Lollipop Chapter 16 – Unicode

All chapters are in Lollipop
A+ A-

မိုးရေတွေကြားထဲ ဘယ်လောက်ထိရပ်နေမိခဲ့မှန်း စိုင်းမာန်သစ်ကိုယ်တိုင်ပင် တကယ်မသိ။ သူအသိ၀င်လာတော့ မိုးကတောင်တိတ်သွားပြီ။ စိုင်းမာန်သစ်ရဲ့ အင်္ကျီပင် ခြောက်စပြုနေလေပြီ။ မျက်ရည်တွေလည်း ပါးပေါ်မှာ ခြောက်နေလေပြီ။

သူ့အတွက် မျှော်လင့်ချက်ဆိုတာလည်းမရှိတော့သလို ဘာမှပင်မရှိတော့။ မိုက်မဲစွာ ဖွင့်ဟပြောမှု့ကိုပဲ နောင်တအထပ်တလဲလဲရသည်။

အလုပ်ကရော ပြုတ်မှာလား။ ဒီကိစ္စကို ပါပါးသိသွားရင်ရော သူ့ကို ဘယ်လိုပြောမှာလဲ။

အပြစ်မပြောလောက်ဘူးဆိုတာကိုသိပေမဲ့ သူ့ကြောင့် ပါပါးမျက်နှာဘယ်လောက်တောင် သိမ်ငယ်လိုက်ရမလဲ။ အထူးသဖြင့် ဘုန်းပြည့်အာဏာဆီမှာ။ သူ တည်းခိုခန်းကို ပြန်သွားဖို့မ၀ံ့ရဲဘူး။ လှည့်ထွက်သွားတဲ့နောက်ကျောကို မျက်နှာချင်းဆိုင်ဖို့ မဖြစ်နိုင်သေးဘူး။

တစ်ဇွတ်ထိုး ရှေ့ဆက်တိုးမှု့တွေ နောက်မှာ ဒီခဏလေးအတွင်းမှာတောင် သူက အလဲလဲအပြိုပြိုဖြစ်နေရတာဖြစ်သည်။ ခံစားချက်တွေကို ရှေ့တန်းတင်ဖို့ ဆုံးဖြတ်လိုက်မိတိုင်း တစ်ခဏလေးအတွင်းမှာပင် အကျိုးဆက်က အငွေ့ပျံသွားချင်စိတ်တွေ တရစပ်ဖြစ်ပေါ်စေသည်။

ဒါကြောင့် တိတ်တိတ်ကလေးပဲ ချစ်နေသင့်တာပါ။

လေအေးတစ်ချက်၀ှေ့လာတဲ့အချိန်မှာတော့ စိုင်းမာန်သစ် အဲ့ဒီနေရာကနေထွက်သွားဖို့ပြင်မိသည်။ အချိန်အကြာကြီးရပ်ထားရတဲ့ ခြေထောက်ကြောင့် တစ်လှမ်းလှမ်းလိုက်ရုံနဲ့တင် ပျော့ခွေကာကျသွားရသည်။ အဲ့သလိုဖြစ်တော့ မနေ့က သူလမ်းမလျှောက်နိုင်လို့ ပွေ့ချီသွားခဲ့တဲ့ ဘုန်းပြည့်အာဏာကို အတွေးထဲထည့်မိပြန်သည်။

တကယ်ပဲ စိုင်းမာန်သစ်ဟာလေ။ အပြစ်လို့ဆိုရလေမလား သူက လိုက်ပြီး အပြုအမူတစ်ခုချင်းဆီကို ခံစားခဲ့တာမို့ ထိုသူနဲ့ အတော်လေးနီးစပ်ခဲ့ပြီထင်ခဲ့တာ။ မိုက်မဲလွန်းတာပါ။ အကုန်လုံးဟာ သူ့အပြစ်တွေပါ။

မျက်ရည်တွေက တစ်ဖန်စီးကျလာသည်။ မိုးကတော့ နောက်တစ်ခေါက်ထက်မရွာတော့ချေ။ သူ ဘုန်းပြည့်အာဏာကို မျက်နှာချင်းဆိုင်ဖို့ ဒီခဏတော့ ရှိုက်ကြီးတငင်ငိုလို့ရသည်ဟုသူထင်သည်။ ထိုင်လျက်နဲ့ပင် ငိုလိုက်မိတာ မျက်ရည်တွေက အဆက်မပြတ်။ နှလုံးသားတစ်ခုလုံးတင်းကြပ်နေပြီး ခံရခက်နေသည်။

သူလည်း ပိုင်ဆိုင်ချင်မိပါသည်။

____________________________________________________________

စိုင်းမာန်သစ် တည်းခိုခန်းကို ဘယ်လိုရောက်လို့ရောက်ခဲ့မှန်းမသိ ပြန်ရောက်လာခဲ့သည်။ ချိနဲ့နေတဲ့ ခြေထောက်တွေကို အားပြုပြီး ကောင်တာက ကောင်လေးကို ပြုံးပြလိုက်သည်။ သူ၀အောင်ငိုခဲ့ပြီးပြီ။

“ဟင် အစ်ကိုက မပြန်သေးဘူးလား?”

စိုင်းမာန်သစ် နားမလည်စွာ စားပွဲထိုးကောင်လေးကို ကြည့်လိုက်တော့ ထိုကောင်လေးကလည်း နားမလည်နိုင်စွာပြန်ဖြေသည်။

“အစ်ကိုနဲ့ပါလာတဲ့ တစ်ယောက်က ကားနဲ့မနက်ကတည်းကထွက်သွားပြီ အစ်ကိုရောပါသွားပြီမှတ်လို့ ကျွန်တော် အခန်းကိုတောင်ရှင်းတော့မှာ”

စိုင်းမာန်သစ်စိတ်တွေရှုပ်ထွေးလာရသည်။ အဲဒီလောက်ထိလိုလို့လား။ သူက ဘုန်းပြည့်အာဏာအပေါ် မရိုးမသားစိတ်ရှိနေတယ်ဆိုတဲ့ အချက်က သူနဲ့တစ်ကားထဲစီး မပြန်ချင်လောက်အောင်ထိ။ သူကို ဒီမြို့မှာ ပစ်ထားခဲ့လောက်အောင်ထိ လိုအပ်လို့လား။

သို့သော်လည်း ကိုယ့်သိက္ခာကိုယ်ဆည်ရဦးမည်ဖြစ်တာကြောင့် ကောင်တာကကောင်လေးကို လုပ်ပြုံးလေးထပ်ပြုံးပြလိုက်ပြီး ပြောလိုက်သည်။

“ဟုတ်တယ် ဥက္ကဌက အရေးကြီးကိစ္စရှိလို့ အမြန်ပြန်သွားရတာ အစ်ကိုက အလုပ်လေးရှိသေးလို့ နေခဲ့ရတာ”

“သြော် ကျွန်တော်ကမသိလို့ အခန်းတောင်သွားရှင်းတော့မလို့ တော်သေးတယ်”

စိုင်းမာန်သစ် ပြုံးသာပြခဲ့လိုက်ပြီး အခန်းထဲကို ၀င်လာခဲ့သည်။ အရာမယွင်းတဲ့ အခန်းအနေအထားကြောင့် ဘုန်းပြည့်အာဏာ အခန်းထဲကိုပင် ၀င်မသွားမှန်းသိလိုက်ရသည်။ တစ်ခုခုတော့လွဲနေပြီ။

သူကသာ မျက်နှာချင်းမဆိုင်ရဲလို့ အလဲလဲအပြိုပြိုဖြစ်ရတာ။ ဘုန်းပြည့်အာဏာက ဒီလောက်ထိ တုန့်ပြန်မှု့များလောက်တဲ့ အနေအထားမှာမဟုတ်။ စိုင်းမာန်သစ် မျက်မှောင်ကြုတ်လိုက်ကာ မနက်ကတည်းက အခန်းထဲကိုထားခဲ့တဲ့ ဖုန်းဆီသွားလိုက်သည်။

ခေါ်ထားတဲ့ Missed Calls များစွာက စောမင်းသိုက်ဆီမှ။ သူအခုမှသတိရသည်။ သူတို့နှစ်ယောက် ထွက်ပြေးဖို့လုပ်ထားတာ အဆင်မှပြေရဲ့လားမသိ။ ပြန်ဆက်တော့ ဖုန်းက ဆက်သွယ်မှု့ဧရိယာပြင်ပ။

စိုင်းမာန်သစ် ဖုန်းကို မွေ့ရာပေါ်အသာချလိုက်ပြီး သူလည်း ကန့်လန့်ဖြတ်လှဲချလိုက်သည်။ မျက်ရည်တွေလည်း မကျတော့သလို ဘာခံစားချက်မှလည်း မရှိတော့။

သူဘုန်းပြည့်အာဏာကို ချစ်သေးလားဆိုရင်တော့ ချစ်တာထက်ကို ပိုနေသေးတာပင်။ အတွေးတွေကတော့ ခေါင်းထဲမှာ တ၀ဲလည်လည် ဖြစ်နေသေးသော်လည်း စိတ်ကတော့ အတော်လေးငြိမ်သွားပြီဖြစ်သည်။ စိုင်းမာန်သစ်ဘာလုပ်ရမလဲဆိုတာ ခေါင်းအေးအေးစဥ်းစားသည်။

မိုးမိလာတဲ့ အင်္ကျီက အကုန်တောင် ပြန်ခြောက်နေပြီမို့ လဲစရာမလိုတော့။ နေမကောင်းဖြစ်မှာတော့ သေချာသည်။ ခေါင်းကလည်း တဆစ်ဆစ်နဲ့။ မွေ့ယာပေါ်တင်ထားတဲ့ ဖုန်းကို လှမ်းယူလိုက်ပြီး နှိပ်လိုက်တဲ့ ဖုန်းနံပါတ်က ရမ်ခ။

“ဟယ်လို”

“ဟယ်လို ကိုရမ်ခ ကျွန်တော်ပါ စိုင်းမာန်သစ်”

“ဟုတ်ကဲ့”

“ဟို ဥက္ကဌ ပြန်ရောက်ပြီလားလို့”

ဘယ်လောက်ဘဲ စိတ်ငြိမ်ငြိမ်ထားပါတယ်ပြောပြော သူ့အကြောင်းခေါင်းထဲရောက်လာတာနဲ့ အသံက တုန်ယင်နေဆဲဖြစ်၏။

“ကိုစိုင်းမာန်သစ်က အဲ့ဒီမှာကျန်နေခဲ့တာလား?”

“ဟုတ်တယ် ဥက္ကဌရော”

ရူးမိုက်စွာနဲ့ပဲ သူက ဘုန်းပြည့်အာဏာကို စိတ်ပူနေဆဲဖြစ်သည်။ ဘုန်းပြည့်အာဏာရဲ့ အခြေအနေကို သိချင်နေဆဲဖြစ်သည်။ မရပ်မနားပင် ထိုလူ့ကို ခေါင်းထဲထည့်ထားမိနေဆဲဖြစ်သည်။

“အာ ပြောရမှာတော့ နည်းနည်းရှုပ်တယ် ဥက္ကဌက အခုသူ့အိမ်ရောက်သွားပြီ မမလေးက ကောင်လေးနဲ့ ထွက်ပြေးသွားလို့”

“ဟင် မမလေးက ဘယ်သူလဲ”

“ဥက္ကဌ မွေးစားညီမပါ”

ဘုန်းပြည့်အာဏာက သူဖွင့်ပြောလို့ စိတ်ဆိုးသွားတာမဟုတ်ဘဲ သူ့ညီမ ယောက်ျားနောက်လိုက်ပြေးလို့ ပြန်ပြေးသွားတာဟု သိလိုက်ရချိန်တွင် စိတ်သက်သာရာရသွားရသည်။ ကြည့်ပါဦး သူမျှော်လင့်ချက်ထားမိပြန်ပြီ။

“သြော်”

“ကိုစိုင်းမာန်သစ်ရှင်းသွားအောင် အချက်အလက်တွေ ကျွန်တော် ဖုန်းထဲကိုပို့လိုက်ပါ့မယ်”

နေဦး။ ဘုန်းပြည့်အာဏာ ညီမယောက်ျားနောက်လိုက်ပြေးတာကို သူက ဘာတွေရှင်းဖို့လိုသေးတာလဲဆိုတာကို စိုင်းမာန်သစ်နားမလည်။ မျက်မှောင်ကြုတ်လိုက်ပြီး တွေးမိသည်။ ဒီနေ့က ပြဿဒါးလား။ နားလည်ရခက်တဲ့ကိစ္စတွေပဲ ဖြစ်နေတာ။

သူ့ဖုန်းထဲကို အချက်အလက်တွေရောက်လာတဲ့ အချိန်မှာတော့ စိုင်းမာန်သစ် အံ့သြလွန်းလို့ ပါးစပ်အဟောင်းသားပင်ဖြစ်သွားရသည်။ ခြောက်သွေ့နေပြီဖြစ်တဲ့ မျက်လုံးအိမ်ကတောင် အရည်လဲ့လာသည်။ တစ်ခုခုနှင့်အရိုက်ခံလိုက်ရသလို ခေါင်းတစ်ခုလုံးချာချာလည်သွားသည်။

Wedding Invitation နမူနာတစ်ခုကိုကြည့်ရင်း နောက်ပို့ထားတဲ့ စာတွေကိုပင် ဖတ်မကြည့်နိုင်တော့ဘဲ ငိုင်နေမိခဲ့သည်အထိ။ ကံတရားက သူ့အပေါ်အဲ့လောက်ထိ ရက်စက်ရက်သလား။

_________________________________________________________

ဘုန်းပြည့်အာဏာ အိမ်ထဲကို ကားလျှင်မြန်စွာထိုးလိုက်ပြီး ဒုန်းဆိုင်းကာ၀င်လာသည်။ ဦးသီဟနိုင်က ဧည့်ခန်းထဲမှာ ဘာမှမဖြစ်ခဲ့သလို သတင်းစာဖတ်ရင်းထိုင်နေသည်။ အစကတည်းက ဘုန်းပြည့်အာဏာ သူ့အဖေစနက်ပါမယ်ဆိုတာ ခန့်မှန်းခဲ့ပြီးသားပေမယ့် မယုံကြည်နိုင်အောင်ဖြစ်ရသည်။

သူ အိမ့်မှူးသော်အပေါ်ဘယ်လောက်ထိ ချစ်တယ်ဆိုတာ မမြင်နိုင်တာလား။ ဘုန်းပြည့်အာဏာအတွေးတွေနဲ့ အတူ ဖခင်ဖြစ်သူကို အံကြိတ်ကာ ကြည့်နေလိုက်မိသည်။ လက်သီးနှစ်ဖက်ကလည်း ဆုပ်လျက်သား။

“ဖေဖေ”

သူ့အသံကို ကြားတော့ ဦးသီဟနိုင်က အသာအယာပင် မော့ကာကြည့်သည်။ စာကြည့်မျက်မှန်ကို ချွတ်ကာ စားပွဲပေါ်တင်လိုက်ပြီး သူ့သားကို အဓိပ္ပာယ်မသိနိုင်တဲ့ မျက်၀န်းတွေနဲ့ ပြန်ကြည့်နေသည်။ မေးရိုးတွေပင် တင်းနေတာကြောင့် ဘုန်းပြည့်အာဏာ ဘယ်လောက်ဒေါသထွက်နေပြီဆိုတာ သူသိသည်။

“ငယ်လေးကို ပြန်ခေါ် ဖေဖေ သူတို့ဘယ်မှာဆိုတာ ဖေဖေသိတယ်မို့လား ဟာဗျာ တောက် အချိန်မှီသေးတယ် ကျွန်တော့်ကို ရူးသွားစေချင်တာလား?”

ဒေါသကြောင့်အသံက တစ်ချက်တစ်ချက်တုန်ယင်နေသလို အံကြိတ်သံက တစ်ချက်တစ်ချက်ထွက်လာသည်။ တောက်ခေါက်သံကလည်း အဆက်မပြတ်။

“ဖေဖေ ငယ်လေး ဘယ်မှာတုန်းလို့ ဖေဖေသိတာ ကျွန်တော်သိတယ်”

“ငါသိတာကျသိပြီး ငါပြောပြမှာမဟုတ်ဘူးဆိုတာကျ ကြိုတွေးမထားဘူးလား ဘုန်းပြည့်ရ”

“ဖေဖေ!”

*ဒုန်း

ဒေါသတကြီးနဲ့ ရှေ့ကစားပွဲကို ကုန်းပြီး အားကုန်ထုလိုက်တာကြောင့် အသံကတော်တော်ကျယ်သွားသည်။ အံတွေကလည်း ကြိတ်လျက်သားနဲ့ ဦးသီဟနိုင်ကို ကြည့်ကာ အော်လိုက်ခြင်းဖြစ်သည်။

“ဘုန်းပြည့်အာဏာ ဒါက ဖအေကို ဘယ်လိုပြုမူနေတာလဲ?”

“ဖေဖေက ကျွန်တော့် ရင်ထဲကလူကို ဆွဲထုတ်နေတာလေ ကျွန်တော် ဒီလောက်တော့ ဒေါသထွက်သင့်တယ်မို့လား?”

ဘုန်းပြည့်အာဏာက စူးစူးရဲရဲနဲ့ မချင့်မရဲပြောနေသော်လည်း ဦးသီဟနိုင်က မျက်မှောင်ကုတ်လျက်သာကြည့်သည်။ သူ့သားက တကယ် ဘယ်လိုလုပ်ဒီလောက်ထိဖြစ်လာတာလဲဆိုတာကို တွေးပြီး စိတ်မကောင်းဖြစ်လာရသည်။

“မင်းရင်ထဲကလူက သမီးမဟုတ်ဘူးလို့ မင်းကိုဘယ်နှခါပြောရမှာလဲ?”

“ကျွန်တော်သိတယ် ဖေဖေက ငယ်လေးကိုသဘောမကျတာ ကျွန်တော်သိတယ် မေမေက ငယ်လေးကို ခေါ်လာမယ်လို့ပြောတဲ့နေ့တုန်းကလည်း ဖေဖေ လက်မခံနိုင်ဘူးဆိုပြီး မေမေ့ကို ပြောပြနေတာတွေအကုန် ကျွန်တော်ကြားတယ်။ ကြားထဲ ဖေဖေက ကျွန်တော် ငယ်လေးနဲ့ နီးစပ်မှာကို တအားကြောက်နေတာ”

“မင်းကို ဘယ်နှခါပြောမှ နားလည်မှာလဲ ငါသိတယ် မင်းအမေကြောင့် ဒီလိုတွေဖြစ်နေတာ မင်းအမေကြောင့်”

“မေမေ ကျွန်တော် ငယ်လေးနဲ့တွေ့တာတွေကို မကြိုက်ခဲ့ပေမယ့် ကျွန်တော် မခွဲနိုင်တာကိုသိတော့ မွေးစားပေးခဲ့တယ် ကျွန်တော့်အကြောင်းကိုသိလို့ တရား၀င်တောင် မွေးစားမပေးခဲ့ဘူး”

“မင်းအမေလုပ်လို့ မင်းဒီလိုဖြစ်နေတာလေ”

ဘုန်းပြည့်အာဏာမသိဘူး။ ဘုန်းပြည့်အာဏာက သူ့မိခင်အကြောင်းကို ဘာမှမသိဘူး။ ဒေါ်လှ၀င်းနွယ်က သိပ်အတ္တကြီးတဲ့ မိန်းမ ဆိုတာ။ မလုပ်နိုင်တာဘာမှမရှိဘဲ လှည့်ကွက်တွေကို လက်မှာကစားနေတဲ့ မိန်းမဆိုတာ ဘုန်းပြည့်အာဏာမသိဘူး။

“ဖေဖေ ဘာတွေလာပြောနေတာလဲ အဲ့ဒီသောက်သုံးမကျတာတွေ ကျွန်တော်နားမလည်နိုင်အောင် ပြောနေမယ့်အစား နောက်မကျခင်သာ ညီမလေးကို ပြန်ခေါ်ပေးလို့”

ဘုန်းပြည့်အာဏာက စားပွဲကို အားပါပါနဲ့ ထပ်ထုလိုက်ပြန်ကာ အံကြိတ်ပြောသည်။

“နောက်ကျသွားပြီ သူတို့လက်ထပ်မှတ်ပုံတင်လည်း တင်ပြီးသွားသလို Social Media ပေါ်မှာလည်း လက်ထပ်တဲ့အကြောင်း ခုဏလေးက မင်း၀င်လာတဲ့ အချိန်မှာဘဲ တင်လိုက်ပြီး အခုပျံ့သွားပြီ ပြီးတော့ SL Group ရဲ့ နာမည်အောက်ကနေလည်း ကြေညာပြီးသွားပြီ မင်းစီစဥ်ထားတဲ့ မင်္ဂလာပွဲကိုသူတို့နှစ်ယောက်ကို လုပ်ပေးဖို့သာ ပြင်လိုက် ဘုန်းပြည့်အာဏာ”

“ဘာ”

@OliviaThet-Eleanor

________________________________________________________________________

Tags: read novel Lollipop Chapter 16 – Unicode, novel Lollipop Chapter 16 – Unicode, read Lollipop Chapter 16 – Unicode online, Lollipop Chapter 16 – Unicode chapter, Lollipop Chapter 16 – Unicode high quality, Lollipop Chapter 16 – Unicode light novel, ,

Comment

Leave a Reply

Chapter 16