Lollipop Chapter 29 – Unicode

All chapters are in Lollipop
A+ A-

သို့သော် ထိုလူက သူ့ရှေ့မှာရှိတဲ့ ကောင်ကလေးရဲ့ ရှေ့မှာ ခြေလှမ်းတွေကို ရပ်တန့်လို့ ငေးကြည့်နေမိပါသတဲ့။

အနောက်တိုင်း၀တ်စုံချင်းတူတူဖြစ်တာတောင် စိုင်းမာန်သစ် ၀တ်လိုက်တော့ ၀တ်စုံဟာ အလိုလို နူးညံ့တဲ့အသွင်ဘက်ကို ပြောင်းသွားသည်။ ထိုသို့ပြောလို့ ကနွဲ့ကလျနိုင်သည်ဟု ဆိုလိုက်ခြင်းမဟုတ်။ စိုင်းမာန်သစ်က ချစ်စရာကောင်းတာနဲ့အတူ ယောက်ျားကလည်း ဆန်နေပြန်သေးသည်။

မျက်နှာ၀င်း၀င်းဟာ ဘာအပိုမှ လိမ်းခြယ်မထားပါဘူးလို့ဆိုရင် ဘယ်သူယုံလိမ့်မလဲ။ ခပ်အုပ်အုပ်ဖြစ်နေတဲ့ ဆံပင်ကို ခပ်အုပ်အုပ်အတိုင်းထားတာမို့ လူငယ်ကလည်း ဆန်နေပြန်သေးသည်။ စိုင်းမာန်သစ်ဟာ Vibe မျိုးစုံကနေ မိမိုက်နေတဲ့ လူငယ်ကောင်ကလေးပင်ဖြစ်သည်။

ပြောရရင်တော့ ကောင်မလေးတွေတိုင်း လိုချင်မက်မောကြတဲ့ Boyfriend Ideal Type ပင်ဖြစ်သည်။ ဘယ်လိုလုပ်ကြပါ့မလဲ အမျိုးသမီးတို့ ဘုန်းပြည့်အာဏာက လွန်စွာအားနာရပါသည်။ ထိုကောင်ကလေးက ဘုန်းပြည့်အာဏာအပိုင်ဖြစ်တာမို့ အမိတို့ ငေးရုံသာငေးကြစေလိုပါ၏။

“ကိုကို ကျွန်တော့်ကားနဲ့ သွားမလား?”

“ကိုယ့်ကားနဲ့ တူတူသွားမယ်လေ”

“ဒါနဲ့လေ ကျွန်တော်တို့ ၀တ်စုံက တအားသိသာနေတယ်နော်”

ဒီဇိုင်းတူနေသည့် အကြောင်းကို ပြောကာ ဟက်ဟက်ပက်ပက်ရယ်နေသောကောင်လေးကြောင့် ဘုန်းပြည့်အာဏာပြုံးမိရပြန်ပါသည်။ တစ်ယောက်အပြုံးတွေ တစ်ယောက်ကြောင့် ထပ်ခါတလဲလဲ ဖြစ်ပေါ်လာစေခြင်းဟာ အချစ်ဟု အဓိပ္ပာယ်ဖွင့်ဆိုနိုင်သည်။

“လာသွားစို့ နှစ်နာရီခွဲနေပြီ”

_____________________________________________________

“သတို့သားအရံက အသစ်မဟုတ်ဘူးလား?”

သတို့သမီးအရံဘေးမှာရပ်နေတဲ့ ရမ်ခကို တွေ့လိုက်ရတာကြောင့် သျှင်ရဲအာဏာမေးလိုက်မိခြင်းဖြစ်သည်။ သူသိထားတာက စိုင်းမာန်သစ်က အိမ့်မှူးသော်မင်္ဂလာပွဲရဲ့ သတို့သားအရံဟူ၍ပင်။

ထို့ကြောင့် ၀တ်စုံကိုတောင် သူတမင်ဆင်ဆင် အရောင်မတိမ်းမယိမ်းဖြစ်အောင် သူရွေးချုပ်ခဲ့တာဖြစ်သည်။ ရမ်ခကလည်း အချိန်မရှိတော့တာကြောင့် စိုင်းမာန်သစ်၀တ်ရမယ့် ၀တ်စုံနဲ့ အရောင်မတိမ်းမယိမ်းကို ရွေး၀တ်ခဲ့လိုက်ခြင်းဖြစ်သည်။ အကျိုးဆက်ကတော့ သျှင်ရဲအာဏာနဲ့ ဆင်တူနီးပါးကို ဖြစ်သွားလေသည်။

“ဥက္ကဌက ကျွန်တော့်ကို သတို့သားအရံလုပ်ဖို့ ညကဖုန်းဆက်လို့”

“အသစ်က ဘာလို့လဲ နေမကောင်းလို့လား?”

“ဟုတ်မယ်ထင်တယ် ညက ဥက္ကဌက ကိုစိုင်းမာန်သစ်ဖုန်းနဲ့ ကျွန်တော့်ကိုဖုန်းဆက်တော့ ညဆယ်တစ်နာရီလောက်ပဲ၊ မနက်ကျတော့ ကျွန်တော့်ကို ဆေး၀ယ်ပြီးလာပို့ခိုင်းသေးတယ် ကျန်တာတော့ကျွန်တော်လည်းမသိဘူး”

သျှင်ရဲအာဏာရဲ့ မျက်နှာက ကွက်ကနဲ့ပျက်သွားကာ တစ်ဖက်ကိုလှည့်သွားသည်။ ဒါကိုသတိထားမိလိုက်သော ရမ်ခသည်လည်း ထိုလူ့မျက်နှာကို မမှိတ်မသုန်ကြည့်နေခဲ့သည်။ သူလွန်ခဲ့တဲ့ နှစ်တွေကတည်းက ထိုလူ့မျက်နှာကို သူဖတ်နိုင်ခဲ့သူဖြစ်ပါသည်။

ဘုန်းပြည့်အာဏာနဲ့ အနီးကပ်နေခဲ့ရသော မိဘမဲ့ ရမ်ခသည် ဘုန်းပြည့်အာဏာအနားမှာ ရစ်သီရစ်သီလုပ်ရင်း ပြဿနာတွေရှာတတ်တဲ့ သျှင်ရဲအာဏာကို အမြဲတမ်း ငေးကြည့်ခဲ့ပါသည်။

ရှေ့ဆက်တိုးဖို့ မ၀ံ့ရဲမှု့တွေဟာ ထိုလူ့အပေါ်မှာသာဖြစ်ပေါ်ရသည်။ ငေးကြည့်ရုံနဲ့ ပြုံးမိစေသူက ထိုလူသာလျှင်ဖြစ်သည်။ သူ့အချစ်တွေက ဘယ်ထိပါလဲ။ အို ထိုလူသားကို သူ့ကြောင့် စိတ်မချမ်းမသာမဖြစ်စေချင်တဲ့အထိပင်ဖြစ်သည်။

အချိန်တိုင်းငေးကြည့်လာပြီးမှတော့ ဇွတ်အတင်းမတိုးချင်။ ငေးကြည့်ဖို့ကိုဘဲ သူဆက်ရွေးချယ်မှာဖြစ်သည်။ အကြောင်းအရင်းကိုပြောပါဆိုလျှင်တစ်ခုတည်းပင်။ သျှင်ရဲအာဏာကို ရမ်ခက သိပ်မြတ်နိုးတာကြောင့်ပင်ဖြစ်သည်။

“ငါမေးစရာရှိတယ်”

“အင်း”

“အသစ်က အိမ့်ငယ်အစားထိုး၀င်ထားတဲ့ ကောင်ကလေးမို့လား?”

ရမ်ခမျက်လုံးတွေက မြင့်တက်သွားသည်။ ထို့နောက် မျက်နှာက တစ်စုံတစ်ခုကို အံ့သြဟန်နှင့်။ သူတောင် အတည်မပြုရသေးတဲ့ ကိစ္စကို သျှင်ရဲအာဏာက အတည်ပြုပေးဖို့ဖြစ်လာရသည်။

“အစားထိုးတယ်?”

“ဟက် မင်းတောင်မသိသေးဘူးဆိုမှတော့ ဘုန်းပြည့်လည်း မသိလောက်သေးဘူး”

သျှင်ရဲအာဏာက ခေါင်းကို တစ်ချက်ငုံ့ရယ်ကာ လက်က ဘောင်းဘီအိတ်ကပ်ထဲကို ထိုးထည့်ထားသည်။ ရမ်ခကတော့ သျှင်ရဲအာဏာကို စိုက်ကာကြည့်နေဆဲဖြစ်သည်။

“မှတ်တောင်မမှတ်မိဘဲနဲ့ ဟွန်း”

သူ့ဘာသာပြောကာ အနားက ထွက်သွားသော သျှင်ရဲအာဏာကို ရမ်ခ ငေးကြည့်ဖို့ပင် အချိန်မရ။ သူ့ခေါင်းထဲမှာ အပြေးအလွှားတွေးနေရသည်။ သူဟိုတစ်နေ့ကတည်းက မသင်္ကာလို့ အကုန်လိုက်စုံစမ်းကြည့်ခဲ့ပေမဲ့ ကွာဟနေတဲ့ အချက်ကို သျှင်ရဲအာဏာက ထောက်ပြသွားသည်ပင်။

တွေးလို့ပြီးတော့ ရမ်ခ ထိုလူသားလားရာကို လှမ်းကြည့်လိုက်ရာ ခမ်းနားနေတဲ့ ခန်းမထဲက အဖြူရောင်စားပွဲပေါ်မှာ ခြေကလိန်ချိတ်ထိုင်ကာ ရှမ်ပိန်ခွက်ကို မော့သောက်နေတဲ့ သျှင်ရဲအာဏာ။

‘အ၀ေးကနေ ငေးကြည့်ရတာကပဲ ပိုလှပါတယ် ခင်ဗျားရယ်။’

____________________________________________

ခန်းမက တိတိကျကျပြောရရင် ဘုန်းပြည့်အာဏာပိုင်သည့် ပထမဆုံးဖွင့်လှစ်တဲ့ ခန်းမပင်။ ပိုပြီး တိတိကျကျပြောရရင်တော့ ဘုန်းပြည့်အာဏာက အိမ့်မှူးသော်နဲ့လို့ရည်ရွယ်ပြီး စီစဥ်ထားတဲ့ မင်္ဂလာခန်းမပင်ဖြစ်သည်။

“အသစ်ရောက်ပြီ”

ဘုန်းပြည့်အာဏာ ကိုယ်တိုင်မောင်းလာတာဖြစ်တာကြောင့် မြေအောက်ကားပါကင်မှာ ကားကိုထိုးလိုက်ကာ တစ်ဖက်ကိုလှည့်ကြည့်တော့ ထိုကောင်လေးက သူ့ကိုစိုက်ကြည့်နေသည်။

“ဘာလို့လဲ?”

“ဒီတိုင်း ကိုကို့ကို ထိုင်ငေးနေချင်လို့”

နောက်မှီကို အသေအချာမှီပြီး သူ့ကိုစိုက်ကြည့်ရင်း ပြောနေသူကြောင့် ဘုန်းပြည့်အာဏာက အချစ်ပိုရပြန်ပါသည်။ အိမ့်မှူးသော်ကို ချစ်ပါတယ်လို့ တဖွဖွပြောခဲ့ဖူးသူသည် ဒီကောင်လေးနဲ့မှပဲ အချစ်ဆိုတာ ဘာလဲသိလာရသည်လို့ ပြောရင် သူ့ကိုအပြောင်းအလဲမြန်ပါတယ်ဆိုပြီး ဆဲကြလေမလား။

ဘုန်းပြည့်အာဏာသည် ဆဲလည်း ခံရုံပင်။ အိမ့်မှူးသော်နဲ့ စောမင်းသိုက် ထွက်ပြေးသွားတုန်းက သူပထမတော့ ဒေါသတွေနဲ့ မွှန်ထူနေခဲ့မိပေမဲ့ မနာကျင်ခဲ့ရ။ ပြောရရင် သျှင်ရဲအာဏာကို စိုင်းမာန်သစ် ပြုံးပြတုန်းလောက်ကပင် သူမခံစားခဲ့ရ။ စိုင်းမာန်သစ် ငိုတာကိုမြင်ရတာနဲ့ဆို ယှဥ်စရာကို မလိုခဲ့။

ညီမငယ်ဘက်ကသာ သူ့ကို အရင်လွှတ်ချမပေးခဲ့ရင် သူ ဒီကောင်လေးရင်ခွင်စီ ပြေး၀င်ခွင့်ရခဲ့ပါ့မလား။ ဒီကောင်လေးကို သူမြတ်နိုးခွင့်ရနိုင်ပါ့မလား။ တွေးကြည့်ရုံနဲ့တင် ဘုန်းပြည့်အာဏာ ရင်ပူရပါသည်။ သူကိုယ်တိုင်တောင် မသိလိုက်ခင်မှာပဲ သူဟာ ဒီကောင်လေးအပေါ်မှာ ယစ်မူးသထက် ယစ်မူးနေခဲ့မိခြင်းသာ။

“ကိုယ့်ကို အဲ့သလောက်တောင်လား?”

စောင်းငဲ့ကာ မေးလိုက်မိတဲ့စကားလုံးက ဒုတိယအကြိမ်မြောက်ဖြစ်သည်။

“အဲ့ထက်ပိုတယ်”

“ဟား အတတ်ကလေးကို အတွင်းရေးမှူးခန့်လိုက်မိတာပဲ”

“အလုပ်ဖြုတ်ချင်လား အဲတော့”

မျက်ခုံးကို ပင့်ပြီး အပြုံးမပျက်ပြောနေသူသည် တကယ်ကို စိုင်းမာန်သစ် ပီသပါသည်။

“ကိုယ်နေမကောင်းတုန်းက မင်းကို အလုပ်ဖြုတ်ဖို့ စဥ်းစားထားတာ”

“ဘာ တကယ်လား မဖြစ်ဘူးနော် ကိုကိုမဖြုတ်လောက်ဘူးထင်လို့ မေးလိုက်တာ ဒီအလုပ်ပြုတ်ရင် ပါပါးက ကျွန်တော့်ကို အိမ်ပေါ်က ဆင်းခိုင်းလိမ့်မယ်”

“အင်း တစ်ခါတည်းဆင်းပြီး ကိုယ်နဲ့နေလိုက်လေ”

သူက အဲ့သလိုပြောတော့ စိုင်းမာန်သစ်က သွားဖြူဖြူတွေပေါ်လာသည်အထိ ရယ်သည်။ စိုင်းမာန်သစ်ရဲ့ အပြုအမူတိုင်းကို ဘုန်းပြည့်အာဏာမြတ်နိုးလိုက်ရတာဆိုတာများ။

“ဘယ်လိုလဲ ကလေးငယ် အတွင်းရေးမှူးနေရာကနေ ဆင်းပြီး ကိုယ့်အမျိုးသားလေးလုပ်မလား?”

စိုင်းမာန်သစ် ရယ်နေတဲ့ ပါးစပ်ပင်တန့်သွားရပါသည်။ ဘုန်းပြည့်အာဏာက သူထင်မထားလောက်အောင် နူးညံ့တတ်လွန်းနေသည်။ ဥက္ကဌဘုန်းပြည့်အာဏာကို သူနည်းနည်း ယုံကြည်မှု့မရှိပေမယ့် သူ့ကိုကိုဘုန်းပြည့်အာဏာအပေါ်ကိုတော့ သူယုံကြည်မှု့အပြည့်အ၀ရှိပါသည်။

ကိုကိုက သူ့ကို သိပ်ချစ်တာပါ။

“နောက်ကျတော့မယ် သွားစို့”

“ကိုယ့်ကို အဖြေမပေးဘဲနဲ့ ဒီကားပေါ်က ဆင်းလို့ရမယ်မထင်နဲ့”

“ဟာဗျာ”

“ဖြေ”

ဘယ်သူမှမသိလိုက်ခင်မှာ ဘုန်းပြည့်အာဏာဟာ ကလေးဆိုးကြီးဖြစ်သွားရသလို သူတို့နှစ်ယောက်ဟာလည်း အချိန်အကြာကြီး ချစ်ခဲ့ကြသူတွေအလား။ သူများတွေအမြင်မှာ သိပ်မကြာသေးတဲ့ ချစ်သူတွေဖြစ်ရင်ဖြစ်ကြလိမ့်မယ်။ တစ်ယောက်ကိုတစ်ယောက် သေချာမသိသေးဘူးလို့ ၀ေဖန်ရင် ၀ေဖန်ကြဦးမည်။ ဒီလိုပြောလာခဲ့ရင်တော့ သူတို့နှစ်ယောက်က သင်ပြပေးရပါဦးမည်။

ဟိုး အချိန်အကြာကြီးကတည်းက ညှိတွယ်ခဲ့ပြီးသား ကြိုးတွေသည် သေချာချည်လိုက်တာနဲ့ ပြန်ပြေဖို့ အတော်ခဲယဥ်းသွားခဲ့ပြီဖြစ်ကြောင်း။ သူတို့နှစ်ယောက်အတွက် အချိန်တွေသည် တစ်ယောက်အပြုံးတစ်ယောက် မြင်ရဖို့ထက် ပိုလို့အရေးမပါနိုင်ကြောင်းကို သင်ပြချင်မိပါသေးသည်။

“ကိုကိုက ကျွန်တော့်လူ ကျွန်တော်က ကိုကိုလူ့ ကဲ ဘာထပ်ပြောဖို့လိုသေးလဲ?”

ဘုန်းပြည့်အာဏာက မနိုင်ဘူးဆိုတဲ့ အကြည့်နဲ့ကြည့်ကာ ပြုံးသည်။ သူလည်း ဒီကောင်လေးကို အသည်းယားရလို့ ရူးတော့မည့်ဆဲဆဲပင်။

*And when the lights start flashing like a photo booth

And the stars exploding
We’ll be fireproofMy youth
My youth is yours
Tripping on skies, sipping waterfalls
My youth
My youth is yours

ရုတ်တရတ် ထမြည်လာသော စိုင်းမာန်သစ်ဖုန်းကို ကြည့်လိုက်မိတော့ အိမ့်မှူးသော်ဆီကဖြစ်နေသည်။

“ဟယ်လို”

“ဟယ်လို မရောက်သေးဘူးလား? နင်ကဘယ်လိုဖြစ်တာလဲ? သတို့သားအရံလုပ်မယ်ဆိုတာလည်း အခု ကိုရမ်ခကို လွှတ်လိုက်တယ်”

စိုင်းမာန်သစ် ဖြေရခက်နေတုန်း လက်ထဲက ဖုန်းကို ဘုန်းပြည့်အာဏာက ဆွဲယူလိုက်သည်။

“ကိုကို့ကြောင့် သူမလုပ်ဖြစ်တာ ငယ်လေး အခုခေါ်လာပြီပဲမို့လား ကျေနပ်တော့”

လောဘဆိုတာ ရလေတက်လေဆိုတာအမှန်ပဲထင်သည်။ စိုင်းမာန်သစ်မျက်နှာကလေးက အနည်းငယ်ညှိုးငယ်သွားသည်။ ဒါကိုလည်း ဘုန်းပြည့်အာဏာက မြင်ဖြစ်အောင်မြင်လိုက်ပါသေးသည်။

(OliviaThet-Eleanor’s Note – သူတို့နှစ်ယောက်ကို ကားပေါ်က ဆွဲချလိုက်ကြပါဦး တကယ်ပဲ ဒီပုံစံအတိုင်းဆို နောက်တစ်ပိုင်းလည်း ဆင်းရဦးမယ့်ပုံမပေါ်သေးဘူး။ ပြီးတော့ ရမ်ခနဲ့ သျှင်ရဲအာဏာက Side Couple ဖြစ်လာဖို့ ရာခိုင်နှုန်းအတော်နည်းပါတယ်။

စိုင်းမာန်သစ်က ဘာလို့ မျက်နှာညှိုးသွားတယ်ဆိုတာ ကိုယ်လည်းမသိဘူး ဘုန်းပြည့်အာဏာကတော့သိတယ်တဲ့ သူ့မေးပြီးရေးတင်ပေးလိုက်ပါ့မယ်)

@OliviaThet-Eleanor

________________________________________________________

Tags: read novel Lollipop Chapter 29 – Unicode, novel Lollipop Chapter 29 – Unicode, read Lollipop Chapter 29 – Unicode online, Lollipop Chapter 29 – Unicode chapter, Lollipop Chapter 29 – Unicode high quality, Lollipop Chapter 29 – Unicode light novel, ,

Comment

Leave a Reply

Chapter 29