Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၂၃)

A+ A-

အိမ်ရှေ့ကွပ်ပျစ်ပေါ်မှာ ဒူးတစ်ဖက်ထောင်ထိုင်ကာ လက်ပေါ်မေးတင်ထားရင်း မျောက်မှိုင်မှိုင်နေတဲ့ ခွေးပုအနားကို ဒင်္ဂါးဝင်ထိုင်လိုက်သည်။ ဘေးမှာ ဝင်ထိုင်လိုက်တဲ့ဒင်္ဂါးကို တစ်ချက်သာ စောင်းငဲ့ကြည့်လာပြီး အကြည့်ပြန်လွှဲသွားသည်။

” ပစ်တိုင်းထောင်က ခဏလေးပဲသွားတာနေမှာပါ ကိုခွေးပုရဲ့ … မြို့ကို အပြီးပြန်တာဆိုရင် ကိုခွေးပုကို တစ်ယောက်တည်းထားခဲ့ပါ့မလား . ဒီမယ် မိစွာနဲ့ မိုက်မိုက်စန်းလည်း ကျန်နေသေးတဲ့ဟာကို “

ဒင်္ဂါးက ကွပ်ပျစ်ပေါ်ကနေ ခြေထောက်ကို အောက်ချပြီး ထိုင်နေတာကြောင့် လာပြီး ပွတ်သီးပွတ်သပ်လုပ်နေကြတဲ့ မိစွာနဲ့ မိုက်မိုက်စန်းကို မေးငေါ့ပြရင်း ခွေးပုကို ပြောလိုက်သည်။ ဒင်္ဂါးပြောလိုက်ကာမှ ခွေးပုက သက်ပြင်းတစ်ချက်ကို ဟူးခနဲ မှုတ်ထုတ်လိုက်တာကြောင့် အနားမှာ သစ်ရွက်ခြောက်တွေသာရှိရင် အဝေးကို လွင့်သွားနိုင်သည်။

” ကိုဒင်္ဂါးကလည်းဗျာ … ကျွန်တော်က ကျန်နေခဲ့လို့ မှိုင်နေတာ မဟုတ်ပါဘူးဗျ “

” အဲ့တာဖြင့် မောင်ခွေးပုမျက်နှာက ဘယ့်နှယ့်ကြောင့် မှိုင်နေရတာတုန်း “

ခွေးပုက ကိုဒင်္ဂါးကို ပြောလိုက်ပေမယ့် ပြန်ပြောသူကတော့ အခါးရည်ဗန်းကလေးကိုင်လို့ အိမ်ထဲကထွက်လာတဲ့ အစ်မငွေမှုန်ဖြစ်သည်။ လက်ထဲက အခါးရည်နဲ့ လက်ဖက်သုပ်ပန်းကန်ကလေးကို ကွပ်ပျစ်ပေါ်ချရင်း အစ်မငွေမှုန်က ကွပ်ပျစ်ပေါ် ဝင်ထိုင်သည်။

” ဆျာထောင်က ကျွန်တော့်ကိုလည်း ပြောမသွားဘူးလေ အစ်မငွေမှုန်ရဲ့ … ကျွန်တော်က မြို့လိုက်ပြီး ဆံပင်ညှပ်ချင်တဲ့ဟာ “

” အော် … ဆံပင်ညှပ်ချင်တာများ မောင်ခွေးပုရယ် . ရွာထဲက ဦးဘမြင့်ဆိုင်မယ် ညှပ်လည်း ရရဲ့သားနဲ့ … အစ်မက ဘာများဖြစ်သလဲလို့ “

” ဟာ … ဦးဘမြင့်က ဆံပင်ညှပ်တာမှ မဟုတ်ပဲကို … သူက ဆံပင်ခုတ်တာ “

ပြောရင်းဆိုရင်း ဆံပင်ညှပ်ချင်ပြီဆို ညှပ်ချင်တဲ့ဆံပင်ကို တုံးပေါ်တင်ကာ ဓားနဲ့ခုတ်ပေးတဲ့ ဦးဘမြင့်ကြီးကိုမြင်ယောင်ပြီး ခွေးပုမှာ ကြက်သီးမွေးညင်းတွေပင် ထသွားရသည်။ ကိုဒင်္ဂါးကိုကြည့်လိုက်တော့လည်း ခွေးပုပုံစံကိုကြည့်ရင်း ရယ်ချင်ပက်ကျိမျက်နှာနဲ့။

” မောင်ငယ်ပစ်တိုင်းထောင်က အကြောင်းကိစ္စ အထွေအ‌ထူးများရှိလို့ မြို့ပြန်သလား မောင်ခွေးပု “

” မသိပါဘူး အစ်မရယ် … ဘာမှမပြောပဲ မြို့တက်မယ်ဆိုပြီး သူကြီးကိုပဲ ပြောသွားတာလေ … ကျွန်တော်ဖြင့် ဆျာထောင် မြို့တက်သွားတာ သူကြီးပြောမှသိတယ် “

ဒူးကြီးတစ်ဖက်ထောင်လို့ စိတ်ပျက်လက်ပျက်ပြောနေတဲ့ ခွေးပုကိုကြည့်ရင်း ဒင်္ဂါးတို့မောင်နှမကတော့ ပြိုင်တူပြုံးမိကြသည်။ ခဏကြာတော့ ကွပ်ပျစ်ပေါ်မှာ ဒင်္ဂါးတို့သုံးယောက်လုံး လက်ဖက်ကလေးစားလိုက် အခါးရည်ကလေးသောက်လိုက်နဲ့ စပ်မိစပ်ရာတွေပြောဖြစ်တော့သည်။

ဒင်္ဂါးက လက်ဖက်သုပ်ထဲက ပဲကြော်လေးတွေကို နာနာဖိဝါးရင်း ခြံဝကို မျှော်သလိုလေး ငေးကြည့်လိုက်မိသည်။ မနက်ခင်းက မြို့တက်သွားတဲ့လူက နေ့လယ်သုံးချက်တီးအချိန်မှာ ပြန်ရောက်မလာနိုင်သေးတာ‌ကိုတော့ ဒင်္ဂါးသိပေမယ့် မမြင်ရတော့လည်း စိတ်ထဲတစ်ခုခုလိုသလိုပင် ခံစားနေရသည်။

ပစ်တိုင်းထောင် ရွာကိုရောက်လာကတည်းက တစ်ခါမှ မြို့ကိုပြန်သွားတာမျိုး မရှိဖူးတာကြောင့် ဒင်္ဂါးတို့အတွက်လည်း အထူးအဆန်းဖြစ်ရသည်။ ပြီးတော့ မြို့ကို အဖော်မပါ ဘာမပါနဲ့ တစ်ယောက်တည်းပြန်သွားသည်မို့ စိတ်ပူတာကပိုသည်။

အဘကိုသာပြောသွားပြီး မနက်အစောကားမှီအောင် သာဒင့်လှည်းနဲ့ ရွာထိပ်ကိုထွက်သွားတဲ့ ပစ်တိုင်းထောင်က ငွေထည့်ထားပုံရတဲ့ ချည်လွယ်အိတ်အသေးလေးကလွဲပြီး ဘာမှတော့ပါမသွား။ ဒါကြောင့်မို့လည်း ပစ်တိုင်းထောင်က မြို့ကို ခဏတာပြန်သွားတယ်ဆိုတာ သေချာသည်မို့ ဒင်္ဂါးတို့မှာ ပြန်အလာကို မျှော်နေရုံသာ တတ်နိုင်ပါတော့သည်။

>>>>>>>>>>

” ကိုကိုကျော် … အခုပဲ သီတင်းကျွတ်ပြီးနေပြီ … ဟိုလှည့်ဒီလှည့်နဲ့တပေါင်းပြန်ရောက်သွားမှာ … မောင်ငယ့်ကို ရွာကနေ အိမ်ပြန်ခေါ်ပြီး နေ့သင်တန်းလေးဖြစ်ဖြစ် တက်ခိုင်းဖို့လုပ်ပါဦး… ဘာပဲဖြစ်ဖြစ် ဟိုက်စကူးတော့အောင်,အောင်ဖြေခိုင်းရမှာပဲလေ “

ခင်ခင့်စကားကြောင့် ကျော်ကျော်ဟန်က သတင်းစာဖတ်နေရင်း မျက်လုံးပင့်ကြည့်လိုက်သည်။ ဘေးနားမှာလာထိုင်လို့ ဆိုနေတဲ့ မျက်ရှုဇနီးလေးရဲ့ မျက်နှာက ခပ်စူစူမလို့ ကျော်ကျော်ဟန်လည်း တစ်ချက်ပြုံးလိုက်ရင်း ဖတ်လက်စသတင်းစာကိုပြန်ပိတ်ကာ စားပွဲပေါ်မှာတင်လိုက်သည်။

” ကိုကိုလည်း ပြန်ခေါ်တာပဲကွာ … ခင်ခင့်မောင်က မင်းကန်ရိုးရွာမှာ ပျော်နေတော့ အခက်သားမလား ခင်ခင်ရဲ့ “

” ဟွန့် … ကိုကိုကျော်က ပို့တုန်းကကျ မောင်ငယ့်ဆန္ဒမပါပဲ ရွာကိုပို့ပြီး အခုကျမှ မောင်ငယ်က ပြန်မလာချင်လို့ဆိုတော့ ကောင်းသေးရဲ့လား “

” အော် ကဲ … ခင်ခင်ကလည်းကွာ “

” အလို‌ . ဘာမှခင်ခင်မနေနဲ့ … မောင်ငယ့်ကို ဟိုက်စကူးထပ်ဖြေခိုင်းမလို့ ပြန်ခေါ်ပေးချေတော့ “

ကျော်ကျော်ဟန်က ခင်ခင့်ကို မနိုင်လှတာကြောင့် သက်ပြင်းကို ခပ်သာသာလေးချလိုက်သည်။ ခင်ခင်မပြောလည်း ကျော်ကျော်ဟန်ကတော့ မင်းကန်ရိုးမှာ မင်းမျိုး ရုံးထိုင်ဖို့ အဆောက်အဦဆောက်ပြီးတဲ့အခါ ရုံးဖွင့်ပွဲကိုတက်ရင်းနဲ့ ပစ်တိုင်းထောင်ကို တစ်ခါတည်းအပါခေါ်ဖို့ အတွေးရှိပြီးသား။

” ကဲပါ ခင်ခင်ရယ် … ကိုကိုက ဒီတစ်ခေါက်ရုံးဖွင့်ပွဲသွားရင်တော့ မင့်မောင်ကို ရအောင်ကို ခေါ်လာမှာပါကွာ … မျက်နှာတော်ကလေးက စူမနေပါနဲ့ “

” အမလေး … အဲ့သလိုအတွေးရှိတယ်ဆိုရင်လည်း ဟုတ်ပါပြီ မြို့အုပ်မင်းကြီးရှင့် “

ကျော်ကျော်ဟန်က သဘောတကျရယ်ရင်း ချစ်စနိုးနဲ့ ခင်ခင့်ပါးတစ်ဖက်ကို ဖျစ်ညှစ်လိုက်တော့သည်။ ငယ်ချစ်ကလေးမို့ အခုထိလည်း အချစ်မလျော့ပဲ ကျော်ကျော်ဟန့်မှာ ခင်ခင့်ကို အချစ်ပိုရတုန်းပင်ဖြစ်သည်။

” မမကြီးရေ … ကိုကိုကြီး . ကျွန်တော်လာတယ် “

” ဟယ်တော့် “

မထင်မှတ်ပဲ အိမ်ရှေ့ကနေ ကြားလိုက်ရတဲ့အသံကြောင့် ရင်ဘတ်ကလေးဖိလို့ ရေရွတ်လိုက်တဲ့ ခင်ခင့်ကိုကြည့်ပြီး ကျော်ကျော်ဟန် မျက်မှောင်တွေ တွန့်ကုတ်သွားသည်။ လူမမြင်ရသေးခင် အသံကြားလိုက်ရတာမလို့ နားကြားမှားသည်ဟုဆိုရအောင်ကလည်း ခင်ခင်ကပါ အံ့ဩသလိုမျက်နှာဖြစ်သွားတာကြောင့် ကြားလိုက်ရတဲ့အသံက ညီဖြစ်သူ ပစ်တိုင်းထောင်မှ ပစ်တိုင်းထောင်အစစ်ပင်ဖြစ်သည်။

” ဟယ်. လုပ်ပါဦး . ကိုကိုကျော် … မောင်ငယ်က ပြန်လာတာလား … ရုတ်တရက်ကြီး တစ်ခုခုများဖြစ်သလား “

ခင်ခင်က အလန့်တကြားဆိုလျက် ထိုင်နေရာကနေထပြီး အိမ်ရှေ့အပေါက်ဝကို လျှောက်သွားတာကြောင့် ကျော်ကျော်ဟန်လည်း အနောက်ကနေ ထလိုက်သွားလိုက်သည်။

” မမကြီး … “

” မောင်ငယ်လေး “

မျှော်နေသူက ဆိုက်ဆိုက်မြိုက်မြိုက်ပင် ရောက်လာတာကြောင့် ခင်ခင်ကတော့ ပစ်တိုင်းထောင်ကိုတွေ့တာနဲ့ ဘာကြောင့်ရယ်ပင် မမေးအားပဲ ဝမ်းသာအားရ ပွေ့ဖက်ရှာသည်။ အလွမ်းသည်နေတဲ့ နှစ်ယောက်ကိုကြည့်ပြီး ကျော်ကျော်ဟန်မှာတော့ ပစ်တိုင်းထောင် ဘာပြဿနာရှာလာလို့ မြို့ကို ချက်ချင်းရောက်လာသလဲတွေးရင်း မျက်မှောင်ကြုတ်ထားမိသည်။

” မင်း … ရွာမှာ ဘာပြဿနာရှာလာလို့ အိမ်ကို ရုတ်တရက်ကြီး ပြန်လာတာလဲ … ခွေးပုရော … မိစွာနဲ့ မိုက်မိုက်စန်းရော “

ကိုကိုကြီးက ပစ်တိုင်းထောင်နောက်ကို ဘယ်သူပါလာသလဲဆိုတာ ခေါင်းစောင်းလို့ ငဲ့ကြည့်ရင်း မေးသည်။ ဘယ်သူ့ကိုမှ မမြင်ကာမှ မင်းပြဿနာရှာလာပြန်ပြီလားဆိုတဲ့ အကြည့်နဲ့ ပစ်တိုင်းထောင်ကို စူးစိုက်ကြည့်တော့သည်။

” ကိုကိုကြီးကလည်းဗျာ … ကျွန်တော့်ကို အိမ်ထဲပေးဝင်ပါဦး … ပြီးတော့ ရွာမှာ ဘာပြဿနာမှ မရှာပါဘူးနော် “

ပစ်တိုင်းထောင်က ထိုသို့ပြောလိုက်ကာမှ တင်းမာနေတဲ့ ကိုကိုကြီးရဲ့ မျက်နှာက ပြေလျော့သွားသည်။ ပိတ်ရက်ပေမလို့ ကိုကိုကြီးက အိမ်မြဲနေပြီး မမကြီးနားမှာ ကပ်နေပုံရသည်။ မျက်နှာလေးရွှင်နေတဲ့ မမကြီးက ပစ်တိုင်းထောင်ကိုဆွဲလို့ အိမ်အရှေ့ခန်းကို ဆွဲခေါ်သွားတာကြောင့် အလိုက်သင့်လေး ပါသွားရသေးသည်။

” မောင်ငယ်က အသက်ရှည်ဦးမယ် သိလား … အခုနကလေးတင် မောင်ငယ့်ကိုကိုကြီးကို မောင်ငယ့်အကြောင်းပြောနေတာ “

” မင်းဆိုးတဲ့အကြောင်းတွေလေ ပစ်တိုင်းထောင် “

ကိုကိုကြီးက ပစ်တိုင်းထောင်ကို ခပ်ငေါ့ငေါ့ပြောလာတော့ ပစ်တိုင်းထောင် စိတ်ထဲကနေ ကြိတ်ရယ်လိုက်သည်။ ပြောရင်လည်း ပြောတယ်ပေါ့။ မသိရင် သူစိမ်းတွေကျနေတာပါပဲ။

” ကဲ‌ ပြောစမ်း ပစ်တိုင်းထောင် … ရွာမှာ ပြဿနာရှာလာတာမဟုတ်ရင် ဘာအကြောင်းကြောင့် ခွေးပုမပါ ဘာမပါနဲ့ အိမ်ကို ရုတ်တရက်ကြီး ပြန်ရောက်လာရသလဲ “

ကိုကိုကြီးက ထိုင်ခုံမှာ လက်ပိုက်ခြေချိတ်ထိုင်ရင်း ပစ်တိုင်းထောင်ကို ‌စူးစူးစေ့စေ့ကြည့်လို့ မေးလာတာကြောင့် ပစ်တိုင်းထောင်မှာ မမကြီးအနားကပ်ထိုင်ရင်း ကျုံ့ဝင်သွားသလိုပင် ခံစားရသည်။ ကိုကိုကြီးက ပစ်တိုင်းထောင်အတွက် ချစ်လည်းချစ် ကြောက်လည်းကြောက်ရသူမလို့ ကိုကိုကြီးမျက်နှာတည်တဲ့အခါ ပစ်တိုင်းထောင်က နည်းနည်းတော့ ကြောက်ရပါသည်။ နည်းနည်းလောက်ပါပဲ။

” ဟိုလေ ကိုကိုကြီး “

” အေး ပြော … “

ပစ်တိုင်းထောင် တံတွေးတစ်ချက်ကို ဂလုခနဲမြည်အောင် မြိုချလိုက်သည်။ ကိုကိုကြီးဒေါသကို နောကျေနေသူပီပီ ‌အနားမှာရှိတဲ့ မမကြီးအနားကို မသိမသာလေး တိုးကပ်ထိုင်လိုက်သည်။

” ကိုကိုကြီး … “

” ပြောစရာရှိတာကို မြန်မြန်ပြောစမ်း ဟေ့ကောင် “

စိတ်မရှည်တော့ပုံရတဲ့ ကိုကိုကြီးက ပစ်တိုင်းထောင်ကို ငေါက်လာတာမလို့ ပစ်တိုင်းထောင်လည်း မမကြီးအနားကို ပိုလို့တိုးကပ်ထိုင်ပြီး မမကြီးရဲ့လက်မောင်းလေးကို အသာဆုပ်ညှစ်ကိုင်လိုက်သည်။

” ကိုကိုကြီး … ကျွန်တော့်ကို အမွေဘယ်လောက်ပေးမှာလဲ “

” ဘာကွ …! “

ထိုင်နေရာကနေ ဒေါသတကြီး ထရပ်လိုက်တဲ့ ကိုကိုကြီးကြောင့် ပစ်တိုင်းထောင်ကိုယ်လေး တုံ့ခနဲ ဖြစ်သွားသည်။ ဘေးမှာထိုင်နေတဲ့ မမကြီးကလည်း ပစ်တိုင်းထောင်မျက်နှာကိုကြည့်လို့ အံ့ဩသွားပေမယ့် ကိုကိုကြီးရဲ့ ဒေါသကြောင့် ပစ်တိုင်းထောင်ကို တစ်ခုခုလုပ်လိုက်မှာ စိုးရိမ်သည့်နှယ် လက်ကလေးတစ်ဖက်ကို ဆန့်တန်းပြီး အရှေ့ကနေ ကာပေးရှာသည်။

” အဲ့တာ ဘာစကားလဲ ပစ်တိုင်းထောင် … အိမ်ကို ဆိုင်းမဆင့် ဘုံမဆင့် ရုတ်တရက်ကြီး ရောက်ချလာပြီး အမွေဘယ်လောက်ပေးမှာလဲ မေးနေရအောင် ငါက သေတော့မှာမလို့လားကွ “

” ဟာ… အဲလိုမဟုတ်ပါဘူး ကိုကိုကြီးကလည်း “

” မဟုတ်ရင် ဘာလဲကွ ! … “

ကိုကိုကြီးက ခါးထောက်လို့ ပစ်တိုင်းထောင်ကို စေ့စေ့ကြည့်ကာ ဒေါသတကြီးမေးသည်။ ပစ်တိုင်းထောင်နဲ့မတူ ကိုကိုကြီးက အသားဖြူသူမလို့ ဒေါသအရှိန်ကြောင့် မျက်နှာနဲ့ လည်ပင်းတွေကပါ နီရဲနေသည်။

” ကျွန်တော် အိမ်ထောင်ပြုတော့မှာ “

” ဘယ်လို! “

” အယ် . မောင်ငယ် … ရုတ်တရက်ကြီး “

ပစ်တိုင်းထောင်စကားကြောင့် ကိုကိုကြီးသာမက မမကြီးကပါ သူ့ရင်ဘတ်သူ အသာအယာဖိသည်။

” အသေအချာပြောပါဦး မောင်ငယ်ရယ် … အိမ်ထောင်ပြုတာနဲ့ မင့်ကိုကိုကြီးကို အမွေတောင်းတာနဲ့က “

” အိမ်ထောင်ဖက်ကို တင်တောင်းဖို့ပေါ့ဗျ မမကြီးကလည်း “

အစကတော့ ဒေါသထွက်နေတဲ့ ကိုကိုကြီးက စိတ်ကို လျော့ချလိုက်သလိုမျိုး သက်ပြင်းတစ်ချက်ကို ခပ်ပြင်းပြင်းချကာ ထိုင်ခုံမှာပြန်ထိုင်သည်။

” သေသေချာချာပြောစမ်း ဟေ့ကောင် … တစ်ဝက်တစ်ပျက် ပြောမနေနဲ့ … အိမ်ထောင်ပြုဖို့အတွက် တင်တောင်းဖို့က အမွေခွဲဖို့အထိ လိုအပ်လို့လား “

” ဟာ ကိုကိုကြီးကလည်း … ကျွန်တော့်ရဲ့ တင်တောင်းငွေက နည်းလို့မဖြစ်ဘူးဗျ “

” အိမ်ထောင်ပြုဖို့ကတော့ ဟုတ်ပါပြီ မောင်ငယ်ရယ် … ပြောပါဦး . ဘယ်အိမ်ကလဲ . ဘယ်သူ့သားသမီးလဲကွယ် … မမကြီးဖြင့် ရင်ထိတ်လိုက်ရတာ “

မမကြီးက ပစ်တိုင်းထောင်လက်တစ်ဖက်ကို အသာအယာ ဆုပ်ညှစ်ရင်း မျက်နှာမှာလည်း မတော်တရော်တွေနဲ့ တွေ့နေမှာကို စိတ်ပူနေဟန်။

” ဘယ်အိမ်ကရှိရမလဲ မမကြီးရဲ့ … သူကြီးအိမ်ကပေါ့ “

” ဟယ် … “

ပစ်တိုင်းထောင်စကားကြောင့် စိတ်ပူနေတဲ့ မမကြီးရဲ့ မျက်ဝန်းတွေက တောက်ပလာသလို ကိုကိုကြီးရဲ့ တင်းမာနေတဲ့ မျက်နှာကလည်း တော်တော်တန်တန်ကို ပြေလျော့သွားသည်။

” အိမ်ထောင်ပြုဖို့ တင်တောင်းမှာနဲ့ မင်း ငါ့ဆီကနေ အမွေလာခွဲနေတာနဲ့ ဘာများဆိုင်သလဲ ပြောစမ်း ပစ်တိုင်းထောင် “

” ဟာ ကိုကိုကြီးက ဘာသိလို့လဲ … သိပ်အမေးအမြန်းထူတာပဲ “

” မဟုတ်ဘူးလေ မောင်ငယ်ရယ် … ကိုကိုကျော်က သေချာသိကာမှ မောင်ငယ့်အတွက် စီစဉ်ပေးလို့ ရမှာပေါ့ … အိမ်ထောင်ပြုဖို့များ မောင်ငယ်ရယ် . မင့်ကိုကိုကြီးဆီက အမွေတောင်းဖို့ မလိုပါဘူး … မမကြီးတို့က မောင်ငယ့်ကို မင်္ဂလာဆောင်ပေးမှာပေါ့ “

ခင်ခင့်စကားကြောင့် ပစ်တိုင်းထောင်က အနည်းငယ် စဉ်းစားနေသလိုမျိုး ငြိမ်သက်သွားသည်။ ကျော်ကျော်ဟန်ကတော့ ရုတ်တရက်ကြီး အိမ်ပြန်ရောက်လာပြီး အမွေတောင်းနေတဲ့ ညီဖြစ်သူကြောင့် ဘေးကနေ အသာကြည့်နေရုံသာ တတ်နိုင်တော့သည်။

” သူကြီးက ပြောတယ်… မမကြီးရဲ့ “

” အင်း ပြောပါဦး … ဘာပြောသလဲ “

” သူကြီးက သူ့အိမ်က ကလေးကိုလိုချင်ရင် နောင်ရေးအေးသလား . စိတ်ချရသလား . စိတ်မချရဘူးလားဆိုတာကို သိချင်တယ်တဲ့ “

” သူကြီးက မင်းကို အဲ့သလိုပဲ ပြောလိုက်သလား … အဲ့တာကြောင့် မင်းက အမွေလာတောင်းတာပေါ့ “

ပစ်တိုင်းထောင်က ခေါင်းညိတ်ပြလိုက်သည်။

” မင်းက သူများအိမ်က ကလေးကို တင်တောင်းဖို့ အမွေကျတော့ တောင်းတတ်ပြီး ကိုယ့်ဘာသာကျတော့ မကြိုးစားချင်ဘူးလား “

” ကိုကိုကြီးကလည်း … “

” မင်းကိုကိုကြီးမှာ ငွေရှိတာက မင်းမှာ ငွေရှိတာမှ မဟုတ်ပဲ ပစ်တိုင်းထောင် … ပညာရေးတစ်ပိုင်းတစ်စနဲ့ သူများသားသမီးကို ယူပြီးပါပြီတဲ့ … ဘာလုပ်ကျွေးမှာလဲ … သူကြီးပြောတဲ့ နောင်ရေးအေးမအေးဆိုတာ ဥစ္စာပစ္စည်းချည်းကို ပြောတာမဟုတ်လောက်ဘူး ‌ပစ်တိုင်းထောင် “

ဟုတ်သော်ရှိ မဟုတ်သော်ရှိ ကျော်ကျော်ဟန်က ကိုယ့်ခွင်ထဲရောက်လာတဲ့ ပစ်တိုင်းထောင်ကို ကျောင်းဆက်တက်အောင် တစ်ဖက်လှည့်နဲ့ သိမ်းသွင်းရတော့သည်။ ကျော်ကျော်ဟန့်စကားကြောင့် တွေဝေသွားပုံရတဲ့ ပစ်တိုင်းထောင်က စကားပြန်မပြောသေးပဲ ငူငူကြီးငေးငေါင်နေသည်။

” ကျောင်းပြန်တက်မယ်လေ ကိုကိုကြီးကလဲ ”

” အေး ငါလိုချင်တာကလည်း … “

” အိမ်ထောင်ပြုပြီးရင် “

ချော့မရ ပြုမရနဲ့ အိမ်ထောင်ပြုဖို့အရေး အသည်းအသန် ဖြစ်နေပုံထောက်ရင်တော့ ရောဂါက အတော်ကို ကျွမ်းနေလောက်ပြီ။ ကိုကိုကြီးမှာ ပစ်တိုင်းထောင်ကို စကားနားထောင်တယ်ဆိုကာ ချီးကျူးမယ်ကြံရုံရှိသေး ဆက်ပြောလာတဲ့ စကားကြောင့်  ပြောလက်စက  တစ်ဝက်တစ်ပျက်နဲ့ ရပ်တန့်သွားရတော့သည်။

” ကျောင်းပြီးကာမှ တင့်တင့်တယ်တယ်လေး တင်တောင်းလက်ထပ်ယူတာက ပိုမကောင်းဘူးလား မောင်ငယ်ရဲ့ … မမကြီးတို့က မပေးစားဘူး ပြောနေတာလည်း မဟုတ်ဘူးလေ “

” စိတ်မရှည်ပါဘူး မမကြီးကလဲ… လက်ထပ်ချင်ပြီ “

အသည်းအသန်ဖြစ်နေတာက မောင်ငယ်ပစ်တိုင်းထောင်ရဲ့ ပုံစံမဟုတ်တာကြောင့် ခင်ခင်ကတော့ ကြိတ်ပြုံးလိုက်မိသည်။ ကိုကိုကျော်ကတော့ သိပ်လက်ခံချင်ပုံမရပေမယ့် အတင်းအကြပ်တော့လည်း တားဆီးလိုဟန်မရှိပါ။

” အပြောင်အပျက် မလုပ်နဲ့နော် ပစ်တိုင်းထောင် … မျက်နှာပျက်စရာတွေ မဖြစ်ချင်ဘူး “

ကိုကိုကြီးရဲ့ သတိပေးသလိုမျိုး အကြည့်တွေကြောင့် ပစ်တိုင်းထောင်ကိုယ်လေး အနည်းငယ်တော့ အနေကျုံ့သွားပေမယ့် မသိသလို လုပ်နေလိုက်သည်။

” မင်းက ဆန္ဒရှိနေမှတော့ ငါထပ်ပြီး မေးမနေတော့ဘူး “

” ဒါပေါ့ ကိုကိုကျော်ရဲ့ … သူကြီးအိမ်က ကလေးဆိုတော့ ခင်ခင်တို့လည်း သဘောမတူစရာတော့ မရှိပါဘူး … ဘာမှ မေးမြန်းမနေပါနဲ့တော့ … လောလောဆယ်တော့ မောင်ငယ့်အတွက် စီစဉ်ကြတာပေါ့ “

” ဟုတ်ပြီ ခင်ခင် … ကိုကိုတို့ နေ့ကောင်းရက်သာ ရွေးလိုက်ကြတာပေါ့ … ရွေးပြီးကာမှ တစ်ခါတည်း သွားကြတာပေါ့ “

” ဟာ … မဖြစ်ပါဘူး ”

ကျော်ကျော်ဟန်က ခင်ခင်နဲ့ တိုင်ပင်နေရင်း ကြားကနေ မကျေနပ်တဲ့လေသံနဲ့ ရုတ်တရက်ကြီး မတ်တပ်ထရပ်လာတဲ့ ပစ်တိုင်းထောင်ကြောင့် တည့်တည့်စိုက်ကြည့်လိုက်သည်။

” ဘာမှ နေ့ကောင်းရက်သာ ရွေးနေစရာ မလိုဘူးလေ ကိုကိုကြီးကလည်း … မင်္ဂလာကိစ္စအတွက် သွားပါတယ်ဆိုမှ ဘယ်နေ့သွားသွား မင်္ဂလာပေါ့ … ကိုကိုကြီးတို့က အကြီးဖြစ်ပြီး အားကြီးအယူသီးတာပဲ “

” ဟ ! အယူမသီးလို့ရမလား ဟေ့ကောင်ရ … ဒါက ပေါ့‌ပျက်ပျက်ကိစ္စမဟုတ်ဘူးကွ “

” ကျွန်တော်လည်း ပေါ့ပျက်ပျက်မှမဟုတ်ပဲကို … မစောင့်နိုင်တော့လို့တောင် ကိုကိုကြီးတို့ဆီ ရောက်လာပြီပဲကိုး “

” ကဲပါ ကိုကိုကျော်ရယ် . မောင်ငယ်ပြောတာလည်း ဟုတ်သားပဲ … မင်္ဂလာကိစ္စသွားတာပဲဟာ “

ပစ်တိုင်းထောင်ကို ထပြီး ထိုးတော့မလို လက်သီးတပြင်ပြင်ဖြစ်နေတဲ့ ခင်ပွန်းဖြစ်သူကြောင့် ခင်ခင်ကပဲ ကြားထဲကနေ ဖျန်ဖြေရတော့သည်။ ပစ်တိုင်းထောင်ကတော့ လုပ်ချင်ရာလုပ်နေရတဲ့ မျက်နှာပေးမလို့ မျက်နှာကြီးက ပင့်လို့ မော်ချီနေသည်။

” သတိထားနေ ပစ်တိုင်းထောင် “

ခြိမ်းခြောက်လိုက်တော့လည်း ထုံပေပေလုပ်နေတဲ့ ပစ်တိုင်းထောင်ကြောင့် ကျော်ကျော်ဟန်မှာ လက်ယားနေပြီဖြစ်သည်။ ခင်ခင်တားနေလို့သာ မဟုတ်ရင် ကျော်ကျော်ဟန်က ညီဖြစ်သူကို လက်သီးနဲ့ မထိုးရင်တောင် နားရင်း‌တစ်ချက်လောက်ဖြစ်ဖြစ် ရိုက်ပစ်လိုက်ချင်သည်။

” ကိုကိုကြီး “

” ပြော “

” ကိုကိုကြီးက လိုက်တောင်းပေးမှာလား “

” အေး . တောင်းပေးမယ်လို့ ပြောနေတယ်လေ “

” ဘယ်နေ့တောင်းပေးမှာလဲ “

မြို့အုပ်မင်းမှာ အရစ်ရှည်လှတဲ့ ပစ်တိုင်းထောင်ကြောင့် စိတ်မရှည်စွာပင် ‌ခါးထောက်လိုက်သည်။

” ဒီရက်အတွင်း စီစဉ်စရာရှိတာ စီစဉ်ပြီးရင် လိုက်မြန်းပေးမယ်ကွာ “

” ဟာ ! စီစဉ်တာ ဒီနေ့စီစဉ်လည်း ရရက်နဲ့ ကိုကိုကြီးကလည်း … မနက်ဖြန်ခါ လိုက်တောင်းပေးလို့ မရဘူးလား “

” ပစ်တိုင်းထောင် …! မင်းဟာက မလွန်လွန်းဘူးလား . ဒီနေ့ပဲ အိမ်ပြန်ရောက်လာတယ် … နောက်တစ်နေ့ မနက်ဖြန်ခါပဲ လိုက်တောင်းပေးဆိုတော့ ကောင်းသေးရဲ့လား “

” မင်္ဂလာကိစ္စပဲဟာ … မကောင်းတာရှိမလား ကိုကိုကြီးရဲ့ “

မြို့အုပ်မင်းက ပေါက်တဲ့နဖူး မထူးတော့ပြီမလို့ ပြီးပြီးရော ပစ်တိုင်းထောင်ကို ခေါင်းသာ ညိတ်ပြလိုက်သည်။

” ကိုကိုကြီး “

” ပစ်တိုင်းထောင် …! ခေါ်ပြန်ပြီလား အဲ့ကိုကိုကြီး ကို… မင်းတောင်းဆိုစရာတွေက မပြီးတော့ဘူးလား … ပြောပြော . မင်းလိုချင်တာပြောစမ်း “

ပစ်တိုင်းထောင်က တံတွေးတစ်ချက်မြိုချရင်း နှာတစ်ချက်မှုတ်လိုက်သည်။

” အဲ့တာဆို အမွေပေး “

” ဟာ … ဒီကောင် ! ပြောလေကဲလေကောင်ပါလား . ခင်ခင် ဖယ်စမ်း … ကိုကို ဒီနေ့ ဒီကောင့်ကို တစ်ချက်လောက်တော့ ကန်ရမှကို ကျေနပ်မယ် “

စိတ်ကြီးတဲ့ မြို့အုပ်မင်းက ညီဖြစ်သူ ပစ်တိုင်းထောင်ကို ရိုက်မယ်နှက်မယ် တကဲကဲလုပ်နေတာကြောင့် မြို့အုပ်ကတော်က အတင်းဆွဲနေရတာမလို့ အခြေအနေက အနည်းငယ်တော့ ဝရုန်းသုန်းကား။ နောက်ဆုံးတော့လည်း မြို့အုပ်မင်းတို့က ပစ်တိုင်းထောင်ကို ထိန်းမနိုင်သူပီပီ တင်တောင်းငွေအဖြစ် ရသင့်ရထိုက်တာထက်ပိုလို့ အမွေခွဲပေးပြီး အမွေစာချုပ် ချုပ်ပေးလိုက်ရတော့သည်။

>>>>>>>>>>

” မငွေမှုန် … ဒီမှာခင်ဗျ . မငွေမှုန် “

ဆရာတော့်ကျောင်းကို ဆွမ်းချိုင့်ပို့ပြီးအပြန် အနောက်ကနေ ကြားလိုက်ရတဲ့ ရင်းရင်းနှီးနှီးအသံကြောင့် ငွေမှုန်က လှည့်ကြည့်လိုက်သည်။

” ကိုမင်းမျိုး ~ ”

အိမ်မှာနေလည်း တွေ့နေရတာပေမယ့် အပြင်မှာတော့ အချင်းချင်းတွေ့ကြတာ ရှားတာမလို့ ငွေမှုန်က အံ့ဩသလိုလေး ရေရွတ်လိုက်သည်။ အပြေးတစ်ပိုင်းနဲ့ အနားရောက်လာတဲ့ ကိုမင်းမျိုးက ငွေမှုန့်နားရောက်တော့ ဆွမ်းဟင်းချိုင့်တွေထည့်ထားတဲ့ ဝါးတောင်းလေးကို လက်လွှဲယူသည်။

” နေပါစေ ကိုမင်းမျိုးရဲ့ . ငွေမှုန်နိုင်ပါတယ် “

” ပေးပါဗျာ … အိမ်ပြန်မယ် မဟုတ်လား … ကျွန်တော်လည်း အိမ်ပြန်မှာ … အတူတူပဲကိုဗျာ . အပန်းကြီးတာလည်း မဟုတ် “

ကိုမင်းမျိုးပြောတာလည်း ဟုတ်နေတာကြောင့် ငွေမှုန်က ဆက်ပြောမနေတော့ပဲ လက်ခံလိုက်သည်။ အိမ်ပြန်လမ်းတစ်လျှောက် အတူယှဉ်တွဲလျှောက်လာကြရင်း ငွေမှုန်တို့နှစ်ယောက်အတူ လယ်ကန်သင်းတွေပေါ်ကို ရောက်လာသည်။

” မငွေမှုန် “

” ရှင် “

ပြန်လည်ထူးလာတဲ့ ကြည်ကြည်စင်စင် အသံလေးကြောင့် မင်းမျိုးပြုံးလိုက်မိသည်။ နံနက်ခင်းနေရောင်အောက်မှာ သစ်ခေါက်ရောင်ဝမ်းဆက်ကလေးနဲ့ သနပ်ခါးကို ပါးကွက်ကျားလေးလိမ်းထားတဲ့ ငွေမှုန်က ဆံပင်‌ရှည်တွေကိုလည်း ကျစ်ဆံမြီးရှည်ကြီး ကျစ်ထားတာကြောင့် ယဉ်စစနဲ့ မင်းမျိုးအတွက် ငေးမဝပါပေ။

” မနေ့ကတုန်းကလေ … “

မင်းမျိုး ပြောသင့်မပြောသင့် ပြန်လည်စဉ်းစားရင်း ပြောလက်စ စကားကို ရပ်တန့်လိုက်သည်။ ကိုယ်က အခုအချိန်မှာ သူများအိမ်အရိပ်မှာ ခိုနေရသူမလို့ ပြောချင်တဲ့စကားတွေအတွက် ချိတုံချတုံဖြစ်ရတာကတော့ အမှန်ပင်ဖြစ်သည်။

” ဟုတ်ကဲ့ ကိုမင်းမျိုး … ပြောလေ “

မင်းမျိုးစကားကို ငံ့လင့်နေသလိုမျိုး လှည့်ကြည့်လာတဲ့ ငွေမှုန်ကြောင့် သက်ပြင်းတစ်ချက်ရှိုက်ရင်း အားမွေးလိုက်သည်။

” မနေ့ကတုန်းက မငွေမှုန်ကို တစ်ဖက်ရွာက လာမြန်းတယ်ဆိုပြီး သတင်းကြားမိလို့ပါ “

” ဘာသတင်းတွေများလဲ ကိုမင်းမျိုး ”

ငွေမှုန်က အပြုံးခပ်ရေးရေးလေးတစ်ချက်ပြုံးရင်း မေးလိုက်သည်။ လယ်ကန်သင်းပေါ်မှာ အတူယှဉ်တွဲလျှောက်လာကြရင်း လေအဝှေ့မှာ ငွေမှုန့်မျက်နှာကို ကျီစယ်လာတဲ့ ဆံပင်စတွေကို တစ်ချက်သပ်တင်လိုက်သည်။

” သူကြီးနဲ့ မငွေမှုန်က အဲ့လူကို လက်မခံလိုက်ဘူးဆိုတဲ့ အကြောင်းပါ ခင်ဗျာ … တခြား ဘာမှမဟုတ်ပါဘူး “

ကြားလိုက်ရတဲ့စကားကြောင့် ငွေမှုန်ပြုံးလိုက်သည်။ မင်းကန်ရိုးရွာက စည်းလုံးကြသူတွေပီပီ မနေ့ကသတင်းကိုလည်း မဟုတ်ပဲနဲ့တော့ လျှောက်ပြောနေကြမယ်လည်း မထင်ပါ။ ပြီးတော့ မင်းကန်ရိုးမှာ လေးပုံပုံရင် လေးပုံလုံးက တစ်ဖက်ရွာက သန်းဇော်ဆိုတာနဲ့ ဆွမ်းကြီးလောင်းချင်သူတွေမလို့ သန်းဇော် အငြင်းခံရတဲ့ကိစ္စကို လက်ခုပ်လက်ဝါးတီးလို့ အာပေါင်အာရင်းသန်သန် ဟားရင်း ပျော်နေကြမှာတော့ အသေအချာပင်ဖြစ်သည်။

” မငွေမှုန် … “

ကိုမင်းမျိုးရဲ့အသံက လေးလေးနက်နက်မလို့ ငွေမှုန်က လမ်းလျှောက်နေရင်းကနေ ရပ်တန့်လိုက်သည်။ လမ်းလျှောက်လာကြရင်း ငွေမှုန်တို့ နှစ်ယောက်သားက လယ်ကွင်းထိပ်က မန်ကျည်းပင်အောက်ကို ရောက်လာပြီမလို့ စကားပြောမယ်ဆိုရင်း အရိပ်ရပြီး အေးအေးလူလူရှိပြီဖြစ်သည်။

” မငွေမှုန်ကို ကျွန်တော့်ဘက်က လေးလေးနက်နက် ပြောစရာစကား ရှိပါတယ်ဗျာ့ “

စကားအသွားအလာကိုကြည့်ကာ ငွေမှုန်က နားလည်လိုက်ပြီမလို့ လက်နှစ်ဖက်ကို အချင်းချင်း ယှက်ကိုင်လိုက်ရင်း စိတ်လှုပ်ရှားစွာ ဖျစ်ညှစ်နေမိသည်။ လက်ထဲမှာ သယ်မထားတဲ့ ဝါးတောင်း‌လေးကို မြေပြင်ပေါ် ခဏချလိုက်တဲ့ ကိုမင်းမျိုးက ငွေမှုန့်မျက်နှာကို စေ့စေ့ကြည့်လာသည်။

” ကျွန်တော် မငွေမှုန်ကို မေတ္တာရှိပါတယ် “

” ရှင် “

ပန်းသွေးရောင်ပြေးသွားတဲ့ မျက်နှာလေးကြောင့် မင်းမျိုးက အရဲကိုးကာ ငွေမှုန့်အနားကို တစ်လှမ်းတိုးကပ်လိုက်သည်။

” ကျွန်တော့်ဘက်က မြို့အုပ်မင်းတို့နဲ့ ဒီကို ပထမဆုံး ရောက်လာကတည်းက မငွေမှုန်ကို မေတ္တာသက်ဝင်မိပေမယ့် ပြန်ဝေးရဦးမှာမလို့ ကျွန်တော့်ဘက်က မျိုသိပ်ထားခဲ့တာပါ … ဒါပေမယ့် ကံကြမ္မာက ကျွန်တော့်ကို မျက်နှာသာပေးပြီး မငွေမှုန်အနားကို ပြန်လာရတော့လည်း မငွေမှုန်တို့အိမ်မှာ နေရတဲ့သူမလို့ အခွင့်အရေးယူတယ် မထင်စေချင်ပါဘူး “

” ဟို ~ ငွေမှုန်က အဲ့သလိုမထင် … “

” အခုတော့ ထင်လည်းရပါတယ် မငွေမှုန် “

” အယ် ~ “

ရှက်ကိုးရှက်ကန်းနဲ့ ခေါင်းငုံ့ထားမိတဲ့ ငွေမှုန်က ကိုမင်းမျိုးကို မော့ကြည့်လိုက်သည်။ ဘယ်အချိန်ကတည်းက အနားထိရောက်အောင် တိုးကပ်နေခဲ့မှန်း မသိပေမယ့် ငွေမှုန်မော့ကြည့်လိုက်တော့ ကိုမင်းမျိုးရင်ဘတ်နဲ့ ငွေမှုန့်မျက်နှာနဲ့က တစ်တန်းတည်း ဖြစ်နေပြီမလို့ ငွေမှုန်ကပဲ အနောက်ကို ခြေတစ်လှမ်း အသာအယာ ဆုတ်လိုက်မိသည်။

” အခုတော့ ကျွန်တော့်ဘက်ကသာ နှောင့်နှေးနေရင် မငွေမှုန်နဲ့ ဝေးရလိမ့်မယ်လို့ တွေးမိလို့ “

” ဘယ်လို ~ “

” ကျွန်တော့်ဘက်က ဆက်ပြီးတွေဝေနေလို့ မဖြစ်တော့လို့ … မနေ့ကလို အခြေအနေမျိုးသာ ထပ်ဖြစ်လာရင် ပြောမရဘူးလေ . မငွေမှုန်ကို လာမြန်းတဲ့လူက သူကြီးသာ သဘောတူတဲ့သူဆို ကျွန်တော့်တစ်ဘဝလုံး မငွေမှုန်ကို မပိုင်ဆိုင်လိုက်ရလို့ နောင်တရနေတော့မှာ “

” ဟို … ကိုမင်းမျိုး “

ငွေမှုန့်မှာ ခြေဖျားလက်ဖျားတွေပင် အေးစက်လာသလို ခံစားရသည်။ မေတ္တာစကား လာပြောနေသူက နီးနီးကပ်ကပ်မှာ ရှိနေတာကြောင့် ရင်တလှပ်လှပ်ခုန်နေရသလို ငွေမှုန့်မှာ အနေခက်တာကြောင့် ခြေမကိုင်မိ လက်မကိုင်မိရယ်။

” ကျွန်တော်က မငွေမှုန်ကို မေတ္တာရှိပါတယ် မငွေမှုန် … မငွေမှုန်သာ လက်ခံမယ်ဆိုရင် ကျွန်တော့်ဘက်က မိသားဖသားပီပီ ‌မငွေမှုန်ကို တောင်းရမ်းလက်ထပ်ယူပြီး ပေါင်းသင်းဖို့အထိ စိတ်ဆန္ဒရှိပါတယ် “

” အဘက . အဲ့ ~ မဟုတ်ပါဘူး … ဟိုလေ … ငွေမှုန် . ငွေမှုန် စဉ်းစားလို့ရမလားဟင် “

” မငွေမှုန်က စဉ်းစားပေးမယ်ဆိုရင်ကို ကျွန်တော့်ဘက်က ဝမ်းသာပါပြီ … စဉ်းစားပေးမယ်ဆိုတော့ ကျွန်တော့်မေတ္တာကို အခုလက်ရှိ လက်ခံရရှိတယ်ပဲ ပြောရမလား … လက်ခံထားပေးပါဦးနော် မငွေမှုန် “

ခပ်ပြုံးပြုံးလေးဆိုလာတဲ့ ကိုမင်းမျိုးကြောင့် ငွေမှုန့်ပါးနှစ်ဖက်လုံး ပူသည်ထက် ပူလာရသည်။ ငွေမှုန့်မျက်နှာကို တည့်တည့်ကြည့်ပြီး မေတ္တာစကားကို လေးလေးနက်နက်ဆိုလာသူက ကိုမင်းမျိုး ပထမဆုံးပေမလို့ ရင်ခုန်ရတာတော့ အမှန်ဖြစ်သည်။

” ကျွန်တော့်မေတ္တာကို စဉ်းစားနေတုန်းလည်း လက်ခံပေးမယ် မဟုတ်လားဟင် မငွေမှုန် “

ကိုမင်းမျိုးက လူလည်ကျတယ်လို့လည်း မဆိုရက်။ စဉ်းစားနေတုန်း မေတ္တာစကားကို လက်ခံတယ်ဆိုတာ လက်ခံဖို့ သေချာတယ်ဆိုတာတော့ ကိုမင်းမျိုး သိပါလေစ။ အဘက်ဘက်က ပြောစရာမရှိတဲ့ ကိုမင်းမျိုးကို ငွေမှုန့်ဘက်က ရင်မခုန်မိဘူးဆို လိမ်လည်ရာပင် ကျလိမ့်မည်။ ငွေမှုန်လည်း ကိုမင်းမျိုးကိုကြည့်ရင်း မျက်နှာပူပူနဲ့ပင် ခေါင်းညိတ်လိုက်မိပါတော့သည်။

>>>>>>>>>>

ဆက်ရန်
Yellowish_One 💛
(၁၆-၆-၂၀၂၄)

Tags: read novel Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၂၃), novel Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၂၃), read Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၂၃) online, Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၂၃) chapter, Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၂၃) high quality, Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၂၃) light novel, ,

Comment

Leave a Reply

Chapter 45