Lollipop Chapter 11 – Unicode

All chapters are in Lollipop
A+ A-

“တိုတို တိုတိုက အသစ်နဲ့ ဆော့ပေးမယ်မို့ယားဟင်”

စိုင်းမာန်သစ်အငယ်လေးကို အသည်းယားစွာ ထိုကောင်လေးက ပြုံးကြည့်နေပြန်သည်။ စိုင်းမာန်သစ်ရဲ့ ဆံပင်ပျော့ပျော့လေးတွေကို တစ်ချက်ဖွရင်း ထိုကောင်လေးက ရင့်ကျက်စွာ စကားဆိုပြန်သည်။

“ဆော့ပေးမှာ အသစ် ဆန္ဒရှိရင် အသစ် မိန်းမရတဲ့ထိကို ဆော့ပေးဦးမှာ ကိုကိုက”

“မိန်းမရတဲ့အထိယား မိန်းမရတယ်ဆိုတာ ဘာယဲ”

“မိန်းမရတယ်ဆိုတာ အသစ်က ကောင်မလေးတစ်ယောက်နဲ့ အမြဲတမ်းတူတူနေသွားရမှာ”

စိုင်းမာန်သစ် အငယ်လေးက အလိုမကျစွာ နှုတ်ခမ်းကို စူလိုက်သည်။

“အသစ်က ကောင်မယေးနဲ့ နေချင်၀ူး အသစ်က တိုတိုနဲ့ပဲနေချင်တာယေ”

“ကိုကိုက အဲ့လို ဘယ်ဟုတ်မှာလဲ အသစ်ရဲ့  နောက်ကျ အသစ်သိလာမှာပါ”

“အဲ့တော့ တိုတိုကရော ကောင်မယေးနဲ့ နေမှာလားဟင် မြဲတမ်းလေ”

“နေချင်နေမှာပေါ့ အသစ်ရဲ့”

“ဟင့် ဟင့် အဟင့်”

ရုတ်တရတ် Lollipop ကို လက်မှာကိုင်ကာ ရှိုက်လာသော စိုင်းမာန်သစ်ကို ကြည့်ရင်း ထိုကောင်လေးက စိတ်ပူသွားရပြန်သည်။

“အသစ် ကလေးလေး ဘာဖြစ်လို့လဲ ဟင်”

မေးလိုက်မှ ရှိုက်ကြီးတငင်ငိုလာသော စိုင်းမာန်သစ်ကြောင့် ထိုကောင်လေး ပိုပြီးပင်ပြာပြာသလဲဖြစ်သွားရသည်။

“ဟင့် တိုတိုက အဲ့ကောင်မယေးနဲ့ မြဲတမ်းနေရင် ဟင့် အသစ်ကို ဟင့် ချစ်တော့ဘဲ ဟင့် နေမှာပေါ့ အီးဟီး”

“ဟောဗျာ” 

အခုဒီကလေးလေးက သူမိန်းမယူသွားမှာကို တွေးပြီး ငိုနေတာလား။ ထိုကောင်လေး စိုင်းမာန်သစ်ကို မနိုင်သလိုကြည့်ကာ ခေါင်းကို ရမ်းလိုက်သည်။ ပြီးမှ ပါးပြင်နုနုပေါ်က မျက်ရည်တို့ကို အသာဖယ်ပေးရင်း စကားဆိုရသည်။

“ကဲ မငိုတော့နဲ့ ကိုကိုက အသစ်နဲ့ဘဲ အမြဲတမ်းနေတော့မယ် ကောင်မလေးလည်း မရှာတော့ဘူး ဟုတ်ပြီလား နော်”

“တိုတို လိမ်”

“မလိမ်ရပါဘူး ကိုကိုမလိမ်ဘူး ကတိလေနော်”

“ဟင့် တကယ်လား?”

“အင်း တကယ် အသစ်နဲ့ပဲ တူတူနေမယ် အမြဲတမ်း”

“ဟီး ခစ်ခစ်”

ရုတ်တရတ် ပြန်လည်ရယ်မောလာသော စိုင်းမာန်သစ်သည် အတော်ကျေနပ်သွားဟန်ရှိတာကြောင့် ထိုကောင်လေးကပါ လိုက်ရယ်မိသည်အထိဖြစ်ရပြန်သည်။

“အသစ်က ချစ်စရာကောင်းလိုက်တာ”

________________________________________________________________

စိုင်းမာန်သစ် မျက်လုံးတွေကို မှိတ်ထားလည်း အိပ်မပျော်သည်မှာသေချာသည်။ ပါးစပ်ထဲက Lollipop ပင် သေးသေးလေးကျန်တော့မည်ထင်။

မျက်လုံးအစုံကို ဖွင့်လိုက်တော့ ပထမဆုံးကြည့်မိသည်က ဘေးက ဘုန်းပြည့်အာဏာကိုပင်။ ဟုတ်သည်။ ဘုန်းပြည့်အာဏာက ဘယ်ရပ်၀န်းမှာပဲ ဖြစ်နေနေ စိုင်းမာန်သစ် မျက်၀န်းတို့ရဲ့ လားရာသာဖြစ်သည်။

ရှပ်အင်္ကျီကို လက်ခေါက်တင်ကာ စီယာတိုင်ကို ကိုင်ထားသော လက်တစ်ဖက်သည် ဆွဲဆောင်မှု့ရှိသည်။ သို့မဟုတ် ထို့ထက်ပိုကောင်းပိုနိုင်သည်။ တုတ်ချောင်းသာကျန်နေတော့သော Lollipop ကို စိုင်းမာန်သစ် ပါးစပ်ထဲမှထုတ်လိုက်ကာ အမှိုက်အိတ်ထဲကို ထည့်လိုက်သည်။

လှုပ်လှုပ်ရှားရှားအမူအယာတွေကြောင့် ဘုန်းပြည့်အာဏာက သူ့ဘက်ကို တစ်ချက်လှည့်ကြည့်လာသည်။

“ဇိမ်ကျလိုက်တာနော်”

ရွဲ့ကာပြောမှန်းသိသော်လည်း ချေပချင်စိတ်က သိပ်မရှိဘူး ဖြစ်နေသည်။ စိုင်းမာန်သစ်ရဲ့ စိတ်အခြေအနေက လုံး၀ကို မှိုင်းညှို့နေတာမို့ ဆိတ်ဆိတ်သာနေလိုက်ပြီး ကားမှန်ဘက်ကိုသာ မျက်နှာပြန်အပ်ထားလိုက်သည်။ အခုလောက်ဆို သူတို့ထွက်လာတာ တစ်နာရီလောက်တောင်ရှိနေပြီ။

“ရောက်ဖို့လိုသေးလား ဥက္ကဌကြီး ကျွန်တော် တစ်လှည့်မောင်းပေးမယ်”

“မလိုတော့ဘူး ခဏနေ ရောက်မှာ”

“ဟုတ်”

ပြောကာ တစ်ဖန်ပြန်လှည့်သွားသော စိုင်းမာန်သစ်ကြောင့် ဘုန်းပြည့်အာဏာမှာ မရိုးမရွကဖြစ်ရသေးသည်။ ဒီကောင် ချက်ချင်းကြီး ဘာဖြစ်သွားတာလဲ။ တွေးရင်း သူပါ အလိုမကျဖြစ်လာကာ မျက်မှောင်ကြုတ်မိသွားရသည်။

စိုင်းမာန်သစ်ကို ဒုက္ခပေးချင်သော်လည်း သူကအရင် စိတ်ဒုက္ခရောက်နေရတာချည်း။ သိပ်တော့ အထာမကျနေဘူး။ ဘုန်းပြည့်အာဏာ ရုတ်တရတ် စိုင်းမာန်သစ် သူ့အနားရောက်လာရတဲ့ အကြောင်းအရင်းကိုတွေးမိသွားသည်။

အတွင်းရေးမှူးက သိပ်လိုသည်တော့မဟုတ်။ ဒီတိုင်းလည်း အဆင်ပြေနေသည့်အရာပင်။ ဒါကို စိုင်းမာန်သစ် ဖခင် ဦးစိုင်းတမာန်မျက်နှာနဲ့ သူ့ဦးလေးရဲ့  မျက်နှာကြောင့် စိုင်းမာန်သစ်ကို အလုပ်ခန့်လိုက်ရခြင်းပင်။

ဘုန်းပြည့်အာဏာရဲ့ ဦးလေးဆိုသူက ဦးစိုင်းတမာန်နဲ့ သူငယ်ချင်းအရင်းတွေဟု အရင်ကတည်းက ကြားထားရသလို နှစ်ယောက်လုံး အိမ်ထောင်အသီးသီးကျတာတောင်မှ အဆက်အသွယ်မပျက်ခဲ့ကြတဲ့သူတွေပင်။

အခုထိလည်း အဆက်အသွယ်ရှိနေဆဲ။ ဘုန်းပြည့်အာဏာမိခင် ဒေါ်လှ၀င်းနွယ် ရဲ့ မောင် ဦးလှမျိုးမြင့်သည် ဘုန်းပြည့်အာဏာအပေါ်တွင်လည်း အတော်အာဏာသက်ရောက်သူဖြစ်သည်။ ဘုန်းပြည့်အာဏာရဲ့ ဖခင် ဦးသီဟနိုင်ကတော့ ခပ်အေးအေးနေသူဖြစ်သည်။

ဦးလှမျိုးမြင့်က ကျောင်းပြီးကတည်းက သူ့မိန်းမနဲ့အတူ ဂျာမနီကို ထွက်သွားခဲ့သည်။ သူ့သား သျှင်ရဲအာဏာ ကလည်း ဘုန်းပြည့်အာဏာနဲ့ မတိမ်းမယိမ်းပင်။ နှစ်နှစ်လောက်တော့ ငယ်မည်ထင်။ ထို့ပြင် ဘုန်းပြည့်အာဏာနဲ့ သိပ်ဆက်ဆံရေးပြေလည်သူမဟုတ်။

ကွဲပြားတဲ့စရိုက်တွေနဲ့ သျှင်ရဲအာဏာကို ဘုန်းပြည့်အာဏာသဘောမကျ။ ဘုန်းပြည့်အာဏာက မျက်နှာတည်သလောက် သျှင်ရဲအာဏာက မျက်နှာရွှင်သူဖြစ်သည်။ ထူးဆန်းတာက အကြိုက်ချင်းက တအားတူနေသည်ပင်။

သျှင်ရဲအာဏာက မြန်မာပြည်ကိုသဘောကျတာကြောင့် ဒီမှာပ‌ဲကျောင်းတက်‌ေသးသည်။ ဂျာမနီကို သျှင်ရဲအာဏာအား သူ့အဖေ ပြန်ခေါ်သွားရခြင်း အကြောင်းအရင်းမှာ အဓိက အချက်က အိမ့်မှူးသော်နဲ့ ညိမလိုဖြစ်သွားခဲ့ခြင်းကြောင့်ဖြစ်သည်။ သျှင်ရဲအာဏာက Bisexual ဟု ခံယူထားသည်ကို ဘုန်းပြည့်အာဏာကတော့ တွေ့သမျှ ဘာလာလာဒေါင်းနေတာဟုသာ မြင်သည်။

ကဲထားပါတော့။ ပြောချင်တာက စိုင်းမာန်သစ်ကို သူ့ဦးလေးက အလုပ်ခန့်ပေးဖို့ ညကြီးမှာ ဖုန်းဆက်သည်။ ဘုန်းပြည့်အာဏာအနေနဲ့ တော်တော်လေးကို ဒေါပွသွားတာဖြစ်သည်။ စိုင်းမာန်သစ်က ငယ်လေးရဲ့ ရည်းစားဖြစ်လို့ သူမတည့်နေတဲ့အချိန်မှာ သူနဲ့အနီးဆုံးမှာ အလုပ်ခန့်ဖို့ပြောတော့ ဘုန်းပြည့်အာဏာငြင်းသည်။

သို့သော် ဘုန်းပြည့်အာဏာရဲ့ အဖေကလည်း တိုက်တွန်းတာရော။ စိုင်းမာန်သစ် အဖေမျက်နှာရော။ ဦးလှမျိုးမြင့် မျက်နှာရောကြောင့် သူနောက်ဆုံးတွင်တော့ ခေါင်းငြိမ့်လိုက်ရသည်သာ။

အစက အခု သူ့ဘေးခုံမှာ မျောက်မှိုင်မှိုင်နေတဲ့ ကောင်လေးကို ဒုက္ခပေးပြီး အလုပ်ကနေထွက်ပြေးသွားအောင်လုပ်မည်ဟုရည်ရွယ်ထားခြင်း။ အခုပြန်တွေးကြည့်တော့မှ ဒီသုံးလေးရက်အတွင်းမှာတောင် သူက နှိပ်စက်ခံနေရသလို။

ကားက စက်ရုံဆောက်မည့် မြေနေရာ၀ယ်ထားသော မြို့လေးအတွင်းသို့ ၀င်ရောက်လာသည်။ ဘာလို့ ဒီတစ်နာရီလောက်၀ေးတဲ့ နယ်မြို့လေးဆီက မြေနေရာကို ရွေးရတာလဲ ဆိုရင် ဘုန်းပြည့်အာဏာမှာ အကြောင်းပြချက်များစွာရှိပါသည်။

ခရီးလွန်ပြီး ရောက်ခဲ့တဲ့ ဒီနယ်မြို့လေးက အေးချမ်းသည်။ အကုန်လက်လုပ်လက်စားတွေပင်။ သို့သော် အကုန်လုံးက သာတူညီမျှ လူချမ်းသာစာရင်း၀င်လောက်သည့် လူတွေချည်းပင်။ ဖော်လည်းဖော်ရွေကြသည်။ 

အဓိကကတော့ Lollipop စက်ရုံရှိနေခြင်းဖြစ်သည်။ မိသားစုလုပ်ငန်းလေးဆိုပေသိ အတော်ကြီးသလို ကိရိယာကလည်း စုံလွန်းလှသည်။ နည်းနည်းလေး ပြုပြင်လိုက်ရုံနဲ့ ဘုန်းပြည့်အာဏာလိုချင်သည့် အနေအထားကို ရောက်သွားမည်ဖြစ်သည်။

တိုက်တိုက်ဆိုင်ဆိုင် ကံကောင်းလွန်းတဲ့ ဘုန်းပြည့်အာဏာအတွက် ထိုစက်ရုံ၏ မူလပိုင်ရှင်ဆုံးသွားတာကြောင့် သားတွေက ရောင်းချင်နေကြသည်။ ဒါကြောင့် ဘုန်းပြည့်အာဏာအတွက်ရွှေတွင်းတွေ့သလိုပင်။

“ရောက်ပြီ”

ဘုန်းပြည့်အာဏာ စက်ရုံအ၀ကို ကားထိုးလိုက်ရင်း စိုင်းမာန်သစ်ကို ပြောလိုက်သည်။ စိုင်းမာန်သစ်က အသာထရင်း ဘေးဘီကို ကြည့်ကာ ဘုန်းပြည့်အာဏာကို တစ်ဖန်ပြန်ကြည့်သည်။

“ဒီနေရာလား?”

“အင်း”

စိုင်းမာန်သစ်က အရင်ဆင်းလိုက်ကာ ဘုန်းပြည့်အာဏာကသာလျှင် ကားပေါ်မှာ လူမရှိတော့သည့် ထိုင်ခုံကိုကြည့်ရင်း ကျန်ခဲ့ရသည်။ အခု သူက ဥက္ကဌလား စိုင်းမာန်သစ်က ဥက္ကဌလားဆိုတာတောင် သိပ်မသဲကွဲတော့သလို။

“ဦးဘုန်းပြည့်အာဏာတို့ ရောက်လာကြပြီလား?”

အသက်ခပ်ငယ်ငယ် လူတစ်ယောက်က စက်ရုံအ၀ကနေ စီးကြိုနှုတ်ဆက်သည်။

“ဟုတ်ကဲ့ ကျွန်တော်က ဦးဘုန်းပြည့်အာဏာရဲ့ အတွင်းရေးမှူး စိုင်းမာန်သစ်ပါ စာချုပ်စာတမ်းကို တစ်ခါတည်းအပြီးဖြတ်သွားချင်ပါတယ် အခုတော့ စက်ရုံကို လှည့်ကြည့်ပါဦးမယ်ဗျ”

ခုဏက ဠင်းတမှိုင် မှိုင်နေတာ သူမဟုတ်သလိုပင် သွက်လက်စွာပြောသွားသော စိုင်းမာန်သစ်ကို ကြည့်ပြီး ဘုန်းပြည့်အာဏာ မျက်နှာမှာ ပြုံးရိပ်လေးသန်းသွားရသည်။ ဒီလိုကျတော့လည်း သူ့အတွင်းရေးမှူးက အလုပ်ကြိုးစားထားတာပင်။

“ဟုတ်ကဲ့ ကျွန်တော် လိုက်ပြပါ့မယ်”

စိုင်းမာန်သစ်က အတော်တော်တဲ့ လူဆိုတာ ဘုန်းပြည့်အာဏာ ချီးကျူးစပြုလာရသည်။ လိုက်ပြမယ့်သူနဲ့ တစ်တန်းတည်းသွားကာ စက်ရုံကို အသေးစိတ်ကြည့်သည်။ သူအဆင်သင့်ယူလာတဲ့ Ipad ထဲမှာ တကုတ်ကုတ်နဲ့ ရေးမှတ်သည်။

ဘုန်းပြည့်အာဏာပါသည်ကိုပင် အရေးမစိုက်တော့သည့်ပုံပင်။

စက်ရုံတစ်ခုလုံးကိုလှည့်ပတ်ကြည့်သည့် ကိစ္စကို စိုင်းမာန်သစ်ကပဲ ဦးဆောင်သွားတာဖြစ်သည်။

“ဦးဘုန်းပြည့်အာဏာတို့ကို ဒီကနေ့မလာလောက်ဘူးမှတ်နေတာ မုန်တိုင်းရှိတယ်ကြားလို့”

မုန်တိုင်းဆိုတဲ့ အသံကြောင့် ဘုန်းပြည့်အာဏာရော စိုင်းမာန်သစ်ရော မျက်ခုံးပင့်သွားရသည်။ သူတို့နှစ်ယောက်လုံး မုန်တိုင်းအကြောင်းမသိခဲ့‌ေချ။ အဲ့ဒီအချိန်မှာ အိတ်ကပ်ထဲက ဖုန်းမြည်သံကြောင့် ဘုန်းပြည့်အာဏာ ဖုန်းကို ထုတ်ကိုင်လိုက်သည်။

“ဟယ်လို ရမ်ခ ပြော”

“……..”

“ဟင်”

“…….”

“သြော် အင်း အင်း ဟုတ်ပြီ”

“……”

“အင်း”

“……..”

“အင်း”

ဘုန်းပြည့်အာဏာ ဖုန်းကို ချလိုက်ပြီးနောက် စိုင်းမာန်သစ်ကို အဓိပ္ပာယ်ပါပါကြည့်လိုက်သည်။ စက်ရုံပိုင်ရှင်သားကတော့ သူဖုန်းပြောနေကတည်းက စိုင်းမာန်သစ်ကို နှုတ်ဆက်ကာ ထွက်သွားပြီးဖြစ်သည်။

“ဘာတဲ့လဲ?”

“မုန်တိုင်းက တကယ်ရှိတာတဲ့ လာတဲ့လမ်းက ရေကျော်ပြီး သစ်ပင်တွေလဲနေတယ်တဲ့ ဘယ်လိုမှ ပြန်လို့ရမှာမဟုတ်ဘူး သူဒီက တည်းခိုခန်းတစ်ခုကို Booking လှမ်းချိတ်ပေးလိုက်မယ်တဲ့”

စိုင်းမာန်သစ် ခေါင်းကိုသာ ငြိမ့်လိုက်ကာ ကားစီကို သွားဖို့ပြင်လိုက်သည်။

“ဘယ်လဲ?”

“တည်းခိုခန်းကို ကားနဲ့ပဲသွားမှာမဟုတ်လား?”

ဒီကောင်လေးက တည်ငြိမ်လွန်းနေတယ်မဟုတ်လားဟု ဘုန်းပြည့်အာဏာ တွေးလိုက်မိသေးသည်။

@OliviaThet-Eleanor

_____________________________________________________

Tags: read novel Lollipop Chapter 11 – Unicode, novel Lollipop Chapter 11 – Unicode, read Lollipop Chapter 11 – Unicode online, Lollipop Chapter 11 – Unicode chapter, Lollipop Chapter 11 – Unicode high quality, Lollipop Chapter 11 – Unicode light novel, ,

Comment

Leave a Reply

Chapter 11