Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၃)

A+ A-

” ဘာများဖြစ်သလဲ ခင်ခင် … အစောနကတည်းက မျက်နှာသိပ်မကောင်းလှဘူး ”

ကျော်ကျော်ဟန် မော်တော်ကားမောင်းနေရင်း ဘေးနားက ချစ်ဇနီးလေးကို စောင်းငဲ့ကြည့်ရင်း‌ မေးလိုက်သည်။ မျက်နှာလှလှလေးက မကြည်မလင်နဲ့ ညှိုးနေတာမလို့ ဘာများဖြစ်သလဲ စိတ်ပူရပါသည်။

” ဘာဖြစ်ရမလဲ . ရှင်ကြီးကို စိတ်ဆိုးနေတာပေါ့… သိရဲ့လား ”

” ဟင် … အစ်ကို့ကို စိတ်ဆိုးတယ်ဆိုတော့ ဘာများလုပ်မိလို့လဲ ခင်ခင်ရဲ့ ”

တကယ်ပဲ မသိလေရော့သလားဆိုတဲ့ မျက်နှာပေးနဲ့ ဇနီးလေးက မျက်စောင်းခဲလေတဲ့အခါ ကျော်ကျော်ဟန်ပြုံးလိုက်မိသည်။ မြို့အုပ်မင်းတစ်ယောက်ဖြစ်နေလည်း အိမ်သူသက်ထားဇနီးနဲ့သာဆို ကျော်ကျော်ဟန်ကလည်း သာမန်ပုရိသအမျိုးသားတစ်ယောက်ပဲဖြစ်ပေသည်။

” ပစ်တိုင်းထောင်ကို တောပို့လိုက်တဲ့ကိစ္စ အခုထိ မကျေလည်သေးဘူးလား ခင်ခင်… ကိုကိုက ကိုကို့ညီလေးကောင်းဖို့စီစဉ်တာပဲ ခင်ခင်ရယ် ”

” ကောင်းဖို့စီစဉ်ပေးတာများ တောပို့ရတယ်လို့… အကောင်းကြိုက်လွန်းတဲ့မောင်ငယ်က ဟိုမယ် အဆင်မှပြေပါ့မလားလို့ ခင်ခင်စိတ်ပူတယ် ကိုကိုကျော်ရဲ့ ”

” အစ်ကိုက ဘာမှမစီစဉ်ပဲနဲ့တော့ ညီငယ့်ကိုလွှတ်မလား ခင်ခင်ရယ် … ဒီမှာဆို လိုတာရပြီး ဆိုးသွမ်းလွန်းလို့ ထိန်းမှမနိုင်တော့ပဲ . ခင်ခင့်မောင်လုပ်တဲ့လုပ်ရပ်ကြောင့် ကိုကိုဘယ်လောက် တစ်ဖက်ကို မျက်နှာပူရလဲဆိုတာ ခင်ခင်မသိတာလဲ မဟုတ်ဘူး ”

ကျော်ကျော်ဟန်က ဇနီးလေးကိုနားလည်အောင် ချော့ချော့မော့မော့ပြောရင်း မော်တော်ကားကို လမ်းမကြီးပေါ် မောင်းတက်လိုက်သည်။

” အခုလည်း အဆင်ပြေနေတာပဲမဟုတ်ဘူးလား ကိုကိုကျော် … ဒီနေ့ မင်္ဂလာပွဲမယ် သတို့သမီးဖြစ်တဲ့ ဆရာမလေးကိုမြင်တော့ ခင်ခင်ဖြင့် အမြင်မကြည်ချင်ပါဘူး . ဆရာမလေးအပြစ်တော့ မဟုတ်ပေမယ့် မောင်ငယ်လေး ခံစားသွားရတာကိုတော့ ခင်ခင်သဘောမကျဘူး ”

” ကဲ ခင်ခင်ရယ် … ညီငယ်က တစ်သက်လုံး တောမှာသွားနေတာမှ မဟုတ်ပဲကွယ် … ဟိုမှာ ဆွမ်းစားဆောင်နဲ့ ကျောင်းကိစ္စတွေပြီးရင် ကိုကိုပြန်ခေါ်မှာပဲကို ”

” အို … မသိဘူး . ခင်ခင်တော့ မောင်ငယ့်ကို စိတ်ပူတာပဲ သိတယ် ”

” ရော် … ခင်ခင်ရယ် ”

ကျော်ကျော်ဟန်က သဘောကျသလိုပြုံးရင်း ဇနီးလေးကို ညည်းညူသလိုမျိုးသာ ရေရွတ်လိုက်သည်။

” နောက်နှစ်တော့ ပစ်တိုင်းထောင်ကို ဟိုက်စကူးပြန်တက်ဖို့ ကိုကိုပြန်ခေါ်မှာပါ… ဒီနှစ်တော့ ခင်ခင့်မောင်ငယ်က ဟိုက်စကူးပြန်တက်ဖို့ မသေချာဘူး ခင်ခင်ရဲ့ … ဒီကောင်က အပြင်စိတ်များပြီး သိပ်ဆိုးသွမ်းနေတယ် ”

” ကိုကိုကျော် .! မောင်ငယ့်ကို ဆိုးသွမ်းတယ်လို့ မပြောပါနဲ့ဆို ”

ပစ်တိုင်းထောင်ကို အထိမခံတဲ့ ဇနီးသည်က ဆိုးတယ်ဆိုတာကို လက်မခံပဲ ရန်စောင်သလိုလေး ကျော်ကျော်ဟန့်လက်မောင်းကို လက်သီးဆုပ်နဲ့ ထုရိုက်လာသည်။

” တကယ်တော့ ဒီကောင်မူးရူးပြီး ဆရာမလေးကို ပြဿနာသွားမရှာရင်တောင် ကိုကိုက သူ့ကို တောကိုလွှတ်ဖို့တွေးထားတာ ခင်ခင်ရဲ့ … အလုပ်တွေများနေတော့ ကိုကို မကြီးကြပ်နိုင်တာတွေကို ညီငယ်လည်း ဝေလေလေဖြစ်နေမယ့်အတူတူ ငြိမ်ဆေးရအောင် ပို့ပေးလိုက်တာ ”

” ဒီတစ်ခါဆိုရင်တော့ ကိုကိုကျော်ရယ် … မောင်ငယ် ဟိုက်စကူးပြန်တက်လို့ နောက်ထပ်သဘောကျသွားတဲ့ ဆရာမလေးသာ ထပ်ရှိခဲ့ရင် ကျန်တာဘာမှမလိုဘူး . ခင်ခင်ကိုယ်တိုင် လိုက်တောင်းပေးမယ် ”

” ခင်ခင့်မောင်ငယ်ကပဲ ကြည်ကြည်သာသာနဲ့ ‌ဟိုက်စကူးကို ပြန်တက်ပါစေဦး ခင်ခင်ရယ် … နောက်ကိစ္စက နောက်မှပေါ့ ”

မြို့အုပ်မင်းကဆိုလိုက်တော့ မော်တော်ကားလေးထဲမှာ စကားသံတွေ တိတ်ဆိတ်သွားသည်။ ခင်ခင်ကလည်း အတွေးတွေနဲ့ ငြိမ်သက်နေမိသလို ကျော်ကျော်ဟန်ကလည်း ချစ်ဇနီးပြောလာမယ့် စကားတွေကို ငံ့လင့်နေသလိုမျိုး နှုတ်ဆိတ်နေလိုက်သည်။

” နောက်နေ့ကျရင် မောင်ငယ့်ဆီ အဆင်ပြေမပြေသိရဖို့ ကြေးနန်းစာလေး ပို့ပါဦးမယ် . မဟုတ်ရင်လည်း လူကြုံနဲ့ အကြော်အလှော်လေးတွေ ခင်ခင်ထည့်ပေးမှဖြစ်မှာပါ ”

” သဘောရှိ . သဘောရှိ ခင်ခင်ရယ် … ဟားဟား ”

ပစ်တိုင်းထောင်ကို ချစ်လွန်းလှသည့် ဇနီးသည်ကြောင့် ကျော်ကျော်ဟန် အားပါးတရ ရယ်မောမိတော့သည်။ အကဲပိုတယ်ရယ်ဆိုတဲ့ သဘောနဲ့ လှောင်ရယ်ခြင်းမျိုးလည်း မဟုတ်ရပါ။ ကိုယ်နဲ့စပ်မှတော်မယ့် သွေးသားကို ဇနီးသည်က မေတ္တာပေးနေတာကို သဘောကျလှတာကြောင့် ရယ်မောမိခြင်းမျိုးရယ်ပါ။

>>>>>>>>>>

ဘွန္တောတေးဘုမ္မာက ဝဋ်ဒုက္ခမှ
မုချမလွတ် ငှက်တောင်ကျွတ်သို့
ဇွတ်နှစ်ပျော်ပါး အို လူများတို့

ကျယ်လောင်စွာထွက်ပေါ်လာတဲ့ လော်စပီကာဓာတ်စက်သံကြောင့် နှစ်ခြိုက်စွာအိပ်မောကျနေရာမှ ပစ်တိုင်းထောင်တစ်ယောက် အလန့်တကြားနဲ့နိုးလာခဲ့သည်။

ဝါကျင့်ကျင့်မီးအိမ်အလင်းကြောင့် အခန်းတစ်ဖက်ထောင့်ကိုကြည့်လိုက်တော့ သိမ်းထားတဲ့အိပ်ရာအခေါက်လေးသာ တွေ့ရသည်။ ညက သူ့သမီးတွေနဲ့အဖော်လုပ်စကားပြောပြီးတော့ ပြန်မပိတ်ဖြစ်တဲ့ပြတင်းပေါက်ကိုကြည့်လိုက်တော့ မည်းမည်းမှောင်မှောင်ပတ်ဝန်းကျင်ကြီးက သူ့ကိုလှောင်ပြောင်နေသယောင်။

ရည်စူးစိတ်သန်…. မြတ်နိဗ္ဗာန်သို့….
ဧကန်ရောက်ကြောင်း သဒ္ဒါလောင်း၍

” ကျစ်… ဒီတောသားတွေနဲ့တော့ကွာ ”

ဖျင်စောင်ကိုလုံးထွေးပြီး နားနှစ်ဖက်ကိုလုံအောင်အုပ်ထားလိုက်သည်။ တစ်ရွာလုံးက ဓာတ်စက်တွေ အကုန်ဖွင့်နေရော့လားမသိ။ မနက်အရုဏ်ချိန်ပင်မရောက်သေးသည်ကို ဘယ်မိမဆုံးမ ဖမဆုံးမက လက်သရမ်းလေသလဲ။ မနက်ကျမှ သူကြီးကိုမေးကြည့်ဉီးမယ်။

” မိငွေမှုန်… ဟေ့ . ငွေမှုန်တို့ . ဒင်္ဂါးတို့ရေ ”

ဝုတ်… ဝုတ်

” ဟဲ့.. သောက်ပလုတ်တုတ်… ဒင်္ဂါးရေ… ”

” လာပြီဗျာ့… လာပြီ… ခဏလေး ”

ဓာတ်စက်သံသာမက ကိုရွှေတောသားအသံနဲ့ သူ့သမီးတွေအသံပါကြားလိုက်ရတာကြောင့် ပစ်တိုင်းထောင် အိပ်ရာထဲမှ ငေါက်ခနဲထထိုင်လိုက်သည်။ သူ့သမီးတွေကို ဘယ်သူအနှောင့်အယှက်ပေးနေတာလဲ။ ခဏနားထောင်ပြီးတော့ အသံတိတ်သွားတာကြောင့် ပြန်လှဲအိပ်လိုက်သည်။

ကောင်းမှုဒါန မြတ်စာဂနှင့်
စိတ်မှာပြဌာန်း ကပ်လှူဒါန်းဖို့
ဆွမ်းချက်ရန် ထတော်မူပါ့….
ဘွန္တော သပ္ပူရိသအပေါင်း
သူတော်ကောင်းတို့…..

လူသံတိတ်သွားသော်လည်း ဓာတ်စက်သံကတော့ ဆူမြဲဆူဆဲပင်။ ဆွမ်းချက်ဖို့အချက်ပေးတယ်ဆိုလည်း တစ်ရွာလုံးနိုးအောင် အဲ့လောက်ထိဖွင့်ဖို့လိုလို့လား။ နဂါးခေါင်းဘယ်ဘက်လှည့်လှည့် နေဖင်ထိုးမှအိပ်ရာထခွင့်ရတဲ့ မြို့အုပ်ဦးကျော်ကျော်ဟန်တို့အိမ်ကို မဆိုသလောက်လေးလွမ်းသွားသည်။

” မစန်းလှ… တိုးတိုး… တိုးတိုးပြောပါ ”

” ဟဲ့… ဒင်္ဂါး နင်က ဘာဖြစ်နေသတုန်း… ကျုပ်ကအရင်ကတည်းက ဒီလိုပဲပြောတာလေ ”

တားနေတဲ့ကြားကနေ အသံဝါကြီးနဲ့ စကားသံကျယ်ကျယ်ကြောင့် ဒင်္ဂါး ခေါင်းကုတ်လိုက်သည်။

” သိတယ်… သိတယ်လို့… အရင်ကပြောတာကရတယ်… အခုအိမ်မှာ မြို့အုပ်ညီရောက်နေတယ်… သူက မနိုးသေးဘူး ”

” ဟယ်… ဟုတ်လား.. ကျုပ်မသိလို့ပါတော်… ဒါဖြင့် ဒီမည်းမည်းလုံးလုံးတွေက ”

” ဟုတ်တယ်… အဲ့ဒါ သူ့သမီးတွေ ”

” ကြံကြံဖန်ဖန်အေ… ခွေးကခွေးပေါ့… ဘာ သမီး လဲ… ကျုပ်ဖြင့် ကြားမကြားဖူးပါဘူး… ဒါနဲ့ မြို့အုပ်ညီက စိတ်တော့မှန်ပါတယ်နော့် ”

” ဟာ… မစန်းလှနဲ့တော့ ခက်ပါတယ်… တိုးတိုးပြောပါဆို …. မြို့အုပ်ညီကြားရင် ပြဿနာတက်ဦးမယ် ”

ဒင်္ဂါးကတားတော့မှသာ မကြည်မလင်နဲ့ ပါးစပ်ပိတ်သွားတဲ့ မစန်းလှက ပဲပြုတ်တောင်းကြီးကို အောက်ချလို့ ဘေးမှာ ဆောင့်ကြောင့်ထိုင်သည်။

” ပဲကတ္တီပါပြုတ်လာပေးတာမလား မစန်းလှ … ပေး . ပေး… အစ်မက ကျွန်တော့်ကို အမြန်ထွက်ယူခိုင်းလိုက်တာ ”

” အေးပါအေ… တော့်မြို့အုပ်ညီကို ကျုပ် မပြောတော့ပါဘူး… ရော့ . ပဲကတ္တီပါပြုတ်… ကျုပ်က အဘအတွက်မနက်စာသုပ်ပေးမယ်ထင်လို့ ရှောက်ရွက်ပါတစ်ခါတည်းခူးလာခဲ့ပေးတာ… တော့်မြို့အုပ်ညီအတွက်ဖြစ်သွားတယ် ”

” ဟာဗျာ… ဘာကို တော့်မြို့အုပ်ညီ လဲ ”

ဒင်္ဂါး မျက်လုံးစုံမှိတ်လို့ အော်ပစ်လိုက်သည်။ တုန်တက်သွားတဲ့ မစန်းလှက ထိုတော့မှသာ အသံတိုးတိုးနဲ့ ဖာထေးသည်။

” အေးပါ အေးပါ … တော့မြို့အုပ်ညီ မဟုတ်ပါဘူး . သွားပြီအေ… ကျုပ်က တစ်ရွာဝင်တစ်ရွာထွက်ရောင်းရဦးမှာ… မြို့သားများလို ဇိမ်မကျနိုင်ဘူးတော်ရေ… ”

ဒင်္ဂါးကိုနှုတ်ဆက်လို့ ပဲပြုတ်တောင်းကြီးရွက်ပြီး ထွက်သွားတဲ့မစန်းလှကို ဒင်္ဂါးမှာ ကျေးဇူးတင်ရပါသည်။

” အဲ့ … ”

ခြံဝကနေ အိမ်ထဲကိုလှည့်အထွက် အိမ်အပေါ်ထပ်ကနေ ခြံဝကို လှမ်းကြည့်နေတဲ့ မြို့အုပ်ညီကြောင့် ဒင်္ဂါးခြေလှမ်းတွေ ရပ်တန့်သွားရသည်။ ခုနက မစန်းလှပြောသွားတာတွေကို ကြားများကြားသွားသလား မသိဘူးဆိုတဲ့ မလုံမလဲစိတ်ကြောင့် ပခုံးတွေကို ကျုံ့လိုက်မိသည်။

” ငါ့သမီးတွေကိုများ ခွေးလေး ဘာလေးနဲ့ … စကားပြောဆင်ခြင်ကြနော် … မိစွာနဲ့ မိုက်မိုက်စန်းတို့သွားက လူမရွေးဘူး . ဟမ့် … “

ပြောချင်ရာပြောပြီး ပြတင်းပေါက်တံခါးကို ဂျိမ်းခနဲ ပိတ်သွားတဲ့ မြို့အုပ်ညီကြောင့် ဒင်္ဂါးခေါင်းကုတ်မိပြန်သည်။ မစန်းလှ မွှေသွားချက်ကတော့ ဒင်္ဂါးဖြင့် ခေါင်းတွေကျိန်းလှပါသည်။

>>>>>>>>>>

” လာကြကွယ် ဒကာတို့ … မနေ့ကရောက်ကြတယ်လို့တော့ ဆရာတော်ကြားပါတယ် … သူကြီးမင်းငွေအိမ်မှာ နေရထိုင်ရ အဆင်ရောပြေကြရဲ့လား “

ဆရာတော်ဘုရားရဲ့အမေးကို ပစ်တိုင်းထောင် လက်အုပ်ချီထားရင်း ခေါင်းညိတ်ပြလိုက်သည်။ အိပ်ရေးက သိပ်ဝတယ်ရယ်တော့ မဟုတ်ပေမယ့် ကိုကိုကြီးက ဆရာတော်ကို ချက်ချင်းသွားဖူးဖို့ သေသေချာချာမှာလိုက်တာမလို့ အချိန်မဆိုင်းတော့ပဲ ရောက်လာရခြင်းဖြစ်သည်။

” အဆင်ပြေပါတယ် ဘုရား . သူကြီးက တပည့်တော်တို့ကို အဆင်ပြေအောင် စီစဉ်ပေးထားပါတယ် … မစိုးရိမ်ပါနဲ့ ဘုရား “

” အေးကွယ် … နေကလည်းပူတယ်ကွယ် … အပြင်သွားတာလာတာလည်း ဂရုစိုက်ကြ . ကျန်တာ‌တော့ ဘာမှထွေထူးပြီး အထူးမှာမနေတော့ဘူး “

” တင်ပါ့ ဘုရား … “

ဆရာတော်ကိုလည်း ပြန်ဖြေ‌ရင်း ဘေးမှာ လက်အုပ်ကြီးချီလို့ ငိုက်နေတဲ့ခွေးပုကို ပစ်တိုင်းထောင် တံတောင်နဲ့တွတ်လိုက်သည်။ တံတောင်နဲ့တွတ်လိုက်တော့မှ ဆတ်ခနဲဖြစ်လို့ နိုးလာတဲ့ ခွေးပုက အိပ်ချင်မူးတူးနဲ့ လက်အုပ်ကြီးချီလို့ ဆရာတော့်ကို ကုန်းကန်တော့သည်။

” ကဲ . ဆွမ်းစားဆောင်နဲ့ ကျောင်းကတော့ ဆောက်နေပြီ ဒကာတို့ရဲ့ … ဒကာကြီးကျော်ကျော်ဟန်က ဒကာလေးကို ဒီကိစ္စကြီးကြပ်ဖို့ လွှတ်လိုက်ပေမယ့် ‌လိုအပ်တာတော့ သိပ်မရှိပါဘူး . ဒကာလေးက နေသာသလိုနေပါ “

မြို့အုပ်မင်းက ဆရာတော့်ကို အကျိုးအကြောင်း အနည်းငယ်ကို သင့်တင့်သလောက် လျှောက်ထားပြီးသားမလို့ ဆရာတော်က သင့်လျော်သလို မိန့်လိုက်သည်။ အဓိကကိစ္စက ဆွမ်းစားဆောင်နဲ့ ကျောင်းဆောက်ဖို့ ရွာကိုလွှတ်လိုက်တာမဟုတ်ပဲ မြို့မှာ ဆိုးသွမ်းလှတာမလို့ မထိန်းနိုင်တာကြောင့် မကောင်းကျောင်းပို့လို့ လိမ္မာစေခြင်းသာဖြစ်သည်။

” လျှောက်စရာမရှိတော့ရင် ဒကာလေးတို့ နေမမြင့်ခင်ပြန်ကျ … ရွာထဲပတ်ကြည့်ချင်ရင်တော့ ညနေခင်း ကျောင်းက ကပ္ပိယကြီးကို အဖော်ခေါ်ပေါ့ကွယ် … သူက လိုက်ပို့ပေးပါလိမ့်မယ် “

” တင်ပါ့ဘုရား . တပည့်တော်တို့ ပြန်ပါဦးမယ် “

ဆရာတော့်ကို ဦးသုံးကြိမ်ချပြီးနောက် ပစ်တိုင်းထောင်တို့ ကျောင်းပေါ်ကနေ ဆင်းလာခဲ့ကြသည်။ နေက သိပ်ပြင်းလှတယ်ရယ်တော့ မဟုတ်ပေမယ့် အပူပိုင်းဒေသမလို့ နံနက်ဆယ်ချက်တီးမှာတောင် နေအရှိန်က မသေးသိမ်လှပါ။

” ဆျာထောင် … ဒီအချိန် ဘယ်သွားကြမလဲ … သူကြီးအိမ်ပြန်ရင်လည်း ပျင်းစရာကြီး ဆျာထောင်ရဲ့ “

” အဲ့သည်တော့ မင့်က ဘာများလုပ်ချင်လို့လဲ ခွေးပု “

ဘုန်းကြီးကျောင်းဝင်းထဲက ထွက်လာပြီး ပစ်တိုင်းထောင်တို့ ရွာလမ်းမကြီးတစ်လျှောက် လမ်းလျှောက်လာခဲ့သည်။ အလာတုန်းကတော့ သူကြီးက ဘုန်းကြီးကျောင်းကို လိုက်ပို့ပေးခဲ့ပေမယ့် တစ်ဖက်ရွာမှာ အရေးကိစ္စရှိတယ်ဆိုတာကြောင့် ပစ်တိုင်းထောင်နဲ့ခွေးပုသာ ‌ကျန်နေရစ်ခဲ့တာဖြစ်သည်။

” ဟာ သိပြီ ဆျာထောင် “

” ပြော … “

” ထန်း‌ရည်သွားသောက်ကြမလား ဆျာထောင် “

” ဟာ …! ဒီကောင်ကတော့ “

ပစ်တိုင်းထောင် ခွေးပုရဲ့ခေါင်းကို ခပ်နာနာလေး ရိုက်ချပစ်လိုက်သည်။

” နေဒီလောက်ပြင်းနေတာ မင့်ဦးနှောက်သွေးကြောပြတ်ပြီး သေချင်နေတာလား ခွေးပု “

” ဟဲဟဲ . အဲ့တာလည်း ဟုတ်သား “

နည်းနည်းမာန်လိုက်တော့မှသာ ရယ်ကျဲကျဲနဲ့ ခေါင်းကုတ်လာတဲ့ ခွေးပုကြောင့် ပစ်တိုင်းထောင် အံကြိတ်ပြလိုက်သည်။

” ဒီတိုင်းပဲ ခြေဦးတည့်ရာ သွားကွာ … မပြန်တတ်တော့လည်း ပါးစပ်ပါ သူကြီးအိမ်ရောက်တယ် ဟေ့ကောင် “

ပြောချင်ရာ‌ပြောပြီး အရှေ့ကနေ ဘောက်ဆတ်ဆတ်ထွက်သွားတဲ့ ဆျာထောင်ကြောင့် ခွေးပုလည်း ခေါင်းကုတ်ရင်း နောက်ကနေလိုက်ရသည်။ အစကတည်းက အိမ်ပြန်မိရင် အကောင်းသားကို လျှာရှည်မိတဲ့ ခွေးပုကပဲ မှားတာပါ။ နေကလည်း မြင့်လှပြီမလို့ အဆောင်းမပါ အကာမပါနဲ့ ဆျာထောင်ကတော့ ပုဆိုးကို လက်တစ်ဖက်က မ,လို့ ရွာရိုးကိုးပေါက်ကို လျှောက်နေပြီဖြစ်သည်။

” လျှောက်ကြည့်စရာ ဘယ်နားကြည့်ကြည့် လယ်ကွင်းကြည့်ပဲ … မနိပ်လိုက်တာကွာ “

တစ်ရွာလုံး ခြေတိုအောင်လျှောက်ပြီးချိန် အပင်ရိပ်အောက်မှာ ခြေပစ်လက်ပစ်ထိုင်ရင်း ပစ်တိုင်းထောင် စိတ်ပျက်လက်ပျက် ရေရွတ်လိုက်သည်။ နေမြင့်လေလေ နဖူးကချွေး ခြေမကျလေမလို့ ရွာထဲကို ဆက်လည်ပတ်ဖို့ ပစ်တိုင်းထောင်မှာ အားအင်ရယ်လည်း မရှိတော့ပါ။

” ဘယ်အညှိုးနဲ့များ နေက သည်လောက်ပူနေသလဲ မသိပါဘူး ဆျာထောင်ရာ … အသားတော့မည်းပါပြီ “

ခွေးပုစကားကြောင့် ပစ်တိုင်းထောင် မျက်လုံးကို မှေးစင်းရင်း ဘေးမှာထိုင်နေတဲ့ ခွေးပုကို ခြေဆုံးခေါင်းဆုံးကြည့်လိုက်သည်။ ညိုတယ်တောင်မဟုတ်ပဲ အနက်ဘက်သွားတဲ့ အသားအရည်က ထူးကဲပြီး မည်းစရာကျန်နေသေးလို့လားမသိ။

” ဖြူတာဆိုလို့ သွားပဲရှိတာကို အရူးကမျန်း တစ်မူးသာချင်သေး . ဟမ့် “

ဆျာထောင့်စကားကြောင့် ခွေးပုမျက်နှာကြီး ရှုံ့မဲ့သွားမိသည်။ သူ့သမီးတွေလို မီးသွေးတုံးတော့ မဟုတ်ပါဘူးလို့ ပြန်ပြောချင်ပေမယ့် ဒီကနေ့တော့ ဆျာထောင့်ဆီကနေ ခြေထောက်စာ မမိချင်သေးပါ။

” အဲ … ဆျာ . ဆျာထောင် … ဟိုးမယ်လာနေတာ ကိုဒင်္ဂါး မဟုတ်လား “

အပင်ရိပ်မယ် အမောပြေသည်အထိ ထိုင်နေကြတုန်း ခွေးပုစကားကြောင့် ပစ်တိုင်းထောင် လည်ပင်းကို ဆတ်ခနဲ ဆန့်ထုတ်လိုက်ရင်း ခွေးပုလက်ညှိုးညွှန်ပြရာကို ကြည့်လိုက်သည်။

နေပူပူမှာ ရွာလမ်းမကြီးတစ်လျှောက် ဝါးတောင်းလေးသယ်လို့ တလှုပ်လှုပ်လျှောက်လာသူက ခေါင်းပေါ်မှာလည်း ဝါးခမောက်လေးလည်း ဆောင်းထားသည်။ အဝေးကမြင်ရပေမယ့် အနေအထားနဲ့ အသွင်အပြင်အရ ကိုရွှေရွာသားဆိုတာကတော့ သေချာနေပြီဖြစ်သည်။

ဖျင်ကြမ်းလက်ရှည်အင်္ကျီနဲ့ ပုဆိုးကို ခြေမျက်စိအထက်ထိ ဝတ်ဆင်ထားတဲ့လူက တောသားဆိုတာ ထင်ရက်စရာပင်မရှိ။ အသားဖြူဖြူသေးသေးနဲ့မလို့ တောမှာမြင်ရလို့သာ တောသားလို့သာ ယုံရတာဖြစ်သည်။ ကိုရွှေရွာသားနဲ့ယှဉ်ရင် ပစ်တိုင်းထောင်ရဲ့ အသားအရည်ကတောင် ပိုလို့ညိုနေသေးသည်။

လမ်းရိုးကြီးအတိုင်း လျှောက်လာပြီး ပစ်တိုင်းထောင်တို့ရှိရာကို ဦးတည်လာနေတဲ့ အဖြူသေးသေး ကိုရွှေရွာသားကိုမြင်သော်လည်း ခပ်တည်တည်သာကြည့်နေလိုက်သည်။ သူကတော့ ပစ်တိုင်းထောင်တို့ကို မြင်ပုံမရသေး။ နေပူကြီးထဲမမောနိုင်မပန်းနိုင်သွားလာနေလိုက်တာများ။

” ဟင် … “

အကြည့်မဆုံးခင်မှာပဲ ပစ်တိုင်းထောင်ရဲ့ မြင်ကွင်းထဲဝင်လာတဲ့ မည်းလုံးလုံးအရာလေးတွေကြောင့် လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။

” မိစွာ . မိုက်မိုက်စန်း … အဲ့ဒါက ဘယ်လိုဖြစ်နေကြတာလဲ . ဟေ့ကောင် ခွေးပု … မင့်ညီမတွေကို ကြည့်စမ်း “

ပစ်တိုင်းထောင် မချိတင်ကဲ ရေရွတ်လိုက်မိသည်။ ဘေးနားမှာရှိနေတဲ့ ခွေးပုကလည်း ထိုမြင်ကွင်းကိုကြည့်ပြီး ပါးစပ်ကြီးအဟောင်းသား။

ဖအေကကောင်းစေချင်လို့ အထက်တင်ထားတဲ့ဟာကို အမြင့်ကြောက်တယ်ဆိုကာ ခုန်ချနေကြတဲ့သမီးမိုက်နှစ်ယောက်။ နေပူကျဲတဲကြီးမှာ ‌ကိုရွှေရွာသားနောက်ကနေ ခုန်ပေါက်လို့ လိုက်လာနေကြတာ မိစွာနဲ့ မိုက်မိုက်စန်း အစစ်မှအစစ်။

နေပူမှာစိုးလို့ ဘုန်းကြီးကျောင်းသွားတာတောင် မခေါ်သွားတာကို အခုများကျတော့ ကိုရွှေရွာသားဘေးကနေ ကိုရွှေရွာသားကို တမော့မော့ကြည့်ရင်း အမြှီးကိုမြှောက် ဖင်ကိုကောက်လို့ ခုန်ပေါက်ပြီး လိုက်လာကြတာများ ကိုယ့်သမီးတွေသာမဟုတ်ရင် မိစွာနဲ့ မိုက်မိုက်စန်းရယ်လို့ ယုံနိုင်ဖွယ်ပင်မရှိ။

ပစ်တိုင်းထောင် ထိုင်နေရာကနေ ဖတ်ခနဲ ထရပ်လိုက်သည်။ မြေကြီးပေါ် ထိုင်ချထားတာကြောင့် တင်ပါးမှာပေပွနေတဲ့ ဖုန်တွေကိုတောင် မခါအား။ သမီးတွေကိုကြည့်ရင်း ဆွေ့ဆွေ့ခုန်နေရပြီမလို့ ထိုနေရာမှာပဲ မတ်တပ်ရပ်စောင့်နေလိုက်သည်။

” ဒီမယ် ကိုရွှေရွာသား “

” ဟင် … မြို့အုပ်မင်းညီ “

လှမ်းခေါ်လိုက်တော့မှသာ ပစ်တိုင်းထောင်ကို မြင်ပုံရတဲ့ ကိုရွှေရွာသားကြောင့် မျက်မှောင်ကျုတ်ပစ်လိုက်သည်။ မိစွာနဲ့ မိုက်မိုက်စန်းကလည်း ဖအေကိုတော့တော့ တမြီးလေးတလှုပ်လှုပ်နဲ့ အနားရောက်လာသည်။

” နေပူကြီးထဲ ကျုပ်သမီးတွေခေါ်ပြီး ခင်ဗျားက ဘယ်လဲ “

” ဟင် … ကျွန်တော်မခေါ်ပါဘူး … ခြံထဲမှာ ထားခဲ့ပါသေးတယ် . ဒါပေမယ့် သူတို့က ခြံစည်းရိုးကနေ တိုးထွက်ပြီး လိုက်လာကြတာ “

ဒင်္ဂါး အမှန်အတိုင်းပင် ပြောလိုက်သည်။ လမ်းတစ်လျှောက်လုံး ခွေးနှစ်ကောင်က တကောက်ကောက် ပါလာကြတာမလို့ လမ်းမှာတွေ့တဲ့ ရွာကလူတွေတောင် ဒင်္ဂါးနားကပ်လို့ လှမ်းမနှုတ်ဆက်ရဲ။ ဒင်္ဂါးအပေါ်တော့ မျက်နှာချိုပေမယ့် မဲမဲတုံးတုံးနဲ့ ဇိုးရုပ်ပေါက်နေတဲ့ မိစွာနဲ့ မိုက်မိုက်စန်းကိုတော့ ရွာကလူတွေ ရှိန်ကြသည်။

ကိုရွှေရွာသားစကားကြောင့် ပစ်တိုင်းထောင် သက်ပြင်းချရင်း ပုဆိုးစကို လက်နှစ်ဖက်နဲ့မြောက်ကိုင်ကာ ခါးထောက်ထားလိုက်သည်။ ပူရအိုက်ရတဲ့အထဲ စကားတွေအများကြီးပြောနေရပြီ။

” အဲ့တာထားတော့ . အခုက ဘယ်လဲ “

” လယ် . လယ်ထဲကို ထမင်းတောင်း သွားပို့ဖို့ “

ဇက်ကလေးပုလို့ ခပ်ရွံ့ရွံ့ပြောနေတဲ့ ကိုရွှေရွာသားကြောင့် ပစ်တိုင်းထောင် ကိုယ့်ကိုယ်ကိုယ် အရင်ဆုံး တစ်ချက်ငုံ့ကြည့်လိုက်သည်။ ပစ်တိုင်းထောင်နဲ့တွေ့တိုင်း ကိုရွှေရွာသားပုံက ခပ်ရွံ့ရွံ့ပင်မလို့ ကိုယ့်ကိုယ်ကိုယ် ကြောက်စရာကောင်းနေလို့လားဟု ထင်မှတ်မိသည်။

တစ်ကိုယ်လုံး ခြုံငုံကြည့်မိတော့လည်း ပစ်တိုင်းထောင်ကိုယ်မှာ ဘာမှမထူးခြား။ မရီးထည့်ပေးလိုက်တဲ့ သနပ်ခါးရောင် ချည်ချောအင်္ကျီနဲ့ ချည်ကွက်ပုဆိုးကိုသာ ဝတ်ထားတာကြောင့် ပစ်တိုင်းထောင်ရဲ့အသွင်က ဘယ်နေရာမှာမှ ထူးခြားမနေပါ။

” ဆျာထောင် … ကျွန်တော်တို့ လယ်တောထဲ လိုက်သွားစို့လား . ပျင်းနေတာနဲ့ အတော်ပဲ “

” လျှာမရှည်နဲ့ ခွေးပု … တိတ်တိတ်နေစမ်း “

ပစ်တိုင်းထောင်ရှေ့မှာ ငြိမ်နေတဲ့လူကို မျက်လုံးတွေမှေးစင်းလို့ စိုက်ကြည့်လိုက်သည်။

” သွား … အရှေ့က “

” ဟင် “

” ဟာ … အရှေ့ကသွားလို့ ပြောနေတာလေ … လှုပ်စိလှုပ်စိနဲ့ စိတ်မရှည်ဘူးနော် . နေပူရတဲ့အထဲ “

ဒင်္ဂါးကို ဖိဟောက်နေတဲ့လူကြောင့် အယောင်ယောင်အမှားမှားနဲ့ ထမင်းတောင်းလေး မ,လို့ ရှေ့ကနေ ခပ်သွက်သွက်လျှောက်သွားလိုက်သည်။ နောက်ကို မသိမသာ လှည့်ကြည့်လိုက်တော့ လိုက်လာတဲ့လူနှစ်ယောက်နဲ့ ခွေးနှစ်ကောင်ကြောင့် မသိမသာ သက်ပြင်းချလိုက်သည်။

လယ်ထဲကို လိုက်ခဲ့ချင်လို့ အရှေ့ကနေ လမ်းပြပေးလို့ ပြောရင်ပြီးနေတာကို။ မြို့အုပ်မင်းညီကိုက အပေါက်ဆိုးကန့်လန့်တိုက်လွန်းနေတာ။

>>>>>>>>>>

ထမင်းရယ်ဆာ ဟာလှပေါ့လေး
လယ်ကြီးရှင် ပေါင်ကန်သင်းမှာ
ဗန်းခင်းလို့ကျွေး …

ပျိုလေးစားလို့ ဝချေပြီ
အီချေပေါ့လေး …
ကန်စွန်းရွက် ရေလုံပြုတ်
ဟင်းလုပ်လို့ကျွေး …

လယ်ပေါင်ကန်သင်းရိုးတစ်လျှောက် ခြေမချော်အောင် အတန်းလိုက်လေး ဂရုတစိုက်လျှောက်လာကြရင်း ကောက်စိုက်ကဗျာဆိုသံတွေကို ကြားလိုက်ရသည်။

” ဟေ့ မိကဲတို့ … အလုပ်ခဏနားပြီး ထမင်းစားနားလှည့်ကြတော့ … ကျွန်တော်တို့လယ်မှာလုပ်ရင် ကန်စွန်းရွက်ရေလုံပြုတ်တော့ မကျွေးပါဘူးနော် . အစ်မငွေမှုန်က ခရမ်းသီးကို ပုစွန်ခြောက်ကလေးနဲ့ စပ်စပ်ကလေး နှပ်ပေးလိုက်တယ် “

‌ဒင်္ဂါးက လောဆော်လိုက်တော့ လယ်ထဲမှာ ပျိုးနှုတ်နေကြတဲ့ မိကဲတို့အုပ်စုက ခြေလက်ဆေးလို့ အပြေးရောက်လာကြသည်။

” မိကဲတို့က ဒီအတိုင်း ကဗျာရွတ်တာပါတော့ … အယ် . မြို့အုပ်မင်းရဲ့ညီလည်းပါတယ် “

အနားရောက်ကာမှ မြို့အုပ်မင်းညီကို မြင်ပုံရတဲ့မိကဲက အသံတိတ်သွားသလို နောက်မှာပါလာတဲ့ ကောက်စိုက်သမလေးတွေလည်း ခပ်ကုတ်ကုတ်ဖြစ်သွားသည်။

” ထမင်း . ထမင်းစားကြတော့နော် … အများကြီးထည့်လာတာမလို့ အဝစားကြ “

ကိုယ်တိုင်က မြို့အုပ်မင်းညီနဲ့တွေ့ရင် အစိမ်းသက်သက်မလို့ အနေခက်နေသေးပေမယ့် မိကဲတို့ကပိုဆိုးတာကြောင့် အာရုံလွှဲသွားအောင် အပင်ရိပ်အောက်မှာ ထမင်းတောင်းကြီးကို ချပေးလိုက်သည်။

” ဟို … မြို့အုပ်မင်းညီရော ထမင်းစားဦးမလား “

” မစားဘူး “

ခါးကြီးထောက်လို့ ပြန်ဖြေပုံက ဘုဆတ်ဆတ်။ အရပ်ရှည်သလောက် စိတ်မရှည်တဲ့ မြို့အုပ်မင်းညီက တကယ့်လူ့ဂွစာ။

” ကိုခွေးပုရော “

” မစားသေးပါဘူးခင်ဗျ “

ခွေးပုစကားမဆုံးခင် လယ်ကန်သင်းထဲကို မပြောမဆို ဆင်းချသွားတဲ့ ဆျာထောင်ကြောင့် နောက်ကလိုက်ရပြန်သည်။ မိစွာနဲ့ မိုက်မိုက်စန်းကတော့ ပါမလာတော့ပဲ သူကြီးသားရှိတဲ့ အပင်ရိပ်‌အောက်မှာ ကျန်ရစ်ခဲ့သည်။

ဒင်္ဂါးလည်း ‌သွားချင်ရာလျှောက်သွားပြန်တဲ့ မြို့အုပ်ညီကြောင့် နောက်ကလိုက်ရပြန်သည်။ မော့တော့မော့တော့နဲ့ ရာသီဥတုပူတာကြောင့် မြွေပါးကင်းပါးကလည်း ပေါလှသည်။ မြို့အုပ်မင်းညီသာ တစ်ခုခုဆို ဒင်္ဂါးတို့လည်း အခက်သားရယ်။

” မြို့အုပ်မင်းညီ . မြို့အုပ်မင်းညီ …! “

ခပ်လှမ်းလှမ်းကို ရောက်နေပြီဖြစ်တဲ့ မြို့အုပ်မင်းညီကြောင့် ဒင်္ဂါးလည်း အနောက်ကနေ အော်ခေါ်ပြီး ပြေးလိုက်ရသည်။

” အင့် .! “

ဒင်္ဂါး အနောက်ကနေ အပြေးလိုက်ရင်း ဇီးပင်အောက်ရောက်တော့ တုံ့ခနဲရပ်သွားတဲ့ မြို့အုပ်မင်းညီကြောင့် အရှိန်မထိန်းနိုင်ပဲ နောက်ကနေ ကျောပြင်ကျယ်ကြီးကို အင့်ခနဲ ဝင်တိုက်မိသည်။

” တောင်း . တောင်းပန်ပါတယ် မြို့အုပ်မင်းညီ . ရုတ်တရက်ဆိုတော့ “

ဒင်္ဂါးကို လှည့်ပြီး ငုံ့ကြည့်လာတဲ့ မျက်နှာကြီးက ‌တင်းချီနေတာမလို့ ဒင်္ဂါးလည်း နာသွားတဲ့နဖူးကိုတောင် ဂရုမစိုက်အားပဲ ခပ်သွက်သွက် တောင်းပန်ရသည်။

” ဒီမယ် ခင်ဗျား … ဟူး … “

ပုဆိုးကြီးကိုလည်း ဒူးအထက်ထိပေါ်အောင် စွေ့ခနဲမလို့ လေပူတွေကိုလည်း မှုတ်ထုတ်ပြန်သည်။ မြို့အုပ်မင်းညီရဲ့ နဖူးမှာ သီးထနေတဲ့ ချွေးစေးလုံးတွေကိုလည်း ဒင်္ဂါးထင်းနေအောင် ‌မြင်နေရပြီး အသားညိုသူမလို့ အပူရှိန်ကြောင့် အသားအရေက စိုပြီးပြောင်နေသည်။

” ကျုပ်ကို မြို့အုပ်မင်းညီ . မြို့အုပ်မင်းညီနဲ့ ဘယ်လိုဖြစ်နေသလဲ ခင်ဗျား … ကျုပ်မှာ နာမည်ရှိတယ်ဗျ ”

ဒင်္ဂါး မြို့အုပ်မင်းညီရဲ့နာမည်ကို မျက်လုံးကလေး ထောင့်ကပ်လို့ စဉ်းစားလိုက်သည်။ ရောက်ကတည်းက မြို့အုပ်မင်းညီလို့ပဲ ခေါ်နေမိတာကြောင့် မြို့အုပ်မင်းညီရဲ့နာမည်ကိုတောင် မဆက်စပ်မိသေးပါ။

” ကျုပ်နာမည်က လုလင်မောင်မောင် … အများခေါ်သလို ပစ်တိုင်းထောင် လို့ပဲခေါ်လဲရတယ် “

” ဟုတ် . ဟုတ် သိပြီ “

မြို့အုပ်မင်းညီကိုကြည့်ပြီး သိပါပြီဆိုတဲ့သဘောနဲ့ ဒင်္ဂါးခေါင်းကို တဆတ်ဆတ် ညိတ်ပြလိုက်သည်။

” ဘာသိတာလဲ ခင်ဗျားက “

” နာမည်ကိုပါ . ကိုပစ်တိုင်းထောင် “

” ဘာ …! ဘယ်လို “

မြို့အုပ်မင်းညီရဲ့ ခပ်ကျယ်ကျယ်အော်သံကြောင့် ဒင်္ဂါးသာမက ဘေးမှာရှိတဲ့ ကိုခွေးပုကပါ လန့်သွားတာကြောင့် ကိုခွေးပုရဲ့ မကျေမနပ်ရေရွတ်သံကြီး ထွက်ပေါ်လာသည်။

” နားကိုအူသွားတာပဲ ဆျာထောင်ရာ … နေကပူ နားကအူနဲ့ … အနီးကပ်ကြီး အော်ထည့်လိုက်တာ လန့်လို့သေတော့မယ် “

ကိုခွေးပုက ညည်းညည်းညူညူပြောရင်း ဒင်္ဂါးတို့နားကနေ ထွက်သွားတာမလို့ ဇီးပင်အရိပ်မှာ ဒင်္ဂါးနဲ့ မြို့အုပ်မင်းညီသာ ကျန်ရစ်ခဲ့သည်။

” ခင်ဗျားအသက် ဘယ်လောက်လဲ ပြောစမ်း “

” နှစ်ဆယ့် . နှစ်ဆယ့်နှစ်… “

” ကျုပ်အသက်က အခုမှ တစ်ဆယ့်ကိုးဗျ “

” ဘာ …! “

ဒီတစ်ခါ အော်ရသူက ဒင်္ဂါးပင်။ ဒင်္ဂါးထက် ခေါင်းတစ်လုံးစာလောက်မြင့်လို့ ကြီးမယ်ထင်ထားခဲ့တာရယ်။

” ဟေ့ . ဟေ့ . မဘာနဲ့လေ … ကျုပ်အသက်ကဖြင့် အခုမှငယ်ငယ်လေး … အခေါ်အဝေါ်ဆင်ခြင် “

လက်ညှိုးကြီးထိုးလို့ ပြောချင်ရာပြောပြီး တစ်ဖက်ကိုလှည့်ထွက်သွားတဲ့ မြို့အုပ်မင်းညီကြောင့် ဒင်္ဂါး နေရာမှာတင် ရပ်လျက်ကျန်‌နေရစ်ခဲ့သည်။

” ဟော … ဘယ်သူများလဲလို့ … မင်းကန်ရိုးရွာသူကြီးရဲ့ သမီးငယ်လေးပါလား “

” သန်းဇော် …! ”

ထိုအချိန် ဒင်္ဂါးရပ်နေတဲ့အနားကို ဘယ်ကရောက်လာမှန်းမသိတဲ့ တစ်ဖက်ရွာရဲ့ သူကြီးသား သန်းဇော်က ရန်စကားပြောလာသည်။

” အဟင်း … ဟုတ်ကဲ့ ကိုသန်းဇော်ပါ ခင်ဗျာ “

နေ့ခင်းကြောင်တောင်ကြီးမှာတောင် မတ်တပ်ရပ်ရင်း ယိုင်ထိုးနေပြီး ခြေချင်းလိမ်နေတဲ့ သန်းဇော်ကြောင့် ဒင်္ဂါး နှာခေါင်းရှုံ့လိုက်မိသည်။ ထန်းရည်နံ့တွေကလည်း ဟောင်းဟောင်းထနေတာမလို့ နှာခေါင်းကို လက်ဖဝါးနဲ့ ဖိပိတ်လိုက်သည်။

” မင့်ရဲ့ မမငွေမှုန်ကိုလည်း မတွေ့ပါ့လား ညီမလေးရဲ့ “

” မူးနေရင် အေးဆေးနေ သန်းဇော် … မင်းရောက်နေတာ သူများရွာ “

ဒင်္ဂါးစကားကြောင့် သန်းဇော်က မခို့တရို့ရယ်သည်။

” ကိုသန်းဇော်က ဘာများလုပ်မိလို့လဲ… မိန်းကလေးရဲ့ “

မထိတထိစကားတွေနဲ့ ဒင်္ဂါးကို ဆက်တိုက်စော်ကားနေတာကြောင့် ဒင်္ဂါး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်သည်။

” နေပူထဲ မဲမဲ,မဲမဲနဲ့ လျှောက်လာကတည်းက ကြည့်နေတာ . ဘာများလဲလို့ ခွေးဖြစ်နေတာပဲ “

” အယ် “

ဒင်္ဂါး ဘေး‌ဘီကို ဝေ့ဝဲကြည့်လိုက်သည်။ ခွေးနဲ့တူတဲ့အရာဆိုလို့ ဒင်္ဂါးတို့နဲ့ ခပ်လှမ်းလှမ်းက အပင်ရိပ်မှာအိပ်နေတဲ့ မိစွာနဲ့ မိုက်မိုက်စန်းသာ ရှိသည်။ မြို့အုပ်မင်းညီက ဒင်္ဂါးအနားကို လှစ်ခနဲရောက်လာပြီး သန်းဇော်ကို စူးစူးရဲရဲကြည့်သည်။

” မင်း ဘာကောင်လဲ . ဟေ့ကောင် “

” ငါ ဘာကောင်လဲ မင်းမသိဘူးလား… ဟမ့် . ငါက သူကြီးသားကွ “

ရှေ့တိုးလာတဲ့ ပစ်တိုင်းထောင်ကို ဒင်္ဂါး တားလိုက်သည်။ မြို့အုပ်မင်းညီက အခုမှရွာရောက်တာကို ရန်ဖြစ်လို့မသင့်။ တကယ်လို့သာ ရန်ဖြစ်ကြရင် ပစ်တိုင်းထောင်ရော သန်းဇော်ရောက ခန္ဓာကိုယ် ထွားထွားကြိုင်းကြိုင်းတွေမလို့ ရန်ပွဲကတော့ မသေးနိုင်လောက်ပါ။

” ထားလိုက်ပါ ပစ်တိုင်းထောင် … သန်းဇော်က အဲ့လိုရမ်းကားနေကျမလို့ “

” ဟ ! ခင်များကို မိန်းမနဲ့နှိုင်းပြီးပြောနေတာ မနာဘူးလား “

ခေါင်းငုံ့သွားတဲ့လူကြောင့် ပစ်တိုင်းထောင် ကျစ်ခနဲ စုတ်သပ်လိုက်သည်။ ဖြူဖြူသေးသေးလေးနဲ့ ဘယ်နေရာကမှ တောသားနဲ့ တူမနေတော့လည်း အခက်သား။ သို့ပေသိလည်း ဘယ်လိုကြည့်ကြည့် မိန်းကလေးတစ်ယောက်အသွင်လည်း ပေါ်မနေပါ။

” ကျစ် . လာခဲ့ ခင်ဗျား “

” အဟား . ငကြောက်ကောင် … “

ဒင်္ဂါးကို ထိုနေရာကနေ ဆွဲခေါ်သွားသူက ပစ်တိုင်းထောင်ပေမယ့် သန်းဇော်ရဲ့စကားကြောင့် လက်သီးလက်မောင်းတန်းပြီး ပြန်သွားမယ်လုပ်နေတာကြောင့် တားရပြန်သည်။

” ထား . ထားလိုက်ပါ ပစ်တိုင်းထောင် … အဲ့လူက အဲ့လိုပဲ … သူကြီးသားပေမယ့် လေးရွာစုကြီးရဲ့ ချဉ်ဖတ်လေ … မိန်းကလေးတွေကို ရိသဲ့သဲ့လိုက်လုပ်လွန်းလို့ အစ်မငွေမှုန် လယ်ထဲဆင်းရင်လည်း ကျွန်တော်လိုက်လာရတယ် … မူးနေတဲ့လူမလို့ လွှတ်ထားလိုက်ပါ “

ပစ်တိုင်းထောင်ကို အပင်အရိပ်ဆီ ဆွဲခေါ်လာပြီး ပြေ‌ရာပြေကြောင်းပြောနေတဲ့လူကြောင့် ခပ်တင်းတင်းပြန်ကြည့်လိုက်သည်။ ခွေးပုကလည်း အနောက်ကလိုက်လာတာမလို့ ပစ်တိုင်းထောင်အနား မကပ်ရဲစွာ မိစွာနဲ့ မိုက်မိုက်စန်းအနားကို ကုတ်ကုတ်လေး သွား‌ထိုင်နေသည်။

” သတိထားနေ ရွှေဒင်္ဂါး … ခွေးပု . မိစွာ . မိုက်မိုက်စန်း … သွားကြမယ် “

ကိုယ့်ထက်ငယ်သူက ကိုယ့်နာမည်ကို ပြောင်ပြောင်တင်းတင်းခေါ်ပြီး ထွက်သွားတာကြောင့် ဒင်္ဂါး နေရာမှာတင် ရပ်နေမိသည်။ ရိုင်းတယ်လည်းမဆိုသာပဲ နာမည်ခေါ်သွားတဲ့ လေသံခပ်မာမာက နားထဲတဝဲလည်လည်ရယ်။ အနားကနေထွက်သွားတဲ့ ကျောပြင်ကျယ်ကို ငေးကြည့်ရင်း ဒင်္ဂါး တုတ်တုတ်ပင် မလှုပ်မိ။

” တော့ ကိုဒင်္ဂါး … ဟိုနားမယ် တော်တို့ ချဉ်ဖတ်နဲ့ ဘာဖြစ်ကြတာလဲ … မိကဲတို့ဖြင့် မြို့အုပ်မင်းညီနဲ့ ရန်ဖြစ်ကြတော့မယ်ထင်တာ “

” ထုံးစံအတိုင်း သန်းဇော်က ရန်လာစနေတာ မိကဲ … ကဲ မပြောနဲ့တော့ … ထမင်းစားလို့ပြီးကြရင် သိမ်းကြ … မြို့အုပ်မင်းညီနဲ့ ဟိုလူ လမ်းမှာတွေ့ရင် ရန်ဖြစ်နေမှာစိုးလို့ အနောက်ကနေ လိုက်သွားလှည့်ဦးမယ် … သွက်သွက်လုပ် “

ဒင်္ဂါးက လောဆော်လိုက်တော့ မိကဲတို့လည်း စားပြီးသားပန်းကန်တွေ အိုးခွက်တွေကို ဆေးကြောပြီး တောင်းထဲသိမ်းဆည်းကြသည်။ အားလုံးသိမ်းဆည်းပြီးကာမှ ဒင်္ဂါးလည်း ထမင်းတောင်းကို သယ်လို့ ရှေ့ကနေ ဘောက်ဆတ်ဘောက်ဆန်လျှောက်သွားတဲ့ ‌သားအဖတွေနောက်ကို အမှီလိုက်ရပါတော့သည်။

>>>>>>>>>>

ဆက်ရန်
Yellowish_One 💛
(၄-၄-၂၀၂၄)

Tags: read novel Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၃), novel Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၃), read Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၃) online, Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၃) chapter, Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၃) high quality, Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၃) light novel, ,

Comment

Leave a Reply

Chapter 5