Wrong Time Right Person(Completed) part2(unicode )

A+ A-

wrong time right person

အပိုင်း(၂)

(ကြည်သူမိုးမြေ့)

၂၀၀၀ ခုနှစ် နှစ်ဦးပိုင်း။
ဝါရှင်တန်ဒီစီမြို့။
အထပ်မြင့်အဆောက်အဦးတစ်နေရာမှ
အမျိုးသား တစ်ယောက်သည် နီယွန်မီးများဖြင့် လင်းထိန်နေသော
ဝါရှင်တန်ဒီစီမြို့ အား အပေါ်စီးမှ
ကြည့်နေလေသည်။
ဝီစကီတစ်ခွက်အား လက်တွင်ကိုင်ထားကာ မည်သည့် အမြည်းမှမပါ။
အယ်ကိုဟောလ် ပြင်းပြင်းနှင့်ထိတွေ့ထားသော ဝိုင်နီရောင် နှုတ်ခမ်းများမှာ စိုကြွနေ ၏။
မျက်နှာမှာ ရေသေနှယ်တည်ငြိမ်နေကာ စူးရှသော မျက်ဝန်းများက
ဝီစကီတန်ခိုးဖြင့်အနည်းငယ်ရီဝေနေ၏။ မျက်ခုံး များမှာအနည်းငယ်တွန့်ချိုးနေကာ ရီဝေနေသော မျက်လုံးများနဲ့အပြိုင် မျက်တောင်ရှည်များမှာ အနည်းငယ် ငိုက်စင်းနေပြန်သည်။
ဒီည သူသောက်နေကျ limit ထက်ကို ကျော်၍သောက်မိသည်ပဲ။
ထို့နောက် စားပွဲဆီပြန်လျှောက်လာကာ
မြန်မာပြည်မှ သူ့လူယုံ ညီဘွား ပို့လိုက်သော အညိုရောင်
စာအိတ်ရှည်ကြီးနား စိတ်လှုပ်ရှားစွာ ချည်းကပ်လိုက်၏။
ထိုစာအိတ်ရှည်ကြီးမှာ ငါးအိတ်မြောက်ဖြစ်ကာ ထိုအထဲတွင် ဘာပါမည်ကို ကြိုသိသော်လည်း လက်များမှာ
ဇောချွေးများ ပျံသည်အထိ စိတ်လှုပ်ရှားနေ၏။
ထို့နောက် စာအိတ်အား ထိလိုက်ရင်ကြွေသွားမည့်အလား ရှေ့သို့ယုယစွာ ဆွဲယူလိုက်ကာ အနားထိပ်မှဖောက်လိုက်လေသည်။
ထိုအခါ  ကျက်သရေရှိလှသည့် အမျိုးသမီးလေး အား အနေအထားမျိုးစုံဖြင့် ရိုက်ထားသော ဓာတ်ပုံများ အစီအရီထွက်လာလေသည်။
“နွယ်”
ရင်တွင်းမှ အမည်နာမလေးအား
အသံထွက်အောင်ရွတ်ဆိုရင်း
ဘေးတိုက်လေး ရိုက်ထားသည့် ဓာတ်ပုံတစ်ပုံအား ရင်ဘတ်တွင်ဖိ၍ကပ်လိုက်လေသည်။
ထို့နောက် မျက်လုံးများ ဖိပိတ်ကာ နွယ်နှင့် ပထမဆုံး ဆုံခဲ့သော အမှတ်မထင်
တွေ့ဆုံမှုအား အတွေးကမ္ဘာထဲ တရေးရေးပေါ်လာ၏။
၁၉၉၅
ဒီဇင်ဘာလ
ထိုနေ့က သူ့အဖေဘက်က အဖွားတို့မြို့ ကျွန်းလှကိုရောက်နေတာ။
နိုင်ငံခြားမသွား မီ အဖွားအား သွားကန်တော့တာဖြစ်သည်။
ပျင်းပျင်းရှိသည်နှင့်
အဖေ့ညီ အဖွားသားအငယ်ဆုံးနှင့်အတူ သူအပျော်တမ်းဖွင့်ထားသော တောင်တော်ဦး ဘုရားမှ ဓာတ်ပုံဆိုင်ဆီ
လိုက်ခဲ့တာဖြစ်သည်။
နေ့လည်လောက်တော့
ဦးလေးဖြစ်သူ
ကြည်သာဘုန်းက အိမ်ကို ခဏပြန်မည်ဟုဆိုကာ ပေါ်မလာတော့။
ဘုရားပေါ် ခွေးတစ်ကောင် ကြောင်တစ်မြီးမျှပင်မရှိတာ မို့ စာအုပ်ဖတ်ရင်း
ခဏဟုဆိုကာ ပေါ်မလာတော့သော ဦးလေးဖြစ်သူဟာ ကျိန်ဆဲရင်း
စောင့်နေလိုက်သည်။
စာအုပ်အား စိတ်ပါလို့ဖတ်တာမဟုတ်ပဲ
ပျင်းပျင်း ရှိတာမို့ ဟိုလှန်ဒီလှော လုပ်နေရင်း မျက်လုံးထောင့်စွန်းဆီမှ ဝင်လာသော ဘုရားစောင်းတန်းပေါ် တက်လာသည့်ပုံရိပ်လေးကြောင့်
စာအုပ်အားအသာ ချကာ
ကြည့်ကောင်းကောင်းနှင့်ကြည့်နေလိုက်သည်။
ရင်ဖုံးအင်္ကျီပွပွ ချိတ်အဆင်ထဘီမှာ သူ့အဖွားလို ခေတ်ဟောင်းစတိုင်နှင့် ဖြစ်သော် လည်း သူတို့မြို့က အင်္ကျီ ခါးရှည်ကို ထဘီတိုနန့်နန့်နှင့် တွဲဝတ်ထားသူ ပျိုမေတို့ထက် အပုံကြီးသာလေ
သည်။
ခေတ်နောက်ပြန်ဆွဲပုံစံဝတ်ထားသော်လည်း မျက်နှာလေးမှာ ဖြူနုနေကာ ပါးကွက်လေးများမှာ ချွေး
များကြောင့် ပြယ်လုလု။
ဆိုးဆေးတင်ထားပုံရသော နှုတ်ခမ်းများမှာ နီရဲသည့်ဘက်မသွားပဲ ယဥ်လေသည်။
ခေါင်း ပေါ်ကြည့်လိုက်တော့လည်း ဟန်တစ်လုံးပန်တစ်လုံး ဆံထုံးကြီးနှင့်။
သို့သော်လည်း တစ်ခုခုလိုနေသည့်နှယ်။
ကြည်သူ ကြည့်နေရင်း ကောင်မလေးနောက်မှ လိုက်လာသော ဗရုတ်သုတ်ခ ငါးကောင်ကြောင့်
အရှိန်ပျက်သွားလေသည်။
ဝတ်ပုံစားပုံ အိန္ဒြေရသလောက် ပေါင်းသည့်အပေါင်းအသင်းများမှာ
တစ်ယောက်မှအချိုးမပြေ။
ရှေ့ဆုံးမှ ညိုမှောင်မှောင်အသားအရေနှင့်ကောင်မှာအဆိုးဆုံး။ တခါတလေ ကောင်မလေးအား လက်လှမ်းကိုင်လိုက် ပခုံးလှမ်းဘက်လိုက် လုပ်နေသေးသည်။
ယှဥ်လျှောက်နေရင်း နည်းနည်းလေးမှ မလိုက်ဖက်ပဲ ဘဲဥနား ကျီးကန်းဝဲနေသလိုပင်။ ကောင်မလေးကလည်း မိမိအားထိကပါးရိကပါး လုပ်နေသည့်တိုင်စိတ်ဆိုးပုံမရ။ တစ်ချက်တစ်ချက်ရယ်နေပြန်သေးရာ မဆီမဆိုင် ကောင်မ
လေးဘေးမှ ဗရုတ်ကောင်တွေအား
နားရင်းများပင် ဝင်အုပ်ချင်စိတ်ပေါက်လာ၏။
ကြည်သူ ကြည့်ရင်းဒေါသထွက်လာကာ စာအုပ်အား မျက်နှာ အုပ်လျက် ကွပ်ပျစ်ပေါ် ဝုန်းကနဲလှဲအိပ်လိုက်လေသည်။
မှေးကနဲအိပ်ပျော်သွားရုံရှိသေး တစ်ယောက်ယောက်လာနိုးတာကြောင့်
စိတ်မရှည်စွာ မျက်နှာပေါ်ကစာအုပ်အား ဖယ်ကာ ကြည့်လိုက်တော့
ဟိုကျီးကန်းလိုကောင်။
သူ့ကောင်မလေးအား ဓာတ်ပုံရိုက်ပေးရန် လာခေါ်တာ ဖြစ်ပြီး ကောင်မလေးဆိုသူအား ကြည့်လိုက်တော့ ခုနက
ယဥ်သကိုမယ်လေးဖြစ်နေ၏။
အလိုလိုနေရင်းဒေါသထွက်နေပေမယ့်
ထိုကောင်မလေးအား
ဓာတ်ပုံ ရိုက်ပေးချင်သည့်စိတ်က
အနိုင်ရသွားတာမို့
ရိုက်ပေးဖို့ဆုံးဖြတ်လိုက်သည်။
မှတ်မှတ်ရရ ကောင်မလေးဆံထုံးတွင်
တစ်ခုခု လိုနေသလိုမို့ ဘုရားစောင်းတန်းဘေးတွင်ပေါက်နေသော
ဇီဇဝါခြုံမှ
ဇီဇဝါပန်း တစ်ပွင့်ချိုးကာ
ပန်ပေးခဲ့သည်။ ထိုအခါအလှတွင်အယဥ်ဆင့်သွားကာ ပန်းမကြိုက်သော
သူပင် ကောင်မလေးခေါင်းပေါ်မှ ဇီဇဝါပန်းဟာ တွေ့ဖူးသမျှ ပန်းထဲတွင် အလှဆုံးဟု ထင်မိလေသည်။
ကောင်မလေးပုံချည်းရိုက်ပြီး
ဗရုတ်ကောင်များနှင့်ပုံအား
ဖြစ်ကတတ်ဆန်းရိုက်ပေးခဲ့သေးသည်။
ကလေးဆန်သည်ဟု ဆိုချင်ဆို
ဟိုကျီးကန်းကောင်နှင့် ကောင်မလေးနှစ်ယောက်တွဲပုံတော့
ရိုက်မပေးချင်သည်မို့
ဖလင်ကုန်ပြီဟု ညာခဲ့သေးသည်။
ဖလင်ဆေးပြီး ကောင်မလေးပုံတော်တော်များများ ကြည်သူပဲယူလိုက်ကာ အုပ်စုပုံနှစ်ပုံနှင့် ကောင်မလေးပုံတစ်ပုံသာ ချန်ခဲ့လိုက်သည်။ဓာတ်ပုံလာရွေးတော့ ဦးလေးဖြစ်သူမှာ သူ့တူမကျွမ်းကျင်မှုကြောင့် တခြားပုံများ ပျက်ကုန်ကြောင်း တောင်းတောင်းပန်ပန်ရှင်းပြခဲ့ရသေးသည်ဟု  ကြည်သူအားပြန်ပြောသေးသည်။
ထိုနေ့က ကောင်မလေးနဲ့တွေ့ပြီး ကျွန်းလှမှ ပြန်လာခဲ့ကာ
နောက်တစ်နေ့ ကောင်မလေး၏ဓာတ်ပုံငါးပုံနှင့်အတူ
ဝါရှင်တန်သို့ ထွက်လာခဲ့သည်မို့ အမိမြေနှင့်ဝေးခဲ့သလို ကောင်မလေးနဲ့လည်းနောက်မဆုံရတော့။
ဟိုမှာ ကျောင်းကိစ္စပြီး၍ အခြေတကျ
ဖြစ်တော့မှ သူ့အိမ်မှ လူယုံ၏သား သူနှင့်လည်းသူငယ်ချင်းဖြစ်သူ
ညီဘွားအား ဓာတ်ပုံပို့ကာ
ကောင်မလေးအကြောင်းစုံစမ်းစေခဲ့သည်။
ကောင်မလေးမှာ ကျွန်းလှဇာတိပင်ဖြစ်ကာ အဖေက ကျွန်းလှမှာ အထက်တန်းကျောင်းအုပ်
အမေက ဆေးပင်စင်ယူထားသူကျောင်းဆရာမဖြစ်ကာ ငါးနှစ်ငယ်သော မွေးချင်းမောင်လေးလည်းရှိကြောင်းသိရလေသည်။ သူ၏တစ်ဦးတည်းသောမောင်လေးအား
အလွန်ချစ်သည်ဆို၏။
သူချစ်ရသူ၏ နာမည်မှာ ရဝေနွယ်ဦးဖြစ်ကာ
နာမည်လေးမှာ လူလေးလိုပင်နန်းဆန်ဆန်မဟာ ဆန်ဆန်မို့ မြတ်နိုးရသေးသည်။ မာစတာတန်းတက်နေသော ကျူတာ အလောင်းအလျာလေးလည်းဖြစ်ကာ
အသက်မှာ သူနှင့်တူတူပင်ဖြစ်တာမို့ အံ့သြ ခဲ့ရသေးသည်။
သူနဲ့ဘုရားပေါ်မှာ ဆုံတုန်းက ဆယ်ကျော်သက်လေးလိုနုဖတ်နေတာ
နှစ်ဆယ်ဟုမထင်ရ။ အလှဆုတောင်းကောင်းသူလေးဟုပင်မှတ်ယူလိုက်သည်။
ထိုမှစ၍ ညီဘွား၏အလုပ်အား
သူ့ကောင်မလေးအား မပြတ်စောင့်ကြည့်ရန်ဖြစ်ကာ ကောင်မလေး၏ လှုပ်ရှားမှာမှန်သမျှ ဓာတ်ပုံမှတ်တမ်းတင်ကာ သူ့ဆီပြန်ပို့ပေးရလေသည်။
“ခုချိန်ထိ တစ်ကိုယ်တည်းနေပေးလို့
ကျေးဇူးတင်တယ်နွယ်
မကြာခင် နွယ့်ဆီအရောက်လာခဲ့မယ် “
ကြည်သူ အရူးတစ်ယောက်လိုရေရွတ်ရင်း နွယ့်ပုံများအားတစ်ပုံချင်းကြည့်ကာ စက္ကူဘူးတစ်ခုထဲတွင် သပ်သပ် သိမ်းထားလိုက်သည်။
ထို့နောက် နွယ်နှင့် စတွေ့တုန်းက ရိုက်ယူခဲ့သော ဓာတ်ပုံများအား
ထုတ်ကြည့်ပြန်သည်။
ဆံပင်အရှည်ကြီးနှင့် အချိုးအဆစ်များမှာ ပန်းပုဆရာ စိတ်ကြိုက်ထုထားသည့်နှယ် ပို လှလာကာ အနည်းငယ်ရင့်ကျက်သွားသော်လည်း သူနှင့်စတွေ့ခဲ့တုန်းက ဟန်ပန်နှင့် ပုံရိပ်လေးများ
မှာ စွဲထင်နေဆဲ။
ဒီမှာ လုပ်စရာရှိသည်များအား လက်စသတ်ကာ
ဧပရယ်မတိုင်မီ အမိမြေပြန်မည်။
ပထမဆုံး အလုပ်မှာ နွယ့်ကိုတွေ့ရန်ဖြစ်ကာ ဒုတိယအလုပ်မှာ နွယ့်ဆီမှအချစ်ကိုရရန် ဖြစ်လေသည်။
ချစ်တယ်
နွယ်
မောင့် ရဝေနွယ်ဦး။

*********

၂၀၀၀ခု နှစ် နှစ်ဦးပိုင်း။
ကျွန်းလှမြို့။
“Light
Light is aအဲ..အာ light is a form of အဲ energy အမ်….Light”
“သုတ”
“ခင်ဗျာ အဲ”
မင်း ဒီ definitionက ဆုံးဦးမှာလား
စားမေးပွဲ ပဲဖြေရတော့မယ်
မင်းက အခန်း၅က အတိုဆုံး definitionတောင်မရသေးဘူး”
“ရပါတယ် ဆရာရဲ့ တစ်လုံးလောက်ထောက်ပေးလိုက်ရင်ရပြီ”
“တိတ်စမ်း နဂိုကမှ ဆယ်လုံးလောက်ပဲရှိတဲ့ definitionကို သွားခုံပေါ်မတ်တပ်ရပ်သွားကျက်”
သုတမှာ သွားရည်များမျက်နှာ ပေါ်လာစင်သည်အထိ ဒေါသတကြီး အော်ထုတ်ခြင်း ခံလိုက်ရကာ
ရုပ်ချောသလောက် စိတ်ကြီးသော
သူတို့ဆရာ ရဝေနန်းဦး ရှေ့မှ ရို့ရို့လေးထွက်လာလိုက်သည်။
“ဘာကို ဖင်ကုတ်ခေါင်းကုတ် လုပ်နေသေးတာလဲ ခုံပေါ်မတ်တပ်ရပ်ပါဆို မရမချင်း ထိုင်ရမယ်မကြံနဲ့”
သုတ က ဆရာပြောသည့်အတိုင်း
physics စာအုပ်အား ယူကာ
ခုံတန်းပေါ်တက်ရပ်လိုက်၏။
သူ့ထက်အရင် ရပ်နေရသော ဗလမှာ
အဖော်ရသွားကာ သူ့အား ဟဲကနဲ ရယ်ပြတာမို့ လက်သီးအား ဆရာ မမြင်အောင်ထောင်ပြလိုက်လေသည်။
ကျောင်းမှာ အချောင်ခိုလို့
ရခဲ့သမျှ ဆရာရဝေနန်းဦး ဆီမှာ အချောင်ခိုလို့မရ။
အရိုက်ကြမ်းအဆဲကြမ်းသလို စာတွင်လည်းစည်းကမ်းကြီး၏။ ဆရာ့ကျူရှင်တွင်
ဆယ်တန်းအား အယောက်သုံးဆယ်ဝင်ဖြေလျှင် နှစ်ဆယ့်ငါးယောက်အနည်းဆုံးအောင် သည်အထိ အောင်ချက်ကောင်း၏။
သူတို့မြို့မှာ ဆို ဆရာနန်းဦး ကျူရှင်ဆိုလျှင် ကျောင်းသားမိဘများမှာ
ယုံကြည်စိတ်ချလေသည်။
နန်းဦးမှာ ဆယ်တန်းအား ထူးထူးခြားခြား မြန်မာစာဂုဏ်ထူးဖြင့်အောင်၏။
ကျောင်းအား မြန်မာစာအထူးပြု နဲ့ အဝေးသင်လျှောက်လိုက်ကာ အိမ်၌ အဖီလေးဆွဲကာ ဆယ်တန်းကျူရှင်အား ကလေးသုံးယောက်နှင့်စခဲ့လေသည်။ ဖေကြီးက ဝန်ထမ်းပီပီ နန်းဦးအား ဝန်ထမ်းပင်ဖြစ်စေချင်သော်လည်း
နန်းဦး၏ စရိုက်နှင့် မကိုက်မှာ ကြိုသိနေတာမို့ အဆူပင်ခံလိုက်ကာ
ဝန်ထမ်းဘဝကို မရွေးချယ်ခဲ့။
ဖေကြီးကြောင့် ဝန်ထမ်းဘဝအား မျက်မြင်တွေ့ခဲ့သူမို့ ကာယကံရှင်က စိတ်ကုန်မကုန်မသိပေမယ့်
နန်းဦးက မြင်မြင်သမျှအား
စိတ်ကုန်လေသည်။
နန်းဦးတို့ငယ်ငယ်က ဖေကြီး အလုပ်နှင့် ကျရာ လိုက်နေရသလို ဖေကြီးနဲ့ မေကြီးတစ်နေရာစီ ကျတော့လည်း မေကြီးနဲ့လိုက်နေရကာ
မိသားစု မှာ တစ်ပတ်တစ်ခါသာ ဆုံရလေသည်။
နေရာကောင်းလေးရရန် စားရေးကအစ
မြို့နယ်ပညာရေးမှူး ခရိုင်ပညာရေးမှူးအထိ မုန့်ပုံးများ ပုဆိုးများ ဝယ်ပို့ကာ
ဖားနေလျားနေရတာလည်း နန်းဦးသိသည်ပဲ။
နန်းဦးရှစ်တန်းနှစ်မှာ အမေက ဆေးပင်စင်ယူကာ အဖေက ဇာတိမြို့
ကျွန်းလှမှာ အထက်တန်းအုပ်ဖြစ်သွားလေသည်။ထိုမှ မိသားစုအခြေတကျပြန်နေရ၏။ အထက်တန်းပြလေးနှစ်ဖြစ်ပြီး မြို့နယ်ပညာရေးမှူး အဖြစ်ရာထူးတိုးတော့
အဖားခံရသူမှာ
နန်းဦးတို့အဖေဖြစ်သွားလေသည်။
စာသင်ရတာကြိုက်သော်လည်း
ထိုအထက်ဖား အောက်ဖိဘဝကို
စိတ်ကုန်သည်မို့
အိမ်မှာပင် ကိုယ့်ကိုယ်ပိုင်
ကျူရှင်ဆရာဘဝအားရွေးချယ်လိုက်တာဖြစ်လေသည်။
နန်းဦးတစ်ယောက်သာ အိမ်မှာ မြဲလျက် မမနွယ်မှာ တော့ ကျောင်းတက်ကတည်းက အိမ်ကို ပိတ်ရက်သာ
ပြန်လာကာ
ကျူတာဖြစ်တော့ အလာပို၍ကျဲသွားလေသည်။
နန်းဦကိုတော့ အတော်ချစ်ကာ
မမပြန်လာတိုင်း နန်းဦး အတွက်ဆိုကာ
တစ်ခုမဟုတ်တစ်ခု အမြဲဝယ်လာတတ်သည်။ နန်းဦး၏အတွေ့မှာ အိမ်ရှေ့မှ ဆိုင်ကယ်သံဖွပ်ချပ်ဖွပ်ချပ်နှင့်အပြိုင် သူငယ်ချင်းအချစ်တော်ကြီး၏အသံကြောင့် ပြတ်တောက်သွားရသည်။

“မိန်းမရေ မိန်းမ
ကိုယ်လာတယ်ဟေ့”

နန်းဦးတစ်ယောက် အိမ်ရှေ့မှ အသံဗြဲ
ကြီးနှင့် လာအော်နေသည့်ပြည့်စုံကြောင့် စာမရပဲ ကျန်နေသည့် ကလေး
နှစ်ယောက်အား ထားခဲ့ကာ
စာသင်ခန်းအပြင်ထွက်လာလိုက်သည်။
သူ့ဆိုင်ကယ် ကြီးအား ဒေါက် ထောင့်ကာ နန်းဦးကိုတွေ့တော့ ဟဲကနဲရယ်၏။
ဆယ်တန်းနှစ် စုံညီပြီးတည်းက
မိန်းမ ဟူသော အသုံးအနှုန်းက
ခု အသက်နှစ်ဆယ်အရွယ် လူကြီး ဖြစ်သည့်တိုင် ခေါ်ကောင်းတုန်း။
နန်းဦးမှာ ခေါက်ရလွန်းလို့ လက်ဆက်ပင်ကြီးလာသော်လည်း ခေါင်းကြောမာသူမှာ ဆက်ခေါ်ဆဲမို့ နန်းဦးကပင် လက်လျှော့အရှုံးပေးလိုက်လေသည်။
ပြည့်စုံမှာ ဆယ်တန်းအောင်သော်လည်း ကျောင်းဆက်မတက်တော့ပဲ သူ့အိမ်ကပိုင်သည့် ငါးဒိုင်အားဦးစီးနေကာ စက်လှေတစ်စီးဖြင့် ငါးဖမ်းပိုက်များတွင် ငါးပုစွန်များအား
လိုက်သိမ်းရသည်မို့
နဂို ညိုမှောင်သော အသားအရေမှာ
နေလောင်ကွက်များဖြင့် ကြေးနီရောင်လိုတင်းပြောင်နေတော့သည်။
ရယ်လိုက်ရင် သွားက သိသိသာသာဖွေးသွားကာ
ဆယ်တန်းတုန်းကနဲ့စာလျှင် အရပ်ကြီးက သိသိသာသာရှည်လာ၏။
ရင်အုပ်ကားကား ဗလတောင့်တောင့် ကြေးနီရောင်အသားအရေနှင့် ပြည့်စုံမှာ ယောကျာ်းပီသ ခန့်ညားကာ
ငါးဒိုင်သူဌေးလေး လည်းဖြစ်တာမို့
ကျွန်းလှမြို့တွင် သမီးရှင်များနှင့် မိန်းကလေးများ၏ မျက်စိကျခြင်းကို
အထူးခံရလေသည်။
နန်းဦး မှာ ပြည့်စုံနီးပါး အရပ်မြင့်လာသော်လည်း ဗလမှာ ပြည့်စုံလိုမတောင့်။ အဆီမရှိ ကျစ်ကျစ်လစ်လစ်လေးဖြစ်တာမို့ ပြည့်စုံနှင့် စာလျှင် ပိန်ပိန်ရှည်ရှည်လေးဖြစ်နေတော့သည်။
မျက်နှာမှာ ငယ်ငယ်ကလို ဝိုင်းဝိုင်းလေးမဟုတ်ပဲ မေးစေ့နေရာချွန်လျက် ရှည်သွယ်လာသော်လည်း ပါးနေရာက ဖောင်းဖောင်းလေးရှိနေဆဲ။
အသားဖြူသူမို့ သေချာရိပ်သင်ထားသော နှုတ်ခမ်းမွှေးနေရာတွင် စိမ်းဖန့်ဖန့်လေး ဖြစ်တည်နေ၏။ ထူနက်နက်မျက်ခုံးတန်းလေးများနှင့်
မျက်လုံးရွဲဲကြီးများမှာ ပို၍ကြည်တောက်လာကာ မျက်လုံးထဲမှ မီးခိုးရောင် မှည့်လေးများမှာ ပိုထင်းလာ၏။
ရယ်လိုက်တော့ နှုတ်ခမ်းတစ်ဖက်
မှ ပါးချိုင့် မမည်သော ချိုင့်သေးသေးလေးမှာ စက္ကန့်အနည်းငယ်ပေါ်လာ၏။
ဒါကလည်း သေချာ သတိထားကြည့်သူမှ တွေ့နိုင်လေသည်။
ငယ်ငယ်က မျက်နှာဝိုင်းလေးမှာ
မမနွယ်နှင့် တူလှသော်လည်း
ကြီးလာတော့ မောင်နှမပီပီ
တူသည်ဆိုရုံလေး ကျန်ကာ
ခုတော့လည်း သူ့ဟာနဲ့သူ ကွဲကွဲပြားပြား။
ပြည့်စုံက နန်းဦးအား ခေါင်းမှခြေအဆုံးကြည့်ကာ
“အတန်းက မပြီးသေးဘူးလား “
“အုန်းမြတူ ဗလနဲ့ သုတ ကျန်သေးတယ် ကိစ္စရှိလို့လား”
“မင်းဆီကိစ္စရှိမှ လာရမှာလား မိန်းမရ
နာကျင်သွားပြီ”
“ခွေးစကားပြောပြန်ပြီ”
“မင်းက ဆရာနော် ကလေးတွေရှေ့ဆဲပြနေရလား ဒီမှာ ပုစွန်ပေးဖို့လာတာ
ပြန်ယူသွားလိုက်မှာနော်”
ပြည့်စုံက ပြောလည်းပြောကာ
miko ကော်ဖီမစ် အိတ်ထဲ ထည့်ထုပ်လာသည့် ပုစွန်ထုပ်အား နန်းဦးအားလှမ်းပေးလေသည်။
“အိမ်ခဏလှည့်ဝင်လာတာ ငါးပြန်သွားသိမ်းရဦးမယ် သွားပြီသားကြီးရေ”
“အေးဆိုင်ကယ်လည်း ဖြည်းဖြည်းမောင်းဦး မိန်းမမရခင် စမုံတုန်းနေမယ်”
“ဟားးဟား ငါ့မိန်းမက မင်းလေ
ဘိုင့်ဘိုင် မိန်းမရေ ပြွတ်စ်”
ပြည့်စုံက နန်းဦးအား
နှုတ်ဆက်ရင်း fly kissပါ လုပ်သွားသေးသည်မို့ နန်းဦး က
လက်ခလယ်အား ထောင်ပြလိုက်သော်လည်း တဟားဟား နှင့် သူ့ဆိုင်ကယ်အား မောင်းထွက်သွားလေသည်။
ငယ်ငယ်ကတည်းက ပြောမနာ ဆိုမနာတွေမို့ နန်းဦး ဘာပြောပြောဘာလုပ်လုပ် ပြည့်စုံမှာ အဟဲမပျက်ပေ။
နန်းဦးတို့အုပ်စုတွင် သောင်းထိုက်နှင့် စိုးသိန်းကဆယ်တန်းမအောင်။
စိုးသိန်းက အိမ်ထောင်ကျကာ နယ်ဘက်ပြောင်းသွား၏။
အုန်းမြက ပညာရေးကောလိပ်တက်ကာ ကျွန်းလှမှာပင် မူလတန်းပြ ဆရာပြန်လုပ်နေလေသည်။
သောင်းထိုက်က ပြည့်စုံတို့ငါးဒိုင်မှာ
အလုပ်ဝင်နေ၏။
နန်းဦးတို့အုပ်စုတွင် သက်ဦးက စာတော်သူမို့ ဂုဏ်ထူးလေးဘာသာနဲ့အောင်ကာ ဆေးတက်လျက် တခြားမြို့မှာ ဟောက်စ်ဆင်းနေပြီဖြစ်သည်။
သီတင်းကျွတ် လိုမျိုး ပိတ်ရက်ရှည် ရလျှင် ကျွန်းလှသို့ ရောက်အောင် ပြန်လာကာ နန်းဦးတို့အဖွဲနှင့် မပျက်မကွက်ဆုံလေသည်။
ကျွန်းလှ
တွင် နန်းဦး ပြည့်စုံ သောင်းထိုက်နဲ့ အုန်းမြသာ ကျန်ခဲ့ကာ sundayတိုင်း စုဆုံဖြစ်ကြသည်။
ပြည့်စုံနဲ့နန်းဦးက အတွဲဆုံးဖြစ်ကာ
နန်းဦးက မဆုံရင်တောင်
ပြည့်စုံက အလုပ်မအားသည့်ကြားမှ အကြောင်းပြချက်အမျိုးမျိုးပြကာ
နန်းဦးဆီ လာမြဲ။
ပြည့်စုံ နန်းဦးအပေါ် ဘယ်လိုသဘောထားတယ်ဆိုတာ
နန်းဦး လည်းမသိတာမဟုတ်။ နန်းဦးလည်း ပြည့်စုံအပေါ်
ထောင့်ငါးရာနဲ့ မဟုတ်ရင်တောင်
ငါးရာနှစ်ဆယ့်ရှစ်ကို တစ်ပြားမှမလျှော့ပါ။
ကိုကို သာ နန်းဦးဆီ ပေါ်မလာခဲ့ရင်
မိသားစုပြီး ရင် ပြည့်စုံက နန်းဦး
အတွယ်တာဆုံးဖြစ်လိမ့်မည်။
လွန်ခဲ့တဲ့ ငါးနှစ်က
ဘုရား ပေါ် လျှပ်တပြက်တွေ့ခဲ့သော
ထိုလူအား နန်းဦးခုချိန်ထိ စွဲလမ်းဆဲဆိုတာ အိမ်ပတ်လည် မြေလပ်မှန်သမျှ
စိုက်ခဲ့သော နန်းဦးလက်ရာ
ဇီဇဝါ ပန်းပင်များကသက်သေပင်။နန်းဦးအား
ဇီဇဝါပန်း ပန် ပေးခဲ့ဖူးတဲ့ကိုကို ကတော့ နန်းဦးကို မှတ်မိမလား မသိပေမယ့်
ကိုကို့ကို စွဲလမ်းမိတဲ့နန်းဦးမှာတော့
ကိုကိုပေးခဲ့ဖူးတယ် ဆိုတဲ့အသိနဲ့
ဇီဇဝါကိုတောင် အစွဲအလန်းကြီးမိခဲ့သည်။
ကိုကိုသိလား
ဇီဇဝါ ပန်း
ရဲ့အဓိပ္ပယ်က
လျှို့ဝှက်အချစ်တဲ့။
စိတ်ပျော်သည်ဖြစ်စေ
မပျော်သည်ဖြစ်စေ
ကိုကိုနဲ့တွေ့ ခဲ့တဲ့ဘုရားပေါ်
အပတ်တိုင်းပုံမှန်ရောက်ဖြစ်တယ်။
အပတ်တိုင်း ကိုကိုနဲ့ပြန်ဆုံရပါလို၏ လို့ဆုတောင်းလွန်းလို့
ဘုရားလည်း နားငြီးလောက်ပြီ။
ရေစက်နဲ့မဟုတ်ရင်တောင်
ဝဋ်ကြွေးနဲ့ဆက်လို့ရရင်
ဆက်ပါရစေ
ပြန်ဆုံချင်တယ်ကိုကိုရယ်

Fri.sep6 2024

မိုချီ(ခတ္တလူ့ပြည်)

ဖတ်ရှူအားပေးတဲ့ တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးကမ္ဘာပါ ဗျာ
တစ်ရက်ခြားတစ်ခါmoodဝင်ရင်ဝင်သလိုupပါ့မယ်
ongoingလိုက်ဖို့စိတ်မပျက်စေရပါဘူးလို့ အာမခံပါတယ်
အကယ်၍ ပျက်ကွက်ခဲ့ရင် ခင်ဗျားလေးတို့ဆီ ခွင့်တိုင်ပါမယ်
ခင်ဗျားလေးတို့အပေါ်ထားတဲ့
respectပါ

Tags: read novel Wrong Time Right Person(Completed) part2(unicode ), novel Wrong Time Right Person(Completed) part2(unicode ), read Wrong Time Right Person(Completed) part2(unicode ) online, Wrong Time Right Person(Completed) part2(unicode ) chapter, Wrong Time Right Person(Completed) part2(unicode ) high quality, Wrong Time Right Person(Completed) part2(unicode ) light novel, ,

Comment

Leave a Reply

Chapter 4