Lollipop Chapter 20 – Unicode

All chapters are in Lollipop
A+ A-

“ပြန်တော့မှာလား အစ်ကို”

သျှင်ရဲအာဏာ ဘုန်းပြည့်အာဏာအခန်းကနေထွက်လာလိုက်ချင်း ကြားလိုက်ရတဲ့အသံကြောင့် ကြည့်လိုက်မိရာ ရမ်ခဖြစ်နေသည်။ ရမ်ခကို သူကမော့ကြည့်နေရလေပြီ။ သျှင်ရဲအာဏာက ဘုန်းပြည့်အာဏာထက်ပင် လူကောင်သေးသေးတာကြောင့် ဘုန်းပြည့်အာဏာထက် မသိမသာပိုထွားတဲ့ ရမ်ခနဲ့ယှဥ်တော့ သိသိသာသာပင်သေးသွားသည်။

အနောက်တိုင်းသားခံယူထားတဲ့ သျှင်ရဲအာဏာအနေနဲ့ ဒီအာရှသားတွေဆီမှာ အပီအပြင်ကို သိက္ခာအချခံနေရတာဖြစ်သည်။

“အင်း ပြန်တော့မှာ”

“ကျွန်တော်လိုက်ပို့မယ်”

“ရတယ် ငါ့မှာ ကားပါတယ်”

“လမ်းမှားနေမှာမို့ အန်ကယ်က ပြန်ခေါ်ခဲ့ဖို့မှာလိုက်လို့ပါ”

“မလိုဘူး”

သျှင်ရဲအာဏာတစ်ခွန်းထဲသာပြောပြီး ရမ်ခကိုကျော်ကာသွားမည်ပြုတော့ မထင်မှတ်ထားသည့်အရာက ချက်ချင်းဖြစ်သွားသည်။ သျှင်ရဲအာဏာရှေ့တွင် ရမ်ခက ပိတ်ရပ်လိုက်ကာ လက်မောင်းကြားတွေထဲ သူ့ကိုဆွဲသွင်းလိုက်သည်

“ရမ် ရမ် ခ မင်းး”

“ကျွန်တော်လိုက်ပို့ပါ့မယ်”

ကိုယ်လုံးက သိပ်မကွာတာတောင် ရမ်ခကသူ့ထက် အင်အားကြီးနေသေးသည်။ ဘယ်လိုမှရုန်းလို့မရ။ ထို့နောက် ရမ်ခက သူ့ကိုဖက်ထားလျက်ပင် ခြေလှမ်းစဖို့ပြင်တော့သည်။

“ငါ့ဘာငါ လိုက်မယ် ရမ်ခ ငါ့ကိုလွှတ်”

“ကျွန်တော်လိုက်ပို့တာခံမှာလား?”

“အင်း မင်းနဲ့အတူပြန်မှာမို့ အခုလောလောဆယ်ငါ့ကိုသာလွှတ်ပါ”

___________________________________________________

စိုင်းမာန်သစ်အလုပ်ကိုသာ အာရုံစိုက်နေလိုက်ပြီး ဘုန်းပြည့်အာဏာပြန်၀င်လာသည်မလာသည်ကိုပင် သတိမထားမိ။ အတန်ကြာမှ လှမ်းကြည့်မိတော့ ခုံမှာ ဘုန်းပြည့်အာဏာရှိမနေ။ နေ့လည်စာစားချိန်ရောက်နေပြီမို့ စိုင်းမာန်သစ် လက်စသတ်ပြီးရင် နေ့လည်စာသွားစားမည်ဟုတွေးနေတုန်း ဘုန်းပြည့်အာဏာစားပွဲပေါ်က ရုတ်တရတ်ဖုန်းသံမြည်လာသည်။

*Bizzz Bizzz

ဖုန်းကကျသွားလိုက် ပြန်လာလိုက်နှင့်။ တစ်ခါနှစ်ခါလည်းမဟုတ်တာကြောင့် စိုင်းမာန်သစ်မျက်မှောင်ကြုတ်သွားရသည်။ သူတွေးနေတုန်းမှာပင် သူ့ဘေးက ရုံးဖုန်းမြည်လာတာကြောင့် အလျင်အမြန်ကောက်ကိုင်လိုက်သည်။

“Hello, SL Group ဥက္ကဌ ဘုန်းပြည့်အာဏာရဲ့ ရုံးခန်းကပါ”

“သြော် စိုင်းမာန်သစ်လား?”

သူ့နာမည်ကိုမပြောရသေးဘဲသိနေတာကြောင့် ဖုန်းဒိုင်ခွက်ထဲက နံပါတ်ကိုပင်လှမ်းကြည့်လိုက်မိသေးသည်။

“ဟုတ်ကဲ့ ဘယ်သူပါလဲခင်ဗျာ?”

“အန်ကယ်က ဘုန်းပြည့်အဖေပါ သူဖုန်းမကိုင်လို့ သူရုံးခန်းထဲမှာရှိလား သား”

“မရှိဘူးခင်ဗျ သူ့အခန်းထဲမှာဖြစ်မယ်”

“သြော် သားသွားကြည့်ပေးပါဦး သူနေသိပ်မကောင်းဘူးထင်တယ် အန်ကယ့်ကိုလည်း စိတ်ဆိုးနေတာဆိုတော့”

စိုင်းမာန်သစ်ဘာပြန်ပြောလို့ပြောရမှန်းမသိအောင်ဖြစ်သွားရသည်။ မျက်နှာချင်းမဆိုင်ရလို့ စိတ်သက်သာရနေပါတယ်ဆိုမှ နေကောင်းလားမကောင်းလားသွားကြည့်ရဦးမည်ဆိုတာကြောင့် ငိုချင်သွားသည်။

“ဗျာ”

“မေ့များလဲနေမလားလို့သွားကြည့်ခိုင်းတာ သား။ သူ မှတ်ဉာဏ်တွေပျောက်တဲ့အထိ ဖျားဖူးတယ် တစ်ခါတစ်ခါဖျားရင် မလွယ်လို့”

ရုတ်တရတ် အံ့သြမှု့နဲ့အတူ မျက်ရည်တွေပါ ၀ိုင်းလာမိသလိုခံစားလိုက်ရသည်။ ဘုန်းပြည့်အာဏာက မှတ်ဉာဏ်တွေပျောက်တဲ့အထိ နေမကောင်းဖြစ်ခဲ့ဖူးသည်ဆိုသည့် အချက်ကပင် သူ့ရင်ကိုတင်းကြပ်သွားစေနိုင်သည်။

“သြော် ဟုတ် ကျွန်တော်သွားကြည့်လိုက်ပါ့မယ် အန်ကယ်”

“ပြီးရင် သားကပဲ ဂရုစိုက်ပေးလိုက်ပါဦး”

“ဗျာ”

“သူက တအားပေပေတေတေနေတာမို့ ဆေးတွေဘာတွေ”

“သြော် ဟုတ်ကဲ့ ကျွန်တော်ဂရုစိုက်လိုက်ပါ့မယ်”

“ဒါဆို ဒါပဲနော် သား”

“ဟုတ် ဟုတ်ကဲ့”

စိုင်းမာန်သစ် ဖုန်းကိုချလိုက်ပြီး ဘုန်းပြည့်အာဏာအခန်းထဲကို၀င်ဖို့ ခြေလှမ်းပြင်လိုက်သည်။ ဘုန်းပြည့်အာဏာအိပ်ခန်းတံခါး၀နားရောက်လေ လက်တွေအေးစက်လာလေဖြစ်သည်။

*ဒေါက် ဒေါက် ဒေါက်

တံခါးကို ခေါက်တော့ အထဲက အသံပြန်မလာ။ ဒါကြောင့် စိုင်းမာန်သစ် မူးများလဲနေလေမလားဆိုတဲ့ အသိနဲ့ တံခါးကို အသာတွန်းဖွင့်လိုက်တော့ ဘုန်းပြည့်အာဏာက အိပ်ယာဘေးက စားပွဲပေါ်မှာမှောက်နေလေသည်။

စားပွဲပေါ်က ပုလင်းတစ်ချို့ကြောင့် စိုင်းမာန်သစ် နှာခေါင်းရှုံ့သွားရပြီး ဒီလူက နေမကောင်းလို့မူးလဲနေတာလား။ အသောက်လွန်ပြီး မှောက်သွားတာလားဆိုတာတောင် ၀ေခွဲရခက်သွားသည်။

“ဟို ဥက္ကဌ”

လက်ကို လှုပ်ကာ နှိုးသော်လည်း ဘုန်းပြည့်အာဏာက နိုးမလာ။ နှဖူးဆီကို လက်ရောက်တော့ ပူကျစ်နေသည်။ စိုင်းမာန်သစ် ထိတ်လန့်စွာ ပါးတွေကိုပါစမ်းကြည့်မိတော့ မီးကျီးခဲအလား။

“ကျစ် ဖျားနေတာပဲ ဒီလူကတော့ သေတော့မှာပဲ”

ဘုန်းပြည့်အာဏာကို ထိကိုင်နေရသော်လည်း စိုင်းမာန်သစ်မှာ ရင်မခုန်အား။ ဒီကိုယ်လုံးကြီးကို အိပ်ရာပေါ် တင်ဖို့ ဘယ်လိုကြိုးစားရမလဲဆိုတာ တွေးရသည်။ တော်သေးသည်။ အိပ်ယာနဲ့ ထိုင်နေသည်စားပွဲနဲ့က သိပ်မ၀ေးတာမို့။ 

“အား လေးလိုက်တာ bar ထိသွားမသောက်တာကိုပဲ ကျေးဇူးတင်လှပါပြီ”

ဘုန်းပြည့်အာဏာကို အိပ်ယာပေါ်တစ်ခြမ်းတင်ပေးလိုက်ပြီးနောက် နောက်တစ်ခြမ်းကို တွန်းတင်ရသေးသည်။ ထိုအခါကျတော့ ဘုန်းပြည့်အာဏာက အိပ်ယာပေါ် မှောက်ယက်ဖြစ်နေပြန်သည်။ ထို့ကြောင့် တစ်ဖက်ကနေ ပြန်ပြီး လှန်တော့ ခြေထောက်တစ်ဖက်က အောက်ပြန်ကျသွားသည်။

စိုင်းမာန်သစ်လက်ထဲမှာ ဘုန်းပြည့်အာဏာက ဟိုဘက်လှိမ့်လိုက် ဒီဘက်လှိမ့်လိုက်နှင့် ဒလိမ့်တုံးအလားပင်။ စိုင်းမာန်သစ် ချွေးတွေပင်ထွက်လာရပြီး ဘုန်းပြည့်အာဏာကို နှစ်ပတ်လောက် လှိမ့်လိုက်မှ ကုတင်အလယ်ကို ပက်လက်ရောက်သွားသည်။

ခုတင်ကကျယ်လို့သာ တော်သေးသည်။ ဘုန်းပြည့်အာဏာက အပေါ်အင်္ကျီကို ချွတ်ထားတာကြောင့် အောက်က ရှပ်အဖြူကိုပဲ ချွတ်ဖို့လုပ်ရသည်။ စိတ်ပူတာကြောင့်လားမသိ စိုင်းမာန်သစ်ရဲ့လက်တွေက ဘုန်းပြည့်အာဏာရှပ်အင်္ကျီကြယ်သီးတွေပေါ်မှာ လျင်မြန်စွာပြေးလွှားနေသည်။

အင်္ကျီကို ချွတ်ပေးပြီးတော့မှ ကြွက်သားအမြောင်းမြောင်းနဲ့ ဗိုက်ရယ် ရင်ဘတ်ကျယ်ကို မြင်တော့မှအသိက၀င်လာသည်။ ရှက်လွန်းလို့ စိုင်းမာန်သစ် နားရွက်တွေပင် နီလာရသည်။

စိုင်းမာန်သစ် ဘုန်းပြည့်အာဏာရဲ့ အ၀တ်တွေထားရာ ဗီရိုဆီကို ပြေးသွားလိုက်သည်။ သူလုပ်တာနဲ့ ဘုန်းပြည့်အာဏာ အအေးပက်မသေရင်ကို အတော်ကံကောင်းနေပြီဟု ယူဆရမည်ဖြစ်သည်။ စိုင်းမာန်သစ် အ၀တ်ဗီရိုထဲကို ကြည့်တော့ အနောက်တိုင်း၀တ်စုံတူတွေသာ။

နေရအသက်သာဆုံးဖြစ်မည်ထင်တဲ့ ည၀တ်အင်္ကျီကိုသာ ထုတ်ယူလိုက်ပြီး စိုင်းမာန်သစ် ဘုန်းပြည့်အာဏာအနားကို ပြန်သွားလိုက်သည်။ ဘောင်းဘီမချွတ်ရသေးသည်ကို သတိရလိုက်တာကြောင့် အကြပ်ရိုက်သွားရပြန်သည်။

အခုချိန်မှာ မျက်နှာပူနေလို့မဖြစ်တာမို့ စိုင်းမာန်သစ် ည၀တ်အင်္ကျီကို ခုတင်ပေါ်ချလိုက်ကာ ဘုန်းပြည့်အာဏာကို အ၀တ်လဲပေးဖို့ ဆိုင်းပြင်လိုက်ရသည်။ ရေတဘတ်တိုက်ပေးဖို့ ရေဇလုံကို အပြေးယူလိုက်ပြီး တစ်ကိုယ်လုံးအပူကျအောင်လုပ်ပေးကာ ည၀တ်အင်္ကျီကို ၀တ်ပေးလိုက်သည်။

ထို့နောက် ရုံးခန်းထဲမှာ ကျန်ခဲ့တဲ့ ဖုန်းကိုယူကာ ရမ်ခကို ဆရာ၀န်ခေါ်ပေးဖို့ပြောရသည်။ တအောင့်လောက်နေတော့ ဆရာ၀န်သာရောက်လာသည်။ ရမ်ခကတော့ ပါမလာ။

“နည်းနည်းပင်ပန်းသွားတာရော အရက်နာကျတာရော ပေါင်းပြီး ဖျားသွားတာ စိတ်ပူစရာတော့မရှိဘူးရယ် ဘုန်းပြည့်က တစ်ခါဖျားရင် တစ်ခါ အသည်းအသန်မို့ ဂရုတော့စိုက်ပေးလိုက်ပါဦး ဒါက သူသောက်ရမယ့်ဆေးတွေ သေချာတိုက်ပေး သူကဆေးသောက်ဖို့ကို အာပေါက်မတတ်ပြောရတာ”

ဘာလို့ စိုင်းမာန်သစ်ကိုပဲ ဂရုစိုက်ခိုင်းနေကြတာလဲဆိုတာ နားမလည်နိုင်ဖြစ်နေရသည်။ ပါးစပ်အဟောင်းသားနဲ့ခေါင်းညိတ်ပြလိုက်ပြီး ခုတင်ပေါ်က လူကိုတစ်ချက်လှမ်းကြည့်လိုက်သည်။ ဒီတစ်ပတ်အတွင်းမှာ ဘယ်လောက်အိပ်ရေးပျက်ခဲ့သည်မသိ နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်ပျော်နေသည်သာ။

ဆရာ၀န်ပြန်သွားတော့ စိုင်းမာန်သစ်လည်း ဘုန်းပြည့်အာဏာနိုးရင် စားဖို့ တစ်ခုခုလုပ်ရန် ထမင်းစားခန်းထဲကို ထွက်လာခဲ့သည်။ မီးဖိုရှေ့ကို ရောက်တော့ စိုင်းမာန်သစ်ပြင်းထန်စွာစဥ်းစားမိသည်က သူမှဘာမှမလုပ်တတ်ဘူးဆိုတာကိုပင်။

“ဟယ်လို ကြီးကြီး ဆန်ပြုတ်လေးပြုတ်ပြီး ကျွန်တော့်အလုပ်ကို လာပို့ခိုင်းပေးပါဦး”

အကြံကုန် ဂဠုန်ဆားချက်ဖို့တောင် စိုင်းမာန်သစ်က အချက်အပြုတ်မှာတော်မနေတာကြောင့် ကြီးကြီးကိုပဲ လှမ်းချက်ခိုင်းရတော့သည်။  စိုင်းမာန်သစ် အခန်းထဲကို ပြန်၀င်လာတော့ ဘုန်းပြည့်အာဏာက ငုတ်တုတ်ကြီး ထထိုင်နေတာကြောင့် လက်ကိုရင်ဘတ်နဲ့ဖိလိုက်မိကာ လန့်သွားရပြန်သည်။ လှန်တင်မထားတော့တဲ့ ဆံပင်တွေဟာ ကပိုကရိုကျနေပြီး စိုင်းမာန်သစ်ကို လှည့်ကြည့်သည်။

“နိုးလာပြီလား နိုးလာရင် ခဏစောင့် ခဏနေဆန်ပြုတ်လာပို့မယ်တဲ့ အဲဒါစားပြီးဆေးသောက်ရမယ်”

“မသောက်”

“ဟားး မသောက်ချင်လို့ရမလားဗျ ဥက္ကဌနေမကောင်းရင် ပင်ပန်းရတာက ကျွန်တော်ပဲ။ စားပွဲပေါ်ကနေ ခင်ဗျားကို ကုတင်ပေါ်ပက်လက်ကလေးရောက်အောင် ဘယ်လောက်ကြိုးစားခဲ့ရတယ်မှတ်လဲ? ပြီးတော့ အ၀တ်တွေ လဲ လဲ အဲ”

ပြောကောင်းကောင်းနဲ့ ပွစိပွစိရေရွတ်ပြီးမှ စိုင်းမာန်သစ် ခေါင်းကိုတစ်ဖက်စောင်းလိုက်ကာ ချောင်းဟန့်လိုက်သည်။ ရှက်သွားသည်နှင့် နီရဲသွားသည့် နှာခေါင်းလုံးလုံးက ကလေးလေးတစ်ယောက်လို။

“ဘယ်လိုပဲဖြစ်ဖြစ် ဆေးမသောက်လို့တော့မရဘူး”

“အင်း သောက်မှာမို့ ပွစိပွစိလုပ်နေတာရပ်”

ဘုန်းပြည့်အာဏာက အားမရှိသည့် လေသံနှင့် ခပ်အေးအေးသာပြောတော့ ပါးစပ်ပိတ်သွားရသည်က စိုင်းမာန်သစ်။

“ဟုတ်”

@OliviaThet-Eleanor

__________________________________________________

Tags: read novel Lollipop Chapter 20 – Unicode, novel Lollipop Chapter 20 – Unicode, read Lollipop Chapter 20 – Unicode online, Lollipop Chapter 20 – Unicode chapter, Lollipop Chapter 20 – Unicode high quality, Lollipop Chapter 20 – Unicode light novel, ,

Comment

Leave a Reply

Chapter 20