Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၁၁)

A+ A-

” ပစ်တိုင်းထောင်ရေ … ပစ်တိုင်းထောင် … ဟေ့ ရွှေဒင်္ဂါး … ဘယ်သူမှ မရှိကြဘူးလား “

ချက်ကြီးက နွားလှည်းပေါ်ကနေ သူကြီးအိမ်ထဲကို လှမ်းကြည့်ရင်း အော်ခေါ်လိုက်သည်။ အော်ခေါ်‌နေပေမယ့် ခြံရှေ့မှာ ခွေးနှစ်ကောင်ကလွဲလို့ လူတစ်ယောက်ကိုမှ အရိပ်အယောင်တောင် မတွေ့ရသေးတာကြောင့် အိမ်မှာမရှိကြဘူးလို့ပဲ မှတ်လိုက်သည်။

” ရှိတယ် ကိုချက်ကြီးရဲ့ … မနက်ခင်းစာ စားနေကြ‌လို့လေ . အပြင်မယ် နေရှိန်တာနဲ့ အထဲမှာ စားနေတာ … ဘာကိစ္စရှိလို့လဲ “

” အေး … ငါက ဘယ်သူမှမတွေ့တော့ အပြင်သွားကြတယ်ထင်တာ … ဆရာတော့်ကျောင်းကိုတော့ မသွားလောက်ဘူးလေ . ငါက ခုလေးတင်ပဲ ဆရာတော့်ကျောင်းကနေ ထွက်လာတာ “

အိမ်ထဲကနေ ခပ်သုတ်သုတ်ပြေးထွက်လာတဲ့ ဒင်္ဂါးက ခြံတံခါးလာဖွင့်ပေးတာကြောင့် ချက်ကြီးလည်း နွားလှည်းကို ခြံထဲမောင်းဝင်လိုက်သည်။

” နွားလှည်းမှာလည်း ထန်းလက်တွေ မြိုင်နေတာပဲ ကိုချက်ကြီး … ရွာထဲလည်မလို့လား “

” အေး … ဒီကနေ့က အကျနေ့ဆိုတော့ ကလေးတွေကလည်း ရေပက်ကြမှာလေ … ဟိုဘက်ရွာတွေထိ လည်ရအောင်လို့ ပစ်တိုင်းထောင်ကို လာခေါ်တာ “

” နေပူကပူနဲ့ ကိုချက်ကြီးရယ် “

” အော် … သူ့ပဲ ခေါ်ချေပါဦး . နန့်နန့်ထိုးပြီး လိုက်မလာရင် ကံကောင်း “

ကိုချက်ကြီးက ပစ်တိုင်းထောင်အကြောင်း သိသူပီပီ ပြောလိုက်တော့ ဒင်္ဂါး ရယ်လိုက်သည်။ နွားလှည်းပေါ်မှာလည်း စဉ့်အိုးနဲ့ အုန်းမုန့်ခွက်တွေ သယ်လာပြီး လည်ပတ်ရင်းတောင် သူတို့က ရေပက်ဦးမယ့်ပုံ။ လှည်းရံတိုင်တွေမှာလည်း ထန်းလက်တွေနဲ့ ပိတောက်ခက်တွေကို တွဲချည်ထားတာမလို့ ကိုချက်ကြီးက သေသေချာချာကို ပြင်ဆင်လာပုံရသည်။

” ကိုချက်ကြီးရော မနက်ခင်းစာ စားပြီးခဲ့ပြီလား … မစားရသေးရင် တစ်ခါတည်း ဝင်စားသွားလေ “

” ‌တော်ပါ … မင့်အဘ သူကြီးနဲ့ ငါနဲ့က တွေ့ရင် တစောင်းစေးနဲ့ မျက်ချေး . မစားတော့ဘူး … ဆရာတော့်ကျောင်းမယ် စားလည်း စားခဲ့ပြီးပြီ “

” အဟား ဟုတ်ပါပြီ … ခဏလေး နေဦး … ကျွန်တော် သွားခေါ်ချေဦးမယ် ”

” အေး “

ဒင်္ဂါး အိမ်နောက်ဖေးကိုရောက်တော့ ပစ်တိုင်းထောင်တို့က မနက်စာစားပြီးကြလို့ ရေနွေးကြမ်း ထိုင်သောက်နေပြီဖြစ်သည်။ ဒင်္ဂါးကိုလည်းမြင်ရော ရေနွေးကြမ်းထိုင်သောက်နေတဲ့ ပစ်တိုင်းထောင်က ဘာလဲဆိုတဲ့သဘောနဲ့ မျက်ခုံးပင့်ပြသည်။

” ကိုချက်ကြီးက သင်္ကြန်လည်ဖို့တဲ့ … လိုက်မလားဆိုပြီး လာခေါ်တာ “

” ဟင်.  အခုလား “

” အင်း ဟုတ်တယ် အခု … အရှေ့မယ် နွားလှည်းနဲ့ စောင့်နေတယ် “

ပြောလိုက်တော့လည်း ပစ်တိုင်းထောင်က စားပွဲဝိုင်းလေးမှာ ထိုင်နေရာကနေ ချက်ချင်းထရပ်သည်။ ဘေးမှာရှိနေတဲ့ အဘနဲ့ခွေးပုကတော့ လက်ထဲက ရေနွေးကြမ်း‌ကို ကုန်အောင် အရင်သောက်သည်။

” တစ်ရွာလုံးပတ်မှာလား . သွားမယ်လေ … နေဦး အဝတ်အစား လဲချေဦးမယ် “

တစ်ယောက်တည်း ပျာယာခတ်ပြီး အိမ်အပါ်ထပ်ကို ပြေးတက်သွားတာကြောင့် ဒင်္ဂါးက ပြုံးရင်း ခေါင်းရမ်းလိုက်သည်။

” ချက်ကြီးတို့နဲ့ချည်းဆို စိတ်မချပါဘူးကွယ် … သား . ဒင်္ဂါး … လူလေးလည်း လိုက်သွားချေ “

” ဟို.  မလိုက်တော့ပါဘူး အဘရဲ့ … ကိုချက်ကြီးတို့လည်း ပါနေတာပဲကို “

” အေး … ချက်ကြီးပါသွားလို့ကို စိတ်မချတာ . လိုက်သွားချေ “

မျက်စောင်းတထိုးထိုးနဲ့ ပြောနေတဲ့ အဘကိုကြည့်ရင်း အစ်မငွေမှုန်က ကြိတ်ရယ်သည်။ ‌ဒင်္ဂါးလည်း ပစ်တိုင်းထောင်တို့နဲ့ လိုက်သွားရမယ်ဆို‌တော့အဝတ်အစားလဲရန် အပေါ်ထပ်ကို တက်ခဲ့လိုက်တော့သည်။

” ရွှေဒင်္ဂါး “

” ဗျာ … “

ဒင်္ဂါးအခန်းထဲကိုရောက်တော့ ပုဆိုးဝတ်နေတဲ့ ပစ်တိုင်းထောင်က လှမ်းခေါ်လာသည်။ အပြင်သွားလည်ဖို့ကလည်း ဝတ်စားနေတာ ပုံမှန်လည်နေကျအတိုင်း ပေါ့ပေါ့ပါးပါးပဲမလို့ ဒင်္ဂါးလည်း ‌ထိုအတိုင်းသာဝတ်ဖို့ တွေးလိုက်သည်။

” ကျုပ်ကို သနပ်ခါးလိမ်းပေး “

” ဟမ် “

” ပူတယ်လို့ … သနပ်ခါးလိမ်းပေး … ကျုပ်ဘာသာကျုပ်လိမ်းသွားရင် လမ်းမယ် မိကဲတို့နဲ့တွေ့ရင် ကျုပ်ကို သမန်းကျားလို့ခေါ်နေမယ် “

ပစ်တိုင်းထောင်အပြောကြောင့် ဒင်္ဂါးလည်း မနေ့က ကိစ္စကို သတိရသွားတာကြောင့် ရယ်လိုက်မိသည်။ ပစ်တိုင်းထောင်က သမန်းကျားပုံစံအတိုင်း သနပ်ခါးလိမ်းသွားရင်တောင် မိကဲကတော့ ပြောရဲလောက်တော့မှာ မဟုတ်ပါ။ မနေ့က ခေါင်းခေါက်ခံလိုက်ရတာ တော်တန်ရုံ အားနဲ့မှမဟုတ်ပဲ။ မိကဲခေါင်းမယ် အာလူးသီးထွက်မနေရင် ကံကောင်း။

” သနပ်ခါးလိမ်းသွားတာတော့ ဟုတ်ပါပြီ … ရေပက်ခံရရင်လည်း သနပ်ခါးတွေ ပျက်မယ့်ဟာကို . ပစ်တိုင်းထောင်ရယ် “

” အော် … ဒီရွှေဒင်္ဂါးနှယ် … လိမ်းပေးဆိုလိမ်းပေးပေါ့ … စကားတွေအများကြီး ပြောနေရတယ် “

ခိုင်းနေတဲ့ပုံစံက လုပ်ပေးချင်စရာလေး။ ပြောနေလိုက်တာများ ကိုပစ်တိုင်းထောင်တို့ အထက်စီးကချည်း။ ပြောလို့လည်း မနိုင်တာ‌ကြောင့် ဒင်္ဂါးလည်း အဝတ်အစား ခပ်သွက်သွက်လဲရင်း သနပ်ခါးသွေးလိုက်သည်။ အဝတ်အစားလဲပြီးသွားပုံရတဲ့ ပစ်တိုင်းထောင်က သနပ်ခါးသွေးနေတဲ့ ဒင်္ဂါးအနားမှာ လာထိုင်သည်။

” ကဲ သွေးလို့ပြီးပြီ . လိမ်းမယ် “

လိမ်းမယ်ဆိုတော့လည်း ပစ်တိုင်းထောင်က မျက်လုံးကြီးမှိတ်လို့ မျက်နှာကြီးကို ဒင်္ဂါးရှေ့ တိုးပေးလာသည်။

” ဆံပင်တွေရှည်နေပြီ ပစ်တိုင်းထောင် … နှစ်ဆန်းတစ်ရက်နေ့ကျ ခွေးပုနဲ့အတူတူ ဆံပင်သွားညှပ်ချေလေ “

” အင်း “

ဒင်္ဂါးလည်း ပစ်တိုင်းထောင်နဖူးပေါ် ဝဲကျနေတဲ့ ဆံပင်ရှည်တွေကို အနည်းငယ်သပ်တင်ပေးလိုက်ရင်း မျက်နှာတစ်ပြင်လုံး‌ အေးနေအောင် အောက်ခံကို အရင်လိမ်းပေးလိုက်သည်။ ပြီးကာမှ ပါးနှစ်ဖက်တစ်ပြင်လုံးကို သနပ်ခါးနဲ့ အဝိုင်းကြီးနှစ်ဝိုင်း ခပ်ထူထူဝိုင်းပေးလိုက်သည်။

” ပြီးပြီ … အဆင်ပြေလား “

” အင်း “

မှန်ကိုကြည့်လို့ ပါးပြင်က သနပ်ခါးကို ဘယ်လှည့်လိုက် ညာလှည့်လိုက် အကဲခတ်နေတဲ့ ပစ်တိုင်းထောင်က ခေါင်းညိတ်သည်။ ဒင်္ဂါးက သနပ်ခါးကို ခပ်ထူထူလိမ်းထားပေးတာကြောင့် ပါးနှစ်ဖက်မယ် အဝိုင်းကြီးနှစ်ဝိုင်းက ပဲလမုန့်‌နှစ်ဝိုင်းကို ကပ်ထားသည့်အတိုင်း။

” ကဲ . သွားကြမယ် . ကို‌ချက်ကြီးစောင့်နေရတာ ကြာရောပေါ့ … ခွေးပုရော အဆင်သင့်ဖြစ်ပြီလား မသိဘူး “

ပစ်တိုင်းထောင်တို့ အိမ်အောက်ထပ်ကိုရောက်တော့ ခွေးပုက လှည်းနားတောင်ရောက်နေပြီ ဖြစ်သည်။ ပစ်တိုင်းထောင်နဲ့ ဒင်္ဂါးကိုတွေ့တော့ အနားကို ပြေးလာတဲ့ မိစွာနဲ့ မိုက်မိုက်စန်းကြောင့် ပစ်တိုင်းထောင်က သမီးနှစ်ကောင်ကို အရင်နှုတ်ဆက်ရသေးသည်။

” ငါ့သမီးတို့ရော လိုက်မလား . ဖေတို့နဲ့ လိုက်ခဲ့ချေ “

” မခေါ်သွားပါနဲ့လား ပစ်တိုင်းထောင်ရဲ့ … လမ်းမှာ ရေပက်မှာဆိုတော့ မိစွာနဲ့ မိုက်မိုက်စန်းက လန့်သွားဦးမယ် “

အဘက အိမ်ထဲကထွက်လာပြီး တားတာကြောင့် ပစ်တိုင်းထောင်လည်း စဉ်းစားသလိုတစ်ချက်လုပ်ကာ ခေါင်းညိတ်လိုက်သည်။

” သမီးလေးတို့ကို သူကြီးက မလိုက်ရဘူးတဲ့ … နေခဲ့နော် ဟုတ်ပလား . ပြန်လာရင် ဖေကြီး စတုဒီသာမဏ္ဍပ်ကနေ မုန့်မုန့်ယူခဲ့မယ် ဟုတ်မလား “

ဟုတ်သော်ရှိ မဟုတ်သော်ရှိ၊ မိစွာနဲ့ မိုက်မိုက်စန်းက နားလည်လား နားမလည်လားလည်းမသိ။ ပစ်တိုင်းထောင်ကတော့ ကိုယ့်အထာနဲ့ကိုယ် သမီးနှစ်ကောင်ကို ခေါင်းပွတ်ပေးပြီး ချွေးသိပ်လိုက်သည်။

” ကဲ . နေအရမ်းမမြင့်ခင် သွားကြတော့ … ဟိုကောင် ချက်ကြီး . ကလေး‌တွေ မူးပြဲလာရင် ထိပ်တုံးနော် “

ဦးမင်းငွေက ခြိမ်းခြောက်လိုက်တော့ ချက်ကြီးက မျက်နှာကြီးရှုံ့မဲ့သွားကာ ခေါင်းကုတ်သည်။

” သူကြီးကလည်း ကျုပ်ပဲ မာန်မဲနေတော့တာပဲ … ကျုပ်က တိုက်ရင်တောင် သူတို့မသောက်ပဲနေရင် သိကြားမင်းဆင်းတိုက်လည်း မရဘူး “

” မင့်က အကြီးလေ . မင်းထိန်းပေါ့ “

ချက်ကြီးလည်း ပြန်မပြောတော့ပဲ သူကြီးကိုသာ မသိမသာ မျက်စောင်းထိုးလိုက်သည်။

” ကဲ ကဲ သွားကြမယ် . တက်ကြတော့ ”

ကိုချက်ကြီးက လောဆော်တော့ လှည်းပေါ်ကို ခွေးပုက အရင်တက်သွားသည်။ ပြီးမှ ဒင်္ဂါးက တက်သည်။  နောက်ဆုံးမှ ပစ်တိုင်းထောင်လည်း လိုက်တက်သည်။

” ရွှေဒင်္ဂါး “

” အင်း … “

” အတာအိုးက ဘာဖြစ်လို့နှစ်လုံးလဲ “

လှည်းပေါ်ရောက်တဲ့အခါ ပစ်တိုင်းထောင်က ခြံရဲ့တောင်ဘက်မှာ သိကြားမင်းကြိုထားတဲ့ အတာအိုးတွေကို လက်ညှိုးထိုးပြတာကြောင့် ဒင်္ဂါးလှမ်းကြည့်လိုက်သည်။ အတာအိုးနှစ်လုံးနဲ့ ရေတော်ခွက်သာမက ယိုစုံကိုလည်း အစ်မငွေမှုန်က စားပွဲခုံပုံလေးနဲ့ အသေ‌အချာကို ပြင်ဆင်ထားတာဖြစ်သည်။

” အကြိုနေ့ကတည်းက တင်ထားတာလေ … မနေ့က မတွေ့မိဘူးလား . သိကြားမင်းကို ကြိုတဲ့အတာအိုးရယ် … နောက်တစ်အိုးက ‌‌ဗုဒ္ဓဟူး အတာစားတာရယ်ကြောင့်လေ “

” အမ် “

ပစ်တိုင်းထောင်က ရွှေဒင်္ဂါးကို နားမလည်သလို ကြည့်လိုက်သည်။ လှည်းကတော့ သူကြီးတို့ခြံထဲကနေထွက်လို့ ရွာလမ်းမကြီးထက် လှုပ်စိလှုပ်စိနဲ့ သွားနေပြီဖြစ်သည်။

” ဗုဒ္ဓဟူးဆိုတော့ ဘယ်သူ … ကျုပ်လား “

” အယ် . ဟုတ်တယ်လေ ပစ်တိုင်းထောင်ရဲ့ … လုလင်မောင်မောင်ဆိုတော့ ဗုဒ္ဓဟူးသား မဟုတ်လား … ကျွန်တော်က အစ်မငွေမှုန်နဲ့ပြောဖြစ်တာနဲ့ အစ်မငွေမှုန်က ဒီနှစ် ဗုဒ္ဓဟူး အတာစားတယ်ဆိုလို့ အတာအိုးနောက်တစ်အိုး ထိုးထားပေးတာ “

” အတာစားတယ်ဆိုတော့ ကျုပ်က အစားခံရမှာလား “

” ဟမ် … မဟုတ်တာ ပစ်တိုင်းထောင်ရယ် “

ပစ်တိုင်းထောင်က အမှန်တကယ်ကို နားမလည်ပုံရသည်။ သူထင်တာကို သိသလို ပြောနေတာကြောင့် ဒင်္ဂါးက သဘောတကျ ရယ်လိုက်မိသည်။

” အတာစားတယ်ဆိုတာ မကောင်းတာမဟုတ်ပါဘူး ပစ်တိုင်းထောင်ရဲ့ … ဒီနှစ်ရဲ့ အဆုံးသတ် နောက်ဆုံးနေ့က ဗုဒ္ဓဟူးနေ့ ကျတယ်လေ . အဲ့တာကို အတာစားတယ်လို့ ခေါ်တယ် … အတာစားခံရတဲ့ နေ့နာမ်က နှစ်သစ်မှာ ကောင်းမှုကုသိုလ်တွေပြု‌ပေးရင် သူများနဲ့မတူတဲ့ ကြွယ်ဝချမ်းသာခြင်းတွေ လာဘ်လာဘတွေကို တစ်နှစ်လုံး ရရှိမယ်တဲ့ “

” အော် … အဲ့လို ”

ဒင်္ဂါးက စိတ်ရှည်လက်ရှည် ရှင်းပြလိုက်ကာမှ နားလည်သွားပုံရတဲ့ ပစ်တိုင်းထောင်က ခေါင်းတညိတ်ညိတ်။

” ဒါဖြင့်ရင် … မိစွာနဲ့ မိုက်မိုက်စန်းကရော “

” ဟမ် . မိစွာနဲ့ မိုက်မိုက်စန်းက ကြာသပတေးလေ “

” မဟုတ်သေးပါဘူး . ကျုပ်က မိစွာနဲ့ မိုက်မိုက်စန်းကို ဒီအတိုင်း နာမည်ပေးထားတာ . တကယ်လို့ ကျုပ်သမီးတွေက ဗုဒ္ဓဟူးနေ့မှာမွေးလို့ ဗုဒ္ဓဟူးသမီးတွေ ဖြစ်နေရင်ရော “

ပေါက်ပေါက်ရှာရှာတွေးတတ်တဲ့ ကိုပစ်တိုင်းထောင်လေး ဦးနှောက်က ရွှေချထားဖို့ပင်ကောင်းသည်။ ဒင်္ဂါးမှာ ပြန်ပြောစရာစကားပင်မရှိပဲ ပါးစပ်အဟောင်းသား။ ခွေးပုကတော့ ရှေ့ကနေပြီး ဒင်္ဂါးအဖြစ်ကိုကြည့်ကာ ခပ်တိုးတိုးကြိတ်ရယ်သည်။

” လှည်းရပ်ပါဦး . လှည်းရပ်ပါဦး “

ရွာလမ်းတစ်လျှောက် ရေပက်ခံထွက်ရင်း ပစ်တိုင်းထောင်တို့က ကလေးတစ်သိုက်နဲ့ အရင်တိုးသည်။ ပစ်တိုင်းထောင်တို့က လှည်းနဲ့မလို့ ကလေးထဲက အကြီးဆုံးဖြစ်ပုံရတဲ့ကလေးက လှည်းကိုတားလို့ ရပ်ခိုင်းတဲ့အခါ ကိုချက်ကြီးကလည်း ကြည်ကြည်သာသာ ရပ်ပေးလိုက်သည်။

” ဟာ . ဟာ ဟေ့ . ကလေးတွေ . ဖြည်းဖြည်းပက်လို့ ဟေ့ . ငါ့သနပ်ခါးတွေ ပျက်ကုန်မယ်ဟ “

လှည်းလည်းရပ်ရော အနီးအနားကနေပါ ပြေးလာတဲ့ ကလေးတွေက ပစ်တိုင်းထောင်တို့လှည်းကို ဝိုင်းပက်ကြတာကြောင့် တစ်ခဏအတိုင်း တစ်လှည်းလုံး ရွှဲရွှဲစိုသွားကြသည်။ ပစ်တိုင်းထောင်မှာတော့ သူ့ပါးပေါ်က ပဲလမုန့်နှစ်ဝိုင်း ပျက်မှာစိုးပြီး ရေပက်ခံရတာတောင် လက်နှစ်ဖက်က မျက်နှာကို တကာကာရယ်။

” ကဲ . ကဲ . တော်ပြီ … ရေကုန်တယ် . ငါတို့လည်းရွှဲနေပြီသွားမယ် “

” တာ့တာ ”

ကိုချက်ကြီးက လှည်းကို ခပ်သွက်သွက်မောင်းတဲ့အခါ အနောက်မှာကျန်နေခဲ့တဲ့ ကလေးတွေကလည်း လက်တပြပြနဲ့ ကျန်ရစ်နေခဲ့သည်။ ပုံမှန်ဆို ရွာလမ်းမကြီးက ဖုန်ထူပေမယ့် ရေကစားနေကြတဲ့ ကလေးတွေကြောင့် လမ်းမကြီးထက်ကလည်း စိုစွတ်နေသည်။ တစ်ကိုယ်လုံးကလည်း ရေစိုနေတာကြောင့် အပူဒဏ်သက်သာလို့သာ တော်ပါသေးသည်။

” ကိုချက်ကြီး . ဟိုဘက်ရွာသွားနေတာလား “

” အေး … ရွာထဲပဲ ရေပက်ခံထွက်နေရင် ခဏလေးပဲကြာမှာ … တစ်ဖက်ရွာတွေပါ သွားကြမယ် “

ဒင်္ဂါးက မေးလိုက်တဲ့အခါ ကိုချက်ကြီးက ပြန်ဖြေသည်။ ကိုယ့်ရွာမှာကိုယ် တစ်ရွာလုံးပတ်ပြီး ရေကစားလည်း ရလျက်နဲ့ ချော်တောငေါ့လို့ ဒင်္ဂါးတို့လှည်းက တစ်ဖက်ရွာဘက်ကို ဦးတည်သွားတော့သည်။

တစ်ဖက်ရွာကိုရောက်တော့ ဒင်္ဂါးတို့လိုပင် ရေပင်ခံထွက်ကြတဲ့ လှည်းတွေကိုလည်း တွေ့လိုက်ရသည်။ တစ်လမ်းလုံးလည်း ရေပက်ခံလာရတာမလို့ ရာသီဥတုပူပေမယ့် လေတိုးတာကြောင့် ဒင်္ဂါးတစ်ကိုယ်လုံးလည်း ခိုက်ခိုက်တုန်လာပြီဖြစ်သည်။

” ကိုချက်ကြီး … စတုဒိသာမဏ္ဍပ်ရှိရင် ရပ်ဦး “

” ဟင် … ရွာဘက်ပြန်ရောက်မှစားတော့လေ ပစ်တိုင်းထောင် . ရွာဘက်မယ်လည်း စတုဒိသာမဏ္ဍပ်တွေမှ အများကြီး “

” ဟာ … ရပ်ဆိုရပ်ပေါ့ . လျှာရှည်တာ “

ပစ်တိုင်းထောင်က ပိတ်ဟောက်လိုက်တော့မှသာ ကိုချက်ကြီးက မဏ္ဍပ်တစ်ခုမှာ ဝင်ရပ်သည်။ လှည်းပေါ်ကဆင်းတော့လည်း ဒင်္ဂါးနဲ့ ကိုချက်ကြီးက တစ်ဖက်ရွာမှာမလို့ စတုဒိသာ ဝင်မစားရဲပေမယ့် ပစ်တိုင်းထောင်နဲ့ ခွေးပုတို့ ဆရာတပည့်နှစ်ယောက်ကတော့ ခပ်တည်တည်ပင်။ ကောက်ညှင်းရွှေကြည်တွေ၊ မုန့်လက်ဆောင်းတွေကို ခပ်တည်တည်နဲ့ ဝင်စားတာကြောင့် ဒင်္ဂါးတို့လည်း နောက်ကနေလိုက်ဝင်သွား‌တော့သည်။

” ကဲ … စားလို့ပြီးပြီ ပြန်မယ် “

အတော်တန်ကြာ များများစားပြီး‌တော့လည်း ဖုတ်ဖတ်ခါလို့ ထပြန်တဲ့ ပစ်တိုင်းထောင်ကြောင့် ဒင်္ဂါးတို့ကလည်း နောက်ကနေ လိုက်ရပြန်သည်။ တစ်ဖက်ရွာဘက်မှာလည်း တစ်ရွာလုံးနီးနီးကိုပတ်ပြီး ရေပက်ခံထွက်ပြီးပြီမို့ ကိုချက်ကြီးက လှည်းကို ရွာဘက် ဦးတည်ပြန်သည်။

” ဟာ … ကိုဒင်္ဂါးတို့ပါလား “

ရွာကိုရောက်တော့လည်း ကိုချက်ကြီးက ရွာရဲ့ ဗဟိုမဏ္ဍပ်ကိုသာ တန်းသွားသည်။ ဗဟိုမဏ္ဍပ်ဆိုပေမယ့် ကြီးကြီးမားမားရယ်လည်း မဟုတ်ပဲ အုန်းလက်ထန်းလက်တွေနဲ့ ကာရံထားပြီး ထိပ်မှာလည်း ဇကောဝိုင်းပေါ်မှာစာရေးကာ မင်းကန်ရိုးသင်္ကြန်မဏ္ဍပ်ဟူရဲ့ နာမည်တပ်ထားသည်။ တစ်ကိုယ်လုံးရေတွေစိုရွှဲလို့ ပစ်တိုင်းထောင်တို့ ရောက်သွားတော့ မဏ္ဍပ်ထဲမှာ မုန့်လုံးရေပေါ် လုံးနေကြတဲ့ မိကဲတို့ မယ်တင်တို့အုပ်စုက ပြေးထွက်လာသည်။

” ဒီနေ့ ကိုပစ်တိုင်းထောင်ကို အိုးမဲသုတ်ရမှကျေနပ်မယ် . မနေ့က မိကဲကို ခေါင်းခေါက်သွားတာ အားရပါးရ . မိကဲနာလွန်းလို့ ညက အိပ်လို့တောင်မပျော်ဘူး “

” ဟမ့် … ညည်းမှတ်ပလား . ညည်းငါ့ကို ပြောချင်ဦးလေ ”

နွားလှည်းပေါ်ကနေဆင်းလာတဲ့ ပစ်တိုင်းထောင်ကလည်း ခါးကြီးထောက်လို့ မိကဲကို ခပ်ရွဲ့ရွဲ့ပြောတဲ့အခါ မိကဲက နှာခေါင်းရှုံ့သည်။

” ကြည့်နေ … မုန့်လုံးရေပေါ်ကျွေးရင်လည်း ငရုတ်သီးတွေချည်းထည့်ပြီး ကျွေးပစ်ဦးမယ် … အခုတော့ ကိုပစ်တိုင်းထောင်တို့ကို ရေဝိုင်းလောင်းကြဟေ့ “

မိကဲကအော်လိုက်တော့ အနောက်က အပျိုတစ်သိုက်နဲ့ ရေကစားနေကြတဲ့ ကလေးတစ်သိုက်ကပါ ပစ်တိုင်းထောင်တို့အနားကို ပြေးလာသည်။ အပြင်လူကိုမပက်ပဲ ပစ်တိုင်းထောင်တို့ကိုသာ ဝိုင်းပက်ကြတာကြောင့် ရေကစားမဏ္ဍပ်ထဲမှာ အချင်းချင်း အပြန်အလှန် ဝိုင်းပက်ကြရင်း ဆူညံနေကြတော့သည်။

” ကဲ … တော်ပါပြီ … နင်တို့ အချင်းချင်းပက်နေကြတာနဲ့ ရေကကုန်ရော့မယ် … တော်ကြတော့ ”

မဏ္ဍပ်ထဲကထွက်လာတဲ့ ကိုဘမော်က တားလိုက်တော့မှာ ဆူညံနေတဲ့အုပ်စုက ငြိမ်သွားတော့သည်။ ဒင်္ဂါးလည်း ခေါင်းအစခြေအဆုံး ရေတွေရွှဲနေပြီဖြစ်သလို ပစ်တိုင်းထောင်ပါးမှာလည်း လိမ်းလာတဲ့သနပ်ခါးတွေက အစအနပင် ရှာမတွေ့တော့။

” ကျုပ်မုန့်လုံးရေပေါ်စားဦးမယ် ရွှေဒင်္ဂါး “

” အင်း… စားလေ “

” ခင်ဗျားရော လာ … သွားကြမယ် “

ဒင်္ဂါးတို့လေးယောက်သား မဏ္ဍပ်ထဲ ဝင်ခဲ့ကြသည်။ မဏ္ဍပ်ထဲမှာ စားပွဲဝိုင်းလေးတွေ ကိုယ်စီနဲ့ မုန့်လုံးရေပေါ်လုံးနေကြတဲ့ အပျိုတစ်သိုက်နဲ့ ကာလသားအုပ်စုရှိနေပြီး တချို့ကလည်း မုန့်လုံးရေပေါ်ဝိုင်းစားနေကြသည်။ ကိုဘမော်ကတော့ အနောက်ဘက်က မိုးပြဲဒယ်ကြီးမှာ မုန့်လုံးဆယ်သူလုပ်ပြီး ဖိုးထူးနဲ့ အောင်ကျော်တို့ကတော့ အုန်းသီးခြစ်လို့ ဖက်ရွက်တွေနဲ့ မုန့်လုံးပေါ်တွေ ထည့်ပေးသည်။

” ဒီမှာထိုင်စားမယ် “

ဒင်္ဂါးတို့က စားပွဲဝိုင်းတစ်ဝိုင်းမှာဝင်ထိုင်တော့ ကိုချက်ကြီးက မုန့်လုံးရေပေါ်တွေကို ပန်းကန်ပြားနဲ့ယူလာပြီး စားပွဲဝိုင်းအလယ်မှာလာချသည်။

” ဟား … ပူတာ “

ပစ်တိုင်းထောင်က စိတ်မြန်လက်မြန် မုန့်လုံးရေပေါ်ကို သွားကြားထိုးတံနဲ့ထိုးပြီး ပါးစပ်ထဲ ခပ်သွက်သွက်ထည့်လိုက်ပေမယ့် ပူနေသေးတဲ့ မုန့်လုံးရေပေါ်ကြောင့် ပါးစပ်ကိုဟလို့ အအေးခံရသေးသည်။

” ဖြေးဖြေးစားပါ ဆျာထောင်ရယ် … မုန့်လုံးရေပေါ်က ထွက်မပြေးပါဘူး “

ခွေးပုစကားကြောင့် ဒင်္ဂါး နဲ့ ကိုချက်ကြီးက ခပ်ကြိတ်ကြိတ်ရယ်လိုက်တာကြောင့် ပစ်တိုင်းထောင်က ခွေးပုကို မျက်စောင်းထိုးလိုက်သည်။

” မိချောင်းမသားကတော့ လျှာကိုရှည်တယ် . ဟ … အစားစားနေတယ်လေ . ဘယ်ခွေးရေလာလောင်းတာလဲ “

ခွေးပုကိုလည်း မာန်မဲရင်း မုန့်လုံးရေပေါ်ကို ဝါးနေတုန်း အနောက်ကနေ ရေလောင်းခံလိုက်ရတာကြောင့် ပစ်တိုင်းထောင် ဒေါသထွက်သွားသည်။ မဏ္ဍပ်ရှေ့မှာလည်း ရေစိတ်ကြိုက်လောင်းပြီးတာတောင် အစားစားနေချိန် အနောက်ကနေ လာလောင်းတာကြောင့် ပါးစပ်ကလည်း အဆဲလေးနဲ့အတူ ပစ်တိုင်းထောင် ထရပ်လိုက်သည်။

” ဟို … မယ်တင်လောင်းလိုက်တာပါ ”

ပစ်တိုင်းထောင် လှည့်ကြည့်လိုက်တော့ မယ်တင်က ရေဖလားလေးကိုင်လို့ မျက်နှာငယ်လေးနဲ့ ရပ်နေသည်။ ဘာရယ်မဟုတ်ပေမယ့် ပစ်တိုင်းထောင်လည်း မိန်းကလေးတစ်ယောက်ကို ဆဲလိုက်မိတာကြောင့် စိတ်ထဲအားနာသလိုတော့ ဖြစ်သွားသည်။ ရွှေဒင်္ဂါးကို ကြည့်လိုက်တော့လည်း ဘာမှမပြောပဲ ထိုင်လျက်သားလေး ပစ်တိုင်းထောင်ကိုသာ မော့ကြည့်နေသည်။

” ဟို … မယ်တင်က ကိုပစ်တိုင်းထောင်ကို ရေမလောင်း‌ရသေးတာနဲ့ လောင်းလိုက်တာပါ … လန့်သွားရင် တောင်းပန်ပါတယ် “

” အင်း… ရတယ် “

ပစ်တိုင်းထောင်က ခပ်ပြတ်ပြတ်ပင်ပြောကာ ပြန်‌ထိုင်ဖို့လုပ်လိုက်တော့ အနောက်မှာ မုန့်လုံးရေပေါ်ဆယ်နေတဲ့ ဘမော်ရဲ့ အော်သံကြီးက ထွက်လာသည်။

” မယ်တင်ကို ရေပြန်လောင်းလိုက်လေ ပစ်တိုင်းထောင် … အံမယ် ကျုပ်တို့ရွာကွမ်းတောင်ကိုင်လေးက ရေလောင်းတာတောင် မင်းက မသိချင်ယောင်ဆောင်နေတယ် “

” ဟေး … ဟား . ဟား ရေလောင်းလိုက်ပါ “

ကိုချက်ကြီးရဲ့ အော်သံကမက ဘေးက ကာလသားတွေရဲ့ အားပေးအားမြှောက်သံကပါ ထွက်ပေါ်လာသည်။ ခွေးပုကတော့ ထိုင်နေလျက်သား မျက်နှာကြီးမဲနေပြီဖြစ်သည်။

” ကျစ် … “

ပစ်တိုင်းထောင်က စိတ်ရှုပ်စွာ ကျစ်စုတ်လိုက်သည်။ အရှေ့ကမယ်တင်ကလည်း ရှက်ဝဲဝဲနဲ့ ခေါင်းငုံ့ကာ ပစ်တိုင်းထောင်ဆီကို ရေဖလားကမ်းပေးနေတာမလို့ ပစ်တိုင်းထောင်လည်း မယ်တင့်လက်ထဲက ရေဖလားကို ပြီးပြီးရောဆွဲယူကာ ပခုံးပေါ်ကနေ ခပ်မြန်မြန်လောင်းလိုက်သည်။

” သွား . နင့်ခွက်ပါ ယူသွားတော့ … မုန့်စားနေတာ အာရုံကိုနောက်တယ် “

ရေလောင်းပြီးတော့ ရေဖလားကြီးကို မယ်တင့်လက်ထဲပြန်ထည့်ကာ ပစ်တိုင်းထောင်က စားပွဲဝိုင်းမှာ ပြန်ထိုင်လိုက်သည်။ ရွှေဒင်္ဂါးကိုကြည့်လိုက်တော့ မျက်နှာတည်လေးနဲ့ မုန့်လုံးရေပေါ်သာ စားနေတာကြောင့် ပစ်တိုင်းထောင်က ဘာများဖြစ်သလဲတွေးကာ အကဲခတ်လိုက်သည်။

” ချမ်းနေပြီလား . ရွှေဒင်္ဂါး “

” မချမ်းပါဘူး “ 

ပြန်ဖြေတော့လည်း ပစ်တိုင်းထောင်ကို မကြည့်။ ခွေးပုကိုကြည့်လိုက်တော့လည်း မျက်နှာကြီးပုပ်သိုးလို့ မုန့်လုံးတွေကိုသာ ပါးစပ်ထဲ တစ်လုံးပြီးတစ်လုံး ထိုင်သွပ်နေသည်။ ကိုချက်ကြီးကတော့ ဘေးနားမှာထိုင်ရင်း ကြိတ်ရယ်သည်။

” စားပြီးပြီဆိုလည်း ပြန်ကြမယ် “

စားပွဲဝိုင်းမှာ တစ်ယောက်နဲ့‌တစ်ယောက် စကားမပြောဖြစ်ကြတော့ပဲ တိတ်ဆိတ်နေတာကြောင့် ပစ်တိုင်းထောင်လည်း ထိုင်နေရာကနေ ထရပ်လိုက်သည်။ ထိုင်နေတာလည်းကြာပြီမလို့ အဝတ်အစား ခပ်ပါးပါးသာဝတ်ထားတဲ့ ပစ်တိုင်းထောင်ရဲ့ အဝတ်အစားတွေက ခြောက်စပြုနေပြီဖြစ်သည်။

” ဟင် … ကိုပစ်တိုင်းထောင်တို့က ပြန်တော့မလို့လား “

” အေး ပြန်တော့မယ်လေ … နေမြင့်နေပြီဟ “

ပစ်တိုင်းထောင်တို့ မဏ္ဍပ်ထဲကနေထွက်ကာ လှည်းဆီကိုပြန်လာတော့ မိကဲက အနောက်ကနေ လိုက်လာကာ လက်ကို အနောက်ပစ်ထားရင်း မေးသည်။ ပစ်တိုင်းထောင်က လှည်းပေါ်က အရင်တက်လိုက်ရင်း ‌‌ပြန်ဖြေလိုက်တော့ မိကဲက အပြုံးကြီးကြီးပြုံးသည်။

” ပြန်တော့မယ်ဆိုတော့ မိကဲက ကိုပစ်တိုင်းထောင်နဲ့ ကိုဒင်္ဂါးတို့ကို လက်ဆောင်ထည့်ပေးချေဦးမယ် “

” ဟေ . ဘာတုံး “

အနားကိုပြေးလာတဲ့ မိကဲက ပစ်တိုင်းထောင်ကို လှည်းပေါ်ကနေ ဆွဲချသည်။ ရုတ်တရက်မလို့ ပစ်တိုင်းထောင်လည်း ဘာမှမသိလိုက်ပဲ မိကဲက ပစ်တိုင်းထောင်ရဲ့ ပါးနှစ်ဖက်ကို အိုးမဲတွေနဲ့ သုတ်ချလိုက်ပြီဖြစ်သည်။

” ဟာ မိကဲ … နင်တော့လား “

” မှတ်ပြီလား . မနေ့က မိကဲကို ခေါင်းခေါက်ထားတာ “

ပစ်တိုင်းထောင်က မိကဲကို ဘာမှဆက်မပြောတော့ပဲ မျက်စောင်းတစ်ချက်သာ နာနာထိုးလိုက်‌တော့သည်။

” အေး အေး … ညည်းတွေ့မယ် . သွားတော့မယ် . လှည်းပေါ်တက် ရွှေဒင်္ဂါး “

” ဟာ နေပါဦး … “

” ဟဲ့ ဟဲ့ … ဘာလုပ်ကြတာတုန်း “

ဒင်္ဂါးက လှည်းပေါ်တက်ဖို့ ကြံနေတုန်း အနောက်ကနေ မိကဲကလှမ်းဆွဲကာ မဏ္ဍပ်ထဲကနေ ဘမော်က ပြေးထွက်လာပြီး ရွှေဒင်္ဂါးမျက်နှာကို အိုးမဲတွေ ဝိုင်းသုတ်တော့သည်။ ရွှေဒင်္ဂါးက လူအုပ်ကြားထဲ ရောက်သွားတာမလို့ ပစ်တိုင်းထောင်မှာ လှမ်းဆွဲလည်းမမှီ။ ဘမော်က စလုပ်လိုက်တော့ ကလေးတွေကပါ ရောက်လာပြီး ရွှေဒင်္ဂါးကို မှီရာ အိုးမဲဝိုင်းသုတ်ကြတော့သည်။ နဂိုကတည်းက ရွှေဒင်္ဂါးက သေးသေးကွေးကွေးရယ်မလို့ လူအုပ်ကြားထဲပျောက်သွားတာကြောင့် ပစ်တိုင်းထောင်မှာ မနည်းဆွဲထုတ်ရသည်။

” ဘာလုပ်ကြတာလဲ … ဒီမှာ တစ်ကိုယ်လုံး ပေတူးနေပြီလေ “

ပစ်တိုင်းထောင်လက်ထဲကို ပြန်ရောက်လာတဲ့ ရွှေဒင်္ဂါးက ဆံပင်တွေကလည်း ရှုပ်ပွနေပြီး ဝတ်ထားတဲ့ အင်္ကျီမှာလည်း အိုးမဲတွေ မဲတူးနေသည်။ အကုန်လုံးက ဝိုင်းသုတ်ထားကြတာမလို့ မျက်နှာပြင်ထက်မှာက ပိုဆိုးသည်။ မျက်လုံးလေးနှစ်လုံးနဲ့ သွားလေးပဲ မြင်ရသည်အထိ အိုးမဲတွေ မဲတူးနေတာကြောင့် ပစ်တိုင်းထောင် ဒေါသထွက်သွားသည်။

” တော်ရုံတန်ရုံပဲကောင်းတယ်နော် မိကဲ … နင်တို့လုပ်ထားတာကို ကြည့်ဦး … နင်တို့တွေ ဒီလောက်ကြီး လုပ်စရာလား … တစ်ကိုယ်လုံးလည်း ပေကျံနေပြီ “

ပစ်တိုင်းထောင်ရဲ့ ဒေါသတကြီး အော်ဟစ်သံကြောင့် ရွှေဒင်္ဂါးကို အိုးမဲဝိုင်းသုတ်ကြတဲ့ မိကဲတို့အုပ်စုက ခေါင်းလေးတွေငုံ့လို့ ငြိမ်သက်သွားသည်။

” အိုးမဲသုတ်ပြီး စနောက်ကြတာကို အပြစ်မပြောဘူး . တစ်ဖက်သားကို အလွန်အကြူးလုပ်တာ ကောင်းသလား . ဟမ် … သွားမယ် ရွှေဒင်္ဂါး … လှည်းပေါ်တက် “

မိကဲတို့အုပ်စုက မျက်နှာငယ်လေးတွေနဲ့ တစ်သံမှ ထွက်မလာတဲ့အခါ ပစ်တိုင်းထောင်က ရွှေဒင်္ဂါးကို နွားလှည်းပေါ် တွန်းတင်လိုက်သည်။ ခွေးပုနဲ့ ကိုချက်ကြီးကလည်း ပစ်တိုင်းထောင် ဒေါသထွက်နေမှန်းသိတာကြောင့် အသံမထွက်ပဲ အနောက်ကနေလိုက်တက်ကာ သူကြီးအိမ်သာ ပြန်လာကြတော့သည်။

” ဒီလောက် အိုးမဲတွေ ဝိုင်းသုတ်နေကြတာ ခင်ဗျားက ငြိမ်ခံနေစရာလား … နည်းနည်းပါးပါးလေးလည်း တားမှပေါ့ ”

အိမ်ပြန်ရောက်တဲ့အထိ အသံမထွက်တဲ့ ရွှေဒင်္ဂါးကို ပစ်တိုင်းထောင်က အိမ်ဘေးက ရေတုံကင်ဘက်ကို ဆွဲခေါ်လာလိုက်သည်။ နေမွန်းတဲ့ချိန်ရောက်ပြီမလို့ ဖုန်ပြန်ထလာတာကြောင့် ရေစိုနေတဲ့ ရွှေဒင်္ဂါးခေါင်းပေါ်မှာလည်း ဖုန်တွေဖွေးနေသည်။ ရွှေဒင်္ဂါးပုံစံကိုကြည့်ရင်း ပစ်တိုင်းထောင်မှာ ဒေါသထွက်နေရာကနေ ရယ်ချင်စိတ်ဖြစ်လာပေမယ့် မကောင်းတတ်တာကြောင့် အောင့်ထားလိုက်သည်။

” မိကဲတို့က ဝိုင်းစကြတာ‌ပါ … နှစ်တိုင်းလည်း အခုလိုလုပ်ကြပေမယ့် ဒီတစ်ခါလောက်တော့ မများဘူး “

” အေး . ခင်ဗျားပဲ ဝိုင်းစတယ်ဆိုပြီး သည်းခံနေလိုက် … ရော့ မျက်နှာအရင်သစ် “

ပစ်တိုင်းထောင်က ရေတစ်ခွက်ခပ်ရင်း ရွှေဒင်္ဂါးကို ကမ်းပေးလိုက်သည်။ အိုးမဲတွေမှာ ဆီတွေပါတာကြောင့် မျက်နှာက အိုးမဲတွေက တော်ရုံနဲ့မပြောင်။ လည်ပင်းတွေထိပါ ပေနေတာကြောင့် ပစ်တိုင်းထောင်က ရေတစ်ခွက်ပြီးတစ်ခွက်ခပ်ရင်း ရွှေဒင်္ဂါးပေါ်ကို လောင်းချပေးနေလိုက်သည်။

” ဟာ … ပစ်တိုင်းထောင် … အိုးမဲတွေ ဆေးကူနေတာလား ကျွန်တော့်ကို တစ်ကိုယ်လုံး ရေလောင်းနေတာလား “

” အိုးမဲတွေ ဆေးပေးနေတာပါ . အဟား … “

” ဘာရယ်တာလဲ . ဘာရယ်တာလဲ ပစ်တိုင်းထောင် “

မျက်နှာမှာလည်း အိုးမဲအကြွင်းအကျန်တွေ ရှိနေသေးတာကြောင့် ပစ်တိုင်းထောင်ကို ရန်တွေ့နေတဲ့ ရွှေဒင်္ဂါးကိုကြည့်ကာ မထိန်းနိုင်ပဲ ရယ်ချမိလိုက်တော့သည်။ ရယ်လိုက်တော့မှသာ ပိုလို့ပင် မျက်နှာဆူပုပ်သွားတဲ့ ရွှေဒင်္ဂါးက လက်ထဲက ရေဖလားနဲ့ ပစ်တိုင်းထောင်ကို ရိုက်မလို့ရွယ်သည်။

” ဟာ ရွှေဒင်္ဂါး … ခင်ဗျား ကျုပ်ကို အဲ့တာ ရိုက်မလို့ရွယ်နေတာလား “

ဘာမှပြန်မဖြေတဲ့ ရွှေဒင်္ဂါးမျက်နှာက ရှုတည်တည်ရယ်။ ပစ်တိုင်းထောင်က ရွှေဒင်္ဂါးကို အပီအပြင်အော်ထုတ်ဖို့ မောင်းတင်ရင်း ပုဆိုးကို မ,ကာ ခါးထောက်လိုက်သည်။

” ဒီမယ် ရွှေဒင်္ဂါး … ဟာ “

” ဟား ဟား … အဟား . မှတ်ပြီလား . ကျွန်တော့်ကို ရေလောင်းတာ “

မပြောမဆိုနဲ့ ရွှေဒင်္ဂါးက ပစ်တိုင်းထောင်ကို ရေနဲ့ ပက်ချလိုက်တာကြောင့် ပစ်တိုင်းထောင်မှာ ပြောမယ့်စကားတောင် တစ်ဝက်တစ်ပြတ်။ သူပဲရေနဲ့ပက်ပြီး သူပဲရယ်နေတာကြောင့် ပစ်တိုင်းထောင်လည်း တစ်ဖက်ရေတုံကင်ထဲက အုန်းမုန့်ခွက်ကို ကောက်ကိုင်လိုက်သည်။

” တွေ့မယ် တွေ့မယ်… ရွှေဒင်္ဂါး “

” ဟာ ပစ်တိုင်းထောင် … ပြန်မပက်နဲ့လေ “

” အံမယ် … ခင်ဗျားကလည်း အရင်ပက်သေးတယ် ရွှေဒင်္ဂါး … ကျုပ်ကို ဘာမှတ်နေတုန်း . လာစမ်း “

ပစ်တိုင်းထောင်က အုန်းမုန့်ခွက်နဲ့ ရွှေဒင်္ဂါးကို ရေပက်နေရတာ အားမရစွာ ဘေးနားမှာရှိတဲ့ ရေပုံးကိုပါဆွဲယူပြီး ခေါင်းပေါ်ကနေ လောင်းချပစ်လိုက်သည်။

” ပစ်တိုင်းထောင် … ပုံးလိုက်ကြီးလောင်းချတာ … တွေ့မယ် . တွေ့မယ် “

နှစ်ယောက်သား ခြံဘေးမှာ အပြန်အလှန် အပြိုင်အဆိုင် ရေပက်ရင်း ဆူညံသွားတော့သည်။ မရပ်မနားတန်း ဆက်တိုက်ပက်နေကြတာမလို့ ပစ်တိုင်းထောင်ရော ဒင်္ဂါးရော ကြွက်စုတ်ကလေးတွေလိုမျိုး ဖြစ်နေကြပြီဖြစ်သည်။

” ကလေးတွေကျနေတာပဲကွယ် “

” ဟုတ်ပါ့ အဘရယ် … မောင်ငယ်နဲ့ အငယ်ကတော့လေ “ 

ခြံရှေ့ကနေ ပစ်တိုင်းထောင်နဲ့ ဒင်္ဂါးကိုကြည့်ရင်း အဘနဲ့ အစ်မငွေမှုန်ကတော့ သဘောကျလို့ ခေါင်းတရမ်းရမ်း။ အိမ်ဘေးမှာ အချင်းချင်း ရေပက်တမ်းကစားနေကြတဲ့ နှစ်ယောက်ကတော့ တော်တော်နဲ့ပင် မပြီးစီးတော့ပါ။

>>>>>>>>>>

ဝေါ … ဂျိမ်း . ဂျိမ်း

ညပိုင်းမှာ မိုးက မထင်မှတ်ထားပဲ သဲကြီးမဲကြီးရွာချတာကြောင့် ဒင်္ဂါးက ပစ်တိုင်းထောင်ဖွင့်ထားတဲ့ ပြတင်းပေါက်တွေကို လိုက်ပိတ်ရသည်။ ဖက်ဆွတ်ရေတိုး သင်္ကြန်မိုးဆိုသကဲ့သို့ ဖက်စို‌ရုံလောက်သာ မိုးရွာတာမဟုတ်ပဲ အညှိုးတကြီး ရွာချနေတဲ့မိုးကြောင့် ပတ်ဝန်းကျင်တစ်ခွင်ကလည်း မဲမှောင်နေသည်။ လေကလည်း ထန်နေတာမလို့ ဒင်္ဂါးတို့ခြံရှေ့က ပိတောက်ပင်နဲ့ သရက်ပင်တို့ကလည်း ယိမ်းထိုးနေသည်။

ဝုတ် ဝုတ် …

အိမ်အောက်ထပ်မှာလည်း မိစွာနဲ့ မိုက်မိုက်စန်းရဲ့ ဟောင်သံကို ကြားနေရသည်။ မိုးကသည်းလွန်းပြီး ဆက်တိုက်ခြိမ်းနေတာကြောင့် မိစွာနဲ့ မိုက်မိုက်စန်းတို့ကိုပါ အိမ်ထဲခေါ်သွင်းထားရသည်အထိ။

” ခင်ဗျားက မအိပ်သေးဘူးလား ရွှေဒင်္ဂါး “

” အိပ်တော့မှာပါ … ပြတင်းပေါက်တွေ လိုက်ပိတ်နေတာကို “

မိစွာနဲ့ မိုက်မိုက်စန်းကို ကလူပြီး အခုမှ အပေါ်တက်လာတဲ့ ပစ်တိုင်းထောင်က အပေါ်ရောက်တာနဲ့ ဒင်္ဂါးကို ဆီးဟောက်တော့သည်။ နှစ်ယောက်သား နေ့လယ်က ရေဆော့တာကြာပြီး ညပိုင်းမှာလည်း မိုးအေးနေတာကြောင့် အနွေးထည်အပါးကိုယ်စီနဲ့။

” သင်္ကြန်မိုးရွာတာထင်တယ် … မိုးကလည်း သည်းပါ့ “

ဒင်္ဂါးအသင့်ထောင်ပေးထားတဲ့ ခြင်ထောင်ကိုချရင်း ပစ်တိုင်းထောင်ကပြောသည်။ ဒင်္ဂါးလည်း ခေါင်းညိတ်လိုက်ပြီး ပြတင်းပေါက်တွေကိုလည်း ပိတ်ပြီးပြီမို့ အိပ်ရာဝင်ဖို့ပြင်လိုက်သည်။

” စောင်ထပ်ထုတ်ပေးရဦးမလား ပစ်တိုင်းထောင် … ‌စောင်ကပါးတော့ အေးမလား “

” နေပါ … “

အိပ်ချင်တော့လည်း သူပဲ။ ဒင်္ဂါးကို တစ်ခွန်းထဲသာပြောပြီး ခြင်ထောင်ထဲဝင်သွားတဲ့ ပစ်တိုင်းထောင်က စောင်ခြုံလို့ ကွေးနေပြီဖြစ်ကြောင်း ခြင်ထောင်အပြင်ဘက်ကနေ ဒင်္ဂါးမြင်နေရသည်။

” ကောင်းသောညပါ . ပစ်တိုင်းထောင် “

ပစ်တိုင်းထောင်က ပြန်မဖြေတာကြောင့် ဒင်္ဂါးလည်း ခြင်ထောင်ထဲဝင်ပြီး သေသေချာချာခေါက်ထားတဲ့ စောင်ကို ဆွဲခြုံလိုက်သည်။ အိပ်ရာပေါ်မှာလှဲရင်း အပြင်ဘက်မှာ လေတိုက်နေသံနဲ့ မိုးရွာနေသံတွေကို မအိပ်ခင် နားစွင့်နေလိုက်သည်။

” အင်း . ကောင်းသောည ရွှေဒင်္ဂါး “

ဒင်္ဂါးနားထဲမှာ ကြားလိုက်ရတဲ့ ပစ်တိုင်းထောင်ရဲ့ အသံကြောင့် မှိတ်ထားတဲ့ မျက်လုံးတွေက ပြန်ပွင့်လာသည်။ ခေါင်းကိုစောင်းလိုက်ရင်း ပစ်တိုင်းထောင်ဘက်ကို လှည့်ကြည့်တော့ ဒင်္ဂါးကို ကျောပေးထားတဲ့ ပစ်တိုင်းထောင်က မလှုပ်မယှက်။ ဒင်္ဂါးလည်းခေါင်းကို ပြန်လှည့်လိုက်ရင်း မြင်နေရတဲ့ အိမ်ခေါင်မိုးကိုသာ ကြည့်နေလိုက်ပြီး နှုတ်ခမ်းကလည်း ပြုံးလိုက်မိကာ သိပ်မကြာခင် အိပ်မောကျသွားတော့သည်။

>>>>>>>>>>

ဆက်ရန်
Yellowish_One 💛
(၁၅-၄-၂၀၂၄)

ညကျရင်နောက်တစ်ပိုင်း ထပ်ပြီးupdateရှိပါမယ်

Tags: read novel Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၁၁), novel Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၁၁), read Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၁၁) online, Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၁၁) chapter, Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၁၁) high quality, Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၁၁) light novel, ,

Comment

Leave a Reply

Chapter 21