Lollipop Chapter 10 – Unicode

All chapters are in Lollipop
A+ A-

စိုင်းမာန်သစ် စိတ်တွေလုံး၀ကို ကဗြောင်းကပြန်ဖြစ်သွားရသည်။ ခုဏက မောလာတာတွေတောင် အကုန်လွင့်ထွက်ကုန်သည်အထိပင်။ ရင်ဘတ်ကလည်း ပေါက်ထွက်တော့မတတ်ကို ခုန်နေတာ။ သူချစ်ရတဲ့သူရင်ခွင်ထဲမှာ အချီခံထားရတာလေ။ ဒါနည်းတဲ့ ကုသိုလ်ကံမဟုတ်ဘူး။

ဘုန်းပြည့်အာဏာက ဘာရည်ရွယ်ချက်တွေနဲ့လုပ်နေမှန်းမသိပေမဲ့ စိုင်းမာန်သစ်က သေပျော်နေပြီ။ စိုင်းမာန်သစ်က ဘုန်းပြည့်အာဏာအပေါ်ကို ဘယ်သူ့ကိုမှ မထားဖူးတဲ့ စိတ်မျိုးနဲ့ကို ချစ်မိနေတာ။ ဒါကို တစ်ခါတလေ ဘုန်းပြည့်အာဏာဆိုတဲ့လူကြီးက သူ့ကို အမြင်ကပ်အောင်တအားလုပ်သေးတာ။

မွေ့ရာပေါ်ကို အင့်ကနဲ့ ပစ်ချခံလိုက်ရတာကြောင့် စိုင်းမာန်သစ် မအီမသာတော့ဖြစ်သွားရသည်။

“ခဏအိပ်လိုက် နေ့လည်သွားမှာ”

ဘုန်းပြည့်အာဏာ စိုင်းမာန်သစ်ကို ချပေးခဲ့ပြီး အတွေးတွေက ခေါင်းထဲမှာမီးတောက်နေပြီ။ ဘယ်လိုလုပ်အဲဒိကောင်လေးကို ချီလိုက်မိတာလဲဆိုတာက တွေးလို့ကိုမရတဲ့ ပုစ္ဆာပင် ဖြစ်သည်။

အတွေးထဲမှာ အိမ့်မှူးသော်က နေရာပြန်ယူလာပြန်တာကြောင့် စိတ်တွေက တကယ်ကို ရှုပ်ထွေးနေပြီ။ စိုင်းမာန်သစ်ကို သူဘယ်လိုလုပ်ပစ်ရမလဲဆိုတာကလည်း ခေါင်းတော်တော်စားသည်။ စားပွဲပေါ်ကိုထိုင်လိုက်ပြီး လုပ်လက်စအလုပ်စီကို အာရုံစိုက်ဖို့ကို တော်တော်ကြိုးစားလိုက်ရသည်။

___________________________________________________________

စိုင်းမာန်သစ် တစ်ရေးနိုးလာတော့ အသာထကာ ဘုန်းပြည့်အာဏာရုံးခန်းရှိရာကို ခြေဦးလှည့်မိသည်။ စာရွက်တွေကို တစ်ရွက်ချင်းလှန်ကာ အလုပ်အပေါ်ကို အာရုံစိုက်နေသော ဘုန်းပြည့်အာဏာကို မြင်ရတာ တကယ် စိတ်ကြည်နူးစရာ။

လွန်ခဲ့တဲ့ နှစ်နှစ်အတွင်းမှာ သူဘုန်းပြည့်အာဏာကို ပုံရိပ်ကလေးနဲ့တင်စွဲလမ်းခဲ့ရတာဖြစ်သည်။ အခုသုံးလေးရက်အတွင်းမှာ သူဘုန်းပြည့်အာဏာကို အရောင်စုံမြင်လာရသလို။ လူတစ်ယောက်ကို အတွင်းကျကျသိလေ အဲ့ဒီလူအပေါ်ထားတဲ့ အမြင်တွေက လျော့ရဲလာတတ်သည်တဲ့။

စိုင်းမာန်သစ် ဒီကိစ္စကို အရင်ကတွေးပူမိသေးသည်။ အဲ့ဒီလူအကြောင်းကို အတွင်းကျကျသိလာရရင် အဲ့ဒီလူကို သူလက်ခံနိုင်ပါ့မလားလို့။ လူတစ်ယောက်လုံးကိုချစ်ဖို့ဆိုတာ အဲ့ဒီဆွဲဆောင်မှု့ရှိတဲ့ ပုံရိပ်လေးကိုတင် ကွက်သဘောကျနေလို့မှမရဘဲ‌ေလ။ အဲဒီလူရဲ့ အမူအကျင့်တွေ စရိုက်တွေကိုပါ လက်ခံရမည်ဖြစ်သည်။

စိုင်းမာန်သစ်အနေနဲ့ သူ ဘုန်းပြည့်အာဏာဆိုတဲ့ အဲ့ဒီလူရဲ့ အရာအားလုံးကို လက်ခံနိုင်ပါ့မလားလို့ တွေးဖူးသည်။ ဒါပေမဲ့ အခုက အဲဒါတွေ တွေးစရာကိုမလိုတော့တဲ့ပုံပါပင်။ ဒီအချိန်အတောအတွင်းမှာ သူ့ကို ကောင်းကျိုးတစ်စုံတရာမပေးသော်လည်း ဒီလူကြီးကိုတွေ့ဖို့ ရင်ခုန်နေတုန်းပင်။

အခုပဲကြည့်။ ဘုန်းပြည့်အာဏာကို ခိုးကြည့်ရင်း သူပြုံးနေမိတာပဲမဟုတ်လား။ တစ်စုံတစ်ယောက်အကြောင်းကို တွေးရင်း နှုတ်ခမ်းတွေက အလိုလိုတွန့်ချိုးလာမိတာမျိုုး။ အဲဒါက အသေချာပေါက် အဲ့ဒီလူကိုချစ်မိနေတာပဲလို့စိုင်းမာန်သစ် ကြားဖူးသည်။

အစကတည်းက သေချာနေခဲ့ပြီးသားဆိုတာကို တွေးမိလိုက်တော့ စိုင်းမာန်သစ် အသံပင်ထွက်သွားအောင် ရယ်လိုက်မိသေးသည်။ ဒီလူကြီးက သူ့ကိုဘာလို့ ဒီလောက်ထိတောင် ဖမ်းစားနေရတာလဲ။ ပိုင်ဆိုင်နိုင်ဖို့ မတွေးရဲတဲ့ အရာမို့ ဒီတိုင်း ငေးကြည့်နေရရင်ကို အဆင်ပြေတာမို့ သူ့မှာ အဲ့လောက်တော့အခွင့်အရေးရှိတယ်ဟု ယုံငည်။

အမြဲတမ်းတွန့်ချိုးနေတဲ့ မျက်ခုံးတွေကို တယုတယ ထိခွင့်မရရင်နေပါစေ။
အေးစက်နေတတ်တဲ့ အသံသြသြဟာ သူ့အတွက် အချစ်စကားတွေဖွဲ့သီတာမဟုတ်ချင်နေပါစေ။
သန်မာပြီး တစ်ဘ၀စာလုံး ခို၀င်ချင်လောက်တဲ့ လက်ဖ၀ါးက သူ့လက်ကိုဆွဲမှာ မဟုတ်လည်းနေပါစေ။
ငေးကြည့်ရင်း သူ့နားမှာပဲရှိနေဖို့ကို စိုင်းမာန်သစ် ပိုလိုလားသည်။

“ကိုစိုင်းမာန်သစ်”

“ဟင် ရမ်ခ”

နောက်ကနေ ရုပ်သေကြီးနဲ့ ရောက်နေပြီး ခေါ်လိုက်တဲ့ ရမ်ခကြောင့် ချတော့မည့်သက်ပြင်းပင် တန့်သွားရသည်။

“ဟို ခုမှအိပ်ယာနိုးတာ နယ်ဘက်သွားစရာရှိတာသွားဖို့ သွားလို့ရပြီလို့ ဥက္ကဌကိုလာပြောတာ”

ရမ်ခက ခေါင်းကိုသာအသာငြိမ့်ပြပြီး ရုံးခန်းထဲကို အရင်၀င်သွားသည်။ စိုင်းမာန်သစ်လည်း ပြုံးနေတဲ့ပါးစပ်ကိုရော အတွေးစတွေကိုရော သိမ်းရင်း ရုံးခန်းထဲကို ၀င်လာခဲ့သည်။

“ဟို သူဌေး နယ်ဘက်သွားဖို့က သွားလို့ရပြီ”

စိုင်းမာန်သစ်ကို ဘုန်းပြည့်အာဏာက ခေါင်းထောင်၍သော်မျှမကြည့်။ ရမ်ခက ဘုန်းပြည့်အာဏာဘေးမှာ ရပ်ကာ နားနားကို ကပ်ပြီးတိုးတိုးပြောလိုက်သည်။

“အင်း သိပြီ မင်းအဲဒီကို သွားလိုက် ငါ စိုင်းမာန်သစ်နဲ့့ဲပဲသွားလိုက်မယ်”

“ကားက ဘယ်သူမောင်းမှာလဲ”

“ငါမောင်းလိုက်မယ်”

ရမ်ခ မျက်လုံးတော့နည်းနည်းပြူးသွားမိသည်။ သူဘုန်းပြည့်အာဏာအနားမှာနေနေတာ ဆယ်နှစ်ပင်ပြည့်တော့မည်။ ဘုန်းပြည့်အာဏာက သူမောင်းတဲ့ကားကို နောက်ကလိုက်စီးသည့်သူ။ ကားပေါ်မှာ လူနှစ်ယောက်ရှိနေလို့ တစ်ယောက်က ဘုန်းပြည့်အာဏာဆိုရင် ပြေးမကြည့်နဲ့ နောက်ခန်းထဲမှာ။

ဘုန်းပြည့်အာဏာက ကားမောင်းတာမကျွမ်းတာလားဆိုတော့ မဟုတ်။ ရမ်ခထက်ပင်ကျွမ်းသေးသည်။ သို့သော် သူတစ်ယောက်တည်းသွားရတဲ့ အခါမျိုးတွေမှာသာ မောင်းလေ့ရှိသောသူပင်။ အခုတော့ ဘုန်းပြည့်အာဏာက စိုင်းမာန်သစ်နဲ့သွားမှာကို သူက ကားမောင်းမည်တဲ့လေ။

ရမ်ခတော်တော်လေး အံ့သြသွားသော်လည်း ခေါင်းတစ်ချက်သာ ငြိမ့်ပြကာ အခန်းထဲမှထွက်လာခဲ့သည်။ ဘုန်းပြည့်အာဏာက ခုံပေါ်လွှားထားတဲ့ အပေါ်ကုတ်ကို ၀တ်လိုက်ပြီး ဖုန်းကို ကောက်ကိုင်လိုက်ကာ ကြောင်ရပ်နေတဲ့ စိုင်းမာန်သစ်ကို ကြည့်လိုက်ကာ မျက်စပစ်ပြသည်။

“သွားမယ်”

“ဗျာ ဟုတ် ဟုတ်”

စိုင်းမာန်သစ်ရပ်ကြည့်နေရင်းမှ တစ်စုံတစ်ခုကို သတိရဟန်နှင့် အပေါက်၀ကိုရောက်နေပြီဖြစ်သော ဘုန်းပြည့်အာဏာကို အော်ခေါ်လိုက်ပြန်သည်။

“ဥက္ကဌကြီး”

“ဘာလဲ?”

“အခုက နယ်ဘက် ဘာသွားလုပ်မှာလဲ ပြောဦးလေ”

“သြော် မပြောရသေးဘူးလား မင်းဖတ်ပြီးပြီလား စက်ရုံအသစ်ဆောက်ဖို့ကိစ္စ Lollipop စက်ရုံ”

“ဖတ်ပြီးပြီ”

“အေးအဲဒါ မြေနေရာသွားကြည့်မလို့”

စိုင်းမာန်သစ် Lollipop ဆိုမှ သတိရသည်။ သူအလုပ်စ၀င်ပြီးကတည်းက Lollipop တစ်ချောင်းကို ကောင်းကောင်း မစားရသေးပေ။ ဒီသုံးရက်အတွင်းမှာ ချိုချဥ်စုပ်ချိန်ကို သူ့မှာ မရခဲ့တာလေ။

“ဟို ဥက္ကဌကြီး အရင်သွားနှင့် ကျွန်တော်နောက်ကလိုက်လာခဲ့မယ်”

“မင်းက ဘာလုပ်မလို့လဲ?”

“Lollipop ၀င်၀ယ်ချင်လို့”

“ကလေးလည်းမဟုတ်ဘဲနဲ့”

“ကလေးမှ ချိုချဥ်စားရတာမဟုတ်တာ”

“နောက်မှစားလည်းရတယ်လေ”

“ကျွန်တော်က မစားဘဲမှမနေနိုင်တာ မစားရတာ သုံးရက်တောင်ရှိပြီ”

“ကလေးကုလားနဲ့ လိုက်ခဲ့တော့ နောက်မှစား”

စိုင်းမာန်သစ် အော်ဆဲလိုက်ရင် ကောင်းမလားလို့ တွေးလိုက်မိသေးသည်။ သူတစ်ပါး အကြိုက်ကိုတောင် လက်သင့်ခံမပေးနိုင်တဲ့ သောက်ကျိုးနည်း ဥက္ကဌကြီး။ စိတ်တိုလွန်းလို့ ရူးတော့မည်။

‘သည်းခံ စိုင်းမာန်သစ် သည်းခံ။ အဲဒါ မင်းအလုပ်ရှင်။ ပြီးတော့ မင်းရူးမတတ်ကို ချစ်မိနေတဲ့ ကန့်လန့်လူသားဘဲ။ မင်းကပဲ သဘောထားကြီးစွာ သည်းခံလိုက်။’

စိုင်းမာန်သစ် နောက်ကလိုက်သွားတော့ ဘုန်းပြည့်အာဏာစီးသွားတဲ့ ဓာတ်လှေကားက တံခါးပိတ်လို့ အောက်ကိုပင် ဆင်းသွားလေပြီ။ ကြည့်ဦး တကယ်မစောင့်တာ။ ဘုန်းပြည့်အာဏာရဲ့ လူမှု့ဆက်ဆံရေးက အ၀ီစိကို ဂျိုးကပ်နေတာပဲလို့ စိုင်းမာန်သစ် တွေးရင်း နောက်ဓာတ်လှေကားဆီ ၀င်သွားလိုက်သည်။

ကားပါကင်ထဲကို ရောက်တော့ ဘုန်းပြည့်အာဏာက ရှိမနေတာကြောင့် အံ့သြသွားရပြန်သည်။ သူ့ကိုကျ ချိုချဥ်လေးတစ်လုံးတောင် သွားမ၀ယ်ခိုင်းဘဲ ဘုန်းပြည့်အာဏာကကျ ဘယ်တွေကို သ၀ေထိုးနေတာလဲ။

_________________________________________________

“ရပါပြီ ဥက္ကဌကြီး”

ထိတ်လန့်နေသော ငွေကိုင်စာရေးမလေး ကမ်းပေးတဲ့ မုန့်အိတ်ကို ယူလိုက်ကာ ဘုန်းပြည့်အာဏာ ဓာတ်လှေကားဆီကို ပြန်သွားလိုက်သည်။ လက်ထဲက အထုပ်ကို ကြည့်မိပြီးတော့တော့ နည်းနည်းရယ်ချင်သား။

အခု သူစိုင်းမာန်သစ် စားဖို့အတွက်နဲ့ မုန့်ဆိုင်ကို Lollipop သွား၀ယ်မိခဲ့တာလား။ တကယ်နားမလည်နိုင်လောက်အောင်ပင်။ Strawberry Lollipop တွေအများကြီးပါတဲ့ မုန့်ထုပ်ကို အပေါ်ဆွဲကြည့်လိုက်ရင်း ဘုန်းပြည့်အာဏာ တစ်ချက်ပြုံးလိုက်မိသည်။

ကားပါကင်မှာစောင့်နေတဲ့ စိုင်းမာန်သစ်က ဘုန်းပြည့်အာဏာကို မြင်တော့ အနားကို အပြေးရောက်လာသည်။

“အရင်ဆင်းသွားပြီး ဘယ်ရောက်နေတာလဲ”

“အင်း လမ်းစားဖို့ မုန့်သွား၀ယ်တာ နည်းနည်း၀ေးတယ် အဲဒါကြောင့်”

စိုင်းမာန်သစ်ရဲ့ သည်းခံနိုင်စွမ်းက တော်တော်ကြီးကို ကုန်ခမ်းနေပါပြီ။ သူကကျ မုန့်သွား၀ယ်နေပါသတဲ့။ စိုင်းမာန်သစ်ကိုကျ ကလေးကုလားဟုပြောကာ ဥက္ကဌကြီး ဘုန်းပြည့်အာဏာကတော့ မုန့်သွား၀ယ်နေပါသတဲ့။

“ရော့”

လက်ထဲရောက်လာတဲ့ အထုပ်ကို ဖွင့်ပင်မကြည့်ဘဲ စိုင်းမာန်သစ်ဆွဲထားလိုက်သည်။ ဘုန်းပြည့်အာဏာက ကားဆီသွားတာကြောင့် သူလည်းလိုက်တက်လိုက်တော့သည်။ ကားပေါ်ကို ရောက်မှ စိုင်းမာန်သစ် ဟနေတဲ့ မုန့်ထုပ်ကို တစ်ချက်ကြည့်လိုက်မိသည်။

အထဲက Strawberry Lollipop တွေကို တွေ့လိုက်ရတာကြောင့် စိုင်းမာန်သစ် မျက်ခုံးတွေမြင့်တက်သွားရသည်။ မဟုတ်မှလွဲရော ဘုန်းပြည့်အာဏာက သူ့အတွက်မုန့်သွား၀ယ်တာလား။

“Strawberry Lollipop တွေက?”

“အာ ပါလာတာလား? ရောင်းတဲ့ကောင်မလေးက ထည့်ပေးလိုက်တာဖြစ်မယ် မင်းအတွက်အဆင်သင့်ဖြစ်သွားတာပေါ့ စားချင်စား”

မျှော်လင့်ချက်ကလေး တစ်စုံတစ်ရာဟာ လေထဲကို လွင့်ပါသွားတာပင်။ စိုင်းမာန်သစ်ကိုက ရူးတာ။ ဘယ်လိုများ ဘုန်းပြည့်အာဏာက သူ့အတွက် Lollipop သွား၀ယ်ပေးမယ်လို့ မျှော်လင့်လိုက်မိတာလဲ။

တွေးရင်းနဲ့ ခေါင်းကို တခါခါရမ်းကာ Lollipop တစ်ချောင်းကို ထုတ်ဖောက်စားလိုက်သည်။

“ချိုလိုက်တာ”

“အဲ့ဒီလောက်ကြိုက်လား?”

ကားမောင်းရင်း မေးသော ဘုန်းပြည့်အာဏာကို တစ်ချက်လှည့်ကြည့်ကာ စိုင်းမာန်သစ် ဖြေလိုက်သည်။

“အင်း ကြိုက်တယ် ဥက္ကဌရော မကြိုက်ဘူးလား?”

“မကြိုက်ဘူး မင်းကြိုက်လို့ ၀ယ်လာတာ အင်း မင်းကြိုက်ရင်စားလို့ပြောတာ”

ရုတ်တရတ် စိုင်းမာန်သစ်အတွေးထဲကို အသံတစ်ခုက ၀င်ရောက်လာသည်။ ကိုကိုကလည်း ဒီလိုပြောခဲ့ဖူးသည်။ မတူညီတဲ့စကားလုံးတွေ မတူညီတဲ့အခြေအနေဖြစ်နေပေမဲ့ ကိုကိုက သူ့အတွေးထဲကို ရုတ်တရတ်ရောက်လာသည်။ မျက်ရည်တွေရစ်၀ိုင်းလာပြီး ရုတ်တရတ်ကြီးပါပဲ စိုင်းမာန်သစ် ဘေးအိမ်က ကိုကို့ကို လွမ်းသွားသည်။ ချက်ချင်းပြေးတွေ့ချင်စိတ်တွေပေါက်လာသည်။

ကျလုကျခင်မျက်ရည်ကို သုတ်လိုက်ကာ ကားမှန်ဘက်ကို စိုင်းမာန်သစ် မျက်နှာမူလိုက်သည်။ ရုတ်တရတ်တိတ်ဆိတ်သွားပြီး မျက်ရည်သုတ်နေတဲ့ စိုင်းမာန်သစ်ကြောင့် ဘုန်းပြည့်အာဏာ ကားမောင်းရင်းကပင် လန့်သွားရပြန်သည်။

“နေဦး ငါ Lollipop မကြိုက်တာက အဲ့လောက် ၀မ်းနည်းဖို့ကောင်းသွားလား?”

“ဟင့်အင် ဒီတိုင်း ဥက္ကဌကြီးကြောင့်မဟုတ်ဘူး ကျွန်တော့် ဘာသာ ကျွန်တော် လူတစ်ယောက်ကို တွေးမိသွားလို့”

“အင်း”

“ကျွန်တော် မှေးပြီးလိုက်လို့ရမလား?”

“သဘော”

စိုင်းမာန်သစ်က Lollipop ကိုငုံထားလျက် ခါးကို လျှောထိုင်လိုက်ကာ မျက်လုံးတွေကို မှေးစင်းထားလိုက်သည်။ ရုတ်တရတ်ကြီးလိုပါပဲ သူ့စိတ်အခြေအနေမကောင်းတော့တာပါ။ ကားထဲကလည်း တစ်ဖန် တိတ်ဆိတ်သွားပြန်ပါသည်။ စိုင်းမာန်သစ်ကို လှည့်ကြည့်လှည့်ကြည့်လုပ်နေတဲ့ ဘုန်းပြည့်အာဏာရဲ့ ခေါင်းရယ် စီယာတိုင်ကိုလှည့်နေတဲ့ လက်ရယ်ကလွဲပြီး ကားထဲမှာ အကုန်လုံးက ငြိမ်သက်နေဆဲ။

@OliviaThet_Eleanor

__________________________________________________________________

Tags: read novel Lollipop Chapter 10 – Unicode, novel Lollipop Chapter 10 – Unicode, read Lollipop Chapter 10 – Unicode online, Lollipop Chapter 10 – Unicode chapter, Lollipop Chapter 10 – Unicode high quality, Lollipop Chapter 10 – Unicode light novel, ,

Comment

Leave a Reply

Chapter 10