Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၁၉)

A+ A-

သွားလေရာနောက်ကို တကောက်ကောက် ပတ်လိုက်နေတဲ့ ဖိုးထူးကြောင့် ပစ်တိုင်းထောင်မှာ စိတ်ညစ်လှသည်။ မသိချင်ယောင်ဆောင်လို့ ခြံရှေ့က မိစွာနဲ့ မိုက်မိုက်စန်းနား သွားထိုင်နေလည်း မရ။ အိမ်ဘေးက ရေတုံကင်မှာ အလုပ်ရှုပ်ချင်ယောင်ဆောင်ပြီး ရွှေဒင်္ဂါးရေစိမ်ထားတဲ့ အဝတ်တွေကို တဗွမ်းဗွမ်းနဲ့ ကောက်လျှော်နေလည်း မရတာမလို့ ပစ်တိုင်းထောင်မှာ ရေစိုလက်ကြီးနဲ့ ခေါင်းကို တဗျင်းဗျင်းကုတ်ပစ်လိုက်သည်။

” ဝေးဝေးသွားစမ်း ဖိုးထူးရာ … ဆောင့်ကန်ပစ်လိုက်ရ “

” ကူညီပါဆို ကိုကြီးပစ်တိုင်းထောင်ကလည်း … ဟိုတစ်ခါတုန်းကလည်း ကူညီပေးဖူးတာပဲကို “

” ဟ ! အရင်တစ်ခါကူညီတာနဲ့ အခုကူညီရမှာနဲ့ တူမလားကွ “

” ဘာကွာလို့တုန်း ”

ပစ်တိုင်းထောင်က သက်ပြင်းချလိုက်ရင်း လက်ထဲက လျှော်လက်စ ရွှေဒင်္ဂါးရဲ့ ချည်အင်္ကျီလေးကို ရေဇလုံထဲ ပြန်နှစ်ထားလိုက်သည်။ ပြီးကာမှ မတ်တပ်ရပ်လိုက်ရင်း ရေစိုလက်ကို ပုဆိုးစနဲ့ ဖိသုတ်ပစ်ကာ ရေတုံကင်ကိုမှီလို့ ခပ်ရို့ရို့လေးရပ်နေတဲ့ ဖိုးထိုးကို ခါးထောက်လို့ စူးစူးစိုက်စိုက် ကြည့်လိုက်သည်။

” မင်းက နောက်နှစ်ရက်နေရင်ပဲ ရှင်ပြု ရဟန်းခံရတော့မှာလေ … ဒီအချိန်မယ် ရည်းစားတဏှာနဲ့ ခိုးကြောင်ခိုးဝှက် ချိန်းတွေ့စရာလား “

” ဟာ . ဘာဆိုင်လို့လဲ ကိုကြီးပစ်တိုင်းထောင်ကလည်း … ကျွန်တော်က ရာသက်ပန် ဘုန်းကြီးဝတ်မှာမှ မဟုတ်တာ “

” ဟုတ်ဟုတ် မဟုတ်ဟုတ် … မရဘူးဆို မရဘူးပဲ . ဘယ့်နှယ် ငါ့များ နေရာတကာ … မသိရင် ငါက အသေခံတပ်သားကြီးကျလို့ “

ခါးကြီးထောက်လို့ ရှုံ့ရှုံ့မဲ့မဲ့ပြောနေတဲ့ ကိုကြီးပစ်တိုင်းထောင်ကိုကြည့်ရင်း ဖိုးထူးကြိတ်ရယ်လိုက်သည်။ အသေခံတပ်သားတော့လည်း မဟုတ်ပေမယ့် ကိုကြီးပစ်တိုင်းထောင်က တစ်ရွာလုံးရဲ့ အချစ်ဆုံးမလို့ တစ်ခုခုသာဆို ကိုကြီးပစ်တိုင်းထောင်မျက်နှာနဲ့ အပြစ်အပေးခံရလည်း ပေါ့လျော့နိုင်သည်မလား။

” အသေခံတပ်သားတော့ မဟုတ်ပါဘူး ကိုကြီးပစ်တိုင်းထောင်ရယ် … လုပ်ပါဗျာနော် … လှရီကို အလွမ်းပြေလေးလည်း တွေ့သွားချင်လို့ပါ … ကိုကြီးပစ်တိုင်းထောင်ကူညီမှ ရမှာ “

” ဟ ! ငါကူညီမှ ရရအောင် အခုက ဟိုတစ်ခါလို ပွဲဈေးလျှောက်ရင်း ပထုတ်လို့ရတာမှ မဟုတ်တာကွ … လှရီအစ်ကို သာဗြောအကြောင်းလည်း မသိတာမဟုတ်ဘူး “

” သိလို့ပေါ့ဗျာ … သာဗြောက ကိုကြီးပစ်တိုင်းထောင်ကိုတော့ အစကတည်းက လှန်ရဲတာ မဟုတ်ဘူးဗျ “

” အောင်မယ် … သူ ကြည့်ရဲလို့ လှန်ရင်လည်းလှန်ပါစေပေါ့  “

ဖိုးထူးမှာ စိတ်ညစ်လှတာကြောင့် ခေါင်းကို တဗျင်းဗျင်းကုတ်လိုက်သည်။ ကိုကြီးပစ်တိုင်းထောင်က သူသာ ကူညီပေးချင်ရင် ရရဲ့သားနဲ့ တမင်သက်သက်ကို ရစ်နေတာဖြစ်သည်။

” ကိုယ့်အစ်ကိုကြီးမလို့ အားကိုးလို့ အကူအညီတောင်းတာကို “

” ဟမ့် … အခုမှလာပြီး အစ်ကိုကြီးလုပ်နေ “

” တကယ်မကူညီဘူးပေါ့ “

ပစ်တိုင်းထောင်ထက် ခေါင်းတစ်လုံးစာလောက် အရပ်ပုတဲ့ ‌ဖိုးထူးကို မျက်လုံးတွေမှေးစင်းလို့ ကြည့်လိုက်သည်။ မျက်နှာငယ်လေးနဲ့ မော့ကြည့်နေတဲ့ ဖိုးထူးက အမှန်တကယ် ကူညီစေချင်နေတဲ့ပုံ။ ပစ်တိုင်းထောင်ကိုယ်တိုင်ကလည်း ငြင်းနေပေမယ့် မနေနိင်သူမလို့ သက်ပြင်းတစ်ချက်ချလိုက်သည်။

” အေး ကူညီမယ် “

” ဟာ ! ကိုကြီးပစ်တိုင်းထောင် တကယ်ပြော … “

” ရွှေဒင်္ဂါးကို သွားပြောချေ … ရွှေဒင်္ဂါးက လက်ခံရင် ကူညီမယ် “

” ဟာ …! ”

ပစ်တိုင်းထောင်စကားကြောင့် ဖိုးထူးက စိတ်ပျက်လက်ပျက်နဲ့ ဖြစ်သွားပုံရကာ ဆွေ့ဆွေ့ခုန်နေသည်။ နေပူရတဲ့အထဲ ဖိုးထူးကိုကြည့်ရတာလည်း မျောက်ပွဲကြည့်နေရသလိုပင်။

” ကျွန်တော့်ရည်းစား လှရီနဲ့ချိန်းတွေ့မှာ ကိုဒင်္ဂါးနဲ့ ဘာဆိုင်လို့လဲဗျာ … ကိုဒင်္ဂါးအစ်မ မမငွေမှုန်နဲ့ချိန်းတွေ့မှာလည်း မဟုတ်ပဲနဲ့ “

” အောင်မယ် . ငါလုပ်ထည့်လိုက်ရ … အစ်မငွေမှုန်နဲ့သာ ချိန်းတွေ့ကြည့်ပါလား … ရွှေဒင်္ဂါးက မင့်တောင် နုတ်နုတ်စင်းလွှတ်လိုက်ဦးမယ် “

ပြောရင်းဆိုရင်း ရွှေဒင်္ဂါးတို့ ဒေါသထွက်နေမယ့်ပုံလေးက ပစ်တိုင်းထောင်မျက်လုံးထဲ ‌မြင်ယောင်လာသည်။ ပစ်တိုင်းထောင်ရှေ့တော့ စိတ်ဆိုးဒေါသထွက်ခဲပေမယ့် ဒေါသထွက်ရင်လည်း အသားဖြူသူမလို့ မျက်နှာလေးက ခပ်ရဲရဲကလေးဖြစ်နေမှာ။ ရွှေဒင်္ဂါး ခေါ် ကိုနေမင်းပုညလေးက စနေသားပီပီ စိတ်ကြီးမယ့်ပုံလေး။

” အဲ့တာဆို ကျွန်တော်က လှရီနဲ့ ချိန်းတွေ့မယ်ကိစ္စက ကိုဒင်္ဂါးနဲ့ ဘာဆိုင်လို့တုန်း “

” ပြောပြီးပါပြီကော …‌ ရွှေဒင်္ဂါးကို ပြောချေလို့ … သူခွင့်ပြုရင် ငါကူညီမယ် “

” ကိုကြီးပစ်တိုင်းထောင်နဲ့ကတော့ ရှုပ်နေတာပဲ … ဒီစကားလေးနဲ့တင်ကို ဂျာအေး သူ့အမေရိုက်နေပြီ “

” မင့်ဘာသာမင်း ရိုက်နေတာလေ … ငါပြောတာ ရှင်းရှင်းလေး … ရွှေဒင်္ဂါးကို သွားပြောချေ “

ဖိုးထူးပုံစံက စိတ်ပျက်လက်ပျက်နဲ့ နေရာမှာတင် ထိုင်ချပြီး ခြေဆင်းငိုတော့မယ့်ပုံ။ ဆံပင်တွေကိုလည်း လက်တွေနဲ့ ထိုးဖွထားတာများ ပွပလဲလန်နေတာမလို့ ရစရာကိုမရှိ။

” ရွှေဒင်္ဂါးက အိမ်အနောက်ဖေးမယ် အစ်မငွေမှုန်ကို ဟင်းချက်ကူနေတယ် . သွားပြောချေ သွား … ငါဒီနားကနေ စောင့်နေမယ် … သူက အေးဆိုရင် ငါကလည်း အေးပဲ “

” ကိုကြီးပစ်တိုင်းထောင်ကိုကြည့်ရတာ မသိရင် ကိုယ်လုပ်ချင်တာ လုပ်ရဖို့အရေး မိန်းမကို တိုင်ပင်ရတဲ့ မယားကြောက်ကြီး ကျနေတာပဲ စိတ်ညစ်တယ် “

ပုဆိုးကို ခပ်တိုတိုပြင်ဝတ်လို့ အိမ်နောက်ဖေးကိုဝင်သွားတဲ့ ဖိုးထူးကိုကြည့်ရင်း ပစ်တိုင်းထောင်က အားရပါးရ ရယ်မောမိတော့သည်။ ပုံမှန်ဆိုရင်‌တော့ စိတ်မြန်လက်မြန်နဲ့ နားရင်းကို နှစ်ချက်လောက်တော့ ဆင့်ရိုက်လိုက်မှာပေမယ့် ရွှေပါးစပ် ငွေပါးစပ်လေးက မင်္ဂလာစကားလေး ပြောသွားတာမလို့ ပစ်တိုင်းထောင်မှာ ပီတိဖြာရင်း ရေတုံကင်နားမှာ ကျန်ရစ်ခဲ့သည်။

ကြောက်တယ်ဆိုတော့လည်း ကြောက်တယ်ပေါ့။ စနေသားလေးကို ချစ်လို့ကြောက်ရတာများ ပစ်တိုင်းထောင်တို့က ဂုဏ်တောင်ယူရသေးတယ်။

” ကိုဒင်္ဂါး … ”

” ဟေ “

ဖိုးထူးခေါ်လိုက်‌တော့ မီးပြောင်းမှုတ်နေတဲ့ ကိုဒင်္ဂါးက မော့ကြည့်လာပြီး အနောက်နားမှာ ဟင်းရွက်ဗန်းလေးကိုင်လို့ ကန်စွန်းရွက်သင်နေတဲ့ အစ်မငွေမှုန်ကလည်း လှည့်ကြည့်လာသည်။

” ကိုဒင်္ဂါး … ခဏ ~ “

” ပြောစရာရှိလို့လား ဖိုးထူး … ပြောလေ … ပစ်တိုင်းထောင်ကို ရှာနေတာဆိုရင်တော့ အိမ်ရှေ့မယ်လေ”

ဒင်္ဂါးကို လက်ကလေးယပ်လို့ ခေါ်လာတာကြောင့် ဒင်္ဂါးလည်း လုပ်လက်စကို မရပ်ချင်တာမလို့ အထဲကိုခေါ်လိုက်ပေမယ့် ဖိုးထူးက ခေါင်းရမ်းသည်။

” မဟုတ်ပါဘူး . ကိုဒင်္ဂါးကို ခေါ်တာ … ပြောစရာရှိလို့ ခဏလေးပါ “

” အေးပါ အေးပါ … အစ်မ . ခဏလေးနော် ပြန်လာခဲ့မယ် “

ဒင်္ဂါးလည်း လက်ထဲက မီးပြောင်းလေးကို အစ်မငွေမှုန်နားမှာ ချထားလိုက်ရင်း မတ်တပ်ထရပ်လိုက်သည်။ ထိုင်နေတာကြောင့် ကြေမွနေတဲ့ ပုဆိုးကိုလည်း ခပ်သွက်သွက်ပြင်ဝတ်ရင်း ဖိုးထူးနားကို သွားလိုက်သည်။

” ပြော . ဘာလဲ “

” လုပ်ပါဦး ကိုဒင်္ဂါးရယ် … ရှင်ပြု ရဟန်းမခံခင် လှရီနဲ့တွေ့ချင်လို့ “

” အမ် . တွေ့ရင် … ငါနဲ့ဘာဆိုင်လို့လဲ ဖိုးထူးရဲ့ “

” ဆိုင်လို့ပေါ့ ကိုဒင်္ဂါးရယ် … သူ့အစ်ကို ကိုသာဗြောအကြောင်းလည်း သိရဲ့သားနဲ့ … အဲဒါကြောင့် ကိုကြီးပစ်တိုင်းထောင်ကို အကူအညီလာတာင်းတာ … ကိုကြီးပစ်တိုင်းထောင်က ကိုဒင်္ဂါးခွင့်ပြုမှတဲ့ … တကယ်ပါပဲ… မသိရင် ကိုကြီးပစ်တိုင်းထောင်က မယားကြောက်ကြီးလိုပဲ “

ဖိုးထူးစကားကြောင့် ဒင်္ဂါးမျက်နှာမှာ ပါးနှစ်ဖက်က ပူတက်လာသလိုမျိုး ခံစားလိုက်ရသည်။ ငြင်းချက်ထုတ်ဖို့ကိုလည်း ပါးစပ်ကနေ ထွက်လာတဲ့ စကားတွေကပါ အထစ်ထစ်အငေါ့ငေါ့။

” ဘာ . ဘာကို မယားကြောက်. ကြောက်လဲ … ပေါက်ကရ “

” ထားပါ ကိုဒင်္ဂါးရယ် … အဲတာလေ . လှရီနဲ့ ချိန်းတွေ့ဖို့ကို အဖော်လိုက်ခဲ့ပေးဖို့ ကူညီပါဆိုတာကို ကိုကြီးပစ်တိုင်းထောင်က ကိုဒင်္ဂါးကို သွားပြောချေတဲ့ “

” ဟမ် … ငါ . ငါက လိုက်ရမှာလား “

” မဟုတ်ဘူးလေ ကိုဒင်္ဂါးရဲ့ … အာ . ရှုပ်ကုန်ပါပြီ “

” ဘာကိုလဲ ဖိုးထူးရယ် … မင်းပဲ ပျာယာတွေခတ်နေတာပဲ “

” လိုက်ခဲ့လည်း ရတယ် ကိုဒင်္ဂါးရယ် … ကိုကြီးပစ်တိုင်းထောင်က ကူညီဖို့အရေးကို ဈေးကိုင်နေတာ . ကိုဒင်္ဂါးကို သွားပြောတဲ့လေ … ကိုဒင်္ဂါးလက်ခံရင် သူကူညီမယ်တဲ့ “

ဒင်္ဂါးရှေ့က ဖိုးထူးကလည်း လက်ခံစေချင်တဲ့ပုံ မျက်နှာငယ်လေးနဲ့။ ဒင်္ဂါးက ပစ်တိုင်းထောင်ကို အကြည့်တစ်ချက်ဝှေ့ကာ လိုက်ရှာလိုက်တော့ ရေတုံကင်နားမှာ ကုန်းကုန်းကွကွနဲ့ ဘာတွေလုပ်နေမှန်းလည်း မသိ။ အနားမှာ ခွေးပုကိုလည်း မမြင်။ တစ်ယောက်တည်း ဘာတွေအလုပ်ရှုပ်နေမှန်းကိုမသိ။

” လုပ်ပါ ကိုဒင်္ဂါးရယ် … နော် . နော် … မနက်ဖြန်ခါကျရင်လည်း ကျွန်တော်တို့က ဘုန်းကြီးကျောင်းမယ် သွားနေရတော့မှာ . ဒီညလေးပဲ တွေ့ချင်လို့ပါနော် ကိုဒင်္ဂါး … လုပ်ပါ “

” စဉ်း . စဉ်းစားဦးမယ်လေ … လက်ကိုလွှတ်ဦးဟ “

” ဟာ …! ကိုဒင်္ဂါးကလည်း မစဉ်းစားရပါဘူး . အင်းဆိုအင်းပေါ့ . ခေါင်းညိတ်လိုက်ရင် ပြီးနေပြီကို “

ဖိုးထူးက အရှိန်တွေပါလာပြီး ဒင်္ဂါးလက်ကိုပါဆွဲလို့ ပြောနေပြီမလို့ ဒင်္ဂါးမှာ လက်ခံရအခက် ငြင်းရအခက်။ မျက်နှာငယ်လေးနဲ့မလို့ ကူညီချင်ပေမယ့် တစ်ခုခုဆို တစ်ဖက်က မိန်းကလေးကို မျက်နှာပူစရာ ဖြစ်ပေဦးမည်။

” ဟေ့ကောင် ဖိုးထူး …! အဲ့တာ ဘာလုပ်နေတာတုန်း “

” ကိုကြီးပစ်တိုင်းထောင် “

ခါးကြီးထောက်လို့ ဖိုးထူးနောက်မှာရပ်နေတဲ့ ကိုကြီးပစ်တိုင်းထောင်က ဖိုးထူးကို စူးစိုက်‌ကြည့်နေတာများ နေပူရတဲ့အထဲ ပြာကျမတတ်။ ဖိုးထူးမှာ အယောင်ယောင်အမှားမှားနဲ့ ကိုဒင်္ဂါးလက်ကိုလွှတ်လို့ တံတွေးပင် မျိုချလိုက်မိသေးသည်။

” စကားပြောတာ ပါးစပ်ကပြောလေ … ဘယ့်နှယ့်ကြောင့် လက်က ဆွဲလားရမ်းလား ဖြစ်နေတာတုန်း “

” ကိုဒင်္ဂါးက လက်ခံတယ်တဲ့ ကိုကြီးပစ်တိုင်းထောင် . ပျော် . ပျော်လို့ပါ … ဟီး ဟီး … သွားပြီနော် ကိုကြီးပစ်တိုင်းထောင် … ကျွန်တော် ညနေကျမှ ပြန်လာခဲ့တော့မယ် “

” ဟမ် ~ “

ခြံထဲကနေ ပြေးထွက်သွားတဲ့ ဖိုးထူးကိုကြည့်ကာ ကြောင်အမ်းအမ်းနဲ့ ကျန်‌ရစ်ခဲ့သူမှာ ဒင်္ဂါးပင်ဖြစ်သည်။ ပစ်တိုင်းထောင်ကို ကြည့်လိုက်တော့လည်း မရယ်မပြုံးမျက်နှာနဲ့ ခါးကြီးထောက်လို့ ဒင်္ဂါးကို စူးစိုက်ကြည့်နေတာကြောင့် ဒင်္ဂါးမှာ ဘာအပြစ်မှ မလုပ်ထားမိပါပဲ ကြက်သီးထသွားသလို ခံစားလိုက်ရသည်။

” ခင်ဗျားက ကြောင်အမ်းအမ်းနဲ့ ဘာလုပ်နေတာလဲ ရွှေဒင်္ဂါး “

” ကျွန်တော်က ဘာလုပ်လို့လဲ “

” ခင်ဗျားက . လက် … ကျစ် … ဘာမှမဟုတ်ဘူး . ညကျ လှရီတို့အိမ်သွားကြမယ် “

ပြောချင်ရာပြောပြီး လှည့်ထွက်သွားတဲ့ ပစ်တိုင်းထောင်ကြောင့် ဒင်္ဂါးမှာ ကျန်နေခဲ့ရပြန်သည်။ ဘာဖြစ်သွားမှန်းလည်းမသိ။ ဒင်္ဂါးလည်း ဘာမှမလုပ်ရပါပဲနဲ့ ဒင်္ဂါးကို စူးစိုက်လို့ကြည့်သွားကာ မဖြစ်မဖူး မျက်နှာကြီးကလည်း စူပုတ်လို့။

>>>>>>>>>>

” မင့်ဟာက သေရောသေချာရဲ့လားကွာ … ဒီလောက်မှောင်မဲနေပြီ . ငါတို့ကို သူခိုးဆိုပြီး ဝိုင်းရိုက်နေကြဦးမယ် “

” နေ့လယ်ခင်းက ကျွန်တော် မိတုတ်ကို သေချာပြောလိုက်ပါတယ် ကိုကြီးပစ်တိုင်းထောင်ရယ် . တကယ်ပါ “

ပစ်တိုင်းထောင်က သာဗြောတို့ခြံထဲကို တစ်ချက် လှမ်းအကဲခတ်လိုက်သည်။ လူခြေတိတ်ချိန်မလို့ တိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင်မှာ အိမ်ထဲက ဟောက်သံခပ်ကျယ်ကျယ်ကို ခြံအပြင်ကနေပါ ကြားနေရသည်အထိ။

” ပစ်တိုင်းထောင် ~ “

ပစ်တိုင်းထောင်ရဲ့ ခါးနားက အင်္ကျီစက တင်းခနဲဖြစ်သွားတာကြောင့် လှည့်ကြည့်လိုက်သည်။ တစ်ခုခုကို စိုးရွံ့နေသလိုဖြစ်နေတဲ့ ရွှေဒင်္ဂါးက မျက်လုံးဝိုင်းလေးတွေနဲ့ ပစ်တိုင်းထောင်ကို မော့ကြည့်နေသည်။ စိတ်မပူစေရန် အင်္ကျီစကို ဆုပ်ကိုင်ထားတဲ့ ရွှေဒင်္ဂါးလက်ကလေးကို အပေါ်ကနေ အုပ်ကိုင်ထားလိုက်သည်။ အခွင့်ရတုန်း ညာတာပါတေးနဲ့ ရွှေဒင်္ဂါးလက်ကလေးကို မလွှတ်တမ်း ကိုင်ထားလိုက်တာမလို့ ပစ်တိုင်းထောင်ရင်ထဲမှာလည်း ပန်းပေါင်းစုံပွင့်ဖူးနေသည်။

အများအကျိုးဆောင် ကိုယ်ကျိုးအောင်ဆိုတာ ဒါများလားမသိ။ ဘယ်အချိန်ကစလို့ သမာဓိချိန်ခွင်စောင်းခဲ့သလဲဆိုတာ ပစ်တိုင်းထောင်မပြောနိုင်။ သူသတိထားမိတဲ့အချိန်မှာ ရွှေဒင်္ဂါးက သူ့နှလုံးသားကို မသိမသာအလေးခိုးနှင့်ပြီးသားဖြစ်နေသည်။ ပစ်တိုင်းထောင်အတွက် ချစ်ခြင်းတရားဆိုတာက တစ်ဖက်လူ၏လိင်အမျိုးအစားပေါ်မူတည်မနေ။ သူ့နှလုံးသားက လိုလားတောင့်တတဲ့သူဖြစ်ဖို့သာလိုသည်။ အခုတော့ ထိုလူကိုသူရှာတွေ့ခဲ့ပြီဖြစ်သည်။ ရွှေဒင်္ဂါးမှတပါး အခြားမရှိနိုင်။ ဆရာမလေးကို သဘောကျခဲ့စဥ်အချိန်က ရင်ခုန်သံနဲ့လုံးဝကွဲပြားနေသည်ကိုတော့ အာမခံနိုင်သည်။

” ဖိုးထူး … ဟုတ်ရော ဟုတ်လို့လားကွာ … အချိန်ကဖြင့် ဆယ်ချက်တီးကျော်နေပြီနော် “

” သေချာပါတယ် ကိုဒင်္ဂါးရယ် … သူ့အစ်ကိုသာဗြောလစ်ရင် ချက်ချင်းထွက်လာမယ် ပြောထားပါတယ်ဗျာ “

ဒင်္ဂါးက ပစ်တိုင်းထောင်ရဲ့ ခါးနားက အင်္ကျီစကို ဆုပ်ကိုင်ထားရင်း ပတ်ဝန်းကျင်ကို ကျီးကန်းတောင်းမှောက်ကြည့်လိုက်မိသည်။ တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှလည်း မလုပ်ဖူးတဲ့ အလုပ်တွေက ပစ်တိုင်းထောင်နဲ့ကျမှ သူများခြံနားမှာ ခိုးကြောက်ခိုးဝှက်နဲ့ စောင့်နေရသည်။ ခွေးပုကလည်း ပါမလာတာမလို့ သာဗြောတို့ခြံထောင့်က မှောင်ရိပ်ထဲမှာ ဒင်္ဂါးတို့သုံးယောက်တည်း။

” ဟာ . ဟိုမှာ ဟိုမှာ … လာနေပြီ “

တဘက်ကလေးကို ခေါင်းပေါ်မှာခြုံလို့ အိမ်အပေါ်ထပ်ကနေ ခပ်သုတ်သုတ်ဆင်းလာတဲ့ လှရီက ဖိုးထူးကို လက်လှမ်းပြသည်။

” သွားရအောင် ကိုကြီးပစ်တိုင်းထောင် . ဟိုမှာ ခေါ်နေပြီ “

အချိန်းအချက်လုပ်ထားတဲ့ နေရာက လှရီတို့ အိမ်အနောက်ဖေး နွားတင်းကုတ်နားက ကောက်ရိုးပုံမှာမလို့ ဖိုးထူးက အိမ်အရှေ့ကနေပတ်ရင်း အိမ်အနောက်ကို ပြေးသွားသည်။ သူဖြစ်ချင်တာလည်းဖြစ်ရော ပစ်တိုင်းထောင်တို့ကို လှည့်တောင်မကြည့်တဲ့ ဖိုးထူးကို ပစ်တိုင်းထောင် စိတ်ထဲကနေ ခပ်ကြိတ်ကြိတ်ဆဲရင်း ရွှေဒင်္ဂါးလက်ကိုဆွဲလို့ အနောက်ကနေ လိုက်ရပြန်သည်။

” ပေါက်တက်ကရလုပ်ရင် မင်းကို အရင်ကန်ချိုးခဲ့မှာနော် ဖိုးထူး … ဆင်ဆင်ခြင်ခြင်နေ ”

” ဟာ . ကိုကြီးပစ်တိုင်းထောင်ကလည်း ကျွန်တော်က အဲ့သလိုလုပ်မယ့်လူလားလို့ “

” အေး . ကြိုသတိပေးထားတာ … လှရီလည်း တစ်ခုခုဆို လှမ်းသာခေါ်လိုက်နော် … ကောက်ရိုးပုံအနောက်မယ် ငါတို့ရှိတယ် . ကြားလား … ပြီး‌တော့ နင်တို့ သမီးရည်းစားတွေ ပြောစရာရှိတာ မြန်မြန်ပြော . အလွမ်းသယ်စရာရှိတာ မြန်မြန်သယ်ကြချေ “

” ဟုတ် . ဟုတ် ကိုကြီးပစ်တိုင်းထောင် “

ပစ်တိုင်းထောင်က ဖိုးထူးနဲ့လှရီကို သတိပေးစကားပြောပြီး ရွှေဒင်္ဂါးလက်ကိုဆွဲကာ ကောက်ရိုးပုံတစ်ဖက်ကို လျှောက်သွားလိုက်သည်။

” ကဲ . ထိုင် … “

” ဟမ် “

” ဟာ …! ဒီရွှေဒင်္ဂါးနဲ့တော့ . ထိုင်လို့ ပြောနေတာလေ … ဟိုအတွဲကို ခင်ဗျားက မတ်တပ်ကြီး စောင့်မလို့လား “

” အဲ့ . အဲ့လိုတော့လည်း မဟုတ်ပါဘူး “

” ဟမ့် … ပြောလိုက်ရင်လည်း ဒီအတိုင်းပဲ “

ဒင်္ဂါးလည်း ပစ်တိုင်းထောင်စကားကို ခွန်းတုံ့မပြန်တော့ပဲ ဖိနပ်ခုကာ ကောက်ရိုးပုံကို ကျောပေးမှီလို့ ထိုင်ချလိုက်သည်။

” ဟင်း … “

” ခင်ဗျားက ဘာတွေသက်ပြင်းချနေတာလဲ ရွှေဒင်္ဂါး “

ဒင်္ဂါးဘေးမှာကပ်ထိုင်ပြီး ကောက်ရိုးပုံကိုမှီလို့ မေးလာတဲ့ ပစ်တိုင်းထောင်ကြောင့် ဒင်္ဂါးလည်း လှည့်ကြည့်လိုက်သည်။ အကြည့်မလွှဲပဲ ခေါင်းစောင်းလို့ ဒင်္ဂါးကို စူးစိုက်ကြည့်နေတဲ့ ပစ်တိုင်းထောင်ကြောင့် မျက်တောင်တဖျတ်ဖျတ်ခတ်ရင်း ခပ်သွက်သွက်ပင် အကြည့်လွှဲလိုက်ရသေးသည်။

” ကျွန်တော် ဒီလိုလုပ်နေတာကို အဘသာသိရင် အဆူခံရမှာ … သိရင် ဘယ်လိုနေမလဲ မသိဘူး “

” ဟ ! ဒီကိစ္စက ခင်ဗျားနဲ့ ဘာဆိုင်လို့လဲ ရွှေဒင်္ဂါးရဲ့ … ကလေးတွေကို ကူညီပေးတာပဲလေ.  ဟက် ~ “

” ကျွန်တော်က ကလေးတွေကို ထိန်းမယ်မရှိပဲနဲ့ မြှောက်ပေးနေလို့လေ ”

ကောက်ရိုးပုံကိုမှီကာ လက်ချောင်းလေးနဲ့ ကောက်ရိုးမျှင်လေးကို လိမ်ယှက်ဆော့နေတဲ့ ရွှေဒင်္ဂါးကို လမင်းကြီးရဲ့အလင်းရောင်ဖျဖျအောက်မှာ ပစ်တိုင်းထောင်က အကြည့်မလွှဲတမ်း စိုက်ကြည့်လိုက်မိသည်။

” နေပါဦး … ခင်ဗျားကို မေးပါဦးမယ် ရွှေဒင်္ဂါး “

” ဟင် ~ “

ခေါင်းလေးငုံ့ထားတဲ့ ရွှေဒင်္ဂါးက ပစ်တိုင်းထောင်ကို မော့ကြည့်သည်။ လက်ကလေးတွေကတော့ ကောက်ရိုးမျှင်တွေကို လိမ်ယှက်လို့ ဆော့နေတုန်းရယ်။

” ခင်ဗျား‌လေ အချိန်တိုင်းလိမ္မာနေရတာ မပင်ပန်းဘူးလား . ရွှေဒင်္ဂါး “

” အာ … ဘာကိုပင်ပန်းရမှာလဲ ပစ်တိုင်းထောင်ရဲ့ “

” ခင်ဗျားလေးရဲ့ ခေါင်းသေးသေးလေးထဲမှာ တစ်ရွာလုံးကကိစ္စတွေကို ထည့်ထားရတာမပင်ပန်းဘူးလား … ဘာတွေထိန်းချုပ်နေတာလဲ … တစ်ခါလာလည်း ရွာ … တစ်ခါလာလည်း အဘ . တစ်ခါလာလည်း အစ်မနဲ့ … ခင်ဗျားကိုကြည့်ရတာ တစ်ခါမှတောင် စိတ်လွတ်ကိုယ်လွတ် မပျော်ဖူးသလိုပဲ “

” အဲ့လိုတော့လည်း မဟုတ်ပါဘူး “

ရွှေဒင်္ဂါးက ခပ်ပါးပါးလေးပြုံးသည်။ အပြုံးလေးကို ကြည့်ရတာတော့ ပစ်တိုင်းထောင်ရဲ့စကားက အထိုက်အလျောက်တော့ မှန်သလိုပါပဲ။

” အင်း . ပြောပါဦး ရွှေဒင်္ဂါး … အဲ့လိုတော့လည်း မဟုတ်ရင် ဘယ်လိုလဲ ”

” အမေမရှိပဲနဲ့ ကျွန်တော်တို့မောင်နှမနှစ်ယောက်ကို ငယ်ငယ်ကတည်းက လိုလေသေးမရှိအောင် ထိန်းကျောင်းပေးခဲ့တဲ့အဘကို ကျေးဇူးပြန်ဆပ်နိုင်ဖို့ဆိုတာ ကျွန်တော်က လိမ်လိမ်မာမာနေဖို့ပဲရှိတယ် “

” ….. “

” ကျွန်တော်က ယောက်ျားလေးပဲ ပစ်တိုင်းထောင် … အပေါင်းအသင်းသာဆွယ်ရင် သောက်ချင်စားချင်စိတ် ဖြစ်ရင်တော့ ဖြစ်လောက်မှာပေါ့ … ဒါပေမယ့် ကျွန်တော့်အတွေးထဲ အဘနဲ့ အစ်မကို မြင်ယောင်လိုက်တိုင်း ဒါတွေက ဘာမှမဟုတ်ပါဘူး “

ဒင်္ဂါးက ပစ်တိုင်းထောင်ကိုလည်းပြောရင်း မျက်စိရှေ့မှာ မြင်နေရတဲ့ လခြမ်းလေးကို မော့ကြည့်လိုက်သည်။ လခြမ်းလေးပေမယ့် ဖြာကျနေတဲ့ အလင်းရောင်ကတော့ ဝန်းကျင်တခွင်ကို အသေအချာ မြင်ရဖို့တော့ လုံလောက်ပါသည်။

” အဲ့တာဆို ကျုပ်နဲ့အတူရှိတဲ့အချိန်မှာ ခြွင်းချက်အနေနဲ့ ခင်ဗျားကို ဆိုးခွင့်ပေးမယ်လေ ရွှေဒင်္ဂါး … ဘယ်လိုလဲ ”

” ဘယ်လိုမျိုး “

” ဥပမာ ခင်ဗျား ထန်းရည်သောက်ချင်ရင် အတူတူလိုက်သောက်ပေးမယ်လေ … ဖဲရိုက်ချင်တယ်ဆိုပါစို့ . လိုက်ရိုက်ပေးမယ် … ကုန်ကုန်ပြောရရင်ဗျာ . ဖဲမရိုက်တတ်ရင် သင်ပါသင်ပေးမယ် ရွှေဒင်္ဂါး “

” အဟား … ပစ်တိုင်းထောင်က နောက်နေပါပြီ “

ရွှေဒင်္ဂါးက ခေါင်းကလေးမော့လို့ သွားတန်းလေးတွေပေါ်သည်အထိ ရယ်သည်။ ရယ်မောလိုက်တာကြောင့် ပိတ်ကျသွားတဲ့ မျက်လုံးလေးတွေပေါ်မှာ ဖြာ‌ဆင်းနေတဲ့ မျက်တောင်ဖျားလေးတွေကို ပစ်တိုင်းထောင်က တမေ့တမောငေးမိသည်။

ရွှေဒင်္ဂါးကတော့ နောက်နေတယ်ထင်ပေမယ့် ပစ်တိုင်းထောင်က အတည်ပေါက်ပြောနေတာဖြစ်သည်။ စနေသားကလေးသာ ဆိုးချင်မိုက်ချင်ရင် ပစ်တိုင်းထောင်က ကိုကိုကြီးနာမည်ကို သုံးပြီးတော့တောင် အနောက်ကနေလိုက်ပြီး အတူတူ ဆိုးမိုက်ပေးဦးမှာ။

” နွားတင်းကုတ်နားက ဘယ်ကောင်လဲကွ …! “

တိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင်မှာ ဟိန်းခနဲထွက်လာတဲ့ သာဗြောရဲ့အသံကြောင့် ရယ်နေတဲ့ရွှေဒင်္ဂါးအသံက တိတ်ကျသွားသလို ပစ်တိုင်းထောင်လည်း ဆတ်ခနဲဖြစ်သွားသည်။ အသံကြားရာဘက်ကို ပစ်တိုင်းထောင်က ကောက်ရိုးပုံနောက်ကနေ လှမ်းအကဲခတ်လိုက်တော့ ယိုင်ထိုးထိုးနဲ့ နွားတင်းကုတ်ဘက်ကိုလာနေတဲ့ သာဗြောကို တွေ့လိုက်ရသည်။

” ပစ် . ပစ်တိုင်းထောင် … ဘယ်လိုလုပ်ကြမလဲ … သာဗြောမြင်သွားရင် ပြဿနာတွေ တက်ကုန်တော့မယ် “

ပစ်တိုင်းထောင်ရဲ့ ပခုံးက အင်္ကျီစလို့ဆွဲလို့ လေသံတိုးတိုးနဲ့ပြောလာတဲ့ ရွှေဒင်္ဂါးက အသံကလေးတွေတောင် တုန်လို့နေသည်။

” မပူနဲ့ . ဘာမှမဖြစ်ဘူး … သာဗြောက မူးနေတာ … သူ့ကိုယ်သူတောင် အနိုင်နိုင် “

” ဖြစ်ပါ့မလား … ဖိုးထူးနဲ့ လှရီကရော “

” ကိုဒင်္ဂါး … “

” အ‌မလေး … အု . ဝူး ဝူး … “

အနောက်ကနေ ပခုံးကိုလာပုတ်တဲ့ ဖိုးထူးကြောင့် ဒင်္ဂါး လန့်ပြီးအော်လိုက်မိသည်။ သို့ပေမယ့် ဒင်္ဂါးပါးစပ်ကို လက်ဖဝါးကြီးနဲ့ လာဖိအုပ်တဲ့ ပစ်တိုင်းထောင်ကြောင့် ဒင်္ဂါးမှာ မပီမပြင်အသံလေးတွေသာ ထွက်နိုင်တော့သည်။

” တိုး . တိုးတိုးလုပ်ပါ ကိုဒင်္ဂါးရယ် “

ဖိုးထူးက နှုတ်ခမ်းနားကို လက်ညှိုးလေးကပ်လို့ တိတ်တိတ်နေဖို့ အချက်ပြရှာသည်။ ဘေးနားမှာရပ်နေတဲ့ လှရီကဆို သူ့အစ်ကိုမိသွားမှာကြောက်ပြီး နဖူးမှာ ချွေးစေးတွေပင်ပြန်လို့။ ဒင်္ဂါးကတော့ ပါးစပ်ပိတ်ခံထားရတဲ့ အနေအထားအတိုင်း ပစ်တိုင်းထောင်က အနောက်ကနေ သိမ်းပွေ့ထားတာကို ခံနေရသည်။

” ကိုကြီးပစ်တိုင်းထောင် … ကိုဒင်္ဂါးကို လွှတ်ပေးလိုက်ဦးလေ … အသက်ရှူကြပ်နေတော့မယ် ”

” အာ . အေး အေး … မေ့သွားတာ ရွှေဒင်္ဂါး “

ပစ်တိုင်းထောင်လွှတ်ပေးလိုက်တော့ မျက်နှာလေး နီရဲနေတဲ့ ရွှေဒင်္ဂါးက အသက်ကို အလုအယက်ရှူရှာသည်။ ရွှေဒင်္ဂါးကို ဒီလိုလေးမြင်ရတော့လည်း ပစ်တိုင်းထောင်မှာ စိတ်မကောင်း။ ရွှေဒင်္ဂါးကို လွှတ်ပေးဖို့ မေ့မနေခဲ့တာ ပစ်တိုင်းထောင်သာ အသိဆုံးမလို့။

” ဟေ့ . သူခိုးကောင် … ကောက်ရိုးပုံနောက်ကနေ ထွက်လာရင် ထွက်လာနော် … မဟုတ်ရင် ငါပစ်မှာ . ငါ့လက်ထဲမှာ ဘာလဲတွေ့လား “

” ကိုကြီးပစ်တိုင်းထောင် လုပ်ပါဦး ”

” ဟ ! ငါက ဘာလုပ်ရမှာတုန်း “

” မိသွားရင် ကျွန်တော်ရော လှရီရော သေမှာ “

လုပ်တုန်းကလုပ်ပြီး အခုကျမှကြောက်နေတဲ့ ဖိုးထူးက ကောက်ရိုးပုံနောက်ကို ခေါင်းလေးစောင်းလို့ သာဗြောကိုလည်း အကဲခတ်သည်။ လှရီကများဆို ကြောက်လို့ အသံပင်မထွက်နိုင်ပဲ ကောက်ရိုးပုံထဲကိုဝင်မတတ် ကျောလေးကပ်နေရှာသည်။

” ဟမ် … ဆရာတော် …! “

” အမ် … ဆရာတော်က ဒီအချိန်ကြီး … အား . သေပါပြီ …! “

ပစ်တိုင်းထောင်က တစ်နေရာကိုကြည့်လို့ ဆရာတော့်ကို အလန့်တကြားခေါ်လိုက်‌တော့ ဖိုးထူးကလည်း လိုက်ကြည့်သည်။ အာရုံလွှဲသွားတဲ့ ဖိုးထူးကို ပစ်တိုင်းထောင်က အနောက်ကနေ ဆောင့်ကန်လိုက်တော့ ဖိုးထူးမှာ ကောက်ရိုးပုံအပုင်ဘက်ကို မှောက်လျက်ကလေးကျသွားသည်။

” ကိုကြီး . ကျွတ် ကျွတ် … ကိုကြီးပစ်တိုင်းထောင် … ကျွန်တော့်ကို ဘာလို့ကန်တာလဲ ”

” ကျေးဇူးဆပ်တယ်ပဲ သဘောထားကွာ … ဟဲ့ လှရီ . ခဏနေကျရင် ညည်းအိမ်ထဲကို အခြေအနေကြည့်ပြီး ပြေးချေ . ငါတို့ … ”

” ဟ ! သူခိုး … ငါ့အိမ်ထဲ ဘာလာလုပ်တာလဲ ကဲကွာ … “

ပစ်တိုင်းစကားပင် မဆုံးသေးခင် သာဗြောရဲ့အော်သံကို ကြားလိုက်ရသည်။ လောက်စာလုံးတွေ ကောက်ရိုးပုံနားကို တဖြောဖြောနဲ့ ကျလာတာကိုလည်း ပစ်တိုင်းထောင်တို့ အတိုင်းသား မြင်နေရသည်။

” အား …! ကိုကြီးပစ်တိုင်းထောင် ရက်စက်တယ် “

ဖိုးထူးကတော့ ပုဆိုးကြီးခေါင်းမြီးခြုံလို့ ‌ဖနောင့်‌နဲ့တင်ပါး တစ်သားတည်းကျအောင် ထပြေးလေပြီဖြစ်သည်။ ပစ်တိုင်းထောင်တို့ကလည်း ခပ်သွက်သွက်ပင် တစ်ဖက်က ကောက်ရိုးပုံနောက်ကို အမြန်ပုန်းကြတော့ အနောက်ကနေ ယိုင်ထိုးထိုးနဲ့ လောက်လေးဂွကိုင်လို့ ပြေးလိုက်သွားတဲ့ သာဗြောကိုလည်း မြင်လိုက်ရသည်။

” ဟဲ့ လှရီ … သွား‌တော့ အိမ်ထဲ … ညည်းကောင်ကတော့ ပြေးပါစေဦး အဟား … “

လုပ်ချင်ရာလုပ်ပြီး အားပါးတရ ရယ်ချလိုက်တဲ့ ပစ်တိုင်းထောင်ကို ဒင်္ဂါး ကြည့်လိုက်မိသည်။ လှရီကတော့ ကောက်ရိုးပုံနားကနေ အိမ်ဘက်ကို ခပ်သွက်သွက်ပြေးထွက်သွားပြီဖြစ်သည်။

” ပစ်တိုင်းထောင်ကလည်း … ဖိုးထူးသနားပါတယ် “

” အဟား … အဲ့ကောင် နောက်ဆို ကျုပ်ကို အကူအညီ လာတောင်းရဲတော့မှာ မဟုတ်ဘူး မှတ်ကရော “

” အဲ့တာနဲ့ပဲ အနောက်ကနေ ကန်ပစ်ရသလား “

ရွှေဒင်္ဂါးစကားကြောင့် ပစ်တိုင်းထောင်က ရယ်နေရာကနေ အရှိန်သတ်လိုက်ကာ ခါးထောက်လိုက်သည်။

” ပြောပါဦး ရွှေဒင်္ဂါး … ကျုပ်က အဲ့သလိုမလုပ်တော့ရော သာဗြောဆီမယ် အကုန်လုံးကို အမိခံမလို့လား “

” အာ … အဲ့လိုတော့လည်း မဟုတ်ပါဘူး “

” အေး . အဲ့လိုတော့လည်း မဟုတ်ရင် ခင်ဗျား ပါးစပ်ပိတ် ရွှေဒင်္ဂါး “

ပစ်တိုင်းထောင်စကားကြောင့် အပေါ်နှုတ်ခမ်းနဲ့ အောက်နှုတ်ခမ်းကလေးကို ခပ်တင်းတင်းစေ့ပိတ်လိုက်တဲ့ ရွှေဒင်္ဂါးကိုကြည့်လို့ ပစ်တိုင်းထောင်မှာ ချစ်မဝ။ ရွှေဒင်္ဂါးက တစ်ခွန်းဆိုလည်း တစ်ခွန်းနားထောင်တဲ့ အလိမ္မာအိမ်ပါကလေးမို့ အချစ်ပိုရတာလည်းပါသည်။

>>>>>>>>>>

” ဟ ! ဖိုးထူး … မင့်နဖူးက ညိုမဲနေတာပဲ ဘာဖြစ်သလဲ “

သူကြီးစကားကြောင့် ဖိုးထူးမျက်နှာကြီး ရှုံ့မဲ့သွားသည်။ ရှင်လောင်းတွေအကုန်လုံးကို ပြင်ဆင်ပေးတဲ့နေရာကို သူကြီးက လှည့်ပတ်ကြည့်နေရင်း ဖိုးထူးပါးပေါ်ကို ရွာထဲက ကြီးဒေါ်လှတို့က သနပ်ခါးနဲ့ အစက်ကလေးတွေ အဝိုင်းလိုက်ချပေးနေတုန်း ဖိုးထူးနဖူးပေါ်က အာလူးသီးကို မြင်သွားတာပင် ဖြစ်သည်။

” မင့်မလည်း ဖိုးထူးရယ် … ရှင်ပြုတယ်ဆိုတာ မင်းလောင်းလိုပဲကွဲ့ . အင်မတန်နတ်ကြီးတယ် … မင်း အပင်တွေဘာတွေများ တက်သလား “

သူကြီးအိမ်က မြို့အုပ်မင်းညီ အကောင်းစားကြီးကြောင့်ပါလို့ ဖြေလိုက်ချင်ပေမယ့် ဖိုးထူးမှာ ကိုယ့်လျှာကိုယ် ဖိကိုက်ထားရသည်။ တွေးကြည့်လိုက်ရင် ဖိုးထူးကိုယ်တိုင်ကိုက ချော်တောငေါ့ပြီး ကိုပစ်တိုင်းထောင်ဆီရောက်သွားတာကြောင့် ကိုယ့်အပြစ်ကိုယ်လည်း မကင်းတာကြောင့် နှုတ်ဆိတ်နေလိုက်ရသည်။

” ကဲ ကဲ … ဒေါ်လှရေ . ဖိုးထူး‌နဖူးပေါ်က အာလူးသီးကို သနပ်ခါးနဲ့ ထူထူအုပ်ပေးလိုက်ချေဦး “

” စိတ်ချပါ သူကြီးရဲ့ “

သူကြီးကတော့ လက်ကိုနောက်ပစ်လို့ တခြားဘက်ကို ထွက်သွားပြီဖြစ်သည်။ တရားခံဖြစ်သူ ကိုကြီးပစ်တိုင်းထောင်ကတော့ ဘယ်ဆီဘယ်ဝယ်နေမှန်းမသိ။ ဖိုးထူးမှာတော့ တင်ပါးက အကန်ခံရပြီး ဓားစာခံ အယောင်ပြကလည်းဖြစ်ရသေး လောက်စာလုံးကြောင့် နဖူးမှာ အာလူးသီးကလည်း သီးရသေးနဲ့ ရည်းစားလေးနဲ့ ချိန်းတွေ့ရတာကလွဲလို့ ကျန်တာကတော့ အရှုံးချည်း။

” အစ်မငွေမှုန်က လှတယ်ဗျာ “

” ဟုတ်ပါ့ဗျာနော် ဆျာထောင် … အစ်မငွေမှုန်က အခုလို‌ပြင်ထား ဆင်ထားတော့လည်း လှလိုက်တာလည်း မှုန်လို့ … အရင်လည်းလှပေမယ့် အခုက‌တော့ လွှတ်ချောဗျာ “

ဖက်စိမ်းကွမ်းတောင်ကလေးကို ကိုင်ထားတဲ့ အစ်မငွေမှုန်က ပစ်တိုင်းထောင်တို့ ဆရာတပည့်နှစ်ယောက်ရဲ့ ချီးမွမ်းစကားကြောင့် ခပ်ပါးပါးပြုံးသည်။ ကွမ်း‌တောင်ကိုင်ဆိုတဲ့ နာမည်နဲ့လည်း လိုက်ဖက်စွာ အဝါနုရောင်ရင်စေ့အင်္ကျီ ရွှေပိုးချိတ်ထဘီလေးနဲ့ အစ်မငွေမှုန်က ရှုမငြီးနိုင်စရာ ခပ်လှလှ‌ကလေးပင်ဖြစ်သည်။

” မယ်တင်လည်း လှတယ်နော် ဆျာထောင် “

” ဟမ့် … ငါတို့အစ်မကိုတော့ မမှီပေါင် “

ပစ်တိုင်းထောင်စကားက ဘေးနားကလူတွေပါ ကြားဖို့လုံလောက်တာမလို့ မျက်နှာလေးငယ်သွားတဲ့ မယ်တင်ကြောင့် ဒင်္ဂါးမှာ ကြားကနေတောင် အားနာရသည်။ မယ်တင့်အမေ ဒေါ်တူးစိန်ကြီးသာ ကြားလို့ကတော့ တဗျစ်တောက်တောက်နဲ့ ပြောနေလိုက်မယ့်ဖြစ်ခြင်း။ ပစ်တိုင်းထောင်တို့က ပြောလိုက်မှဖြင့် ရိုက်ပေါက်တွေချည်းရယ်။

” တော့ ကိုပစ်တိုင်းထောင်ကြီး . ဖယ်ပါဦး … အရှေ့ကနေ ကန့်လန့်ကန့်လန့်နဲ့ ဘာမှန်းကိုမသိဘူး ”

” အံမယ် … ညည်းက ငါ့ကို ရှောင်သွားပါ့လား . ညည်းကပဲ ပြောရတယ်ရှိသေး “

” မိကဲတို့က နားသထိန်းတော့ … မတော်ကာ ဝင်တိုက်မိရင် အလှတွေပျက်ကုန်မှာ “

” ဟမ့် … အလှပျက်ပျက် မပျက်ပျက် ညည်းကိုကြိုက်မယ့်လူလည်း မရှိပဲနဲ့ “

အလှူလှည့်နေ့ဖြစ်တာကြောင့် ဘုန်းကြီးကျောင်းဝင်းထဲမှာ လူက ပျားပန်းခတ်မျှ စည်ကားနေသည်။ တစ်ရွာလုံးကလည်း ပြင်ပြင်ဆင်ဆင်နဲ့ မိန်းမပျိုလေးတွေကလည်း အလှပြနေကြသလို ကာလသားအုပ်စုကလည်း လူပျိုလှည့်ပြန်သည်။

မင်းကန်ရိုးရွာစုကြီးရဲ့ ခြိမ့်ခြိမ့်သဲအလှူပေမလို့ ဘုန်းကြီးကျောင်းဝင်းထဲမှာ တည်ဆောက်ထားတဲ့ ရွှေနန်းမဏ္ဍပ်ကြီးကလည်း ဟီးလို့ရယ်။ အလှူကြီးနေ့တွင် လေးရွာစုလုံးက အလှူလာသမျှကိုလည်း အကျွေးအမွေးနဲ့ ဗိုက်ခွေးနမ်းသည်အထိ ဧည့်ခံသည်။ ဒီကနေ့ကတော့ အလှူလှည့်နေ့မလို့ တစ်ရွာလုံး ကလေးကစလို့ လူကြီးသူမတွေပါမကျန် ဝတ်ကောင်းစားလှတွေနဲ့ အလှူမှူ ပါဝင်လာကြသည်။

” ကိုပစ်တိုင်းထောင်ကြီးနော် … မိကဲကိုဆို ပြောမယ်ဆိုတာကြီးပဲ . မိကဲကဖြင့်နော် ခါခါချနေရတာကို “

” မင်းကန်ရိုးက ဖုန်ထူကထူနဲ့ … ညည်း ဖုန်တွေခါချနေရမှန်း ငါမသိတာကျလို့ “

မိကဲက ပစ်တိုင်းထောင်ကို မျက်စောင်းခဲသည်။ ဒင်္ဂါးကတော့ မိကဲနဲ့ ပစ်တိုင်းထောင်ဆုံတိုင်း မြင်နေကျ မြင်ကွင်းရယ်မလို့ ခပ်ပြုံးပြုံးသာ ရပ်ကြည့်နေလိုက်သည်။

” ဒါနဲ့ မိကဲ … ကိုဘမော်ကြီးရော မတွေ့ပါလား “

ဒင်္ဂါး‌ကမေးလိုက်တော့ မိကဲက ပစ်တိုင်းထောင်နဲ့ ရန်ဖြစ်နေရာကနေ ဒင်္ဂါးဘက်လှည့်လာသည်။

” ကိုဘမော်ကြီးကို နွားလှည်းတွေကထားတဲ့နေရာမှ တွေ့သပါ့ ကိုဒင်္ဂါး … ခဏနေရင် အလှူလှည့်တော့မှာမလို့ အဆင်သင့်အောင် အကုန်လုံးကို အစဉ်တိုင်း တန်းစီနေတာ “

” အေးပါ အေးပါ … ဒါနဲ့ ဘယ်နှစ်ချက်တီးပြီလဲ “

” ဆယ်ချက်တီးတော့မယ်တော့ … ခဏနေရင် လှည့်တော့မှာ “

” ဟေ … “

မိကဲစကားကြောင့် ပစ်တိုင်းထောင်နဲ့ ဒင်္ဂါးအပါအဝင် အနားမှာရပ်ပြီး မယ်တင့်ကို ငမ်းနေတဲ့ခွေးပုကပါ လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။ မိကဲတို့အဖွဲ့က နွားလှည်းပေါ်မှာ နားသထိန်း လိုက်ရမှာဖြစ်သလို ပစ်တိုင်းထောင်တို့ကလည်း ရှင်လောင်းထိန်းအနေနဲ့ ရှင်လောင်းတွေကို ပခုံးပေါ်တင်လို့ ထမ်းရမှာဖြစ်သည်။

” ပြောရင်းဆိုရင်း ဟိုမယ် ရှင်လောင်းတွေရော နားသတွေရော ကျောင်းပေါ်ကနေ ဆင်းလာပြီ “

အလှူလှည့်တော့မှာဖြစ်တာကြောင့် ကျောင်းထဲမှာ နားသတွေကို ခေါ်တဲ့လူကခေါ် ရှင်လောင်းတွေကို ပြေးထမ်းသူကထမ်းနဲ့ ရုတ်ရုတ်သဲသဲဖြစ်သွားသည်။ ဒင်္ဂါးကတော့ ပစ်တိုင်းထောင်နောက်ကနေ ရွှေထီးလေးကိုင်လို့ ဖိုးထူးနားကို ပြေးရသည်။

” ကိုကြီးပစ်တိုင်းထောင်နဲ့ မလိုက်ချင်ပါဘူးနော် “

” အောင်မယ် … ငါလုပ်ထည့်လိုက်ရလို့ နဖူးနောက်တစ်ဖက်မယ် အာလူးနောက်တစ်လုံးသီးသွားမယ် “

ပစ်တိုင်းထောင်က မျက်နှာကြီးရှုံ့မဲ့နေတဲ့ ဖိုးထူးကို ပခုံးပေါ်ကောက်ထမ်းသည်။ ရာသီဥတု‌ပူရတဲ့အထဲ လူတစ်ယောက်လုံးကို ကောက်ထမ်းရတာများ လွယ်တယ်မှတ်လို့။ ဘေးမယ် ပါရမီဖြည့်ဖက် ရွှေထီးတော်မိုး ရွှေဒင်္ဂါးလေး ပါနေလို့သာ တော်ပါတော့သည်။ ထီးက ပစ်တိုင်းထောင်ကို မလုံရင်တောင် အနားမှာ ရွှေဒင်္ဂါးလေးရှိတော့ ရင်ကိုအေးလို့။

” ပစ်တိုင်းထောင် . ရရဲ့လားဗျာ … ကျွန်တော်နဲ့အတူတူ နှစ်ယောက်ထမ်းမယ်လေ “

ဖိုးထူးက ခပ်ငယ်ငယ်မဟုတ်တာကြောင့် ပစ်တိုင်းထောင်မှာ မနည်းအားယူလို့ ထမ်းထားရမှာ ဖြစ်သည်။ နီးနီးနားနားလည်းမဟုတ်ပဲ ရွာဦးစေတီအထိဖြစ်တာကြောင့် ဒင်္ဂါးက စိတ်ပူလို့ မေးမိတော့လည်း ပစ်တိုင်းထောင်ရဲ့မျက်စောင်းက ဒင်္ဂါးဆီကို ရောက်လာသည်။

” ဟမ့် … ဖိုးထူး,မကလို့ ခင်ဗျားကိုတောင် နောက်ထပ်ပခုံးတစ်ဖက်ကနေ ထမ်းသွားလို့ရသေး “

ဆက်မပြောပဲ ပါးစပ်ကလေးပိတ်ကာ ပစ်တိုင်းထောင်နောက်ကို ရွှေထီးလေးကိုင်လို့လိုက်လာတဲ့ ရွှေဒင်္ဂါးကို စောင်းငဲ့ကြည့်မိသည်။ ရှင်လောင်းတွေကို မထမ်းစေချင်လို့မှ ပစ်တိုင်းထောင်နားမှာ ထီးမိုးအဖြစ် လိုက်ခိုင်းပါတယ်ဆိုမှ ဒင်းကလေးက ရှင်လောင်းကို ကူထမ်းချင်သေးတာ။

ရွှေထီးလေးကိုင်လို့ ပစ်တိုင်းထောင်နဲ့ ဖိုးထူးကို မမှီ့တမှီလေး ထီးလိုက်မိုးပေးနေတဲ့ ရွှေဒင်္ဂါးကိုကြည့်ရင်း ပစ်တိုင်းထောင်မှာ ပြုံးမိရပါတော့သည်။ တကယ်ပါလေ။ ရွှေဒင်္ဂါးကလေးက ပစ်တိုင်းထောင် ရင်ကို အပြုံးဝေ အေးစေချမ်းစေလေး။ ရွှေဒင်္ဂါးကိုသာဆို ပစ်တိုင်းထောင်ပခုံးပေါ်မှာ အခုခဏတင်မဟုတ်ပဲ တစ်ဘဝလုံးစာတောင် ထမ်းပိုးထားနိုင်ပါရဲ့လေ။

>>>>>>>>>>

ဆက်ရန်
Yellowish_One 💛
(၃၀-၄-၂၀၂၄)

Tags: read novel Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၁၉), novel Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၁၉), read Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၁၉) online, Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၁၉) chapter, Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၁၉) high quality, Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၁၉) light novel, ,

Comment

Leave a Reply

Chapter 37