Lollipop Chapter 24 – Unicode

All chapters are in Lollipop
A+ A-

“ကျစ်”

စိုင်းမာန်သစ်က ကျစ်သတ်လိုက်ပြီး ဆံပင်ကိုဆွဲဖွာလိုက်ကာ တစ်ဖက်ကိုလှည့်သွားသည်။ ဘုန်းပြည့်အာဏာက တကယ်သူ့ကို ရူးအောင်လုပ်နေတာဖြစ်သည်။ အကြောင်းအရင်းမရှိစိတ်တိုလာပြီး အလိုအလျောက်၀မ်းနည်းလာရသည်။

“ကျွန်တော့် ဆေးလိပ်သာပြန်ပေးပါဗျာ”

“မင်း ဘာဖြစ်နေတာလဲ?”

“ဘာကိုလဲ?”

စိုင်းမာန်သစ်က မေးကိုတစ်ချက်မော့ကာမေးသည်။ တစ်ချက်လက်သွားတဲ့ မျက်၀န်းအိမ်တွေက စိုင်းမာန်သစ် ငိုတော့မည်ကို ဖော်ပြနေသယောင်။ ဒါကိုမြင်တော့ ဘုန်းပြည့်အာဏာက အထိတ်တလန့်ဖြစ်သွားလေသည်။

“မင်း ငိုနေတာလား?”

“မဟုတ်ဘူး”

ဘုန်းပြည့်အာဏာရဲ့ မျက်နှာကိုမကြည့်ချင်တာကြောင့် စိုင်းမာန်သစ် စိတ်ပျက်စွာတစ်ဖက်ကိုလှည့်လိုက်သည်။ ဘုန်းပြည့်အာဏာကလည်း မနေနိုင်စွာ စိုင်းမာန်သစ်ကို ဆွဲလှည့်လိုက်သည်။ ရုတ်တရတ်မို့ သူဘက်ကို ဆတ်ကနဲ့လှည့်ပါလာတဲ့ စိုင်းမာန်သစ်ရဲ့ မျက်လုံးက အမှန်တကယ်မျက်ရည်တွေပြည့်နေခြင်းဖြစ်သည်။

“ခင်ဗျား ဘယ်လိုဖြစ်နေတာလဲ?”

“ဘာဖြစ်နေတာလဲဆိုတာငါ့ကိုပြောလို့ ပြောနေတာ စိုင်းမာန်သစ်”

“အဲဒီလေသံနဲ့ ကျွန်တော့်ကို လာမပြောနဲ့”

ဘုန်းပြည့်အာဏာအော်သလို စိုင်းမာန်သစ်ကလည်း လိုက်အော်မိသည်။ ၀မ်းနည်းနေကာမှ အသံမာမာနှင့်လာပြောနေသူကြောင့် စိတ်လည်းတိုမိသည်။ စိုင်းမာန်သစ်ပြန်အော်လိုက်တော့ သူ့ကိုဆွဲလှည့်ထားသည့် ပခုံးပေါ်မှလက်တို့သည်ပြေလျော့သွားသည်။

သို့သော် လွှတ်တော့မပေးသေး။ စိုင်းမာန်သစ် တစ်ဖက်ကို ခေါင်းစောင်းလိုက်ပြီး မျက်ရည်တွေမကျအောင် ထိန်းနေရသည်။

“ဟုတ်ပြီ မပြောဘူး၊ ကဲ ကိုယ့်ကိုအခုပြောတော့ ဘာဖြစ်နေတာလဲ?”

“မသိဘူး”

“ဟင်”

“ခင်ဗျားတောင် မမှတ်မိတာ၊ ကျွန်တော်လည်း သိစရာလား?”

“ဘာတွေပြောနေတာလဲ?”

“ခင်ဗျားကလေ မုန်းဖို့ကောင်းလိုက်တာ တအား”

ပြောကာ ရှိုက်ကြီးတငင်ငိုနေတဲ့ စိုင်းမာန်သစ်ကြောင့် ဘုန်းပြည့်အာဏာ ခြေမကိုင်မိလက်မကိုင်မိဖြစ်သွားရပြန်သည်။ စိုင်းမာန်သစ်ပခုံးကို လွှတ်ပေးလိုက်မိတော့ ထိုကောင်လေးက ဆောင့်ကြောင့်ထိုင်ချကာ မျက်နှာကို လက်ဖ၀ါးနဲ့အုပ်ငိုသည်။

“ကိုယ် ဘာမှားလို့လဲ? ဟင် မင်း မငိုလို့မရဘူးလား?”

ဘုန်းပြည့်အာဏာ သူပါ ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး စိုင်းမာန်သစ်ကို တောင်းဆိုလိုက်သည်။ ဘုန်းပြည့်အာဏာ စိုင်းမာန်သစ်ကို တကယ်မငိုစေချင်တာဖြစ်သည်။ ဒါပေမဲ့ စိုင်းမာန်သစ်က သူနဲ့အတူရှိတိုင်းငိုနေရသလိုပင်ဖြစ်သည်။ ဘ၀င်မကျစရာကောင်းလိုက်ပုံများ ဘုန်းပြည့်အာဏာအနေနဲ့ သူ့ကို ဘယ်လိုချော့ရမယ်ဆိုတာတောင် တကယ်မသိ။

“ခင်ဗျားကို မုန်းချင်လိုက်တာ”

“ကိုယ့်ကိုမုန်းရရင် မင်းမငိုတော့ဘဲနေမှာလား?”

“ဟင့်”

“အဲဒါဆို မုန်းလိုက် မင်းငိုတာကို တော်တော်ဘ၀င်မကျတာမို့”

“အဲဒါက သဘောအတိုင်းဖြစ်မလားလို့ ဟင့်”

“ဒါဆို ငါဘာလုပ်ပေးရမလဲ”

“မမြင်ချင်ဘူး ထွက်သွား”

“အင်း သွားပေးမယ် ဆက်မငိုတော့နဲ့နော်”

စကားဆုံးဆုံးခြင်း ထကာ ထွက်သွားသော ဘုန်းပြည့်အာဏာကြောင့် စိုင်းမာန်သစ်မှာ ကျတော့မယ့်မျက်ရည်တွေပင် ပြန်၀င်လုဖြစ်သွားသည်။ ဘုန်းပြည့်အာဏာက တကယ်သူ့ကိုလှည့်မကြည့်တော့ဘဲ ထွက်သွားတာဖြစ်သည်။ မငိုတော့နှင့်ဆိုသော စကားကိုနာခံစွာ စိုင်းမာန်သစ် ခဏလေးတင် ဆက်ငိုပြီး မျက်ရည်တွေကို သုတ်ကာ ရုံးခန်းထဲကို ပြန်သွားလိုက်သည်။ ထင်တဲ့အတိုင်း ဘုန်းပြည့်အာဏာရှိမနေပါ။

စိုင်းမာန်သစ်တစ်ယောက် စာရွက်ဖြူတွေပေါ်အာရုံပြန်စိုက်နေလိုက်သည်။ ဘုန်းပြည့်အာဏာ၀င်လာသည်မလာသည်ကိုလည်း သူဂရုမစိုက်ချင်။ သို့သော် သူ့အလုပ်က ဘုန်းပြည့်အာဏာအချိန်ဇယားကို ကိုင်ရတဲ့ သူဖြစ်နေပြန်သည်။

တကယ့်တကယ်ဆို သူက ဘုန်းပြည့်အာဏာနဲ့ လွတ်ကိုမနေတာ။

ခဏနေတော့ ဖိနပ်သံကိုကြားလိုက်ရတာကြောင့် စိုင်းမာန်သစ် ကိုယ်ကလေး မတ်ကနဲ့ဖြစ်သွားရသည်။ ဘုန်းပြည့်အာဏာရဲ့ ဖိနပ်သံကိုပင် စိုင်းမာန်သစ်ခန္ဓာကိုယ်က တုန့်ပြန်နေတာဖြစ်၏။

သို့သော် ရုံးခန်းကတိတ်ဆိတ်နေခဲ့ပါသည်။ အချိန်အတော်တန်ကြာအောင်တောင်မဟုတ်တော့ဘဲ လုံး၀ကို တိတ်ဆိတ်သွားခဲ့တာဖြစ်သည်။ ထိုနေ့တင်လားဆိုတော့လည်း မဟုတ်။ နေ့တိုင်းပင်ဖြစ်သည်။ ဘုန်းပြည့်အာဏာဟာ စိုင်းမာန်သစ်ကို ရှောင်နေခဲ့ပုံရပါသည်။

“ဥက္ကဌ၊ Golden Flower က ဥက္ကဌနဲ့ ညစာစားဖို့ချိန်းထားတာရှိပါတယ် ဒါက ရမ်ခပို့သွားတဲ့ ဥက္ကဌလက်မှတ်ထိုးပေးရမှာတွေပါ”

စိုင်းမာန်သစ်က ဖိုင်တွဲတွေနဲ့ I Pad ကိုကိုင်ကာ ပြောတော့ ဘုန်းပြည့်အာဏာက တစ်ချက်မော့မကြည့်ဘဲ Laptop ကိုပဲစိုက်ကြည့်နေသည်။ စိုင်းမာန်သစ် ဖိုင်တွဲတွေကို လှမ်းပေးတော့ သူ့ကိုမကြည့်ဘဲ လှမ်းယူသူကြောင့် အနည်းငယ်တော့ စိတ်ခုသွားရသည်။

“အင်း သိပြီ ညစာကို ရမ်ခနဲ့ပဲသွားလိုက်မယ် မင်းအလုပ်ဆင်းလို့ရပြီ”

“ဟုတ်ကဲ့”

ချက်ချင်းလှည့်ထွက်လာသော စိုင်းမာန်သစ်သည် သူ့နောက်ကျောကို အလျင်အမြန်လိုက်ကြည့်နေတဲ့ မျက်လုံးတစ်စုံကိုမမြင်လိုက်ရပါချေ။ သေချာတာကတော့ သူစားပွဲပေါ်မှာထိုင်နေတုန်းကလည်း တစိမ့်စိမ့်ခိုးကြည့်နေတဲ့ မျက်၀န်းတစ်စုံရှိနေခဲ့သည်ဆိုတာကိုလည်း စိုင်းမာန်သစ် သိလိမ့်မည်မဟုတ်။

_________________________________________________________

အေးစက်လွန်းတဲ့ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးဟာ တစ်လနီးပါးကြာသွားခဲ့သည်။ ကိုယ့်အလုပ်ကိုယ်လုပ် သူ့အလုပ်သူလုပ်ရင်းတိတ်ဆိတ်နေခဲ့ကြသည်။ Lollipop စက်ရုံရှိရာ နယ်မြို့လေးကိုလည်း နှစ်ယောက်တူတူမသွားဖြစ်ခဲ့။

စိုင်းမာန်သစ်သွားကြည့်တဲ့ အပတ်ဆို ဘုန်းပြည့်အာဏာက တမင်နောက်ချန်နေခဲ့သည်။ ဘုန်းပြည့်အာဏာက ရမ်ခနဲ့သွားတဲ့ အပတ်ဆို စိုင်းမာန်သစ်က တိတ်တိတ်ကလေးနေကျန်ခဲ့သည်။ ဒီလိုနဲ့ပင် သူတို့နှစ်ယောက်ဟာ သာမန်အတွင်းရေးမှူးနဲ့ ဥက္ကဌဆက်ဆံရေးထက်ပင် ပိုလို့တိတ်ဆိတ်နေခဲ့သည်။

“ဥက္ကဌ ဒါက ဒီနေ့ ကျွန်တော်သွားကြည့်ခဲ့တာ Lollipop စက်ရုံရဲ့အခြေအနေပါ နောက်ငါးလလောက်နေရင်တော့ စ run လို့ရမယ်လို့ ခန့်မှန်းထားတယ်”

Laptop ကိုသာစိုက်ကြည့်နေသောသူသည် အရင်နေ့ရက်များလိုပင်။ စိုင်းမာန်သစ်ရဲ့ ပါးစပ်က အပြုံးတွေလွင့်ပြယ်နေတာလည်း ထိုနေ့ရက်တွေနဲ့ ထပ်တူပင်။ အမြဲတမ်းပြုံးနေတတ်သည့်ကောင်လေးဟာ မှိုင်တွေနေပြီး အေးစက်နေတတ်သည့် လူဟာလည်း ပိုပင်တိတ်ဆိတ်နေသည်။

သူတို့နှစ်ယောက်မှာ ဘာတွေမှားနေလဲဆိုတာ နှစ်ယောက်လုံးမသိကြသလို ဘယ်သူမှလည်းမသိကြ။ ဘယ်သူမှမသိကြတဲ့ ဆက်ဆံရေးတစ်ခုဟာ ဘယ်သူမှမသိအောင်ဘဲ အေးစက်နေပါသတဲ့လေ။ ဇာတ်လမ်းဟုလည်း မပြောပလောက်သော သူတို့နှစ်ယောက်၏ အဆုံးအသတ်ကို ဘယ်သူကရော သိနေဦးမှာတဲ့လဲ။

“မနက်ဖြန် ငယ်လေး မင်္ဂလာဆောင်နော်”

“ဟုတ်ကဲ့”

“မင်း သတို့သားအရံလုပ်မှာမို့လား ဒီနေ့လည်း ခရီးသွားထားရတာ နားလိုက်တော့ အိမ်ပြန်ပြီး”

ခေါင်းကိုတစ်ချက်မော့မလာဘဲ ပြောတဲ့ ဘုန်းပြည့်အာဏာဟာ သူ့မျက်နှာကိုမကြည့်ချင်လောက်အောင်ဖြစ်နေသည်လားလို့ စိုင်းမာန်သစ်တွေးလိုက်မိသည်။ စိုင်းမာန်သစ် ဘုန်းပြည့်အာဏာကို မကျေနပ်ဘူးပြောနေပေမဲ့ သူ့ရင်ကချည်း နာနေရတာ အခါခါ။

‘ကိုကို ခင်ဗျားဟာလေ ကျွန်တော့်ကို ရူးအောင်တအားလုပ်တာပဲ။’

“ဟုတ်ကဲ့”

အတန်ကြာအောင်စိုက်ကြည့်နေပြီးမှ စိုင်းမာန်သစ် ထိုစကားကိုပြောလိုက်ခြင်းဖြစ်သည်။ ထို့နောက်လှည့်ထွက်သွားတဲ့ စိုင်းမာန်သစ်နောက်ကျောကိုလည်း ကြည့်နေတဲ့သူရှိခဲ့တာ သေချာသည်။

_______________________________________________

“စိုင်းမာန် ခုတလော ဘာဖြစ်နေတာလဲ?”

ထမင်းစားခန်းထဲမှာ ဇွန်းကိုကိုင်ကာ ငေးမှိုင်နေသည့် သားဖြစ်သူကို ဦးစိုင်းတမာန်မေးလိုက်သည်။ ဒီကလေး ခုတလော ဟုတ်တိပတ်တိကို အစားမစား။

“ဟုတ်ပါ့ သား ကြီးကြီးချက်တာတွေက မကောင်းလို့လား သားစားချင်တာပြောလေ အခုတလောအစားနည်းလာလိုက်တာ သေးသေးလေးရှိတဲ့ ခန္ဓာကိုယ်က ယဲ့ယဲ့လေးကျန်တော့တယ်”

ကြီးကြီးကပါ ၀င်ပြောလာတာကြောင့် စိုင်းမာန်သစ် ဇွန်းကိုအသာချကာ ပြုံးပြလိုက်ရသည်။ လူကြီးတွေကပါ သူ့ကိုစိတ်ပူနေရတာတော့ မဟုတ်သေပေ။

“ကောင်းပါတယ် ကြီးကြီးရဲ့ ကျွန်တော်စားချင်စိတ်မရှိလို့ရယ်”

“မနက်ဖြန်စားချင်တာပြောလေ သား ကြီးကြီးလုပ်ပေးမယ်”

စိုင်းမာန်သစ် အားနာစွာနဲ့ပဲ ခေါင်းငြိမ့်လိုက်ရသည်။ ကြီးကြီးက ပါပါးရဲ့ နှစ်၀မ်းကွဲအစ်မ သူ့မိခင်အိမ်ကထွက်သွားပြီးကတည်းက စိုင်းမာန်သစ်ကို ပြုစုခဲ့သူဖြစ်တာကြောင့် သူ့ကိုအတော်ချစ်သည်။

“အခုတော့ပြီးပြီ ပါပါး ကျွန်တော်အခန်းထဲသွားတော့မယ်”

စိုင်းမာန်သစ် ပြောရင်းပင် ထိုင်ခုံပေါ်ကနေထလာခဲ့လိုက်သည်။

“စိုင်းမာန် ခနနေ ပါပါးအခန်းထဲကို လာခဲ့ပါဦး”

“ဟုတ် ပါပါး”

စိုင်းမာန်သစ် ယဥ်ကျေးနေပြီဆိုကတည်းက တစ်ခုခုဖြစ်နေပြီဆိုတာဖော်ပြတာပင်။ ခဏနေတော့ ဦးစိုင်းတမာန်ရဲ့ စကားအတိုင်းပင် စိုင်းမာန်သစ်က သူ့ဖခင်အခန်းထဲကို လှမ်းလာခဲ့လိုက်သည်။ တန်း၀င်နေကျမို့ ၀င်လိုက်တော့ ဦးစိုင်းတမာန်က သစ်သားရုပ်လေးတစ်ခုကို စိုက်ကြည့်နေသည်။

အရုပ်သေးသေးလေးဟာ ပန်းပုံကိုထုဆစ်ထားတာဖြစ်သည်။ အရောင်မဆိုးတဲ့ သစ်သားက မွဲခြောက်ခြောက်ပင်။ အတော်ကြာခဲ့တဲ့ ပန်းပုရုပ်ကလေးဖြစ်ဟန်ရှိသည်။ ထူးခြားတာက စိုင်းမာန်သစ် မမြင်ဖူးခဲ့တဲ့အရာလည်းဖြစ်သည်။

“ပါပါး”

“အင်း သား လာထိုင်”

စိုင်းမာန်သစ်က ခုတင်ပေါ်မှာထိုင်လိုက်ပြီး ဦးစိုင်းတမာန်ကတော့ ခုတင်ဘေးက စားပွဲကုလားထိုင်ပေါ်မှာဖြစ်သည်။

“လှတယ်နော် ဒီပန်းပုက”

“လှတယ် ဒါပေမဲ့အချောမသတ်ရသေးဘူးထင်တယ်”

ဦးစိုင်းတမာန်က ပန်းပုရုပ်ကို စိုက်ကြည့်ရင်း မေးသလို စိုင်းမာန်သစ်ကလည်း ပန်းပုရုပ်ကို စိုက်ကြည့်ရင်းသာ ဖြေသည်။

“အင်း ဟုတ်တယ် မပြီးလိုက်ဘူး”

“ဒီလောက်လက်ရာကောင်းတာကို ဘာလို့မပြီးလိုက်တာလဲမသိဘူး နှမြောစရာ”

“အင်း မပြီးလိုက်တဲ့အပြင် သူတို့က နောက်ထပ်ဘယ်တော့မှ ပန်းပုမထုကြတော့ဘူး”

“သူတို့?”

“အင်း ကောင်လေးနှစ်ယောက်”

အပေါ်ကိုမော့လာတဲ့ ဦးစိုင်းတမာန်ရဲ့ မျက်၀န်းတွေက အရည်လဲ့လာသလိုလိုပင်။ ထိုမျက်လုံးတွေက စိုင်းမာန်သစ်ကိုကြည့်မနေဘဲ တစ်နေရာကိုငေးနေခြင်းသာဖြစ်သည်။

“ဘာလို့လဲ သူတို့က”

“သူတို့လက်ရာတွေက ကောင်းတယ် သေလည်းသေသပ်တယ် ဒါပေမဲ့ အခြေအနေမပေးခဲ့လို့ ဒီအရုပ်ကိုတောင်ပြီးအောင်မထုခဲ့နိုင်တာ”

“သြော်”

“အဲ့ဒီကောင်လေးနှစ်ယောက်က ချစ်ခဲ့ကြတယ်”

ပထမဆုံးအနေနဲ့ စိုင်းမာန်သစ်မျက်လုံးတွေပြူးသွားသည်။ ပါးစပ်အဟောင်းသားနဲ့ သူ့ဖခင်ကိုကြည့်မိတော့ အေးအေးဆေးဆေးပင်ပြောနေခဲ့တာဖြစ်သည်။

“ပါပါးပြောချင်တာက?”

“အင်း ဟုတ်တယ် သမီးရည်းစားတွေလို”

“တစ်ယောက်ကိုတစ်ယောက်ရွေးချယ်ခဲ့ကြတယ် တစ်ယောက်ကိုတစ်ယောက်နားလည်ခဲ့ကြတယ် ဒါပေမဲ့ ပတ်၀န်းကျင်ကိုတော့ မလွန်ဆန်နိုင်ခဲ့ကြဘူး”

“ပါပါး”

“သျှင်ရဲအာဏာကို သိလား?”

“သိတယ်”

“သူ့အဖေက ဘုန်းပြည့်ဦးလေးလေ”

စိုင်းမာန်သစ် သူ့ဖခင်ရဲ့စကားဘယ်တွေရောက်နေတာလဲဆိုတာ တကယ်မသိတော့ချေ။

“အင်း”

“ပါပါးနဲ့ သူနဲ့က သာမန်မဟုတ်တဲ့ဆက်ဆံရေးတစ်ခုဖြစ်ခဲ့တယ် သား ဒီပန်းပုက ကျောင်းပိတ်ရက်တိုင်းပါပါးနဲ့သူ တစ်လှည့်စီလုပ်ခဲ့ကြတဲ့ အရုပ်”

“ပါပါး”

စိုင်းမာန်သစ် အံ့သြလွန်းလို့ ဘာပြောရမှန်းမသိအောင်ဖြစ်သွားရသည်။ ဦးစိုင်းတမာန်က အခုမှ စိုင်းမာန်သစ်မျက်၀န်းတွေကို တည့်တည့်ကြည့်လာသည်။

ဦးစိုင်းတမာန် ငိုနေခြင်းဖြစ်သည်။

@OliviaThet-Eleanor

_______________________________________________________________

Tags: read novel Lollipop Chapter 24 – Unicode, novel Lollipop Chapter 24 – Unicode, read Lollipop Chapter 24 – Unicode online, Lollipop Chapter 24 – Unicode chapter, Lollipop Chapter 24 – Unicode high quality, Lollipop Chapter 24 – Unicode light novel, ,

Comment

Leave a Reply

Chapter 24