Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၁၃)

A+ A-

” သမီးတို့ ခန့်မှန်းကြည့် … ကိုကိုကြီးနဲ့ မမကြီးသာရောက်လာရင် ဖေ ဖျားနေလို့ ရွှေဒင်္ဂါးတို့ကို မကောင်းဆိုမယ်လို့ထင်လား “

ဝုတ် ဝုတ် ~

” အင်းလေ . ဘယ်ထင်ပါ့မလဲနော့ . ဖေကြီးဘာသာ ကမြင်းလို့ဖြစ်တာကို … သမီးတို့လည်း သက်သေရှိတယ်ဟုတ် “

မိစွာနဲ့ မိုက်မိုက်စန်းက ပစ်တိုင်းထောင်ဘေးမှာ လျှာကလေးတစ်လစ်။ မနက်ခင်းအစောကတည်းက သူကြီးတို့မိသားစုနဲ့ ခွေးပုက ကိုကိုကြီးနဲ့ မမကြီးကိုကြိုဖို့ ရွာထိပ်ထွက်သွားကြတာဖြစ်သည်။

ပစ်တိုင်းထောင်ကိုတော့ ဖျားနေတာကြောင့် လေစိမ်းတိုက်ရင် ပိုဆိုးမယ်ဆိုကာ ရွှေဒင်္ဂါးက အိမ်မှာထားရစ်ခဲ့သည်။ တစ်ယောက်တည်း အပေါ်ထပ်မှာ နေခဲ့ရတာ ပျင်းတယ်ပြောလိုက်တော့ ရွှေဒင်္ဂါးက မိစွာနဲ့ မိုက်မိုက်စန်းကိုပါခေါ်လာပြီး အခန်းထဲ ထည့်ပေးခဲ့တာဖြစ်သည်။

မနေ့က မိစွာနဲ့ မိုက်မိုက်စန်းကပါ ပစ်တိုင်းထောင်နဲ့အတူ ရွှံ့လူးတဲ့အထဲ ပါတာမလို့ အိမ်ပြန်ရောက်တော့ ရွှေဒင်္ဂါးက ရေသေချာချိုးပေးထားသည်။ သန့်ပြန့်နေတာကြောင့်လည်း ရွှေဒင်္ဂါးက အိပ်ခန်းထဲထိ အသာတကြည် လွှတ်ပေးထားတာဖြစ်သည်။ ရေချိုးထားတဲ့ မိစွာနဲ့ မိုက်မိုက်စန်းဆီကလည်း အခုထိတိုင် ရွှေဝါဆပ်ပြာခဲနံ့က သင်းသင်းမွှေးနေသေးသည်။

” ကိုကိုကြီးတို့ကလည်း မရောက်သေးဘူးလား မသိပါဘူး … ရွှေဒင်္ဂါးတို့ကလည်း ပြန်ရောက်မလာသေးဘူး “

‌ပစ်တိုင်းထောင်က ရွှေဒင်္ဂါးရဲ့အခန်းပြတင်းပေါက်ကနေ မြင်နေရတဲ့ ခြံဝကို လည်ပင်းတဆန့်ဆန့် လှမ်းမျှော်ကြည့်မိသည်။ မျှော်ကာမှ ပိုကြာဆိုသလို ကိုကိုကြီးတို့ကို သွားကြိုတဲ့ နွားလှည်းလေးကလည်း တော်တော်နဲ့ပင် ရောက်မလာနိုင်။

” မျှော်သာမျှော် ပေါ်မလာ … မျှော်တော်ယောင် မျှော်တော်ယောင် … “

ပစ်တိုင်းထောင် ပါးစပ်ထဲရှိရာကို သီချင်းစပ်ဆိုလိုက်ရင်း လက်တွေကလည်း တစ်ဖက်တစ်ချက်စီမှာ အိပ်နေကြတဲ့ မိစွာနဲ့ မိုက်မိုက်စန်းကို ပွတ်သပ်ပေးနေလိုက်သည်။ မျက်လုံးတွေကလည်း အသေအချာ ပိတ်ထားခဲ့တဲ့ ခြံတံခါးကို အကြည့်မပြတ်။

” ဟဲ့နွား … ဟဲ့ ဟဲ့ . ဒီဘက်ကိုကွေ့ “

မကြာခင်မှာပဲ ကြားလိုက်ရတဲ့ သာထင့်အသံကြောင့် ပစ်တိုင်းထောင် ခေါင်းလေးဆတ်ခနဲ ဖြစ်သွားသည်။ အိပ်ရာပေါ်မှာ စောင်လေးခြုံလို့ ထိုင်နေရာကနေ ခပ်သွက်သွက်ထလိုက်ရင်း ပြတင်းပေါက်ဆီကို ပြေးသွားလိုက်သည်။ မော်တော်ကားသံကိုကြားလိုက်တဲ့ မိစွာနဲ့ မိုက်မိုက်စန်းကလည်း ပစ်တိုင်းထောင်နည်းတူ ပြတင်းပေါက်နားမှာ အသံပေးလို့ ခုန်ပေါက်နေတော့သည်။

” ဒင်္ဂါးရေ … ခြံတံခါးလေး ဆင်းဖွင့်ချေဦး “

ရွှေဒင်္ဂါးကို ခိုင်းနေတဲ့ သူကြီးရဲ့အသံကိုလည်း အပေါ်ထပ်ကနေ ပစ်တိုင်းထောင် အတိုင်းသား ကြားနေရသည်။ ရွှေဒင်္ဂါးက လှည်းပေါ်ကနေဆင်းပြီး ခြံတံခါးကို ခပ်သွက်သွက်ဖွင့်သည်။ ခြံတံခါးပွင့်သွားတော့ ခြံထဲမောင်းဝင်လာတဲ့မော်တော်ကားကို တွေ့လိုက်ရတာကြောင့် ပစ်တိုင်းထောင်မျက်လုံးတွေ လက်ခနဲဖြစ်သွားသည်။

” မမကြီး … ကိုကိုကြီး … ကျွန်တော်ဒီမှာ ”

အိမ်‌အပေါ်ထပ်ကနေ အားရပါးရလှမ်းအော်ရင်း လက်ဝှေ့ရမ်းပြလိုက်တော့ ကိုကိုကြီးနဲ့ မမကြီးက ပစ်တိုင်းထောင်ရှိရာကို ဆတ်ခနဲ မော့ကြည့်လာသည်။ ကိုကိုကြီး ပစ်တိုင်းထောင်ကို ခေါင်းသာညိတ်ပြပေမယ့် မမကြီးကတော့ ပစ်တိုင်းထောင်ကို ပြန်ပြုံးပြရင်း လက်ဝှေ့ရမ်းပြသည်။ မတွေ့ရတာကြာပြီမလို့ ပိုလို့ပင်လှလာတဲ့ မမကြီးက မျက်နှာဖူးဖူးလေးထက်မှာ အပြုံးလှလှလေးတွေက ပနံသင့်လွန်းလှသည်။

” မောင်ငယ် … “

မမကြီးက ကားပေါ်ကဆင်းရန်ပြင်တော့ ကိုကိုကြီးက မမကြီးလက်ကိုလှမ်းကိုင်လို့ အပြင်ထွက်စေသည်။ မမကြီးကတော့ ပစ်တိုင်းထောင်ရှိရာကိုပဲ မော့ကြည့်ရှာရင်း မျက်ရည်စလေးတွေ ဝဲလာသေးတာမလို့ လက်ထဲက လက်ကိုင်ပဝါစလေးနဲ့ ပင့်သုတ်နေသေးသည်။

ပစ်တိုင်းထောင်က အိမ်အပါ်ထပ်ကနေ ခပ်သွက်သွက်ပြေးဆင်းလိုက်သည်။ အိမ်အပေါ်ထပ်ကနေ တဒုန်းဒုန်းပြေးဆင်းလာတဲ့ ပစ်တိုင်းထောင်အနောက်မှာ မိစွာနဲ့ မိုက်မိုက်စန်းကလည်း ထပ်ကြပ်မကွာ လိုက်ပါလာသည်။

” မမကြီး … “

အောက်ထပ်ကိုလည်းရောက်ရော ပစ်တိုင်းထောင်က မမကြီးကို အားရပါးရ ပြေးဖက်လိုက်မိသည်။ အင့်ခနဲပင် ဖြစ်သွားရှာတဲ့ မမကြီးက ပစ်တိုင်းထောင်ကို အပြစ်စကား တစ်ခွန်းပင်မဆိုပဲ ခပ်ဖွဖွရယ်လို့ ပစ်တိုင်းထောင်ကို ပြန်လည်ထွေးဖက်လာသည်။

” ဖျားနေတယ်ဆို မောင်ငယ် … ကြည့်ပါဦး . တစ်ကိုယ်လုံးလည်း နွေးနေတာပဲ . မမကြီးကို အပူရှိန်တောင်ဟပ်တယ် “

” သက်သာနေပါပြီ မမကြီးရဲ့ … ရွှေဒင်္ဂါးက မနေ့ညတုန်းက ကျွန်တော့်ကို တစ်ညလုံး ရေပတ်ဝတ်တိုက်ပေးပါတယ် “

ပစ်တိုင်ထောင်က မမကြီးကိုပြောလိုက်ရင်း ရွှေဒင်္ဂါးကို ငဲ့ကြည့်လိုက်တော့ ခပ်ဖွဖွ‌ပြုံးပြလာတဲ့ ရွှေဒင်္ဂါးက ခေါင်းလေးငုံ့သွားသည်။

” ကိုကိုကြီး ကျွန်တော့်အတွက် ဘာပါလဲ ”

မမကြီးပခုံးကို ဖက်ထားရင်း ပစ်တိုင်းထောင်က ကိုကိုကြီးကိုမေးတော့ ကိုကိုကြီးဆီကနေ ခပ်တည်တည်အကြည့်တစ်ချက်ကို လက်ခံရရှိလိုက်သည်။ ပြီးကာမှ လက်တစ်ဖက် နောက်ပစ်ထားတဲ့ ကိုကိုကြီးက ပစ်တိုင်းထောင်ကို လက်သီးထောင်ပြလာတာမလို့ ပစ်တိုင်းထောင်မျက်နှာကြီး ရှုံ့မဲ့သွားသည်။ သဘောကတော့ ဘာမှမပါလာပေမယ့် လက်သီးတော့ ပါလာတယ်ဆိုတဲ့သဘော။

” မောင်‌ငယ့်ကို စနောက်မနေတော့နဲ့ ကိုကိုကျော် “

မမကြီးက ကိုကိုကြီးကို မျက်စောင်းလေးခဲလိုက်တော့မှ ကိုကိုကြီးက တဟားဟားရယ်တော့သည်။

” ဟမ် … ဧည့်သည်ပါလာတာလား ကိုကိုကြီး “

ပစ်တိုင်းထောင်က ကိုကိုကြီးနဲ့ မမကြီးကိုသာ အလွမ်းသယ်နေတာကြောင့် ကားပေါ်မှာ လူပိုတစ်ယောက်ပါလာတာကို သတိမထားမိခဲ့ပေ။ အခုမှသာ ကားပေါ်ကဆင်းလာတဲ့လူကို မြင်မိတာကြောင့် ပစ်တိုင်းထောင် အကဲခတ်နေလိုက်သည်။

” ကိုကိုကြီးရဲ့ ကိုယ်ရေးအရာရှိလေ ညီငယ်ရဲ့ … ပိတ်ရက်ရတုန်း တစ်ခါတည်း ခေါ်လာခဲ့တာ “

” ကိုကိုကြီးနားမှာ အရင်က မတွေ့ဖူးပါဘူး “

” မင်းမျိုးက နယ်ပြောင်းလာတာ မကြာသေးဘူးကွ “

မင်းမျိုးဆိုတဲ့လူက ရည်ရည်မွန်မွန်ရှိပြီး မျက်နှာထားကလည်း တည်တည်ကြည်ကြည်ပဲ ဆိုရမည်။ ကိုကိုကြီးက မိတ်ဆက်ပေးတော့ ထိုလူက ပစ်တိုင်းထောင်ကို ပြုံးပြလာတာကြောင့် ပစ်တိုင်းထောင်လည်း ခေါင်းညိတ်ပြပြီး အသိအမှတ်ပြုလိုက်သည်။

” မြို့အုပ်မင်းတို့ အိမ်ရှေ့ကြီးမှာ နေပူကပူနဲ့ … အထဲဝင်ပြီး နားပါဦးလား “

” ရော် . ဟုတ်ပါ့ သူကြီးရယ် … ပစ်တိုင်းထောင်က အမျိုးသမီးကို ချွဲနေတာနဲ့ပဲ အိမ်ထဲဝင်ဖို့ မေ့နေတယ် . အဟား … ကဲ . ကဲ အိမ်ထဲဝင်ကြတာပေါ့ “

ကိုကိုကြီးတို့သုံးယောက်က သူကြီးနဲ့အတူ အိမ်ထဲဝင်သွားတဲ့အခါ ရွှေဒင်္ဂါးနဲ့ အစ်မငွေမှုန်ကပါ အနောက်ကနေ လိုက်သွားတာမလို့ အိမ်ရှေ့မှာ ပစ်တိုင်းထောင်နဲ့ ခွေးပုရယ်၊ နွားလှည်းမောင်းတဲ့ သာထင်ရယ်သာ ကျန်ရစ်ခဲ့သည်။

” မတွေ့တာကြာပေါ့ သာထင် ”

ပစ်တိုင်းထောင်နဲ့ သာထင်နဲ့က‌လည်း တွေ့လိုက်ရင် တစောင်းစေးနဲ့ မျက်ချေးရယ်ပေမယ့် မတည့်တာတော့လည်းမဟုတ်။ တွေ့တာနဲ့ ကြက်ဖတွေလိုမျိုး ခွပ်နေကြဆိုတော့ အခုတလော ခွပ်စရာသာထင်က မရှိတာကြောင့် ပစ်တိုင်းထောင် တွေ့တုန်း သတိတရမေးလိုက်ခြင်းဖြစ်သည်။

” ကန်ကြီးရွာမယ် အမျိုးဆုံးလို့လေ … အမေနဲ့သွားတာ … အမျိုးတွေက မစုံတာနဲ့ ရက်လည်က တစ်လလောက်ဆိုတော့ ကြာသွားတာပေါ့ “

” အော် အဲ့သလို . ဒါဖြင့်ရင် ကြုံတုန်း အထုပ်တွေ ကူချပေးသွားချေ … ခွေးပုရော ကူပေးလိုက် ”

ပစ်တိုင်းထောင်ရဲ့ ခိုင်းတတ်လွန်းတဲ့ ပါးစပ်လေးက ခိုင်းချင်ရာခိုင်းပြီး အိမ်ထဲကို ချာခနဲ လှည့်ဝင်သွားတာကြောင့် အနောက်မှာ ခွေးပုနဲ့ သာထင်က မျက်နှာကြီးမဲလို့ ကျန်ရစ်နေခဲ့သည်။

” ခွေးနှစ်ကောင်ကလည်း ခွေးပိုင်ရှင်လိုမျိုး အချိုးကို ပြေမနေဘူး “

သာထင်က သခင်ကို မမဲရတဲ့အခါ လှည်းအောက်ကနေပြီး လှည်းပေါ်ကသာထင်ကိုကြည့်ကာ တဂီးဂီးလုပ်နေတဲ့ မိစွာနဲ့ မိုက်မိုက်စန်းကိုသာ မျက်စောင်းခပ်နာနာထိုးလိုက်သည်။ လှည်းပေါ်ကနေ အောက်ကိုဆင်းပြန်ရင်လည်း မိစွာနဲ့ မိုက်မိုက်စန်းနဲ့က သာထင်တို့ တစ်ပွဲတစ်လမ်းရယ်မလို့ လှည်းပေါ်ကနေပဲ အထုပ်တွေကို ခွေးပုဆီကမ်းပေးရတော့သည်။

” ဘယ်လိုဖြစ်လို့ အဖျားက မကျရသလဲ မောင်ငယ်ရယ် … မမကြီးဖြင့် စိုးရိမ်လိုက်ရတာ … အခုရော ဘယ့်နှယ့်နေသလဲ . မှန်းစမ်း “

အိမ်အတွင်းထဲက ကွပ်ပျစ်ပေါ်မှာထိုင်ရင်း မမကြီးက စိုးရိမ်မကင်း မျက်နှာလေးနဲ့ ပစ်တိုင်းထောင်နဖူးကို လက်ဖဝါးနဲ့ကပ်လို့ စမ်းသပ်သည်။ ကိုကိုကြီးကတော့ သူကြီးနဲ့စကားပြောနေရင်း ရေနွေးကြမ်းကို တစ်ငုံပြီးတစ်ငုံသောက်နေသည်။ ရွှေဒင်္ဂါးကတော့ ယပ်တောင်လေးတစ်ချောင်းကိုင်လို့ ကိုကိုကြီးနဲ့ မမကြီးကို ယပ်ခတ်ပေးနေပြီး အစ်မငွေမှုန်ကတော့ အိမ်ရှေ့ခန်းနဲ့ အိမ်နောက်ဖေးကို အခေါက်ခေါက်ကူးလူးရင်း ပြင်ဆင်ထားတဲ့ ရိုးရာမုန့်တွေကို တစ်ခုပြီးတစ်ခု ချပေးသည်။

” ကျွန်တော်ဘယ်လိုဖျားသလဲ လမ်းမယ် ရွှေဦင်္ဂါးက မပြောပြဘူးလား “

မမကြီးကိုပြောရင်း ပစ်တိုင်းထောင်က ရွှေဒင်္ဂါးဘက်ကို လှည့်ကြည့်လိုက်တော့ သူပြောထားပါတယ်ဆိုတဲ့ ပုံစံလေးနဲ့ ခေါင်းတခါခါ။

” မောင်ငယ်လေးက ပြောပါတယ် မောင်ငယ်ရယ် … မမကြီးက မောင်ငယ် ကိုယ်တွေပူနေသေးတော့ စိတ်ပူလို့ပါ . ဆေးလည်း မသောက်ဘူးဆို “

” ဆန်ပြုတ်တော့သောက်ပါတယ် “

” ခက်ပါ့ မောင်ငယ်ရယ် “

မမကြီးက ပစ်တိုင်းထောင်အကြောင်း သိသူပီပီ ခပ်ဖွဖွ သက်ပြင်းချသည်။

” ဒါနဲ့နေပါဦး … ဒီကနေ့မှ သင်္ကြန်အတက်နေ့ မဟုတ်လား … ကိုကိုကြီးနဲ့ မမကြီးတို့က ရေအပက်မခံလာရဘူးလား . ရေလည်း စိုမလာဘူး “

ပစ်တိုင်းထောင် မေးပုံက ဂျစ်တစ်တစ်။ ပြောပုံက မသိရင် သူ့တို့ကို ရေစိုစေချင်သည့်နှယ်။ ကိုကိုကျော်နဲ့ မင်းမျိုးကတော့ သူကြီးနဲ့ စကားပြောနေရင်းက လှည့်သာကြည့်လာပြီး ခင်ခင်ကတော့ ခပ်သဲ့သဲ့ကလေး ရယ်လိုက်မိသည်။

” ပစ်တိုင်းထောင်ရယ် … မင့်အစ်ကိုတို့က တော်တန်ရုံဧည့်သည်မှ မဟုတ်ပဲကွယ် … မြို့အုပ်မင်းနဲ့ မြို့အုပ်ကတော်တို့လေ … ဘယ်သူက ရဲတင်းပြီး ရေပက်‌ရဲမှာတုန်း “

” ဟမ့် . မရပါဘူး … ကိုကိုကြီးနဲ့ မမကြီးကို ကျုပ်ကိုယ်တိုင် ရေလောင်းဦးမှာ “

ဦးမင်းငွေက ရှင်းပြပေမယ့် ပစ်တိုင်းထောင်ကတော့ မြို့အုပ်မင်းတို့ လင်မယားကို ရေလောင်းမယ်တကဲကဲ။ လူကသာ နေမကောင်းလို့ ငြိမ်နေရပေမယ့် နေသာကောင်းရင် မြို့အုပ်မင်းတို့ ရွာကိုရောက်ကတည်းက အရှေ့ဆုံးကနေ ရေလောင်းမည့်သဘောရှိသည်။

” မြို့အုပ်မင်းတို့ နားမယ်ဆိုရင် အရင်နားလို့ရပါတယ် … အခန်းပြင်ထားပါတယ် “

” ဟမ့် … နေပါဦး … အခန်းလွတ်လည်း မရှိပဲနဲ့ ဘယ်အခန်းအားလို့လဲ “

သူကြီးစကားကို ပစ်တိုင်းထောင်က ပက်ခနဲပြန်မေးတော့ ယပ်တောင်လေးကိုင်ထားတဲ့ ရွှေဒင်္ဂါးက ပစ်တိုင်းထောင်က နှုတ်ခမ်းတင်းတင်းစေ့ရင်း မျက်လုံးပြူးပြသည်။ ပစ်တိုင်းထောင်ကလည်း နားမလည်တာကြောင့် ရွှေဒင်္ဂါးကိုသာ ပူးတူးပြဲတဲ ပြန်စိုက်ကြည့်လိုက်သည်။

” အမှန်ပြောတာလေ … ကိုကိုကြီးနဲ့ မမကြီးရယ် . ပြီး‌တော့ ဟောဒီ့ကလူရယ်ကို အိမ်ခေါ်မိုးပေါ် တင်ထားမလို့လား “

ပစ်တိုင်းထောင်စကားက မမကြီးကရယ်သည်။ မင်းမျိုးကတော့ တကယ်ကြီးခေါင်မိုးပေါ် အတင်ခံရမလား စိုးရိမ်သွားပုံရတဲ့မျက်နှာနဲ့ မျက်လုံးပြူးလို့ ပစ်တိုင်းထောင်ကိုသာ ကြည့်လာသည်။

” ဧည့်သည်ကိုပြောရတာ မျက်နှာပူစရာကောင်းပေမယ့် ဒီကမောင်ရင်က ပစ်တိုင်းထောင်နဲ့ပဲ တစ်ခန်းတည်း အတူတူနေလို့ရမလား . အားနာလိုက်တာကွယ် . မြို့အုပ်မင်းတို့ပဲ လာမယ်ထင်လို့ မပြင်ဆင်ထားလိုက်မိတာပါ “

” အဆင်ပြေပါတယ် ခင်ဗျ … သူကြီးတို့ကိုသာ ကျွန်တော်က အားနာရမှာပါ “

သူကြီးနဲ့ ကိုမင်းမျိုး ပြောနေသံကိုကြားပြီး ပစ်တိုင်းထောင် မျက်မှောင်ကျုံ့သွားသည်။

” နေပါဦး … ကျွန်တော်သိချင်တာက ကိုကိုကြီးနဲ့ မမကြီးအတွက် ဘယ်အခန်းပြင်ဆင်ထားတာပဲ … ပြီးတော့ ကိုမင်းမျိုးက ကျွန်တော်နဲ့အိပ်တာ ဟုတ်ပါပြီ … ရွှေဒင်္ဂါးနဲ့ ခွေးပုကရော “

ပစ်တိုင်းထောင်က မေးလိုက်တော့ အားလုံးပဲ့ အကြည့်တွေက ပစ်တိုင်းထောင်ဆီ ရောက်လာသည်။

” မနေ့ကတည်းက ခွေးပုနေတဲ့အခန်းကို ရှင်းလင်းထားပြီး ပြင်ဆင်ထားပြီးပါပြီ ပစ်တိုင်းထောင်… ပစ်တိုင်းထောင်က မနေ့ညက ဖျားနေတော့ အစ်မငွေမှုန်တို့ ပြင်ဆင်နေတာကို မသိလိုက်တာ “

” နို့ . ကိုမင်းမျိုးက ကျုပ်နဲ့အတူလာအိမ်မယ်ဆို ခင်ဗျားနဲ့ ခွေးပုကရော ရွှေဒင်္ဂါး “

” ကျွန်တော်နဲ့ ကိုခွေးပုက ကာလသားစုရပ်မှာပဲ သွားအိပ်လိုက်ကြမလို့လေ … ကိုခွေးပုကို ပြောပြီးသား “

” ဘယ်လို! ဘယ်လို! … ကာလသားစုရပ်ဟုတ်လား “

ရွှေဒင်္ဂါးက ခေါင်းညိတ်သည်။ ပစ်တိုင်းထောင်ကိုလည်း ဘာမှမပြောကြပါပဲနဲ့ ဒင်းတို့က လုပ်ချင်တိုင်းလုပ်သည်။ ကိုက်ခဲနေတာ ပျောက်ခါစခေါင်းက ရွှေဒင်္ဂါးစကားကြောင့် ပိုလို့တောင်မှ ကိုက်ခဲလာသလိုပင်။

” ဒီမယ် . ခင်ဗျားက ဘာကိစ္စနဲ့ အပြင်ထွက်အိပ်မှာလဲ… ခင်ဗျားလည်း အပြင်သွားအိပ်မယ်ဆို ကိုမင်းမျိုးကို ခင်ဗျားအခန်းသာ ပေးလိုက်ချေ . ကျုပ်တို့သုံးယောက် အပြင်သွားအိပ်ကြမယ် “

အခန်းနေရာချထားရင်း ရန်ဖြစ်နေကြတဲ့နှစ်ယောက်ကိုကြည့်ကာ မင်းမျိုး အားနာမှုကြောင့် မျက်နှာပင်ပူလာရသည်။ မြို့အုပ်မင်းတို့နဲ့ အစီအစဉ်မရှိပဲ လိုက်လာရပေမယ့် တစ်ဖက်ကတော့ နေရေးထိုင်ရေး စီစဉ်ပေးဖို့ အခက်အခဲဖြစ်သွားမယ်မှန်း မထင်ခဲ့တာကြောင့်ပင်ဖြစ်သည်။

” အပြင်တော့မအိပ်ကြပါနဲ့ ဒါဖြင့်ရင်လည်း … ဘုရားခန်းထဲမယ် ဒင်္ဂါးတို့သုံးယောက် ပြားရိုက်အိပ်ကြပေါ့ ”

အစ်မငွေမှုန်က ဝင်ပြီးအကြံပေးလိုက်တော့ ငြင်းခုန်နေသံတွေက အကုန်ငြိမ်သွားကြသည်။ ပစ်တိုင်းထောင်ကလည်း အိမ်မှာ မိသားစုဝင်ရယ်လို့ ဖြစ်နေပြီမလို့ ပြောစရာကလည်း အထွေအထူးမရှိပါချေ။

ပစ်တိုင်းထောင်က ကိုမင်းမျိုးကို လှမ်းအကဲခတ်လိုက်တော့ အစ်မငွေမှုန်ကို အကြည့်မလွှဲပဲ ကြည့်နေတာကြောင့် မျက်ခုံးပင့်လိုက်မိသည်။ ပြီးကာမှကိုယ့်အတွေးနဲ့ကိုယ် ရယ်လိုက်မိတာကြောင့် ရွှေဒင်္ဂါးက ဘာလဲဆိုတဲ့သဘောနဲ့ ကြည့်လာတာမလို့ ခေါင်းရမ်းပြလိုက်သည်။

” ပစ်တိုင်းထောင် … “

” ဗျာ . ကိုကိုကြီး “

” ဆေးသောက်ရမယ် … အထွန့်တက်မယ်မကြံနဲ့ “

အိမ်‌အပေါ်တက်လို့ အနားမယူခင် ကိုကိုကြီးရဲ့ တစ်ချက်လွှတ်အမိန့်ကြောင့် ပစ်တိုင်းထောင်မျက်နှာကြီး ရှုံ့မဲ့သွားသည်။ ရွှေဒင်္ဂါးကတော့ ကြိတ်ရယ်တာကြောင့် ပစ်တိုင်းထောင်က မျက်စောင်းထိုးလိုက်‌တော့မှသာ ချောင်းတစ်ချက်ဟန့်လို့ငြိမ်သည်။ ရွှေဒင်္ဂါးက ကိုကိုကြီးတို့ရှိတယ်ဆိုပြီး ပစ်တိုင်းထောင်ကိုဆေးတိုက်ကာ အနိုင်ကျင့်ဖို့ ကြိုးစားနေတာ။

” ပစ်တိုင်းထောင်က အောက်မှာနေခဲ့ဦးနော်… အပေါ်ထပ်မယ် ကိုမင်းမျိုးအတွက် အခန်းပြင်လိုက်ဦးမယ် . ကိုခွေးပုရော လိုက်ခဲ့နော် “

ရွှေဒင်္ဂါးက ခွေးပုကိုခေါ်လို့ အိမ်အပေါ်ထပ်ကို လိုက်တက်သွားတဲ့အခါ အောက်ထပ်မှာ ပစ်တိုင်းထောင်နဲ့ အစ်မငွေမှုန်သာ ကျန်ရစ်ခဲ့သည်။ အစ်မငွေမှုန်ကတော့ ဧည့်သည်တွေကို တည်ခင်းထားတဲ့ ပန်းကန်တွေကို သိမ်းဆည်းနေတာကြောင့် ပစ်တိုင်းထောင်က အမြင်မတော်တာမလို့ ထကူပေးလိုက်သည်။

” အယ် … ထိုင်နေပါ မောင်ငယ်ရယ် … အစ်မဘာသာလုပ်ပါ့မယ် … နေလည်းကောင်းတာလည်း မဟုတ်ပဲကို “

” သက်သာနေပါပြီ အစ်မရာ “

ပစ်တိုင်းထောင်က ပြောလည်း စကားနားထောင်ချင်မှ နားထောင်တဲ့လူမျိုးမလို့ အစ်မငွေမှုန်က ဆက်မပြောတော့ပဲ ငြိမ်သွားသည်။ သိပ်မကြာခင် ရွှေဒင်္ဂါးနဲ့ ခွေးပုက အောက်ထပ်ကို ဆင်းလာသလို သူကြီးကလည်း အနောက်ကနေ ပါလာသည်။

” အခန်းပြင်ဆင်လို့ ပြီးခဲ့ပြီလား “

ပစ်တိုင်းထောင်ကမေးလိုက်တော့ ရွှေဒင်္ဂါးက ခေါင်းညိတ်သည်။ ခွေးပုကတော့ ရေသွားချိုးဦးမယ်ဆိုကာ အိမ်ဘေးက ရေဘုံဘိုင်ဆီကို ထွက်သွားခဲ့သည်။

” မြို့အုပ်မင်းနဲ့ ဇနီးကတော့ နေ့လယ်ခင်းကျမှ ဆရာတော့်ကျောင်းကို သွားမယ်တဲ့ … ဒင်္ဂါးက လိုက်သွားပေးချေဦးနော် “

” ဟုတ်ကဲ့ အဘ “

အိမ်ထဲက ကွပ်ပျစ်မှာထိုင်လို့ ဦးမင်းငွေက ရွှေဒင်္ဂါးကို ပြောလိုက်တာကြောင့် ပစ်တိုင်းထောင်က အစ်မငွေမှုန်ကို ကူပေးနေရင်း နားစွင့်နေလိုက်သည်။

” ပြီးတော့ မနက်ဖြန်ခါ အလှူအတွက် ချက်ရေးပြုတ်ရေး ကြီးကြပ်ရမှာမလို့ သားက နေခဲ့ချေဦး “

” ဟမ် . ဟမ် … ရွှေဒင်္ဂါးက ဘယ်သွားမှာလဲ . လိုက်မယ် “

သူကြီးစကားကြောင့် ပစ်တိုင်းထောင်က အိမ်နောက်ဖေးမှာ အစ်မငွေမှုန်ကို ကူပေးနေရင်း လုပ်လက်စကို ပစ်ချခဲ့ရင်း အိမ်ရှေ့ကို ထွက်လာခဲ့လိုက်သည်။ အိမ်ရှေ့ရောက်တော့ ပစ်တိုင်းထောင်အမေးကြောင့် သူကြီးနဲ့ ရွှေဒင်္ဂါးက လှည့်ကြည့်လာသည်။

” ရွှေဒင်္ဂါးက ဘယ်သွားမှာလဲ “

” မြို့အုပ်မင်းတို့နဲ့ ဆရာတော့်ကျောင်းကို လိုက်သွားမလို့ပါ … မနက်ဖြန်လည်း အလှူရှိတယ်ဆိုတော့ ချက်ရေးပြုတ်ရေးကိုလည်း ကြီးကြပ်ရမှာမလို့ “

” ဟမ် . ကိုကိုကြီးတို့ရော ပါတာလား … လိုက်ခဲ့မယ်လေ “

” ဟင် … နေမကောင်းတာကို မလိုက်ပါနဲ့ … အပြင်မှာက မိုးကလည်းခပ်အုံ့အုံ့မလို့ လေစိမ်းတွေတိုက်တယ် … ပြန်ဖျားနေမယ် “

မလိုက်စေချင်တာကြောင့် တားနေတဲ့ ရွှေဒင်္ဂါးကြောင့် ပစ်တိုင်းထောင်မျက်နှာကြီးမဲလာသည်။ နေမကောင်းတာလေးကို မသိရင် သေမှာကျနေရာ။ အခုတောင်မှ ထူထူထောင်ထောင် ဖြစ်လာနေပြီကို။

” ကျုပ်က ခဏနေကျရင်လည်း ဆေးသောက်မှာပဲကို … ဆေးသောက်ပြီး လိုက်ခဲ့မယ် “

” မဟုတ်တာ ပစ်တိုင်း … “

” ကျုပ် လိုက်ခဲ့မှာ “

ခါးကြီးထောက်လို့ စကားဖြတ်ပြောလာတဲ့ ပစ်တိုင်းထောင်ကြောင့် ဒင်္ဂါးပြောလက်စ,စကားတွေ တန့်သွားရသည်။ ပြောနေတဲ့ပုံရော အသံရော မျက်နှာပေးရောက ဂျစ်တစ်တစ်။ သူလိုက်ချင်တာမလို့ ဘယ်သူမှ လာမတားနဲ့ဆိုတဲ့ မျက်နှာပေး။ နေမကောင်းလိုသာရယ် ‌ဒင်္ဂါးမှာ ထိန်းလိုက်ရပေမယ့် ပစ်တိုင်းထောင်ကို ထိပ်နာနာခေါက်ပစ်ချင်‌တော့တယ်။

ညနေဘက်ရောက်တော့ ဒင်္ဂါးတို့တစ်အိမ်လုံး ခြံတံခါးပိတ်ကာ ဆရာတော့်ကျောင်းကို ထွက်လာခဲ့ကြတော့သည်။ နေ့လယ်ခင်းမှာသွားဖို့ စီစဉ်ထားကြပေမယ့် နေကလည်းပူတာကြောင့် ကောင်းကောင်းအနားယူ ရေမိုးချိုးပြီးကာမှ ထွက်လာခဲ့ကြတာဖြစ်သည်။

” အိမ်း … ဒကာကြီးတို့ ကျန်းမာကြပြီး အလုပ်အကိုင်ရော အဆင်ပြေရဲ့လား “

” ဆရာတော့်မေတ္တာတွေကြောင့် အကုန်အဆင်ပြေပါတယ် ဘုရား … တပည့်တော်တို့ မနက်ကတည်းက ရောက်ပေမယ့် ဆရာတော့်ဆီလာတာ‌တော့ နောက်ကျသွားတယ် ဘုရား “

” ကဲ ရပါတယ်ကွယ် … ဒါနဲ့ . ဒီသူငယ်ကရော ဘယ်သူလဲကွဲ့ “

ဆရာတော်က မြို့အုပ်မင်းရဲ့ အနောက်နားမှာ ကပ်ထိုင်နေတဲ့ မင်းမျိုးကို ကြည့်လို့မေးလိုက်သည်။ တစ်ခါမှလည်း ရွာကိုမပါလာဖူးတဲ့ သူစိမ်းရယ်မလို့ ဆရာတော်က အကဲခတ်နေခြင်းပဲ ဖြစ်သည်။

” တပည့်တော်ရဲ့ ကိုယ်ရေးအရာရှိလေးပါ ဘုရား … နာမည်က မင်းမျိုးလို့ ခေါ်ပါတယ် “

” အေးကွယ် … အလည်အပတ်လိုက်လာတယ်ပေါ့ ဟုတ်စ “

” တင်ပါ့ဘုရား “

” ကဲကဲ … နောက်မှ စကားစမြည်ဆက်ပြောကြတာပေါ့ … ‌ဒကာကြီးတို့ကို ဆွမ်းစားဆောင်နဲ့ သိမ်ကျောင်းကို လိုက်ပြချေဦးမယ် “

ကိုကိုကြီးနဲ့ ကိုမင်းမျိုးက ဆရာတော့်နောက်ကို ပါသွားပေမယ့် မမကြီးကတော့ ဘုရားရှိခိုးဦးမယ်ဆိုကာ ကျောင်းပေါ်မှာ ကျန်နေခဲ့သည်။ ဒင်္ဂါးကတော့ ရောက်တုန်းရောက်ခိုက် ကျောင်းပေါ်မှာ တံမြက်စည်းလှဲ ကြမ်းတိုက်ဦးမယ်ဆိုတာကြောင့် ပစ်တိုင်းထောင်နဲ့ခွေးပုကပါ ဒင်္ဂါးအနောက်ကို လိုက်သွားသည်။

” ငါ့ညီမလေးက ငွေမှုန်နော် … ဟုတ်ရဲ့လား “

” ဟုတ်.ဟုတ်ပါတယ် . မင်းကတော်လေး “

” အိုကွယ်… မမ လို့ပဲခေါ်ပါ ”

” ဟုတ်ကဲ့… မ.မ ”

ခင်ခင်ဘုရားရှိခိုးလို့ပြီး‌တော့ အနားမှာ သူကြီးသမီးဖြစ်သူ ငွေမှုန်တစ်ယောက်သာ ကျန်ရစ်နေခဲ့သည်။ မိန်းကလေးအချင်းချင်းမလို့ စကားစမြည်ပြောဖို့ ကြံရွယ်လိုက်ရင်း ခင်ခင်ကပဲ စပြီး စကားဆိုလိုက်သည်။

” ညီမလေးက လှလိုက်တာကွယ် … အသားအရည်လေးကလည်း ကောင်းပါ့ … မမဖြင့် ငါ့ညီမလေးကို ချစ်လိုက်တာ “

ခင်ခင့်စကားကြောင့် ငွေမှုန်က ရှက်ပြုံးလေးနဲ့ ခေါင်းငုံ့သွားသည်။ ခင်ခင်က ငွေမှုန့်ကို စကားတီးတိုးပြောစရာရှိတာကြောင့် ဘေးဘီကို လှည့်ကြည့်လိုက်ရင်း ထိုင်နေရင်းကနေပဲ ငွေမှုန့်နားကို တိုးကပ်လိုက်သည်။

” ဘယ့်နှယ့်လဲ ညီမလေး … မမတို့တွေ သူကြီးနဲ့ အမျိုးတော်ရမှာလား “

” ရှင် “

” မမရဲ့မောင်ငယ် ပစ်တိုင်းထောင်ကလေးကို ဘယ်လိုသဘောရသလဲလို့လေ “

မျက်လုံးလေးပြူးလို့ ခင်ခင့်ကို မော့ကြည့်လာတဲ့ ငွေမှုန်ကြောင့် ခင်ခင်က တိုးဖွဖွလေး ရယ်လိုက်မိသည်။ မောင်နှမနှစ်ယောက်လုံး မျက်လုံးမျက်ခုံးလေးတွေ ကောင်းကြပုံများ ခင်ခင်ဖြင့် မြင်မြင်ချင်း ငွေမှုန်နဲ့ ရွှေဒင်္ဂါးလေးကို ချစ်မိသည်အထိ။ ငွေမှုန်ကျတော့လည်း ညိုညက်ညက်ကလေးနဲ့လှသလို မောင်ငယ်ဖြစ်တဲ့ ရွှေဒင်္ဂါးလေးကျတော့လည်း ဖြူဖြူဖွေးဖွေးနဲ့ ချစ်မွှေးပါလွန်းလှသည်။

” ဟင် … ဘယ်လိုသဘောရသလဲလို့ “

” ဟို … “

မြို့အုပ်ကတော်က ထပ်မေးလာတာကြောင့်‌ ငွေမှုန် မျက်ဆံကလေးတွေကို ဘယ်ညာပြေးရင်း တစ်ချက်စဉ်းစားမိတာကြောင့် ကိုယ့်အတွေးနဲ့ကိုယ် ပြုံးလိုက်မိသည်။ အပြုံးမျက်နှာလေးနဲ့ မမခင်ခင်ကိုလည်း မော့ကြည့်လိုက်တော့ ငွေမှုန့်ကို ပြုံးလျက်ကြည့်နေသည်။

” အဟင်း … အမျိုးတော်ချင်ရင်တော့ တော်ရမှာပေါ့ မမ “

” ဟင် . တကယ်လား . တကယ်လား ညီမလေး “

ငွေမှုန်က ဘာမှဆက်မပြော‌တော့ပဲ ပြုံးရင်း ခေါင်းသာညိတ်ပြမိတော့သည်။ မမခင်ခင်ကတော့ ပြုံးပျော်လို့သွားတဲ့ မျက်နှာလေးက ကြည်လင်နေတော့တာရယ်။

>>>>>>>>>>

” အစ်မငွေမှုန် … လက်ဖက်သုပ်ကလေးစားပါဦး “

” အင်း မိကဲ … ကျေးဇူး “

အပျိုအုပ်စုထဲ အာလူးဝိုင်းနွှာနေတဲ့ အစ်မငွေမှုန်နားကို မိကဲက လက်ဖက်သုပ်ပန်းကန်လေးချပေးရင်း ဝင်ထိုင်လိုက်သည်။

” ကိုဒင်္ဂါးနဲ့ ကိုပစ်တိုင်းထောင်လည်း မတွေ့ပါလား အစ်မငွေမှုန် “

” ရှိပါ့တော် … ‌အငယ်က ကိုဘမော်တို့နဲ့ ဝက်သားဆီသတ်နေတဲ့ နေရာမှာထင်တယ် … မောင်ငယ်ကတော့ မြို့အုပ်မင်းတို့ အနားမှာရှိမှာပေါ့ “

” မြို့အုပ်မင်းဆိုလို့လေ မြို့အုပ်မင်းကတော်ကလည်း ချောတာတော် … မိကဲဖြင့် အဝေးကနေ လှမ်းမြင်လိုက်တာတောင် မြို့အုပ်မင်းကတော်က အရမ်းချောမှန်း သိသာတယ် … မျက်နှာကလေးကို ပြုံးလို့ “

မိကဲက ပြောလိုက်တော့ စားပွဲဝိုင်းလေးမှာ အားလူးဝိုင်းနွှာနေကြတဲ့ အပျိုအုပ်စုကလည်း ခေါင်းတညိတ်ညိတ် ထောက်ခံကြသည်။ ငွေမှုန်ကတော့ ညနေခင်းက ငွေမှုန့်အနား စကားတီးတိုးကပ်မေးတဲ့ မင်းကတော်လေးအကြောင်းကို သတိရသွားပြီး ပြုံးလိုက်မိသေးသည်။

မင်းကတော်လေး အမျိုးတော်ချင်တာက တစ်ယောက်ပေမယ့် တကယ်တမ်း အမျိုးတော်သွားနိုင်တာက တစ်ယောက် ဖြစ်နိုင်သည်မို့ ငွေမှုန်က စကားကို မယုတ်မလွန် ဖြေခဲ့လိုက်ခြင်း။

” အစ်မ … နောက်ကျနေပြီ … အဘနဲ့အတူတူ ပြန်ရင်ပြန်လေ ”

စကားပြောနေကြတုန်း အနားကိုရောက်လာတဲ့ ဒင်္ဂါးက ငွေမှုန့်ကို အိမ်ပြန်ဖို့ လာပြောတာကြောင့် ငွေမှုန်က ခေါင်းရမ်းလိုက်သည်။

” မပြန်သေးပါဘူး မောင်ငယ်ရဲ့ … ဒီမှာ အကုန်လုံးလည်း ဝိုင်းကူနေကြတာပဲဟာ “

” အဘတစ်ယောက်တည်းမလို့ ပြောတာ အစ်မရဲ့ … ကျွန်တော်လည်းရှိနေမှာပဲ … အဘနဲ့ အိမ်ပြန်လိုက်နော် “

” ဟုတ်သားပဲ အစ်မငွေမှုန်ရဲ့ . လိုက်သွားပါ … မိကဲတို့နဲ့တင် နိုင်ပါတယ် “

ဒင်္ဂါးစကားကို ငြင်းမလို့လုပ်နေသေးတဲ့ အစ်မငွေမှုန်က မိကဲလည်းပြောလိုက်ရော ပြန်မယ်ဖြစ်သွားတော့သည်။ အိမ်ပြန်တာက မြို့အုပ်မင်းတို့ ဇနီးမောင်နှံနဲ့ ကိုယ်ရေးအရာရှိပါ ပါပေမယ့် အိမ်မှာ သူစိမ်းတွေနဲ့ဆို အဘတစ်ယောက်တည်း အဖော်မဲ့နေမှာစိုးပြီး ဒင်္ဂါးက ပြန်လွှတ်လိုက်ခြင်းဖြစ်သည်။

” တော့ ကိုဒင်္ဂါး … ဝက်သားက ကျက်ပြီလား ”

” အေး အသားတွေတော့ ပြုတ်ပြီးပြီ … အာလူးလည်း ပြီးတော့မှာလား “

” ပြီးတော့မယ် ကိုဒင်္ဂါးရဲ့ … ဒီတစ်တောင်းဆို ပြီးပါပြီ “

” အေး . အေး “

ဒင်္ဂါးလည်း မိကဲတို့ဘေးနားက အာလူးတောင်းကြီးကိုကြည့်ကာ အားနေတာမလို့ လွတ်တဲ့နေရာမှာ ဝင်ထိုင်ရင်း အာလူးကူနွှာနေလိုက်သည်။ ညနေကလည်း တဖြည်းဖြည်းစောင်းလာပြီမလို့ အလှူအတွက် ကူဖို့ကို ရွာကလူတွေက တဖွဲဖွဲရောက်လာကြသည်။

” ရွှေဒင်္ဂါး … “

” ဟမ် … ပစ်တိုင်းထောင် . ပြန်သွားပြီ မဟုတ်ဘူးလား “

မိကဲတို့နဲ့ စကားပြောရင်း အာလူးကူနွှာပေးနေတုန်း ကြားလိုက်ရတဲ့ ပစ်တိုင်းထောင်အသံကြောင့် လှည့်ကြည့်လိုက်ပေမယ့် ပစ်တိုင်းထောင်က ဒင်္ဂါးအနောက်ကိုပင် ရောက်နေပြီဖြစ်သည်။

” ကျုပ်က ဘယ့်နှယ့်ပြန်ရမှာလဲ … ဘုန်းကြီးကျောင်းမယ် ခင်ဗျား‌ကျန်နေသေးတဲ့ဟာ “

” အခုနက မြို့အုပ်မင်းတို့နဲ့ ပြန်လိုက်သွားတော့လို့ ပြောခဲ့တယ်လေ … အဖျားကဖြင့် အရှင်းပျောက်သေးတာလည်း မဟုတ်ပဲကို “

” ဟ ! အစကတည်းက ခင်ဗျားနဲ့ လိုက်လာမှာလို့ ပြောထားပြီးသားလေ “

အနေအထားက ပစ်တိုင်းထောင်က မတ်တပ်ရပ်လျက်ဖြစ်ပြီး ရွှေဒင်္ဂါးက အာလူးအခွံနွှာတဲ့ ဓားလေးကိုင်လို့ ပစ်တိုင်းထောင်ကို မော့ကြည့်ရင်း စကားပြောနေတာဖြစ်သည်။ ကြည့်လိုက်တော့လည်း အပျိုအုပ်စုကြားမှာ အစ်မငွေမှုန်လည်းမရှိပဲ ရွှေဒင်္ဂါးက တစ်ယောက်တည်း။

” ထ . ထ … ခင်ဗျား ထတော့ ”

” နေပါဦး ပစ်တိုင်းထောင်ရဲ့ … အာလူးလေး ခွာရင်းတန်းလန်းကြီး . လက်စသတ်ဦးမယ် “

ပစ်တိုင်းထောင်က ဘာမှဆက်မပြောပဲ ခါးကြီးထောက်လို့ ဒင်္ဂါးကို စိုက်ကြည့်လာတဲ့အခါ ဒင်္ဂါးမှာ လက်ထဲကဓားကိုချပြီး မြန်မြန်ထရတော့သည်။ မိကဲတို့ကတော့ ပစ်တိုင်းထောင်ရောက်လာကတည်းက အာလူးခွာရင်းတန်းလန်း ဒင်္ဂါးတို့ကို ကြည့်နေတာဖြစ်သည်။

” မိကဲ ညည်းတို့လည်းနော် … မိန်းကလေးအုပ်စုကြား ရွှေဒင်္ဂါးတစ်ယောက်တည်း ဖြစ်နေတာကို ခိုင်းနေကြတာ… ရွှေဒင်္ဂါးက ဟင်းအိုးလည်း လိုက်ကြည့်ရ ညည်းတို့ကြားထဲလည်း အာလူးခွာရနဲ့ သူတစ်ယောက်တည်း ရှိနေတာလား “

ပစ်တိုင်းထောင်စကားကြောင့် မိကဲမျက်နှာကြီးမဲသွားသည်။ ဒင်္ဂါးက သူ့ဘာသာ အာလူးဝင်နွှာနေတာမလို့ မပြော‌ဖို့တားပေမယ့် မမှီတော့တာကြောင့် ကိုပစ်တိုင်းထောင်လေးက မိကဲကိုတောင် ဆူနေပြီဖြစ်သည်။

” ဟာ . မိကဲတို့လုပ်ခိုင်းတာ မဟုတ်ပါဘူး … ကိုဒင်္ဂါးက သူ့ဘာသာ ဝင်ကူပေးတာကို “

ပစ်တိုင်းထောင်နဲ့ မိကဲက မျက်နှာချင်းဆိုင်တွေ့တိုင်း လျင်သူစားစတမ်းမို့ မိကဲက ထိုင်နေလျက်ကနေ ပစ်တိုင်းထောင်ကို ပက်ခနဲပြန်ပြောသည်။

” ညည်းတို့ကြားထဲ ယောက်ျားသား တစ်ယောက်တည်းလေ … သင့်တော်မလားဟ “

” ဘာမသင့်တော်စရာရှိတုန်း … မိကဲတို့က ကိုဒင်္ဂါးကို ကိုက်စားပစ်မှာမလို့လား “

” အေး . ညည်းတို့က ကိုက်စားလို့ရရင် ရွှေဒင်္ဂါးကို ကိုက်စားမယ့်ရုပ်လေ “

အနိုင်မခံအရှုံးမပေးနဲ့ နှစ်ယောက်သားက စကားနိုင်လုကြပြီမလို့ ဒင်္ဂါးက ပစ်တိုင်းထောင်ကို ဆွဲရတော့သည်။ ဒင်္ဂါးက ပစ်တိုင်းထောင်ရဲ့ ‌လက်မောင်းကိုကိုင်လို့ တစ်‌ဖက်ကို ဆွဲခေါ်နေပေမယ့် တောင့်ခံထားတဲ့ ပစ်တိုင်းထောင်က မိကဲကို ရန်တွေ့ဖို့ ကြံနေသေးသည်။

” ဒင်္ဂါးရေ … ခရမ်းချဉ်သီးပြုတ်ထားတာတွေ စစ်ထည့်ဖို့ ဇကာလေး ပေးချေဦး “

” ဟုတ် . လာပြီ ကိုဘမော် “

” သွားချေ … အရင်သွားနှင့် … လိုက်လာခဲ့မယ် “

ရွှေဒင်္ဂါးကို ကိုဘမော်က လှမ်းခေါ်တာကြောင့် ပစ်တိုင်းထောင်ကို သွားဖို့ခေါ်သည်။ ပစ်တိုင်းထောင်ကလည်း မိကဲနဲ့ ရန်ဖြစ်လို့ မပြီးသေးတာကြောင့် ရွှေဒင်္ဂါးကိုသာ အရင်သွားစေလိုက်သည်။ ခေါင်းညိတ်ပြတဲ့ရွှေဒင်္ဂါးက ကိုဘမော်အနားကို ပြေးသွားတာကြောင့် အပျိုတစ်သိုက်အနားမှာ ပစ်တိုင်းထောင်တစ်ယောက်သာ ခါးကြီးထောက်လို့ ကျန်ရစ်ခဲ့သည်။

” နို့ . ကိုပစ်တိုင်းထောင်ကြီးကတော့ လွန်ပါတယ် “

” ငါက ဘာလွန်လို့တုန်း “

” ကိုပစ်တိုင်းထောင်ကြီးကြောင့် မိကဲတို့မယ် ကိုဒင်္ဂါးကို အရင်လိုတောင် အနားမကပ်ရဲ … မစ,ရဲတော့ဘူး … တစ်ခုခုဆို ဘယ်နားကရောက်လာမှန်းမသိ . မြေလျှိုးမိုးပျံပြီးရောက်လာတာ ကျနေတာပဲ . ရောက်ရောက်လာတာ …  ရောက်လာရင်လည်း ရောက်လာရုံနဲ့မပြီးဘူး… မိကဲတို့ကို ဆူငေါက်နေတော့တာ… မိကဲတို့ဖြင့် ကိုဒင်္ဂါးလာရင် ကျော‌တောင်မလုံတော့ဘူး . “

” အောင်မယ် … ကျုပ်က ညည်းတို့လုပ်ပုံ မဟုတ်လို့ဆူတာလေ “

” မိကဲတို့လည်း ဘာမှမလုပ်ရပါဘူးနော် … စနောက်တာမျိုးလောက်ပဲရှိတာ… သူကြီးကတောင် ဘာမှမပြောတာ ကိုပစ်တိုင်းထောင်က အိုးကမပူ စလောင်းကပူနေတယ် “

ပစ်တိုင်းထောင်ကို မျက်စောင်းခဲလို့ ပြောနေတဲ့မိကဲက အရှိန်တွေပါလာပြီး လက်ထဲက အာလူးသီးကြီးကို တစ်စိတ်ပြီးတစ်စိတ် ထက်ခြမ်းခြမ်းသည်။ မြို့အုပ်မင်းညီဆိုတာလည်း အမှုမထားနိုင်တော့ဟန်။

” ဟုတ်ပါ့တော်… ကြက်တူးရွေးကတော်တော် မယ်တော်ကကဲကဲဖြစ်နေတာ “

မိကဲဘေးမှာထိုင်ပြီး အာလူးနွှာနေတဲ့ မိတုတ်ကလည်း အားရပါးရ ဝင်ထောက်ခံတာကြောင့် မိကဲက ခေါင်းညိတ်ပြလိုက်သည်။ ဘေးမှာရပ်နေတဲ့ ပစ်တိုင်းထောင်က လက်ကြီးပိုက်လို့ ပြန်မပြောမိ။

” အင်းလေ . အဲ့တာပြောတာကို … ကိုပစ်တိုင်းထောင်ကြီးက ကိုဒင်္ဂါးကို ကြက်မကြီးကြက်ဥဝပ်သလိုမျိုး ဝပ်ထားတာ ကျနေတာပဲ … မျက်စိအောက်က ကိုဒင်္ဂါးပျောက်ရင်ကို ရွှေဒင်္ဂါးဆိုပြီး ရောက်လာတော့တာ … နို့ . ကိုဒင်္ဂါးက မိန်းကလေးဆိုရင်လည်း ကိုပစ်တိုင်းထောင်က နောက်ပိုးပိုးနေတယ်လို့ ပြောလို့ရသေးတယ် “

” ဟ… ညည်းတို့ကပြောလေ ကဲလေပါလား ”

ပစ်တိုင်းထောင် အသံမာမာနဲ့ငေါက်လိုက်တော့လည်း ဒင်းတို့တစ်စုကအရည်ထူသွား၍ ကြောက်ရကောင်းမှန်းမသိတော့။

” အော် . မိကဲရယ် ညည်းကလဲ… ကိုဒင်္ဂါးကယောက်ျားဖြစ်တော့ရော ဘာအရေးလဲ… ယောကျ်ားနောက်ပိုးလုပ်လို့ရတာပဲကို… တို့အရေးပိုင်မင်းတောင် အမျိုးသားခင်ပွန်းရှိတာပဲကိုအေ.. ဟား ဟား ”

” ဟယ်… ဟုတ်တယ်တော့.. မိတုတ် ညည်းပြောမှ ကျုပ်ဘသတိရတော်ရေ.. ဘယ်နှယ့်လဲ ကိုပစ်တိုင်းထောင်ကြီး.. မိကဲတို့ပြောတာမှန်နေပြီလား ”

” ဟ!… တော်. တော်…  တယ် ငါလုပ်လိုက်ရ.. ညည်းတို့ရဲ့ပေါက်ပန်းလေးဆယ်တွေကို နားမထောင်နိုင်တော့ဘူး ”

ခြေလှမ်းကျဲကြီးတွေနဲ့ မိကဲတို့အုပ်စုနားက ထွက်သွားတဲ့ကိုပစ်တိုင်းထောင်ကြီးကိုကြည့်ပြီး တစ်ယောက်ကိုတစ်ယောက်မျက်စပစ်ကာ ရယ်မိကြတော့သည်။

>>>>>>>>>>

ဆက်ရန်
Yellowish_One 💛
(၁၇-၄-၂၀၂၄)

Tags: read novel Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၁၃), novel Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၁၃), read Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၁၃) online, Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၁၃) chapter, Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၁၃) high quality, Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၁၃) light novel, ,

Comment

Leave a Reply

Chapter 25