Lollipop Final – Unicode

All chapters are in Lollipop
A+ A-

*And when the lights start flashing like a photo booth
And the stars exploding
We’ll be fireproofMy youth
My youth is yours
Tripping on skies, sipping waterfalls
My youth

ခုတင်ဘေးက စားပွဲပေါ်မှာတင်ထားတဲ့ စိုင်းမာန်သစ်ရဲ့ ဖုန်းကမြည်လာတာကြောင့် စိုင်းမာန်သစ်မျက်လုံးတွေပွင့်လာရသည်။ ထို့နောက် ဘုန်းပြည့်အာဏာကို မော့ကြည့်ကာ ဖုန်းယူပေးဖို့ပြောရသည်။

“ကိုကို ဖုန်းယူပေးဦး”

ဘုန်းပြည့်အာဏာ သူ့ပေါင်ပေါ်မှာရှိနေတဲ့ စိုင်းမာန်သစ်ခေါင်းကို ထိန်းရင်း စားပွဲပေါ်က ဖုန်းကို လှမ်းယူကာ စိုင်းမာန်သစ်လက်ထဲကို ထည့်ပေးသည်။ ထို့နောက် ခေါင်းလုံးလုံးကို တစ်ချက်ဖွကာ ငုံ့နမ်းလိုက်သေးသည်။

စိုင်းမာန်သစ် သူ့လက်ထဲမှာရှိတဲ့ ဘုန်းပြည့်အာဏာပေးထားသော Lollipop စားလက်စကို လက်မြှောက်ပေးတော့ ဘုန်းပြည့်အာဏာက လက်နဲ့မယူဘဲ ပါးစပ်ထဲတန်းထည့်ကာယူလိုက်သည်။ စိုင်းမာန်သစ်က အံ့သြနေဟန်နှင့် မော့ကြည့်တော့ သူက ပြုံးပြကာ ဖတ်လက်စစာအုပ်ကို ဆက်ဖတ်နေသည်။

“ဟယ်လို ကြီးကြီး”

“သားလေး တမာန်က အပြင်ကနေဘာဖြစ်လာတာလဲ သိလား?”

“ဗျာ ပါပါးက ဘာလို့လဲ?”

“နေ့လည် မင်္ဂလာပွဲက ပြန်လာကတည်းက သူ့အခန်းထဲကထွက်မလာဘူး ကားပေါ်ကဆင်းတုန်းကလည်း ငိုထားတယ်ထင်တယ် အခု ညနေစာစားဖို့သွားခေါ်တာလည်း ထွက်မလာဘူး သား”

“ဟင်”

စိုင်းမာန်သစ် ဘုန်းပြည့်အာဏာပေါင်ပေါ်အိပ်နေရာကနေထလိုက်ပြီး တွေးဆဆဖြစ်သွားရသည်။ အခြေအနေအရဆို သူ့ဖခင်ငိုရသည့်အကြောင်းအရင်းက ဘုန်းပြည့်အာဏာ ဦးလေးနှင့်သက်ဆိုင်နေမည်မှာ သေချာသည်။

သန်မာချင်ယောင်ဆောင်နေတတ်သော်လည်း ထိုလူနှင့်ပတ်သက်လျှင် သူ့ဖခင်က ခံစားချက်တွေအမြဲတမ်းအသစ်ပြန်ဖြစ်မည်ဆိုတာကို မနေ့က စိုင်းမာန်သစ်ကို အကြောင်းစုံပြောပြသည့်အချိန်မှာပင် နားလည်လိုက်ပြီးသားဖြစ်သည်။

“သား လာခဲ့မယ် ကြီးကြီး”

“အေးကွယ် ကြီးကြီးလည်း စိတ်ပူလို့ သားကို ဖုန်းဆက်လိုက်တာ”

“ဟုတ် သားလာခဲ့မယ် ဒါပဲနော်”

“အေးကွယ်”

စိုင်းမာန်သစ် ဖုန်းချအပြီးမှ သူ့ကို ကြည့်နေတဲ့ ဘုန်းပြည့်အာဏာရဲ့ မျက်၀န်းတွေကို အရင်တွေ့လိုက်သည်။ ပါးစပ်ထဲမှာတော့ ခုဏက စိုင်းမာန်သစ်ပေးလိုက်တဲ့ Lollipop ကိုငုံထားလျက်နှင့် ပေါင်ပေါ်က ထလိုက်မိသည့် အချိန်ကတည်းက ဘုန်းပြည့်အာဏာ သူ့ကိုကြည့်နေတာဖြစ်သည်။

“ကျွန်တော်အိမ်ပြန်ဦးမယ်”

“ဘာဖြစ်လို့လဲ အသစ်”

“ပါပါး ကျွန်တော့်ကို လိုအပ်နေမယ်ထင်တယ်”

မျက်လုံးတွေကို စိုက်ကြည့်ကာ ပြောလာသည့် စိုင်းမာန်သစ်ကြောင့် ဘုန်းပြည့်အာဏာနားလည်သွားသည်။ ဒါကြောင့် စိုင်းမာန်သစ်ကို မေးခွန်းတွေထပ်မေးဖို့ထက် လိုက်ပို့ပေးဖို့ကိုသာ သူပြင်လိုက်သည်။

“ကိုယ်လိုက်ပို့မယ်”

“အင်း”

__________________________________________________________________

စိုင်းမာန်သစ်တို့အိမ်ကို ကားထိုးရပ်လိုက်ပြီးနောက် ဘုန်းပြည့်အာဏာ အမည်မသိခံစားချက်တွေကို ခံစားလိုက်ရသည်။ ဒီနေရာက သူထင်တဲ့အတိုင်းဆို သူအရင်ကနေခဲ့တဲ့ ရပ်ကွက်ဖြစ်သည်။ ခေါင်းက ထိုးကိုက်လာတာကြောင့် စီယာတိုင်ပေါ် ခေါင်းမှောက်လိုက်မိတော့ စိုင်းမာန်သစ်က စိုးရိမ်တကြီး လှည့်ကြည့်လာသည်။

“ကိုကို ဘာဖြစ်လို့လဲ?”

“ဟင့်အင် ဘာမှမဖြစ်ဘူး ကိုယ်အထဲထိ လိုက်မပို့နိုင်တော့ဘူး ကိုယ့်ဘာသာ၀င်သွားလိုက်တော့နော်”

သူပြောတော့ စိုင်းမာန်သစ်က မျက်လုံး၀ိုင်းတွေနဲ့ကြည့်ကာကားပေါ်ကဆင်းသွားသည်။ ဘုန်းပြည့်အာဏာကို လှည့်ကြည့်လှည့်ကြည့်နှင့်။ ထိုမြင်ကွင်းက ထင်ထားတာထက် ရင်းနှီးနေသည်။

လှည့်ကြည့်လှည့်ကြည့်နဲ့ ခြံထဲကို ၀င်သွားတဲ့ စိုင်းမာန်သစ်ရဲ့ ပုံစံက ငါးနှစ်သားလေးဖြစ်သွားလိုက်၊ နှစ်ဆယ့်ငါးနှစ်အရွယ်ကောင်ကလေးဖြစ်သွားလိုက်နှင့်။ ဘုန်းပြည့်အာဏာမျက်စိကို မှိတ်ချလိုက်တော့ သူမှတ်မိနေခဲ့သော ပုံရိပ်တွေထဲက ကလေး၏မျက်နှာသေးသေးလေးက ပီသစွာမြင်လာရသည်။ 

“အသစ်”

လွှတ်ကနဲ့ ပါးစပ်ကထွက်သွားကာ အံ့သြတကြီး စိုင်းမာန်သစ်၀င်သွားသည့် ခြံထဲကို လှမ်းကြည့်မိသည်။ ပျောက်ဆုံးနေသည့် တစ်စုံတစ်ခုကို သူရှာဖွေတွေ့ရှိခဲ့ပါပြီ။ အသက်ဆယ်နှစ်အရွယ်ထိ ဖြစ်ပျက်ခဲ့သမျှကို သူမမှတ်မိသော်လည်း ထိုကလေးနှင့်ပြေးလွှားဆော့ကစားဖူးသည့် မှတ်ဉာဏ်တွေကတော့ လုံး၀ပျောက်မသွားခဲ့။

သို့သော် ထိုကလေးမျက်နှာကိုတော့ သူ့မှာဘယ်လိုမှ မြင်ယောင်လို့မရခဲ့ပေ။ ၀ေ၀ါးနေသည့် ပုံရိပ်တစ်ခုအဖြစ်သာ။ ထိုကလေးက အိမ့်မှူးသော်လို့ သူမှတ်ယူထားခဲ့သော်လည်း အခုတော့ သူဘာလို့ တစ်ခုခုကိုပျောက်ဆုံးနေသလို ခံစားခဲ့ရတာလဲဆိုတာကို ဘုန်းပြည့်အာဏာ နားလည်စပြုလာရသည်။

ကားစက်ကို နှိုးကာ တစ်ဟုန်ထိုး ကုမ္ပဏီကို ပြန်မောင်းလာခဲ့ပါတော့သည်။

_________________________________________

“ပါပါး”

အခန်းတံခါးကို တွန်းကြည့်လိုက်ရာ လော့ချမထားမှန်း သိလိုက်ရတာမို့ စိုင်းမာန်သစ် အသာလေးတွန်းဖွင့်ကာ အခန်းထဲကို ၀င်ခဲ့လိုက်သည်။ ဦးစိုင်းတမာန်က ရှိုက်ကြီးတငင် ငိုထားသလိုရှိသော်လည်း သူထင်သလို အခုထိတော့ငိုမနေခဲ့။

ဆွေးမြေ့စွာနဲ့ပဲ အဖြူအမဲဓာတ်ပုံတစ်ပုံကို စိုက်ကြည့်နေခဲ့ပါသည်။

“ပါပါး”

“အင်း သား”

“ငိုထားတာလား?”

“အင်း နည်းနည်း”

“ပါပါး သားကို မကြည့်နဲ့ သားက အကုန်လုံးအဆင်ပြေတာမို့ ပါပါးပျော်ဖို့ကိုပဲ လုပ်”

စိုင်းမာန်သစ် သူ့ဖခင်ဘေးနားကို ထိုင်လိုက်ကာ လေသံမတိုးမကျယ်နှင့်ပြောလိုက်သည်။ သူသိတာပေါ့။ သူ့ဖခင်က သူ့ကြောင့်သာ ချိန်ဆတွေးတောနေတာ။

“မဟုတ်ဘူး သား မဖြစ်နိုင်တာက မဖြစ်နိုင်တာပဲ”

“သူက ဘာပြောလိုက်လို့လဲ?”

“တစ်ရက်လောက်အရင်လိုပြန်နေရအောင်တဲ့”

ပြောပြီးမှ ဦးစိုင်းတမာန် ရှက်သလိုခံစားလာရသည်။ သူက သားဖြစ်သူကို ဘာတွေပြောနေမိတာလဲ။

“ပါပါး ငြင်းလိုက်လား?”

“အင်း”

“ဘာလို့လဲ?”

“ပြန်ဆက်လို့မရတဲ့ ကြိုးတွေကို ခဏချည်ထားပြီးဘာလုပ်မှာလဲ ပြီးရင်ပြန်၀ေးသွားရဦးမှာကို ဒဏ်ရာတွေအသစ်ဖြစ်ဖို့ မလုပ်ချင်ဘူး”

ဖခင်ရဲ့ဆုံးဖြတ်ချက်ကို သူလေးစားတာမို့ စိုင်းမာန်သစ် ဘာမှမပြောတော့ဘဲ ငြိမ်ငြိမ်သာနေလိုက်တော့သည်။ ခေါင်းမာလှတဲ့ သူ့ပါပါးက ဦးလှမျိုးမြင့်ဆီကို လုံး၀သွားမှာမဟုတ်တာ သူသိပါသည်။

“ပါပါး ညနေစာ”

“ဒီနေ့တော့ စားချင်စိတ်မရှိဘူး သူ့ကို အားရပါးရဆွေးလိုက်ဦးမယ် နောက်ဆုံးအနေနဲ့”

ပြောကာ ရယ်နေသော ဦးစိုင်းတမာန်ရဲ့ မျက်၀န်းတွေထဲမှာ မျက်ရည်စအချို့ရောနှောနေသည်။

“တစ်ခုခုလိုအပ်ရင် သားရှိတယ်နော်”

ဦးစိုင်းတမာန်က ခေါင်းသာညိတ်ပြပြီး ဆိတ်ဆိတ်နေသည်။ စိုင်းမာန်သစ်လည်း သူ့ပါပါးအခန်းကနေ ထွက်လာခဲ့လိုက်လေသည်။

________________________________________________

စိုင်းမာန်သစ် ရေမိုးချိုးပြီး ဘုန်းပြည့်အာဏာကို ဖုန်းတွေဆက်တိုက်ခေါ်နေတာဖြစ်သည်။ တစ်ခါခေါ်လည်း မကိုင်၊ နှစ်ခါခေါ်လည်းမကိုင်တာကြောင့် စိတ်ကပူလာရသည်။ ဖုန်းက ၀င်ရဲ့သားနဲ့ ကျကျသွားတာဖြစ်သည်။ ခဲမှန်ဖူးတဲ့ စာသူငယ်ပဲဆိုဆို သူဘုန်းပြည့်အာဏာကို ထပ်ပြီး အဆုံးရှုံးမခံနိုင်။

ဒီလိုသေးသေးလေးကစ သူ့မှာ အ၀ေးကြီးတွေးမိရပြန်သည်။ ဖုန်းမကိုင်တာကြောင့် ရင်တွေလည်း သူ့မှာပူလှပြီဖြစ်သည်။ ဆက်တိုက်ကျသွားတဲ့ Phone Call တွေကြောင့် စိုင်းမာန်သစ်ရင်တွေ ကဗြောင်းကပြန်ထက်ပိုပြီးကို ကဗြောင်းကပြန်ဖြစ်ရသည်။

ရူးတော့မလိုဖြစ်နေသည့်ခံစားချက်ကို စိုင်းမာန်သစ်တော်တော်မုန်းသည်။

တစ်နာရီလောက်ထိုင်ခေါ်နေသည့် ဖုန်းသည် ဆက်တိုက် ကိုင်သူကင်းမဲ့နေဆဲဖြစ်သည်။ စိုင်းမာန်သစ် ကားသော့ကို ယူလိုက်ကာ အခန်းထဲကနေအပြေးထွက်လာခဲ့သည်။ ဖုန်းမကိုင်ရသည့် အကြောင်းအရင်းကို သူသိရမှဖြစ်မည်။

အဲ့သလောက်ထိ လျစ်လျူရှု့နေရတဲ့ အကြောင်းအရင်းကို သူသွားနားထောင်ရမည်။ ဘုန်းပြည့်အာဏာက အရင်လာမရှာချင်နေပါ။ သူက ဘုန်းပြည့်အာဏာဆီ အမြဲတမ်းရောက်အောင်သွားမည်။ ဒါကြောင့် ဘယ်ချိန်ရှိနေပြီလဲဆိုတာ စိုင်းမာန်သစ် ဂရုမစိုက်။ ကားသော့ကို ယူကာ ခြံထဲကို ထွက်လာခဲ့သည်။

သူ့ပြိုင်ကားအပြာလေးကို ဂိုဒေါင်ထဲကထုတ်ပြီးနောက် စိုင်းမာန်သစ် ခြံတံခါးကို ကိုယ်တိုင်ဆင်းဖွင့်လိုက်သည်။ ထိုစဥ်မြင်လိုက်ရတဲ့ ကားကြောင့် စိုင်းမာန်သစ် မျက်လုံးတွေပြူးသွားရသည်။ သူတို့ခြံတံခါး၀နဲ့ မလှမ်းမကမ်းမှာ ရပ်ထားသည့် ကားသည် ဘုန်းပြည့်အာဏာရဲ့ ကားဖြစ်သည်။ 

“ညဥ်နက်နေပြီ ဘယ်သွားမလို့လဲ?”

ကြားလိုက်ရတဲ့ အသံခပ်သြသြကြောင့် စိုင်းမာန်သစ် ခြေလှမ်းတွေတန့်သွားရသည်။ ထို့နောက် လှည့်ကြည့်လိုက်တော့ ထင်သည့်အတိုင်း ဘုန်းပြည့်အာဏာပင်။ ညနေက အင်္ကျီကိုပဲ ၀တ်ထားပြီး နွမ်းလျနေသည့် ပုံစံကြောင့် စိုင်းမာန်သစ် အပြေးသွားကာ ဖက်လိုက်မိတော့ ဘုန်းပြည့်အာဏာလက်ထဲက စီးကရက်လိပ်ကလေးက မြေပေါ်ကို ကျသွားသည်။

“ဘာလို့ ဖုန်းမကိုင်တာလဲ?”

“အဲဒါက ကိုယ်”

တမင်မကိုင်ကြောင်း သိလိုက်ရတဲ့ အချိန်မှာ စိုင်းမာန်သစ် တစ်ကိုယ်လုံးသွေးတွေပြောင်းပြန်စီးသွားသလိုခံစားလိုက်ရ၏။ ဒီလောက်ထိဖုန်းတွေခေါ်နေခဲ့တာဟာ စိုင်းမာန်သစ်ကို ဘယ်လောက်အထိ ၀မ်းနည်းစေလဲဆိုတာကို မသိတာလားဟုမေးလိုက်ချင်သည်။ ဘုန်းပြည့်အာဏာ ဘာတွေတွေးနေလဲဆိုတာကို သူသိပ်သိချင်သည်။

စိုင်းမာန်သစ် ဘုန်းပြည့်အာဏာကို ဖက်ထားတဲ့လက်တွေက လျော့ရဲကျလာကာ အံ့သြမှု့အပြည့်ပါသည့် မျက်လုံး၀ိုင်း၀ိုင်းတွေနဲ့ မော့ကြည့်သည်။ ထို့နောက် နှုတ်ခမ်းတွေက တဆတ်ဆတ်တုန်ယင်လာသည်။

“တမင်မကိုင်တာပေါ့ ကိုကိုက”

တုန်ရီစွာပြောလိုက်တဲ့ အသံသေးသေးလေးက ဘုန်းပြည့်အာဏာကို အကြီးအကျယ်တုန်လှုပ်သွားစေသည်။ စိတ်ပျက်ခြင်းတွေ ရောနှောသွားသည့် ထိုအသံကို သူနားထောင်ဖို့အတော်ပင် ခဲယဥ်းသည်။

“မဟုတ်ဘူး ကိုယ်က”

“ကျွန်တော် ဘယ်လောက်တောင် စိတ်တွေပူနေလဲသိလား ကိုကို့နဲ့ပတ်သက်လာရင် ကျွန်တော်ဘယ်လောက်ထိစိတ်ခံစားလွယ်လဲဆိုတာကိုရောသိလား? မသိလောက်ပါဘူး ကိုကို က ပေါ့ပြက်ပြက်ပဲတွေးထားတာမို့လား? ဖုန်းတွေခေါ်နေတာ အရူးတစ်ယောက်လိုပဲ ထပ်ပြီးအဆုံးရှုံးမခံနိုင်လို့ ထပ်ပြီး ကျွန်တော့်ဆီကနေ ပျောက်သွားမှာကြောက်လို့ အရူးတစ်ပိုင်းလို ကိုကို့ဆီလာဖို့လုပ်နေတာ ဒါပေမဲ့ ကိုကိုကတော့ တမင်မကိုင်တာတဲ့လား အံ့သြလို့မဆုံးဘူး”

ဆက်တိုက်ပြောသွားတဲ့ စကားတွေကြောင့် ဘုန်းပြည့်အာဏာကြောင်အနေရပြန်သည်။ သူ စိုင်းမာန်သစ်ကို ထပ်ပြီး နာကျင်စေခဲ့မိပြန်ပါသည်။ အကြိမ်ကြိမ်အခါခါ စိုင်းမာန်သစ်ကို ဘုန်းပြည့်အာဏာက ငိုရစေပါသည်။ 

စိုင်းမာန်သစ်က ကျလာတဲ့ မျက်ရည်တွေကို လက်ဖမိုးနဲ့ ခပ်ကြမ်းကြမ်းပွတ်ကာသုတ်လိုက်ပြီး ဘုန်းပြည့်အာဏာကို စူးစူးရဲရဲကြည့်သည်။

“ကိုကို့ကို မမြင်ချင်ဘူး ကျွန်တော့်ရှေ့ကို ပေါ်မလာနဲ့”

နှလုံးသားတစ်ခုလုံး ချေမွခံလိုက်ရတဲ့ ခံစားချက်ကို ဘုန်းပြည့်အာဏာ ခံစားလိုက်ရသည်။ ပြောပြီးပြီးချင်း ချက်ချင်းလှည့်ထွက်သွားသော ကိုယ်လုံးလေး ခြံတံခါး၀နားကို ရောက်ခါနီးမှ ဘုန်းပြည့်အာဏာအသိ၀င်ကာ အပြေးလိုက်ပြီး ဖက်လိုက်မိသည်သည်။

ရုတ်တရတ် နောက်ကနေ သိုင်းဖက်ခံလိုက်ရတာကြောင့် စိုင်းမာန်သစ် ကိုယ်လုံးလေး ယိုင်ကနဲ့ဖြစ်သွားရသည်။ သူ့ကိုယ်လုံးကို တင်းကြပ်နေအောင်ဖက်ထားပြီး ပခုံးပေါ် ခေါင်းမှောက်ထားသော ဘုန်းပြည့်အာဏာကို ရုန်းဖယ်မည်ပြုလိုက်စဥ် စိုစွတ်လာတဲ့ သူ့ပခုံးကြောင့် လှုပ်ရှားမှု့တွေ ရပ်တန့်သွားရသည်။

ဘုန်းပြည့်အာဏာက ငိုနေတာဖြစ်သည်။

“တောင်းပန်ပါတယ်”

ရှိုက်သံတွေကြားက တိုးဖျဖျထွက်လာသည်က ခပ်အက်အက်အသံကြောင့် စိုင်းမာန်သစ် တစ်ကိုယ်လုံးဓာတ်လိုက်သလို ကျင်တက်သွားရသည်။ ရင်ဘတ်တစ်ခုလုံးလည်း တင်းကြပ်နေပြီဖြစ်သည်။

“ကိုကို အများကြီး တောင်းပန်ပါတယ်”

“ကိုကိုက အများကြီးတောင်းပန်တာမို့ ကိုယ့်ကိုထားသွားလို့မဖြစ်ဘူး အသစ်”

စိုင်းမာန်သစ် ဘာဆက်ပြောမလဲဆိုတာကို တိတ်ဆိတ်စွာဆက်လက်နားထောင်နေမိသည်။ 

“ကိုကိုက ကိုကိုက အရူးကြီးလိုပဲ ကိုကို့အသစ်ကလေးကိုတောင် မမှတ်မိဘူး တောင်းပန်ပါတယ်”

စိုင်းမာန်သစ် မျက်၀န်းတွေက သာမန်ထက်ပိုကျယ်သွားရလေသည်။ ဘုန်းပြည့်အာဏာရဲ့ ရှိုက်ငိုသံတွေကလည်း သူ့နားနဲ့အနီးဆုံးမှာမို့ တော်တော်ကျယ်ကျယ်ကြားနေရသည်။ ညက တိတ်ဆိတ်နေတာမို့ အသက်ရှူသံတွေနဲ့ ပိုးကောင်အော်သံတွေက ကျယ်လောင်နေသည်။ သူ့တစ်ကိုယ်လုံးလည်း ထုံကျင်နေသလို ခံစားရသည်။

“ကိုကို”

တိုးဖျဖျခေါ်လိုက်တဲ့အသံနဲ့အတူ စိုင်းမာန်သစ် နောက်ကို ဖြည်းဖြည်းလှည့်လိုက်သည်။ ညှိုးနွမ်းနေတဲ့ မျက်နှာကို ခပ်ဖွဖွအုပ်ကိုင်လိုက်ပြီး မျက်ရည်တွေကို သုတ်ပေးနေမိသည်။ ဘုန်းပြည့်အာဏာရဲ့ လက်တွေက သူ့ခါးကို ဖက်ထားဆဲပင်ဖြစ်သည်။

“မှတ်တောင်မမှတ်မိဘဲ အသစ်ချစ်တယ်လို့ပြောတာကို မျက်နှာပြောင်တိုက်ပြီး ပျော်နေမိတာ အသစ်ကို မှတ်တောင်မမှတ်မိဘဲ ကိုယ်က ပိုချစ်တယ်လို့ပဲ ထင်နေခဲ့မိတာ မျက်နှာပြောင်တိုက်ပြီး ကိုကို့အပိုင်ပါလို့ ကြွေးကြော်နေခဲ့တာ”

“မလိုဘူးလို့ ကျွန်တော်ပြောတယ်လေ၊ ကိုကိုမှတ်မိမိ မမှတ်မိမိ ကျွန်တော်က ကိုကို့အပိုင်ဆိုတာပြောင်းလဲသွားတာမှမဟုတ်တာ”

“ကိုကို အသစ်ကို ဘယ်လို မျက်နှာချင်းဆိုင်ရမလဲဆိုတာမသိတော့လို့ အဲ့ဒီငါးနှစ်အရွယ်ကလေးလေးက အသစ်ဆိုတာကို ကိုကိုဘယ်လိုတောင်မေ့ပစ်နိုင်ရတာလဲ?”

“ကိုကို့အပြစ်မှမဟုတ်တာ”

“အသစ်ရယ်”

ဘုန်းပြည့်အာဏာက စိုင်းမာန်သစ် ပခုံးပေါ်ကို မျက်နှာအပ်ရင်း မျက်ရည်တွေစီးကျနေပြန်သည်။ အသန်မာဆုံးဟု ခံယူထားသော သူ့စိတ်တွေလည်း စိုင်းမာန်သစ်နဲ့ ပက်သတ်လာမှ ပျော့ညံ့ရတော့တာဖြစ်သည်။ ဘယ်တော့မှ မကျခဲ့တဲ့ မျက်ရည်တွေဟာလည်းစိုင်းမာန်သစ်ကို ဆုံးရှုံးရမှာကြောက်တဲ့စိတ်နဲ့ အားနာစိတ်အောက်မှာ ရေစီးကမ်းပြိုကျရတော့တာဖြစ်သည်။

“ကိုကိုက ကိုကိုပဲ ကျွန်တော့်ကို Lollipop ကမ်းပေးခဲ့တဲ့ ဘေးအိမ်က ဘုန်းပြည့်အာဏာပဲဖြစ်ဖြစ်၊ ကော်ဖီဆိုင်မှာ ကျွန်တော်မြင်မြင်းချင်းချစ်မိခဲ့ရတဲ့ အမည်မသိလူကြီးပဲဖြစ်ဖြစ်၊ ကျွန်တော့်အလုပ်ရှင် ဥက္ကဌ ဦးဘုန်းပြည့်အာဏာပဲဖြစ်ဖြစ် ကိုကိုဖြစ်နေဖို့ပဲလိုတာ ကျွန်တော်အတွက် ကိုကိုဖြစ်နေရင်ကို ကျန်တာဂရုမစိုက်ဘူး”

ဘုန်းပြည့်အာဏာက ပခုံးပေါ်ကနေ ခေါင်းထောင်လာကာ စိုင်းမာန်သစ်ကို နူးညံ့စွာကြည့်သည်။ လှပလွန်းလှတဲ့ မျက်၀န်းတွေနဲ့ စိုင်းမာန်သစ်ကလည်း သူ့ကို နူးညံ့စွာ ပြန်ကြည့်သည်။

“အတိတ်ကို မှတ်မိသည်ဖြစ်စေမမှတ်မိသည်ဖြစ်စေ ကိုကိုက ကျွန်တော်ကို ချစ်တယ်လေ ဟုတ်တယ်မို့လား ဒါဆိုရပြီ မှတ်မိသွားရင် ပိုကောင်းတယ်ဆိုပေမဲ့ မမှတ်မိလည်း ကိစ္စလုံး၀မရှိဘူး ကိုကိုက ကျွန်တော့်ကို ချစ်တယ်လေ မမှတ်မိတာတောင် ကိုကိုက ကျွန်တော့်ကို ပြန်ရွေးချယ်ခဲ့တယ်လေ ကိုကို့နှလုံးသားက၊ ဟုတ်တယ်မို့လား?”

စိုင်းမာန်သစ်ရဲ့ စကားအဆုံးမှာ ဘုန်းပြည့်အာဏာ ဆွံ့အရပြန်သည်။ သူ စိုင်းမာန်သစ်ကို မြတ်နိုးရလွန်းလို့ ရူးရချည်ပါရဲ့။ သူ့အတွက်လည်း စိုင်းမာန်သစ်တစ်ယောက်ပဲ ဖြစ်နေခဲ့တာဖြစ်သည်။ စိုင်းမာန်သစ် တစ်ယောက်တည်းကိုပဲ ရင်ထဲထည့်ထားခဲ့သည်။

“အသစ်ကိုလေ ကိုကိုချစ်လွန်းလို့ ရူးတော့မယ်ထင်တယ်”

သူက အဲသလိုပြောတော့ စိုင်းမာန်သစ်က သွားဖြူဖြူတွေပေါ်လာသည့်အထိ ပြုံးသည်။ ထိုအပြုံးတွေကလည်း ဘုန်းပြည့်အာဏာ ခြေချုပ်မိရာ အရင်းအမြစ်။

“ကျွန်တော်ကို ကိုကိုက တောင်းပန်ဖို့မလိုဘူး ပိုချစ်ပေးနေရမှာ”

စိုင်းမာန်သစ်ရဲ့စကားအဆုံးမှာ ဘုန်းပြည့်အာဏာရဲ့ နှုတ်ခမ်းတွေက စိုင်းမာန်သစ်နှုတ်ခမ်းတွေဆီကို စခန်းချတော့သည်။ ညင်သာလွန်းတဲ့ အနမ်းတွေက လရောင်အောက်မှာ အတော်ပင်လှပသည်။ အို အတော်ကို ညင်သာလွန်းတဲ့ အနမ်းချိုချိုတွေရယ်သာဖြစ်သည်။ “Lollipop” တစ်ချောင်းထက် ပိုချိုတဲ့ အနမ်းတွေ။ ထိုအနမ်းတွေထက် ပိုချိုတာကတော့ သူတို့နှစ်ယောက်ရဲ့ အချစ်တွေပင်။ 

“ကိုကိုက အသစ်ကို အများကြီး ပိုချစ်ပြဦးမှာမို့ အသစ်က ကိုကို့ဘေးမှာပဲနေရမယ် ကိုကိုက အသစ်မရှိလို့ မဖြစ်ဘူး”

တစ်ယောက်မရှိလို့ တစ်ယောက်မဖြစ်တဲ့ ကြိုးတွေဟာ အများမြင်တာထက်ပင် ပိုခိုင်မာကြောင်း။

(OliviaThet-Eleanor’s Note_ September 6 ရက်နေ့မှာ စတင်ပြီး Published ခဲ့တဲ့ ကိုယ့်ရဲ့ “Lollipop” ဟာဆိုရင် နှစ်လကြာမြင့်ပြီးတဲ့နောက် November 11 ရက်နေ့မှာ Final Part ကို Published နိုင်ခဲ့ပါပြီ။ တကယ် ဘာဂယက်မှမရှိဘဲ Update မှန်မှန်နဲ့ အပြီးထိရေးနိုင်လိုက်လို့ တကယ်ကို ၀မ်းသာရပါတယ် ဒီအထိ လိုက်လာပေးတဲ့ သူတွေကိုလည်း တကယ်ကျေးဇူးတင်လို့မဆုံးပါဘူး ကိုယ့်ရဲ့ အဖိုးတန်လေးတွေကို မြတ်နိုးပေးကြလို့လည်း အတိုင်းထက်လွန်ပျော်ရပါတယ်။❤

Extra 3 ပိုင်းနဲ့ Special Extra ရှိမှာမို့ ဆက်ပြီး ဖတ်ပေးကြပါဦး။ Special Extra က Not related to Main Couple ပါ ဘယ်အကြောင်းလာမယ်လို့ထင်လဲ? စောင့်မျှော်ပေးကြပါဦး နောက်ထပ် ပုံစံမတူတဲ့ Fiction တစ်ခုနဲ့လည်း December 1 ရက်နေ့မှာ ပြန်လာပါဦးမယ်။❤)

@OliviaThet-Eleanor

_____________________________________________________________

Tags: read novel Lollipop Final – Unicode, novel Lollipop Final – Unicode, read Lollipop Final – Unicode online, Lollipop Final – Unicode chapter, Lollipop Final – Unicode high quality, Lollipop Final – Unicode light novel, ,

Comment

Leave a Reply

Chapter 32