Lollipop Chapter 12 – Unicode

All chapters are in Lollipop
A+ A-

“သြော် အကုန်ပြည့်နေတာလားဗျ”

စိုင်းမာန်သစ်တို့ ရမ်ခလှမ်းပို့လိုက်တဲ့ တည်းခိုခန်းဆီသွားတော့ ပြဿနာက တက်တော့သည်။ နယ်မြို့လေးဖြစ်သည့်အပြင် တည်းခိုခန်းသာဖြစ်တာကြောင့် အခန်းကျယ်ကမရှိပေ။ တစ်ယောက်တစ်ခန်းစီငှားဖို့ပြင်တော့လည်း မုန်တိုင်းကြောင့် ကျန်တဲ့အခန်းတွေအကုန်လုံးက လူပြည့်နေတာဖြစ်နေပြန်သည်။

“ဟုတ်တယ်ဗျ တစ်ယောက်အိပ်ခုတင်ဆိုပေမယ့် ကျယ်ပါတယ် အားနာပါတယ် ဒါပဲရတော့မယ်ဗျ”

“အောက်မှာခင်းအိပ်ဖို့ တစ်ခုခုရော ရနိုင်မလားဗျ”

“စောင်နဲ့ဖျာတော့ပေးနိုင်ပါတယ် ဒါပေမဲ့ မိုးကလည်း အေးနေတာ တော်တော်ချမ်းလိမ့်မယ်ထင်တယ်”

“ရပါတယ် ကျွန်တော့်ကို အခန်းထဲ အဲဒါလေးသာ ထည့်ပေးပါဗျ”

စိုင်းမာန်သစ် ၀န်ထမ်းကောင်လေးကို ပြောကာ ဘုန်းပြည့်အာဏာရှိရာ တည်းခိုခန်းရှေ့သို့

“ဥက္ကဌကြီး အခန်းက တစ်ခန်းပဲရတယ်ဗျ”

“အင်း သွားမယ်လေ”

စိုင်းမာန်သစ်ကပဲ ဦးဆောင်ပြီး ယူထားတဲ့ အခန်းရှိရာကို သွားလိုက်သည်။ အခန်းက အကျယ်ကြီးမဟုတ်ပင်မဲ့လည်း တအားကျဥ်းနေတာမျိုးမဟုတ်လို့ အသက်ရှူချောင်သွားသည်။ ရေချိုးခန်းပါတွဲပါတာမို့ အဆင်တော်တော်ပြေသည်ဟု ပြောလို့ရသည်။

“ဥက္ကဌ ကျွန်တော် လိုအပ်တာတွေ သွား၀ယ်လိုက်ပါဦးမယ် အင်္ကျီတစ်စုံနှစ်စုံလောက်ရော ဒီမှာနားနေခဲ့ပါဗျ”

စိုင်းမာန်သစ်ရဲ့ အေးစက်နေမှု့ကြီးက ဘုန်းပြည့်အာဏာကို အတော်ပင်နေရခက်စေသည်။ သွားတွေပေါ်အောင် ပြုံးနေတတ်သူရဲ့ နှုတ်ခမ်းတွေက တွန့်ချိုးမှု့ ကင်းမဲ့နေတဲ့အခါ သိပ်အထီးကျန်ဆန်လွန်း၏။ ဘုန်းပြည့်အာဏာအနေနဲ့ လက်နဲ့သာ ဖြဲပြီး ပြုံးခိုင်းချင်နေမိသည်။

သူတွေးနေတုန်းမှာပင် စိုင်းမာန်သစ်က တံခါးကိုဖွင့်လို့ အပြင်ထွက်မည်ပြုနေပြီဖြစ်သည်။

“စိုင်းမာန်သစ်”

“ဗျာ ဘာမှာစရာရှိလို့လဲဗျ”

‘တွေ့လား တွေ့လား အဲဒီကောင်‌ေလးတအားယဥ်ကျေးနေတာ။ မုန်တိုင်းရှိတယ်ဆိုလို့များ မိုးကြိုးပစ်မှာကြောက်လို့များလား။ ဒါကသိပ်မဖြစ်နိုင် ကားပေါ်မှာကတည်းက ငြိမ်နေတာ။’

ဘုန်းပြည့်အာဏာ စိုင်းမာန်သစ်ကို မျက်မှောင်ကုတ်ကာကြည့်ရင်း တွေးနေခြင်းဖြစ်သည်။

“ဥက္ကဌ မှာစရာမရှိရင် ကျွန်တော်သွားလိုက်ဦးမယ်နော်”

စိုင်းမာန်သစ်က အပြောနဲ့အလုပ်နဲ့ညီစွာ တံခါးကနေထွက်သွားပြီဖြစ်သည်။ ထိုအခါမှ ဘုန်းပြည့်အာဏာလည်း အသိ၀င်လာပြီး ခုဏတင်ကမှ ချွတ်ထားတဲ့ အပေါ်ကုတ်ကို လွှားကနဲ့ ၀တ်ကာ စိုင်းမာန်သစ်နောက်ကို ခပ်သွက်သွက်လိုက်ရတော့သည်။

“စိုင်းမာန်သစ်”

ဘုန်းပြည့်အာဏာက အသံထွက်ခေါ်လိုက်တော့ စိုင်းမာန်သစ်က ပြန်လှည့်ကာကြည့်သည်။ ဘာလဲဆိုတဲ့ မေးခွန်းကို မျက်လုံးတွေမှာ ချိတ်ဆွဲလျှက် ဘုန်းပြည့်အာဏာကို စိုက်ကြည့်နေလေသည်။

“ငါရောလိုက်ခဲ့မယ် လမ်းလျှောက်ရအောင် မြို့ထဲ”

“ဒါပေမဲ့”

“ဒါပေမဲ့တွေဘာတွေလုပ်မနေနဲ့ သွားမယ်”

ကုတ်အင်္ကျီကို တစ်ချက်ခါလိုက်ကာ ရှေ့ကထွက်သွားသော ဘုန်းပြည့်အာဏာကို ကြည့်လိုက်ကာ နှုတ်ခမ်းက ရေးရေးလေးပြုံးမိသွားရပြန်သည်။

___________________________________________________________

ထိုနယ်မြို့လေးမှာ ညစျေးတန်းတစ်ခုရှိကြောင်းကို ဒေသခံတွေပြောပြသဖြင့်သိရသည်။ ဘုန်းပြည့်အာဏာရော သူရော သွားဖို့စိတ်အားထက်သန်နေတာကြောင့် ညစျေးကိုလည်ဖို့ ဆုံးဖြတ်ချက်ချလိုက်ကြသည်။

လမ်းဘေးစျေးသည်ဆိုသည့်အတိုင်း တွန်းလှည်းလေးတွေနဲ့ မီးဆိုင်းကလေးတွေ တပ်ကာ ကိုယ်စီရောင်းနေကြခြင်းဖြစ်သည်။ စိုင်းမာန်သစ်ရဲ့ မှိုင်းတွေနေတဲ့ စိတ်တွေပင် လန်းဆန်းသွားသလို ခံစားလိုက်ရသည်။

ဘုန်းပြည့်အာဏာကတော့ ၀တ်စုံပြည့်နဲ့ ရှိုးလျှောက်သလို လျှောက်နေတုန်းပင်။

“ဥက္ကဌ ဒီလို ညစျေးလည်ဖူးလား?”

“ဟင့်အင်”

“တကယ်ကြီးလား?”

“အင်း”

“ဟုတ်သား ဥက္ကဌက ရွှေဇွန်းကိုက်မွေးလာရတာပဲ”

“မင်းကကျ ရွှံ့တောထဲမွေးလာရတာကျနေတာပဲ”

ဘုန်းပြည့်အာဏာရဲ့ ပြန်ကလန်မှု့ကို ကြားတော့ စိုင်းမာန်သစ် ရယ်မိသွားပြန်သည်။

“ဥက္ကဌကကျ အခုလိုငယ်ငယ်လေးနဲ့တောင် ဥက္ကဌဖြစ်လာရတာလေ ပြီးတော့ အင် မသိတော့ဘူး ဘယ်လိုပြောရမှန်း”

“မင်းဟာကလည်း”

“ဒုတ်ထိုးထင်တယ် သွားစားရအောင်”

“ငါလမ်းဘေးစာတွေမစား”

“လာပါ”

အတင်းလက်မောင်းကို ဆွဲခေါ်သွားသော စိုင်းမာန်သစ်ကြောင့် ဘုန်းပြည့်အာဏာမှာ ငြင်းချိန်များများစားစားမရလိုက်ပါလေ။

“အန်တီ တစ်ချောင်းကို ဘယ်လောက်လဲ?”

“တစ်ရာပဲ သားလေး ဒီကမဟုတ်ဘူးထင်တယ်”

“ဟုတ်တယ်ဗျ ကျွန်တော်တို့က ဒီကမဟုတ်ဘူး အလုပ်ကိစ္စရှိလို့လာတာ”

၀က်သားဒုတ်ထိုးသည် အန်တီကြီးကို ပြုံးရယ်ပြကာ စိုင်းမာန်သစ်ပြောလိုက်သည်။

“သြော် ကြိုက်တာယူစား အချဥ်က ဒီမှာ ဟင်းရည်လည်း ခပ်သောက်”

“ဥက္ကဌ ဒါစားကြည့်”

စိုင်းမာန်သစ်က တုတ်ချောင်းတွေ အများကြီးထဲကမှ တစ်ချောင်းကို အချဥ်ရည်ထဲနှစ်ကာ ဘုန်းပြည့်အာဏာရှေ့ ထိုးပေးတော့ ဘုန်းပြည့်အာဏာက ကြောက်လန့်တကြားနောက်ဆုတ်သည်။

“ဘာကြီးလဲ?”

“အသည်း”

“ဟင်”

“၀က်အသည်းလေ စားကြည့်ပါ ကောင်းတယ်”

“၀က်အသည်း ငါမစား အွန့်”

ငြင်းဖို့ပြင်နေစဥ်မှာပင် စိုင်းမာန်သစ်က ဘုန်းပြည့်အာဏာပါးစပ်ထဲကို ထိုးသွတ်ပေးပြီးပြီဖြစ်သည်။ ထို့နောက် ဘုန်းပြည့်အာဏာကို ကြည့်ကာ ပါးစပ်ကို လက်နှင့်အုပ်ပြီး တခစ်ခစ်ရယ်နေသေးသည်။ ဘုန်းပြည့်အာဏာက သူ့ပါးစပ်ထဲရောက်နေတဲ့ အသည်းတုံးကို ကြောက်လန့်တကြီး တစ်ချက်ချင်း ၀ါးနေမိသည်။

“ဘယ်လိုလဲ ကောင်းတယ်မို့လား?”

စိုင်းမာန်သစ်က သူ့ပါးစပ်ထဲကိုလည်း တစ်ချောင်းထည့်လိုက်ရင်း ဘုန်းပြည့်အာဏာကို မျက်စပစ်ကာ မေးလိုက်သည်။ ဘုန်းပြည့်အာဏာက ပါးစပ်ထဲကဟာကို တမြုံ့မြုံ့၀ါးရင်း စိုင်းမာန်သစ်ကို ကြည့်ကာပြန်ဖြေသည်။

“အင်း မဆိုးပါဘူး”

“ရော့ပါ ကြိုက်တာယူစားလို့ရတယ် ကျွန်တော်ယူပေးတာ စောင့်မနေနဲ့”

“ကြိုက်တာယူစားလို့ရတယ်ပေါ့”

“အင်း”

“အလကားလား?”

စိုင်းမာန်သစ် နောက်ထပ်ယူထားတဲ့ ၀က်နားရွက်ကို ကိုက်ရင်း ဘုန်းပြည့်အာဏာကို လှည့်မော့ကြည့်ကာ မျက်လုံးပြူးလေးနဲ့ ကြည့်နေသည်။ ဒီလူကြီး ဘယ်လိုတောင်ပြောလိုက်တာလဲ။

“အလကားကျွေးရင် အန်တီဘာသွားစားရမှာတုန်း သားရယ်”

၀က်သားဒုတ်ထိုးသည် အန်တီကြီးက ရွှတ်နောက်နောက်နဲ့ ဘုန်းပြည့်အာဏာကို ပြောသည်။ ဘုန်းပြည့်အာဏာကလည်း မျက်မှောင်ကြုတ်ကာ စိုင်းမာန်သစ်ကို ပြန်ကြည့်သည်။

“ကဲ စားပါ ကျွန်တော် ရှင်းပါ့မယ်”

လမ်းဘေးစာမစားတတ်တဲ့ ဘုန်းပြည့်အာဏာက ၀က်သားဒုတ်ထိုးကို အချောင်းနှစ်ဆယ်ပြည့်အောင် စားခဲ့ပါသည်။ ဒါတောင် ထပ်စားဦးမည်လုပ်နေတာကြောင့် စိုင်းမာန်သစ်က ချီးပန်းလိမ့်မည်ဟု ပြောကာ ပိုက်ဆံရှင်းပြီး ၀က်သားတုတ်ထိုးဆိုင်ရှေ့က အတင်းဆွဲခေါ်လာခဲ့ရသည်။

_____________________________________________________

“အာ အရေးကြီးတာ မေ့တော့မလို့ အင်္ကျီ၀ယ်ရဦးမယ် မနက်ဖြန်၀တ်ဖို့ ည၀တ်အိပ်ဖို့ရော နှစ်စုံစီလောက်”

စိုင်းမာန်သစ်က တစ်ယောက်တည်းပြောကာ ဘုန်းပြည့်အာဏာကိုပင် မစောင့်ဘဲ အင်္ကျီဆိုင်ကိုရှာကာ တန်း၀င်သွားလေသည်။ ဘုန်းပြည့်အာဏာလည်း ထိုအကောင်ပေါက်နောက်ကို ကောက်ကောက်ပါအောင် လိုက်ရလေတော့သည်။

“ဘာလို့ ငါ့ကို မစောင့်တာလဲ?”

“ဟီး လောသွားလို့”

ပြောကာ သူ့ကို ဂရုမစိုက်တော့ဘဲ အ၀တ်တန်းကို လှန်လှောနေသော စိုင်းမာန်သစ်ကို ကြည့်ရင်း ဘုန်းပြည့်အာဏာပါပျော်လာရသည်အထိ။

“ဥက္ကဌ ၀တ်နေကျဟာတွေလောက်တော့ မကောင်းပေမယ့် ကျွန်တော် အသားကောင်းတာလေးတွေရွေးထားတယ် ဒါတော်လောက်လား ဟင် ဒါရော ခဏ ဟိုနားကဟာလေး”

အင်္ကျီတွေကို ဖြုတ်လာလိုက် ဘုန်းပြည့်အာဏာရင်ဘတ်နဲ့ကပ်ကြည့်လိုက် စိတ်တိုင်းမကျရင် ပြန်သွားထားလိုက် နောက်တစ်စုံယူလာလိုက်နဲ့ အလုပ်ရှုပ်နေသော စိုင်းမာန်သစ်သည် ခုဏက မှိုင်တွေနေတဲ့ စိုင်းမာန်သစ်ထက် အဆပေါင်းများစွာ ချစ်ဖို့ကောင်းပါသည်။

“ရပြီ ရပြီ ဒါ သဘောကျလား ဥက္ကဌ”

ရှပ်အင်္ကျီအနက်ရောင်လက်ရှည်ကို ရင်ဘတ်နဲ့ကပ်ကာ မေးနေသောစိုင်းမာန်သစ်ကို အပေါ်စီးကနေ ဘုန်းပြည့်အာဏာငေးကြည့်နေမိသည်။

“ဥက္ကဌ မကြိုက်ဘူးလား ဒီမှာ ဒါက အသားအကောင်းဆုံးလို့ထင်တာပဲ မကြိုက်ရင် ကျွန်တော်နောက်တစ်ထည်သွားယူလိုက်မယ် ခဏ”

“နေဦး”

အတင်း လှည့်ထွက်သွားသော စိုင်းမာန်သစ်ရဲ့ လက်တစ်ဖက်ကို ဘုန်းပြည့်အာဏာအမိအရလှမ်းဆွဲလိုက်ရသည်။ စိုင်းမာန်သစ်က သူ့ကို ဆွဲထားသော ဘုန်းပြည့်အာဏာကို လှည့်ကာကြည့်ရင်း သူ့မူပိုင် မျက်လုံးပြူးဖြင့် ပြန်ကြည့်သည်။

“အဲဒါယူခဲ့ ကြိုက်တယ်”

“ကြိုက်တယ်လား တော်ပါသေးရဲ့ ဒါဆို ဒါယူလိုက်မယ် နေဦး ည၀တ်ဖို့ ရှာလိုက်ဦးမယ် ဥက္ကဌညောင်းနေပြီလား ညောင်းရင် ဟိုနားက ခုံယူထိုင်လိုက် ကျွန်တော် သွားရှာလိုက်ဦးမယ်”

ဆိုကာ တစ်ခါလှစ်ကနဲ့ ထွက်သွားပြန်သော စိုင်းမာန်သစ်ကို ကြည့်ရင်း ဒီကောင်လေး မမောဘူးလားလို့ ဘုန်းပြည့်အာဏာတွေးလိုက်မိသည်။ စိုင်းမာန်သစ်အတွက်က မောလို့မောရမှန်း မသိတဲ့ အလုပ်တစ်ခုကို လုပ်နေရတာမို့ ပြုံးဖြီးနေသည်သာ။

“ဒါကောင်းမယ်ထင်တယ် ဘောင်းဘီကတော့ ဒီနှစ်ထည်ယူလာတယ် ဒါက ည၀တ်အိပ်ဖို့ ဒါက မနက်ဖြန်ဖို့ အဆင်ပြေရဲ့လား?”

အားကြိုးမာန်တက်နဲ့ ဘုန်းပြည့်အာဏာကို အ၀တ်တွေကို ပြနေသေးသော်လည်း စိုင်းမာန်သစ်နဖူးမှာ ချွေးတွေပင် စို့နေလေပြီ။ ချွေးစိုကာ ရှေ့ကိုချထားတဲ့ ဆံစတို့ပင် အချောင်းလိုက်ဖြစ်နေပြီဖြစ်သည်။

“ရတယ် ဒါပဲ ယူခဲ့တော့”

“ဟုတ် ဟုတ် ဒါဆို ကျွန်တော် ပိုက်ဆံသွားရှင်းလိုက်ဦးမယ်လေ”

“နေဦး မင်းအတွက်ကရော?”

“ဟုတ်သား”

“နေ နေ ငါသွားရွေးပေးမယ် မင်းကြည့်ရတာ တော်တော်မောနေပြီ”

“မမောသေး”

“တော်တန်တိတ်”

“ဟုတ်”

“အဲ့ဒီ အင်္ကျီတွေပါပေးလိုက် တစ်ခါတည်းရှင်းခဲ့မယ်”

“ဟုတ်”

ဘုန်းပြည့်အာဏာက အ၀တ်နှစ်စုံကို ယူလာကာ စိုင်းမာန်သစ်စီလှမ်းလာသည်။ အဖြူရောင် ရှပ်အင်္ကျီကို စိုင်းမာန်သစ်နဲ့ ကပ်ကြည့်ကာ ခေါင်းတငြိမ့်ငြိမ့်နဲ့ ကောင်တာကို ပြန်သွားသည်။ စိုင်းမာန်သစ်ကို ဘာမှပင်မပြော။ ထို့နောက် အ၀တ်ထုပ်နှစ်ထုပ်ကို ဆွဲလာကာ စိုင်းမာန်သစ်ကို ကမ်းပေးလိုက်သည်။

_________________________________________________

“ဥက္ကဌ ဗိုက်မဆာဘူးလား ညနေစာ၀က်သားတုတ်ထိုးတင်စားထားတာမို့လား?”

“အင်း နည်းနည်း”

“လာ ဟိုတွန်းလှည်းက ခေါက်ဆွဲပြုတ်ရောင်းတာထင်တယ် သွားစားရအောင်”

ဒီတစ်ခါလည်း ဘုန်းပြည့်အာဏာက စိုင်းမာန်သစ်ရဲ့ ဆွဲခေါ်သွားမှု့နောက်မှာ တရွတ်တိုက်ပါသွားရသည်သာပင်။ အသင့်စားခေါက်ဆွဲပြုတ်ကို ရိုးရိုးတန်းတန်းပြုတ်ထားတာမဟုတ်ဘဲ အသီးအရွက်တွေ၊ ပုဇွန်တွေနဲ့ သေချာပြုတ်ထားခြင်းဖြစ်သည်။

ပန်းကန်နဲ့ထည့်ပေးတာမျိုးမဟုတ်ဘဲ တစ်ခါသုံးစက္ကူခွက်နဲ့ သေချာထည့်ပေးထားတာမို့ တကယ်ချစ်စရာအပြင်အဆင်ပင်။

“ရော့ ဥက္ကဌအရင်စားကြည့်”

တူကို အသင့်ဖောက်ပေးကာ အရင်ရတဲ့ ခေါက်ဆွဲတစ်ပွဲကို ဘုန်းပြည့်အာဏာလက်ထဲထည့်ပေးလိုက်သည်။ ဘုန်းပြည့်အာဏာက လှမ်းယူလိုက်ကာ စက္ကူခွက်က ပူတာကြောင့် ရုတ်တရတ်လွှတ်ချလိုက်မိသွားသည်။

“အာ့”

“ဟင် ပူသွားတာလား ပြပါဦး လက်ရော အပူလောင်သွားသေးလား? ပူနေတာကို ကျွန်တော်ပြောဖို့မေ့သွားတာ ဥက္ကဌကလည်း ဂရုလည်းမစိုက်ဘူး တော်သေး ဘာမှတော့ဖြစ်မသွားလို့ သေချာအာရုံစိုက်ကိုင်မှပေါ့ ပူနေမှန်း တကယ်မသိတာလား? နေဦး နောက်တစ်ပွဲလုပ်ခိုင်းလိုက်ဦးမယ် ဦးလေးကြီး နောက်ထပ်တစ်ပွဲထပ်ပြင်ပေးပါဗျ”

စိုင်းမာန်သစ်က အခု ပွစိပွစိနဲ့ သူ့ကို ဆူနေတာဖြစ်သည်။ ဘုန်းပြည့်အာဏာ အံ့သြကြီးစွာသူ့လက်ကို ကိုင်ကာ ဘက်စုံအောင်လှန်ကြည့်နေသော စိုင်းမာန်သစ်ရဲ့ လက်သွယ်သွယ်တို့ကို ကြည့်ရင်း တစ်ချက်ရယ်မိသွားသည်။

စိုင်းမာန်သစ်က အခြားသူတွေနဲ့ ယှဥ်ရင် လူကောင်မသေးသော်လည်း ဘုန်းပြည့်အာဏာနဲ့ ယှဥ်ရင်တော့ ကလေးလေးလိုဖြစ်သွားသည်သာ။

“ရပြီ နေဦး ခဏ ကျွန်တော် မှုတ်ပေးမယ်”

ခေါက်ဆွဲဘူးကို စိတ်ရှိလက်ရှိ အအေးခံပြီးတော့မှသာ ဘုန်းပြည့်အာဏာလက်ထဲကို ထည့်ပေးသော စိုင်းမာန်သစ်ပါလေ။

“ရော့ ရပြီ စားတော့”

@OliviaThet-Eleanor

___________________________________________________________________________

Tags: read novel Lollipop Chapter 12 – Unicode, novel Lollipop Chapter 12 – Unicode, read Lollipop Chapter 12 – Unicode online, Lollipop Chapter 12 – Unicode chapter, Lollipop Chapter 12 – Unicode high quality, Lollipop Chapter 12 – Unicode light novel, ,

Comment

Leave a Reply

Chapter 12