Lollipop Chapter 2 – Unicode

All chapters are in Lollipop
A+ A-

“ပါပါး သားက ဘယ်မှာလုပ်ရမှာလဲ?”

“ငါ့အသိကုမ္ပဏီမှာ”

“ဘာအလုပ်လဲ?”

“အတွင်းရေးမှူး”

“ဟာ ပါပါးကလည်း အတွင်းရေးမှူးတော့မလုပ်ချင်ပါဘူး”

“စိုင်းမာန်သစ်!”

ထအော်လိုက်သော ဖခင်အသံကြောင့် စိုင်းမာန်သစ်အမြှီးကုပ်သွားရသည်။ သူ့ပုံစံသည် အနိုင်ကျင့်ခံလိုက်ရသည့် ယုန်ငယ်လေးပမာ။ မလွန်ဆန်ရဲတာကြောင့် အထွန့်လည်းမတက်နိုင်တော့ချေ။ သူလည်း ဒီအရွယ်ရောက်နေပြီ။ အလုပ်အကိုင်အတည်တကျတော့ရှိဦးမှဖြစ်မည်ဟု သူ့အဖေကောင်းသလိုစီစဥ်တာကိုသာ လက်ခံဖို့ဆုံးဖြတ်လိုက်ရတော့သည်။

“ဘယ်ကုမ္ပဏီလဲ?”

“SL Group”

“SL Group ဆိုတော့ ကျွန်တော်က ပါပါးအရွယ် အဘိုးကြီးရဲ့အတွင်းရေးမှူးလုပ်ရမှာပေါ့ မမိုက်ပါဘူး”

“စကားများတယ် မနက်ဖြန်အလုပ်ဆင်းရမယ် လိုအပ်တာတွေသွားဝယ်ရင် သွားဝယ်ထား!”

“ပါပါးကလည်း”

“စိုင်းမာန်သစ်”

“ဟုတ်ကဲ့ဗျ ဟုတ်ကဲ့ဗျ သွားပါပြီခင်ဗျ”

စိုင်းမာန်သစ်ခပ်ရွဲ့ရွဲ့ကလေးပြန်ပြောပြီး သူ့အခန်းရှိရာသို့သာ ခြေဦးလှည့်ခဲ့တော့သည်။ အခန်းထဲကိုဝင်လာပြီးနောက် Lollipop တစ်လုံးကို ဖောက်ကာ ပါးစပ်ထဲထည့်လိုက်သေးသည်။ T-shirt ကိုဆွဲလှန်ချွတ်လိုက်တော့ ဗိုက်သားဖွေးဖွေးပေါ်က ကန့်လန့်ဖြတ်ရှိနေသည့် သုံးလက်မအရွယ် အမာရွတ်က ပန်းရောင်သန်းနေတာကြောင့် တက်တူးတစ်ခုလို လှနေသေးသည်။

စိုင်းမာန်သစ်ကတော့ သဘောမကျတာမို့ အဝတ်ချွတ်ထားရင် ကိုယ်လုံးပေါ်မှန်ကိုပင်မကြည့်။ဒီသေရာပါ အမှတ်အသားကိုပေးခဲ့တာက အမေဖြစ်သူဖြစ်နေသည်ဆိုတာက သူ့ခေါင်းထဲမှာ ဒဏ်ရာတစ်ခုလိုကြီးစိုး‌နေသည်။

_______________________________________________________

လွန်ခဲ့သော နှစ်များက စိုင်းမာန်သစ်တို့အိမ်တွင်ဖြစ်သည်။ လေးနှစ်အရွယ် စိုင်းမာန်သစ်သည် တံခါးရွက်ကိုကွယ်ကာ အခန်းတွင်းကို ချောင်းမြောင်းကြည့်ရှု့‌နေရှာသည်။ ဘာရယ်ဟု ၀ေမခွဲနိုင်သေးသည့် မျက်၀န်းတွေထဲတွင်တော့ ကြောက်ရွံ့စိုးရိမ်မှုတို့က အထင်းသား။

အခန်းတွင်းတွင် မျက်နှာကိုအသားကုန်ခြယ်သပြီး ဝင်းဝင်းလက်လက်တွေဆင်မြန်းထားသည့် ဒေါ်ပန်းသဒ္ဒါဆိုတဲ့ အမျိုးသမီးဟာ မှန်တင်ခံရှေ့ကနေ ဝံ့ကြွားစွာထလိုက်သည်။ ထို့နောက် သူမ၏ ကြွရွလှသော ခြေလှမ်းတို့ဖြင့် လက်ပွေ့အိတ်ကို ကိုင်ကာ အခန်းတံခါးဆီကိုသွားဖို့ပြင်သည်။

“ပန်းသဒ္ဒါ သားလေးကိုလည်း နည်းနည်းပါးပါး ဂရုစိုက်ပါဦး မင်း!”

စိုင်းမာန်သစ်ရဲ့ဖခင် ဦးစိုင်းတမာန်က ပြောလိုက်တော့ ဒေါ်ပန်းသဒ္ဒါက ဆတ်ကနဲ့လှည့်ကာကြည့်သည်။

“အို တော်စမ်းပါရှင် အိမ်မှာလည်း ဒီလောက်လူတွေအများကြီးကို တော့်သားတော်သာ ဂရုစိုက်ပါ ကျွန်မမအားဘူး”

“ဘာမအားတာလဲ ပန်းသဒ္ဒါ! မင်းကလပ်တက်ပြီး တွေ့သမျှ ယောကျ်ားတွေနဲ့အိပ်နေရလို့လား”

“ရှင်ကျွန်မကို မစော်ကားနဲ့ရှင့် ရှင်သာ”

အံ့ဩမှုရော၊ ဒေါသပါ ရောထွေးသွားသည့် ဦးစိုင်းတမာန်၏မျက်နှာသည် ရုတ်ချည်းမဲသွားသည်။

“တော်တော့! ပန်းသဒ္ဒါ”

“ဘာလဲ ရှင်က ရှင့်အကြောင်းကျ လူသိမခံချင်ဘူးပေါ့လေ တယ်လည်းဟုတ်လှပါလား ဦးစိုင်းတမာန်ရယ်”

“မင်းထွက်သွားလိုက်တော့ ပန်းသဒ္ဒါ ပြန်မလာခဲ့‌နဲ့တော့ ငါ့သားနဲ့ ငါ့ရှေ့ကို ဘယ်တော့မှပြန်မလာခဲ့နဲ့တော့”

“ကျွန်မကလည်းထွက်သွားချင်တာ ကြာပါပြီ ရှင်မနှင်ခင်ကတည်းကသွားချင်နေတာ ဒီဘဝဒီမျှ‌တင်ပေါ့”

ပြောကာလှည့်ထွက်သွားသည့် ဒေါ်ပန်းသဒ္ဒါကို စိုင်းမာန်သစ် တံခါးရွက်အကြားမှထွက်လာကာကြည့်လိုက်သည်။ မျက်ရည်တွေရစ်၀ိုင်းနေသည့် စိုင်းမာန်သစ်ကို မြင်တော့ ဒေါ်ပန်းသဒ္ဒါခြေလှမ်းတွေဟာ ရပ်တန့်သွားသည်။ ထို့နောက် စိုင်းမာန်သစ်ကို ခပ်စူးစူးကြည့်သည်။

“မေမေ”

မျှော်လင့်တကြီး ရွတ်ဆိုခေါ်လိုက်မိတဲ့အသံကို လျစ်လျူရှု့ကာ နှုတ်ခမ်းကို တင်းတင်းစေ့ထားတဲ့ မိန်းမချောက သူ့မျက်နှာကိုထပ်မကြည့်တော့ဘဲ မျက်နှာလွှဲသည်။

“မေ့ ဟင့်”

“မင်းအဖေနဲ့တူအောင် နွဲ့ပြ‌မနေနဲ့ စိုင်းမာန်သစ် ဖယ်ငါ့ရှေ့က”

“မေ့”

အားကိုးတကြီးနှင့် ဗလာဖြစ်နေတဲ့ ခြေသလုံးအောင်ပိုင်းကို ဆွဲဖက်မိတော့ ဒေါ်ပန်းသဒ္ဒါက အကြင်နာတရားမရှိသည့် မျက်နှာနှင့် ခြေထောက်ကို ခါသည်။

“လွှတ်!”

“ပန်းသဒ္ဒါ! မင်း သားကိုတော့ ဒီလိုမလုပ်နဲ့”

“ရှင့်သားကို ခေါ်”

“မေ့ သွားပါနဲ့ ဟင့် သား ညညလည်း ငိုတော့ဝူးလေ သွားပါနဲ့”

“လွှတ်လို့ စိုင်းမာန်သစ်”

သူ့ကို ခါချကာ ထွက်သွားဖို့ ပြင်သော မိခင်နောက်ကို စိုင်းမာန်သစ် ပြေးလိုက်မိသည်။ ထိုအချိန်မှလည်း ဦးစိုင်းတမာန်က အသိဝင်လာကာ သူ့သားကိုလိုက်ခေါ်ဖို့ပြင်သည်။

“သားမလိုက်နဲ့ ပါပါးဆီလာ”

သို့သော် လုံးတုံးလုံးတုံးနဲ့ ပြေးလိုက်သွားသော စိုင်းမာန်သစ်သည် အိမ်အပြင်ထိရောက်နေလေပြီ။

“အာ့ မေမေ”

စိုင်းမာန်သစ် နာမနာသေချာမသိ။ သူ့ဗိုက်ကိုသာ လက်နှင့်ဖိလျက်‌နေမိသည်။ မိခင်ရဲ့ လက်ပွေ့အိတ်မှ ချွန်ထက်လှတဲ့ တန်ဆာတစ်ခုက ချက်ကိုဖြတ်ပြီး သွေးချင်းချင်းကို ချက်ချင်းနီစေသည်။

“သား”

“ဟင့် ပါပါး”

“သား! မင်း ပန်းသဒ္ဒါ”

ထိုအမျိုးသမီးသည် သွေးတွေကို မြင်တော့လန့်သွားသည့်ဟန်ရှိသည်။ သို့သော် ချက်ချင်းပြန်လှည့်ကာ ကားပေါ်သို့တက်ပြီး ခြံထဲက မောင်းထွက်သွားခဲ့လေသည်။ မည်သို့သော မိခင်မျိုးဟု မှန်းဆမတွေးတတ်အောင်ပင်။ ခြံစည်းရိုးတစ်ဖက်အိမ်က ကောင်လေးသည်လည်း အဖြစ်အပျက်ကို အစအဆုံးကြည့်နေလေသည်။

_______________________________________________________

“စိုင်းမာန် အဝတ်လဲ အပြင်သွားမယ်”

“ဘယ်လဲ? ပါပါးကလည်း ကျွန်တော် ဂိမ်းဆော့မလို့ဟာကို”

“ဂိမ်းနောက်မှဆော့ မင်းမနက်ဖြန်အလုပ်မဆင်းခင် ဝယ်စရာရှိတာတွေသွားဝယ်ထားရအောင် ပြီးတော့ မင်းအလုပ်ရှင်နဲ့ ညစာစားဖို့ချိန်းထားသေးတယ်”

စိုင်းမာန်သစ်အတွက်ငြင်းစရာမရှိပါလေ။ အခုချိန်မှာ ဖခင်လုပ်စာထိုင်စားနေရတဲ့ သနားစရာ သားလေးမှာ ဘာတွေများအတွန့်တက်နိုင်ဦးမှာလဲ။ စိုင်းမာန်သစ် သက်ပြင်းချလိုက်ရင်း အနောက်တိုင်း၀တ်စုံအနက်ရောင်ကို လဲဖို့ အိပ်ယာပေါ်ကနေ ဖင်တရွတ်တွန်းဆင်းလိုက်သည်။

နောက်ဆုံးတော့လည်း စိုင်းမာန်သစ်က နာမည်ကြီးစားသောက်ဆိုင်တစ်ခုကိုသွားမယ့် ကားအကောင်းစားကြီးပေါ်ကို မသက်မသာနဲ့ ပါသွားရတာဖြစ်၏။

“ပါပါး ဥက္ကဌနာမည်က ဘယ်သူတဲ့လဲ?”

“ဘုန်းပြည့်အာဏာ”

စိုင်းမာန်သစ်နည်းနည်းတော့ ကျေနပ်သွားရသည်။ ဘယ်လိုပဲဖြစ်ဖြစ် သူ့အထက်လူကြီးနာမည်က အခြားအဘိုးကြီး ဥက္ကဌတွေလို ပေါတောတောဟုတ်မနေတာကို ကျေးဇူးတင်ရဦးမည်။ ထိပ်တန်းစားသောက်ဆိုင်ရဲ့ သီးသန့်အခန်းတံခါးကို မဖွင့်ခင်အချိန်ထိ စိုင်းမာန်သစ်ရဲ့ စိတ်အခြေအနေက လေလွင့်နေတဲ့ သောင်ပြင်ကနွားတစ်ကောင်လိုပင်။ ပျင်းတိပျင်းရွဲ။ သို့သော် စားပွဲပေါ်မှာ တန်းညှိနေတဲ့ မျက်ခုံးတွေနဲ့ ကျက်သီးထဖွယ် အမျိုးသားကို တွေ့လိုက်ရတဲ့အချိန်မှာတော့ စိတ်အခြေအနေကပြောင်းပြန်ဖြစ်သွားသည်။

ဘုရားစူး။ ထိုလူသည် စိုင်းမာန်သစ်၏နှစ်နှစ်တာလုံး အတွေးနဲ့တင် ကြွေဆင်းခဲ့ရတဲ့ လူပင်ဖြစ်သည်။

@ OliviaThet-Eleanor

________________________________________________________________

Tags: read novel Lollipop Chapter 2 – Unicode, novel Lollipop Chapter 2 – Unicode, read Lollipop Chapter 2 – Unicode online, Lollipop Chapter 2 – Unicode chapter, Lollipop Chapter 2 – Unicode high quality, Lollipop Chapter 2 – Unicode light novel, ,

Comment

Leave a Reply

Chapter 2