာကိုသာ နာနာဖိကိုက်ထားလိုက်သည်။ သူ့သမီးတွေကိုကြည့်တော့လည်း ဒုက္ခဖြစ်ဖို့ဝေးစွ အိပ်နေကြတာများ အပူအပင်မရှိ။

အချိန်ဝက်ခန့် လက်ပံပင်အောက်မှာ ရပ်နေကြတော့ ရွာထဲကနေ ထွက်လာတဲ့ နွားလှည်းတစ်စီးကို ခွေးပုလှမ်းမြင်လိုက်ရသည်။ နေကပူပူ ဖုန်တလောင်းလောင်းရယ်မလို့ နွားလှည်းက ခွေးပုတို့အနား ရောက်လာတဲ့အခါ လက်နဲ့နှစ်ခေါင်းကို ခပ်မြန်မြန်အုပ်လိုက်ရသည်။

နွားလှည်းက ခွေးပုတို့ကို ကျော်မသွားပဲ ‌လက်ပံပင်ကြီးအောက်မှာသာ ရပ်သွားတာမလို့ ခွေးပုက ‌ဆျာထောင့်ကို လှည့်ကြည့်လိုက်သည်။ ဆျာထောင်ကလည်း ခွေးပုနည်းတူ နွားလှည်းကို သတိထားမိပုံရပြီး ကြည့်နေတာကြောင့် ခွေးပုကပဲ အလိုက်တသိ နွားလှည်းပေါ်ကဆင်းလာတဲ့လူကို မေးလိုက်သည်။

” ဒီက နောင်ကြီးတို့က ဘယ်ရွာကလဲ ”

” ဟင် ~ ကျွန်တော်တို့က မင်းကန်ရိုးရွာကပါ ”

မင်းကန်ရိုးကဆိုတော့ ခွေးပု တက်ကြွသွားသည်။

” မင်းကန်ရိုးဆိုတာက ဆရာတော် —– သီတင်းသုံးတဲ့ရွာမလား ”

” ဟုတ်ပါတယ်ဗျာ့… နောင်ကြီးက ဆရာတော်ကိုသိတာလား ”

ခွေးပုက ပြန်ဖြေမလို့ပေမယ့် အနားကိုရောက်လာတဲ့ဆျာထောင်ကြောင့် ခွေးပု အနောက်ကို အသာလေးဆုတ်လိုက်သည်။

” ခင်ဗျားက ဒီကိုဘာလာလုပ်တာလဲ ”

မျက်နှာကြောတင်းတင်းနဲ့ လာမေးနေတဲ့လူကြောင့် ကိုယ့်ရွာကိုလာတဲ့ ဧည့်သည်ဖြစ်နေရင် မျက်နှာနာစရာမလို့ ဒင်္ဂါးသည်းခံလိုက်သည်။

” ကျွန်တော်တို့က လူလာကြိုတာပါ ”

” ဘယ်သူ့ကိုလာကြိုတာလဲ ”

” —- ”

အထက်စီးတန်လှတဲ့လူကြောင့် ဒင်္ဂါး ပြန်မဖြေပဲ ကြောင်ကြောင်လေး ကြည့်လိုက်မိသည်။ ကိုယ့်ထက် အရပ်ရှည်လှတဲ့လူကို မော့ကြည့်ရတာမလို့ မျက်မှန်ကြီးတပ်ထားတဲ့လူကိုမြင်ရတာ ဒင်္ဂါးမှာ ရယ်ချင့်ချင်ရယ်။

” ကြောင်တောင်တောင်ကြည့်မနေနဲ့… ခင်ဗျားလာကြိုတဲ့လူက ကျုပ်ပဲ… ဟိုလူက ဘာကြည့်နေတာလဲ… အထုပ်အပိုးတွေလှည်းပေါ်ကူတင်ပေးဦး… နေကပြင်းလာပြီ… ကျုပ်သမီးတွေက ထမင်းစားချိန်ရောက်နေပြီ ”

” ခ…ခဏ…ခဏနေပါဦးဗျာ့… နောင်ကြီးကဘယ်သူလဲမသိဘူး… တစ်ခုခုတော့မှားနေပြီထင်တယ်… ကျွန်တော်တို့က မြို့အုပ်မင်းကို လာကြိုတာပါ ”

” မြို့အုပ်မင်းကို ဘာကိစ္စနဲ့လာကြိုတာလဲ ”

လက်ထဲမှာဆွဲထားတဲ့ အထုတ်ကြီးကို ဘုတ်ခနဲ‌ မြေကြီးပေါ်ပြန်ပစ်ချရင်း ခါးထောက်ရင်းမေးလာတဲ့လူကြောင့် ဒင်္ဂါးလန့်သွားပြီး နောက်ကို ခြေနှစ်လှမ်းလောက်ဆုတ်လိုက်မိသည်။

” ဘာကိစ္စလဲတော့ ကျုပ်တို့မသိဘူး… သူကြီးက သွားကြိုလို့ပြောလို့ ကျုပ်တို့ကလာကြိုတာပဲ ”

မနေသာတော့တဲ့အဆုံး သာထင် ဝင်ပြောလိုက်သည်။ ဒီလူတွေကြည့်ရတာ မြို့သားလူလည်တွေနှင့် တူသည်။ သာထင်တို့က တောသားဆိုပေမယ့် လူကဲခတ်ကတော့တော်သည်။ သေချာပေါက်ကို လူလိမ်တွေပဲဖြစ်ရမည်။

” ဟ ! ဘယ်လိုအူကြောင်ကြားတွေကို လာကြိုခိုင်းလိုက်တာလဲမသိဘူး… ခင်ဗျားတို့ကြိုရမှာက မြို့အုပ်မင်းကို မဟုတ်ဘူး… မြို့အုပ်မင်းရဲ့ညီဖြစ်တဲ့ ဟောဒီ့က ကျုပ်ကိုကြိုရမှာ “

” ဟမ် … ကိုချက်ကြီးက မြို့အုပ်မင်းလို့ အသေအချာပြောလိုက်တာပါ . သေချာပါတယ် ”

ပစ်တိုင်းထောင်ကို ပြောတာမျိုးမဟုတ်ပဲ တစ်ကိုယ်တည်း ရေရွတ်သလိုပြောနေတဲ့ ဖြူဖြူသေးသေးလူကြောင့် နေပူပူမှာ ဒေါသကထွက်လာသည်။ နားရင်းကို ပိတ်ရိုက်လိုက်ရ မကောင်းရှိတော့မည်။

” ဒါနဲ့ ခင်ဗျားက မြို့အုပ်မင်းရဲ့ညီပါလို့ ကျုပ်တို့ကဘယ်လိုယုံရမှာလဲ ”

သာထင်က တွေတွေဝေဝေဖြစ်နေတဲ့ ဒင်္ဂါးကို နောက်ပို့ပြီး ဟန်ပါပါမေးလိုက်သည်။

” ဟုတ်ပါတယ်… ဆျာထောင်က မြို့အုပ်မင်းရဲ့ညီ ဟုတ်ပါတယ် ”

” ခွေးပု… မင်း အသာနေစမ်း ”

ကြားထဲကနေ မနေနိုင်မထိုင်နိုင် ဝင်ပြောတဲ့ခွေးပုကြောင့် ပစ်တိုင်းထောင်လည်း ခွေးပုကို အသာတွန်းထုတ်လိုက်သည်။

” မင်းတို့ယုံအောင် သက်သေပြစရာကတော့ ကျုပ်တင်ပါးကအမှတ်ပဲရှိတယ်… အဲ့ဒီတော့ လှန်ပြရမလား… ဟုတ်မဟုတ်ကတော့ မြို့အုပ်မင်းကို တယ်လီဖုန်းဆက်ပြီး လှမ်းမေးကြည့်ပေါ့ ”

” ဟေ့လူ… ခင်ဗျား… ”

အချိုးမပြေတဲ့ မြို့အုပ်မင်းရဲ့ညီ စကားကြောင့် လက်သီးလက်မောင်းတန်းလာတဲ့ သာထင်ကြောင့် ဒင်္ဂါး အမြန်တားလိုက်ရသည်။ တကယ်သာဆို သည်းခံရမှာက ဒင်္ဂါးတို့ပဲကိုး။

” တော်… တော်ပါတော့ သာထင်ရာ… ဟုတ်လောက်မှာပါ…”

” ဘာကို ဟုတ်လောက်မှာပါလဲ… သူ့တင်ပါးမှာအမှတ်ရှိနေမှန်း မင်းသိလို့လား “

ခွီ !

ရန်ဖြစ်နေကြတဲ့ ရွာသားနှစ်ယောက်စကားကြောင့် ခွေးပုရယ်မိသွားသည်။

” ဟာ… မင်းကလဲ ဘာတွေပြောနေတာလဲ… သူက မြို့အုပ်မင်းရဲ့ညီ ဟုတ်လောက်မှာလို့ပြောတာ… သူ့ညာဘက်မျက်ခုံးအစွန်းမှာ မှဲ့ရှိတယ်… မြို့အုပ်မင်းက အဘကို သူ့ညီအကြောင်းပြောပြတာ ကြားဖူးတယ်… ပြီးတော့ ဆရာတော်ကိုလည်း သိတယ်ဆိုတော့… ငါတို့ကနားကြားမှားလာတာပဲဖြစ်မှာ ”

” ဒီမှာ… ဒီမှာ ခင်ဗျားတို့နှစ်ယောက် ဆွေးနွေးနေတာမပြီးသေးဘူးလား… ကျုပ်သမီးတွေက ဗိုက်ဆာနေပြီ… ခင်ဗျားတို့မခေါ်သွားနိုင်လည်းရတယ်… ကျုပ်တို့ဘာသာကျုပ်တို့သွားတော့မယ် ”

” ခေါ်သွားပါမယ်ဗျာ့… လှည်းပေါ်တက်နှင့်ပါ… ကျွန်တော်တို့အထုပ်အပိုးတွေ လှည်းပေါ်တင်ပေးပါမယ် ”

ထိုတော့မှသာ မြို့အုပ်မင်းညီနဲ့ ပါလာတဲ့အဖော်က အထုပ်တွေကို ခပ်သွက်သွက်တင်တော့သည်။ မြို့သားတွေပီပီ အထုပ်အပိုးကလည်း ခပ်များများရယ်မို့ ပစ္စည်းတွေနဲ့တင် လှည်းတစ်ခြမ်းပြည့်သွားသည်။

” ဒါနဲ့ … ခင်ဗျားတို့ချည်းပဲမလား “

” ဘယ်ဟုတ်ပါ့မတုန်း . ကျုပ်သမီးတွေပါ ပါတယ် “

” ဟမ် … “

ဒင်္ဂါးတို့ရောက်ကတည်းက ကျုပ်သမီး ကျုပ်သမီးဆိုတဲ့ စကားတွေကို ကြားခဲ့ရပေမယ့် သတိမထားမိပေ။ ဘေးဘီကိုကြည့်တော့လည်း လူမတွေ့တာမလို့ ဒင်္ဂါးလည်း ခေါင်းလေးငဲ့လို့ မြို့အုပ်ညီအနားကို ရှာရသည်။ ချီပိုးရမယ့် အရွယ်လေးတွေမလို့ နောက်ကျောမှာများ ချီပိုးထားသလားလို့။

” မိစွာ … မိုက်မိုက်စန်း ! … လာ သမီးတို့ . ဖေတို့သွားရအောင် “

ဝုတ် ဝုတ် …!

” ဟင် “

လူမတက်ခင် နွားလှည်းပေါ် ခွေးနှစ်ကောင်ကို တစ်ကောင်ချင်း ချီပြီးတင်နေတာကိုကြည့်ပြီး ဒင်္ဂါးသဘောပေါက်သွားရတော့သည်။ မြို့အုပ်မင်းက သူ့ညီကို ရွာပို့လိုက်တယ်ဆိုတာက မကောင်းကျောင်းပို့တဲ့ အဓိပ္ပါယ်မျိုးသာဖြစ်ပေလိမ့်မည်။ 

>>>>>>>>>>

ဆက်ရန်
Yellowish_One 💛
(၁-၄-၂၀၂၄)

Tags: read novel Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၁), novel Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၁), read Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၁) online, Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၁) chapter, Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၁) high quality, Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၁) light novel, ,

Comment

Leave a Reply

Chapter 1