Wrong Time Right Person(Completed) part (21)unicode

A+ A-

wrong time right person

အပိုင်း(၂၁)

“မြှောင် မြှောင်”
“မြှောင် မြှောင်”
အမှောင် ထုများသည် သိပ်သည်းမဲမှောင်လျက် မျက်လုံးဖွင့်ထားသော်လည်း ပိတ်ထားသည့်နှယ် ထူးမခြားနား။
မှောင်မိုက်တိတ်ဆိတ်နေသည့် အချိန်
ကြောင်တစ်ကောင်၏ တမြှောင်မြှောင် အော်သံသည် ခေါင်းထဲ ဝင်ထိုင်လျက်အော်နေသလို ကြားပါများလာသော အခါ ခေါင်းမှာ တဆစ်ဆစ်ကိုက်ခဲလာ၏။

“ငါကူညီရမလား”

ရုတ်တရက်အမှောင်ထဲတွင် အလင်းတစ်ခုပွင့်သွားကာ သူ့အသံအား သူပြန်ကြားလျက် သူ့ရုပ်သွင်အား သူပြန်မြင်နေရ၏။
သို့သော်လည်း အဲဒါသူမဟုတ်ဘူးဆိုတာ စိတ်ကသိနေပြန်သည်။

“မလိုဘူး”
“မင်းအကူအညီလိုအပ်နေပုံပါ”
“မင်းကဘာလို့ ငါနဲ့တူနေရတာလဲ”
“မင်းကိုကယ်တင်ပေးမယ့် သူမို့လို့ပေါ့”
“ဒီကြောင်ကို ငါသတ်ပေးရမလား”
“…….””
“မြှောင်….မြှောင်”
“ဟင်အင်း မသတ်ရဘူး”
“မင်းကြောက်လို့လား”
“ငါက ဘာလို့ကြောက်ရမှာလဲ”
“ငါ သတ်ပေးမယ် ကြည့်ရဲလား ထလာခဲ့ ငါ့အနား”

စိတ်ညှို့ခံရသူနှယ် အမှောင်ထုထဲတွင်အလင်းပွင့်နေသော သူ၏ ပုံတူ ဆီထသွားလိုက်သည်။
ထိုသူမှာ သူနှင့် အသံကအစ ခွဲမရအောင်တူ ကာ လက်ဆီလှမ်းကိုင်လိုက်တော့ သူ့ခန္ဓာကိုယ်နှင့် တစ်သားတည်းဖြစ်သွားကာ
ထိုလူသည် သူဖြစ်သွားလေသည်။
ထို့နောက်အခန်းတစ်ခုလုံးလင်းချင်းသွားကာ ဦးတည်ရာသည် မီးဖိုချောင်ဆီသို့ ။
ဓား ကတ်ထဲမှ အသွားမြည့်နေသည့် ဓားတစ်ချောင်း လှမ်းယူကာ
ဦးတည်ရာသည်
စတိုခန်းဆီသို့။
ရှေ့တစ်ရက်က လမ်းဘေးတွင် ကိုယ်ဝန်ကြီးနှင့် ဒုက္ခရောက်နေသော
ကြောင်မလေးအား သူကောက်ယူကာ
မာမီမသိအောင် စတိုခန်းထဲထည့်ထားခဲ့သည်။
ဓားသည် မီးရောင်အောက်တွင် လင်းကနဲလက်ကနဲ။
မျက်ဆံများမှာ နေရာမရွေ့ပဲ ဦးတည်ရာတစ်ခုသို့သာ ပို့ထားလေသည်။

“မြှောင်”

ကတ္ထူ သေတ္တာထဲမှ ကြောင်မလေးမှာ သူ့အားမှတ်မိသည့်အလား
မြှောင်ဟုတစ်ချက်အော်ကာ လှမ်းကိုင်လိုက်သော သူ့လက်ဆီ ခေါင်းအားတိုးဝှေ့လာ၏။
သူ့အသက်ဇီဝိန်အား ခြွေယူမည့် သေမင်းတမန်မှန်း သိခဲ့လျှင်
ထိုသို့ပြုမူလောက်မည်မဟုတ်ချေ။

*********

“အားးးးးးး”
ရေချိုးခန်းဆီမှ မြင်ကွင်းကြောင့် စွေသော မိုးမှာ နောက်သို့ဖင်ထိုင်လျက်ပြန်လဲလေသည်။
ထို့နောက် ရင်ထဲ ပျို့တက်လာသည်မို့
နေရာမှာပင် ထိုးအန်လိုက်သည်။
အစာ မစားရသေးသည်မို့ အရည် များနှင့် လေများသာ ထွက်၏။
ရေချိုးခန်းတစ်ခုလုံးသွေးချင်းချင်းနီနေကာ ဝမ်းဗိုက်လေး ဟက်တက်ကွဲနေသော သတ္တဝါ လေးသည် မျက်လုံးလေးပြူးလျက် ဇီဝိန်ချုပ်လျက်။
ပိုဆိုးသည်က အမွှေးမထွက်သေးသော
ကြောင်သားလေးနှစ်ကောင်သည်
ဗိုက်ခွဲခံလိုက်ရသော ကြောင်မကြီးဘေးတွင် သွေးအလိမ်းလိမ်းနှင့်။
လက်တစ်ဖက်တွင် သွေးအလိမ်းလိမ်းနှင့် ဓားတစ်ချောင်းကိုင်ထားသော
ဆယ့်သုံးနှစ်သားလေး ကြည်သူမိုးမြေ့မှာ ဖြူသော အင်္ကျီတွင် သွေးကွက်များ စွန်းထင်းလျက် မျက်နှာနေရာတွင်လည်း သွေးစက်များအပြည့်နှင့်
ရေချိုးခန်းကြမ်းပြင်တွင် လဲလျောင်းနေ၏။
စွေသောမိုးမှာ လဲနေရာမှ ထလျက် ရေချိုးခန်းဆီသွားမကြည့်ရဲသေး။
ကိုကိုက ကုမ္ပဏီ သွားပြီမို့
တစ်ဖက်အိမ်ဆီ အရူးတစ်ယောက်လိုပြေးလာခဲ့သည်။

“မာမီ…. မာမီ”

မာမီ့ အခန်းအား တဒုံးဒုံး ထုလျက်
အားကိုးတကြီးခေါ်လိုက်သည်။

“ဘာဖြစ်တာလဲ သမီး”
“သား လေ သားး…သား”
“မထိတ်သာ မလန့်သာရှိလိုက်တာအေ
ဘာဖြစ်လို့လဲ
မာမီလိုက်ခဲ့မယ်”

ဒေါ်ထိပ်တင်မိုးသည် တုန်တုန်ယင်ယင်နှင့် လမ်းပင်အနိုင်နိုင်လျှောက်နေရသော သမီးဖြစ်သူအားတွဲလျက် တစ်ဖက်အိမ်ဆီ ဦးတည်လိုက်သည်။
မြေးကြည်သူအခန်းသည်
အတိုင်းသားပွင့်နေ၏။

“ဘယ်မှာလဲ”
“ရေ…ရေချိုးခန်းထဲမှာ မာမီ
ဟို ရဲ….ရဲခေါ်ရမယ်ထင်တယ်”

စွေသောမိုးစကားကြောင့် ဒေါ်ထိပ်တင်မိုးမှာ တစ်ချက်တွန့်သွားသော်လည်း ရေချိုးခန်းဆီ ဦးတည်လိုက်သည်။

“ဘုရား ကယ်ပါ
မြေးလေး”

ဒေါ်ထိပ်တင်မိုးမှာ တခြားဟာထက် မြေးကို စိတ်ပူသည့်စိတ်က ကြီးစိုးကာ
သွေးအလိမ်းလိမ်း နှင့်မြေးအား ပြေးပွေ့၏။

“သမီး မောင်တူးကို သွားခေါ်ခဲ့ ဒါတော့ လုပ်နိုင်တယ်မဟုတ်လား
တခြားသူမသိစေနဲ့”
“ဟုတ်…ဟုတ်ကဲ့ မာမီ”

ဒေါ်ထိပ်တင်မိုးမှာ
မြေးလက်ထဲမှ ဆွဲထုတ်ကာ ကြမ်းပြင်ပေါ်ပစ်ချလိုက်သည်။
မောင်တူးရောက်လာတော့
မြေးဖြစ်သူအား သန့်ရှင်းရေးလုပ်ပေးကာ မွေ့ရာပေါ်ပွေ့ချီခိုင်းလိုက်သည်။
ထို့နောက် ရေချိုးခန်းမှ အရာများအား
ဓားနှင့်အတူ အိတ်တစ်လုံးထဲထည့်ကာ
အနောက်ခြံထဲတွင်သွား မြှုပ်ခိုင်းလိုက်သည်။
ကြည်သူလေးမှာ မျက်လုံးလေးပွင့်လာတော့သူမဟုတ်သလို။

“ဘွား ကဘာဖြစ်လို့ ကျတော့အခန်းရောက်နေတာလဲ”
“မြေး ဘာမှမသိဘူးလား”
“ဘာကိုလဲ ဘွားရဲ့
ဘာလဲ မာမီနဲ့ ဒယ်ဒီထပ်ရန်ဖြစ်တာကိုလား နေ့တိုင်းပဲဟာ ဘာထူးခြားလို့လဲ”

ကြည်သူ့စကားကြောင့် စွေသောမိုးမှာ တစ်ဖက်သို့ လှည့်ကာ မသိမသာကြိတ်ရှိုက်၏ ။
သူမ ရူးရမည့်အစား သူမသားလေး ရူးသွားတာလား။

“ဆရာဝန် လာပြီ မမလေး”

မောင်တူးက ဆေးအိတ်ဆွဲကာ ကြည်သူ့ကုတင်ဘေးတွင်ချပေးလိုက်သည်။
မိသားစုဆရာဝန် မှာ ကြည်သူ့ ဘေးဘက် ခုံတွင်ဝင်ထိုင်၏။

“ဘယ်သူဘာဖြစ်လို့လဲဘွား
ကျတော်ဘာမှမဖြစ်ဘူးနော်”

ကြည်သူ ကအကြောက်အကန်ငြင်းကာ
အိပ်ရာပေါ်ထ ထိုင်၏။

“ဘာမှ မဖြစ်ပါဘူး လူလေးရဲ့
မေးခွန်းလေး နည်းနည်းပဲ မေးပြီး အားဆေး လေးပဲထိုးမှာ”
“ကျတော့
ပုံက အားမရှိတဲ့ပုံပေါက်နေလို့လား”

ကြည်သူပြောသလို သူသည် အားမရှိတဲ့ပုံမပေါ်ပါ ။
ဆယ့်သုံးနှစ်သားသာ ဆိုသည်။
စိတ်ပါလျှင် လူဗလံဆရာဝန်လေး သူ့ကိုပါ ကိုင်ပေါက်နိုင်လောက်သည်ပင်။

” ည ည အိပ်ပျော်ရဲ့လား လူလေး”
“”ကျတော်
အိပ်မအိပ်မေးပြီး ခင်ဗျားက ဘာလုပ်မှာမို့လဲ””
“မြေး…”

ဘွား ကတစ်ချက်ခေါ်ပြီး ခေါင်းငြိမ့်ပြလိုက်တော့ ဆရာဝန်အမေအား ဖြေချင့် မဖြေချင် ပြန်ဖြေ၏။

“အသံတွေကြားရတယ်”
“ဘယ်လိုအသံတွေလဲ”
“တစ်ယောက်ယောက်က ကျတော့ကို ခေါ်နေသလိုမျိုး
မာမီ့ ငိုသံလိုမျိုး
ထကြည့်လိုက်တော့ လည်း ဘာမှရှိမနေဘူး”

ဆရာဝန်မှာ ခေါင်းတဆတ်ဆတ်ငြိမ့်၏။

“ဆက်ပြောလူလေး”
“ည ညဆို ကျုပ်နဲ့တူတဲ့သူ တစ်ယောက်ယောက် ကျုပ်ဆီကို
အမြဲလာတယ် သူပြောတာတော့
ကျုပ်ကိုကယ်ဖို့တဲ့ ကျုပ်က သူ့ကို အတုကောင်လို့ခေါ်တယ်
သူက ကျုပ်ကိုကယ်တင်ဦးမှာတဲ့
ဟားးးးဟား”
“လူလေး စိတ်ထဲ အဆင်မပြေတာ နေမပျော်တာ စိတ်ညစ်စရာတွေရှိလား”
“ကျတော့ပုံ က ဒီလိုဖြစ်နေလို့လား
ဟင်အင်း ပျော်နေတယ် ခုသိပ်ပျော်နေတယ်
ကျတော်ကျောင်းသွားရဦးမယ် ပြီးရင်ပြန်တော့”

မိသားစု ဆရာဝန်မှာ အားဆေးတစ်လုံးချော့မော့၍ထိုးပေးခဲ့ကာ မိသားစုများအား မျက်ရိပ်ပြလျက် ခေါ်ထုတ်သွားလေသည်။
အခန်းထဲ ကြည်သူတစ်ယောက်တည်း ကျန်ခဲ့သောအခါ မှန်ရှေ့တွင်းသွားရပ်လိုက်သောအခါ သူ၏ ပုံတူမှာ မှန်ထဲ ပေါ်လာ၏။

“မင်းအနေအထိုင်မတတ်လို့ အိမ်ကလူတွေ ရိပ်မိကုန်ပြီ”
“ထားလိုက်ပါ ဘယ်လိုလဲမင်းကြောင်
အော်သံကြားသေးလား”

မှန်ထဲမှ ပုံရိပ်၏ အပြောကြောင့် မနေ့က သူယူဆောင်ခဲ့သော
ကိုယ်ဝန်နှင့်ကြောင်ဝါမလေးအားသတိရသည်။
….
“အင်း သူ့ကို အစာကျွေးရဦးမယ် ကိုယ်ဝန်ကြီးနဲ့ ဗိုက်ဆာနေတော့မယ်”
“ဟ ဟ ကျွေးစရာမလိုတော့ဘူး”
“ဘာလို့လဲ”
“မရှိတော့လို့လေ ငါ သတ်ပစ်လိုက်ပြီ”
“ဘာ မင်း!!!!”
“ခွမ်းးးး”

ကြည်သူ၏ ဒေါသတကြီး အော်သံနှင့်အတူ ရှေ့မှ မှန်လေး မှာ အစိတ်စိတ်အမွှာ မွှာ ကွဲကြေသွားခြင်းနှင့်အတူ မှန်ထဲမှ အတုအယောင်ပုံရိပ်မှာ
အက်ကွဲ ရာများဖြင့် တစ်စစီ ဖြစ်သွားလေသည်။
“ကြောင်လေးကို သတ်လို့မင်းကိုအပြစ်ပေးတာ စောက်အတုကောင်”……

**********

“လူနာ ဖြစ်နေတဲ့ လက္ခဏာတွေက schizophrenia(စိတ်ကစဥ့်ကလျားရောဂါ)ဆိုတာပြနေတယ် အဲဒီရောဂါရဲ့ အဓိက ပြဿနာက
ခု သူဖြစ်နေသလိုမျိုး တစ်ယောက်ယောက်ကသူ့ကိုခေါ်နေတယ် အသံတွေကြားနေရတယ်
သံသယတွေများမယ် မရှိတာကို ရှိနေတယ်လို့ ထင်မယ်
သူပြောသလိုမျိုး သူ့ပုံတူ နောက်တစ်ယောက်ရှိနေတယ် ဆိုတာမျိုးပေါ့
အကယ်၍ဆရာတို့က
မင်းကြားနေတဲ့အသံတွေကမဟုတ်ဘူး
မင်းမြင်နေရတာတွေက
အမြင်မှန်မဟုတ်ဘူး လို့သွားပြောရင်
သူလက်ခံမှာ မဟုတ်ဘူး
ဘာလို့ဆို သူကြားနေရတာ သူမြင်နေရတာတွေဟာ တကယ်မြင်နေရသလိုမျိုးမို့ပဲ ဒါမျိုးကို ဆရာတို့က သိမှု ပျောက်
ဆုံးတယ်လို့ ခေါ်တယ် “
“ကျမမြေးလေးကို ကုလို့မရနိုင်တော့ဘူးလား ဆရာရယ်”

ဒေါ်ထိပ်တင်မိုးမှာ ဆရာဝန်အား ထိတ်ထိတ်ပျာပျာ ဆို၏။

“ဒီလိုရောဂါ မျိုးကတော့ လုံးဝပျောက်ကင်းသွားအောင်ကုလို့တော့မရဘူး ဒါပေမယ့် ရောဂါ
လက္ခဏာ တွေကိုတော့
နေ့စဥ်သောက်ဆေးတွေ သိမှုဆိုင်ရာ ကုထုံးတွေနဲ့ သက်သာအောင်ကုလို့တော့ရပါတယ် “

မိသားစုဆရာဝန်ညွှန်ပေးသော အာရုံကြောအထူးကုမှာ ရွှေဆောင်တွင် အကောင်းတကာ့အကောင်းဆုံးဖြစ်၏။
ဆိုးတာက မြေးဖြစ်သူက ဆေးရုံခေါ်၍မလိုက်ခြင်း။

“ကျမမြေးလေး မှာမှ ဘာလို့”
“အကျိုးဖြစ်လာသမျှအကြောင်းတော့ရှိတယ် ဒီလိုရောဂါဟာ မျိုးရိုးလိုက်တာ
အချိန်အကြာကြီး စိတ်မကျန်းမာစေတဲ့ ကိစ္စရှိနေတာ ဒီကြားထဲအိပ်ရေးပျက်တာ အာဟာရချို့တဲ့တာ
တို့ဘာတို့ပေါ့
အကောင်းဆုံးက လူနာဟာ
ကိုယ့်ကိုယ်ကို တစ်ခုခု လုပ်တာမျိုး သူတပါးကို တစ်ခုခုလုပ်တာမျိုးမဖြစ်ခင်
ကုသမှုခံယူသင့်တယ်
အကယ်၍ သူတို့ဟာ သူတို့တစ်ခုခု
ကျူးလွန်မိရင်တောင်မှ
အပြစ်ရှိတယ်ရယ်လို့ ကိုယ့်ကိုယ်ကို မခံစားရဘူး
ဘာလို့ဆို သူတို့ကို တစ်ယောက်ယောက်က ထိန်းချုပ်နေတာ တစ်ယောက်ယောက်က ဒါကိုလုပ်ဖို့စေ့ဆော်နေတာဆိုပြီး သူတို့ထင်နေလို့ပဲ”

စွေသောမိုးမှာ ဆရာဝန်စကားအဆုံး
အပြစ်မကင်းမှုဖြင့် ကြိတ်ရှိုက်၏။
ငယ်ရွယ်နုနယ်တဲ့ နှလုံးသားထဲ
စိတ်မကျန်းမာစေတဲ့ အဆိပ်အတောက်တွေထည့်ခဲ့တာ
သူတို့မိဘတွေပဲမဟုတ်ပါလား။
ဒီလိုဆိုမှ ကိုကို့အပေါ်
ပို၍ မုန်းမျက်မိသည်။
ကလေးကို ဂရုစိုက်လှပါရဲ့ ချစ်လှပါချည်ရဲ့ ဆိုသူက ကလေးဘာတွေခံစားနေရတယ်ဆိုတာ မသိဘူးတဲ့လား။
ကိုကိုဟာ သူမအတွက်လည်းမကောင်း
သားအတွက်လည်း မပြည့်စုံတဲ့သူ
ဖြစ်ခဲ့တာ။
ထိုသို့ မုန်းမျက်စိတ်နှင့် သားလေးနှင့် ပတ်သက်ပြီး ကိုကို့ကို အသိမပေးရန်ဆုံးဖြတ်လိုက်သည်။
သူမနေမကောင်းသည်ဆိုသော
အကြောင်းပြချက်ဖြင့် သားလေးအား
အာရုံကြောအထူးကုဆီရောက်အောင်
ခေါ်ခဲ့သည်။
သူမအားပြသလိုလိုနှင့်
သားလေးအားဆွဲခေါ်ချော့မော့ကာ
သား
ဆရာဝန်ကြီးမှတစ်ဆင့်
စိတ်ကုထုံးများ နေ့စဥ် သောက်ဆေးများ မှတစ်ဆင့် သားလေး၏ စိတ်ရောဂါ လက္ခဏာ များသည်
သက်သာလုနီးပါးဖြစ်ခဲ့၏။
ဆရာဝန်နှင့် ဆယ်လနီးပါး တစ်ပတ်တစ်ခါ တစ်လတစ်ခါပုံမှန်ပြပြီး ချိန်တွင် သားလေး၏ ရောဂါလက္ခဏာများသည် သက်သာခဲ့သည်။
ထိုကိစ္စနှင့် ပတ်သက်၍ ကိုကို့အား သူမလည်း မပြောသလို သားလေးလည်းပြောပုံမရ။
သူ့ရင်ထဲတွင် တစ်ယောက်သော သူအား မြှုပ်နှံကာ အလုပ်နဲ့သာ
အချိန်ကုန်တတ်သူသည်
သားကို ရသမျှအချိန်နည်းနည်းလေးတွင် နွေးထွေးမှုပေး၏။
သားလေး ရောဂါသက်သာပြီးတစ်နှစ်အကြာ ကိုကို ဒိုင်ယာရီအား ယူဖတ်မိရာမှ သူတို့ ကြား တိုက်ပွဲမှာ ပို၍စိတ်လာပြန်သည်။
ဒီကြားထဲ စိတ်ဖိစီးမှုကြောင့် ရူးကြောင်ကြောင် ဖြစ်လာသူမှာ
သူမကိုယ်တိုင်ဖြစ်ခဲ့သည်။
သားလေးအား အရင်လို ဆေးသောက်ချိန် အိပ်ရာဝင်ချိန် ဂရုမစိုက်နိုင်ပဲ လစ်ဟင်းလာ၏။
ရန်ပွဲများ စိတ်စိတ်ဖြစ်လာရင်း
အဖေ့ကျန်းမာရေးအကြောင်း ပြချက်နှင့် မင်းမောင်မောင်မှာ
ခေမာမြိုင်သို့ပြန်ရောက်လာခဲ့သည်။
ထိုအချိန် စွေသောမိုး၏
စိတ်ထဲတွင် မင်းမောင်မောင်အား
ပျောက်ကွယ်စေချင်သည့်စိတ်သာ ကြီးစိုးနေ၏။
ထိုအကြံအစည်ကို သူမ၏တစ်ဦးတည်းသော သားလေးက အကောင်အထည်ဖော်ပေးခဲ့သည်တဲ့။
မင်းမောင်မောင် မြို့တော်မသွားခင်ညက သူနေသော ဘော်ဒါဆောင်မှ ပြန်လာကာ
ကားဘရိတ်ကြိုးအား သူမသားကိုယ်တိုင် ဖြတ်ခဲ့သည်ကို မျက်မြင်တွေ့ခဲ့သည့်တိုင်
အတ္တစိတ်တို့က မတားနိုင်ခဲ့တာလား
သူမကိုယ်တိုင်က စိတ်လွှတ်နေခဲတာ
လား မသဲကွဲ။
သေချာတာက မင်းမောင်မောင်အား သူမသာလျှင်မဟုတ်ပဲ သူမသားလေးကပါ ပျောက်ကွယ်သွားစေချင်ခဲ့တာဖြစ်သည်။
သားလေးပြောတာတော့

“အတုကောင်က မာမီ့အတွက် လမ်းရှင်းပေးတာတဲ့”

ထိုစကားကို အေးစက်စက်ပြောပြီး
ညကြီး ထပြန်သွားခဲ့သည်။
ဖြစ်ချင်တော့ ထိုကားထဲတွင် သူမ
ချစ်လှစွာသော
ကြည်သာမောင်ပါ ပါသွားခဲ့သည်။
မနက်လင်းရင် ဘာမှမှတ်မိတော့မှာ မဟုတ်သော သားလေးအား
အဖသတ်သားမဖြစ်စေလိုသည်မို့
မာမီ့အား သူမ ဟုသာ ဝန်ခံခဲ့သည်။
ဒီနောက်ပိုင်း သားလေးမှာ
လူကောင်းတစ်ယောက်လို ကောင်းကောင်းကြီး ရှင်သန်နေထိုင်နေသည်မို့ စိတ်ဒုံးဒုံးချလိုက်ချိန်တွင်
သူမသည် သူမ စိတ်အတွေးကို မဖမ်းဆုပ်နိုင်တော့။ သူမ တကယ်ရူးလို့သွားခဲ့သည်။

**********

စိတ်ရောဂါ အထူးကု ဆေးခန်းတစ်နေရာတွင် ခြေလက်များအား
မလှုပ်နိုင်အောင် ချုပ်နှောင်ခံထားရသော အမျိုးသားတစ်ယောက်သည်
မျက်တွင်း ဟောက်ပက်ဖြင့် မသက်မသာလှဲနေသည်ကို ယသော်စိတ်မသက်သာစွာ မြင်နေရသည်။
ဒီလိုမှန်းသိရင် ဒီခရီးကို တားခဲ့ပါတယ်ကွာ။
ယသော်တို့ သေနတ်သံကြားသည့်ဘက်လိုက်လာတော့
တောဝက်တစ်ကောင် သေနတ်တစ်လက်ဖြင့် ကမ်းပါးစွန်၌ သတိလစ်နေသူ ကြည်သူမိုးမြေ့အား တွေ့လိုက်ရသည်။
တောထဲမှ
ဦးအောင်ဘွားနှင့် ညီဘွားမှာ ကြည်သူအား
ခက်ခဲတကြီးသယ်ထုတ်ပြီး
ရွှေ
ဆောင်သို့ ကားဖြင့် ချက်ချင်းတက်လာခဲ့ကာ
ဆေးရုံပြေးတင်ရသည်။
နန်းဦးမှာ ပျောက်ဆုံးနေကာ
ကမ်းပါးအစွန်တွင် နန်းဦးစီးသော တောစီး ဖိနပ်လေးတစ်ဖက်တင်ကျန်နေကာ
သေသည်လားရှင်သည်လား မသိရပဲ ယနေ့ထိ မတွေ့သေး။ဦးအောင်ဘွားနှင့် ညီဘွားမှာ သက်ဆိုင်ရာများနှင့် ပူးပေါင်းကာ
ရိုးမတစ်ခွင် ချောင်းရိုးတစ်လျှောက်
ဒီနေ့အထိ နေ့တိုင်းရှာနေသည်ဟုဆိုသည်။
ရှင်သည်လည်း သတင်းမရ။
အကယ်၍ အသက်မရှင်တော့ရင်လည်း ခန္ဓာကိုယ်လေးတော့ ပြန်ရသင့်သင်မဟုတ်ပါလား။
ခုတော့ တစ်ယောက်က အစရှာမရအောင်ပျောက်နေကာ
တစ်ယောက်က သတိလစ်နေရာမှ သတိပြန်လည်
လာသောအခါ
မိမိအပြစ်ဟုဆိုကာ
ကိုယ့်ကိုယ်ကို ထိခိုက်အောင် လုပ်နေသည်မို့
စိတ်ရောဂါကုဆေးရုံတွင် အချုပ်အနှောင်များနှင့် ထားရသည်အထိ။
ဘွားဘွားထိပ်တင်မိုးပြောမှ ကြည်သူ ၏ ငယ်ဘဝ စိတ်ဒဏ်ရာနှင့် ရောဂါအကြောင်းသိရှိကာ ကြည်သူအား လောလော ဆယ် ကုသနေသော ဆရာဝန်မှာလည်း
ကြည်သူ၏ ရောဂါသည်
ဘယ်တုန်းကမှ ပျောက်မသွားခဲ့ကြောင်း မှတ်ချက်ချ၏။
ဒီကြားထဲ ယသော်တို့နဲ့ ကျောင်းအတူတူတက် နိုင်ငံခြား သွားပြီးပြန်လာသည်အထိ သူ့စိတ္တဇသည် သူ့ကိုယ်ထဲ ပိရိစွာ ခြေရာဖျောက် ပုန်းနေခဲ့တာ ဖြစ်မည်။
အိပ်ရေးပျက်တာ ရယ်
အရက်ရယ် ကြောင့် စိတ်လွှတ်သွားပုံရကာ နန်းဦး သည်
နန်းဦး ပျောက်ဆုံးသွားတာ ကြည်သူ့ပယောဂကြောင့် ဆိုတာ အားလုံးကခန့်မှန်းမိကြပေမယ့် ဘယ်လို ကြုံခဲ့ရတယ်ဆိုတာ နန်းဦး သာသိပါလိမ့်မည်။
နန်းဦး နှင့် အတူ ကိုညို သည်လည်း ပျောက်ဆုံးသွားကာ
ဘယ်နေရာရောက်ရောက် နန်းဦး နဲ့ကိုညို ဘေးကင်းပါစေလို့သာ
ယသော် ဆုတောင်းမိသည်။

“အထဲဝင်ကြည့်လို့ရမလား ဆရာမ”
“ဆရာဝန်ကြီး လာရင် တစ်ခါတည်း ဝင်ကြည့်လို့ရတယ် နော်
ဟော ဟိုမှာလာပြီ”

အမျိုးသား သူနာပြု
နှစ်ယောက်နှင့်အတူ
ကြည်သူ၏ မိခင် ဒေါ်စွေသောမိုး ၏ စိတ်ရောဂါအထူးကုလည်း ဖြစ်သူ ဆရာဝန်ကြီးမှာ အမျိုးသားသူနာပြုနှစ်ယောက်နှင့်အတူ
ယသော်တို့ဘက်ဦးတည်လာ၏။
နောက်တွင် ကြည်သူ့အဘွားလည်း ပါနေကာ
ကြည်သူ့အဘွား နောက်တွင် ဆံပင်အရှည်ကြီးနှင့် အမျိုးသမီးလေးတစ်ယောက် အသက်ငါးဆယ်အရွယ် အမျိုးသမီးတစ်ယောက်လည်း ပါ၏။
ငိုထားပုံရကာ မျက်ခွံများမို့အစ်နေကာ
နှာခေါင်းမှာ အနည်းငယ် ပန်းသွေးကြွနေ၏။
အမျိုးသမီးလေး၏ ရုပ်ရည်မှာ ရဝေနန်းဦး နှင့် ရုပ်ချင်းအတော် ဆင်ကာ
ယသော်မှာ နန်းဦး ၏ အစ်မမှန်း ချက်ချင်းသဘောပေါက်သွားလေသည်။
ဘွားဘွား ထိပ်တင်မိုး၏ ရိုးမထဲတွင်
နန်းဦး ပျောက်ဆုံးသွားသည်ဆိုသော
သတင်းပေးမှုကြောင့် မြို့တော်မှ ရွှေဆောင်သို့ ရောက်လာတာဖြစ်သည်။
အမျိုးသမီးလေးမှာ ယသော်အားတစ်ချက်ကြည့်ကာ ဆေးရုံခန်းထဲ လိုက်ဝင်သွားလေသည်။
ယသော်လည်းနောက်မှလိုက်ဝင်လာခဲ့ကာ
ချုပ်နှောင်ထားသည်များအား
အမျိုးသား နာစ့်နှစ်ယောက်က ဖြုတ်ပေးတာ ငြိမ်ခံနေသူအား ကြည့်လိုက်သည်။

ရှေ့ရက်တွေက သောင်းကျန်းထားသ ဖြင့် လက်တွင် လက်ပတ်နှင့် ပွန်းထားသော အလျိုးရာများသည် မြင်မကောင်းအောင် မဲညှို့နေ၏။
ဆရာဝန်နောက်မှ အမျိုးသမီး ကို မြင်တော့ မျက်လုံးများမှာ အရောင်တောက်လာကာ ငိုက်စင်းနေသော မျက်တောင်ရှည်များသည် ဖျတ်ကနဲလှုပ်ရှားလာ၏။
ဆရာဝန်က ထိုအခြင်းအရာအား
စောင့်ကြည့်ကာ နေ၏။

“နွယ် “
“တောင်း ပန်ပါတယ်
ဝေ… ဝေ…ကိုယ့်ကြောင့်”

ပြောရင်း မျက်နှာအား လက်နှစ်ဖက်ဖြင့် ပွတ်သပ်ကာ ဆံပင်အားခေါင်းထဲ ထိုးဖွနေပြန်သည်။
ဆရာဝန်က ကြည်သူအား ဘေးစောင်းစေကာ စိတ်ငြိမ်ဆေးတစ်လုံးထိုးပေးလိုက်သည်။
ရောက်ကာစက ဝေ တစ်လုံးတည်းသာ တနေကာ ဘယ်သူ့ကိုမှ မမှတ်မိပေ။
ခုတစ်လနီးပါးကြာသောအခါ
မိသားစုဝင်များအား မှတ်မိလာသည်မို့ အခြေအနေတိုးတက်လာပုံရကာ
ဆရာဝန်က မိသားစုချင်းပေးတွေ့၍
ဘေးမှအခြေ အနေများအား စောင့်ကြည့်နေလိုက်သည်။
နန်းဦး ၏ မိခင်မှာ မိမိသားနှင့် ပတ်သက်၍ အပြစ်တင်သောင်းကျန်းလိုက်မည်ဟု မာန်တင်း၍ လာခဲ့သော်လည်း ကြည်သူ့အခြေအနေကြောင့် နှုတ်ခမ်းအား တင်းတင်းစေ့ကာ
ပြောစရာစကားများ ပြောထွက်မလာတော့။
ဒေါ်ထိပ်တင်မိုးမှာလည်း မိမိရှေ့ ထိုင်ကန်တော့မတတ် တောင်းပန်ထားပြီးဖြစ်ကာ ကြည်သူ့အခြေအနေကြောင့်
ပြောစရာ စကားများသည် လည်ချောင်းဝတွင် ရုတ်ချည်းပျောက်ကွယ်ကုန်၏။

“ကိုယ့် ကြောင့်ပါ
ဝေ့ အစား ကိုယ်သေသွားရမှာ”
“ဟင်အင်း ရှင်မသေနဲ့ ရှင့်ကိုရှင်
နေကောင်းအောင် လုပ်ပြီး ကျမမောင်လေးကို ပြန်ရှာပေးပါ
ရှင့်အပြစ်ကို ဒီလိုပေးဆပ်စေချင်တယ်”
“ကိုယ် ကိုယ် တားဖို့ကြိုးစားပါသေးတယ် ဒီကောင်ကြောင့် “

သူ့ရင်ဘတ်သူ ထုကာ ပြောနေသူ ကြည်သူ့စကားကြောင့်
အကြောင်းအရာ အလုံးစုံမသိသေးသော
ရဝေနွယ်ဦး မှာ ဇဝေဇဝါ။
ရဝေနွယ်ဦး က သူ့ လက်ဆွဲအိတ်ထဲမှ
စာအိတ်လေးတစ်ခုအား
ဆွဲထုတ်လိုက်ကာ
ကြည်သူ့လက်ထဲထည့်ပေးလိုက်သည်။
ကြည်သူမှာ လက်ထဲမှ စာအုပ်အား ဖွင့်ကာ ယူကြည့်လိုက်သည်။
စိတ်အာရုံသည် လွန်ခဲ့သော ဆယ်နှစ်ကျော်ဆီမှ ကျွန်းလှဆီ ပျံလွင့် သွားလေသည်။
တောင်တော်ဦးဆီမှ သူကိုယ်တိုင် ရိုက်ယူခဲ့သော ပုံလေးတွေ။

“ဘာဖြစ်လို့ လဲနွယ် ဒီပုံတွေက”
“ရှင်ကျမကို ဒီပုံကနေ စချစ်ခဲ့တာလား”
“ဟုတ်တယ်နွယ် ဒါပေမယ့် ကိုယ် ခု ဒါတွေမလိုချင်တော့ဘူး ကိုယ် ဝေ့ကို ပြန်ရှာရမယ်”
“ဟုတ်တယ် ရှင် ရှာကိုရှာရမယ်
ဒီပုံတွေဟာ ကျမလို့ ရှင်ထင်ခဲ့တာလား
ရှင် ချစ်ခဲ့တာ တစ်ချိန်လုံး နန်းဦး ဖြစ်ခဲ့တာ
ဒီပုံဟာ နန်းဦး ဆယ်တန်းနှစ်က
ကျောင်းကပွဲမှာ
မိန်းကလေးလို သရုပ်ဆောင်ပြီး မြို့ထဲထိ သူ့
သူငယ်ချင်းတွေနဲ့ လျှောက်သွားတုန်းကပုံပဲ”
“ဘယ်လို”
“ဟုတ်တယ် အဲဒီတုန်းက ကျမ ကရွှေဆောင်မှာ ကျောင်းတက်နေတာ
ဒါမျိုး အစကအိမ်မှာ တစ်ပုံရှိပေမယ့် ပြည့်စုံက ယူသွားခဲ့တာ”

“အားးးးးးးး”
“ဘုန်းးးဘုန်းးးးး”

ကြည်သူက ချက်ချင်းအမူအယာပြောင်းလဲသွားကာ ဓာတ်ပုံအား ဆုပ်ကိုင်ထားသော လက်ဖြင့် ခေါင်းအား တဘုန်းဘုန်းထုတာမို့
သူနာပြုများက ပြန်လည်ဖမ်းချုပ်လိုက်သည်။

“မိသားစုဝင်တွေအပြင်ခဏထွက်ပေးနော်”

ဝေ
သူတစ်ချိန်လုံး နွယ်လို့ ထင်ခဲ့တဲ့
ပုံရိပ်လေးဟာ ဝေ တဲ့။
မင်း လည်း အဲဒီတုန်းကတည်းက ကိုယ့်ကို ချစ်ခဲ့တာ။
စောက်အတုကောင် မင်း မင်းကြောင့်။
ကိုယ့်ခန္ဓာကိုယ်ကို ကိုယ် စိတ်ရှိလက်ရှိ ဆုတ်ဖြဲ လှီးဖြတ်လိုက်ချင်သော်လည်း လက်များခြေများသည် အတုပ်အနှောင်ထဲ ထပ်ရောက်သွားတာမို့စိတ်သွားတိုင်းကိုယ်မပါ။
သူ့ကိုယ်ထဲမှာ နေတဲ့ကောင်သည်
သူသေမှ ထွက်သွားမှာလား။
ဟင်အင်း
ဆရာက သူကယ်မယ်လို့ပြောထားတာ။
ကြည်သူ ရုန်းကန်နေသော လက်များအား ရုတ်တရက်ရပ်လိုက်၏။
ထို့နောက် မျက်ဝန်းထောင့် မှ မျက်ရည်ပူများမှာ တာကျိုးသလို ဒလဟော ကျလာပြန်သည်။ သူ့ဆီအားကိုးတကြီး ကြည့်လျက် အသည်းအသန် ကူးခတ်လာနေသောကိုယ်လေးသည်
သူ့ရှေ့မှာပင် မျှောပါသွားခဲ့သည်။
သူတားမြစ်လိုက်ချင်သော်လည်း
အတုကောင်သည် သူ့အားမ
ရွှေ့နိုင်အောင် ဆွဲချုပ်ကာ သူ့ခန္ဓာကိုယ်ကို
မောင်ပိုင်စီးထားလေသည်။
သူဆယ့်သုံးနှစ်သားကတည်းက သူ့ကိုယ်ပေါ်ကပ်ပါးတစ်ကောင်လိုကပ်တွယ်လာသောကောင်သည် အစက သူ့ထိန်းချုပ်မှုအောက်တွင် ရှိသည်ထင်ခဲ့သော်လည်း
ဝေ့အား သတိလစ်သည်အထိ မှားယွင်း ခဲ့တုန်းက သူထင်သလို ဟုတ်မနေခဲ့တာ
သဘောပေါက်ခဲ့သည်။
မင်းကို အနိုင်ယူပြမယ် စောက်အတုကောင်။

“ကယ်ပါ ဆရာ “

သူ့အသံမှာ တုန်ရီကာ တိုးညှင်းနေသဖြင့် ဆရာဝန်ကြီးမှာ အနားကပ်သွားကာ နားစိုက်ထောင်၏။

“ကျတော့ ကိုယ် ကယ်ပေးပါဆရာ
ကျတော်ဆရာ့စကားနားထောင်ပါ့မယ် “

ဆရာဝန်ကြီးမှာ ခေါင်းတဆတ်ဆတ်ငြိမ့်လျက် သူ့အားဂရုဏာသက်စွာကြည့်နေ၏။

“ကိုယ် လာခဲ့မယ်ဝေ
ဝေ့ကို လာရှာမယ် အဲဒီနေရာဟာ သေမင်းနယ်မြေဖြစ်ရင်တောင်မှပေါ့
ကိုယ့် ကို ခွင့်လွှတ်
နိုင်မလား”

************
ကြည်သူရဲ့
schizophreniaနဲ့ပတ်သက်လို့ google ကအချက်အလက်တွေကို
ယူသုံးထားပါတယ်
ကိုယ်တို့ဆယ်တန်းနှစ်တုန်းက သူငယ်ချင်းတစ်ယောက်အဲလို ဖြစ်ခဲ့ဖူးတယ် အဲဒီတုန်းက စာရူးတယ်လို့ ပြောကြတာပဲ
သွားလည်းစာ စားလည်းစာပဲ
အိပ်ရေးပျက်တာများတာလည်းပါတယ်။
ကိုယ်ဘာလုပ်လို့ လုပ်နေတယ်မသိတော့တာမျိုး ရေနွေးခွက်ထဲ အီးပါထည့်တာတို့ စိတ်ရူးပေါက်ပြီးလျှောက်လျှောက်သွားတာတို့
အဲဲဒီတုန်းက
ရွာမှာ  ဆရာဝန်မရှိ ဆေးပေးခန်းတွေမရှိ ရမ်းကုတွေပဲရှိတဲ့အချိန်
သေချာလည်းမကုခဲ့ရဘူး
ခုချိန်ထိ အဲတိုင်းပဲရှိနေတာ
အင်္ဂလိပ်စာတော့ တကယ်ကျွမ်း မှုတ်လိုက်ရင် ဘိုလိုချည်းပဲ။

!မြောင်လေးကို သတ်ပစ်လိုက်လို့
မြောင်ချစ်သူလေးတွေကိုလည်း အထူး တောင်းပန်ပါတယ်
psကိုယ်ကိုယ်တိုင်လည်း မြောင်ချစ်သူပါ

မိုချီ (ခတ္တလူ့ပြည်)

Tags: read novel Wrong Time Right Person(Completed) part (21)unicode, novel Wrong Time Right Person(Completed) part (21)unicode, read Wrong Time Right Person(Completed) part (21)unicode online, Wrong Time Right Person(Completed) part (21)unicode chapter, Wrong Time Right Person(Completed) part (21)unicode high quality, Wrong Time Right Person(Completed) part (21)unicode light novel, ,

Comment

Leave a Reply

Chapter 43