Wrong Time Right Person(Completed) part1(unicode)

A+ A-

wrong time Right person

အပိုင်း(၁)

ရဝေနန်းဦး

၁၉၉၅ ခုနှစ်
ဒီဇင်ဘာလ။
စက်ဘီးလေးများမှာ တောင်တက်လမ်းလေးအတိုင်း အရှိန်နှင့်ပြေးနေ၏။
စုစုပေါင်း သုံးစီးဖြစ်ကာ
လမ်းပေါ်တွင် သူနိုင်ကိုယ်နိုင်အပြိုင်ကျဲနေကြတာဖြစ်သည်။
မိနစ်အနည်းငယ်အကြာတွင်
စက်ဘီးလေးနှစ်စီးမှာ သိသိသာသာပြတ်ကျန်ခဲ့လေသည်။
ရှေ့ဆုံးမှ ပြည့်စုံမှာ မျက်နှာတွင် ချွေးသီးများတပေါက်ပေါက်ကျလျက်
လျှောစောက်လေးနား အသာလျှော၍ ဆင်းလိုက်ကာ
ဘုရားစောင်းတန်းဘေးတွင် ရပ်လိုက်၏။
ထို့နောက် ကျေနပ်စွာဖြင့် လေလေးချွန်လိုက်လေသည်။
“ရွှီးးး နိုင်ပြီ”
နောက်ခုံတွင် ထိုင်လိုက်လာသူမှာ
ခုံပေါ်က ဆင်းလျက် တွန့်
ကြေနေသော ထဘီလေးအားဆွဲချနေ၏။
ပြည့်စုံက ဟစိလေးဖြစ်နေသော
လည်ပင်းမှ ကြယ်သီးအား တပ်ပေးလိုက်ကာ
“အိန္ဒြေ
ရရလေးနေစမ်းပါ နန်းဦးရာ
ဒီနေ့တော့ မင်းကငါ့မိန်းမပဲ”
ပြည့်စုံအပြောကြောင့်
ထူခဲ၍မဲနက်နေသောမျက်ခုံးများမှာ တွန့်ချိုးသွားကာ
သူထက်အရပ်မြင့်သော ပြည့်စုံ၏ ခေါင်းအား ခုန်၍ခေါက်ပစ်လိုက်သည်။
“ဒေါက် “
“မေးမေ ကြီးဒေါ် ကိုမိန်းမ “
“ငါ့မိန်းမ ပါဆိုကွာ မိန်းမက လက်သံပြောင်လိုက်တာ”
“ဒီနေ့လောင်းကြေးကို ငါ ရမှာမို့ သည်းခံနေတာနော်
ဟိုကောင်တွေကလည်းယောကျာ်း မဟုတ်တဲ့အတိုင်းပဲ ရောက်ကိုမလာနိုင်တော့ဘူး”
ပြည့်စုံမှာ
နှုတ်ခမ်းတထော်ထော်ဖြင့်
အလိုမကျစွာ ငြူစူနေသော
ရဝေးနန်းဦးအား စွေ၍သာကြည့်နေလိုက်သည်။
အိမ်ကအဖွားဝတ်သလို ရင်ဖုံးပွပွကြီးကို အထက်ဆင်အကြီးကြီးပါသော ထဘီနှင့်တွဲဝတ်ကာ ကတ္တီပါ
ဖိနပ်လည်းမကျန်စေရ ။
ပါးတွင် ကွက်ထားသော ပါးကွက်လေးများမှာ ချွေးများကြောင့် ဘေးအနားတွင်အနည်းငယ်စိုနေ၏။
နဂို ဖူး၍လုံးသော နှုတ်ခမ်းများမှာ နှုတ်ခမ်းနီကြောင့် ထော်၍ပင်နေလေသည်။
ခေါင်းပေါ်တွင် နွားချီးပုံကြီးရွက်ထားသလို တင်ထားခံရသော
ဆံပင်အတုကြီးကြောင့်
ဇက်အား မကြာခဏချိုးကာ အညောင်းဖြေနေပြန်သည်။
ယောကျာ်းလေး လိုနေတုန်းက မသိသာပေမယ့်
ဒီလိုဝတ်စားလိုက်တော့လည်း အမဖြစ်သူနှင့် ခွဲမရအောင်တူကာ
ချွင်းချက်အနေဖြင့် နန်းဦးမျက်လုံးက မျက်အိမ်နည်းနည်းကျယ်ကာ
မျက်လုံးထဲတွင် မှည့် မီးခိုးရောင်လေးတွေရှိလေသည်။ ကြည့်လေကြည့်လေ
ကြည့်ချင်လေ ဖြစ်ကာ အနုပညာအမြင်မရှိတဲ့ ပြည့်စုံတောင်
ထိုမျက်လုံးများအား မြင်လျှင်
တစ်ခါမှ မမြင်ဖူးသည့် ပန်းချီကား အား ကြည့်နေရသလိုမျိုး။
ဒါလည်း ရဝေနန်းဦး ဆိုတဲ့ကောင်ရဲ့ ထူးခြားချက်ပင်ဖြစ်ရမည်။
ဒီကောင်ကြီးလာရင် ဒီမျက်လုံးရွဲဲကြီးတွေနဲ့ ကောင်မလေးများအား
အသဲလိုက်ခွဲမှာ မြင်ယောင်သေးသည်။
လောလောဆယ်တော့
လောင်းကစားအရ သူ့မိန်းမ ဖြစ်နေ၏။
ပြည့်စုံအတွေးနှင့် ပြုံးစိစိဖြစ်သွားလျှင်
နန်းဦး ကပြည့်စုံအား မျက်စောင်းဖြင့် ဒိုင်းကနဲပင့်ကြည့်လေသည်။
“မင်းကို မိန်းမလို့ပြောရင်လည်းနာဦးမယ် မင်းအဆင်နဲ့မင်းအကြည့်က
တကယ်မိန်းမကြီးအတိုင်းပဲကွ”
“မင်းဆက်ပြောနေလို့ ငါစိတ်တိုလာရင်
ဘုရားရှေ့လည်း ဂရုမစိုက်ဘူး အကုန်ချွတ်ပစ်မှာနော်”
ရဝေနန်းဦးက ပြောလည်းပြောကာ
ဝတ်ထားသော ထဘီအား အောက်မှ လှန်ချွတ်ဖို့လုပ်လျှင် ပြည့်စုံမှာအတင်းလှမ်းဆွဲရလေသည်။
“နန်းဦးက လိမ္မာပါတယ်ကွာ ငါမစ
တော့ဘူး စိတ်ကိုလျှော့လိုက်
မင်းလောင်းကြေးယူရဦးမယ်လေ နော်”
ပြည့်စုံချော့ပြောလိုက်သည့်တိုင်
မျက်ခုံးများမှာတွန့်ချိုးထားဆဲ။
တကယ်တော့ ပြည့်စုံနဲ့ အဖွဲ့ဟာ
ကျောင်းစုံညီပွဲကနေ တန်းလာကြ
တာဖြစ်သည်။
ရန်ကုန်သားနှင့် မန္တလေးသူ သီချင်းကို
ရဝေနန်းဦး နှင့် ပြည့်စုံက သရုပ်ဖော် ကပြတာဖြစ်ပြီး လောင်းကစားဝါသနာပါလှသော ပြည့်စုံမှာ သူ့အမ ရဝေနွယ်ဦး၏ ဝတ်စုံ ဆရာမဆင်ပေးသော
မိတ်ကပ်အပြင်အဆင် ဆံပင်တုကြီးနှင့်
အရမ်းလှနေသော နန်းဦးကြောင့် အကြံတစ်ခုရလေသည်။
သူတို့ သည် ဆယ်တန်းကျောင်းသားလေးများဖြစ်ကာ စုံညီပွဲပြီးလျှင် အိမ်တန်းမပြန်ပဲ စက်ဘီး များနှင့် မြို့ထဲသဝေထိုးကြမှာဖြစ်သည်။
ပြည့်စုံက ရဝေနန်းဦးအား ထိုမန္တလေးသူ ဝတ်စုံနှင့် အပြင်အဆင်အား မဖြုတ်ပဲ မြို့ထဲတစ်ပတ် ပတ်ပေးရင်
ငွေငါးရာ ပေးမည်ဟူ၍ စိန်ခေါ်လေသည်။ ဗလာစာအုပ်တစ်အုပ်မှ နှစ်ဆယ် ဇီးတော်ဖီတစ်ထုပ် မှ ငါးကျပ်ရှိသော အခြေအနေတွင် ငွေငါးရာ ဆိုတာ တော်တော်များများ မို့ သူ့ကိုယ်ပိုင်
ကက်ဆက်အသေးလေး လိုချင်နေသော နန်းဦး မှာ တွေဝေခြင်းမရှိပဲ ချက်ချင်းလက်ခံလေသည်။ လူလည်ပြည့်စုံမှာ
ထိုမျှမကသေးပဲ သက်ဦးတို့လေး
ယောက်
ဖွဲ့ နှင် မြို့ပြင် တောင်တော်ဦး ဘုရားအား စက်ဘီးနိုင်အောင် နင်းနိုင်လျှင်
ငွေငါးရာဟူ၍ လောင်းကြေးထပ်ပြန်သည်။
ပြည့်စုံက နိုင်လျှင် သူတို့လေးယောက်အား ငွေငါးရာ ပေးမည်ဖြစ်ပြီး သူတို့က နိုင်လျှင် တစ်ယောက်တစ်ရာစီပဲ ပြည့်စုံကိုပေးရမှာဖြစ်သည်။ ယခု
ပြည့်စုံမှာ သူ့အကြံအောင်သွားသဖြင့်
မျက်နှာမှာ မှိုရသည့်နှယ် ဖြီးဖြီးကြီးဖြစ်နေတော့သည်။
ရဝေနန်းဦးခမျာ ငွေငါးရာမျက်နှာ နှင့် သည်းခံနေရသော်လည်း
ဒီဝတ်စုံဒီအပြင် အဆင်နှင့်
စိတ်အိုက်လှပြီပင်။
ဒီကြားထဲ လမ်းမှာ တွေ့သမျှ မမနွယ်၏ အသိများက မမနွယ်ဟု ထင်ကာ နှုတ်ဆက်နေကြသဖြင့်
ဖြေရှင်းနေရင် လေကုန်နေမှာစိုးကာ
အင်း အဲ ဟီး ဟဲတွေ လုပ်နေရသေးသ
ဖြင့် စိတ်ကပိုမကြည်။ ထို့အပြင်
လမ်းတစ်ဘက်မှ ဆိုက်ကားသမားများမှာ
သိသိသာသာတစ်မျိုး မသိမသာတစ်မျိုး လေချွန်လိုက် မျက်လုံးမှိတ်ပြလိုက် လုပ်နေကြသေးလျှင် ရဝေနန်းဦးမှာ
မင်းတို့မှာ ရှိသလို ငါ့မှာလည်းရှိတယ်ဟု အော်ပြောကာ လှန်ပြချင်စိတ်များ တဖွားဖွားဖြစ်နေတော့သည်။
ခဏအကြာတွင် သက်ဦးတို့အဖွဲ့မှာ အအေးထုပ်လေးများကိုယ်စီဖြင့်
ရောက်ချလာတော့သည်။
“ရှုံးမှာ ချင်းတူတူ မထူးတော့ဘူး ဆိုပြီး
အအေးဝင်သောက်နေလိုက်တာ ဟဲဟဲ “
“ခွေးကောင်တွေ ဒါကြောင့် ဒီလောက်ကြာနေတာပေါ့”
ပြည့်စုံက သက်ဦး လက်ထဲမှ အအေးထုပ်အား လှမ်းယူကာ
သူ့ထက်ပိုအိုက်နေပုံရသော
နန်းဦးဆီ လှမ်းပေးလိုက်လေသည်။
နန်းဦးက ပိုက်တန်းလန်းနဲ့အအေးထုပ်အားလှမ်းကြည့်ကာ
“မင်းစုပ်ထားပြီးသားကြီးလား”
သက်ဦး အားလှမ်းမေးကာ လှမ်းမယူသေး။
“မစုပ်ရပါဘူးကွာ မင်းနဲ့ပြည့်စုံအတွက် အသစ်ဝယ်လာတာ
ရှုံးလည်းရှုံးသေး အအေးလည်းဝယ်တိုက်သေးတာကို ကျေးဇူးလည်းအတင်မခံရဘူးကွာ”
နန်းဦး က အအေးထုပ်အား လှမ်းယူရင်း ထဘီကြီးမကာ ဘောက်ဆတ်ဘောက်ဆတ်ဖြင့် ဘုရားစောင်းတန်းပေါ်အရင်တက်သွားလေသည်။
“ဟီ ဟိ”
နန်းဦးတက်သွားရာ လိုက်ကြည့်ရင်း
ပြည့်စုံနှင့် နောက်မှရောက်လာသော
သက်ဦး စိုးသိန်း အုန်းမြနှင့် သောင်းထိုက်မှာ ငွေတစ်ရာစီရှုံးထားသော်လည်း နန်းဦး ပုံစံအားကြည့်ကာ
စခွီထနေတော့သည်။ ပြည့်စုံက
လက်ညှိုးအား နှုတ်ခမ်းထိပ်တွင်တော့ကာ
“ရှူး တိုးတိုး ဟိုက ကြားသွားလို့ ထဘီချွတ်ပြီး လှမ်းအုပ်တာ ခံနေရမယ် ခုဏကတောင် ငါဆွဲထားလို့”
“လှတာ တော့ တကယ်ကွ အတန်းထဲက
သောင်းထိုက်ကြိတ်ကြိုက်နေတဲ့
ခင်သီတာ ထက်တောင်လှသေးတယ်”
“နန်းဦးသာ မိန်းမဆို ငါကြိုက်ကိုကြိုက်တယ်”
အားလုံးမှာ အုန်းမြနှင့်သက်ဦး
အပြောကြောင့်
ဝါးကနဲ ထရယ်ကြရာ
ဘုရားစောင်းတန်းအပေါ်သို့ ရောက်နေပြီဖြစ်သော
နန်းဦး၏ နဂါးမျက်စောင်းကြောင့်
နှုတ်ခမ်း အား လက်နှင့်ပိတ်လျက်အသံတိတ်သွားကြလေသည်။
ရယ်ချင်စိတ်အား အောင့်ထားရသည်မို့
အားလုံး၏မျက်နှာများမှာ နီရဲနေကာ
ပြည့်စုံမှာ တစ်ဖက်လှည့်၍ ခေါင်းကုတ်
ဖင်ကုတ်လုပ်နေလေသည်။
“မင်းတို့တွေ ငါ့အတင်းချနေတာ ငါသိတယ်နော် ပိုက်ဆံငါးရာကြောင့်သည်းခံနေတာ ရက်မကူးပဲပေးကြ”
“မင်းဟာ ကလည်း ချက်တီးကြီးကျနေတာပဲ ညကျ ဗွီဒီယိုရုံရောက်ရင်
ပေးမယ်ကွာ “
“ပြီးရော နေ့ကူးရင်တော့အတိုးတက်ပြီပဲ”
နန်းဦး ကပြောလည်းပြောကာ
ဘုရားပေါ်တက်သွားလေသည်။
ပြည့်စုံတစ်ယောက် လှည့်ထွက်သွားသော နန်းဦး၏နောက်ကျောပြင်လေးအားကြည့်ကာ
“ချစ်စရာလေး ကွ ငါခြောက်ချင်လာပြီ”
ပြည့်စုံအပြောကြောင့်
ကျန်လူများမှာ ဝါးလုံးကွဲရယ်ကြပြန်သည်။
နန်းဦးမှာ မျက်နှာရူးကောင်များအား
စိတ်ထဲမထားတော့ပဲ
အမိုး မိုးထားသည့် ဘုရားအဆောင်ဘက်ကူးလာလိုက်သည်။
ဘုရားပေါ်မှ ကြည့်လျှင် ပင်လယ်ဘက်အား အပေါ်စီးမှ မြင်ရကာ
ကျွန်းကြီးကျွန်းငယ် အသွယ်သွယ်ဖြင့်
တော်တော်လှလေသည်။
နန်းဦးတို့ ကျွန်းလှမြို့မှာ
ပင်လယ်ရေမျက်နှာပြင်များဝန်းရံနေသော ကျွန်းကလေးပေါ်တည်ရှိသည်ဖြစ်ကာ မြို့ဟုခေါ်နိုင်ရုံ
လူဦးရေ နှစ်ထောင်ကျော်ခန့်သာရှိသောနယ်
မြို့သေးသေးလေးဖြစ်သည်။
အစိုးရရုံးများစိုက်ရာ မြို့ဖြစ်သည့်အားလျော်စွာ
တော်တော်များများမှာ ဝန်ထမ်းမိသားစုများဖြစ်လျက် ပြည့်စုံတို့လို ငါးဒိုင် ပုစွန်ဒိုင် မိသားစုများလည်း ရှိလေသည်။
“နန်းဦး ငါတို့ အမှတ်တရဓာတ်ပုံရိုက်ရအောင်”
ဒီပုံကြီးနဲ့ ဓာတ်ပုံရိုက်ရန်
လာခေါ်နေသော သက်ဦးအား
နန်းဦးမှာ ဘုကြည့်ကြည့်လိုက်လေသည်။
“မင်းတို့ဘာသာ ရိုက်ပါလား ငါမရိုက်ဘူး”
“လာပါဆိုကွာ သူငယ်ချင်းတွေအမှတ်တရလရိုက်မှာကို မင်းကမပါချင်ဘူးလား”
“မပါချင်ဘူး”
“နှလုံးသားမရှိတဲ့ကောင်”
သက်ဦးက ပြောလည်းပြောကာ
နန်းဦးအား ချိုင်းမှဆွဲခေါ်လေသည်။
“မရိုက်ချင်ဘူးဆိုကွာ”
“လာပါကွာ
ညကျရင် ပြည့်စုံက ဗွီဒီယိုရုံ လက်မှတ်ဖိုးခံပေးမှာတဲ့ ငါကမုန့်ဝယ်ကျွေးမယ်ကွာ”
သက်ဦး ကချော့လည်းချော့ ကာ
နန်းဦး ကြိုက်တတ်သည်များဖြင့်မျှားခေါ်တာမို့
နန်းဦးတစ်ယောက်ယက်ကန်ယက်ကန်နှင့်ပါလာလေသည်။
မသိလျှင် မိန်းကလေးတစ်ယောက်အား ယောကျာ်းတစ်ယောက်က
ဆွဲလားရမ်းလားလုပ်နေသည်ဟု
ထင်ကြမည်ပင်။
သို့သော်လည်း နေ့လည်နှစ်နာရီကြီး
ဘုရားပေါ်တွင် သူတို့ မျောက်တစ်အုပ်မှ လွှဲ၍မည်သူမျှရှိမနေ။
ပြည့်စုံက ဘုရား စောင်းတန်းအလှူခံဌာနဘေးတွင် ဖွင့်ထားသော
ဓာတ်ပုံဆိုင်လေးဆီသွားကာ
ဓာတ်ပုံဆရာအား ခေါ်ရန်ထွက်သွားလေသည်။
ဓာတ်ပုံဆိုင်ထဲတွင် ဓာတ်ပုံဆရာမှာ
မျက်နှာပေါ် စာအုပ်ကြီးတင်ကာ
ကွပ်ပျစ်ပေါ်တွင် စန့်စန့်ကြီး အိပ်နေလေသည်။
“ဦးလေး ဦးလေး”
“……”
“ဦးလေး”
“ကျွတ် ဘာလဲ
အိပ်နေတာ မမြင်ဘူးလား”
ပြည့်စုံမှာ ဓာတ်ပုံရိုက်ဖို့ ဓာတ်ပုံဆရာ
လာခေါ်သော်လည်း
အိပ်နေရာမှ ထကာ ဟောက်လိုက်သော
ရှူတည်တည် ရုပ်နဲ့ ကောင်တစ်ကောင်ကြောင့် လာရင်း ကိစ္စအားမေ့ကာ
ကြောင်အမ်းသွားရသည်။
“ဟမ် အင် ဒီက ဓာတ်ပုံဆရာလည်းမဟုတ်ဘူး ခင်ဗျားက အလုပ်သမားအသစ်လား ဓာတ်ပုံရိုက်မလို့”
သူ့အားအလုပ်သမားဟု ပြောလိုက်တာမို့ မျက်နှာမှာ ပို၍လငပုပ်ဖမ်းသွားကာ
ဒေါသတကြီးပုံစံဖြင့်ဝုန်းကနဲထရပ်လေသည်။
ပြည့်စုံထက်ကြီးပုံရကာ အရပ်မြင့်သော ပြည့်စုံထက်ပို၍ အရပ်မြင့်လေသည်။ ဝင်းဦးလို
ရင်အုပ်ကားကား ဗလတောင့်တောင့်နှင့်ဖြစ်ကာ
မသိရင် ထပဲထိုးတော့မလို။ ပြည့်စုံမှာ
အရွယ်ချင်းမမျှတာမို့
အားမတန်မာန်လျှော့ရန်စဥ်းစားလိုက်ကာ
မျက်နှာကြောအားအတတ်နိုင်ဆုံးလျှော့ချလျက်
“ဟို ဒီက အစ်ကို ကျတော်တို့ဓာတ်ပုံရိုက်ချင်လို့ပါ”
“ရိုက်ပေးမယ့်သူမရှိဘူး ငါကဆိုင်
ရှင်မဟုတ်ဘူး ခဏကြည့်ပေးထားရုံပဲ”
ပြည့်စုံမှာ စိတ်ပျက်လက်ပျက်ခေါင်းအား တဗြင်းဗြင်းကုတ်ကာ အကြံအိုက်သွားလေသည်။
နန်းဦးကို ဒီလိုပုံမျိုး နောက်ထပ်တွေ့ဖို့မလွယ်သည်မို့ ကြုံတုန်း ဓာတ်ပုံနဲ့သိမ်းထားမလို့ပါဆို။
ပြည့်စုံမျက်နှာ အား ငယ်သထက်ငယ်ချလိုက်ကာ
လူကလည်းဘုရားရင်ပြင်ပေါ် အကြည့်ပို့လျက်။
“အစ်ကိုရယ်လုပ်ပါ
ဟိုမှာ ကျတော့ကောင်မလေးက
ဓာတ်ပုံရိုက်ချင်လို့ တကူးတက အလှတွေပါ ပြင်လာတာ
နေလည်းတအားပူနေပြီ”
ထိုလူမှာ ပြည့်စုံညွှန်ပြရာ ရင်ပြင်ပေါ်ရပ်ကာ
နေပူထဲတွင် ပေကပ်ပြီး ရပ်နေသည့်
နန်းဦးအား တစ်ချက်စူးကနဲ
ကြည့်လေသည်။
“ရိုက်ပေးမယ်မှလားအစ်ကို”
“ရှေ့ကသွားလိုက် ငါလိုက်ခဲ့မယ်”
ပြည့်စုံတစ်ယောက် မိမိလိုချင်တာ
ရသွားပြီမို့ ဝမ်းသာလုံးဆို့ကာ ရင်ပြင်ဘက်ထွက်လာလိုက်သည်။
“ပြည့်စုံရာ မင်းဟာကြာလိုက်တာ
ဒီမှာ နန်းဦးနေပူနေပြီ”
“အရင်ရိုက်နေကျဓာတ်ပုံဆရာမရှိဘူးကွ အပေါက်ဆိုး ကောင် တစ်ကောင်ပဲရှိတယ် သြော် ဟိုမှာလာပြီ”
သက်ဦးက နန်းဦးမျက်နှာရိပ်မျက်နှာကဲကို ကြည့်ကာ ပြည့်စုံအား
ဆီး၍ရန်တွေ့လေသည်။
“အစ်ကို ဒီဘက်ကရိုက်မှာ”
ကင်မရာတစ်လုံးဖြင့် အေးအေးဆေးဆေး လျှောက်လာသူအား ပြည့်စုံလှမ်းပြောလိုက်၏။
ထိူလူမှာ ပြည့်စုံအပြောအား
အဖက်ပင်မလုပ်ပဲ
နန်းဦးဘက်လှည့်ကာ
“ဒီက ညီမလေး ရိုက်မှာ မဟုတ်လား
ဟိုဘက်နားစောင်းတန်းမှာထိုင်လိုက်”
“ဟို အဲ ကျတော်”
နန်းဦး မှာ ထင်မထားပဲ မိမိအား ဦးတည်၍ပြောလာသူ ဓာတ်ပုံဆရာကြောင့် စကားများပင်ဆွံ့အာသွားလေသည်။
ပြည့်စုံက မျက်လုံးအား အသာမှိတ်ပြနေသည်မို့ နန်းဦးလည်းသဘောပေါက်သွားရကာ
၏ဓာတ်ပုံဆရာ ပြောသလို
စောင်းတန်းနားတွင်ထိုင်လိုက်လေသည်။
“ဒီအတိုင်းကြီး မထိုင်နဲ့လေ တောင့်တောင့်ကြီးဖြစ်နေတယ်”
ဓာတ်ပုံဆရာမှာ ပြောလည်းပြောကာ
နန်းဦးနားလျှောက်လာလျက်
မေ့စေ့အားကိုင်ကာ
အနည်းငယ်ပင့်မပေးကာ
ကိုယ်နေဟန်ထားပါပြင်စေသည်။
နန်းဦးမှာ ထိုလူပြောသမျှ နာနာခံခံလေးဖြစ်သွားကာ
အသက်ရှူများပင်အောင့်ထားမိသည်အထိ။
ဓာတ်ပုံဆရာနှင့် နန်းဦးမှာ တစ်ကမ္ဘာဖြစ်ကာ ပြည့်စုံတို့မှာ ကမ္ဘာခြားသွားသလိုခံစားလိုက်ရလေသည်။
“ခဏ”
ဓာတ်ပုံဆရာ က ပြောလည်းပြောကာ
ဘုရားစောင်းတန်းဘေး
ဆင်းသွားလျက် ဇီဇဝါ ခြုံမှ ဇီဇဝါပန်းတစ်ပွင့်ဇွတ်ကနဲခူးလျက် ပြန်တက်လာလေသည်။
ထို့နောက်နန်းဦးနား ပြန်လျှောက်လာကာ ခေါင်းတွင် ဇီဇဝါပန်းအား ပန်ပေး
လိုက်လေသည်။
“ဒီဘက်ကိုလှည့်ပြီး လက်ကို ခပ်လျော့လျော့လေးပိုက်လိုက် ခြေတစ်ဖက်ရှေ့ထုတ်ထား”
နန်းဦးတစ်ယောက် ထိုလူပြောသည့်အတိုင်းနေလိုက်ရာ မိန်းကလေးတစ်ယောက်နှယ် နွဲ့နွဲ့လေးဖြစ်၍သွားလေသည်။
“ခွီး”
အုန်းမြက ခွီးကနဲထရယ်သော်လည်း ကျန်လူများမှာ ပါးစပ်အဟောင်းသား။
ပြည့်စုံမှာ အဆိုးဆုံးဖြစ်ကာ
ခုဏကနဲ့ လူစားလဲလိုက်သလိုပြောင်းလဲသွားသော
တော်တော် သဘောကောင်းဖော်ရွေဟန်ပြုနေသူ ဓာတ်ပုံဆရာကြောင့်
ဆွံ့အနေတော့သည်။
“တော်ပြီ နေပူတယ် အုပ်စုပုံပဲရိုက်တော့မယ်”
ပြည့်စုံက ပြောလည်းပြောကာ
နန်းဦးဘေးတွင်သွားရပ်လျက်
ကျန်လူများအားခေါ်လိုက်လေသည်။
ဓာတ်ပုံဆရာ ၏မျက်နှာမှာ သိသိသာသာတင်းသွားကာ
မရိုက်ချင်ရိုက်ချင်အင်တင်တင်ဖြင့်
ရိုက်ပေးလိုက်လေသည်။
“မင်းတို့ဖယ်လိုက် ငါတို့နှစ်ယောက်တည်းရိုက်မှာ “
ပြည့်စုံက ကျန်လူများအားတွန်းထုတ်လိုက်ကာ
နန်းဦးဘေးတွင်ကပ်၍ရပ်လိုက်လေသည်။
“အစ်ကို ကျတော်တို့နှစ်ယောက်တည်း ငါးပုံလောက်ရိုက်ပေး”
“ဖလင်ကုန်သွားပြီ”
ပြောပြီး လှည့်ထွက်သွားသူ
ဓာတ်ပုံဆရာကြောင့်
ပြည့်စုံမျက်နှာမှာ အီးမှန်ထားသလို ရှုံ့မဲ့သွားတော့သည်။
“တောက် ဒီကောင်တမင်စောက်ကျင့်ယုတ်တာ”
“ဘုရားပေါ်မှာ မင်းပါးစပ် ဘရိတ်ကြိုးပြတ်နေတာလား ဟိုက စီးပွားရေးလုပ်နေတာ မကုန်ပဲကုန်တယ်ပြောမလား”
နန်းဦးပိတ်ဟောက်လိုက်သော်လည်း
ပြည့်စုံမှာ ကျေနပ်သေးပုံမရ။
“ဗိုက်ဆာလာပြီ ကမ်းနား အကြော်သွားစားမယ်ကွာ “
စိုးသိန်းထပြောလိုက်မှ အားလုံး ဗိုက်ဆာသွားကာ ဘုရားပေါ်မှပြန်ဆင်းခဲ့ကြည်။
နန်းဦးမှာ မိမိအား တစ်ယောက်ယောက် စောင့်ကြည့်နေသလို
နောက်ကျောမလုံသည်မို့
နောက်ပြန်လှည့်ကြည့်လိုက်ရာ
ဓာတ်ပုံဆိုင်ထဲမှ မိမိအား စူးစိုက်ကာ ကြည့်နေသော မျက်လုံးတစ်စုံကြောင့်
ခြေဖျားလက်ဖျား ပင်အေးလာကာ
ကြက်သီးများတဖြန်းဖြန်းထသွားတော့သည်။
မသိရင် ယင်ဖိုအသန်းခံလိုက်ရတဲ့
အပျိုဖြန်းလေးများလို။
“ချောလိုက်တာ”
“ဟမ်”
“ငါကြားလိုက်တယ်နော် ဘာလဲ”
နန်းဦး ဘာသာ တိုးတိုးလေ ရေရွတ်လိုက်သော်လည်း
နားပါးသော အုန်းမြက ကြားဖြစ်အောင်ကြားလေသည်။
“ထဘီ ချောပြီးကျွတ်ကျတော့မယ်လို့ပြောတာကွာ”
နန်းဦးစကားကြောင့် ပြည့်စုံမှာ ပြူးပြူးပြာပြာဖြစ်သွားကာ
“ရရဲ့လား ဖမ်းဆုပ်ထားလိုက် အောက်ရောက်မှ ကြိုးရှာပြီးစည်းပေးမယ်”
“အောက်ရောက်ရင် ချွတ်တော့မှာကွ ဘုရားပေါ်မှာမို့သည်းခံနေတာ
အထဲမှာ အာကာထွန်း ဘောင်းဘီရှိတယ်”
နန်းဦး မှာ ပြောသည့်အတိုင်းပင်
ဘုရားစောင်းတန်းအောက်ရောက်သည်နှင့် ထဘီအား ကွင်းလုံးချွတ်ပစ်လိုက်ရာ ဆံထုံး၊ရင်ဖုံး အာကာထွန်းဘောလုံးဘောင်းကြီးနှင့် တော်တော့ကိုမှ မထော်မနန်းကြီးဖြစ်နေတော့သည်။
“မင်း ဟာ ဘာကြီးလဲ နန်းဦးရာ “
အုန်းမြက ညည်းညူရင်း မနေသာ သဖြင့် နန်းဦးခေါင်းမှ ဆံပင်တုဆံထုံးကြီးအားဖြုတ်ပေးလိုက်လေသည်။
ထို့နောက်အနီးအနားမုန့်ဆိုင်မှ ကျွတ်ကျွတ်အိတ် တစ်လုံးတောင်းကာ
ထမီနှင့် ဆံထုံးအားထည့်ထုပ်လျက် ပြည့်စုံ၏စက်ဘီးတွင်ချိတ်ထားလိုက်လေသည်။
ဆံထုံးဖယ်လိုက်သောအခါ နန်းဦးအမေလက်ရာ အုန်းမုတ်ခွက်ကေလေးဖြင့်နန်းဦးဆံပင်အစစ်ပေါ်လာလေသည်။
မုန့်ဆိုင်မှပင် ရေတစ်ခွက် တောင်းကာ မျက်နှာသစ်ပစ်လိုက်တာမို့
မိတ်ကပ်နှင့်သနပ်ခါးများမရှိတော့သော သဘာဝအသားရောင်လေးပေါ်လာ၏။ ပြည့်စုံမှာ
ရင်ဖုံး၊ ဘောလုံးဘောင်းဘီ နှင့်ဂွမ်းနေဆဲရှိသော နန်းဦးအား မိမိရှပ်အင်္ကျီကိုချွတ်ပေးလိုက်လေသည်။
“သနားလို့ ဒီမှာပဲ အလျှော့ပေးလိုက်တာနော် အလောင်းအစားက အိမ်ပြန်ချိန်အထိအကျုံးဝင်တာ”
နန်းဦးက စွပ်ကျယ်ဂျိုင်းပြတ်ဖြင့်
ညိုမှောင်နေသော ပြည့်စုံအားတစ်ချက်ကြည့်ကာ
“အင်္ကျီ ငှားပေးလို့မဆဲတော့ဘူးနော် လူမသားလေး”
“ဟားးးဟားး”
“ပေး ငါနင်းမယ်စက်ဘီး”
နန်းဦးကပြောရင်း
ပြည့်စုံဆီမှ စက်ဘီးအားလှမ်းယူလိုက်လေသည်။
ရှေ့မှ သက်ဦးနှင့် သောင်းထိုက်က နင်းသွားကာ စိုးသိန်းနှင့် အုန်းမြက အနောက်တွင်ထိုင်လိုက်လေသည်။
နန်းဦးနောက်တွင် ပြည့်စုံက တက်ထိုင်လိုက်ကာ အကြော်ဆိုင်ဆီဦးတည်လိုက်ကြတော့သည်။
ထို့နောက်ကမ်းနားလမ်းတစ်လျှော် လမ်းသလား ကောင်မလေးများ ငမ်းကာ နန်းဦးအိမ်ရောက်တော့ ညနေငါးနာရီပင်ထိုးလုပြီ။
နန်းဦးအား အိမ်ရှေ့တွင် ချပေးကာ
ပြည့်စုံက လက်ပြနှုတ်ဆက်ရင်း
ထွက်သွားတော့မှ နန်းဦးအိမ်ထဲဝင်ခဲ့လေသည်။
ဘယ်အချိန်တည်းက မျှော်နေသည်မသိသော
မေကြီး
မှာ နန်းဦးအားမြင်သည်နှင့် ထိုင်ရာမှထလာလေသည်။
“နောက်ကျ လိုက်တာ သားရယ်”
“ငါးနာရီပဲရှိသေးတာပါ မေကြီးရာ”
နန်းဦးက အိမ်ခန်းနံရံတွင်ကပ်ထားသော တိုင်ကတ်နာရီအားကြည့်ကာပြောလိုက်ရာ
မေမေက မျက်နှာမကောင်းလှစွာဖြင့်
“သားအဖေက သားလာရင် ခဏလွှတ်လိုက်တဲ့ စာကြည့်ခန်းမှာစောင့်နေတယ်”
ခုလို သီးသန့်ခေါ်တွေ့တာဆိုရင် ဆူဖို့ပဲဖြစ်မှာမို့ နန်းဦးမျက်နှာမှာ မှုန်မှိုင်းသွားလေသည်။
အမေက နန်းဦးကိုချစ်သလောက် စည်းကမ်းတင်းကျပ်ကာ ဘောင်ကျဥ်းသော အဖေက နန်းဦးကိုဆို ဆူဖို့ ဆဲဖို့သာသိလေသည်။
“ဒေါက် ဒေါက်”
တံခါးစေ့ရုံသာ စေ့ထားသော်လည်း
ယဥ်ကျေးမှုအရ တံခါးအားနှစ်ချက်ဆင့်ခေါက်လိုက်၏။
“ဝင်ခဲ့”
အေးစက်စက်နှင့် အနိမ့်အမြင့်မရှိသော
လေသံက နန်းဦးအား
အသက်ရှူကြပ်စေပါသည်။
နန်းဦး စာရင်းတစ်ခုအား လုပ်နေပုံရသော ဖအေ
ရှေ့တွင်ရိုရိုကျိုးကျိုးလေးရပ်လိုက်ကာ
“ဖေကြီး ခေါ်တယ်ဆိုလို့”
ဖေကြီးက နန်းဦးအား တစ်ချက်ကြည့်လျက် မျက်မှန်အား ချွတ်ကာ စားပွဲပေါ်အသာချလျက်
စာရွက်ခေါက်လေးနှစ်ခေါက်အား နန်းဦးရှေ့ချလာ၏။
ထိုစာရွက်ခေါက်လေးများမှာ ဘာလဲသိသည်မို့ နန်းဦးခေါင်းကြီးသွားရသည်။
“မင်းမှာ ဒီလိုအကျင့်တွေဘယ်က ပါလာတာလဲ ရဝေနန်းဦး
ဖအေက ကျောင်းမှာ ကျောင်းအုပ် မင်းက ကျောင်းမှာ ဖြစ်ချင်တိုင်းဖြစ်နေတယ် မင်းအတန်းပိုင်ဆရာမက ငါ့ကို ဒီလိုတိုင်တော့ မျက်နှာ ဘယ်နားသွားထားရမလဲ”
ဦး ရဝေအောင်သောင်းမှာ မိမိရှေ့မှ သားဖြစ်သူအား ဆူပူရင်း
ဒေါသကြောင့် မျက်နှာကြီးနီနေတော့သည်။ ဘယ့်နှယ် အဖေလက်ရေးအား တူအောင်ခိုးကူးပြီး ခွင့်စာအတုလုပ်ကာ အတန်းလစ်ရတယ်လို့။
ထိုနေ့က မိမိမှာ ပညာရေးမှူးအကူအညီတောင်းလို့ ကျောင်းစစ်လိုက်သွားရကာ ကျောင်းတွင်မရှိ။ ဒါကိုအခွင့်ကောင်းယူကာ ဒင်းက မိမိလက်ရေးအတိုင်းခိုးကူးလျက် ခွင့်စာအတုနဲ့ကျောင်းပြေးတာဖြစ်သည်။ နန်းဦးတစ်ယောက်တည်းဆို မသိသာပေမယ့် ပြည့်စုံတို့ပါ တစ်ဖွဲ့လုံးပြေးသည်မို့ ဆရာမက မသင်္ကါဖြစ်ကာ
ဖေကြီးကို တိုင်လိုက်တာ ဖြစ်မည်ပင်။
“ပြောစမ်း ဒီနေ့က ဘယ်တွေသွားပြီး ဘာတွေလုပ်တာလဲ”
“ဟို..”
“ပြောလေ မင်းယောကျာ်းမဟုတ်ဘူးလား လုပ်ရဲရင်ခံရဲရမှာပေါ့”
“ဟို အုန်း…မြ မြတို့ခြံမှာ ထမင်းချက်စားပြီး ရေချောင်းမှာ ရေသွားကူးတာပါ ဖေ ကြီး”
“တောက် ..အတတ်ကောင်းတွေ
မိဘကိုလိမ်တယ် ဖအေလက်ရေးခိုးကူးပြီး ဆရာမကို လိမ်ပြီးခွင့်တိုင်တယ် အတန်းလစ်တယ် မင်းအပြစ်မင်းသိလား ရဝေနန်းဦး”
“သိပါတယ်”နန်းဦးမှာ ဘာဆက်ဖြစ်မည်ကို သိတာမို့ ခေါင်းကို တွင်တွင်ငုံ့ထားလေသည်။
“အမ ဖြစ်သူက ရှေ့ဆောင်လမ်းပြကောင်း သလောက် မင်းကအသုံးမကျတာ
သွား အိမ်ရှေ့စားပွဲပေါ်က အုန်းကြောသွားယူခဲဲ့”
ဖေကြီးဟာ နန်းဦးအားဆူပူနေရင်းမှ မစတာတန်းတက်နေသော နန်းဦး၏အမဖြစ်သူရဝေနွယ်ဦး
အားလည်း တဖို့မမေ့ပေ။
အမတော်တာ နန်းဦးဂုဏ်ယူပေမယ့် အားတော့မကျပါ။
နန်းဦးက အမ မှမဟုတ်တာ။
အမလိုလိုက်တော်ဖို့ လိုလို့လား။
နန်းဦးမှအခန်းပြင်စိတ်မပါစွာထွက်လာလိုက်သည်။
ခုဏလေးတင် အိမ်ပြင်တွင်ရှိနေသော အမေသည် အဖေ့ကိုလည်းကြောက် နန်းဦးဘက်လည်းလိုက်ချင်မို့ ဝေခွဲမရဖြစ်ပုံရကာ ဘယ်ဆီလစ်ပြေးပြီမသိ။
အားကိုးရာမဲ့သွားသောနန်းဦးမှာ
စားပွဲပေါ်မှ အုန်းကြောများအား ပူးကာ သားရေပင်ဖြင့်စည်းထားသော နန်းဦးအတွက် စပါယ်ရှယ်လုပ်ထားသည့် ဖေကြီး လက်စွဲတော်အားယူရင်း အခန်းထဲလေးတွဲ့စွာ ပြန်လာလိုက်သည်။
ထိုနေ့က ငါးချက်တိတိရိုက်ခံရကာ အမေက ထုံးစံအတိုင်း နန်းဦးရိုက်ခံရပြီးမှ သွေးစို့နေသော ခြေသလုံးအား မျက်ရည်စမ်းစမ်းဖြင့် ဆေးလိမ်းပေးလေသည်။
နန်းဦးမှာ မိမိအခန်းဆီပြန်လာလိုက်ကာ
အိတ်ထဲသွပ်ထည့်ထားသော
ထဘီနှင့် ဆံပင်တုအားယူထုတ်လိုက်ရာ ညှိုးနေပြီဖြစ်သော ဇီဇဝါပန်းလေးမှာ ဆံပင်တုကြားမှထွက်လာလေသည်။
လွှင့်ပြစ်ရန်လက်ရွယ်ပြီးမှ စားပွဲပေါ်မှ ဖန်ဘူးထဲထည့်ကာသိမ်းထားလိုက်သည်။
ထို့နောက် မျက်လုံးထဲ
မျက်လုံးမျက်ဖန်ကောင်းကောင်း
မျက်ခုံးထူထူ နှင့် ယောကျာ်းတန်မဲ့
ကော့ပျံနေသော မျက်တောင်နှင့်
ထိုလူအားမြင်ယောင်လာလေသည်။
ဝိုင်နီရောင်လို နှုတ်ခမ်းများ နှင့် နှုတ်ခမ်းမွှေးစိမ်းစိမ်းများ မေးချိုင့်လေးများအထိ မြင်ယောင်လာလျှင်
နန်းဦး မျက်နှာတစ်ခုလုံး
ရေနွေးနှင့်ပက်ခံရသည့်နှယ်နီမြန်းသွားလေသည်။
မိနစ်ပိုင်းလေးသာ တွေ့ခဲ့ဖူးသည့်
လူတစ်ယောက်အား ဒီလိုအသေးစိတ်မှတ်မိစရာလိုလို့လား။
ဟိုက နန်းဦးကို ကင်မရာနဲ့ ဓာတ်ပုံရိုက်သွားတာဖြစ်သော်လည်း
နန်းဦးမှာ ထိုအမည်မသိလူသားအား
နှလုံးသားဖြင့် ဓာတ်ပုံရိုက်လာခဲ့မိပြီထင့်။
“ကိုကို”
နာမ်စားလေးတစ်ခုအား အလိုအလျောက် ရင်တွင်းမှ
ရေရွတ်ပြီးနောက်
ဆယ့်ငါးနှစ်အရွယ် ဆယ်တန်းကျောင်းသားလေးဟာ
ကိုယ့်အတွေးနှင့်ကိုယ် အူမြူးကာ
ကုတင်ပေါ်တွင် တွန့်လိမ်ကောက်ကွေးနေတော့သည်။

fri. sep6.2024
မိုချီ(ခတ္တလူ့ပြည်)

ဖတ်ရှူအားပေးတဲ့ တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးကမ္ဘာပါ ဗျာ
တစ်ရက်ခြားတစ်ခါmoodဝင်ရင်ဝင်သလိုupပါ့မယ်
ongoingလိုက်ဖို့စိတ်မပျက်စေရပါဘူးလို့ အာမခံပါတယ်
အကယ်၍ ပျက်ကွက်ခဲ့ရင် ခင်ဗျားလေးတို့ဆီ ခွင့်တိုင်ပါမယ်
ခင်ဗျားလေးတို့အပေါ်ထားတဲ့
respectပါ

Tags: read novel Wrong Time Right Person(Completed) part1(unicode), novel Wrong Time Right Person(Completed) part1(unicode), read Wrong Time Right Person(Completed) part1(unicode) online, Wrong Time Right Person(Completed) part1(unicode) chapter, Wrong Time Right Person(Completed) part1(unicode) high quality, Wrong Time Right Person(Completed) part1(unicode) light novel, ,

Comment

Leave a Reply

Chapter 2