Wrong Time Right Person(Completed) part30end (unicode)

A+ A-

wrong time right person

အပိုင်း (၃၀)
ဇာတ်သိမ်းပိုင်း

၂၀၀၇ခုနစ် အောက်တိုဘာလ။

“ဝါး…..”

နန်းဦး က အခန်းထဲတွင် အဝတ်အစားများအား ခရီးဆောင်အိတ်ထဲ အစီအရီထည့် နေတုန်း ဧည့်ခန်းမှ ကလေးငိုသံကြောင့် အပြင်ထွက်လာရသည်။

“မိုက်ခ် ဘာဖြစ်တာလဲ”
“ပေပေ အန်ကယ်က ဝီလီ့ကို မဲမဲတဲ့”

ဖေဖေလို့ အခေါ်သင်တာကို စကားမပီကလာဖြင့် ပေပေဟု ခေါ်ရင်း ကျင့်သားရကာ ပြင်ပေးလို့မရသဖြင့် ဝီလီ့နှုတ်ဖျားတွင် နန်းဦးမှာ ပေပေဖြစ်လို့နေ၏။ နန်းဦး က
ပိုလီနှင့် ပြတ်သွားသဖြင့် အလွန်အားလပ်နေသော
ကလေးအား တစ်ရက်ခြားတစ်ခါလောက် လာထိန်းနေသော မိုက်ခ်ဘက်လှည့်လိုက်ကာ

” မိုက်ခ် ကလေးကို ဘာလို့ အဲလိုပြောတာလဲ”
“မဟုတ်ဘူး လေ ကိုယ်တို့ ကျီးဖြူကျီးမဲဆော့နေတာ
ဖြူတဲ့ ဘီလီ ကကျီးမဲ ဘယ်လိုလုပ်မှာလဲ”

နန်းဦး က ဆံပင်ကောက်ကောက် မျက်လုံးဝိုင်းဝိုင်း မျက်ဆံနက်နက်နှင့်
လုံးလုံးတစ်တစ် ချောကလက်တုံးလေးအား ရင်ခွင်ထဲ ချီမကာ ချော့မော့လိုက်သည်။

“ဝီလီ ပေပေ့ကို ကြည့်စမ်း
ဝီလီ့ လို အသားရောင် လေးကလေ လူတိုင်းမှာ မရှိဘူး သိလား
ပေပေ့သားငယ်လေးမှာပဲရှိတာ
ရှားတယ် ဒါကြောင့် အဖိုးတန်တယ်
နော် မမဲဘူး အဲဒါ အနက်ကိုမှ နုဖျော့ဖျော့လေး ဟုတ်လား သား “

“နန်းဦး မင်းပြောတာ ကလေးတော့ မသိဘူး ငါတောင် နားမလည်တော့ဘူး
မဲတာနဲ့ နက်တာ မတူဘူးလား “

“မတူဘူး နော့ ဝီလီ
အန်ကယ် မိုက်ခ်ကို ကြည့်စမ်း ဖြူဆွတ်နေတာ ဗန်ပိုင်းယား ကြီးလိုပဲ””

“ခစ်..ခ်.ဗန်ပိုင်းယားကြီး”

“အူးးးးဝါး “

ဝီလီ အငိုတိတ်သွားသောအခါ ဘီလီဆီထပြေးရပြန်သည်။

“ဘာဖြစ်လို့လဲ သားရဲ့”
“ဖေဖေပဲ ချူရင် ဗန်ပိုင်းယားဆို
ဘီလီ ဗန်ပိုင်းယား ဟုတ်ဘူး ဗြဲ…”

“မဟုတ်ပါဘူး ဘီလီရဲ့ သားက
ဖြူပေမယ့် အဖြူရောင်နတ်သားလေးပါနော်”

“နတ်သား ကဘာလဲ”
“အဲ နတ်သားက နတ်သမီးမဟုတ်တာပေါ့ ကဲကဲ နှစ်ယောက်စလုံး ထပ်မငိုနဲ့တော့ မိုက်ခ်လည်း ကျီးဖြူကျီးမဲ မဆော့နဲ့တော့
ကျတော် အဝတ်အစားသိမ်းနေတာ မပြီးသေးဘူးဗျ”

ကလေးများအား ချော့သလိုနှင့် သူ့ကို ကွက်နှိမ်သွားသော ကလေးနှစ်ယောက်အဖေ အား မိုက်ခ်က ဂျိုကြည့်ကြည့်လိုက်သည် ။ ဒီဟာလေးကို ကြည်သူဘယ်လိုများ သည်းခံနေလိုက်ရမလဲ။
နန်းဦး နှင့် ကြည်သူသည် usရောက်ပြီး တစ်နှစ်ကြာသောအခါ တရားဝင်လက်ထပ်မှတ်ပုံတင်လိုက်ကြသည်။
ထို့နောက် နန်းဦး က ကိုကိုနှင့် တူသော
ကလေးလေးလိုချင်သည်ဟု နည်းပညာအကူအညီဖြင့် ကလေးယူရန်ဆုံးဖြတ်လိုက်ကြသည်။
တစ်ခုသော ဇန်နဝါရီတွင်
ဘီလီမိုးမြေ့ဟူသော သားလေးတစ်ယောက်ကို မျက်နှာမြင်ခဲ့သည်။
ဘီလီထက် နောက်ကျ၍ နောက်တစ်ရက်တွင် မွေးလာသော
ဝီလီသည် ဘီလီနှင့် ဆေးရုံတစ်ခန်းတည်း ဖြစ်ကာ ဝီလီ့မာမီသည်
ဆေးသမား လမ်းသရဲ ဖြစ်ကာ
ဝီလီအား မွေးပြီး နောက်တစ်ရက်တွင် ဆေးရုံမှထွက်ပြေးသွား ခဲ့သည်။
ကူကယ်ရာ မဲ့စွာ အာခေါင်ခြစ်အော် ငိုနေသော ကလေးငယ်အား
နန်းဦး က ဂရုဏာ သက်စွာ ဘီလီ့အား မွေးပေးသော နက်စ် ဆီမှာ ပင် နို့ချိုတိုက်ကျွေးစေကာ ဆေးရုံဆင်းသည့်နေ့တွင် ကလေးအား မချန်ခဲ့နိုင်သဖြင့်
ဆေးရုံမှ တာဝန်ရှိသူများနှင့် တိုင်ပင်ကာ တရားဝင်မွေးစားခဲ့သည်။
ကိုယ်ဝန်ဆောင်စဥ် မိခင်၏ အာဟာရ ချို့တဲ့မှုကြောင့် သုံးပေါင်သာသာ
သာရှိသော ကလေးလေးမှာ
ဝမ်းဗိုက်ဖောင်းဖောင်း ခေါင်းကြီးကြီးဖြင့် ဂရုဏာသက်ဖွယ်အတိ။
ထို့ကြောင့် သွေးသားရင်း ဖြစ်သော
ဘီလီထက် ချို့တဲ့ရှာသော ဝီလီအား
ပိုပိုသာသာဖြည့်ဆည်းမိသည်။
ဘီလီမှာ ကိုကိုနှင့် မေးချိုင့်လေးထိ ခွဲမရအောင်တူကာ မွေးကတည်းက ရှစ်ပေါင်တစ်အောင်စ ရှိသော ကလေးမို့
တစ်တုတ်နေတော့သည်။
မတူတာဆို၍ သူ့မိခင်၏ မျက်လုံး ပြာပြာများအား အမွေရလိုက်ခြင်းသာရှိသည်။
ဝီလီလေးကို ဂရုဏာ မေတ္တာနဲ့ချစ်ရသလောက် ကိုကိုနှင့် တူသော ဘီလီလေးအား ချစ်ခြင်းမေတ္တာ နဲ့ ချစ်ရပါသည်။
နက်ခ်က ငွေရေးကြေးရေးအရဆိုပေမယ့် ကလေးနှစ်ယောက်လုံးအား
မိခင်နို့ရည်ကို ခြောက်လတိတိ တိုက်ကျွေးပေးခဲ့သည်။
မွေးကင်းစက ပိုးမွေး
သလို မွေးခဲ့ရသော ဝီလီလေးမှာ ခြောက်လပြည့်သော် အခါ ဘီလီလေးလို တစ်တုတ်မနေသော်လည်း
ပြည့်ပြည့်လေး ဖြစ်ကာ ကျန်းမာလာခဲ့သည်။ usရောက်ပြီး ငါးနှစ် ကျော်
အတွင်း နန်းဦး တို့သည် ဘီလီမိုးမြေ့နှင့် ဝီလီ မိုးမြေ့ဆိုသော ရတနာတုံးလေးနှစ်ခုနှင့် ပျော်ရွှင်အေးချမ်းသော မိသားစုဘဝလေးကိုပိုင်ဆိုင်ခဲ့သည်။

“တီ…တီ”

အိမ်ရှေ့မှ ကားသံကြားသည်နှင့်
နန်းဦး က အဝတ်ကောက်ထည့်နေသည်ကို လက်စသတ်လိုက်ကာ
အိမ်ပြင်ထွက်လာလိုက်သည်။
ကိုကိုက ကွက်တုံးအင်္ကျီအား အရောင်လွှင့်နေသော ဂျင်းဘောင်းဘီနှင့် တွဲဝတ်ထားကာ လည်ရှည်ဖိနပ်အား စီးလျက် ကားမောင်းသူဘက်မှဆင်းလာ၏။ မနက်တိုင်း လုပ်နေကျဖြစ်သော
နို့ နှင့် ကြက်ဥ
ပို့ရာမှပြန်လာတာဖြစ်သည်။
နို့စားနွားခြောက်ကောင်မှရသော နို့နှင့် ကြက်ခြံမှ ထွက်သော ကြက်ဥ အလုံးသုံးရာအား နေ့စဥ်မြို့ထဲ ပို့ရသည်ဖြစ်ကာ ထိုအလုပ်မှာ နန်းဦး တို့၏ အဓိက စီးပွားရေးဖြစ်သည်။ လူမဲအလုပ်သမားလေး အီသန်နှင့်
မနက်သုံးနာရီလောက် ကြက်ဥကောက်
နွားနို့ညှစ်ကာ မနက်အစောကြီး မြို့ ထဲ သွားပို့ရတာဖြစ်သည်။
လုံးတစ်နေသော သုံးနှစ်သား တစ်ရက်ကြီးတစ်ရက်ငယ် ညီအစ်ကို နှစ်ယောက်မှာ သူ့ဒယ်ဒီဆီ လှုပ်လှုပ်နှင့် ပြေးလေသည်။
နက်ခ် ဆီမှ နို့ပြတ်ပြီးသည်နှင့်
ဆိတ်နို့ဖြင့် မွေးခဲ့ရသော
အဖြူအမဲလေး နှစ်ကောင်မှာ သန်မာချင်တိုင်း သန်မာနေတော့သည်။

“ဒယ်ဒီ”
“ဒယ်ဒီ”

အသံသေးသေးလေးနှစ်သံမှာ တစ်ပြိုင်နက် ထွက်လာခြင်းနှင့်အတူ
နန်းဦး ကိုကို့ဆီရောက်တော့
ကလေးနှစ်ယောက်အား ဘယ်တစ်ဖက် ညာတစ်ဖက် ပွေ့ချီပြီးနေပြီဖြစ်သည်။
သူ့ဒယ်ဒီနှင့်ဆို အင်္ဂလိပ်စကားပင်ပြောကြကာ တခါတလေ နန်းဦး အတင်းလည်း တုတ်တတ်ပါသေးသည်။.

“ဝေ… “

ကလေးနှစ်ယောက်အား တစ်ဖက်စီ
တွင် ချီရင်း နန်းဦးက ခေါင်းအား အလိုက်သိစွာရှေ့တိုးပေးတော့ နဖူးပေါ်ငုံ့မွှေးလာ၏။

“မင်း ပြန်မလာမချင်း ကလေးတွေလည်း မနက်စာမစားရ ငါလည်းဗိုက်ဆာနေပြီမြေ့ရေ မြန်မြန်လာ”

မိုက်ခ် က အိမ်ထဲ မဝင်သေးပဲ အကြည်ဆိုက်နေသော မိသားစုအား
အိမ်ရှေ့ထွက်ကာ အော်ပြောခြင်းဖြစ်သည်။

“မင်းကမှ သူများအိမ်အစောကြီး ဘာလာလုပ်တာလဲ”
“နန်းဦး က ဒီနေ့ ငါးခြောက်ဖုတ် ကို ဆီဆမ်းပြီး ပဲပြုတ်ထမင်းနယ် လုပ်ကျွေးမယ်ဆိုလို့လေ
လေဆိပ်ကနေ ငါးခြောက်သွားယူပေးတာငါပါကွ မြန်မြန်လာကြ ဗိုက်ဆာပြီ”

ရှေ့တစ်ပတ်က ဘွားက လေယာဥ်နဲ့ ငါးခြောက်တွေ ထုတ်ပိုးပြီး ပို့လိုက်တာဖြစ်ကာ လတိုင်းလည်းဒီလိုပို့နေကျ။
ပို့လိုက်တိုင်း မိုက်ခ်ကပဲ သွားယူပေးကာ မြန်မာပြည်က စားစရာများအား နန်းဦး က မြန်မာဆန်ဆန် ချက်ပြုတ်ပေးလျှင် မလွှတ်တမ်းအားပေးတတ်သူ။
နန်းဦး တို့ အိမ်ထောင်သည်တွေနဲ့စာရင် မိုက်ခ်လို လူလွှတ်က တစ်ချိန်လုံးအားယားနေကာ သူဖွင့်ထားသော tatooဆိုင်လေးသည်လည်း စိတ်ပါရင်ထဖွင့် မပါတဲ့အချိန်ဆို ပိတ်ထားတတ်သည်။
သို့သော်လည်း နာမည်ရပြီးသားသူမို့
ဘယ်ချိန်ထဖွင့်ဖွင့်လူ
ပြည့်နေမြဲ။

“မင်းတကယ် လိုက်မှာလား မိုက်ခ် ဟိုမှာတစ်လလုံးနေမှာကို မင်းဆိုင်က တစ်လလုံးပိတ်ထားရမှာ ဖောက်သယ် ပျက်မှာမပူဘူးလား”
“မပူပါဘူး မဟုတ်တောင် အလုပ်မရှိအလုပ်ရှာပြီး ဖွင့်ထားတာ အချိန်တန်ငါ့မာမီ ကုမ္ပဏီ ငါရမှာ ပြီးရင်
အဘိုးကြီး မစားရက်မသောက်ရက်စုထားတဲ့လစာတွေအပြင် ပင်စင်အကျိုးကိုပါ ခံစားရဦးမှာ မပူဘူးလုံးဝ”

ထိုသို့ ဆိုလျှင် မိုက်ခ်အား ပေါ့ပေါ့နေပေါ့ပေါ့စားဟု ထင်ရသော်လည်း
မဟုတ်ပြန်ပါ။
စီးပွားရေမေဂျာ ဒီပလိုမှာနှင့်ကျောင်းပြီးထားကာ IQမှာ 148ထိရှိကာ
ဘာပဲသင်သင် တတ်မြှောက်လွယ်သူဖြစ်သည်။

“မွေးရကျိုးနပ်တဲ့သား”
“အန်ကယ် ဗန်ပိုင်းယား”
“အန်ကယ်က ဘာလဲ ဝီလီ”

ဝီလီက ခုဏနန်းဦးပြောတာကို အသေမှတ်ထားကာ မိုက်ခ်အားစနေခြင်း။
ကြည်သူက သူ့ဘေးမှ ပဲပြုတ်ထမင်းဆီဆမ်းနှင့် အမျှင်သေးသေးလေးလုပ်ထားသော ငါးခြောက်လေးများအား
လက်ပုတိုလေးဖြင့် တစ်လုပ်ပြီးတစ်လုပ်သွပ်နေသော ဝီလီအား နားမလည်စွာမေးလိုက်သည်။

“ပေပေ ကပြောတယ် ဖြူဖြူကြီးဆို ဗန်ပိုင်းယားတဲ့”

“တွေ့လားမြေ့ သူတို့သားအဖတွေ ငါ့ကို ဝိုင်းပြီး နိပ်ကွပ်ထားကြတယ်”

“ကျေလိုက်တော့ မဟုတ်လည်း မင်း ငါ့အိမ်သူလက်ရာကို တစ်ဖြဲနှစ်ဖြဲ လာစားနေတာပဲကို”
“မင်း အူတိုနေတာမှလား ဟားးးဟား”
“ဗြန်း”
“ကိုကို နော် အစာစားနေရင် ခွေးတောင် မရိုက်ကောင်းဘူး”

“နန်းဦး ရာ မင်းပြောမှ ငါကခွေးလောက်တောင် အဖြစ်မရှိဘူး ဖြစ်သွားပြီ”

“တောင်းပန်ပါတယ် မိုက်ခ်ရာ
ကျတော်က ပြောချင်ဇောအားကြီးသွားတာ ကိုကို ပြန်တောင်းပန်လိုက်”

ကြည်သူက တမင်တကာ မျက်နှာကြီး အိုဇာချထားသော မိုက်ခ် ဘက်လှည့်ကာ

“ဆောရီး ဟေ့ကောင် လေယာဥ်လက်မှတ်ဖိုးငါခံမယ် ရပြီလား”

“ရန်သူတောင် အလံဖြူပြရင် ကျေအေးသေးတာပဲ ခွင့်လွှတ်တယ် ကွာ ဟားးးဟား”

“နားရင်းပြန်အုပ်ချင်လာပြီ”

နန်းဦး ဆီမှ မျက်စောင်းဒိုင်းကနဲကျလာသဖြင့် စိတ်ကူးထဲတွင်သာ ဆော်ပလော်တီးလိုက်ရသည်။
အစားမက်သော ဝီလီလုံးလေးက
ထမင်းဆီဆမ်းကိုသာ ငုံ့စားနေကာ
နွားနို့ ခွက်ပင် လက်လှမ်းနေပြီဖြစ်သည်။
နန်းဦး မှာသာဟိုလူ့ပန်းကန်ထဲ လှမ်းထည့်ပေးဒီလူ့ပန်းကန်ထဲ ဝိုင်းထည့်ပေးနှင့် ဗျာ များနေ၏။

“လာ ဝီလီနဲ့ ဘီလီ စားပြီးရင်
အပြင်သွားမယ် မင်းတို့ပေပေကို လွှတ်လွှတ်လပ်လပ်စားပါစေဦး”

နန်းဦး က အပြုံးဖြင့်
ကိုကို့ အလိုက်သိမှုအားအသိအမှတ်ပြုလိုက်သည်။
ကလေးပြုစုရတာ တစ်ယောက်တည်းတောင်မလွယ်ပေမယ့် ကိုကို့ ၏ အလိုက်သိဖေးမမှုကြောင့်
သားလေးနှစ်ယောက်ကို လူလားမြှောက်အောင်ပျိုးထောင်နိုင်ခဲ့သည်။
ကလေးနေမကောင်းတဲ့အခါ နန်းဦးက အိပ်ရေးပျက်လျှင် မနက်လင်းသောအခါ အချက်အပြုတ်ကိစ္စများကို ကိုကိုကပင် ကူတာမျိုး။
စိတ်ပင်ပန်းလာတဲ့အခါ
ရင်ခွင်နွေးနွေးထဲ ဆွဲပွေ့ကာ
နဖူးလေးဖွဖွနမ်းလျက်နှစ်သိမ့်တာမျိုး။
နန်းဦး အစပိုင်းတွင် အချိန်ကောင်းကို လွှဲချော်ခဲ့တာ ကလွှဲရင်
တစ်ယောက်နဲ့တစ်ယောက် လူရွေးမှန်ခဲ့ကြပါသည်။
စားသောက်ဆေးကြောပြီးသည်နှင့်
နေ့လည်စာ တစ်ခါတည်း ချက်ဖို့လုပ်လိုက်သည်။
နန်းဦး က ကိုယ်တိုင်လုပ်ထားသော ကြက်ဥ တိုဟူးအား အပြားလေးလှီးကာ ဆီဖြင့် ပြန်ကြော်လျက် အသီးအရွက်အချို့နှင့် ချိုချဥ် လုပ်လိုက်သည်။
ထမင်းတစ်အိုးပေါင်းကာ
ဝက်သားအချို့အား ပေါင်းအိုးဖြင့် ကလေးတွေစားလို့အနေတော်ဖြင့်အောင်ထည့်ပေါင်းထားလိုက်သည်။
မုန်ညင်းအား ဆေးကြောပြီး စားခါနီမှ ဆီချက်နဲ့ ငရုပ်ကောင်းမှုန့်အနည်းငယ် ခတ်ကာ ချက်ရန် အသင့်ပြင်ထားလိုက်သည်။
ထို့နောက် ဝီလီ ဘီလီအား ရေချိုးပေးရန် အိမ်ပြင်ထွက်လာတော့
သစ်ပင်ပုလေးအောက်တွင်
ဆော့ကစားနေသော သားအဖသုံးယောက်အား အသံမပေးပဲ အိမ်ရှေ့ဝရံတာတွင်ထိုင်ကာ
ထိုင်ကြည့်နေလိုက်သည်။
usတွင် နန်းဦး တို့ဖြစ်တည်မှုသည် မြူတစ်မှုန်စာ သေးငယ်လှပေမယ့်
နန်းဦး အတွက်တော့ပြည့်စုံတာထက်ကိုပိုပါသည်။
ဒီလိုပျော်ရွှင်ငြိမ်းချမ်းမှုမျိုး ဘဝမှာ မရှိလောက်တော့ဘူးထင်ခဲ့တာ။
သားလေးနှစ်ယောက်အား သစ်ပင်ပုလေးအောက်တွင် ထားခဲ့ကာ
ကိုကိုက နန်းဦး ဆီလျှောက်လာ၏။

“ဘာတွေ ပြုံးနေတာလဲဝေ”
“ကိုကိုတို့ သားအဖတွေကြည့်ကောင်းလို့လေ”
“မြန်မာပြည်ရောက်ရင်
ဝီလီ ဘီလီကို ဘွားတို့ဆီထား ခဲ့ပြီး ကိုယ်တို့နှစ်ယောက်တည်း ခရီးတွေထွက်ရအောင်”
“အင်းကိုကို
ခုချိန်လောက်ဆို ဖေကြီးလည်း ကျတော့တို့ကို ခွင့်လွှတ်လောက်ပြီပေါ့နော်”

“ခွင့်မလွှတ်သေးလည်း ကိုယ်က
ဒူးထောက်ဆို ထောက်ပြီး တောင်းပန်ပေးမှပေါ့ဝေ “

နန်းဦး က မုတ်ဆိတ်မွှေးများဖြင့်
ကြမ်းရှရှ ဖြစ်နေသော မေးချိုင့်အား မော့နမ်းလိုက်လျှင်

“ပေပေ ဒယ်ဒယ့်ကို အာဘွားပေးနေပြီ”

ဟု သံပြိုင်အော်ကာ
ဖြူမဲလေးနှစ်ကောင်မှာ
နန်းဦး တို့ဆီ လုံးတစ် နေအောင်ပြေးလာလေသည်။
************

လေဆိပ်တွင် နန်းဦး က ဝီလီ့ကို ချီကာ ကိုကို က ဘီလီ့ကို ချီထားလေသည်။
မိုက်ခ်က လက်ဆောင်ပေးရန်ပစ္စည်းများထည့်ထားသော ခရီးဆောင် အိတ်ကြီးကြီး သုံးလုံးအားတင်လျက် ခရီးဆောင်အိတ်များနောက်တွင် ပျောက်ကွယ်နေရလေသည်။
သူ့ကိုယ်ပိုင်ပစ္စည်းဆို၍ ဘေးလွယ် အိတ်လေးသုံးလုံးသာပါကာ
ခရီး ဆောင်အိတ်တစ်လုံးသည် ဘီလီနှင့် ဝီလီတို့၏ ပစ္စည်းဖြစ်သည်။
ကျန်နှစ်အိတ်မှာ နန်းဦး နှင့် ကိုကို၏အသုံးအဆောင်နည်းနည်းသာပါကာ ကျန်ပစ္စည်းများမှာ ဟိုလူ့လက်ဆောင်ပေးရန် ဒီလူ့လက်ဆောင်ပေးရန်ဟုဆိုကာ နန်းဦး ဝယ်ထည့်လာသည်များဖြစ်သည်။

“ဟော ဟိုမှာ ဦး နဲ့ အစ်ကို ညီဘွားကိုကို”

နန်းဦးက အရင်မြင်ကာ ဦးလေးကြည်သာဘုန်းသည်လည်း နန်းဦး တို့အား မြင်သွားသည်မို့
လူအုပ်ထဲ တိုးဝှေ့ကာ နန်းဦး တို့ဆီလျှောက်လာလေသည်။

“ဝါး ဒါ ဝီလီ ဘီလီမှတ်တယ်”

ဓာတ်ပုံထဲမှာ ထက် တစ်တုတ် ၍ ချစ်စရာကောင်းနေသော
ဝီလီ ဘီလီအား ကြည့်လျက် ဦးလေးကြည်သာဘုန်းက
ဘယ်သူ့အရင်လှမ်းချီရမလဲ ဖြစ်နေ၏။
နောက်မှ ရောက်လာသော ညီဘွားက သူ့ထက်အရောင်ရင့်သော ဝီလီအား လှမ်းချီလိုက်သည်။
ဝီလီလေးက နန်းဦး အားတစ်ချက်ကြည့်ကာ နန်းဦး ကခေါင်းငြိမ့်ပြလိုက်သည်နှင့် ညီဘွားဆီအသာတကြည် လိုက်သွားလေသည်။
ဆံပင်ကောက်ကောက် ချောကလစ်ရောင်အသားအရေနှင့် ကလေးလေးအား လေဆိပ်မှ လူတချို့မှာ သိသိသာ သာကြည့်သွားကာ ချစ်စရာလေးဟု ရေရွတ်သွားကာ ကိုကို့လက်အား ချိတ်တွဲထားသော နန်းဦး တို့စုံတွဲအား
အထူးအဆန်းနှယ်ကြည့်သွားကြသည်။
ဘီလီလေးက လူနည်းနည်းစိမ်းကာ
ဦးလေး ကြည်သာဘုန်း ခေါ်တော့မလိုက်ချင်။

“ဘိုးလေး လေ ဘီလီ လိုက်သွားလို့ရတယ်”

နန်းဦး ပြောမှ လိုက်ချင်မလိုက်ချင်ဖြင့် လိုက်သွားလေသည်။

“ရော့ ဒီမှာကားသော့ ရွှေဆောင်က လမ်းတွေကိုတော့ မှတ်မိသေးတယ်မှလား”

ကြည်သူက ဦးလေး ကြည်သာဘုန်းပေးလိုက်သော
ကားသော့အားလှမ်းဖမ်းလိုက်ကာ

“သိပ်မှတ်မိတာပေါ့ ဘိုးလေး”
“ကလေး ရှိနေလို့နော် မဟုတ်ရင်ခရီးရောက်မဆိုက်ဆဲပြီးနေပြီ “
“ဆဲတာမကောင်းဘူး ဘိုးလေး”

မိမိလက်ထဲ ရောက်နေသော မျက်လုံးပြာလေးနှင့် ကြည်သူအငယ်စားလေးကြောင့် ဦးလေးကြည်သာဘုန်း၏ တင်းနေသော မျက်နှာမှာ ချက်ချင်း လျော့သွားကာ တဟားဟားအော်ရယ်တော့သည်။

“မင်းလည်း မင်းဒယ်ဒီလိုပဲ မလွယ်ကြောလေးနေမှာ ဟားဟား
သွားပြီနော် မင်းတို့အဆင်ပြေသလိုလိုက်ခဲ့ကြ”

ဦးလေးကြည်သာဘုန်းနှင့် ညီဘွားမှာ
ကားတစ်စီးနှင့် ဝီလီ ဘီလီအားခေါ်ကာ ရှေ့မှ ထွက်သွားလေသည်။

“ငါ့လည်း သတိရကြပါဦးဟ”

ခရီးဆောင်အိတ်သုံးလုံးဖြင့် ကမ္ဘာပျက်နေသူ မိုက်ခ်က စိတ်တိုသံဖြင့် လှမ်းအော်ပြောလေသည်။

“မေ့နေတာ ဟား ငါတစ်လုံးဆွဲလိုက်မယ် မင်းနှစ်လုံးသယ်ခဲ့ “

ကြည်သူက မိုက်ခ်အားပြောကာ
ခရီးဆောင်အိတ်တစ်လုံးနှင့် နန်းဦး အား တစ်ဖက်မှဆွဲကာ
ဦးလေးကြည်သာ ဘုန်းထားခဲ့သော ကားဆီလျှောက်လာလိုက်သည်။

“မင်း လမ်းမှတ်မိသေးရဲ့လားမြေ့”
“မင်းလိုမှတ်နေလားဟ ငါကဒီမှာမွေးပြီးဒီမှာ ကြီးလာတဲ့ကောင်ကွ”
“ကိုကို ဒီလမ်းမှဟုတ်ရဲ့လား”
“ဟားးးဟား”

ရွှေဆောင်သည် လွန်ခဲ့တဲ့ ငါးနှစ်နဲ့စာလျှင် ဇိမ်ခံအထပ်မြင့် အဆောက်အအုံများလည်း ပိုများကာကာ
လမ်းတွေမှာ လည်း ပိုမို ချောမွတ်လာ၏။
သို့သော်လည်း ငယ်ငယ်ကတည်းက ဒီမြို့မှာ မွေးဒီမြို့မှာ ကြီးပြင်းလာသောကြည်သူသည် လမ်းတော့မှားစရာအကြောင်းမရှိပါ။

“အင်း မမှားဘူးပဲ”

နန်းဦး က ကားမောင်းနေသော
ကြည်သူ ပခုံးအားမှေးမီကာ
လိုက်ပါလာလေသည်။
မိုက်ခ်က ကားနောက်ခန်းတွင် ခုံနှစ်လုံးအား ကတ်လန့်ဖြတ်ကြီး လှဲအိပ်ကာ
လိုက်လာလေသည်။
ခေမာမြိုင်အိမ်ကြီးသည် ဆေးအသစ်ထပ်သုတ်တာက လွှဲလျှင် အရင်ကလို မပြောင်းမလဲ။
အသင့်ဖွင့်ထားသော ခြံတံခါးဆီမှ
အနက်ရောင်ကားလေးမှာ
ပေါ်တီအောက်သို့ တန်းတန်းမတ်မတ်ဝင်သွားလေသည်။

“ဝါးးးးအီးးးး”
“ပေပေ့ဆီ ပြန်မယ်
ပေပေရေ”
“တိတ်ပါ ဘီလီရဲ့အီးးးအင့်
ဝီလီလည်းပြန်မယ်”

ဝီလီအား ချော့နေသော ဘီလီမှာ
သူပါဝမ်းနည်းလာကာ ရောငိုပြန်သည်။
ကြည်သူတို့မှာ
ကားပေါ်တီအောက်
ရောက်သည့်တိုင် ထွက်လာကြိုသူတစ်
ယောက်မှမရှိတာမို့ အံ့သြနေ၏။
ခါတိုင်းဘယ်ကလာလာ တစ်မိသားစုလုံး စုပြုံကြိုနေကျမို့
အနည်းငယ်နေသားမကျ။
ကို့အထုပ်ကိုယ်ဆွဲကာ အိမ်ထဲရောက်မှ
အဖြေပေါ်တော့သည်။
ဝီလီနှင့် ဘီလီ ငိုပွဲဆင်နေတာ
ဝိုင်းအုံချော့နေလို့ ဖြစ်ပုံရသည်။

“ဟော…ဟိုမှာ မင်းပေပေ နဲ့ ဒယ်ဒီလာပြီ”
“အီးးးပေပေ့”

နှစ်ယောက်သံပြိုင်အော်ကာ
နန်းဦး ခြေထောက်အားတစ်ဖက်စီပြေးဖက်ကြလေသည်။

“မင်းတို့သား နှစ်ယောက်က ကားထဲမှာတည်းက မင်တို့ မပါလာလို့ ငိုမဲ့မဲ့ ဖြစ်နေတာ ငါတို့ကိုများ ပြန်ပေးသမားတွေထင်နေသလားမသိဘူး
အိမ်လိုက်လာမှာလို့ ပြောပြီးချော့ခေါ်တာ အိမ်ရောက်လို့ ခဏလေးပဲရှိသေး နှစ်ယောက်လုံးထငိုတော့တာ”

“ဘာလို့ ငိုရတာလဲ ဝီလီနဲ့ ဘီလီရဲ့
ဒါ သားတို့ ဘွားဘွားကြီ
ဟောဒါက ဘွားဘွားဥ လေ
ဓာတ်ပုံမှာ တွေ့ဖူးသားပဲကို”

“ပေပေတို့မပါတော့ ဝမ်းနည်းတာပေါ့လို့ အိ..”

“ရွှတ်”

“ကြည့်စမ်း နှပ်ချီးတွေပါပေလို့”

“ချောလာ ခန့်လာလိုက်တာ နန်းဦးလေးရယ် ကလေးအဖေလို့တောင်မထင်ရဘူး”

“ဒေါ်ဒေါ်ဥလည်း ပိုချစ်ဖို့ကောင်းလာပါတယ်ဗျ ဒါနဲ့ စန်းစန်းတစ်ယောက် မတွေ့ပါလား”

“နန်းဦး လေးတို့ လာမယ်ဆိုလို့ သူ့ယောကျာ်းနဲ့စျေးလွှတ်ထားတယ်”

“သူ့ယောကျာ်း”

“သြော် နန်းဦးတို့ကို မပြောဖြစ်တာ
ကြည့်စမ်း ရှေ့တစ်နှစ်က နောက်ခေါ်ထားတဲ့ ဒရိုင်ဘာ အသစ်လေးနဲ့
အကြောင်းပါပြီး နန်းဦး တို့ အိမ်ဘေးဘက်မှာ အိမ်လေးတစ်လုံးဆောက်ပြီး ထားပေးထားတယ်လေ”

“သြော် စန်းစန်းတောင် အရွယ်ရောက်နေမှကိုး”

“ကျုပ်လည်း နှုတ်ဆက်ကြပါဦးတော်”
“ဘွားဆီကိုပဲ လာတာ ဘွားက အဓိက လူပဲကို”

နန်းဦး က သူ့မူပိုင် ရွှေဘီးကြီးအား
သိသိသာသာဖြူဖွေးနေပြီဖြစ်သော
ဆံထုံးတွင် စိုက်ထားသော
ဘွားဘွားထိပ်တင်မိုးရှေ့တွင် ပုံ့ပုံ့လေး ထိုင်လျက် ပေါင်ပေါ်မှေးတင်လိုက်သည်။

“မြေးလေးတို့ မိသားစုကို ခုလို ပျော် ပျော်ရွှင်ရွှင်နဲ့ မြင်ရတော့ ဘွားဖြင့် စိတ်ချမ်းသာလိုက်တာကွယ်
ဒါတွေအားလုံးနန်းဦးလေးကြောင့်”

“ကိုကို့ကြောင့်လည်း ပါပါတယ်ဘွားရယ် ကိုကိုက ကျတော်တို့သားအဖကို
မျက်နှာတောင် အညှိုးခံတာမဟုတ်ဘူးဘွားရဲ့”

“စကားတွေများနေလိုက်တာ
ဥ ရေ အလုပ်သမားကောင်လေးတွေကို
ပစ္စည်းတွေဟို ဘက်အိမ် ရွှေ့ခိုင်းလိုက်ပါဦး ဧည့်သည်ကိုလည်းအခန်းဆီပို့ပေးလိုက်ကွယ် မြေးတို့အိမ်ကို
နေ့တိုင်းရှင်းပေးထားတာကွဲ့”

“ကျေးဇူးတင်ပါတယ်ဘွား”

နန်းဦး က ကိုကိုနဲ့ ပထမဆုံးအမှတ်တရ ရှိခဲ့တဲ့အခန်းတွင်နေချင်သည်မို့
ဟိုဘက်အိမ်တွင် မိုက်ခ် ကိုပဲထားကာ
နန်းဦး တို့က ခေမာမြိုင်ပင်မဆောင်ကြီးတွင်ပင်နေ၏။
မိုက်ခ်အား
ဦးလေးကြည်သာဘုန်းနှင့် ညီဘွားလက်သို့ ဝကွက်အပ်လိုက်ကာ
ကလေးနှစ်ယောက်မှာ ဘွားနှင့် အဖွဲ့ကျကာ ဒေါ်ဒေါ်ဥ စန်းစန်းတို့နှင့်ရင်းနှီးနေပြီမို့ စိတ်ချလက်ချ လွှတ်ထား၍ရပြီဖြစ်သည်။
ရွှေဆောင်ရောက်ပြီး တစ်ပတ်အကြာ
နန်းဦး နှင့် ကိုကို က ကျွန်းလှသို့ရောက်လာခဲ့သည်။
ရေနံချေးဝလျက် သွပ်မိုးပျဥ်ကာ အိမ်လေးသည် အရင်ကလို မပြောင်းလဲ။
သော့မခတ်ထားသော ခြံတံခါးလေးအား
အသာတွန်းဖွင့်ဝင်လိုက်ကာ
ဇီဇဝါ ပင်ပုလေးများရှေ့တွင်နန်းဦးက
ထိုင်ချလိုက်သည်။

“ကိုကို့ကို လွမ်းလို့ စိုက်ခဲ့တဲ့ အပင်တွေပေါ့ကိုကို”
“ကိုယ် က ဒီအပင်လေးတွေမြင်တော့
အပင်နားမှာ ပုဆိုးအနားပြဲလေးနဲ့
ပုံ့ပုံ့လေးထိုင်ပြီး မြေဆွနေတဲ့ အဘိုးကြီးပေါက်စလေးကို သတိရတယ်”

“ကိုကိုနော်”

“သား”

ခြံဝဆီမှ စျေးချင်းတောင်းလေးအား
မြေကြီးသို့ လွှတ်ချကာ
အံ့သြတကြီးဖြစ်နေသော
မေကြီးဆီ နန်းဦး ပြေးဖက်လိုက်သည်။

“မေကြီး”
“သား..သားရယ် လွမ်းလိုက်တာ”

“ဖေကြီးရော မေကြီး သားဖေကြီးကို တောင်းပန်ဖို့လာတာ “

“လာပါ သားရယ် အိမ်ပေါ်အရင်သွားရအောင် မောင်ကြည်သူ လာလေ
သားဖေကြီးက သားကို ခွင့်လွှတ်တာ ကြာပါပြီကွယ်
ခဏနေမှ ပြန်ရောက်မယ်
သက်ကြီး ပူဇော်ပွဲသွားတာ မင်းမမလည်းပါသွားတယ်
ကလေး ကလေးတွေရော”

“သားမှာ ကလေးတွေရှိတာသိတာလား”

“အစ်မကြီး ထိပ်တင်မိုးက သားတို့ ဓာတ်ပုံတွေနဲ့ ကလေးဓာတ်ပုံတွေ သားမမကနေတစ်ဆင့်ပေးနေကျလေ
သားမမက ခုသီတင်းကျွတ်ပိတ်ရက်မို့ ကျွန်းလှရောက်နေတာ ရွှေဆောင်မှာပဲနေတာလေ
ခေမာမြိုင်နဲ့လည်း အဆက်အသွယ်မပြတ်ခဲ့ဘူး”

“ကျတော် က ကျတော့ ကို ဖေကြီးက ခွင့်မလွှတ်လောက်ဘူးထင်တာ
အီးးးးး”

“ဝေ..ရယ် ဘာလို့ငိုတာလဲ ကလေးအဖေတောင်ဖြစ်နေပြီကို”

“ကလေးအဖေလည်း မေကြီးဖေကြီးတို့ရဲ့ ကလေးပဲကို ငိုမှာပေါ့ အီးးးး”

“အဟမ်း”

ငိုတဲ့သူကငို ပခုံးကိုင်ကာ
ချော့သူက ချော့နှင့် အိမ်ပေါ်တက်လာသော ဦးရဝေအောင်သောင်း က ချောင်းဟန့်ကာ အသံပြုလိုက်သည်။

“ဖေ ဖေကြီး”
“ခုမှ ဘာဖေကြီးလဲ ဘယ်မှာလဲ ငါ့မြေးတွေ ငါ့သားက ငါ့ကို အဆက်အသွယ် ဖြတ်တာ အားမရလို့ ငါ့မြေးတွေနဲ့ပါ ဖြတ်တာလား”

“ဖေကြီး ကျတော့ကို မုန်းနေတယ် ထင်တာ အီး…တောင်း ပန်ပါတယ် သားတောင်းပန်ပါတယ်”

ရပ်နေသော ဖခင်ရှေ့တွင် ပုံ့ပုံ့လေးထိုင်ကာ ခြေထောက်အား လှမ်းဖက်တော့
မျက်ရည်စက်တချို့သည်
ပုဆိုးစတွင်စိုလူးကုန်၏။
ရဝေနွယ်ဦး က မေကြီးအား လက်တစ်ဖက်အား ချိတ်တွဲကာ ထိုမြင်ကွင်းအား ပြုံး၍ကြည့်နေ၏။
ကြည်သူမှာ နန်းဦးအား ဝင်ချော့ရမလို ဆွဲရမလိုနှင် ဝေခွဲမရစွာထိုင်မရထမရ။

“ထတော့ သားသမီး ကို မုန်းတဲ့ မိဘရယ်လို့ မရှိဘူးသား “
“ကျေးဇူးတင်ပါတယ် ဖေကြီးရယ်”

“နောက်တစ်ခေါက်ပြန်လာရင်
ကလေးတွေပါခေါ်ခဲ့”

“ဟုတ်ကဲ့ဖေကြီး”

နန်းဦး မှာ စိတ်ခံစားချက်အတော်များသွားတာမို့
နေ့လည်စာပင်သိပ်မစားနိုင်။
ဘီလီဝီလီက နန်းဦး တို့နှင့်
ညအိပ်ညနေမခွဲဖူးတာမို့
ကျွန်းလှ မှ နေ့ချင်းပြန် ပြန်ရမည်မို့
အိမ်တွင် အလွမ်းပြေအောင်ပင်မနေရ။
မပြန်ခင် ကျွန်းလှရှိ ကိုကို့အိမ်ခဏဝင်ကာ လွန်ခဲ့သော နှစ်နှစ်ခန့်က ဆုံးသွားပြီဖြစ်သော မီးခိုး၏ အုတ်ဂူလေးအား ဝင်ကြည့်ခဲ့သည်။
နန်းဦး ၏ အသက်အား နောက်တစ်ကြိမ်ပြန်ရှင် စေခဲ့သော ကိုညိုခေါ်မီးခိုးသည် ကျွန်းလှကို ရောက်ပြီးတည်းက
ဘယ်လိုမှရွှေဆောင်ပြန်ခေါ်မရကာ
ကျွန်းလှမှာပင် ခေါင်းချသွားခဲ့သည်။
နန်းဦး တို့ နှစ်ယောက်၏
အချစ်ဆုံမှတ် ဖြစ်သော
တောင်တော်ဦး ဆီ မဖြစ်မနေရောက်ခဲ့သေးသည်။

“သိလားဝေ မိန်းကလေးဝတ်စုံလေး နဲ့ ဝေဒီစောင်းတန်းကနေ တက်လာတော့
ဟ ဒီကောင်မလေး လှလိုက်တာဆို ပြီး ကိုယ် လိုက်ကြည့်နေခဲ့တာ”

“ဒါဆို ကိုကိုက ကျတော့ကို ဒီစောင်းတန်းလေးကနေ စချစ်ခဲ့တာပေါ့”

“ကိုယ်မပြောတတ်ဘူး
မင်းဘေးမှာ ပခုံးတင်လိုက်လက်တင်လိုက် လုပ်နေတဲ့ ကောင်တွေကို
တအားစိတ်တိုခဲ့တာ “

“ဟီးး”

စကားပြောရင်း ဘုရားရင်ပြင်ဆီရောက်တော့ ကိုကိုက နန်းဦး နဲ့
မျက်နှာ ချင်းဆိုင်၏။

“ဘုရားတွေ ဘာသာရေးတွေ ကိုယ် အယုံအကြည်မရှိဘူးဆိုတာဝေသိလား
ဒါပေမယ့် ဝေနဲ့ စတွေ့ခဲ့တဲ့ ဒီတောင်တော်ဦး ဘုရားကိုတော့
ကိုယ် အမြဲ စိတ်ထဲကနေကျေးဇူးတင်ခဲ့တယ် ဝေဟာ ကိုယ့်အတွက် ဘုရားပေးတဲ့ဆုလာဘ်
ကိုယ့်လို ဆိုက်ကိုကောင်ကို
ပျော်ရွှင်ငြိမ်းချမ်းတဲ့ ရပ်ဝန်းလေးတစ်ခု ပေးတဲ့အတွက် ဝေ့ကို
ကျေးဇူးအရမ်းတင်တယ် ။ “

“ကျတော်လည်း ကျတော့ကို ချစ်ပေးပြီး ထီးလိုအရိပ်မိုးပေးတဲ့အတွက်
ဒီမေးချိုင့်လေးကို
ပိုင်ဆိုင်ခွင့်ရတဲ့အတွက်ကျေးဇူးတင်ပါတယ်ကိုကို”

ချစ်သူနှစ်ဦး၏ ချစ်ခြင်းသံစဥ်နှင့်အတူ ဘုရားမှ ဆည်းလည်းသံတချွင်ချွင်သည်လည်း
ကောင်းချီးပေးသည့်နှယ်
သာယာစွာပျံ့လွှင့်နေလျက်။
***********
ရွှေဆောင်ပြန်ရောက်သော အခါ
ကလေးများအားခေါ်လျက် ကျွန်းလှတစ်ခေါက်ပြန်လာကာ
ကန်တော့ဖွယ်ပစ္စည်းများနှင့်
တစ်ခေါက်ပြန်လာကန်တော့ခဲ့သည်။
ဘီလီက ကိုကို့ပုံတူမို့ မထူးဆန်းပေမယ်
ချောကလက်လုံး ဝီလီလေးမှာ ဘယ်ရောက်ရောက် နှစ်ခေါက်ပြန်ကြည့်ခံရသည်။
ဝီလီလေးကြောင့်ပင် နန်းဦး တို့ usမှ အခြေ ချဖို့ရန် ပိုသေချာသွားခဲ့သည်။
usမပြန်ခင် ကိုကို့ မာမီအား သွားရောက်ကန်တော့ခဲ့သော်လည်း
အတွေ့မခံသဖြင့် အလှူငွေများသာ ရိပ်သာသို့ လှူဒါန်းခဲ့ရသည်။
ထို့နောက် ဦးအောင်ဘွားမှတစ်ဆင့်
ဦးလေး ကြည်သာမောင်နှင့် ဦးလေး မင်းမောင်မောင်တို့ရှိသော
ပန်းမရွာတွင်
ဆေးပေးခန်းတစ်ခု အတွက်
အလှူငွေ စီစဥ်ပေးခဲ့သည်။
ကိုကိုစီစဥ်ထားသလို
ကိုကိုနဲ့နန်းဦး သီးသန့်ခရီးမထွက်ခဲ့ပေမယ့် နန်းဦး အတွက်
အိမ်ပြန်ခရီးစဥ်သည် စိတ်ကျေနပ်ဖွယ် ပြီးပြည့်စုံခဲ့ပါသည်။
အပြန်လမ်းတွင်
ပေါ့ပါးခြင်းနှင့်အတူ
နန်းဦး အချစ်ဦး နှင့် အချစ်ဆုံးတို့သည်
နန်းဦး ဘေးတွင် ငိုက်မျဥ်းလျက်ပါလာခဲ့ကြသည်။
တဖြည်းဖြည်း ဝေး၍ ဝေး၍
ကျန်ခဲ့သော အမိမြေအား
တစ်နှစ်တစ်ခေါက်လောက်တော့
ပြန်လာဖြစ်လိမ့်မည်။

**************

The end

မိုချီ(ခတ္တ လူ့ပြည်)

အဆုံးထိ လိုက်ပါဖတ်ရှူပေးကြတဲ့အတွက် အလုံးကိုကျေးဇူးတင်ပါတယ်ဗျ

နောက်တစ်ပုဒ်ကို boy loveကိုမှ
Horrorပုံစံလေး tryဖြစ်မှာပါ
ဖတ်ပေးကြပါဦး

Tags: read novel Wrong Time Right Person(Completed) part30end (unicode), novel Wrong Time Right Person(Completed) part30end (unicode), read Wrong Time Right Person(Completed) part30end (unicode) online, Wrong Time Right Person(Completed) part30end (unicode) chapter, Wrong Time Right Person(Completed) part30end (unicode) high quality, Wrong Time Right Person(Completed) part30end (unicode) light novel, ,

Comment

Leave a Reply

Chapter 61