Lollipop Chapter 25 – Unicode

All chapters are in Lollipop
A+ A-

“ပါပါး”

စိုင်းမာန်သစ် သူ့ဖခင်ပြောတာတွေကို မနည်းနားလည်အောင်နားထောင်နေရသည်။ ဘာတွေပြောနေတာလဲဆိုတာ သူတကယ်လိုက်မမှီတော့အောင်ဖြစ်ရသည်။

“ကြာခဲ့ပြီဆိုပေမဲ့ အသစ်တွေလိုပါပဲ။ ဟင်း သူ့မိဘတွေက သူ့ကို မိန်းမပေးစားပြီး ဂျာမနီကို လွှတ်ခဲ့သလို သားအဘိုးကလည်း လူတွေအကြည့်ကိုမခံနိုင်တာကြောင့် ပါပါးကို သားမေမေနဲ့ လက်ထပ်ပေးခဲ့တယ် ဟွန်း ကြေကွဲခဲ့ရတဲ့ နေ့ရက်တွေပေါ့”

ဦးစိုင်းတမာန်ရဲ့ တစ်ချက်တစ်ချက်ရယ်သံက အလွမ်းတွေအများကြီးပါ၀င်နေသည်။ ထို့ပြင် ယူကြုံးမရခြင်းများ။ အို ဘာတွေထပ်ရှိနိုင်ဦးလိမ့်မလဲ။ နှစ်ပေါင်းများစွာ မြိုသိပ်ထားခဲ့ရတဲ့ အချစ်တွေများလား။

“ပါပါး”

“ပါပါးတို့ စာအသွားအလာနဲ့ပဲ ဆက်သွယ်ခဲ့ကြတယ် သူငယ်ချင်းတွေအဖြစ်ဆက်နေသွားဖို့ ဆုံးဖြတ်ခဲ့ကြတယ် နောက်ဖုန်းတွေပေါ်လာတော့ ဖုန်းနဲ့ဆက်သွယ်ကြတာပေါ့ နောက်သားမေမေ အိမ်ကထွက်သွားတော့ ပါပါးတို့ ကွာရှင်းတယ် ဘေးအိမ်ကကောင်လေးက ဘုန်းပြည့်အာဏာလေ”

ငြိမ်သက်သွားသည့် စိုင်းမာန်သစ်ကြောင့် သူ့သားဖြစ်သူ သိပြီးပြီမှန်း ဦးစိုင်းတမာန်သိလိုက်သည်။ ထို့နောက် ခပ်ယဲ့ယဲ့လေးသာပြုံးလိုက်ရင်း စိုင်းမာန်သစ်ရဲ့ ပြဿနာကို သူနားလည်သလိုလိုရှိလာရသည်။

“တိုက်ဆိုင်မှု့တွေက ဆက်တိုက်ပဲ၊ ပါပါးက သားမေမေနဲ့ ကွာရှင်းသလို သူ့အမျိုးသမီးကလည်း ဆုံးပါးသွားခဲ့တယ် နောက်တော့ ပါပါးတို့ဘေးအိမ်ကို လာရင်းလာရင်းနဲ့ ပါပါးတို့ထပ်တွေ့ဖြစ်ခဲ့ကြတယ် အင်း ပါပါးသူ့ကိုထပ်ရွေးချယ်ခဲ့တယ် ဒုတိယအကြိမ် ဒီပန်းပုကို ဆက်ထုဖို့ အခွင့်အရေးကို ပါပါးတို့နှစ်ယောက်လုံး ဆုပ်ကိုင်ခဲ့ကြတယ် ဒါပေမဲ့ ဘုန်းပြည့်အာဏာအမေက သိသွားပြီး အင်း ပြန်မပြောတော့ပါဘူး ဒီလောက်ဆို ရိပ်မိလောက်မှာပါ”

ရိပ်မိသလောက်တော့ ရှိပေမဲ့ စိုင်းမာန်သစ် သူ့ပါပါးက သူ့ကို ဒါတွေပြောပြနေရတဲ့ အကြောင်းအရင်းကို ခုထိမသိသေး။

“ဘုန်းပြည့်က သားကိုတွေ့ချင်လို့ ဒီရပ်ကွက်ထဲကို ဖိနပ်မပါဘဲ ပြန်ပြေးလာခဲ့ဖူးတယ်”

ဦးစိုင်းတမာန်ရဲ့စကားအဆုံးမှာ စိုင်းမာန်သစ် တစ်ကိုယ်လုံးကျဥ်တက်သွားရသည်။ ထို့နောက် မျက်နှာကို တစ်ဖက်စောင်းငှဲ့လိုက်မိသည်။

“သူ့မေမေက ပါပါးကြောင့်မို့ သူ့သားကိုအတင်းပြန်ခေါ်သွားတာ ဘုန်းပြည့်က ရက်တော်တော်ကြာတဲထိကို အိပ်ယာထဲက မထနိုင်ခဲ့ဘူး သားနာမည်ကို ယောင်ရင်း အဖျားတွေတက်နေခဲ့တဲ့ ကောင်လေးကို ပါပါး ရင်နာနာနဲ့ ကြည့်ခဲ့သေးတယ်”

စိုင်းမာန်သစ် ထိုမြင်ကွင်းကို တွေးကြည့်ရုံနဲ့တင် မျက်ရည်က ၀ဲလာရသည်။ တစ်ဆက်တည်းမှာ သူဘာတွေမကျေနပ်နေမိတာလဲဆိုတာ အပြေးအလွှားတွေးမိလာသည်။

“သား အခုတလောမှိုင်နေတာ ဘုန်းပြည့်ကြောင့်မို့လား?”

စိုင်းမာန်သစ်မနေတတ်စွာ ခေါင်းကိုငုံ့ထားမိသည်။ သူ ပါပါးကို ဘယ်လိုပြောရဲမှာလဲ။ လက်ခံမယ်ဆိုတာသိပေမယ့် သူက ဘုန်းပြည့်အာဏာအပေါ်ကို အရင်ကလို အစ်ကိုတစ်ယောက်အနေနဲ့မဟုတ်တော့ဘဲ အရောင်တွေနဲ့ ချစ်နေမိခဲ့တယ်ဆိုတာ သူပြောထွက်ပါ့မလား။

“ပါပါးက ကိုယ့်သားအကြောင်းကိုယ် မသိတဲ့သူလို့ထင်နေတာလား?”

ဒါကိုတော့ စိုင်းမာန်သစ်တကယ်မထင်။ ဒီဖအေနဲ့ ဒီသား နှစ်ယောက်တည်း ဖြတ်သန်းခဲ့ကြတဲ့ အချိန်တွေက နည်းတာမဟုတ်။ ဦးစိုင်းတမာန်ဆိုတာက စိုင်းမာန်သစ်ကို အနားလည်ဆုံးလူသားတစ်ယောက်ထက်ကိုပိုသေးသည်။

“မထင်ပါဘူး”

“ဘုန်းပြည့်က သူ့ညီမလေးကို သားလို့ထင်နေတာ”

“ဗျာ”

ဒီနေ့တင်ကို ဘယ်နှစ်ခါရွတ်လိုက်ရတဲ့ အာမေဋိတ်သံလဲ စိုင်းမာန်သစ်မသိတော့။ ဘုန်းပြည့်အာဏာက အိမ့်မှူးသော်ကို ဘာလို့ သူလို့ထင်နေရမှာလဲ။ ဘယ်လိုတောင် အဓိပ္ပာယ်မရှိတဲ့ ၀တ္တုတစ်ပုဒ်အကြောင်းကို သူနားထောင်နေရတာလဲဟု တွေးမိသွားသည်။

“ဘုန်းပြည့်အမေ မမနွယ်က အတ္တသိပ်ကြီးတာ ပါပါး ထင်မထားခဲ့လောက်တဲ့အထိကို၊ ပါပါးကိုအရင်တုန်းက မောင်လေး မောင်လေးနဲ့ သိပ်နွေးထွေးခဲ့တဲ့ အစ်မ၊ ဒါပေမဲ့ သူ့မောင်နဲ့ မကင်းမရှင်းဖြစ်နေမှန်းသိတော့ ခါးခါးသီးသီးဖြစ်သွားတော့တာ၊ ဒါလည်း အပြစ်တင်လို့တော့မရဘူးလေ ဘယ်လိုအစ်မမျိုးက ကိုယ့်မောင် ယောကျ်ားလေးတစ်ယောက်နဲ့ ချစ်နေတာကို ကြည်ကြည်ဖြူဖြူလက်ခံနိုင်မှာလဲ?”

စိုင်းမာန်သစ် လက်ခံနိုင်တဲ့သူတွေရှိကြောင်းကို ပြောပြဖို့ အားယူလိုက်ပြီးမှ စကားလုံးတွေကို ပြန်မြိုချလိုက်ရသည်။ လူဆိုတာ အမျိုးမျိုးအထွေထွေပင်ဖြစ်တာမို့၊ ထို့ပြင် ထိုခေတ်အခါမှာဆို ပိုဆိုးမည်ကို သိတာမို့ ဘာမှမပြောဖြစ်တော့။ လက်ခံနိုင်တဲ့သူထက် လက်မခံနိုင်တဲ့သူများတာဟာ အဆန်းမဟုတ်။ လူတွေက အကောင်းမြင်ဖို့ထက် မကောင်းမြင်ဖို့ကို ပိုပြီးအားသန်တတ်ကြတယ်မဟုတ်လား။ ဘယ်သူ့အပြစ်မှမဟုတ်ဘူး ဒါက လောကရဲ့သဘာ၀။

“သားက သူ့သားကို တအားခင်တွယ်နေတာကိုလည်း သိနေတဲ့အပြင် ပါပါးနဲ့ သူ့မောင်က ပြန်ပြီးအသစ်စနေကြတာကို သိလိုက်ရတော့ မမနွယ်က တအားတုန်လှုပ်သွားတယ်၊ ချက်ချင်းအိမ်ပြောင်းပြီး သူ့မောင်ကို ဂျာမနီအတင်းပြန်ပို့တယ် ဘုန်းပြည့်က သားကို အဲ့လောက်ထိစွဲလမ်းနေတာ မမနွယ်သိသွားတော့ သူတအားကြောက်နေတယ်ထင်တယ်”

ဦးစိုင်းတမာန်က စကားတွေကိုပြောနေသော်လည်း လက်ထဲကပန်းပုရုပ်လေးကို လက်နဲ့ပွတ်သတ်ရင်း စိုက်ကြည့်နေတုန်းပင်။ စိုင်းမာန်သစ်ကလည်း ဦးစိုင်းတမာန်ကို မကြည့်ဘဲ သူ့ဖခင်လက်ထဲမှာ တယုတယကိုင်ခံထားရတဲ့ ပန်းပုရုပ်လေးကိုပဲ တွင်တွင်စိုက်ကြည့်နေသည်။

“ဘုန်းပြည့်အဖေ ကိုသီဟကတော့ အတော်နားလည်ပေးတဲ့သူပါ၊ သူပါပါးကို သူ့အိမ်လာဖို့ ခေါ်တယ် သားကိုခေါ်ပြီး လာခဲ့ပေးပါတဲ့ ပါပါးသားကို ခေါ်ပြီး အဲ့ဒီအိမ်ကို အပြေးသွားခဲ့တယ်၊ သားတော့မှတ်မိမယ်မထင်ဘူး အဲ့နေ့က သားလည်း တအားငိုနေခဲ့တာလေ သားမေမေထွက်သွားတုန်းကထက်ကို အော်ငိုနေခဲ့တာ ပါပါးရင်တွေကွဲတော့မတတ်ပဲ”

ဦးစိုင်းတမာန်က စီးကျလာတဲ့ မျက်ရည်တစ်စက်ကို လက်နဲ့ဖွဖွသုတ်သည်။ ဖခင်မေတ္တာကို ပြပါဆိုလျှင် ထိုမျက်ရည်တစ်စက်ကို ထိုးပြရမည်ထင်သည်။ အဲ့ဒီတုန်းက သူပါရှိုက်ကြီးတငင်လိုက်ငိုမိခဲ့သည်အထိ စိုင်းမာန်သစ်က ငိုနေခဲ့တာဖြစ်သည်။ ပြန်တွေးလိုက်ရင်ကို ထိုမြင်ကွင်းက ဦးစိုင်းတမာန်ကို ရင်နာစေနိုင်သည်။

“ဘုန်းပြည့်က မှတ်ဉာဏ်တွေပျောက်သွားတယ်”

“ဟင်”

ထိတ်လန့်စွာရွတ်လိုက်ပြီးမှ စိုင်းမာန်သစ်သတိရသွားသည်။ ဘုန်းပြည့်အာဏာဖခင်က မှတ်ဉာဏ်တွေပျောက်တဲ့အထိ ဖျားခဲ့ဖူးကြောင်း သူ့ကို ပြောပြခဲ့ဖူးသည်။

“သူ မမနွယ်ကိုရော ဘယ်သူ့ကိုမှမမှတ်မိတော့ဘူး သားကိုရောပဲ ဒါပေမယ့် သူ့စိတ်ထဲမှာ ငါးနှစ်သားကလေးလေးအသစ်က မသိစိတ်မှာစွဲနေခဲ့တယ်ထင်တယ် အဲဒီနေ့က သားနာမည်ကိုပဲ အော်ညည်းနေခဲ့ပြီး ဖျားနေခဲ့တာ သားကတော့ ပါပါးကားထဲမှာအိပ်ပျော်နေခဲ့တာဆိုတော့ဘယ်သိမလဲ အင်း”

ဦးစိုင်းတမာန်က စကားကိုရပ်ပြီး သက်ပြင်းချလိုက်သည်။

“မမနွယ်က ပါပါးကို မြင်တော့ချက်ချင်းဆွဲထုတ်တယ် ငါ့သားဒီလိုဖြစ်အောင် ဖအေတူသားက မြူစွယ်ခဲ့တာဘာညာပေါ့ ပါပါးဘယ်ခံနိုင်မှာလဲ သားက ပါပါးအသက်ထက်ပိုချစ်ရတဲ့သူ အဲဒါကြောင့် အကုန်လှည့်မကြည့်ဘဲထွက်လာခဲ့တယ် ဒါပေမယ့်ထူးဆန်းတာကလေ ဟွန်း ပါပါးသူ့ကိုတော့ အဆက်အသွယ်မဖြတ်နိုင်ခဲ့ဘူး”

အချစ်တွေက ဒီလောက်ထိလေးနက်ခဲ့ကြပါသည်။ အချစ်တွေက ဒီလောက်ထိ အပေးအယူမျှခဲ့ပါသည်။ ဘာတွေမှားယွင်းခဲ့လဲတော့မတွေးချင်။ သူတို့နှစ်ယောက်သာ မှားယွင်းတွေ့ဆုံခဲ့ကြသည်ဆိုကြပါစို့။

“အိမ့်မှူးသော်လေးက မမနွယ်သူငယ်ချင်းရဲ့သမီး သူ့မိဘအရင်းတွေက စက်ရုံမီးလောင်တဲ့အထဲပါသွားပြီး သူတစ်ယောက်တည်းကျန်ခဲ့တာ အဲဒါကို မမနွယ်က မွေးစားလိုက်တယ် အမွေတွေပါရလိုက်တာ အဲဒီမှာ မမနွယ်တို့စီးပွားရေးကလည်း ထိုးတက်သွားပြီး အိမ့်မှူးသော်ကိုတော့ သားလို့ ဘုန်းပြည့်ကိုပြောခဲ့တယ်”

စိုင်းမာန်သစ်အနေနဲ့ ဒါတွေကို သိရတော့ စိတ်မကောင်းဖြစ်မိသည်။ သို့သော် သူဘုန်းပြည့်အာဏာကို မကျေနပ်ဖြစ်နေတာ ဒါတွေကြောင့်မဟုတ်။ ဘာလို့ရယ်မှန်းမသိ ဘုန်းပြည့်အာဏာက ကိုကိုပါလို့သိလိုက်ပြီးနောက် ဆိုးချင်တာသာသိနေတော့သည်။

“အဓိကအချက်ပြောချင်တာက ဘုန်းပြည့်က အိမ့်မှူးသော်လေးကို မချစ်ဘူး သား သူ့ကို အသစ်နဲ့ဆင်တင်တင်ဖြစ်အောင် အသော်လို့ခေါ်ခိုင်းခဲ့ပေမယ့် ဘုန်းပြည့်က ငယ်လေးလို့ပဲခေါ်ခဲ့တာ”

“ပါပါး”

“ပါပါးမသိဘဲရှိမလား သားနဲ့ ဘုန်းပြည့်အာဏာအခြေအနေတွေကို”

စိုင်းမာန်သစ် မျက်နှာလေးရဲတက်သွားပြီး မျက်နှာလွှဲလိုက်မိသည်။ ဦးစိုင်းတမာန်က သူ့မျက်၀န်းတွေကို စိုက်ကြည့်ပြီးပြောနေတာဖြစ်သည်။

“လက်ခံနိုင်တဲ့အသိုင်းအ၀ိုင်းမှာ စစ်မှန်တဲ့အရာတွေက နေရာမှန်အချိန်မှန်ပေါ်ပေါက်လာခဲ့ရင် ပျော်ရွှင်ရမှာသေချာတယ်သား”

အဆက်အစပ်မရှိတဲ့ စကားတွေလို့တွေးကောင်းတွေးနိုင်ပေမယ့် စိုင်းမာန်သစ်နားလည်ပါသည်။

“ပါပါး”

“သွား မင်းကိုကိုကို ဒီထက်စိတ်ဆိုးမနေနဲ့တော့ လွမ်းနေခဲ့တာမို့လား”

ဦးစိုင်းတမာန်က စိုင်းမာန်သစ်ကို ရယ်ကာပြောသည်။ စိုင်းမာန်သစ်ကလည်း ပြန်ပြုံးပြကာ အခန်းထဲကထွက်လာခဲ့လိုက်သည်။ အခန်းထဲက ကားသော့နဲ့ ဖုန်းကိုယူကာ Lock screen ကိုတစ်ချက်ကြည့်လိုက်သည်။ အချိန်က ကိုးနာရီကျော်ရုံသာရှိသေးတာမို့ စိုင်းမာန်သစ် ကားပေါ်ကိုတက်ကာ ကုမ္ပဏီရှိရာကို တဟုန်ထိုးစီးတော့သည်။

“ကိုကို ခင်ဗျားကို ကျွန်တော် အားရအောင် ရစ်ဦးမယ်”

____________________________________________________________________

“အသစ်ကလေး Game တစ်ခုလောက်ဆော့ကြမလား?”

ဆယ်နှစ်အရွယ်ဘုန်းပြည့်အာဏာရဲ့ အသံက အနည်းငယ်တုန်ယင်နေသယောင်ရှိသည်။ သို့သော် ငယ်ရွယ်သေးသည့် စိုင်းမာန်သစ်ကတော့ သူ့ကိုကိုတစ်ယောက် ငိုချင်နေသည်ဆိုတာကို သဘောပေါက်ပုံမရ။

“ဘာ Game ယဲ?”

“အသစ်စားနေတဲ့ Lollipop က ကုန်တော့မှာမို့လား?”

“အင်း”

စိုင်းမာန်သစ်အငယ်လေးက လက်ထဲကစားလက်စ Lollipop ကို ငုံ့ကြည့်ရင်း ချစ်စဖွယ်ဆိုတော့ ဘုန်းပြည့်အာဏာမှာ မျက်ရည်တွေထိန်းမဆည်နိုင်အောင်ဖြစ်ရပြန်သည်။

“အဲ့ဒီ Lollipop ကုန်တဲ့အထိ အသစ် မျက်လုံးတွေမှိတ်ထားရမှာ”

မျက်လုံး၀ိုင်း၀ိုင်းလေးတွေက မရေမလည်မော့ကာကြည့်နေတော့ ဘုန်းပြည့်အာဏာမှာ မျက်ရည်ကို ထိန်းထားဖို့ အင်အားအတော်ကုန်ဆုံးနေပြီဖြစ်သည်။

“ဒီလိုယား?”

မျက်လုံး၀ိုင်း၀ိုင်းတွေကို မျက်ခွံအောက်မှာ ငုတ်လျိုးစေလိုက်ပြီး စိုင်းမာန်သစ်က မေးသည်။

“အင်း ဟုတ်တယ် Lollipop မကုန်မချင်း အသစ်က မျက်လုံးမဖွင့်ရဘူး ဟုတ်ပြီလား ကိုကိုက အသစ်အတွက် နောက်ထပ် Lollipop တစ်လုံးသွား၀ယ်မှာ တကယ်လို့ အသစ်က Lollipop ကို မကုန်သေးခင်မျက်လုံးဖွင့်လိုက်ရင် ကိုကို့ကို တွေ့ရမှာမဟုတ်ဘူးနော် နားလည်လား?”

“ဟုတ်”

Lollipop ကိုပါးစပ်ထဲထည့်ကာ ခေါင်းညိတ်နေသော ကောင်လေးကိုကြည့်ရင်း ဘုန်းပြည့်အာဏာ မျက်ရည်တွေတစ်စက်ချင်းကျလာရသည်။ ခေါင်းလုံးလုံးကို လက်နဲ့အသာဖွလိုက်ရင်း နဖူးကျင်းကျင်းပေါ်ကို အနမ်းတွေကျစေလိုက်သည်။

ထိုကလေးနှစ်ယောက်ရဲ့ မြင်ကွင်းက ပျိုမြစ်လွန်းပါသည်။ သို့သော် မြင်ရသူတိုင်းကို အကြောင်းအရင်းမသိတာတောင် ကြေကွဲသွားစေဖို့လုံလောက်ခဲ့ပါသည်။

မျက်ရည်တွေကို သုတ်ရင်း ပြေးသွားတဲ့ ကောင်လေးတစ်ယောက်ရှိသလို။ Lollipop စားရင်း မျက်လုံးတွေကို မှိတ်ကာ တစ်စုံတစ်ယောက်ကို စောင့်နေတဲ့ ကောင်ကလေးတစ်ယောက်လည်းရှိသည်။

ခဏနေတော့ ထိုအိမ်လေးက ကလေးတစ်ယောက်ရဲ့ ရှိုက်ကြီးတငင် အော်ငိုသံတွေနဲ့ ပြည့်နက်သွားလေသည်။

“ကိုကိုက ပြန်လာမှာ အသစ်စားဖို့ လာလာပေါ့ သွား၀ယ်တာ”

“ဟင့် ကိုကို လာလာပေါ့မကုန်ခင်မျက်လုံးဖွင့်လိုက်မိလို့ တောင်းပန်ပါတယ် ကိုကို”

(OliviaThet-Eleanor’s note နည်းနည်းပျင်းဖို့ကောင်းသွားတယ်ထင်ပါရဲ့ ဒါပေမယ့်လည်း ဒီအပိုင်းမှာပြောချင်တာတွေအများကြီးက ရှိနေပြန်တယ် စိုင်းမာန်သစ် ဘုန်းပြည့်အာဏာကို စိတ်ဆိုးရတဲ့အထိကအကြောင်းအရင်းက သူ့ကိုကိုဖြစ်နေလို့ပါ သူ့ကိုကိုက သူဆိုးချင်တိုင်းဆိုးလို့ရနေခဲ့တဲ့သူဖြစ်တာကြောင့် ဘုန်းပြည့်အာဏာက သူ့ကို မမှတ်မိတာအ‌ပြင် သူ့ကိုကိုဆိုတဲ့အသိကြောင့်ကို ဆိုးချင်နေတာပါ အား ရှုပ်ကုန်ပြီထင်တယ်TT)

@OliviaThet-Eleanor
_______________________________________________________

Tags: read novel Lollipop Chapter 25 – Unicode, novel Lollipop Chapter 25 – Unicode, read Lollipop Chapter 25 – Unicode online, Lollipop Chapter 25 – Unicode chapter, Lollipop Chapter 25 – Unicode high quality, Lollipop Chapter 25 – Unicode light novel, ,

Comment

Leave a Reply

Chapter 25