Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၂၁)

A+ A-

” အစ်မငွေမှုန် … ခမောက်မေ့ခဲ့တယ် “

” အယ် … ဟုတ်ပါ့ရယ်ကွယ် … အစ်မလည်း သနပ်ခါးလိမ်းရင်း လှေကားလက်ရန်းမှာ ကျန်နေရစ်ခဲ့တာ မောင်ခွေးပုရယ် “

ငွေမှုန်က ဝါးတောင်းလေးကိုကိုင်လို့ ခြံရှေ့ထွက်ရပ်ဖို့ပြင်တော့ ခွေးပုက ခမောက်ကလေးကိုင်လို့ အပြေးလာပေးသည်။ အနားရောက်လာတော့လည်း ခွေးပုက ငွေမှုန့်ကို ခမောက်လေးကမ်းပေးလာပြီး ငွေမှုန့်လက်ထဲက ဝါးတောင်းလေးကို လက်လွှဲယူလို့ သယ်ပေးသည်။

” အစ်မက လမ်းလျှောက်သွားမလို့လား … အတူတူသွားကြမယ်လေ… ကျွန်တော်တို့နဲ့ ကိုဒင်္ဂါးလည်း လိုက်မယ့်ဟာကို “

ခွေးပုပြောတော့ ငွေမှုန်က ခပ်ဖွဖွပြုံးရင်း ခေါင်းရမ်းလိုက်သည်။

” မသွားသေးပါဘူး မောင်ခွေးပုရယ် … မိုးရိပ်ကလေးလည်းရှိတော့ မိုးရွာမှာစိုးလို့ပါ … သာထင်တို့လှည်း လာပြီလားလို့ ခြံရှေ့ထွက်မျှော်တာပါ “

” အော် အဲ့တာများ အစ်မရယ် … မိုးရိပ်သာရှိတာ နေပူလိုက် မိုးအုံ့လိုက်နဲ့ကို … အခုကျတော့လည်း နေပူလိုက်တာများကျဲကျဲကိုတောက်လို့ … အိမ်ထဲကနေစောင့်လည်း ရရဲ့နဲ့ “

” ကယ့် … မောင်ခွေးပုရယ် … မင်းရော မောင်ငယ်ပစ်တိုင်းထောင်ရော အငယ်ရောက တစ်နေ့တစ်နေ့ အဘနဲ့ ပိုတူ,တူလာတယ် “

ငွေမှုန်မှာတော့ မောင်ငယ်သုံးယောက်ရထားပေမယ့် ယောက်ျားသားတွေကြားမလို့ အငယ်လိုပင် အစောင့်ရှောက်ခံရသည်။ ခွေးပုပြောသလိုပင် နေကလည်း ကျဲကျဲတောက်လို့ ပူလှတာကြောင့် ခြံထဲကနေ အိမ်ထဲပြန်ဝင်တော့ ခွေးပုက အနောက်ကပါလာသလို ခုန်ပေါက်ဆော့နေတဲ့ မိစွာနဲ့ မိုက်မိုက်စန်းကလည်း အိမ်အရိပ်ထဲကို ပြေးဝင်လာသည်။

” သာထင်တို့ မလာသေးဘူးလား အစ်မ “

” ‌အင်း . အငယ်ရယ် … အစ်မလည်း အခုပဲ ထွက်မျှော်နေတာ . နေပူလို့ ပြန်ဝင်လာတာ “

‌အပေါ်ထပ်ကနေ ဆင်းလာတဲ့ အငယ်က ငွေမှုန့်ကိုမေးရင်း အိမ်အတွင်းပိုင်းက ကွပ်ပျစ်မှာ ဝင်ထိုင်သည်။ အနောက်မှာလည်း မောင်ငယ်ပစ်တိုင်းထောင်က ပါလာတာမလို့ ငွေမှုန်နဲ့ ခွေးပုက လေးယောက်သား ကျယ်ကျယ်ပြန့်ပြန့် ထိုင်လို့ရအောင် စနစ်တကျ နေရာရွှေ့ထိုင်လိုက်သည်။

” နေပူကပူနဲ့ ဒီလိုနဲ့ပဲ နေမြင့်တော့မယ် . မိုးကလည်း ရွာဦးမလားမသိဘူး ”

” ဟော ရွှေဒင်္ဂါးရယ် … မိုးရွာ‌တော့လည်း ဘာဖြစ်သတုန်း . မိုးရေတောင်မှ ချိုးရသေးတယ် . ဟမ့် … ပျော်ဖို့တောင်ကောင်းသေး “

ပစ်တိုင်းထောင်စကားကြောင့် ရွှေဒင်္ဂါးဆီကနေ မျက်စောင်းလေးတစ်ချက်က ဝင့်ခနဲ ကျရောက်လာတာမလို့ မသိမသာ ခိုးပြုံးလိုက်သည်။ ရွှေဒင်္ဂါးကလေးနှယ် မိုးမိတော့ရော ဘာဖြစ်မှာမလို့လဲ။ မိုးစိုမခံချင်ရင် ပစ်တိုင်းထောင်က ရင်ဘတ်ကြီးနဲ့ အုပ်မိုးကာထားပေးချင်စမ်းပါဘိ။

” မိုးရွာလို့ဖြစ်မလား ပစ်တိုင်းထောင်ကလဲ … ပန်းတွေခူးပြီးရင် မနက်ဖြန် ဝါဆိုလပြည့်နေ့ တရားပွဲအတွက် ဘုန်းဘုန်းကျောင်းမှာ ပြင်ရဆင်ရဦးမှာကို “

” ဟမ့် ! မိုးရွာလည်း အဝတ်အစားလဲပြီး လုပ်လို့ရတာကို “

ပစ်တိုင်းထောင်ကိုတော့ ဒင်္ဂါး မနိုင်တာမလို့ ဆက်မပြော‌တော့ပဲ ငြိမ်နေလိုက်တော့သည်။ အစ်မငွေမှုန်နဲ့ ခွေးပုကတော့ ဒင်္ဂါးတို့ကိုကြည့်ရင်း တကြိတ်ကြိတ်ရယ်သည်။

” ဒါနဲ့ သူကြီးနဲ့ ကိုမင်းမျိုးရော မတွေ့ပါလား “

ပစ်တိုင်းထောင်က မေးလည်းမေး ခေါင်းကလည်း တစ်အိမ်လုံးကို လည်နေအောင် ‌လှည့်ပတ်ကြည့်သည်။

” ခုနကလေးတင်ပဲ ဆရာတော်ကျောင်းကို သွားလေရဲ့ … နေပူပါတယ်ဆို ထီးတစ်ချောင်းစီနဲ့ သွားကြတယ်လေ … သာထင့်နွားလှည်းလာမှသွားဆိုတော့လည်း အစ်မတို့ ဝါဆိုပန်းခူးထွက်ကြမှာမလို့တဲ့ “

” အော် . အဘကလည်း ခဏလောက်စောင့်လိုက်တာမဟုတ်ဘူး … ကျွန်တော်တို့က သာထင့်နွားလှည်းပြန်လာကာမှ သွားလည်းရတာပဲကို “

ဒင်္ဂါးက အဘကို စိတ်ပူသလိုမျိုး ညည်းညည်းညူညူဆိုလိုက်သည်။ တက်တက်ကြွကြွနဲ့ သွားသွားလာလာရှိနေတာကတော့ ကောင်းပေမယ့် ဒီရက်ပိုင်းမှာ မိုးရိပ်ကလေးကလည်းရှိတော့ အဘက အဆစ်အမြစ်တွေ ကိုက်ခဲနေတတ်သည်။ ဒင်္ဂါးတို့ မောင်နှမမှာက အဘတစ်‌ယောက်တည်းသာ ရှိတော့တာမလို့ တစ်ခုခုဆို စိတ်ပူရတာဖြစ်သည်။

” ဟဲ့ နွား … ဟဲ့ ဟဲ့ … ဒီဘက်ကိုကွေ့ “

သိပ်မကြာခင် နွားခလောက်သံ ဒိုးဒိုးဒေါင်ဒေါင်နဲ့အတူ သာထင့်အသံကိုပါ ကြားလိုက်ရသည်။

” ဟော . သာထင်တို့လာကြပြီ “

အစ်မငွေမှုန်က လောဆော်ရင်း အကုန်လုံး ကွပ်ပျစ်ပေါ်ထိုင်နေရာက အိမ်ရှေ့ကိုထွက်လာခဲ့သည်။ အိမ်ရှေ့ရောက်တော့ ခြံထဲကိုရောက်နေပြီဖြစ်တဲ့ သာထင့်နွားလှည်းပေါ်ကနေ မိကဲနဲ့ မိတုတ်က လက်လှမ်းပြသည်။

” ဟဲ့ မိကဲ … ညည်းက ဘာလိုက်ရှုပ်တာလဲ “

ပစ်တိုင်းထောင်က အိမ်ရှေ့ကနေ ဆီးပြောလိုက်တော့ လက်ပြရင်း မြူးတူးနေတဲ့ မိကဲမျက်နှာကြီးက ရှုံ့မဲ့သွားရင်း မျက်စောင်းခဲသည်။

” အံမယ် … အဲ့တာဆို ကိုပစ်တိုင်းထောင်ကြီးလည်း ဘာလိုက်လုပ်မလို့လဲ … ပန်းခူးထွက်တာက မိကဲတို့ကိစ္စလေ “

” ငါ့ဘာသာငါ လိုက်ချင်လို့လိုက်တာပေါ့ “

” ဟွန့် … အဲ့တာများ မိကဲကိုပြောနေသေး “

တွေ့တာနဲ့ ကိုက်နေကြတဲ့ ပစ်တိုင်းထောင်နဲ့ မိကဲကလည်း အရင်ဘဝက ကြောင်နဲ့ကြွက်သေလို့ ဝင်စားသလိုမျိုး။ ဒင်္ဂါးတို့ကတော့ အကြောင်းသိနေသူတွေမလို့ မပြောတော့ပဲ ခေါင်းတရမ်းရမ်းနဲ့ သာထင့်လှည်းပေါ်ကိုသာ တက်ကြသည်။

” မိကဲနဲ့ မိတုတ်ပဲလား … ကျန်တဲ့သူတွေရော “

အစ်မငွေမှုန်က လှည်းရံတိုင်ကိုကိုင်လို့ လက်တစ်ဖက်ကလည်း ခမောက်ကလေးကို ကိုင်ထားရင်း မိကဲကိုမေးလိုက်သည်။ လှည်းအရှေ့ပိုင်းမှာ မိန်းမသားတွေချည်း နေရာယူပြီးတော့ ပစ်တိုင်းထောင်က ဒင်္ဂါးကို လှည်းပေါ် အရင်တက်စေလိုက်သည်။ ပြီးကာမှ အနောက်ကနေ ဝင်ထိုင်လိုက်ရင်း ခွေးပုက‌ နောက်ဆုံးကနေ လှည်းပေါ်တက်ထိုင်သည်။

” လာလိမ့်မယ် အစ်မငွေမှုန်ရဲ့ … လှရီတို့ မယ်တင်တို့လည်းပါမှာ … နောက်လှည်းတစ်စီးနဲ့ ဖိုးထူးတို့ အောင်ကျော်တို့က ပတ်ခေါ်လာခဲ့မှာ “

” အင်းပါ … ဟိုရောက်တော့လည်း ဆုံမှာပေါ့ “

မိကဲက ခေါင်းတဆတ်ဆတ်ညိတ်သည်။ နေပူမလို မိုးရွာမလိုဖြစ်နေတဲ့ ရာသီဥတုက သိပ်တော့ မစားသာလှ။ ပူတာလည်းမဟုတ် အေးတာလည်းမဟုတ်နဲ့ နေရတာက အိုက်စပ်စပ်ဖြစ်နေသည်။

” ခမောက်ဆောင်းထား ရွှေဒင်္ဂါး “

” သိပ်မပူပါဘူး ပစ်တိုင်းထောင်ရဲ့ “

” ဟ ! ဆောင်းဆိုရင် ဆောင်းထားလိုက်ပေါ့ ခင်ဗျား … လျှာကိုရှည်တယ်နော် အရမ်း “

ရွှေဒင်္ဂါးဆိုသည်မှာလည်း ပစ်တိုင်းထောင်စကားဆို ပြောရင် ချက်ချင်းနားမထောင်ပဲ အထွန့်ကလေးကတော့ တက်လိုက်ရမှ။ ပစ်တိုင်ထောင်က ငေါက်လိုက်‌တော့ ရွှေဒင်္ဂါးက မျက်နှာငယ်လေးနဲ့ ပါလာတဲ့ ဝါးခမောက်ကို ယူဆောင်းသည်။ မပူဘူးသာပြောနေပေမယ့် မနက်ခင်းနေကြောင့် မျက်နှာဖွေးဖွေးလေးက ခပ်ရဲရဲ။

ဝါဆိုပန်းခူး ထွက်ရအောင်
လှည်းယာဉ်ကလေးနဲ့ သွားစို့မောင်
ဝါဆိုဝါခေါင် ရေဖောင်ဖောင်
ပျော်စရာကြီးကွဲ့ မိုးကမှောင်

တောင်သောရယ်သာ ပန်းမာလာရယ်
ရောင်စုံဖူးပွင့် အလှစုံကြွယ်
လိုက်ခဲ့ကြပါ ပျော်ပျော်ပါးပါး
ဝါဆိုပန်းခူးသွား …

နွားလှည်းလေးက တရွေ့ရွေ့နဲ့ ရွာဦးစေတီနားကိုရောက်တော့ ကဗျာသံလေးတွေ ညံနေအောင် ကြားနေရပြီဖြစ်သည်။ လှည်းပေါ်ကနေ လည်ပင်းလေးတွေဆန့်လို့ လှမ်းမျှော်ကြည့်လိုက်တော့ ပစ်တိုင်းထောင်တို့ထက်တောင် ဦးအောင်ရောက်နေတဲ့ ဖိုးထူးတို့အဖွဲ့က ပန်း‌တွေတောင် ဆင်းခူးနေကြပြီဖြစ်သည်။

” မင်းတို့က ရောက်တောင်နေပြီလား … ငါတို့က မရောက်သေးဘူးမှတ်နေတာ “

လက်ထဲမှာ သပြေခက်တွေကိုင်ထားတဲ့ ဖိုးထူးက ပစ်တိုင်းထောင်ကိုတွေ့တော့ သွားစေ့လို့ ရယ်ပြလာသည်။ ပစ်တိုင်းထောင်က လှည်းပေါ်ကနေ လွှားခနဲ ခုန်ဆင်းလိုက်ရင်း ခပ်လျော့လျော့ဖြစ်နေတဲ့ ပုဆိုးကိုပြင်ဝတ်ကာ ဖိုးထူးတို့အနားကို လျှောက်သွားလိုက်သည်။

” ကျွန်တော်တို့က စောတာမဟုတ်ပါဘူး … ကိုကြီးပစ်တိုင်းထောင်တို့ပဲ နောက်ကျနေပြီးတော့ … ကြည့်ပါလား . နေကဖြင့်မြင့်နေပြီ “

” ငါတို့နောက်ကျနေတာ မဟုတ်ဘူးကွ … သာထင့်လှည်းက နောက်ကျနေတာ “

ပစ်တိုင်းထောင်တို့အချင်းချင်း ဟိုလူဒီလူ လွှဲချရင်း ပန်းခူးကြဖို့ တောစပ်ကို အတူတူထွက်လာခဲ့လိုက်ကြသည်။ နောက်ကျတယ်လို့ အပြောခံလိုက်ရတာကြောင့် သာထင့်မျက်နှာကတော့ ရှုံ့ရှုံ့မဲ့မဲ့။

” အောင်မယ် … ကျွန်တော်က နောက်ကျပါ့မလား … မိကဲပေါ့ . သွားမယ်လာမယ်ဆို ဘာတွေလုပ်နေမှန်းမသိ … ဘယ်လောက်ပြင်ပြင် ဒီရုပ်ကဖြင့် ဒီရုပ်ပဲကို “

” ဟဲ့ … ဘာပြောလိုက်တယ် သာထင် “

” အားရိုး … လက်သံကလည်း ပြောင်လိုက်တာ … အဲ့တာကြောင့် နင့်ကို ကြိုက်မယ့်လူမရှိတာ မိကဲ “

မိကဲက သာထင့်နောက်ကျောကို လက်သီးဆုပ်နဲ့ထုတော့ သာထင်ကကျောကော့သွားကာ ပခုံးကိုတွန့်သည်။ မိကဲကတော့ လက်ထဲမှာ ဖျင်တဘက်ကြမ်းလေးကို ဆုပ်ညှစ်ကိုင်ထားရင်း သာထင့်ကို မျက်စောင်းက တခဲခဲ။

” အဲဒီဝါးတောင်း ဒီကိုပေး ရွှေဒင်္ဂါး “

ဒင်္ဂါးလက်ထဲက အစ်မငွေမှုန်ယူလာတဲ့ ဝါးတောင်းလေးကို ပစ်တိုင်းထောင်က လက်လွှဲယူလိုက်သည်။ အစ်မငွေမှုန်ကတော့ လက်ထဲမှာ ကတ်ကြေးအသေးလေးကို ကိုင်ထားရင်း တောစပ်တစ်လျှောက်မှာ တွေ့သမျှပန်းလေးတွေကိုခူးကာ ပစ်တိုင်းထောင်လက်ထဲက တောင်းလေးထဲကို ထည့်သည်။

” မိုးရွာ‌တော့မှာလား မသိဘူးနော် ပစ်တိုင်းထောင် “

မိုးသားတိမ်တွေ တလိပ်လိပ်တက်လာတဲ့ ကောင်းကင်ကို မော့ကြည့်ရင်းပြောလာတဲ့ ရွှေဒင်္ဂါးကြောင့် ပစ်တိုင်းထောင်လည်း မော့ကြည့်လိုက်သည်။ မိုးတိမ်လိပ်တွေနောက်မှာ ရုတ်ချည်းကွယ်သွားတဲ့ နေကြောင့် ရာသီဥတုကလည်း ခပ်မှိုင်းမှိုင်းဖြစ်လို့ လေကလည်း ခပ်ဖြူးဖြူး တိုက်ခတ်လာပြီဖြစ်သည်။

” အင်း … မိုးရွာလည်းကောင်းပါတယ် … အပူဓာတ်လျော့သွားတာပေါ့ “

” အခုတော့ မရွာစေချင်သေးပါဘူး … ပန်းခူးလို့လည်း ပြီးသေးတာမဟုတ် “

” ဟော … ရွာရင်လည်း မိုးရေထဲ ဆက်ခူးကြတာပေါ့ . ပျော်ဖို့တောင်ကောင်းသေး “

” ဖျားသွားရင် ပစ်တိုင်းထောင်က ဆေးခါးကြီးသောက်မှာလား ပြော “

ဆေးသောက်ရမယ်လည်းဆိုရော မျက်နှာကြီးမဲသွားတဲ့ ပစ်တိုင်းထောင်ကြောင့် ဒင်္ဂါး မသိမသာလေး ကြိတ်ရယ်လိုက်သည်။ မင်းကန်ရိုးမှာ ရွာသားကြီးလုပ်လို့ ငါးနှိုက်ချင်တာလည်း သူ၊ မိုးရေချိုးချင်တာလည်း သူဆိုပေမယ့် ဖျားပြီးရင် ပစ်တိုင်းထောင်က ဆေးကို လွယ်လွယ်တိုက်လို့ရတာမဟုတ်။

” ဟမ့် ! ဆေးမသောက်ရင်လည်း နေကပြန်မကောင်းတော့မှာ ကျနေရော “

” နေမကောင်းလို့ အဖျားရှည်နေရင် ပိုဆိုးမှာပေါ့ … ပစ်တိုင်းထောင်ကလေ ကပ်သီးကပ်သတ်ဗျ “

ပြောချင်ရာပြောပြီး ရှေ့ကနေ ဆူဆောင့်ဆောင့်လေးထွက်သွားတဲ့ ရွှေဒင်္ဂါးကိုကြည့်ရင်း ပစ်တိုင်းထောင်က သိပ်အသည်းယားမိရတော့တာပဲ။ ပုန်းညက်ပန်းခက်ကလေးတွေကိုင်ထားတဲ့ ရွှေဒင်္ဂါးလေးကို ဖျစ်ညှစ်ရမယ့်အစား ပစ်တိုင်းထောင်က အသည်းယားစွာ လက်ထဲက ဝါးတောင်းလေးကိုသာ ခပ်တင်းတင်းဆုပ်ညှစ်မိ‌တော့သည်။

” ဟော … ပြောရင်းဆိုရင်း မိုးကကျလာပြီ “

သပြေခက်တွေကိုချိုးရင်း မိကဲက ညည်းညည်းညူညူ‌ဆိုသည်။ မိုးက သည်းသည်းမည်းမည်း ရွာချတာတော့ မဟုတ်ပေမယ့် ခပ်ဖျောက်ဖျောက်ရွာလာတာကြောင့် မိုးလေကြားထဲမှာ ဒင်္ဂါးတို့အဖွဲ့က ပန်းခူးတာကိုလည်း မရပ်မိကြပါ။

” မြတ်လေးရုံကြီးက မွှေးနေတာပဲ “

တောစပ်နားမှာ ဖွေးဖွေးလှုပ်အောင်ပွင့်နေတဲ့ မြတ်လေးပန်းရုံကြီးနားကို ဒင်္ဂါးက လျှောက်သွားလိုက်တော့ အနားမှာ ပစ်တိုင်းထောင်ကလည်း ပါလာသည်။ မြတ်လေးရုံမှာ မြတ်လေးပန်းတွေက ဖွေးဖွေးလှုပ်နေပေမယ့် မိုးနဲ့လေနဲ့မလို့ ဒင်္ဂါးတို့ ခပ်သွက်သွက်ခူးမှပင် ဖြစ်ပါလိမ့်မည်။

” ခူးပြီးသားတွေ ကျုပ်ကိုပေးလေ ရွှေဒင်္ဂါး “

” ဟုတ်ကဲ့ “

ဒင်္ဂါးက မြတ်လေးပန်းခက်တွေကို ကတ်ကြေးနဲ့ တစ်ခက်ပြီးတစ်ခက်ခူးရင်း ပစ်တိုင်းထောင်လက်ထဲကို ထည့်ပေးလိုက်သည်။ မြတ်လေးပန်းသဘာဝ ပန်းကိုက မွှေးလွန်းတာကြောင့် မိုးတဖြောက်ဖြောက်ကြား လေအသော့မှာ ရနံ့ကလည်း သင်းလို့ရယ်။

ရွှေမိုးငွေမိုး ဖျန်းလို့စို
ရောက်ပေါ့ လဝါဆို
လပြည့်ကိုကျော် နောက်တစ်ရက်
ဝါဆိုပန်းခူးထွက်

” ဟဲ့ မိကဲ … ဘာကို လပြည့်ကျော်နောက်တစ်ရက်လဲ … နက်ဖြန်ခါမှ လပြည့်မှာလေ “

ကဗျာရွတ်သံတွေကြား ပစ်တိုင်းထောင်ရဲ့ လှမ်းဟန့်သံကြောင့် မိကဲတို့အုပ်စုက အသံတိတ်သွားသည်။ ပြီးကာမှ ပုန်းညက်ပန်းခူးနေတဲ့ မိကဲက ပစ်တိုင်းထောင်ဘက်ကို လှည့်လာရင်း ခါးထောက်လို့ ရန်တွေ့တော့သည်။

” တော့ ကိုပစ်တိုင်းထောင်ကလည်း ရောက်ရောက်မရောက်ပေါ့ . မိကဲတို့က ကဗျာရွတ်နေတာလေ “

” အောင်မယ် … ရွတ်ချင်ရင် ဆီလျော်အောင်ရွတ်ပေါ့ … ညည်းတို့ကိုက မဟုတ်တာလေ ”

ပါးစပ်ပိတ်သွားတဲ့ မိကဲကတော့ ဆောင်းထားတဲ့ ဝါးခမောက်နဲ့ ပစ်တိုင်းထောင်ကို လှမ်းပစ်မယ်တကဲကဲ။ အနောက်ကနေ အစ်မငွေမှုန်နဲ့ မိတုတ်က ရယ်ရင်း လှမ်းဆွဲလို့သာ ပုန်းညက်ပန်းတွေကို ဆက်ခူးရင်း ငြိမ်သွားတာဖြစ်သည်။

” တော့ . ကိုခွေးပု … ဟိုးထောင့်နားက ပန်းလေး “

” အမလေး.  မယ်တင်ကလေး စိတ်တိုင်းကျ ဖြစ်စေရမယ် “

” ဟွန့် … မျက်စိတွေကို နောက်တယ် “

မိကဲက မျက်စောင်းခဲတော့ မယ်တင်က ရှက်ဝဲဝဲနဲ့ ခေါင်းငုံ့သွားသည်။ ပုန်းညက်ပင်တွေပေါ်မှာ ယောက်ျားသားတွေဖြစ်တဲ့ သာထင်နဲ့ ခွေးပုတို့က ဒိုင်ခံလို့ ပုန်းညက်ပန်းတွေခူးပေးသည်။ အပင်အောက်မှာလည်း အပျိုတစ်သိုက်က ပန်းပွင့်လေးတွေကို ဝါးတောင်းလေးတွေနဲ့ခံလို့ အပွင့်စုနေကြတာကြောင့် တောစပ်မှာ တောပန်းခူးနေသူတွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင်ရယ်။

ဝါဆိုပန်းတွေ လိုက်လို့ရှာ
တောကြိုခြုံကြားမှာ
ရောင်စုံဖြာတဲ့ပန်းကိုတွေ့
တို့တွေ ခူးမယ်ဟေ့

အားလုံးပြန်ဆုံ တွေ့တဲ့အခါ
ပန်းတွေ မျိုးစုံစွာ
ကပ်လှူဖို့ရာ ပြင်ဆင်ထား
ရွာဦးကျောင်းကိုသွား …

” ဒီလောက်ဆိုရင် ရပြီထင်တယ် ရွှေဒင်္ဂါး … ပန်းတွေက အတော်ကိုပြည့်နေပြီ “

တောစပ်မှာတွေ့သမျှ ပန်းရောင်စုံနဲ့ မြတ်လေးပန်းတွေ ပုန်းညက်ပန်းတွေကြောင့် ပြည့်လျှံနေတဲ့ ဝါး‌တောင်းလေးကို ငုံ့ကြည့်ရင်း ပစ်တိုင်းထောင်က ဆိုလိုက်သည်။

” ရလောက်ပါပြီ ပစ်တိုင်းထောင် … ဆရာတော်ကျောင်းကို ရောက်ကာမှ ဘုရားကပ်မယ့်ပန်းတွေကို သေချာပြန်ခွဲရမယ် “

” အင်း . နဖူးမယ် ချွေးတွေသုတ်ဦး ရွှေဒင်္ဂါး “

” ဟမ် … ဟုတ်လား … ခဏ . ဒါလေးကိုင်ပေးပါဦး “

ဒင်္ဂါးမျက်နှာကိုကြည့်ရင်း မေးလေးဆတ်လို့ ပြောလာတဲ့ ပစ်တိုင်းထောင်ကြောင့် ဒင်္ဂါးက လက်ထဲက ကတ်ကြေးကို ပစ်တိုင်းထောင်လက်ထဲ ထည့်ပေးလိုက်သည်။ ပြီးကာမှ အင်္ကျီလက်ရှည်အနားစနဲ့ နဖူးကချွေးတွေကို ဖိသုတ်လိုက်သည်။

” မိုးက ရွာမှာဖြင့်ရင်လည်း သည်းသည်းမရွာဘူး … ခပ်ဖြောက်ဖြောက်နဲ့ ရာသီဥတုက ပိုပူတော့တာပဲ “

အပင်ရိပ်မှာရပ်ရင်း ခပ်ဖွဲဖွဲသာရွာတဲ့မိုးကို ကြည့်ရင်း ရွှေဒင်္ဂါးက ခပ်ညည်းညည်းကလေးပြောသည်။ ပစ်တိုင်းထောင်မှာတော့ အပူဒဏ်ကြောင့် နီရဲနေတဲ့ မျက်နှာလှလှလေး အေးငွေ့ရအောင် တစ်ခုခုဖြင့် လုပ်ပးချင်‌တော့တာပဲ။

” ကိုဒင်္ဂါး … “

ငြိမ်သက်လို့ ရွှေဒင်္ဂါးမျက်နှာကို ခပ်ငေးငေးကြည့်နေမိရင်း ကြားလိုက်ရတဲ့ စိမ်းသက်သက်အသံကြောင့် မျက်ခုံးတွေကို တွန့်ချိုးလိုက်မိသည်။

” ဟင် … အမြိုင်တို့ပါလား … ဘယ်လိုဖြစ်လို့ ဒီကို “

” အော် ကိုဒင်္ဂါးကလည်း အကြောင်းရှိကာမှ လာရမှာလားလို့ “

အမြိုင်က အမူပိုစွာ ခပ်နွဲ့နွဲ့ကလေးဆိုတော့ ဒင်္ဂါးက အနေခက်စွာ လည်ဂုတ်ကို လက်ဖဝါးနဲ့ ဖိပွတ်လိုက်သည်။

” အဟင်း … အမြိုင်တို့ကမနက်ဖြန်ခါကျရင် ရွာဦးကျောင်းမှာ တရားပွဲရှိတယ်လေ … ပန်ခူးထွက်တာပါတော့ “

မျက်စောင်းလေးတဝင့်ဝင့်နဲ့ အမြိုင်က တစ်ဖက်ရွာရဲ့ ကွမ်းတောင်ကိုင်ပီသစွာ ချစ်စဖွယ်‌လေးပါပဲ။ ဒင်္ဂါးကတော့ အနေခက်လှတာမလို့ လုပ်မိလုပ်ရာ ပစ်တိုင်းထောင်ဘေးကိုသာ တိုးကပ်လိုက်သည်။ ပစ်တိုင်းထောင်ကတော့ ဟန်မူနွဲ့နွဲ့ အမြိုင်ဆိုတဲ့ မိန်းကလေးကိုကြည့်ရင်း မျက်ခုံးတွေကို တွန့်ချိုးရုံသာမက မျက်မှောင်ပါစုကြုတ်လာရသည်။

” အမြိုင်က ကိုဒင်္ဂါးကို ပန်းကပ်ပေးဖို့ အကူအညီတောင်းချင်လို့ပါ “

” ဟင် . ဘယ်လို ~ “

” အော် ဒီလိုပါ … အမြိုင်တို့ရွာမှာလည်း မနက်ဖြန်ကျရင် တရားပွဲရှိတယ်လေ . အဲတာကြောင့် ဒီဘက်ရွာက ဘုန်းဘုန်းကျောင်းမှာလည်း ပန်းကပ်ချင်လို့ … ကပ်ပေးမယ် မဟုတ်လားဟင် “

မျက်တောင်ကလေး ပုတ်ခတ်ပုတ်ခတ်နဲ့ ခပ်ညုညုပြောလာတဲ့ အမြိုင်ကြောင့် ရွှေဒင်္ဂါးက အဖြေရခက်နေဟန်။ ပစ်တိုင်းထောင်ကတော့ ဘေးနားကကြည့်နေရင်း စိတ်မရှည်တော့တာမလို့ ခါးကိုထောက်ပစ်လိုက်သည်။ ကြည့်နေတာများ အကောင်းမှတ်လို့ ဒင်းက ပစ်တိုင်းထောင်ကို လာစမ်းပြီး ပစ်တိုင်းထောင်ရဲ့အသက်ဓာတ်ကို ညုတုတု လုပ်နေလေရဲ့။

” ဟေ့ … ဒီမယ် အမိ … “

ပစ်တိုင်းထောင်က ရွှေဒင်္ဂါးရှေ့မှာ ပိတ်ရပ်လိုက်ရင်း ခါးထောက်လို့ပြောလိုက်တော့ မိန်းကလေးက မျက်လုံးကလယ်နဲ့ မော့ကြည့်လာသည်။

” ဟုတ်ကဲ့ အစ်ကို … ဘာလဲဟင် “

” ဟုတ်ကဲ့ အစ်ကို လုပ်မနေနဲ့ … ညည်းက ငါတို့ရွာက ဘုန်းကြီးကျောင်းမယ် ပန်းကပ်ခိုင်းရအောင် ညည်းတို့ရွာက ဘုန်းကြီးကျောင်းမှာလည်း ပန်းကပ်လို့ မရဘူးလား … ဘယ့်နှယ့်ကြောင့် ရွှေဒင်္ဂါးကို လာခိုင်းနေရတာလဲ “

” ဟို … အ . အမြိုင်က “

ပစ်တိုင်းထောင်အမေးကို ဖြေရခက်သွားဟန် အမြိုင်က လက်ညှိုးကို ဦးတည်ရာမဲ့ထိုးလို့ ထစ်ထစ်အအ။ ပစ်တိုင်းထောင်က မျက်နှာကြီး တင်းချီထားတာကြောင့် အနည်းငယ်တော့ လန့်နေပုံရသည်။

” ညည်းတို့က ဘာကိစ္စနဲ့ ရွာကျော်ခဲပစ်လုပ်နေရသတုန်း … ငါပြောလိုက်ရမကောင်းဘူး . ကုသိုလ်ရချင်တာလို့တော့ မပြောနဲ့ . ဘုရားချင်းအတူတူ ညည်းတို့က တောင်ကျောင်းကဘုရားနဲ့ မြောက်ကျောင်းကဘုရားဆိုပြီး ခွဲချင်သေးတာလား “

” ပစ်တိုင်းထောင် ~ အရမ်းမပြောနဲ့လေ “

ဒင်္ဂါးက အနောက်ကနေ ပစ်တိုင်းထောင်ရဲ့ခါးက အင်္ကျီအနားစကို ဆွဲလို့ ခပ်ကြိတ်ကြိတ်တားရသည်။ မတားလို့လည်းမရ။ အမြိုင်က လေသံမာမာ မျက်နှာတည်ကြီးနဲ့ပြောနေတဲ့ ပစ်တိုင်းထောင်ကိုကြည့်လို့ မျက်ရည်စတွေပင် ဝိုင်းနေပြီဖြစ်သည်။ ငိုသွားမှဖြင့် ဘာမဟုတ်တာလေးနဲ့ ဒင်္ဂါးတို့က မျက်နှာမပျက်ချင်တာဖြစ်သည်။

” ဟ ! အသာနေစမ်းပါ ရွှေဒင်္ဂါး … သူတို့က ခင်ဗျားကို ခိုင်းစရာလား . ဟမ် ! “

အမြိုင်က ခေါင်းငုံ့သွားတာများ ပြန်ကိုမော့မလာတော့ချေ။ ပြီးကာမှ အမြိုင်ပြန်ဦးမယ်ဆိုတာ ဒင်္ဂါးကို နှုတ်ဆက်ရင်း အနားကနေ ခပ်သွက်သွက်ပြေးထွက်သွားကာမှ တစ်ပူကငြိမ်းတော့သည်။

” အားနာစရာ ပစ်တိုင်းထောင်ရယ် “

” အားနာရအောင် ကျုပ်ပြောတာကရော မဟုတ်လို့လား … အဲ့လောက်အားနာရင် ဟိုမယ်ပြေးသွားတာ လိုက်လို့မှီသေးတယ် လိုက်ခေါ်ချေလေ “

” ပစ်တိုင်းထောင်က ပြောလိုက်မှဖြင့် အမြဲကန့်လန့် … “

” တိုးတိုး . တိုးတိုးလုပ်မနေနဲ့ … ကျုပ်ကြားတယ်နော် ရွှေဒင်္ဂါး “

မြတ်လေးပန်းရုံမှာ ကျန်နေသမျှ မြတ်လေးပန်းတွေကို အသာအယာခူးရင်း ရွှေဒင်္ဂါးက ပစ်တိုင်းထောင်ကိုလည်း လှည့်မကြည့်ပဲ မထုံတတ်တေး ရုပ်ကလေးနဲ့ပင်ဖြစ်သည်။

” အဟွန်း … ပန်းခူးနေကြတာလား ပစ်တိုင်းထောင် “

” သန်းဇော် …! “

အရက်ပုလင်းကိုင်လို့ ယိုင်တိုင်ယိုင်တိုင်နဲ့ အနားရောက်လာတဲ့ သန်းဇော်ကြောင့် ဒင်္ဂါးမှာ သတိအနေအထားဖြစ်သွားပြီး ခြေလှမ်းတွေက ပစ်တိုင်းထောင်အနားကို အလိုလိုရောက်သွားသည်။ တစ်ပူမှဖြင့်မငြိမ်းသေးခင် နောက်တစ်ပူက ရောက်လာပြီဖြစ်သည်။

” မူးနေရင် ကိုယ့်ရွာကိုယ်ပြန် သန်းဇော် … ပြဿနာလာမရှာနဲ့ . ဒါငါတို့ရွာ “

သန်းဇော်ကိုတွေ့တာနဲ့ အပင်ပေါ်ကနေ ပြေးဆင်းလာတဲ့ ခွေးပုနဲ့ သာထင်တို့အုပ်စုက ပစ်တိုင်းထောင်အနားကို အပြေးရောက်လာသည်။ အစ်မငွေမှုန်နဲ့ မိကဲတို့ကလည်း လက်ထဲက ပန်းတောင်းတွေကို ရောက်ရာအရပ်မှာပစ်ချလို့ အနားကိုရောက်လာတာကြောင့် ပစ်တိုင်းထောင်တို့အနားမှာ လူစုံတက်စုံပင် ဖြစ်သွားသည်။

သန်းဇော်က ပစ်တိုင်းထောင်တို့ လူအုပ်ကြီးကို ဝေ့ဝိုက်ကြည့်ပြီး မခိုးမခန့်ရယ်သည်။ ပြီးကာမှ အကြည့်တွေက ပစ်တိုင်းထောင်ဆီကို တိုက်ရိုက်ရောက်လာသည်။

” အဟွန့် “

အရက်အရှိန်‌ကြောင့် ယိုင်တိုင်တိုင်ဖြစ်နေတဲ့ သန်းဇော်ရဲ့ မခိုးမခန့်ရယ်သံက ပါးပိတ်ရိုက်ချင်စဖွယ်။ ပစ်တိုင်းထောင်ကို ခြေဆုံးခေါင်းဆုံး အစုန်အဆန် ကြည့်ပြီးကာမှ လက်ထဲက အရက်ပုလင်းကို မော့သောက်လိုက်ပြီး အာလုတ်ကျင်းသလိုလုပ်ကာ ဘေးကိုထွေးထုတ်သည်။

” အဟမ့် … ပစ်တိုင်းထောင် . ပစ်တိုင်းထောင် … ငါက မင်းကို ကောက်ရိုးပုံစောင့်တဲ့ခွေးလို့ ထင်ထားတာ … ကြည့်ရတာတော့ မင်းက ဟုတ်ပုံမရဘူး “

” ဘာသဘောလဲ … သန်းဇော် “

” မင့်စောင့်တဲ့ ကောက်ရိုးပုံက ထူးတော့ထူးသားနော် … အဟက် ! မင်းက ငွေမှုန်ကလေးကို မဟုတ်ပဲ ရွှေဒင်္ဂါးကို ကြိုက်နေတာလား “

” မင်း ဘာစောက်စကားပြောတာလဲ သန်းဇော် …! “

တစ်တစ်ခွခွ ထွက်လာတဲ့အော်သံက ပစ်တိုင်းထောင်အသံမဟုတ်ပဲ ရွှေဒင်္ဂါးရဲ့အသံဖြစ်နေသည်။ ပစ်တိုင်းထောင်ဘေးမှာရပ်နေတဲ့ ရွှေဒင်္ဂါးက လက်သီး‌လက်မောင်းတန်းလို့ သန်းဇော်ကို ထိုးမယ်ကြိတ်မယ်လုပ်နေတာကြောင့် သာထင်နဲ့ ဖိုးထူးတို့က ဝိုင်းဆွဲရင်း ဝရုန်းသုန်းကားဖြစ်ကုန်သည်။

” ‌မူးနေရင် အေးဆေးနေလို့ ပြောထားတယ်နော် သန်းဇော် … ပေါက်ပန်းလေးဆယ်ပြောမယ်ဆို မင်းစောက်ပါးစပ်ကိုပိတ်ထားလိုက်တော့ “

တစ်လျှောက်လုံး ‌ရွှေဒင်္ဂါး ဒေါသထွက်တာကို မမြင်ဖူးကြတဲ့ မိကဲတို့ကလည်း အံ့ဩနေဟန်။ ဆဲဆိုဖို့ဆိုဝေးစွ၊ စကားကြမ်းကြမ်းတောင် မပြောတတ်သူမလို့ အခုပုံစံက မိကဲတို့အတွက် အဆန်းဖြစ်သလို ပစ်တိုင်းထောင်ကလည်း မျက်နှာလေးရဲ‌စွေးသည်အထိ ဒေါသထွက်နေတဲ့ ရွှေဒင်္ဂါးကိုကြည့်ရင်း လက်သီးတွေကို ခပ်တင်းတင်းဆုပ်လိုက်မိသည်။

” မလုပ်နဲ့လို့ ဒင်္ဂါး … ဒီလိုငမူးနဲ့ ပြိုင်ရန်ဖြစ်မနေနဲ့ … ဘာမှအဆင့်အတန်းရှိတဲ့ကောင်မဟုတ်ဘူး “

” ဟုတ်ပါတယ် အငယ်ရယ် … လာပါ . အစ်မတို့လည်း ပြန်ရအောင်ပါ … တစ်ခုခုဆို အဘ မျက်နှာပျက်နေပါ့မယ် “

နှုတ်ခမ်းတစ်ဖက်ရွဲ့လို့ မဲ့ပြုံးပြုံးနေတဲ့ သန်းဇော်ကို ချန်ထားရစ်ခဲ့ရင်း သာထင်တို့ အစ်မငွေမှုန်တို့က ပစ်တိုင်းထောင်နဲ့ ဒင်္ဂါးကို ရွာပြန်ဖို့ ဖျောင်းဖျရင်း လှည်းရပ်ထားတဲ့ဆီကို ဆွဲခေါ်လာရသည်။

” ကဲ ကဲ တက်ကြတော့ … ရွာပြန်ကြမယ် … ပန်းတွေလည်း ဘုရားကပ်ဖို့ လောက်ကြပြီမဟုတ်လား “

သာထင်က လောဆော်လိုက်ရင်း အကုန်လုံးကို လှည်းပေါ်‌တက်စေလိုက်သည်။

” ပစ်တိုင်းထောင် … လှည်းပေါ်တက်လေ “

ဒင်္ဂါးပြောလိုက်တော့ ဒင်္ဂါးဆီကို အကြည့်တစ်ချက်သာ ဝေ့လာတဲ့ ပစ်တိုင်းထောင်က နှုတ်ခမ်းကို တင်းတင်းစေ့ထားရင်း လှည်းနောက်ဖျားမှာ ဝင်ထိုင်သည်။ လှည်းရံတိုင်ကို တုပ်ကိုင်ထားတဲ့ လက်တွေကလည်း တင်းကျပ်နေသည်မို့ ဒင်္ဂါးလည်း ပစ်တိုင်းထောင် ဒေါသထွက်နေတယ်အထင်နဲ့ အသာငြိမ်နေလိုက်သည်။

” ဆရာတော်ကျောင်းကိုပဲ တန်းသွားကြမယ် မဟုတ်လား အစ်မငွေမှုန် “

” အေး သာထင် … အဲ့လိုပဲ သွားကြတာပေါ့ … ဟိုမယ် ဒီနေ့ ဘွားရွှေမြက လုပ်အားပေးအဖွဲ့ကို ကြာဆံဟင်းခါးချက်ကျွေးမယ်တဲ့လေ “

သာထင့်လှည်းနဲ့ ဖိုးထူးလှည်းကတော့ အရှေ့အနောက်စီတန်းရင်း ဆရာတော်ကျောင်းဆီ တစ်ရွေ့ရွေ့သွားကြတော့သည်။ ခပ်ဖြောက်ဖြောက်ရွာနေတဲ့မိုးကလည်း အစအနပင် ရှာမရအောင် တိတ်သွားတာကြောင့် နေကလည်းပြင်းလှသည်။

ဒင်္ဂါးက အစ်မငွေမှုန်ပခုံးပေါ်က ဖျင်သဘက်လေးကို ခေါင်းပေါ်တင်လိုက်ရင်း ဆောင်းထားတဲ့ခမောက်နဲ့ ယပ်ခတ်လိုက်သည်။

” ပစ်တိုင်းထောင် … မပူဘူးလား … ခမောက်ဆောင်းထားလေ “

” ….. “

” ပစ်တိုင်းထောင် “

” နေပါစေ အငယ်ရယ် … မေးမနေနဲ့လေ … ဆောင်းပေးလိုက်လေကွယ် “

ဒင်္ဂါးခေါ်နေသည့်တိုင် လှည့်မကြည့်လာတဲ့ ပစ်တိုင်းထောင်က လှည်းရံတိုင်ကိုသာ ကိုင်ထားရင်း ကျောပေးလို့ ငြိမ်နေသည်။ တုတ်တုတ်မျှမလှုပ်တာကြောင့် ဒင်္ဂါးလည်း အစ်မငွေမှုန်ပြောတဲ့အတိုင်း လက်ထဲကခမောက်ကို ပစ်တိုင်းထောင်ခေါင်းပေါ်မှာ အသာတင်ပေးလိုက်သည်။

” လူကသာမလှုပ်တာ … ကျောမှာလည်း ချွေးတွေရွှဲလို့ … မောင်ငယ်ပစ်တိုင်းထောင်ဟာလေ … ပေပေတေတေနဲ့ တကယ်ပါပဲ “

အစ်မငွေမှုန်က ချွေးတွေရွှဲလို့ စိုကပ်နေတဲ့ ပစ်တိုင်းထောင်ရဲ့ နောက်ကျောကိုကြည့်ရင်း ညည်းညည်းညူညူဆိုသည်။ ဒင်္ဂါးကြည့်လိုက်တော့ ဝတ်ထားတဲ့ အညိုဖျော့ရောင် ချည်သားအင်္ကျီက ရေစိုသလိုမျိုး ချွေးတွေ‌ရွှဲနေတာကြောင့် အညိုရင့်‌ရောင်ပင် ပြောင်းနေပြီဖြစ်သည်။

” ဆျာထောင်က ဒေါသထွက်နေတာ ထင်တယ်နော် ကိုဒင်္ဂါး … သန်းဇော်ကို ဟိုတစ်ကြိမ်ကတည်းက သိပ်အခဲကြေပုံမရဘူး “

ခွေးပုက လေသံလေးနဲ့ ဒင်္ဂါးနားကိုကပ်လို့ ခပ်တိုးတိုးဆိုသည်။ ဒင်္ဂါးလည်း ကျောပေးထားတဲ့ ပစ်တိုင်းထောင်ကို မျက်လုံးလေးစွေရုံသာ လှမ်းကြည့်ပြီး သက်ပြင်းကို ခပ်ကြိတ်ကြိတ်ချကာ ခေါင်းညိတ်လိုက်သည်။

” ဟိုအမူးသမားကလည်း အမှတ်ကိုမရှိဘူး … အငယ့်ကို ဒေါသထွက်အောင် လုပ်နိုင်တယ်ဆိုကတည်းက တကယ်ကို စိတ်နောက်ချင်စရာ … ပြောစရာရှားလို့ မောင်ငယ်ပစ်တိုင်းထောင်နဲ့ အငယ့်ကိုများ “

” ဟုတ်ပါ့ အစ်မငွေမှုန်ရယ် … ယောက်ျားက ယောက်ျားစကားမပြောဘူး . နှုတ်သီးကောင်းလျှာပါးနဲ့ … ကျုပ်ဖြင့် ဆွဲထိုးပစ်ချင်တာ “

” အကုန်ဝိုင်းဆွဲနေကြလို့သာပေါ့ … မဟုတ်ရင် အဲ့ကောင်ကို ညိုမဲနေအောင် ထိုးပြီးပြီ … နောက်ကျမှ ဆရာတော် ကြိမ်နဲ့ပဲ ရိုက်ရိုက် သူကြီးကပဲ ထိပ်တုံးခတ်ခတ် ခံလိုက်မယ် “

အစ်မငွေမှုန်က ကြိတ်မနိုင်ခဲမရ ဒေါသထွက်စွာပြောတော့ လှည်းမောင်းနေတဲ့ သာထင်နဲ့ ဘေးမှာထိုင်နေတဲ့ ခွေးပုကလည်း လက်သီးတပြင်ပြင်ပြောသည်။ ဒင်္ဂါးကတော့ ဘာမှဝင်မပြောမိပဲ ဒင်္ဂါးတို့ကို ကျောပေးထားပြီး ငြိမ်သက်နေတဲ့ ပစ်တိုင်းထောင်ရဲ့ ကျောပြင်ကိုသာ ငေးရီရီကြည့်နေမိသည်။

” ကဲ ရောက်ပြီ . ဆင်းကြ ဆင်းကြ … မိုးတိတ်တုန်းလေး လုပ်စရာရှိတာလုပ်ရမယ် “

သာထင်ကပြောလိုက်‌တော့ ပစ်တိုင်းထောင်က အရင်ဦးဆုံး လှည်းပေါ်ကနေ ခုန်ဆင်းသွားသည်။ ဒင်္ဂါးကတော့ လှည်းပေါ်ကဆင်းလာတဲ့ အစ်မငွေမှုန်ကို ကူတွဲပေးရင်း လှည်းနားကထွက်သွားတဲ့ ပစ်တိုင်းထောင်ကိုသာ လှည့်ကြည့်လိုက်သည်။

” အော် … မငွေမှုန်နဲ့ ဒင်္ဂါးတို့ရောက်လာကြပြီပဲ … ပန်းခူးအထွက်ကနေ ပြန်လာကြတာလား “

” ဟုတ်ကဲ့ ကိုမင်းမျိုး … ဝါဆိုပန်းတွေနဲ့ ဘုရားကပ်ပြီး မနက်ဖြန်ခါအတွက် ပြင်ဆင်ကြမလို့ပါ ”

ဒင်္ဂါးတို့အနားကို ရောက်လာတဲ့ ကိုမင်းမျိုးက လက်ထဲမှာ တံမြက်စည်းကြမ်းကို ကိုင်ထားတာကြောင့် ကျောင်းဝန်းထဲကို သန့်ရှင်းရေးလုပ်ရင်း ကုသိုလ်ယူနေပုံရသည်။ ချည်အင်္ကျီလက်တိုနဲ့ ပုဆိုးကို ခြေ‌မျက်စိအထက် ခပ်တိုတိုဝတ်ထားတဲ့ ကိုမင်းမျိုးက ခပ်ရိုးရိုးဖြစ်နေသည့်တိုင် လူရည်သန့်မှန်း သိသာလှသည်။

” သန့်ရှင်းရေးပိုင်းကတော့ ကိုဘမော်တို့အဖွဲ့လည်း လုပ်နေကြပါတယ် … ဘုရားပန်းကပ်ဖို့ကတော့ မိန်းမသားတွေအလှည့်ပေါ့ဗျာ ဟားဟား … ဒင်္ဂါးကတော့ ကျွန်တော်တို့နဲ့ ကူပေါ့ဗျာ “

ရယ်သွေးသွမ်းလို့ ပြောလာတဲ့ ကိုမင်းမျိုးကြောင့် ဒင်္ဂါးလည်း ပြုံးရင်း ခေါင်းညိတ်ပြလိုက်သည်။ အစ်မငွေမှုန်ကတော့ ဒင်္ဂါးနဲ့ ကိုမင်းမျိုးကိုနှုတ်ဆက်ရင်း မိကဲတို့အဖွဲ့နဲ့ ဘုရားပန်ကပ်ဖို့ လိုက်သွားပြီဖြစ်သည်။

” ဒါနဲ့ . ပစ်တိုင်းထောင်ဘာဖြစ်လို့လဲ ဒင်္ဂါး … ကျွန်တော် ခုနကတွေ့လိုက်တာ မျက်နှာလည်းမကောင်းလို့ “

ကိုမင်းမျိုးရဲ့အမေးကြောင့် ဒင်္ဂါးက သက်ပြင်းတစ်ချက်ကို ခပ်လေးလေးချလိုက်သည်။

” ဟိုတစ်ခါ ပစ်တိုင်းထောင်နဲ့ ရန်ဖြစ်ဖူးတဲ့လူနဲ့ တောစပ်မှာ တွေ့လာကြတယ်လေ … စကားများကြတာပါ “

” ဟင် . ရန်တော့မဖြစ်ဘူး မဟုတ်လား “

” မဖြစ်ပါဘူး … ဟိုလူကလည်း မူးနေတော့ မဟုတ်တဲ့စကားတွေ ပြောနေတာနဲ့ ကျွန်တော်တို့ကပဲ ရှောင်လာကြတာပါ “

” အဟား … ရန်ဖြစ်လို့လည်း မရလောက်ဘူး … ပစ်တိုင်းထောင်သာ ဒီတစ်ခါရန်ဖြစ်ရင် မြို့ကိုပြန်ခေါ်မယ်လို့ မြို့အုပ်မင်းက ပြောထားတာ … မလိုက်ရင်တောင် ကြိုးတုတ်ပြီးတော့ မရရအောင် ပြန်ခေါ်မှာတဲ့ “

ကိုမင်းမျိုးစကားကြောင့် ဒင်္ဂါးပြုံးမိသည်။ ရန်ဖြစ်ရင်‌တောင် ပစ်တိုင်းထောင်အမှားလို့တော့ ဘယ်သူမှပြောကြမယ်မထင်။

” ကဲ စကားကောင်းနေတာ … ဒါဖြင့်ရင် လုပ်စရာရှိတာလုပ်ပါ ဒင်္ဂါး … သူကြီးကတော့ ကျောင်းပေါ်မှာ ဆရာတော်နဲ့ အခါးရည်သောက်နေလေရဲ့ “

” ဟုတ်ကဲ့ ကိုမင်းမျိုး “

ဒင်္ဂါးက ကိုမင်းမျိုးကိုနှုတ်ဆက်ရင်း ကိုဘမော်တို့အဖွဲ့ ရှိနိုင်မယ့်နေရာကို အရင်သွားလိုက်သည်။ ရောက်သွားတော့လည်း ထင်တဲ့အတိုင်း ချက်ပြုတ်နေကြတဲ့နေရာမှာ ကိုဘမော်တို့ ရှိနေတာကြောင့် ဒင်္ဂါးလက်ထဲမှာ ကိုင်လာတဲ့ခမောက်လေးကို နီးစပ်ရာမှာ ခဏချထားလိုက်သည်။

” ဟော ဒင်္ဂါးလည်း ရောက်လာပြီ … ရေနွေးကျိုဖို့ရေလိုလို့ ကူခပ်ပေးချေဦး … ပစ်တိုင်းထောင်ကတော့ သွားခပ်နေပြီ “

” ဟုတ် ကိုဘမော် “

ကိုဘမော်က ယောက်မကြီးတစ်ချောင်းကိုကိုင်လို့ မိုးပြဲဒယ်ကြီးထဲက ကြက်သားတွေကို ဆီသပ်နေသည်။ ဒင်္ဂါးလည်း ရေဆွဲဖို့ အနီးအနားက ဆိုင်းထမ်းလေးကိုထမ်းလို့ ရေခပ်ဖို့ပြင်လိုက်တော့သည်။

” ပစ်တိုင်းထောင် … “

ရေတွင်းနားကိုရောက်တော့ ရေငင်နေတဲ့ ပစ်တိုင်းထောင်က ဒင်္ဂါးခေါ်သံကိုကြား‌တော့ ဖျတ်ခနဲ တစ်ချက်လှည့်ကြည့်ပြီးကာမှ ပြန်အကြည့်လွှဲသွားသည်။

” ဗိုက်ဆာပြီလား … မနက်ကလည်း မနက်ခင်းစာ သိပ်မစားထားဘူးမလား … ရေဆွဲရင် အစာမရှိတော့ ပိုပင်ပန်းမယ် “

” ရတယ် . မဆာသေးဘူး “

ဒင်္ဂါးက ရေငင်နေတဲ့ ပစ်တိုင်းထောင်နားမှာ သယ်လာတဲ့ ဆိုင်းထမ်းလေးကို အသာချလိုက်သည်။

” ဒေါသမထွက်ပါနဲ့တော့ … အဲ့အရက်သမားက အဲ့လိုပဲဟာ “

” အင်း “

” ဒါနဲ့ ခုနတုန်းက ကိုမင်းမျိုးဆီက ကြားလာတာ . ပစ်တိုင်းထောင်ရန်ဖြစ်ရင် မြို့အုပ်မင်းက ပစ်တိုင်းထောင်ကို ကြိုးတုတ်ပြီး မြို့ပြန်ခေါ်မှာဆို “

” ပြန်ခေါ်လည်း ကျုပ်လိုက်ချင်မှဖြစ်တာ “

ပြန်ဖြေသံက ဘုဆတ်ဆတ်ရယ်မလို့ ဒင်္ဂါးက ပစ်တိုင်းထောင်ကို မသိမသာ မျက်စောင်းထိုးလိုက်သည်။ ရေငင်နေတဲ့ ပစ်တိုင်းထောင်က တစ်ခွန်းပြောရင် တစ်ခွန်းသာ ပြန်ဖြေပေမယ့် ဒင်္ဂါးရဲ့ ရေပုံးထဲကိုလည်း ရေအပြည့်ဖြည့်ပေးနေသည်။

” ကြိုးတုတ်ပြီးခေါ်ရင်တော့ ပါသွားမှာပဲလေ “

” ကျစ် ! ဒီရွှေဒင်္ဂါးနှယ် … စကားကို သိပ်များတယ် “

” ဟင် ~ “

စိတ်မရှည်တဲ့လေသံနဲ့ ပစ်တိုင်းထောင်က ရေပြည့်ပြီးသား ရေပုံးတွေကို ဆိုင်းထိမ်းပိုးနဲ့ ကောက်မလိုက်ရင်း ဒင်္ဂါးလက်ထဲက ထမ်းပိုးကိုပါ‌ဆွဲယူကာ ဒင်္ဂါးရဲ့ရေပုံးတွေကိုပါ ယူမသည်။

” ပခုံးနှစ်ဖက်ကြီးတောင် မသယ်ပါနဲ့ ပစ်တိုင်းထောင်ရဲ့ . ကျွန်တော့်ကိုပေးပါ … ပခုံးတွေ နာနေမှာဖြင့် “

” မရှည်နဲ့ “

ခပ်ပြတ်ပြတ်တစ်ခွန်းသာပြောရင်း ပစ်တိုင်းထောင်က ရေပုံးတွေကို ဆိုင်းထမ်းနဲ့ထမ်းရင်း ရေတွင်းနားကနေ ထွက်သွားပြီဖြစ်သည်။ ဒင်္ဂါးမှာသာ ချွေးတွေရွှဲနေတဲ့ ပစ်တိုင်းထောင်ရဲ့ ကျောပြင်ကိုသာငေးရင်း ရေတွင်းနားမှာ ကျန်ရစ်ခဲ့တော့သည်။

>>>>>>>>>>

” ဘုရားပန်းအိုးတွေ ကျွန်တော့်ကိုပေးပါ မငွေမှုန် “

” ဟင် . ကိုမင်းမျိုး … ရ . ရပါတယ် . ငွေမှုန့်ဘာသာ လုပ်ပါ့မယ် “

ကျောက်ရေကန်နားလေးမှာ ဘုရားညောင်ရေအိုးနဲ့ သောက်တော်ရေတွေ လဲနေတဲ့ ငွေမှုန့်နားကို ရောက်လာတဲ့ ကိုမင်းမျိုးက ငွေမှုန့်ရှေ့မှာ လာထိုင်သည်။ မိကဲတို့က ကျောင်းအပေါ်ထပ်မှာ အလှပန်းတွေ ထိုးနေကြတာမလို့ ဘုရားပန်းလဲတဲ့နေရာမှာ ငွေမှုန်တစ်ယောက်သာရှိသည်။

” အပန်းမကြီးပါဘူးဗျာ … ကျွန်တော်ကူလုပ်ပါ့မယ် … ဒီပန်းအိုးတွေကို ကျောင်းပေါ်တင်မှာလား . ဟုတ်လား “

” ဟုတ်ကဲ့ “

ငွေမှုန်က ခေါင်းကိုအသာငုံ့ရင်း ပြန်ဖြေလိုက်သည်။ ကိုမင်းမျိုးကတော့ တံမြက်စည်းလှဲထားတာကြောင့် အနည်းငယ်ပေနေတဲ့ လက်တွေကို ရေနဲ့သန့်စင်လိုက်ရင်း ငွေမှုန့်အနားက ဘုရားပန်းထိုး‌ပြီးသား ပန်းအိုးတွေကို ကောက်ယူသည်။

” ဒီနှစ်အိုးကို သွားထားပြီးကာမှ ကျွန်တော်ပြန်လာခဲ့ပါ့မယ် ”

” ဟုတ်ကဲ့ … ဖြည်းဖြည်း ကိုမင်းမျိုး “

ခေါင်းလေးငုံ့လို့ ရှည်ထွက်နေတဲ့ ပန်းအရိုးတွေကိုချိုးရင်း ကျန်နေခဲ့တဲ့ ငွေမှုန့်ကိုကြည့်လို့ မင်းမျိုးက အသာအယာပြုံးလိုက်သည်။ နဖူးစာရွာလည်သလားတော့ မသိပေမယ့် ဝေးရပြီထင်ထားသမျှ ကြောင်းကျိုးတိုက်ဆိုင်လို့ ငွေမှုန့်အနားကို ပြန်ရောက်လာနိုင်ပြီဖြစ်တာကြောင့် မင်းမျိုးက အခွင့်အရေးကိုဖြင့် လက်လွှတ်မခံတော့ပါ။

လက်ထဲက ဘုရားပန်းအိုးနှစ်အိုးကို ကျောင်းပေါ်မှာ ခပ်သွက်သွက်သွားထားလိုက်ရင်း မင်းမျိုးက ငွေမှုန်ရှိရာကို ပြန်လျှောက်လာခဲ့လိုက်သည်။ ဘုရားပန်းတွေ ထိုးပြီးသွားပုံရတဲ့ ငွေမှုန်က ထိုးပြီးသား ဘုရားပန်းအိုးတွေကို ရေကန်ဘောင်တစ်လျှောက်မှာ တင်ထားပြီး ရှုပ်ပွနေတဲ့ ပန်းအရိုးတွေနဲ့ ပန်းပွင့်ကြွေတွေကို သန့်ရှင်းရေးလုပ်နေသည်။

” ဒီပန်းလေးတွေက လွှင့်ပစ်မလို့လား မငွေမှုန် “

မင်းမျိုးက ရေကန်ဘောင်ပေါ်မှာ တင်ထားတဲ့ ရိုးတံခပ်တိုတို ပုန်းညက်ပန်းပွင့်ကလေးတွေကိုကြည့်ရင်း မေးလိုက်သည်။ ပန်းပွင့်လေးက ရိုးတံက တစ်လက်မလောက်သာ ရှိတော့တာမလို့ ဘုရားပန်းထိုးလို့လည်း အဆင်မပြေနိုင်ပေမယ့် အလှဝေနေသေးတာမလို့ လွှင့်ပစ်ဖို့ကလည်းနှမြောစရာဖြစ်သည်။

” လွှင့်ပစ်မှပဲ ရတော့မှာပေါ့ရယ် ကိုမင်းမျိုး … ဘုရားပန်းထိုးဖို့လုပ်ရင်း ရိုးတံကျိုးပြီး ကျန်နေခဲ့တာလေးတွေ “

” အော် အဲ့သလိုကိုး … “

မင်းမျိုးက ရေကန်ဘောင်ပေါ်က ‌ရိုးတံခပ်တိုတို ပုန်းညက်ပန်းကလေးကို ကောက်ယူလိုက်သည်။

” ဒါဖြင့်ရင် မငွေမှုန် … “

မင်းမျိုးက ပြောလက်စ,စကားကို ဆက်မပြောပဲ ရပ်တန့်လိုက်တော့ ခေါင်းငုံ့နေတဲ့ ငွေမှုန်က မင်းမျိုးကို မော့ကြည့်လာသည်။

” ဒီလောက်လှတဲ့ ပန်းကလေးကို မငွေမှုန်က လွှင့်ပစ်တော့မလို့လား … မငွေမှုန်သာပန်ထားမယ်ဆို ဘယ်လောက်လှလိုက်မလဲ “

” အို ~ “

ပြောလည်းပြော မင်းမျိုးလက်က ခပ်လျော့လျော့ကလေးထုံးထားတဲ့ ငွေမှုန့်ရဲ့ ကေသာဆံထုံးလေးထက်မှာ ပုန်းညက်ပန်းကလေးကို ပန်ပေးလိုက်တော့ ရှက်သွေးဖြာသွားတဲ့ ငွေမှုန်က ‌မျက်နှာကလေးရဲစွေးလို့ ခေါင်းငုံ့သွားသည်။

” လှရက်ပါပေ့ မငွေမှုန် ”

ငွေမှုန့်ကို အကြည့်မလွှဲတမ်း စိုက်ကြည့်နေတဲ့ ကိုမင်းမျိုးကြောင့် ငွေမှုန့်မှာ ယောင်ယမ်းလို့ ဆံထုံးလေးကို လက်နဲ့ပင်စမ်းလိုက်မိသည်။ ခပ်လျော့‌လျော့ဆံထုံးပေါ်မှာ ဝင့်ဝင့်လေးတည်ရှိနေတဲ့ ပုန်းညက်ပန်းလေးက အမှန်တကယ် လှပနေရဲ့လားဆို‌တာတော့ ငွေမှုန် မပြောတတ်ပါ။

” ဟို … ငွေမှုန့်ကို ခွင့်ပြုပါဦး “

ဘုရားပန်းအိုးတွေကို ပစ်ထားခဲ့ပြီး ကျောင်းပေါ်ကို ခပ်သွက်သွက်ပြေးတက်သွားတဲ့ ငွေမှုန်ကြောင့် မင်းမျိုးမှာ ပခုံးတွေလှုပ်သည်အထိ ခပ်သော့သော့ရယ်မောမိတော့သည်။ အတင့်ရဲလှတယ်လို့လည်း အတွေးမရောက်စေချင်ပေမယ့် ဒီရက်တွေထဲ မသိမသာရော သိသိသာသာပါ လှစ်ပြတတ်တဲ့ မင်းမျိုးရဲ့ ခံစားချက်တချို့ကိုတော့ ငွေမှုန် နားလည်ကောင်း နားလည်နိုင်ပါရဲ့လေ။

>>>>>>>>>>

ဒင်္ဂါးက သနပ်ခါးကျောက်ပြင်ပေါ်မှာ သနပ်ခါးသွေးနေရင်း ပြတင်းပေါက်နားမှာ ငြိမ်သက်လို့ တင်ပျဥ်ခွေထိုင်နေတဲ့ ပစ်တိုင်းထောင်ကို လှမ်းကြည့်လိုက်သည်။ ဘုန်းကြီးကျောင်းကနေ အိမ်ရောက်သည်အထိ ညစာစားပြီးကတည်းက စကားမပြောပဲ ငြိမ်သက်နေတာမလို့ ဒင်္ဂါးမှာ အနေခက်လာသည်အထိ။ အရင်ကဆို ဒင်္ဂါးနောက်ကို တကောက်ကောက်လိုက်လို့ ကြက်မကြီးနဲ့ ကြက်သားပေါက်လေးအသွင် ဖမ်းနေတတ်တဲ့ ပစ်တိုင်းထောင်က ငြိမ်သက်နေတော့ ဒင်္ဂါးမှာ တစ်ခုခုလိုနေသလိုပင်။

ဒင်္ဂါးလည်း အိပ်ခါနီးမလို့ လိမ်းနေကြအတိုင်း သွေးပြီးသားသနပ်ခါးတွေကို မျက်နှာပေါ်မှာ ခပ်သွက်သွက်လိမ်းရင်း ပိုနေတဲ့ သနပ်ခါးအနှစ်တွေကိုတော့ ရေကျဲကျဲရောကာ လည်ပင်းတွေနဲ့ လက်တွေကို လိမ်းပစ်လိုက်သည်။

” ပစ်တိုင်းထောင် … “

” ….. “

ဘာဖြစ်မှန်းမသိ ငြိမ်သက်နေတဲ့အခါ ဒင်္ဂါးကပဲ စိတ်မောရပြန်သည်။ သက်ပြင်းတစ်ချက်ကို ခပ်လေးလေးချလိုက်ရင်း ပစ်တိုင်းထောင်အနားကို တင်ပျဥ်ခွေလို့ ဝင်ထိုင်တော့ ပစ်တိုင်းထောင်က ဒင်္ဂါးကို ခေါင်းအနည်းငယ်စောင်းလို့ လှည့်ကြည့်လာသည်။

” တစ်နေကုန်လုံးပဲ . ကျွန်တော့်ကို စကားလည်းမပြောဘူး… မျက်နှာလည်းမကောင်းဘူး ဘာဖြစ်နေတာလဲ “

သိလိုဟန်နဲ့ ပစ်တိုင်းထောင်ကို အကဲခတ်စူးစမ်းသလိုကြည့်နေတဲ့ ရွှေဒင်္ဂါးရဲ့ မျက်လုံးဝိုင်းလေးတွေကြောင့် ပစ်တိုင်းထောင်က ပြုံးလိုက်သည်။ ပြတင်းပေါက်နားမှာထိုင်နေပြီး လေအသော့မှာ ခပ်သင်းသင်းရလိုက်တဲ့ ရွှေဒင်္ဂါးဆီက သနပ်ခါးနံ့အေးအေးကြောင့် တစ်နေကုန် ကိုယ့်အတွေးနဲ့ကိုယ် ပူလောင်နေရသမျှ အ‌နည်းငယ်တော့ အေးမြသွားသည်။

” အဟမ်း … ဘာမှတော့မဟုတ်ပါဘူး … ကျုပ်တွေးနေတာ “

” အင်း ~ “

” ခင်ဗျားက ခင်ဗျားနဲ့ကျုပ်နဲ့ ရည်ငံနေတယ်လို့ အပြောခံရတာကို အဲ့လောက်တောင်မှ သဘောမကျဘူးလား ရွှေဒင်္ဂါး “

” ဘာကိုပြော … ”

ဒင်္ဂါးပြောလက်စ,စကားက လမ်းတစ်ဝက်မှာတင် ရပ်တန့်သွားရသည်။ အတွေးထဲ ဖြတ်ခနဲဝင်လာတဲ့ သန်းဇော်ရဲ့ စကားတွေကြောင့် ပစ်တိုင်းထောင်ရဲ့ အမေးစကားမှာ ဖြေစရာပင်မဲ့နေသည်။ ပစ်တိုင်းထောင်ရဲ့ မျက်လုံးတွေဆီကနေ အကြည့်လွှဲရင်း မျက်ခုံးထောင့်က မှဲ့ကိုသာ ခပ်ငေးငေးကြည့်နေလိုက်သည်။

” ဟမ့် ~ ခင်ဗျားပါးစပ်က‌နေ တစ်ခါမှတောင် မထွက်ဖူးတဲ့ စကားကြမ်းကြမ်းတွေ ထွက်လာတဲ့အထိ ခင်ဗျားသဘောမကျဘူးပေါ့ “

” ဟို ~ မဟုတ် … အဲ့လိုတော့လည်း မဟုတ်ပါဘူး “

” အဲ့တာဖြင့်ရင် ဘာလဲ “

” မသင့်လျော်တာကြီးကို “

” ဘာကိုမသင့်လျော်တာလဲ … ခင်ဗျားလည်းလူ . ကျုပ်လည်းလူပဲလေ “

ရှောင်လွှဲနေတဲ့ ရွှေဒင်္ဂါးရဲ့ မျက်လုံးတွေထဲကို ပစ်တိုင်းထောင် အမိအရ စူးစိုက်ကြည့်ရင်း ခပ်တင်းတင်းမေးသည်။ အဖြေပြန်မပေးလာတဲ့ နှုတ်ခမ်းဖျားကလည်း ခပ်တန်းတန်းကလေးရယ်။ ပြောစရာစကားမဲ့နေဟန် အမူအယာလေးက ပစ်တိုင်းထောင်ကိုသာ ငေးကြည့်ရင်း ကြောင်တောင်တောင်က‌လေးရယ်မလို့ နောက်ဆုံး အသည်းယားလာရသူကလည်း ပစ်တိုင်းထောင်ပဲဖြစ်သည်။

” ထားပါတော့ … ခင်ဗျားမဖြေတတ်ဘူးမလား “

” ….. “

” ဒီအတိုင်း သန်းဇော်က အဲ့လိုမပြော‌တောင် ခင်ဗျားဘက်က ဆဲဆိုပြီး ကျိုးကန်းသွားအောင် ရိုက်ပစ်သင့်တယ် “

” အဟား … ပစ်တိုင်းထောင်ရယ် ~ “

ထွက်ပေါ်လာတဲ့ ရယ်သံခပ်လွင်လွင်လေးက ကြည်နူးဖွယ်ရာ။ ပစ်တိုင်းထောင်က သွားတန်းကလေးတွေပေါ်သည်အထိ ပြုံးရယ်သွားတဲ့ ရွှေဒင်္ဂါးကိုကြည့်လို့ တစ်စိုက်မတ်မတ် ငေးရတာပါပဲ။

ပစ်တိုင်းထောင်က ဒီရွှေဒင်္ဂါးလေးကို ဘယ်လိုစိတ်ချထားနိုင်ပါ့မလဲ။ ကလေးလေးလို သဘောထားလို့ ပွေ့ပိုက်ထားလည်းမရ၊ အရုပ်ကလေးလို သဘောထားလို့ သိမ်းထုပ်ထားလည်း မရနဲ့။ ဘယ်လိုတွေးမိလဲဆို နေ့မဆိုင်း ညမဆိုင်း ဘီးလူးတွေ့ လက်ရသိမ်းလို့ ရွှေဒင်္ဂါးကို အမြတ်တနိုးသာ ချစ်လိုက်ချင်တော့သည်။

>>>>>>>>>>

ဆက်ရန်
Yellowish_One 💛
(၂၁-၅-၂၀၂၄)

အရှည်ကြီးရေးထားပေးပါတယ်

Tags: read novel Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၂၁), novel Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၂၁), read Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၂၁) online, Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၂၁) chapter, Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၂၁) high quality, Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၂၁) light novel, ,

Comment

Leave a Reply

Chapter 41