Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၂၄)

A+ A-

” အရိုးတွေကိုပစ်ပြီး အရွက်တွေကို ခြင်းတောင်းထဲထည့်လေ အစ်မ… ဘယ်နှယ့်ကြောင့် အရွက်တွေကို အောက်ပစ်ချနေရတာလဲ အစ်မရဲ့ “

မီးဖိုခန်းထဲဝင်လာတဲ့ အငယ့်အသံကြောင့် ငွေမှုန် အတွေးလွန်နေရာကနေ ပေါင်ပေါ်က ဝါးဗန်းလေးကို ငုံ့ကြည့်လိုက်သည်။ ခြွေထားတဲ့ ချဉ်ပေါင်ရွက်တွေက ကြမ်းပြင်မှာ အပုံလိုက်ကျနေပြီး အရိုးတွေကတော့ ဗန်းထဲမှာ အခန့်သားရယ်မလို့ ငွေမှုန်ပျာပျာသလဲနဲ့ ပစ်ထားမိတဲ့ အရွက်တွေကို ဗန်းထဲကောက်ထည့်ရသည်။

” အယောင်ယောင်အမှားမှားနဲ့ ဘာဖြစ်နေတာလဲ အစ်မ … တစ်ခုခုဖြစ်လို့လား “

” ဟင် . မဖြစ် . မဖြစ်ပါဘူး အငယ်ရဲ့ … အစ်မက ဘာဖြစ်ရမှာလဲ “

ဒင်္ဂါးက အစ်မငွေမှုန်ကို စူးစိုက်ကြည့်လိုက်သည်။ ခေါင်းကိုအတင်းငုံ့လို့ ပစ်ချထားတဲ့ ဟင်းရွက်တွေကောက်ထည့်နေတာကိုက မူမမှန်နေတာဖြစ်သည်။ မျက်နှာကလည်း ရဲနေသေးတာကြောင့် ဒင်္ဂါး မီးဖိုချောင်ထဲကနေ အပြင်ဘက်ကို လှမ်းကြည့်လိုက်သည်။ အစ်မငွေမှုန် ဘုန်းကြီးကျောင်းကနေ ပြန်လာတာဆိုတော့ နေပူလို့များ ပါးတွေရဲနေလေသလား။

” အစ်မရေ … ဗိုက်ဆာလို့ဗျ … ထမင်းကြမ်းခဲရှိသေးလား “

ဒင်္ဂါးတို့မောင်နှမနှစ်ယောက် မီးဖိုခန်းထဲမှာရှိနေတုန်း အပြင်ကနေ ပြန်လာတဲ့ခွေးပုကလည်း အသံတဆာဆာပေးလို့ ဝင်လာသည်။

” ရှိတယ် မောင်ခွေးပု … အစ်မ ကြက်ဥကြော်ပေးရမလား “

” ရတယ် အစ်မ … ရှိတာနဲ့သာကျွေး “

” အော် ဟဲ့ . ခဏလေးပါ မောင်ခွေးပုရယ် … အစ်မ ‌ကြက်ဥကြော်ပေးပါ့မယ် “

အစ်မငွေမှုန်က ပြောပြောဆိုဆိုနဲ့ ဟင်းရွက်ဗန်းကိုချပြီး ကြက်ဥကြော်ဖို့ ပြင်နေတာကြောင့် ခွေးပုလည်း ဆက်မပြောတော့ပဲ မီးဖိုခန်းထဲမှာချထားတဲ့ စားပွဲဝိုင်းမှာ ဝင်ထိုင်လိုက်သည်။

” ဘယ်ကနေ ပြန်လာတာလဲ ကိုခွေးပု … နဖူးမယ်လည်း ချွေးတွေနဲ့ “

ဒင်္ဂါးကမေးရင်း ခွေးပုဘေးမှာ ဝင်ထိုင်သည်။ ဒင်္ဂါးပြောလိုက်တော့ ပုဆိုးခါးပုံစကိုဖြည်ရင်း နဖူးကချွေးတွေကို ပင့်သုတ်နေတဲ့ ခွေးပုက စကားပြောဖို့ အားယူလိုက်ဟန် သက်ပြင်းတစ်ချက်ကို အရင်ချသည်။

” မယ်တင်ကလေးဆီသွားပြီး ပြန်လာတာပါ ကိုဒင်္ဂါးရာ … မနက်ခင်းကြီး ရောက်လာလို့တဲ့လေ … နေ့လယ်ခင်းကျမှ ထမင်းလာစားချေတဲ့ … ကျုပ်ကို နှင်လွှတ်လိုက်တယ် “

” ဟ ဟ ဖြစ်ရမယ် ကိုခွေးပုရာ “

ဒင်္ဂါးက ခွေးပုစကားကိုနားထောင်ပြီးတော့ သဘောကျစွာနဲ့ရယ်လိုက်သည်။ ဒင်္ဂါးက ရယ်လိုက်ပေမယ့် အမှန်တကယ်ကို ခံစားနေရပုံပေါ်တဲ့ခွေးပုက ထမင်းစားပွဲနားမှာ မေးကြီးထောက်ပြီး မျောက်မှိုင်မှိုင်နေသည်။

” ကဲ ရပြီ စားတော့ မောင်ခွေးပု “

အစ်မငွေမှုန်ရဲ့ အသံနဲ့အတူ စားပွဲပေါ်ကိုရောက်လာတဲ့ ကြက်ဥကြော်က ပူပူနွေးနွေးမလို့ ခွေးပု လက်ဆေးရန် ထိုင်နေရာကနေ ထသွားလိုက်သည်။

” အငယ်လည်း ဆာရင်စားလေ … အစ်မ ကြက်ဥထပ်ကြော်ပေးမယ် “

” တော်ပါပြီ အစ်မရယ် … ခွေးပုက ဗိုက်ဆာလို့ စားတာမဟုတ်ဘူး . မယ်တင့်အိမ်မှာသွားစားတာ ဟိုက မကျက်သေးလို့ ပြန်လွှတ်တာနေမှာပေါ့ … အဲ့တာကြောင့် ပြန်ရောက်လာတာ ”

” ဟော … မောင်ခွေးပုနှယ် . ဖြစ်ရပြန်တယ်ကွယ် “

ဒင်္ဂါးတို့မောင်နှမနှစ်ယောက်မှာ ခွေးပုအကြောင်းတွေးပြီး ခပ်ကြိတ်ကြိတ်ရယ်မိကြတော့သည်။

” အဲ … ဒီကနေ့ ကိုမင်းမျိုးကို ရုံးဆောက်တဲ့နေရာမှာ မတွေ့မိဘူးဗျာ့ … အိမ်မှာလည်းမရှိဘူးမလား … ဘယ်များသွားနေပါလိမ့်.. အစ်မရော ဘုန်းကြီးကျောင်းဘက်သွားတာ တွေ့ခဲ့သေးလား “

” ဟင် ~ မ မတွေ့ခဲ့မိပါဘူး “

ကိုမင်းမျိုးအကြောင်းလည်းပြောရော ရယ်ရယ်ပြုံးပြုံးဖြစ်နေရာကနေ ရှက်သွေးဖြန်းသလို စကားတွေလည်း အထစ်ထစ်အငေါ့ငေါ့ဖြစ်သွားတဲ့ အစ်မငွေမှုန်ကြောင့် ဒင်္ဂါး အကဲခတ်လိုက်သည်။ အယောင်ယောင်အမှားမှားနဲ့ ဒင်္ဂါးကို အကြည့်လွှဲပြီး အနားကနေ ထသွားတာကြောင့် လှမ်းခေါ်ဦးမလို့ပေမယ့် အနားပြန်ရောက်လာတဲ့ခွေးပုကြောင့် ဒင်္ဂါးအာရုံလွှဲသွားသည်။

” ဆျာထောင်လည်း ဘယ်တော့ပြန်လာမလဲ မသိဘူးနော် ကိုဒင်္ဂါး … ဆျာထောင်နဲ့လည်း ခက်ပါတယ် . မပြောမဆိုနဲ့ “

သက်ပြင်းတစ်ချက်ချရင်း ခွေးပုက အစ်မငွေမှုန်ချပေးထားတဲ့ ငပိရည်ကျိုတွေကို ထမင်းဇလုံထဲထည့်နယ်ကာ ပါးစပ်ထဲကို ထမင်းလုတ်ခပ်ကြီးကြီးထိုးထည့်ရင်း အားရပါးရဝါးသည်။

” ပြန်လာမှာပေါ့ ကိုခွေးပုရ … မျှော်နေရင် ပစ်တိုင်းထောင်က ခရီးဖင့်နေပါဦးမယ်လေ “

” ဟုတ်သားနော် “

ခရီးသွားနေသူကို မမျှော်ကောင်းဘူးဆိုတာကြောင့် ဒင်္ဂါးလည်း ထုတ်မပြောပေမယ့် မနေ့ကတည်းက မြို့တက်သွားတဲ့ ပစ်တိုင်းထောင်ကို စိတ်ထဲကနေ စိုးရိမ်စိတ်နဲ့ မသိမသာ မျှော်နေမိသည်။ မနက်မိုးလင်းကတည်းက ခြံဝကိုပဲ တမျှော်မျှော် ဖြစ်နေရတာ ဘယ်သူမှမသိရင်တောင် ဒင်္ဂါးကိုယ်တိုင်က အသိဆုံးသာပင်ဖြစ်သည်။

>>>>>>>>>>

” မြန်မြန်မောင်းပါ ကိုကိုကြီးရယ် … နေမြင့်တော့မယ် “

ပစ်တိုင်းထောင်က ပြောလည်းပြောရင်း ကားနောက်ခန်းကနေ ကားမောင်းနေတဲ့ ကိုကိုကြီးလက်က သားရေလက်ပတ်နာရီကို တစ်ချက်လှမ်းကြည့်လိုက်သည်။ ဆယ်ချက်တီးတော့မှာမလို့ နေအတော်မြင့်နေပြီလို့ပင် ပြောလို့ရသည်။

မော်တော်ကားရဲ့ နောက်ခန်းမှာထိုင်ပြီး ကန်တော့ပွဲကြီးပိုက်လို့ လည်တဆန့်ဆန့်လုပ်ရင်း ပြောလာတဲ့ ပစ်တိုင်းထောင်ကြောင့် မြို့အုပ်မင်းက ကားမောင်းနေရင်း မျက်စောင်းခဲလိုက်သည်။

” အဲ့သလောက် အကဲပိုမနေနဲ့ ပစ်တိုင်းထောင် … စိတ်မရှည်ရင် လှည့်ပြန်လိုက်မှာနော် “

” ကိုကိုကြီးကလည်း စိတ်ချည်းပဲ “

မာန်မဲလိုက်မှသာ ကားနောက်ခန်းမှာ ငြိမ်ကုတ်သွားတဲ့ ပစ်တိုင်းထောင်ကို နောက်ကြည့်မှန်ကနေကြည့်ပြီး ကျော်ကျော်ဟန်က သက်ပြင်းအသာချလိုက်သည်။ ဘေးမှာထိုင်နေတဲ့ မဟေသီဖြစ်သူ ခင်ခင်ကတော့ ကျော်ကျော်ဟန့်လက်မောင်းတစ်ဖက်ကို လာဆုပ်ကိုင်ရင်း စိတ်လျော့ဖို့သာ‌ဖျောင်းဖျရှာသည်။

ကိုကိုကြီးကိုယ်တိုင်မောင်း‌လာတဲ့ မော်တော်ကားအနက်ရောင်လေးက မင်းကန်ရိုးရွာဆိုတဲ့ ဆိုင်းဘုတ်လေးကို ကျော်ဖြတ်လိုက်ချိန်မှာတော့ ပစ်တိုင်းထောင်မှာ စိတ်လှုပ်ရှားလွန်းလို့ ဖင်တကြွကြွ ဖြစ်နေပြီဖြစ်သည်။ လယ်ကွင်းတွေထဲမှာ ဆော့ကစားနေတဲ့ ကလေးတွေကလည်း ရွာထဲကိုဝင်လာတဲ့ မော်တော်ကားကြီးကိုလည်းမြင်ရော ဘာမှန်းမသိ ညာမှန်းမသိ အနောက်ကနေ တစ်တန်းကြီး ‌တဝေးဝေးတဝါးဝါးအော်လို့ ပြေးလိုက်လာကြသည်။

” ဘုန်းဘုန်းကျောင်းကို ဝင်ဦးမယ် “

” ဟာ ကိုကိုကြီးကလည်း … နောက်မှဝင်တော့လေ … နောက်ကျနေပါပြီဆို ”

” ဟေ့ကောင် … မင့်ကိစ္စက ဘယ်အချိန်လုပ်လုပ်ရတယ်ကွ … ရွာရောက်ရင်‌တော့ ဘုန်းဘုန်းကို အရင်ဖူးရမှာပေါ့ကွ “

” ကိုကိုကြီးကလည်းဗျာ … “

ပစ်တိုင်းထောင်မှာ ခေါင်းကို တဗျင်းဗျင်းကုတ်ရုံမှအပ ဆက်မပြော‌ဖြစ်တော့ပါ။ ကိုယ်တိုင်က စိတ်စောနေ၍သာ သူကြီးအိမ်ကိုအမြန်ရောက်ချင်နေပေမယ့် ကိုကိုကြီးပြောတာက သဘောဝကျတာကြောင့် ငြိမ်နေလိုက်ရတော့သည်။ သို့ပေမယ့် နှစ်တစ်ဝက်နီးပါးလောက် ရွာသားလုပ်နေတဲ့ ပစ်တိုင်းထောင်က မော်တော်ကားဦးတည်ရာ မှတ်မိနေတဲ့ လမ်းတွေကြောင့် စိတ်ကလေးမှာ မြူးတူးလှုပ်ရှားလာရပြန်သည်။

” ရွာလမ်းတွေက အတော်ကောင်းနေပြီပဲ … ဟိုတစ်ခါ အလှူလာတုန်းက ချိုင့်တွေခွက်တွေရှိသေး “

ကျော်ကျော်ဟန်က ဖြောင့်ဖြူးနေတဲ့ ရွာလယ်လမ်းမကြီးကို ကြည့်ရင်း မှတ်ချက်ပြုသည်။ ပါးစပ်ကသာ ဘုန်းဘုန်းကျောင်းကို သွားမယ်ပြောနေပေမယ့် မြို့အုပ်မင်းရဲ့ကားကတော့ ညီတော်မောင် ပစ်တိုင်းထောင်အလိုကျ သူကြီးဦးမင်းငွေအိမ်ကိုသာ တန်းတန်းကြီး ဦးတည်နေတာဖြစ်သည်။

ပွမ် ပွမ် …

သူကြီးအိမ်ရှေ့ကိုရောက်တော့ မြို့အုပ်မင်းက ကားဟွန်းကို နှစ်ချက်လောက်တီးကာ အသံပြုလိုက်သည်။ အသံကြားလို့ အိမ်ထဲက‌နေ အပြေးထွက်လာတဲ့ ခွေးပုက မထင်မှတ်ထားဟန်မလို့ မြို့အုပ်မင်းတို့ကားကိုကြည့်ရင်း ပြူးတူးကြောင်တောင်နဲ့ တံခါးဖွင့်ပေးရှာသည်။

” မြို့အုပ်မင်း … မင်းကတော်လေးလည်း ပါလာတယ် . ဟာ …! ဆျာထောင် ! ကန်တော့ပွဲကြီးနဲ့ “

ကားပေါ်ကမဆင်းရသေးခင် ခွေးပုက အပြင်ဘက်ကနေ တစ်ယောက်ချင်းစီကိုကြည့်ရင်း အံ့ဩနေပုံရသည်။ ပစ်တိုင်းထောင်က ပေါင်ပေါ်တင်ထားတဲ့ ကန်တော့ပွဲကြီးကိုပိုက်လို့ ကားအောက်ဆင်းလိုက်တော့ ခွေးပုက ကူသယ်ပေးဖို့ လက်လှမ်းလာသည်။

” ရတယ်… ဟေ့ကောင် “

‌ပစ်တိုင်းထောင်က ကန်တော့ပွဲကြီးကိုပိုက်လို့ ခွေးပုကိုလည်း အထိမခံ။ ကားပေါ်ကနေဆင်းလာတဲ့ ကိုကိုကြီးက ပစ်တိုင်းထောင်ကို ခပ်တင်းတင်းစူးစိုက်ကြည့်သလို မမကြီးကလည်း ပစ်တိုင်းထောင်ကို ကြည့်လို့ပြုံးသည်။

” ငါ့ဆျာထောင် လွှတ်ချော လွှတ်ခန့်နေတာဟေ့ … ပိုးပုဆိုးနဲ့ တိုက်ပုံနဲ့ လွှတ်ကြည့်ကောင်း … ဒါနဲ့ ဘယ်လိုဖြစ်လို့ မြို့ကို ရုတ်တရက် “

” ရွှေဒင်္ဂါး ဘယ်မလဲ ခွေးပု . သူကြီးနဲ့ အစ်မရော “

စကားမဆုံးခင် ဖြတ်ပြောလိုက်တဲ့ ‌ဆျာထောင်ကြောင့် ခွေးပုမှာ ပြောလက်စပင် တန့်သွားပြီး ပါးစပ်ပိတ်သွားရသည်။

” ကိုဒင်္ဂါးကရှိတယ် … အခုနကလေးတင် အစ်မငွေမှုန်ခိုင်းလို့ ကုန်စုံဆိုင်မယ် နနွင်းမှုန့်သွားဝယ်နေတယ် … သူကြီးက ရေအိမ်ဝင်နေတယ်ထင် . အစ်မကတော့ ရေချိုးပြီးလို့ အပေါ်ထပ်မယ် အဝတ်အစားလဲနေချေတယ် “

” သူကြီးကလည်း ရေအိမ်ကို ဝင် ဝင်နိုင်လွန်းတယ် … လာ ကိုကိုကြီး . အိမ်ထဲဝင်ရအောင် “

ပစ်တိုင်းထောင်ကပဲ ဦးဆောင်လို့ ကန်တော့ပွဲကြီးသယ်ရင်း အိမ်အပေါ်ထပ်ကို တက်လာခဲ့လိုက်သည်။ အကုန်လုံးကို ဘာမှမပြောပဲ ဦးဆောင်နေသူက ပစ်တိုင်းထောင်ပဲမလို့ အခုထိတိုင် နားလည်ပုံမရသေးတဲ့ ခွေးပုကတော့ ဘေးကနေလိုက်ရင်း ပြူး‌တူးကြောင်တောင်နဲ့သာ။

” ဟင် ~ မောင်ငယ်ပစ်တိုင်းထောင် ပြန်ရောက်လာပြီလား … အယ် မြို့အုပ်မင်းနဲ့ မြို့အုပ်ကတော်လည်း ပါလာတာပဲ “

ပါးပြင်ထက်မှာ သနပ်ခါး‌ရေကျဲလေးလိမ်းလို့ ရင်ဖုံးအင်္ကျီနဲ့ ထဘီလေးဝတ်ထားတဲ့ အစ်မငွေမှုန်က အခန်းထဲကထွက်လာတော့ ပစ်တိုင်းထောင်တို့ကိုမြင်ပြီး အံ့ဩနေသည်။

” ဟယ် .. ကန်တော့ပွဲကြီးနဲ့ ဘယ်ကဘယ်လို “

အစ်မငွေမှုန်က ရင်ဘတ်ကလေးကိုဖိလို့ ပစ်တိုင်းထောင်အနားကို လာထိုင်သည်။ ကန်တော့ပွဲကြီးကို ရှေ့ချပြီးထိုင်နေတဲ့ မြို့အုပ်မင်းတို့ ဇနီးမောင်နှံကိုကြည့်ရင်း ပစ်တိုင်းထောင်အနားကို အစ်မငွေမှုန်က ခပ်တိုးတိုးကပ်လို့ တစ်ခုခုမေးချင်ပုံရသည်။

” မြို့အုပ်မင်းနဲ့ မြို့အုပ်မင်းကတော်ပါ ရောက်လာတယ်ဆိုလို့ … အကြောင်းလည်းမကြား … အရေးကိစ္စများရှိသလား မြို့အုပ်မင်း … ကျုပ်ဘာများလုပ်ပေး . အယ် …! ”

စကားတပြောပြောနဲ့ အိမ်အပေါ်ထပ်ကို တက်လာတဲ့ သူကြီးဦးမင်းငွေကလည်း ပစ်တိုင်းထောင်တို့ကိုကြည့်ပြီး ရောက်ရာအရပ်မှာ ခြေလှမ်းတွေတန့်သွားသည်။ အခုမှ ရေအိမ်က ပြန်လာပုံရပြီး ရေစိုနေတဲ့လက်ကို ခါးပုံစနဲ့ ဖိသုတ်နေတဲ့သူကြီးက ပစ်တိုင်းထောင်ကိုတစ်လှည့် မြို့အုပ်မင်းတို့ ဇနီးမောင်နှံကိုတစ်လှည့်ကြည့်ရင်း ဘာဆက်ပြောရမှန်းမသိတော့ချေ။

” လာရင်းကိစ္စကတော့ သူကြီးရယ် … မြင်တဲ့အတိုင်း မင်္ဂလာကိစ္စပါပဲ . ဟောဒီ့ဘက်က သူကြီးတို့မိသားစုနဲ့ ကျုပ်ရဲ့ ညီဖြစ်သူနဲ့ လာပြီး ကြောင်းလမ်းတာပါ “

” ဘယ်လို … “

” ထိုင်ပါဦးဗျာ … သူကြီးနှယ် အပေါက်ဝမှာ မတ်တပ်ကြီး . လာ လာ ထိုင် “

သူကတောင် တစ်ပြန်ကြီး ခရီးဦးကြိုပြုနေတဲ့ ပစ်တိုင်းထောင်ကြောင့် ဦးမင်းငွေလည်း ကြောင်စီစီနဲ့ ညွှန်ပြရာနေရာလေးမှာ ထိုင်လိုက်သည်။ လုံမလေးကတော့ ပစ်တိုင်းထောင်အနားကပ်ထိုင်နေရာမှ သူ့အနားလာထိုင်ရှာပေမယ့် ဦး‌မင်းငွေမှာတော့ အခြေအနေကို နားမလည်နိုင်သေး။ ရှေ့တည့်တည့်ချထားတဲ့ ကန်တော့ပွဲကြီးကိုကြည့်ရင်း စိတ်ထဲ ချဉ်စူးစူးတော့ဖြစ်လာသည်။ မနေ့ကလည်း ကန်တော့ပွဲတစ်ပွဲ ဒီနေ့လည်းတစ်ပွဲ ဝင်လာမစဲ တသည်းသည်းနဲ့။

” အချိန်တွေလည်း ဆွဲမနေချင်တော့ပါဘူး … သူကြီးလည်း ရောက်လာပြီဆိုတော့ လာရင်းကိစ္စပဲ ပြောကြတာပေါ့ “

မြို့အုပ်မင်းကပဲစပြီး စကားကြောင်းလမ်းလာပေမယ့် ဦးမင်းငွေကတော့ အိမ်မက်ထဲ လမ်းလျှောက်နေသူနှယ် ဝေဝေဝါးဝါးနဲ့သာ ခေါင်းညိတ်ပြလာသည်။

” ဟိုးထား ဟိုးထား ကိုကိုကြီး … မရသေးဘူး … လူမစုံသေးဘူးလေ “

” ဟမ် . မစုံသေးဘူးလား … ဘယ်သူကျန်လို့တုန်း … အဓိကလူရှိနေရင် ရပြီမလား “

ကိုကိုကြီးက အစ်မငွေမှုန်ထံ မျက်စပစ်ပြရင်း ပြောသည်။ ပစ်တိုင်းထောင်မှာတော့ ကိုယ့်ဇာတ်နဲ့ကိုယ် ကိုကိုကြီးတို့ကို နှစ်ကျပ်ကွက်နင်းထားတာမလို့ အိမ်ကိုပြန်ရောက်မလာသေးတဲ့ ရွှေဒင်္ဂါးကိုသာ လည်ပင်းတဆန့်ဆန့်နဲ့ တမျှော်မျှော်ဖြစ်ရသည်။

” ဘယ်ရမလဲ ကိုကိုကြီးရဲ့ … ရွှေဒင်္ဂါး ကျန်သေးတယ်လေ “

” ဟ ! ဒင်္ဂါးက သူကြီးရဲ့ သားအငယ်မဟုတ်လား “

” ဟုတ်တယ်လေ ကိုကိုကြီးကလည်း … ရွှေဒင်္ဂါးကို စောင့်ရမှာပေါ့ “

မြို့အုပ်မင်းကတော့ ရစ်ကြော‌ရှည်နေတဲ့ ပစ်တိုင်းထောင်ကိုကြည့်ရင်း စိတ်မရှည်စွာ သက်ပြင်းချလိုက်သည်။ ဘေးကနေလိုက်ထိန်းနေတဲ့ ခင်ခင့်ကြောင့်သာမဟုတ်ရင် ဒင်းကို ဖင်ပိတ်ကန်ပြီး ထပြန်ပြီးနေပြီ။

” ဟာ … ဆရာနဲ့ ဆရာ‌ကတော်ရောက်နေတယ် “

” မင်းမျိုး … အခုမှတွေ့တယ် . မင့်ဘယ်ကပြန်လာသလဲ “

” နည်းနည်းအားလပ်နေတာနဲ့ ဒင်္ဂါးနဲ့အတူ ရွာထဲလိုက်သွားတာပါ ဆရာ “

” အေး . ဒင်္ဂါးရောရောက်ပလား … လာထိုင်ကြ “

မြို့အုပ်မင်းက လောဆော်တော့ ‌မင်းမျိုးကလည်း အနောက်နားမှာ ခပ်ရို့ရို့ကလေး ဝင်ထိုင်သည်။ ထိုင်ပြီးကာမှ မျက်စိကစားရင်း ချထားတဲ့ ကန်တော့ပွဲကို အကြည့်ရောက်သွားတော့ မင်းမျိုးမျက်နှာက ကွက်ခနဲပျက်သွားသည်။

ရုပ်ပျက်ဆင်းပျက်မဖြစ်အောင် မျက်နှာကိုထိန်းရင်း သူကြီးဘေးမှာထိုင်နေတဲ့ ငွေမှုန့်ဆီအကြည့်ရောက်သွားတော့ မျက်နှာလေးချလို့ ငြိမ်နေတာကြောင့် မင်းမျိုးမှာ တိတ်တဆိတ်ကြေကွဲရတော့သည်။ ဖွင့်ပြောထားတာမှ တစ်နေပင်မကုန်သေးခင် အသည်းစိုင်က အရင်းကနေ အနှုတ်ခံရတော့မယ့်အဖြစ်။

ဒင်္ဂါး အိမ်အောက်ကနေ အိမ်အပေါ်ထပ်ကို လှမ်းကြည့်လိုက်သည်။ ခြံဝကနေ ဝင်လာကတည်းက အိမ်အပေါ်ထပ်မှာ ပစ်တိုင်းထောင်ကို တွေ့လိုက်ရတာမလို့ ပြန်ရောက်နေပြီဆိုတာ သိလိုက်ရသည်။ သို့ပေမယ့် ခြံထဲမှာ အထင်းသားမြင်နေရတဲ့ မော်တော်ကားကြီးကြောင့် ပစ်တိုင်းထောင်အပြင် မြို့အုပ်မင်းတို့ပါရောက်နေသည်ဆိုတာကို သိလိုက်ရသည်။

” အိမ်ပေါ်ကိုတက်ခဲ့လေ ရွှေဒင်္ဂါး … အိမ်အောက်ထပ်မှာ ဘာလုပ်နေတာလဲ “

” ဗျာ.. ပစ်တိုင်းထောင် … ဟုတ် . လာ . လာ .လာပြီဗျာ့ “

အိမ်အပေါ်ထပ်ကနေပြီး လှမ်းဟောက်နေတဲ့ ပစ်တိုင်းထောင်ကြောင့် ဒင်္ဂါးမှာ အိမ်အပေါ်ထပ်ကို ခပ်သွက်သွက်ပြေးတက်ရသည်။

” လာ . ထိုင် … အမြဲတမ်း တုံ့နှေးတုံ့နှေးနဲ့ “

” ဟင် ~ “

အိမ်အပေါ်ထပ်ကိုရောက်တော့ စုံစုံညီညီတွေလိုက်ရတဲ့ လူတွေနဲ့အတူ အခန်းအလယ်တည့်တည့်က ကန်တော့ပွဲကြီးကြောင့် ဒင်္ဂါးခြေလှမ်းတွေ တုံ့သွားရသည်။ အစ်မငွေမှုန်ကလည်း အဘအနားမှာထိုင်နေပြီး ပစ်တိုင်းထောင်ဘက်ကလည်း လူကြီးစုံရာနဲ့မလို့ ဒင်္ဂါးမှာ အစ်မကို တိုမိတာလားပင်မသိ စိတ်ကလေးက မသိမသာညှိုးနွမ်းသွားရသည်။

မျက်လွှာလေးချလို့ အစ်မဖြစ်သူအနားမှာ ရို့ရို့လေးဝင်ထိုင်လိုက်တဲ့ ဒင်္ဂါးကိုကြည့်ရင်း လူစုံပြီမလို့ မြို့အုပ်မင်းက ထပ်ပြီး စကားစဖို့ ပြင်သည်။

” ကဲ … ဒင်္ဂါးလည်း ရောက်ပြီဆိုတော့ “

” နေပါဦး ကိုကိုကြီးရယ် … ခဏလေးပါ “

” ဟေ့ကောင် ပစ်တိုင်းထောင် “

တစ်ခါလည်းမဟုတ် နှစ်ခါလည်းမဟုတ် စကားဖြတ်ဖြတ်ပြောနေတဲ့ ပစ်တိုင်းထောင်ကြောင့် ကျော်ကျော်ဟန်မှာ စိတ်အချဉ်ပေါက်လာပြီဖြစ်သည်။ လူရှေ့သူရှေ့မှာမလို့ ထိန်းနေရပေမယ့် ပစ်တိုင်းထောင်ကို နားရင်းတစ်ချက်လောက် ထတီးချင်စိတ်ကတော့ အလေးသာနေပြီဖြစ်သည်။

” ပြော ပြော ဟေ့ကောင် … ပြောစရာရှိတာပြော . ပြီးရင် ငါပြောနေတာကို ဖြတ်ဖြတ်မပြောနဲ့ “

” ရော် ကိုကိုကြီးရယ် … ပြောရမှာပေါ့ … သူကြီးကို အရင်ပြောမလို့ပါ … ဒီမယ် သူကြီး “

” ဟေ … အေး . ပြော ပစ်တိုင်းထောင် “

သူကြီးက ခေါင်းတစ်ချက်ဆတ်ပြတော့ ပစ်တိုင်းထောင်က ဝတ်ထားတဲ့ တိုက်ပုံအင်္ကျီအတွင်းအိတ်ကပ်ထဲက စာရွက်လိပ်ကလေးတစ်ခုကို ဆွဲထုတ်လိုက်သည်။

” အခုလာရင်းကိစ္စကိုတော့ သူကြီးရိပ်မိမယ်ထင်ပါတယ် … လာရင်းကတော့ သူကြီးအိမ်က ကလေးကို ကျုပ်က မေတ္တာရှိတာမလို့ လာတောင်းရမ်းတာ … ဒါက ကိုကိုကြီးကိုယ်တိုင် ချုပ်ပေးထားတဲ့ ကျုပ်ရမယ့် အမွေစာချုပ် … သူကြီးကြည့်လိုက်ပါဦး ”

” ဟဲ့ မောင်ငယ် … သူကြီးကို အဲ့သလို တင်တင်စီးစီးကြီး မပြောရဘူးလေ “

” ဟာ … သူကြီးကို တင်တင်စီးစီးဆူစရာလား မမကြီးရဲ့ “

ပစ်တိုင်းထောင်နဲ့ မမကြီးကတော့ ခပ်ကြိတ်ကြိတ်ပြောနေကြပေမယ့် သူကြီးကတော့ ပစ်တိုင်းထောင်တို့ကိုကြည့်ရင်း အာစေးမိသလို ငြိမ်နေသည်။ ကိုကိုကြီးကလည်း ဘာမှဝင်မပြောသေးပဲ အသာငြိမ်လို့ ပစ်တိုင်းထောင်တို့ကိုသာ ကြည့်နေသည်။

” ဒီကလေး … ပြောလေကဲလေပါလား … စကားကို လှအောင်ပြောရတယ်လေ မောင်ငယ်ရဲ့ “

” ဟ … ပကာသနတွေပါ မမကြီးရဲ့ … မလိုပါဘူး . နော့် သူကြီး “

မမကြီးကိုလည်းပြောရင်း ပစ်တိုင်းထောင်က ဦးမင်းငွေကိုလည်း မေးငေါ့ပြကာ အဖော်စပ်သည်။ ဦးမင်းငွေကတော့ ဘုမသိဘမသိနဲ့ မေးပြန်တော့လည်း ခေါင်းဆတ်ဆတ်ညိတ်သည်။ သူကြီးဦးမင်းငွေဘဝမှာ ဒီလောက်အထိ ကိုးရိုးကားယားဆန်တဲ့ စေ့စပ်ကြောင်းလမ်းပွဲမျိုး တစ်ခါမှမကြုံဖူးချေ။ ရွာသူကြီးတစ်ယောက်အနေနဲ့ မင်္ဂလာစေ့စပ်ပွဲများစွာကို တက်ရောက်ခဲ့ရဖူးပေမယ့် တစ်ခါမှ အခုလောက်ထိ အပေါက်လမ်းမတည့်တာမျိုး မကြုံခဲ့ဖူးပါ။ ကြုံမယ့်ကြုံတော့လည်း ကိုယ့်သားသမီးနဲ့မှ ကြုံတော့သည်။

ကြုံလာရတော့လည်း လာတောင်းသူက အထက်တန်းလွှာ ဂုဏ်သိက္ခာကြီးမားတဲ့အသိုင်းအဝိုင်းကဖြစ်နေတဲ့အပြင် မိသားစုလိုပါဖြစ်နေတဲ့သူကြောင့် အနည်းငယ်တော့ အူလည်လည်ဖြစ်နေသည်။ ပစ်တိုင်းထောင်ဆီကနေလည်း လုံမလေးကို မေတ္တာရှိကြောင်း အရိပ်အမြွက်ပင် တစ်ခါမှ မမြင်ခဲ့ရဖူးတာကြောင့် အထူးအဆန်းလည်း ဖြစ်ရသေးသည်။

” ဝေ့နေတာနဲ့တင် လာရင်းကိစ္စက ပျောက်တော့မယ် … ဒီလိုပါ သူကြီးရယ် … ကျွန်မတို့ကိုယ်တိုင် ရောက်လာပြီး ရွှေလမ်းငွေလမ်းဖောက်ရတဲ့ အကြောင်းအရင်းကတော့ မောင်ငယ်ပစ်တိုင်းထောင်က ဟောဒီက သူကြီးရဲ့သမီး ညီမလေးငွေမှုန်ကို … “

” ဟာ … မမကြီး ! အစ်မငွေမှုန်မဟုတ်ပါဘူး … ကြံကြီးစည်ရာ . ငရဲတွေတော့ ကြီးပါပြီ … ကျွန်တော်က ရွှေဒင်္ဂါးကို လာ‌တောင်းတာဗျ “

အဟွတ် အဟွတ် …!

ပစ်တိုင်းထောင်စကားကြောင့် လေထုက ငြိမ်သက်သွားပြီး သူကြီးရဲ့ ချောင်းဆိုးသံတဟွတ်ဟွတ်က အဆက်မပြတ် ထွက်ပေါ်လာသည်။ ပစ်တိုင်းထောင်က ပြောလည်းပြော အစ်မငွေမှုန်ဘေးမှာထိုင်နေတဲ့ ရွှေဒင်္ဂါးကိုကြည့်လိုက်တော့ ပြူးတူးကြောင်တောင်မျက်လုံးလေးတွေနဲ့ ပစ်တိုင်းထောင်ကိုကြည့်နေပြီး အကြည့်ချင်းလည်းဆုံရော မျက်လွှာလေးက ဖတ်ခနဲချသွားသည်။

” ပစ်တိုင်းထောင် …! “

ငြိမ်သက်နေတဲ့လေထုနဲ့ သူကြီးရဲ့ ချောင်းဆိုးသံတဟွတ်ဟွတ်ကြား ကိုကိုကြီးရဲ့ ပစ်တိုင်းထောင်ကို ဒေါသတကြီးခေါ်သံက ထွက်ပေါ်လာသည်။ ဘေးမှာထိုင်နေတဲ့ မမကြီးကလည်း ပစ်တိုင်းထောင်စကားကို မထင်မှတ်ထားပုံရတာမလို့ ရင်ဘတ်ကလေးကိုဖိလို့ ငြိမ်သက်နေသည်။

” မင်းဘာစကားပြောတာလဲ ဟေ့ကောင် ပြန်ပြောစမ်း … ဒါက နောက်စရာမဟုတ်ဘူးနော် “

” ကျွန်တော်ဘယ်မှာ နောက်နေလို့လဲ … ကျွန်တော်မေတ္တာရှိတာ ရွှေဒင်္ဂါးကို … အခုလာတောင်းတာကလည်း ရွှေဒင်္ဂါးကို လာ‌တောင်းတာ “

” ဟေ့ကောင် … မင်းငါတို့ကို အရှက်ခွဲနေတာလား ပစ်တိုင်းထောင် … မင်းပြော‌တော့ သူကြီးအိမ်ကဆို … မင်းကွာ “

” ရွှေဒင်္ဂါးက သူကြီးအိမ်ကမဟုတ်လို့ ဘယ်ကလဲ ကိုကိုကြီးရဲ့ … ကျွန်တော်က သူကြီးအိမ်က ကလေးလို့ပဲ ပြောခဲ့တာပါ … အစ်မငွေမှုန်ရယ်လို့ မပြောခဲ့ပါဘူး “

” ယောက်ျားက ယောက်ျားစကားပြော ပစ်တိုင်းထောင် . မင်းငါ့ကို နှစ်ပေါက်တစ်ပေါက် မရိုက်နဲ့ကွ “

” အို … ကိုကိုကျော် . ‌စိတ်အေးအေးထားပြီး အေးဆေးပြောပါ … သူကြီးတို့ကို အားနာစရာ “

လက်သီးလက်မောင်းတန်းလို့ ပစ်တိုင်းထောင်ကို ထထိုးဖို့ပြင်နေတဲ့ မြို့အုပ်မင်းကြောင့် မြို့အုပ်ကတော်ကတားရသလို နောက်မှာငြိမ်ငြိမ်လေးထိုင်နေတဲ့ ခွေးပုနဲ့ မင်းမျိုးကလည်း ဝိုင်းဆွဲရတာမလို့ သူကြီးလည်း မနေသာတော့ပဲ ထိုင်နေရာကနေထလို့ မြို့အုပ်မင်းကို ဝင်ထိန်းရတော့သည်။

သူများတွေ ရုန်းရင်းဆန်ခတ်ဖြစ်နေပေမယ့် ကိစ္စများရဲ့အရင်းအမြစ်ဖြစ်တဲ့ ပစ်တိုင်းထောင်ကတော့ ထိုင်နေရာမှာသာ ထုံပေပေနဲ့ ဆက်ထိုင်နေဆဲဖြစ်သည်။ တစ်ဖက်မှာထိုင်နေတဲ့ ဒင်္ဂါးမှာလည်း အစ်မငွေမှုန်အနားထိုင်ရင်း ရှေ့ကမြင်ကွင်းကိုကြည့်ရင်း “ကျွန်တော်မေတ္တာရှိတာ ရွှေဒင်္ဂါးကို” ဆိုတဲ့ ပစ်တိုင်းထောင်ရဲ့ စကားကသာ နားထဲတဝဲလည်လည်ဖြစ်နေတော့သည်။

” ကဲ … ကိုကိုကျော် … တော်တော့လို့ ခင်ခင်ပြောနေတယ်လေ … စိတ်မရှည်တော့ဘူးနော် … တစ်ခုခုဆို အဲ့ဒေါသက ရှေ့တန်းမှာချည်းပဲ “

မြို့အုပ်ကတော်ရဲ့ ခပ်မာမာစကားကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်နေရင်းကနေ မီးကိုရေနဲ့ငြိမ်းလိုက်သည့်နှယ် ငြိမ်ကျသွားသည်။ ဒီတော့မှသာ သူကြီးကလည်း သက်ပြင်းတစ်ချက်ကို မသိမသာခိုးချရင်း နေရာမှာပဲ ပြန်ထိုင်လိုက်ရသည်။

” သူကြီးကိုတော့ အားနာပါရဲ့ … ကျုပ်ပဲ ဒီကောင့်ကို ဆိုဆုံးမမှု ညံ့ခဲ့တယ်ထင်ပါတယ် … ဒီကိစ္စကိုမရှိဘူးပဲ သတ်မှတ်လိုက်ကြတာပေါ့ ”

” ရပါတယ် မြို့အုပ်မင်းရယ် … အားနာစရာ “

” ဟာ … မရှိသလို သဘောထားလို့ ဘယ်ရမလဲ … ကျွန်တော်က ရွှေဒင်္ဂါးကို အတည်လာတောင်းတာပါဆို … အတည်မေတ္တာရှိပြီး အတည်သဘောကျတာလို့ ကိုကိုကြီး “

” မင်းပါးစပ်ပိတ်ထားစမ်း ပစ်တိုင်းထောင် … လူကြီးတွေ စကားပြောနေတယ်လေ … မင်းနဲ့ အဲ့ကိစ္စကို နောက်မှရှင်းမယ် “

မြို့အုပ်မင်းက မာန်မဲလိုက်ပေမယ့် လက်ခံချင်ပုံမရတဲ့ ပစ်တိုင်းထောင်က စောဒကတက်ဖို့ပြင်သည်။ အထာနပ်ရှာတဲ့ ပစ်တိုင်းထောင်က ကိုယ်တိုင်ပြောရင် ကိုကိုကြီးလက်မခံမှန်း သိတာကြောင့် မြားဦးလှည့်ကာ ဘေးမှာထိုင်နေတဲ့ မမကြီးကိုသာ အပူကပ်ဖို့ ပြင်ရတော့သည်။

” မမကြီး လုပ်ပါဦးဗျာ … ကျွန်တော်က ရွှေဒင်္ဂါးကိုပဲ မေတ္တာရှိတာ “

မြို့အုပ်ကတော်မှာ ခင်ပွန်းဖြစ်သူနဲ့ မောင်ဖြစ်သူကြား အကြပ်ရိုက်ရတော့သည်။ တစ်ဖက်မှာလည်း ဒေါသတကြီးဖြစ်နေတဲ့ ခင်ပွန်းအပြင် တစ်ဖက်မှာလည်း မောင်ငယ်က အပူကပ်ပြန်တော့ နူးနူးညံညံ့စိတ်ကလေးရှိလှတဲ့ မင်းကတော်လေးဟာ အဘယ်မျှပင် မတောင့်ခံနိုင်ပါ။

” ကိုကိုကျော်ရယ် … ဆက်ပြီး ပြဿနာဖြစ်နေရင် လူကြားလို့လည်း မကောင်းပါဘူး … ပြီးတော့နှစ်ဖက်မိသားစုမျက်နှာလည်းရှိသေးတယ်လေ… ညှိညှိနှိုင်းနှိုင်းလေးလည်း လုပ်ပါ “

မြို့အုပ်ကတော်စကားကြောင့် စိတ်ကို တစ်ထစ်လျှော့သွားပုံရတဲ့ မြို့အုပ်မင်းက သက်ပြင်းတစ်ဖက်ချလို့ ဦးမင်းငွေကို ကြည့်လာသည်။

” ဒါဖြင့်ရင် သူကြီးကရော လက်ခံနိုင်ရဲ့လား … အဓိပ္ပာယ်မရှိပေမယ့် ဒင်္ဂါးနဲ့မဟုတ်ပဲ သူကြီးသမီးနဲ့သာ သဘောတူရင် ကျုပ်က တစ်ခါတည်း ထိမ်းမြားပေးသွားမယ် “

” မြို့အုပ်မင်းရယ် ကျုပ်အနေနဲ့က “

” မောင်ငယ်ပစ်တိုင်းထောင်ကို မယူဘူးနော် အဘ … သမီးရဲ့မောင်ငယ်လို ချစ်ရတဲ့ကလေး “

” ကျွန်တော်လည်း အစ်မငွေမှုန်ကို အစ်မတစ်ယောက်လိုပဲ သဘောထားတာ … အမှန်တကယ်မေတ္တာရှိတာက ရွှေဒင်္ဂါးကို “

မြို့အုပ်မင်းနဲ့ သူကြီးဦး‌မင်းငွေရဲ့ စကားဝိုင်းကြားမှာ ပစ်တိုင်းထောင်နဲ့ အစ်မငွေမှုန်ရဲ့ ငြင်းဆိုသံက တစ်ပြိုင်တည်းထွက်ပေါ်လာသည်။

” အဓိပ္ပာယ်မရှိတာတွေ မပြောနဲ့ ပစ်တိုင်းထောင် “

ကိုကိုကြီးကတော့ မျက်နှာတစ်ပြင်လုံး ရဲတက်သည်အထိ ဒေါသကို ထိန်းချုပ်ထားဟန်ပေမယ့် ဒီတစ်ခါတော့ ပစ်တိုင်းထောင်က အကြောက်အလန့်မရှိ ပေတေတေသာ။ ကိုယ်ကတဲ့ဇာတ် ကိုယ်နိုင်အောင်ထိန်းမှာမလို့ ပစ်တိုင်းထောင်က မြေကြီးထဲဝင်မတတ် ခေါင်းကိုတွင်တွင်ငုံ့ထားတဲ့ ရွှေဒင်္ဂါးကို တစ်ချက်ကြည့်ရင်း အားယူလိုက်သည်။

” ရွှေဒင်္ဂါး … “

ပစ်တိုင်းထောင်က ခေါ်လိုက်တာကြောင့် ငုံ့လျှိုးနေတဲ့ ရွှေဒင်္ဂါးရဲ့ ခေါင်းလုံးကလေးက အနည်းငယ်မော့လာပြီး ပစ်တိုင်းထောင်ရှိရာကို မျက်လုံးလှန်ကြည့်လာသည်။

” ကျုပ်ကို ခင်ဗျားယူမလား ပြော “

” ဟင် ~ “

အသံက တကယ်ကို တိုးတိုးလေးမှ တိုးတိုးသိမ်သိမ်ကလေးသာ။ ဘာမှပြန်မဖြေပဲ ပစ်တိုင်းထောင်ကိုသာ ငေးစိုက်ကြည့်နေတာကြောင့် ပစ်တိုင်းထောင်မှာ အသည်းအူယားလွန်းလို့ အနားသွားပြီး ထိုလူသားကို ဆွဲရမ်းပစ်ချင်သည်အထိ။

” အခုအခြေအနေထိတောင်မှ ဖြစ်လာပြီးပြီဆိုမှတော့ မောင်ငယ်က ဒင်္ဂါးလေးကိုမှ မေတ္တာရှိတယ်ဆိုလည်း ဒင်္ဂါးလေးကိုပေါ့ … ကျွန်မတို့ဘက်ကိုတော့ သူကြီးအနေနဲ့ စိတ်မပျက်စေရဘူးလို့ အာမခံပါတယ် “

ဘယ်လိုရှေ့ဆက်ရမလဲ မသိတော့တဲ့ အခြေအနေတစ်ခုမှာ မြို့အုပ်ကတော်က ပွဲဝင်ထိန်းသည်။ မြို့အုပ်မင်းကတော့ ဘာမှဝင်မပြောတော့ပဲ အံတင်းတင်းကြိတ်ထားပြီး တစ်ဖက်ကိုသာ လှည့်နေတော့သည်။

” ဘယ်လိုပြောရမလဲတောင် မသိတော့ပါဘူး မင်းကတော်လေးရယ် … ပစ်တိုင်းထောင်က ဒင်္ဂါးကို . တစ်ခါမှတောင် မကြုံခဲ့ဖူးတဲ့ အခြေအနေမလို့ … “

သူကြီးစကားက နေရာမှာတင် ရပ်တန့်သွားသည်။ လက်ခံဖို့လည်း ခဲယဉ်းနေဟန်ပေမယ့် အဆုံးထိ ငြင်းဆန်လိုစိတ်လည်း ရှိပုံမရပါ။

” မောင်ငယ်ကလည်း လူသားပဲမလို့ လူသားတစ်ယောက်ဖြစ်တဲ့ ဒင်္ဂါးလေးကို မေတ္တာရှိတာပါရှင် … လူလူချင်းမေတ္တာရှိတာဟာ မင်္ဂလာပဲမဟုတ်လား သူကြီးရယ် ”

မြို့အုပ်ကတော်ရဲ့ ပါးပါးနပ်နပ်းစကားတွေကြောင့် ငွေမှုန်က သဘောတကျနဲ့ လှစ်ခနဲပြုံးလိုက်မိသည်။ ဘာရယ်မဟုတ် ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ဝဲကြည့်မိတော့ မောင်ငယ်ပစ်တိုင်းထောင်နောက်မှာ ကပ်ထိုင်နေတဲ့ ကိုမင်းမျိုးကလည်း ငွေမှုန့်ကို ခပ်ပြုံးပြုံး စူးစိုက်ကြည့်နေတာမလို့ ရှက်အားပိုပိုနဲ့ပင် ခေါင်းငုံ့ချလိုက်မိသေးသည်။

” မြို့အုပ်မင်းကတော်ပြောတာလည်း ဟုတ်ပါတယ် … ကလေးအချင်းချင်းလည်း သံယောဇဉ်တော့ ရှိမယ်ထင်ပါ့ … လူလေးဆန္ဒရှိရင်တော့ သဘောရှိသလိုသာလုပ်ပါလေ “

သူကြီးစကားကြောင့် ပစ်တိုင်းထောင်နည်းတူ မမကြီးကလည်း မျက်နှာဝင်းပသွားသည်။ ပစ်တိုင်းထောင်ကတော့ ဝမ်းသာတကြီး ရွှေဒင်္ဂါးကိုကြည့်လိုက်တော့ မျက်လုံးချင်းပင် မဆုံလာပဲ အကြည့်တွေက လွှဲထားတုန်းပင်။

” ကိုကိုကျော် … ရှင်က တစ်ခုခုတော့ ဝင်ပြောပါဦး “

မမကြီးရဲ့စကားအဆုံး ပစ်တိုင်းထောင်လည်း ခေါင်းကိုငုံ့ချရင်း ကိုကိုကြီးကိုသာ မသိမသာ ခိုးကြည့်မိတော့သည်။

မြို့အုပ်မင်းကျော်ကျော်ဟန်ကတော့ မျက်နှာပျက်စရာတွေ မဖြစ်ချင်တာကြောင့် ကိုယ်တိုင်စေ့စပ်ကြောင်းလမ်းမှုနဲ့ပင် ပစ်တိုင်းထောင်က ရွှေဒင်္ဂါးကို တောင်းရမ်းပွဲမှာ အထမြောက်သွားသည်။ ပွဲပြီးပြီးချင်း စကားစမြည်တောင် မပြောတော့ပဲ ကိုကိုကြီးက ချက်ချင်းပြန်မယ်ဆိုကာ ထိုင်နေရာကနေ ချက်ချင်းထသွားပြီး အိမ်အောက်ထပ်ကို ဆင်းသွားတော့သည်။

” ရုတ်တရက်ကြီးဆိုတော့ ကိုကိုကျော်က ဘယ်လိုတုံ့ပြန်ရမလဲ မသိဖြစ်သွားလို့ပါ သူကြီး … ကိုကိုကျော် စိတ်အေးလက်အေးဖြစ်သွားကာမှပဲ ကလေးတွေရဲ့ မင်္ဂလာကိစ္စကို အေးအေးဆေးဆေးဆက်ပြီး ဆွေးနွေးကြတာပေါ့ရှင် “

သူကြီးကတော့ ခပ်အေးအေး နေတတ်သူပီပီ ပြောစရာစကား များများစားစား မရှိတာ‌မလို့ ခေါင်းသာညိတ်လိုက်သည်။

” ဒင်္ဂါး.. မောင်လေး “

” ဗျာ … ခင်ဗျာ “

ခင်ခင်ခေါ်လိုက်တော့ ပြန်ထူးလာသံနဲ့အတူ ဆတ်ခနဲထောင်လာတဲ့ ခေါင်းလေးကြောင့် ပြုံးလိုက်မိသည်။ မောင်ငယ်မေတ္တာရှိမယ်ဆိုလည်း ရှိချင်စရာကောင်းလောက်အောင် ရွှေဒင်္ဂါးလေးက မေတ္တာထားချင်စရာလေးပင်ဖြစ်သည်။

” မမကြီးက စကားပြောချင်လို့ … ခဏလိုက်ခဲ့နော် … “

” ဟုတ် ~ ဟုတ်ကဲ့ မင်းကတော်လေး ”

ထိုင်နေရာကနေ ထလာတဲ့ ဒင်္ဂါးက ခေါင်းငုံ့လို့ ခပ်ရို့ရို့လေး ခင်ခင့်အနားကို ရောက်လာသည်။

” မောင်ငယ်က နေခဲ့တော့နော် … မင့်ကိုကိုကြီးက ဒေါသဖြစ်နေဦးမယ် … ဒင်္ဂါးလေးကို မှာစရာရှိတာ မှာပြီးရင် မမကြီးတို့ ပြန်နှင့်တော့မယ် ”

ကိုယ့်အပြစ်ကိုယ်သိပုံရတဲ့ ပစ်တိုင်းထောင်ကတော့ မြို့အုပ်ကတော်စကားကိုပင် ပြန်မဖြေနိုင်ပဲ အိမ်အောက်ထပ်က မြို့အုပ်မင်းနဲ့ ကိုမင်းမျိုးရှိရာကိုသာ လည်တဆန့်ဆန့်နဲ့ လှမ်းမျှော်ကြည့်ရှာသည်။ ဒင်္ဂါးကလည်း မြို့အုပ်ကတော်နဲ့အတူ အိမ်အောက်ထပ်ကို ပါသွားတာကြောင့် အိမ်အပေါ်ထပ်မှာ သူကြီးနဲ့ အစ်မငွေမှုန်ရယ် ခွေးပုတို့ ဆရာတပည့်နှစ်ယောက်ရယ်သာ ကျန်ရစ်ခဲ့တော့သည်။

” ဒင်္ဂါးလေး “

တိုးတိုးကြိတ်ကြိတ် စကားပြောချင်ပုံရတဲ့ မမကြီးက အိမ်အောက်ထပ်က မီးဖိုခန်းထဲအထိ ဒင်္ဂါးကို ဆွဲခေါ်လာခဲ့သည်။ မမကြီးကို မဝံ့မရဲ မော့ကြည့်လိုက်တော့ ဒင်္ဂါးကို ခပ်ပြုံးပြုံးကလေး ကြည့်နေတဲ့အကြည့်တွေကို မြင်မှသာ ရင်ထဲမှာ တုန်လှုပ်နေမှုတွေက အနည်းငယ် ငြိမ်သက်သွားရသည်။

” ရွှေဒင်္ဂါးလေးကရော မောင်ငယ့်အပေါ် မေတ္တာရှိရဲ့လား “

” ….. ”

” ချက်ချင်းကြီးလက်ခံစရာကိစ္စမျိုးတော့ မဟုတ်ပေမယ့် မမကြီးလက်ခံတယ်ဆိုတာ မောင်ငယ်က ဒင်္ဂါးလေးကို အမှန်တကယ် မေတ္တာရှိမှန်း ယုံကြည်မိလို့ပါ “

” ….. “

ရုတ်တရက်ဖြစ်ပျက်သွားတဲ့ အခြေအနေကြီးကြောင့် ဒင်္ဂါးမှာ မင်းကတော်လေးစကားကို အဖြေမပေးမိပဲ အင်းမလုပ် အဲမလုပ်နဲ့ ငြိမ်သက်နေမိသည်။

” ဘယ်လိုပြောပြော ဟိုက်စကူးပြန်တက်ဖို့ လုံးဝစိတ်ကူးမရှိတဲ့မောင်ငယ်က ဒင်္ဂါးကိုသာတောင်းပေးရင် ဟိုက်စကူးပြန်တက်ပါ့မယ်လို့ အာမဘန္တေခံခဲ့တာ … အဟင်း ~ လူလည်ကလေးက ဒင်္ဂါးလို့တော့ မပြောခဲ့ဘူး . သူကြီးအိမ်က ကလေးလို့ပဲ ပြောခဲ့တာလေ “

” ဟို ~ ရုတ်တရက်ဆိုတော့ ကျွန်တော်လည်း ဘာပြောရမှန်းမသိဘူး “

” ဒင်္ဂါးကလည်း မောင်ငယ့်အပေါ်ကို မေတ္တာထားပေးနိုင်ပါစေလို့ပဲ မမကြီးကမျှော်လင့်ပါတယ်လေ … မောင်ငယ့်ကို တည့်မတ်ပေးဖို့က ဒင်္ဂါးလေးနဲ့သာဆိုရင် မမကြီးက စိတ်ချပါတယ် “

ဒင်္ဂါးမှာ ဘာစကားမှမပြောမိပဲ မင်းကတော်လေးက ဒင်္ဂါးပခုံးကို ခပ်ဖွဖွပုတ်ပေးပြီး ကားပေါ်တက်ကာ ပြန်သွားသည်အထိ ငြိမ်သက်မိနေဆဲပင် ဖြစ်သည်။ ဒင်္ဂါးက ပစ်တိုင်းထောင်က မေတ္တာရှိသလားဆိုတဲ့ အမေးကိုတော့ ဒင်္ဂါးဘက်က အဖြေမဲ့နေခဲ့သည်။ တစ်မြို့သားရဲ့ မေတ္တာထားပုံကလည်း ထူးဆန်းသည်မို့ တစ်ရွာသားရဲ့နှလုံးသားမှာတော့ ဆန်းကြယ်မှုများနဲ့သာ ရစ်ပတ်နေတော့သည်။

>>>>>>>>>>

ဆက်ရန်
Yellowish_One 💛
(၁၉-၇-၂၀၂၄)

Tags: read novel Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၂၄), novel Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၂၄), read Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၂၄) online, Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၂၄) chapter, Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၂၄) high quality, Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၂၄) light novel, ,

Comment

Leave a Reply

Chapter 47