Lollipop Chapter 30 – Unicode

All chapters are in Lollipop
A+ A-

“အသစ်”

“ဟင်”

“ကိုကို့ကိုကြည့်”

ပထမဆုံးအနေနဲ့ ဘုန်းပြည့်အာဏာက သူ့ကိုယ်သူ ကိုကိုဟု သုံးလိုက်ခြင်းဖြစ်သည်။

“ဘာဖြစ်သွားတာလဲ?”

“ဟင် ဘာမှမဟုတ်ပါဘူး”

“ကိုကိုက ဒီတိုင်းလွှတ်ကနဲ့ထွက်သွားတာ နောက်ကျပြောင်းခေါ်ဖို့ ငယ်လေးကိုပါပြောပေးမယ်”

ဒီလိုလုပ်လိုက်ရင် စိုင်းမာန်သစ်က တအား နိုင်ကျယ်လွန်းရာကျဦးမည်မဟုတ်ပါလား။ သူ့ကြောင့်နဲ့တော့ ဘုန်းပြည့်အာဏာကို အခက်မတွေ့စေလို။

“အာ ကျွန်တော်က ကိစ္စမရှိပါဘူး သွားကြစို့ နောက်ကျနေပြီ”

ပြောကာ ကားပေါ်က ဆင်းသွားသူကြောင့် ဘုန်းပြည့်အာဏာမှာ သက်ပြင်းသာချရသည်။ သူ့ ကောင်လေးက သူများဘက်ကို တအားတွေးပေးလွန်းနေပါသည်။

စီးပွားရေးအသိုင်းအ၀ိုင်းကြီး မိသားစုထဲက သမီးမင်္ဂလာဆောင်ဆိုသည့်အတိုင်း လုပ်ငန်းရှင်တွေကသာ အများဆုံးဖြစ်သည်။ သူတို့နှစ်ယောက် ခန်းမထဲ၀င်လာတော့ သတို့သားနဲ့ သတို့သမီးက ဧည့်သည်တွေကို လိုက်ဧည့်ခံနေပြီတောင် ဖြစ်သည်။

စိုင်းမာန်သစ်တို့နှစ်ယောက်၀င်လာတော့ လုပ်ငန်းရှင်တွေရဲ့ မျက်လုံးတွေက သူတို့နှစ်ယောက်ဆီတန်းတန်းရောက်လာသည်။ ဒါဟာသိပ်တော့ ဆန်းတဲ့ကိစ္စမဟုတ်။ ဘုန်းပြည့်အာဏာရဲ့ အရှိန်အ၀ါက ဒီထက်တောက်ပသည်။

တစ်ခါတလေကျတော့လည်း စိုင်းမာန်သစ်တွေးမိပါသည်။ ဘုန်းပြည့်အာဏာက ဘယ်လိုများရှင်သန်ခဲ့တာမို့ ဒီလောက်ထိ အရှိန်အ၀ါကြီးနေရတာလဲဆိုသည့် မေးခွန်းကို သူအမြဲစဥ်းစားမိသည်။ ဒီမေးခွန်းတွေရဲ့ အဖြေနောက်မှာ ညတွေမအိပ်ခဲ့ရတဲ့ ဘုန်းပြည့်အာဏာကို တွေ့ရလိမ့်မည် ခံစားချက်မရှိသူတစ်ယောက်လို လှုပ်ရှားရုန်းကန်နေခဲ့တဲ့ ဘုန်းပြည့်အာဏာကို မြင်ရပါလိမ့်မည်။

ဒါတွေက ဘယ်သူတစ်ဦးတစ်ယောက်ကမှ ဘုန်းပြည့်အာဏာကို စေခိုင်းခဲ့ခြင်းလည်းမဟုတ်။ သူကိုယ်တိုင်ကိုက ဆန္ဒရှိစွာ ဒီလမ်းကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် သူ့နှလုံးသားသည် စိုင်းမာန်သစ်တို့အိမ်နောက်ဖေးမှာတင် ကျန်ရစ်ခဲ့ပြီဖြစ်သည်။

အစားထိုးရောက်လာစေကာမူ၊ ထိုသူပါလို့ ဘယ်လောက်ပဲ မှတ်ယူစေကာမူ ပိုင်ရှင်အစစ်ကို ရှာမတွေ့သည့်အခါ သူ့နှလုံးသားဟာ ဒီအတောအတွင်း သေဆုံးနေခဲ့ပါသည်။

“တွေ့ရတာ ၀မ်းသာပါတယ် မောင်ဘုန်းပြည့်အာဏာ အန်ကယ်က Green Vibe Company ရဲ့ ဥက္ကဌ ဦးဟိန်းဇော်ပါ”

ခန်းမထဲတောင်တွင်တွင်ကျယ်ကျယ်မရောက်ခင် ရှန်ပိန်ခွက်ကို ကမ်းပေးကာ လာနှုတ်ဆက်နေသောသူကြောင့် ဘုန်းပြည့်အာဏာ အလိုမကျဖြစ်သွားရသည်။ သူ့ဘေးကိုကြည့်တော့ စိုင်းမာန်သစ်ဟာရှိမနေတော့။ ဘယ်အချိန်ကတည်းက ပျောက်သွားသည်မှန်းမသိတာမို့ ဘုန်းပြည့်အာဏာ ခန်းမအကျယ်ကြီးထဲကို မျက်လုံး၀ေ့ကာ ရှာရသေးသည်။

“ဟုတ်ကဲ့ တွေ့ရတာ၀မ်းသာပါတယ်”

မကောင်းတတ်တာမို့ ပြန်ပြောလိုက်သည်ကို တစ်ဖက်က ဥက္ကဌမျက်နှာသည် ရွှင်ပျသွားဟန်ရှိသည်။ ဘုန်းပြည့်အာဏာ မျက်လုံးတွေက သူ့အပေါ်မရှိဘဲ အခန်းထဲမှာ ၀ေ့ကာ စိုင်းမာန်သစ်ကို ရှာနေသည်ဆိုတာကိုတော့ ထိုလုပ်ငန်းရှင်မသိဟန်။

“အန်ကယ်တို့ဘက်က ကမ်းလှမ်းထားတဲ့ Project လေးကို အန်ကယ်ဖြင့် လက်ခံစေချင်တယ် အကျိုးအမြတ်တွေကို အန်ကယ်ပြောထားပြီးသားဆိုပေမယ့် မောင်ဘုန်းပြည့်အာဏာကို သက်သက်အချိန်တစ်ခုပေးပြီး ရှင်းပြချင်တာ”

“ကျွန်တော့် ညီမရဲ့ မင်္ဂလာဆောင်မှာ အလုပ်ကိစ္စ ခဏဘေးဖယ်ထားရအောင်”

ပြောကာ လှည့်ထွက်သွားသူကို ဦးဟိန်းဇော်မှာ ဒေါသမထွက်လိုက်ရ။ အဘယ်ကြောင့်ဆိုသော် လှစ်ကနဲ့ ပြုံးသွားသည်ကို မြင်လိုက်ရသောကြောင့်ဖြစ်သည်။ ထိုအပြုံးမှာ ပျောက်ချက်သားကောင်းသွားတဲ့ စိုင်းမာန်သစ်ကို ရှာတွေ့သွားသောကြောင့် ပြုံးလိုက်သည်ဆိုတာသာ ဦးဟိန်းဇော်သိလျှင် သူ့ Project ကိုလက်ခံဖို့ လမ်းစဟု တွေးရဲမည်မဟုတ်ပေ။

အိမ့်မှူးသော်က ယဥ်ယဥ်လေးနဲ့ လှသူမဟုတ်သလို အရိုင်းဆန်နေတဲ့ ကောင်မလေးလည်း မဟုတ်။ လည်ပြန်ငေးလောက်တဲ့ ရူပါရုံပိုင်ရှင်ပင်ဖြစ်သည်။ ပွဲရဲ့ အဓိက သတို့သမီးက တောက်ပနေတာတော့ မဆန်း။ ဆန်းတာက ဘုန်းပြည့်အာဏာ စိုင်းမာန်သစ်ကို ရှာရင်း စားပွဲတစ်ခုမှာ ရှန်ပိန်ခွက်ကို မော့ကာ ရပ်နေသည့် စိုင်းမာန်သစ်နားရောက်သည့်အခါမှသာ ဘေးက သူ့ညီမကိုတွေ့သောကြောင့်ဖြစ်သည်။

“သြော် ငယ်လေး”

“ငယ်လေးတဲ့ ကိုကြီးက ငယ်လေးဆီလာတာမဟုတ်ဘူးလား?”

သူ့အနားရောက်မှ သူ့ကိုတွေ့လိုက်ရတော့ အံ့သြသွားသလို ပြုမူနေသည့် ဘုန်းပြည့်အာဏာကြောင့် အိမ့်မှူးသော်မေးလိုက်ခြင်းဖြစ်သည်။ ဒီအတောအတွင်း မတွေ့ဖြစ်ခဲ့သော်လည်း သူ့အစ်ကိုအကြောင်းသူကောင်းကောင်းသိပါသည်။

ညကပဲ ဖခင်ရဲ့ ၀န်ခံပြောပြမှု့တွေကြားမှာ အိမ့်မှူးသော် ပါးစပ်အဟောင်းသားနှင့်။ တစ်လျှောက်လုံး သူမအပေါ် စွဲလမ်းစိတ်ကြီးစိုးနေခဲ့တဲ့ အစ်ကို့ကိုလည်း သူမအပြစ်မတင်ရက်တော့။ တစ်ဖက်က ဆန်းကြယ်လွန်းတဲ့ ကံကြမ္မာကိုလည်း အံ့သြလို့မဆုံး။

တန်းတန်းစွဲဖြစ်နေသည့် ချစ်သူကိုမှ ညီမဖြစ်သူ၏ ရည်းစားလို့အထင်မှားသော ဘုန်းပြည့်အာဏာကြောင့် အိမ့်မှူးသော်မှာ ရယ်ရခက်၊ ငိုရခက်။

အိမ့်မှူးသော်က ကိုကိုလို့ မသုံးဘဲ ကိုကြီးလို့သာ သုံးလိုက်တာကြောင့် စိုင်းမာန်သစ် မျက်လုံးပြူးသွားရသလို အားလည်းနာမိသည်။ ဘာကြောင့်ပြောင်းသုံးလိုက်ရတာလဲဆိုတဲ့ အကြောင်းအရင်းကိုလည်း သိချင်လာရသည်။ သူ့စိတ်ကို ဖတ်တတ်နေသည်ဆိုလျှင်တောင် ဘာမှမသိဘူးဟု စိုင်းမာန်သစ်တွေးထားတာကြောင့် နားလည်ရခက်လာရပြန်သည်။

“ဘုန်းပြည့် ငါနဲ့စကားခဏပြောရအောင်”

နောက်ကရောက်လာတဲ့ သျှင်ရဲအာဏာအသံကြောင့် ဘုန်းပြည့်အာဏာလှည့်ကြည့်လိုက်ကာ မျက်မှောင်ကုတ်လိုက်သည်။ သူ စိုင်းမာန်သစ်အနားက တစ်ဖ၀ါးမှမခွာချင်ပါဘူးဆိုကာမှ ထိုကောင်လေးနဲ့ ၀ေးရာချည်းခေါ်နေကြတော့တာဖြစ်သည်။

မချစ်တတ်ဘူးဆိုတဲ့ လူကြီးတွေ ချစ်တတ်သွားသည့်အခါ သိပ်အကဲပိုတတ်ကြပါသည်။

သျှင်ရဲအာဏာနောက်ကိုလိုက်လာလိုက်ရင်း ဟိုတယ်အပြင်ဘက် ခြံဆီသူတို့နှစ်ယောက်လုံးရောက်သွားကြသည်။ ဘုန်းပြည့်အာဏာရဲ့ လက်ထဲမှာ ရှန်ပိန်တစ်ခွက်ပါတာကြောင့် မော့သောက်လိုက်ရင်း သူ့ကို စူးစူးရဲရဲကြည့်နေသော သျှင်ရဲအာဏာအား မျက်ခုံးပင့်ကာအထူးအဆန်းလိုကြည့်သည်။

“ဘာပြောမလို့လဲ?”

“အသစ်ကို ငါတကယ်ချစ်သွားတာ ဘုန်းပြည့်”

သျှင်ရဲအာဏာရဲ့စကားကြောင့် ခုဏက ပင့်တင်ထားတဲ့ မျက်ခုံးတန်းနှစ်ဖက်ကပိုလို့ပင်မြှောက်တက်သွားသည်။ နှုတ်ခမ်းတစ်စုံဟာလည်း မဲ့ပြုံးနှင့်။ သာမန်လူသာဆို နားပန်းချည်းပိတ်ကျင်းပြစ်ချင်စရာ မျက်နှာပေါက်ဆိုပေမယ့် ဘုန်းပြည့်အာဏာဖြစ်နေတာကြောင့် ဆွဲဆောင်မှု့တစ်မျိုးပင် ရှိနေသေးသည်။

“ဘယ်လိုလုပ်မလဲ အသစ်ကပြောတယ် သူက ကိုကို့အပိုင်တဲ့”

ကွက်ကနဲ့ပျက်သွားသော သျှင်ရဲအာဏာရဲ့ မျက်နှာသည် အတော်ပင် စိတ်ခုသွားသည်ကို ဖော်ပြနေသည်။ သူထင်ထားသော်လည်း ဒီလောက်မြန်မြန်ဖြစ်လာလိမ့်မည်လို့တော့ မထင်ခဲ့။ ဘုန်းပြည့်အာဏာက ဘယ်တုန်းက ဒီလောက် သွက်သွက်လက်လက်ရှိသွားတာလဲဆိုတာ သူအံ့သြမိသည်။

“မင်းပိုင်ရအောင် သူကအရုပ်ကလေးလား?”

“အင်း သူက အရုပ်ကလေးဖြစ်မယ်ဆိုရင် ငါအမြဲတမ်းရင်ခွင်ထဲထည့်ထားချင်တဲ့ အရုပ်ကလေး”

“ငါသဘောကျတယ်ပြောလို့ သူ့ကိုမင်းအသုံးချလိုက်တာလား?”

“ငါကမင်းခံစားချက်တွေကို သူမျက်ရည်၀ိုင်းတာလောက်တောင် ဂရုမစိုက်ဘူး”

“မင်း”

“ငါ့လူကိုမထိနဲ့ ဘ၀တစ်လျှောက်လုံး ဘယ်သူ့ကိုမှ ငါ့လူလို့ရဲရဲမပြောရဲခဲ့ပေမဲ့ စိုင်းမာန်သစ်ဆိုရင်တော့ ပြောရဲတယ် အသစ်က ငါ့လူ မင်းမျက်လုံးနဲ့တောင်ဆွေမကြည့်မိစေနဲ့”

တရားကျဖို့ကောင်းလိုက်လေခြင်း။ သူ့လူလို့ ဘယ်သူ့ကိုမှမပြောရဲခဲ့ဘူးတဲ့လား အကုန်လုံးက သူ့လူတွေဖြစ်နေခဲ့တာကိုတော့ ဘုန်းပြည့်အာဏာ မြင်ခဲ့ဟန်မတူ။ မြေးချင်းတူတူတောင် သျှင်ရဲအာဏာက ဒီမိသားစုမှာဘယ်တုန်းကမှ ဘောင်မ၀င်ခဲ့ချေ။

ဂျာမနီကနေ မြန်မာပြည်ကိုအလည်လာတိုင်း ဘုန်းပြည့်အာဏာကို ခေါင်းကလေးပုတ်ပြီး မွှေးကြူတတ်ကြတဲ့ အဘိုးအဘွားတွေဟာ သျှင်ရဲအာဏာကိုတော့ ပွေ့ဖက်ဖို့တောင် သတိခပ်မေ့မေ့။ မိခင်ဘက်က အဘိုးအဘွားတွေကသာ သူ့အပေါ်သံယောဇဥ်ရှိကြတာ။ ဟို အယုတ်စွဆုံး သူ့ဖခင် ဦးလှမျိုးမြင့်ကတောင် သျှင်ရဲအာဏာနဲ့ ဘုန်းပြည့်အာဏာရွေးပါဆိုလျှင် သူ့တူကိုသာ ရွေးလောက်မည်ထင်သည်။

လှည့်ထွက်သွားသော ဘုန်းပြည့်အာဏာကြောင့် သျှင်ရဲအာဏာ ကမြောသောပါးလက်ကိုလှမ်းဆွဲလိုက်သည်။ ဘုန်းပြည့်အာဏာက မျက်မှောင်ကြုတ်လျက်ပင် သူ့ကိုလှည့်ကြည့်ပြန်သည်။

“မင်း သူ့ကို မှတ်တောင်မှတ်မိလို့လား?”

“ဘာ”

မျက်မှောင်ကြုတ်လိုက်ပြီး အမေးသဘောပါသော အာမေဋိတ်သံသည် မကျေနပ်ခြင်းများ စွက်နေသည်။ စိုင်းမာန်သစ်ကလည်း သူ့ကိုဒီစကားတွေပြောခဲ့ဖူးသည်။ လွန်ခဲ့တဲ့ နှစ်နှစ်က ကော်ဖီဆိုင်မှာတွေ့ခဲ့တာကို ရည်ညွှန်းသည်ဟု သူထင်ခဲ့ပေမဲ့သူတို့က ကိစ္စကြီးတစ်ခုလို ပြောနေကြတာကြောင့် ဘုန်းပြည့်အာဏာ နားလည်ရခက်လာသည်။

“ဟွန်း မှတ်တောင်မမှတ်မိဘဲနဲ့ တအားရယ်ရတယ် မင်း”

“အရည်မရ အဖတ်မရတွေနားမထောင်ချင်ဘူး”

ဘုန်းပြည့်အာဏာပြောလိုက်ရင်း လက်ကိုခါထုတ်လိုက်ကာ ခန်းမထဲကို ၀င်လာခဲ့လိုက်သည်။ သူ့ရင်တွေပူလောင်နေတာမို့ သူ့စမ်းရေအေးလေးကို တွေ့ရမှဖြစ်မည်။ အပြေးအလွှားရှာတော့ ဂျောင်ကျကျစားပွဲမှာ အိမ့်မှူးသော်နှင့်အတူ ရှိနေတဲ့ စိုင်းမာန်သစ်ကို တွေ့လိုက်ရသည်။

သူ့ကလေးငယ်ဟာ ငိုနေသည်။

“အသစ် ဘာဖြစ်လို့ငိုနေတာလဲ ဟင် ဘယ်သူဘာလုပ်လိုက်လို့လဲ ကိုယ့်ကိုပြော နောက်ထပ်မငိုတော့ဖို့ ပြောထားတယ်လေကွာ ကျစ်”

တရစပ်အနားကိုရောက်လာပြီး သူ့ကိုမှရှိသည်မထင် စိုင်းမာန်သစ်နားကို ဒူးထောက်ပြီး မေးခွန်းတွေထုတ်နေသူကြောင့် အိမ့်မှူးသော်မှာ ပါးစပ်အဟောင်းသား။ အိမ့်မှူးသော်မှာ ရှိတဲ့အပြစ်ဆိုလို့ သူအကုန်သိပြီးပြီဖြစ်ကြောင်း၊ ကိုကြီးလို့ပြောင်းခေါ်လိုက်ရခြင်းက သူလည်းသက်တောင့်သက်သာပိုဖြစ်သလို စိုင်းမာန်သစ်အတွက်ပါ ပြောင်းခေါ်ပေးလိုက်ခြင်းဖြစ်ကြောင်း၊ စိုင်းမာန်သစ်ဘက်မှာ သူရှိနေပါသည်ဖြစ်ကြောင်း ခေါ်ပြောမိရုံသာဖြစ်သည်။

ဒါကို စိုင်းမာန်သစ်က ကျေးဇူးပီတိတွေ အ၀ေဖြာလွန်ပြီး မျက်ရည်တွေကျလာရုံ။ ဒါကို သူ့အစ်ကိုက သူကပဲ စိုင်းမာန်သစ်ကို ဖြဲခြောက်ထားသလို ပြုမူနေပါသည်။ ကိုယ့်မင်္ဂလာဆောင်မှာ ခွေးစာအကျွေးခံနေရသည်က သိပ်တော့သဘာ၀မကျလှ။

“ကိုကြီး ငယ်လေးဘာမှမလုပ်ထားပါဘူး ကိုကြီးကောင်လေးကို ငိုနေတာလည်း သူအပျော်လွန်ပြီးငိုနေတာပါ အဲ့လောက်ထိဖြစ်ပျက်ပြနေတော့ အမြင်တောင်ကပ်လာပြီ”

“ဟုတ်လား အသစ်”

စိုင်းမာန်သစ်က ပြုံးကာ ခေါင်းညိတ်ပြတော့မှ ဘုန်းပြည့်အာဏာ ဒူးထောက်ထိုင်ထားရာက ထကာ စိုင်းမာန်သစ် ပခုံးကို ဆုပ်ကိုင်လိုက်မိသည်။

“ကိုကို လူတွေအများကြီးရှိနေတာကို”

“သူတို့က မင်းငိုနေတာလောက်အရေးမပါဘူး”

“အိမ့် ဟိုဘက်မှာ ကျောင်းတုန်းက သူငယ်ချင်းတွေရောက်နေတယ် သွားနှုတ်ဆက်ရအောင်”

အနားကိုရောက်လာတဲ့ စောမင်းသိုက်ကြောင့် အိမ့်မှူးသော်အနည်းငယ်အသက်ရှူချောင်သလိုရှိလာရသည်။

“သွားမယ် သွားမယ် မဟုတ်ရင် သွေးအန်သေတော့မယ် ကိုကိုရေ”

အိမ့်မှူးသော်က စောမင်းသိုက်ကို ကိုကိုလို့ခေါ်လေ့ခေါ်ထမရှိ။ မင်းသိုက် သို့မဟုတ် မောင်လို့သာသုံးသည်။ သို့သော် သူ့ရှေ့က ချစ်စခင်စအတွဲကို ရွဲ့ကာ တမင် ကိုကိုဟု ခေါ်လိုက်ခြင်းဖြစ်သည်။

“ကိုဘုန်းပြည့်အာဏာ”

စောမင်းသိုက်က သူ့နာမည်အပြည့်အစုံကို ခေါ်လိုက်တာကြောင့်ဘုန်းပြည့်အာဏာ စိုင်းမာန်သစ်ကို ငုံ့ကြည့်နေရာမှ ခေါင်းကို မော့လိုက်သည်။ သူ့ကိုရှိန်နေသည့် ယောက်ဖကြောင့် ဘုန်းပြည့်အာဏာ မိတ်ဆက်ဖို့ပြင်ရပြန်သည်။

“အာ စောမင်းသိုက်နော် ငယ်လေးက ရွေးချယ်ထားတယ်ဆိုမှတော့ လူကောင်းဖြစ်မယ်ဆိုတာယုံပါတယ် အစ်ကို့ညီမကို မင်းလက်ထဲသေချာအပ်ပါတယ်”

“စိတ်ချပါဗျ”

ပြောကာ ဆွဲဖက်လိုက်တာကြောင့်ဘုန်းပြည့်အာဏာမှာ အကြောင်ကြောင်အအအ။ အိမ့်မှူးသော်ကတော့ သဘောတွေစွတ်ကျကာ ပါးစပ်ကိုလက်နဲ့အုပ်ရယ်နေလေသည်။ စိုင်းမာန်သစ်ကတော့ အလိုမကျသည့်မျက်နှာလေးနှင့်။

သူ့ကိုကိုကို သူကလွဲပြီး အဲ့ဒီလိုဖက်တာမျိုးကို သူမနှစ်ခြိုက်ပါတဲ့လေ။

(OliviaThet-Eleanor’s Note_မလိုတော့ပါဘူး မလိုတော့ပါဘူး ပြီးတော့မှာပါ သျှင်ရဲအာဏာက သူ့အစ်ကိုကို ဇွတ်အထင်တွေသေးနေတာ ဘယ်တုန်းကသွက်သွက်လက်လက်ရှိခဲ့ဖူးလို့လဲတဲ့ ဟိုက သွက်တာမှရှယ်ပဲ)

@OliviaThet-Eleanor

___________________________________________

Tags: read novel Lollipop Chapter 30 – Unicode, novel Lollipop Chapter 30 – Unicode, read Lollipop Chapter 30 – Unicode online, Lollipop Chapter 30 – Unicode chapter, Lollipop Chapter 30 – Unicode high quality, Lollipop Chapter 30 – Unicode light novel, ,

Comment

Leave a Reply

Chapter 30