Wrong Time Right Person(Completed) part5(unicode)

A+ A-

wrong time right person

အပိုင်း(၅)

“ဒီလှေနဲ့မှ ဖြစ်မှာလား”
“ကျတော့ သူငယ်ချင်းဆိုတော့
ခင်ဗျားလည်း ပိုအဆင်ပြေတာပေါ့
ခင်ဗျား ဒီဘက်ကို ရောက်ဖူးလို့လား”

နန်းဦး၏ အမေးအားမဖြေသလို
ပြည်စုံတို့ ငါးဒိုင်က လှေနဲ့သွားမယ်ဆိုလည်း ကျေနပ်ပုံမရ။
ခုက သူ့ကိစ္စကိုနန်းဦးတို့က အဆင်ပြေအောင် လိုက်
လုပ်ပေးတာဖြစ်ကာ
ကိုယ်တွေကပဲ အတင်းကူညီချင်လွန်းလို့ အောက်ကျို့ခံနေရသလို။
သူတို့ seawhiteက ရေလုပ်သားတစ်ဦး
ရေထဲကျပြီး ဆုံးသွားတာမို့
ကုမ္ပဏီက လျှော်ကြေးပေးရန်
သေဆုံးသူမိသားစုရှိရာ လိပ်ကျွန်းသို့သွားရမှာဖြစ်သည်။
လုပ်ငန်းခွင်အတွင်း အရက်ခိုးသောက်ကာ သူ့ဘာသာ လှေပေါ်က ပြုတ်ကျပြီး ဆုံးတာပေမယ့် ကုမ္ပဏီက သင့်တော်သော လျှော်ကြေးကိုပေးကာ
ကျန်ခဲ့သည့်ကလေးနှစ်ယောက်အတွက် ပညာရေးစရိတ် ကိုလည်း ကုမ္ပဏီက ပင်တာဝန်ယူပေးမည်ဖြစ်လေသည်။
နားလန်ထခါစဖြစ်သောနန်းဦးမှာ ရှပ်ကွက်လက်ရှည်အား ကြယ်သီး အပြည့်တပ်လျက်
ဝတ်ကာ ခေါင်းတွင်လည်း ဖက်ခမောက် လေးတစ်ခုဆောင်းထားလေသည်။
မျက်နှာ သေးသေးလေးမှာ ခမောက်အောက်တွင်ပျောက်ကွယ်နေ၏။
လှေတက် လှေဆင်းအဆင်ပြေစေရန်
မေကြီးလက်ရာ ပင်နီချည် ဘောင်းဘီပွပွအား ဝတ်ဆင်ထားရာ ပါးလျသော ကိုယ်မှာ ဘောင်းဘီပွပွ ထဲတွင်ပျောက်ကွယ်နေ၏။
ကြည်သူမှာ တီရှပ်အဖြူအား ဂျင်းပင် အပြာနှင့်တွဲဝတ်ကာ
အပေါ်ကုတ်မှာလည်း ဂျင်း ပင်ဖြစ်လေသည်။ ဂျင်းခရေဇီဖြစ်ပုံ ရကာ ဒီလိုရေလမ်းခရီးကို မသိရင် ရုပ်ရှင်ရိုက်ဖို့သွားတယ်မှတ်နေလားမသိ။
ပြည့်စုံမှာ လှေဦးထိပ်တွင်ထိုင်ကာ
နန်းဦးတို့အလာကို မျှော်နေတာဖြစ်ကာ
နန်းဦး နောက်မှ ကြည်သူမိုးမြေ့ကိုတွေ့သည်နှင့် မျက်နှာမှာ ရှိုးထုတ်တတ်ရန်ကော ဟု ထုတ်မပြောရုံတမယ်
ရှုံ့မဲ့သွားလေသည်။
သောင်းထိုက်မှာ စက်ကိုင်ဖြစ်ကာ လှေအလုပ်သမားတစ်ယောက်နှင့် စက်အား
စစ်ဆေးနေ၏။
ကျွန်းလှလို နယ်မြို့လေးနဲ့စာရင် မြို့ကြီးသား ကြည်သူမှာ လှေလေးကို မြင်သည်နှင့် အနည်းငယ် နောက်တွန့်သွားလေသည်။
ရေကူးကန်တွင် ရေကျွမ်းကျွမ်းကျင်ကျင်ကူးတတ်ပေမယ့်
ပင်လယ်ထဲ ဒီစက်လှေအသေးလေးနဲ့မို့
တစ်မျိုးကျောချမ်းစရာကောင်းလေသည်။
ပြည့်စုံမှာ ရှေ့မှဆင်းလာသူ နန်းဦးအား
လက်ကမ်းပေးလိုက်ကာ
လှေဝမ်းထဲတွင်ထိုင်စေလိုက်သည်။
လှေမှာ ကမ်းနှင့် အနည်းငယ်ကွာနေသည်မို့ ဆင်းရန်ချီတုံချတုံ ဖြစ်နေသော ကြည်သူမိုးမြေ့ အား အမြင်ကပ်ကပ်နှင့် ရပ်ကြည့်နေလိုက်သည်။
နန်းဦး က နေသိပ်ကောင်းသေးတာ
မဟုတ်ပဲ သူ့ကိစ္စမှာ လိုက်ပါနေရတာ သိပ်ကျေနပ်တာမဟုတ်။
ကြည်သူမှာ လည်းပြည့်စုံအားကြည့်မရနေပါ။ အဆင်ပြေသလို လှေထဲဆင်းချလိုက်တော့ သူ့အားကြောင့် လှေလေးမှာ ယိမ်းခါသွားကာ
လှေထဲမှ လူများ၏ ဘုကြည့်ကြည့်ခြင်းကိုခံရလေသည်။
ကြည်သူက လှေဦးတွင်ပင်ထိုင်လိုက်ကာ အလယ်တွင် နန်းဦးနှင့်ပြည့်စုံဖြစ်ကာ စက်ခန်းတွင်သောင်းထိုက်နှင့်လှေသားတစ်ယောက်ဖြစ်သည်။
လိပ်ကျွန်းသည် ကျွန်းလှအား ဝိုင်းရံထားသော ကျွန်းငယ် လေးများစွာထဲက
​တစ်ကျွန်းပင်ဖြစ်ကာ လူဦးရေ နှစ်ရာခန့်ရှိလေသည်။
အဝေးကနေကြည့်လျှင် လိပ်ကလေးတစ်ကောင်ဝပ်နေသည့်နှယ်မို့ လိပ်ကျွန်းဟုပင်တွင်လေသည်။
ကျွန်းလှမှ စက်လှေဖြင့် တစ်နာရီခန့် ခုတ်မောင်းရလေသည်။
ပင်လယ်ပြင်ကိုအဖြတ် လိုင်း ကြက်ခွပ်လေးအနည်းငယ်သာထကာ လေမငြိမ်လျှင် လှိုင်း ကြီးနိုင်လေသည်။
ပင်လယ်ပြင်အား
တစ်နာရီခန့်ခုတ်မောင်းပြီးသောအခါ
ကျွန်းလေးပတ်လည်တွင် ဆောက်ထားသော ခြေတံရှည်အိမ်လေးများအား
မြင်လာရပြီဖြစ်သည်။
ကမ်းနှင့်မနီးမဝေးတွင် ငါးဖမ်းစက်လှေများအား ကျောက်ချရပ်နား ထားလေသည်။
ကျွန်းနှင့်နီးလာသည်နှင့် ရေများမှာ
ပို၍ကြည်လာကာ
ကျွန်းဆီမှ သစ်ရိပ်ဝါးရိပ်များကြောင့်
စိမ်းညို့နေပြန်သည်။
နန်းဦးက လှေဘေးမှ လက်ထောက်ကာ
ရေထဲတွင်ကူးနေသည့်ငါး သေးသေးလေးများအားလိုက်ကြည့်နေ၏။
လှေ၏ အလျင်ကြောင့် ထွက်လာသော ရေပန်းဖွားများအား ရေထဲလက်ချကာ
ဆော့ကစားနေသည်မို့ ပြည့်စုံက လိုက်ဆွဲနေ၏။
ကြည်သူ မှာ လှေဦးထိပ်တွင်ထိုင်လျက်
လှေထဲမှ နှစ်ယောက်အား
တစ်ချက်တစ်ချက်စူး၍ကြည့်ကာ
မျက်နှာ မှာ မှုန်တင်းနေတော့သည်။
ကျွန်းနားနီး၍ ရေတိမ်ပိုင်းရောက်သည်နှင့် စက်လှေလေးမှာ ဆက်သွားမရတော့သည်မို့ ကျောက်ချကာ ရပ်နားလိုက်သည်။

“ရေထဲက ဆင်းသွားမှ ရမယ် ပြည့်စုံ”
“ဆင်းဆိုလည်းဆင်းရတာပေါ့”

သောင်းထိုက်အပြောကြောင့် နန်းဦးအကြည့်က ကိုကို့ဆီရောက်၏။
စီးလာတဲ့ ရှူးနဲ့ ရေထဲဘယ်လိုဆင်းမှာတဲ့လဲ။နန်းဦးအတွေးပင်မဆုံးသေး
ရေထဲ ဒီအတိုင်းကြီးဆင်းချသွားသူကြောင့် နန်းဦးတို့လည်းလိုက်ဆင်း
ရန်ပြင်ရ၏။
သူ့ဖိနပ်အကောင်းစားကြီးအားနှမြောပုံမရကာ ရေထဲဆင်းချသွားသူက ကမ်းစပ်ထိရောက်ပြီဖြစ်သည်။
သောင်းထိုက်နဲ့ပြည့်စုံက သားရေဖိနပ်ကိုယ်စီအား ခါးကြားထိုးလိုက်၏။
နန်းဦးဖိနပ်ချွတ်ရန်ပြင်လိုက်လျှင်”

“မင်း ရေစိုမခံနဲ့
ငါ့ကျောပေါ်တက်လိုက်”
“လုပ်မနေနဲ့ငါ့ ကောင် ရေကပေါင်လယ် ထိ ဆို မင်းဘောင်းဘီတစ်ပိုင်းကြီးစိုသွားမှာ ပြန်သွားမှာနဲ့ဆို မင်းနေမကောင်းပြန်ဖြစ်လိမ့်မယ် ပြည့်စုံက ကျောကောင်းပါတယ် တက်သာတက်”

သောင်းထိုက်
ပြောတာလည်းဟုတ်သည်မို့
နန်းဦး မှာ ပြည့်စုံကျောပေါ် တက်လိုက်
ကာ ခြေက ပြည့်စုံခါးမှာ အပီချိတ်လိုက်၏။ ငယ်ငယ် ကတည်းက ကုန်းပိုးစီးတမ်း ကစားနေကျမို့ ငယ်ဘဝအား ပြန်သတိရကာ
နန်းဦး ပြုံးမိသေးသည်။

“ဒီလိုဆိုမှ ဟိုကောင်သက်ဦးနဲ့ အုန်းမြကို သတိရတယ်ကွာ
နောက်မှ စုပြီး ငါတို့သူငယ်ချင်းတွေ
ဒီလိုလျှောက်သွားရမယ်”
“ဟုတ်တယ်ကွ သက်ဦးကဆုံဖို့ မလွယ်တော့ဘူးနော် အလုပ်သင်တုန်းကတောင် သီတင်းကျွတ် တုန်းကပဲတစ်ခါဆုံရတာ”
“အေးကွာ အချိန်တွေကုန် တာမြန်လိုက်တာ”

လှေတွင် လှေလုပ်သားလေးအား
အစောင့်ထားခဲ့ကာ
သူငယ်ချင်းသုံးယောက်စကားတပြောပြောနှင့် ကုန်းပေါ်ရောက်သည်အထိ ပြည့်စုံက နန်းဦးအားကုန်းပိုးထားဆဲ။

“ဟေ့ကောင် ချတော့ မင်းအသားယူပြီးဆက်ပိုးထားတာမဟုတ်လား”

နန်းဦး က ဆိုတော့ ပြည့်စုံက နန်းဦးအားအသာ ချပေးလိုက်သည်။
“မင်းကို အသားယူချင်ရင်အလွယ်လေး အလေးခံပြီးပိုး ထားစရာတောင်မလိုဘူး”
“ခွေးကောင်”
“ဟားဟား”
“ဟိုက် မင်းယောက်ဖရော”

နန်းဦးတို့သူငယ်ချင်းသုံးယောက် တစ်ယောက်တစ်ပေါက်ပြောပြီး ပွဲကျနေချိန် သောင်းထိုက်ပြောမှ ကြည်သူအားသတိထားမိကြသည်။

“သွားရမယ့်အိမ် သူသိလို့လား”
“ငါတို့လည်းမသိဘူးလေ မေးပြီးသွားရမှာကို”

နန်းဦး ဘေးဘီဝဲယာကြည့်လိုက်တော့ အုန်းပင်တန်း ကြားရောက်နေပြီဖြစ်သော နောက်ကျောပြင် အကျယ်ကျယ်ကြီးအားတွေ့လိုက်ရသည်။
နန်းဦးက သောင်းထိုက်နှင့်ပြည့်စုံအားချန်ခဲ့ကာ ကိုကို့ဆီအပြေးသွားလိုက်၏။

“ကိုကို စောင့်ဦးလေ”
“ကိုကို”
“……”
“ကိုကို”

ပေါင်လယ်လောက်ထိ ရေများ စိုရွှဲနေသူက ရေစိုသဖြင့် လေးနေသော ရှူးဖိနပ်အား ဒရွတ်ဆွဲကာလျှောက်ရင်း နန်းဦး ဘက်ပြန်လှည့်လာ၏။
ထူခဲ၍မဲနက်သော မျက်ခုံးများမှာ သိသိသာသာစုကျုံ့နေကာ
ဖြူသောမျက်နှာက အနီရောင်ဘက်ပြေးနေ၏။

“ဘာလို့ ဒေါသထွက်နေတာလဲ”
“ဘယ်သူက ဒေါသထွက်လို့လဲ”
“မသိဘူး မျက်နှာကစူပုပ်ပြီး ရဲရဲကြီးဖြစ်နေလို့”
“မင်းကောင်တွေနဲ့သာ သွားပြီးအကြည်စိုက်နေစမ်းပါ ငါ့ကိစ္စငါလုပ်လိုက်မယ်”
“ခင်ဗျားကိစ္စအတွက်ပဲ ကျတော်တို့ လိုက်လာပေးတာနော်မရိုင်းနဲ့”

နန်းဦး လည်း စိတ်တိုလာသည်မို့
နောက်မှဖြည်းဖြည်းလိုက်လာသော ပြည့်စုံနှင့်သောင်းထိုက်အား
စောင့်နေလိုက်သည်။

“မင်းယောက်ဖက အချိုးမပြေလိုက်တာနန်းဦးရာ”
“အေးလေ ငါတို့ ကပဲမတူမတန်သလိုနဲ့
မမနွယ် က ဘယ်လိုလူမျိုးကိုရှာလာတာလဲ မသိဘူး”
“ထားလိုက်ပါကွာ ဟော ဟိုမှာ အိမ်တစ်ဆောင်ထဲဝင်သွားပြီ”

နန်းဦးမှာ ကြည်သူသွားရာနောက် လိုက်ရင်း ထိုအိမ်မှာ ရွာလူကြီးအိမ်ဖြစ်ကြောင်းသိရ၏။
ဆုံးသွားသော လှေလုပ်သား၏
မိန်းမအား သူကြီးအိမ်ကိုပင် ခေါ်လိုက်ကာ သူကြီးရှေ့မှာ ပင်
လျှော်ကြေးငွေပေးအပ်ကာ
ကလေးနှစ်ယောက်၏ ကျောင်းစရိတ်အားတာဝန်ယူပေးမည်ဖြစ်ကြောင်းပြောလိုက်၏။
လှေလုပ်သား၏ မိန်းမမှာ သူ့ယောကျာ်းဆုံးသွားသည့်အပေါ်
တစ်ခွန်းမှ စောဒက မတက်ပဲ
လျှော်ကြေးငွေအား အလွယ်တကူပင်လက်ခံလိုက်သည်။
ကြည်သူပေးသော ပမာဏမှာ ရွှေနှစ်ကျပ်ခန့်တန်ကြေးရှိကာ
သူ့ယောကျာ်းတစ်သက်လုံးရှာမရသည့်ပမာဏဖြစ်သည်။
သူအလုပ်လုပ်တာ သူအရက်သောက်၍ကုန်ကာ သူမမှာ နေ့စားလိုက်၍ရသော ပိုက်ဆံဖြင့်သာ ကလေးနှစ်ယောက်အားကျွေးနေရတာဖြစ်သည်။ ကျောင်းစရိတ်အား
တာဝန်ယူပေးမည် ဆိုပြန်ရာ ကလေးအတွက်နောင်ရေးလည်း စိတ်အေးရလေသည်။ သူ့ယောကျာ်းအစွမ်းအစနဲ့ဆို ကလေးတွေက လေးတန်းထိတောင် နေရမှာမဟုတ်။
ကိစ္စကို အလွယ်တကူပင်
အဆင်ပြေသွားကာ
သူကြီးက သူ့အိမ်မှာပင်နေ့လယ်စာ
ကျွေးလေသည်။

“ဟိုလေ သူကြီး ပုဆိုးလေးတစ်ထည်လောက်ရမလား”
“အာ ရတာပေါ့ငါ့တူ
မိငြိမ်းရေ ဒီမှာ ဒီက အစ်ကိုတွေဖို့ဘပုဆိုးလေးသုံးထည်လောက်ယူခဲ့ကွယ်”

ကြည်သူအပါအဝင် ပြည့်စုံနှင့်သောင်းထိုက်မှာ ဘောင်းဘီပေါင်လယ်အထိ ရေစိုနေ၏။
ပြည့်စုံနှင့်သောင်းထိုက်က ရွာလူကြီးသမီးပေးသော ပုဆိုးအား ယူလဲလိုက်သည်။

“ကိုကို ပုဆိုးလဲလိုက်လေ”
“မလဲဘူး”

နန်းဦးက ပြောရတာစိတ်မရှည်သဖြင့်
ဘောင်းဘီ
ကြယ်သီးဆီလက်လှမ်းလိုက်လျှင်
အလျင်စလိုပုတ်ချခံရသော
လက်မှာ လေထဲတန့်သွားလေသည်။

“မင်းဘာလုပ်တာလဲ”
“ပုဆိုးလဲပေးမလို့လေ”
“ပေး “

နန်းဦးလက်အား လွှတ်ပေးကာ
ပုဆိုးအား ဆောင့်အောင့်ဆွဲယူလျက်အကွယ်တွင် သွားလဲလေသည်။
ဘယ်သူက လိုက်ကြည့်မှာ မို့လို့လဲ။
ရွာလူကြီးအိမ်တွင် ထမင်းစားပြီး
နေ့လည်ရေတက်ချိန်လောက် နန်းဦးတို့ကျွန်းလှပြန်လာခဲ့ကာ
အိမ်တွင် မမလည်းရောက်နှင့်နေ၏။
လမ်းတစ်လျှောက်လုံး စူပုပ်နေသူက
မမ အားတွေ့သည်နှင့် သူမဟုတ်သည့်နှယ် ပြောင်းလဲသွားတာ ချက်ချင်း။
ဘာလိုလိုနဲ့
နောက်တစ်ပတ်ဆို သင်္ကြန်အကြိုနေ့ရောက်ပြီ။ ကိုကို့မွေးနေ့လည်းဖြစ်ကာ
ထိုနေ့မှာ ပင် မမနဲ့ တရားဝင်စေ့စပ်တော့မည်ဖြစ်သည်။
လက်လွှတ်ဖို့ ဆုံးဖြတ်ထားပြီးသည့်တိုင် နန်းဦး အတွက် ခက်ခဲနေဆဲ။

**********
နံသာရောင်ဝတ်စုံလေးဖြင့် သဇင်ပန်းအား တစောင်းလေးပန်ထားသော ရဝေနွယ်ဦးမှာ ယဥ်စစ လေးနဲ့ လှနေ၏။
စေ့စပ်ပွဲအား ရဝေနွယ်ဦး
တို့ဘက်မှ မိဘနှစ်ပါးနှင့် ရပ်မိရပ်ဖအနည်းငယ် ကြည်သူမိုးမြေ့
၏အမေဘက်မှ
အဘွား ဒေါ်ထိပ်တင်မိုး
နှင့် ရပ်မိရပ်ဖအနည်းငယ် သာပါလျက်
အကျဥ်းချုပ်ကာ ပြီးစေလိုက်သည်။
ကျွန်းလှ မှ အဖေ့ဘက်မှ
အဘွား ချန်ခဲ့သော နှစ်ထပ်အိမ်ကြီးအား
ရဝေနွယ်ဦးနာမည်နှင့် လွှဲကာ
အဘွား ထိပ်တင်မိုးက စိန်တစ်ဆင်စာ ရွှေတစ်ဆင်စာအား ရဝေနွယ်ဦးအား
စေ့စပ်လက်ဆောင်အဖြစ်သီးသန့်ပေးလေသည်။
တင်တောင်းငွေအဖြစ်
ပမာဏအတော်များသည့် ဘဏ်စာအုပ်
မှာ သပ်သပ်ဖြစ်ကာ
လက်ထပ်ပြီးလျှင် ရွှေဆိုင်လုပ်ငန်းအား မြေးဖြစ်သူအားအပြီးလွှဲမည်ဖြစ်လေသည်။
seawhiteပင်လယ်စာ exportကုမ္ပဏီအား လောလောဆယ်
ကြည်သူကပင်ဦးစီးနေပြီမို့
လက်ထပ်ပြီးလျှင် အဘိုးထားခဲ့သော သေတမ်းစာအရ
ခေမာမြိုင်နှစ်ဆောင်ပြိုင်ကြီး၏
အမွေအားလုံး ကြည်သူ့လက်ထဲ အကုန်ရောက်မည်ပင်။
ထိုသတင်းမှာ ကျွန်းလှတစ်မြို့လုံး
အုံးအုံးကျွတ်ကျွတ်ဖြစ်ကာ
ရဝေနွယ်ဦးမှာ မိန်းကလေးများ၏ အားကျစံထားခြင်းကိုခံရလေသည်။
နန်းဦး မှာ မမအတွက် ပျော်သည်ကတစ်ဖက် ကိုကို့ကို တကယ်လက်လွှတ်ဆုံးရှုံးရသည်ကတစ်ဖက်မို့
ထိုအခြေအနေမှ လွှတ်မြှောက်ချင်မိသည်။
လိပ်ကျွန်းမှ ပြန်လာကတည်းက ကိုကိုမှာ
နန်းဦး
စကားတစ်ခွန်းမှမဆို။
မနက်ရောက်တော့ နှုတ်ပင်မဆက်ပဲ
ရွှေဆောင်သို့ပြန်သွားကာ
ခုစေ့စပ်ပွဲနေ့မှ ပြန်လာ၏။
နန်းဦး က ရှေ့ပင်မထွက်ပဲ
ဧည့်သည်များ အကျွေးအမွေးအတွက်
မီးဖိုချောင်၌သာ ကူစရာရှိသည်များကို
ကူနေသည်မို့ ဒီနေ့လည်း ကိုကို့ကို မတွေ့ရသေး။
မတွေ့ချင်တာထက်တွေ့ဖို့ သတ္တိမရှိတာ။
မဝံ့ရဲတာ ဖြစ်ကာ ကိုကို့ ကို တွေ့ပါများလေလေ အပိုင်လိုချင်လေဖြစ်သည်မို့
ဖြစ်ချင်ရာဖြစ် ပိုင်ဆိုင်လိုက်ချင်သည့်
နန်းဦး ကိုယ့်စိတ်ကိုလည်းရွံသည်။
ပိုင်ရှင်မှာ တစ်ခြားသူမှ မဟုတ်ပါပဲ။

“သား ခဏကွယ်”

နန်းဦး ဖန်ခွက်များအား ဆေးကြောနေရာမှ အမေ့အသံကြောင့် လှည့်ကြည့်လိုက်သည်။

“သား ကြည်သူရဲ့ အဘွားက သားကိုတွေ့ဖူးချင်လို့တဲ့ ထားခဲ့ အဲဒါတွေ”

အပြင်မသွားချင်ပါဘူး ကိုကိုနဲ့ရင်မဆိုင်ချင်ဘူး ဆိုပါမှ ကိုကို့အဘွားက နန်းဦးကိုဘာလို့တွေ့ချင်ရတာလဲ။
လူကြီး က ခေါ်နေတာမို့ မကောင်းတတ်သဖြင့် လက်အားဆေးကြောကာ ရေခြောက်အောင်သုပ်လျက်ထွက်လာလိုက်သည်။ ကော်လည်ကတုံးအဖြူ ကို အကွက်စိတ်ပုဆိုးလေးဖြင့် တွဲဝတ်ကာ အနည်းငယ်ရှည်နေပြီဖြစ်သောဆံပင်အား တစ်ဝက်သိမ်းလျက်နောက်မှာ စုချည်ထားတာမို့
မျက်နှာ ရှင်းရှင်းလေးမှာပို၍ပေါ်လွင်နေ၏။
နန်းဦး အိမ်ရှေ့ထွက်လာလျှင် မမက ထလာကာ နန်းဦးအားဆီး၍ခေါ်လေသည်။
နန်းဦး က မျက်လွှာချကာ ကိုကို့အား
ကြည့်မိမည်စိုးသဖြင့် ဘေးဘီကိုပင်မကြည့်။

“ဒီမှာ ဘွားဘွား မောင်လေးရဝေနန်းဦး တဲ့”

မမမိတ်ဆက်ပေးသော ကိုကို ၏အဘွားရှေ့တွင်နန်းဦး ရိုရိုကျိုးကျိုးဝင်ထိုင်လိုက်၏။
ဆံပင်အားအပြောင်သိမ်းကာ ဆံထုံးတွင် ရွှေဘီးကြီးစိုက်လျက် ကြည့်လိုက်ရုံနှင့် သြဇာတိက္ကမ ကြီးမှန်းသိသာလေသည်။

“​မြေးလေးက ချစ်စရာလေး ပဲ
နွယ်နဲ့ မြေးကြည်သူ
လက်ထပ်ပြီးရင် ဘွားတို့ဆီလိုက်နေချင်လားမြေး”
“ဗျာ”

နန်းဦး က တအံတသြနှင့်
ကိုကို့ အဘွားအား ကြည့်လိုက်မိသည်။

“မြေးကြည်သူ ပြောတာ သားက စာလည်းရေးတာဆို ဟိုမှာဆို စာအုပ်တိုက်တွေနဲ့ပိုလက်လှမ်းမီတာပေါ့”

နန်းဦး စာရေးတာ ကိုကိုက ဘယ်လိုသိတာတဲ့လဲ။
ကိုကို့ကို ကြည့်လိုက်တော့
နန်းဦးကို စိုက်ကြည့်နေတာနှင့်ဆုံ၏။
နန်းဦးစာရေးတာ မှန်ပေမယ့် စိတ်ပါတုန်းပဲရေးတာဖြစ်ကာ ရေးပြီးသိမ်းထားသည်ထဲက
ကောင်းနိုးရာရာလေးတွေကို မဂ္ဂဇင်းတိုက်အချို့ကို ပို့ဖြစ်သည်။
လုံးချင်းမဟုတ်ပဲ ဝတ္ထုတိုလေးတွေ
နှင့် ကဗျာများသာ ဖြစ်သည်။

“တောင်းပန်ပါတယ် ဘွား ကျတော်က ဒီမှာ ကျူရှင်လည်းဖွင့်ထားတော့ ငါးလပိုင်းရောက်ရင်
ရင် ဘယ်မှသွားလို့မရတော့ဘူး”
“အေးကွယ်”

ဘွားက ပြောပြီး ကိုကို့ဘက်လှည့်ကြည့်ပြန်သည်။
မမက ဧည့်သည်များပြန်နေပြီမို့ နှုတ်ဆက်ရန် ထသွားလေသည်။

“ဘွား ခဏနော်”

ကြည်သူက ဘွားအား ခွင့်တောင်းလိုက်ကာ နန်းဦးလက်အား ဆွဲလျက် နန်းဦးအခန်းရှိရာ စာသင်ခန်းဘက် ဆွဲခေါ်လာ၏။

“လက်နာနေပြီ လွှတ်ပေး”

အားနှင့်ဆုပ်ကိုင်ခံထားရသော
လက်မှာ တကယ်လည်းနာနေပြီမို့
နန်းဦး အတင်းပြန်ရုန်းလိုက်သည်။
ကြည်သူက မလွှတ်ပေးပဲ ဆွဲထားဆဲ
​ဖြစ်ကာ

“ဘာလဲ ဘာလို့ လိုက်မနေတာလဲ”
“ဘာကိုလဲ”
“သိသားနဲ့ မင်းကို ငါနဲ့နွယ်လက်ထပ်ပြီးရင် ဟိုမှာလိုက်နေဖို့ပြောထားတယ်လေ”
“ကျတော်က ဘာလို့လိုက်နေရမှာလဲ
ကျတော့်အိမ်မှာ ကျတော်နေမှပေါ့”
“မင်း ဟိုကောင် ကိုမခွဲနိုင်လို့မှလား”
နန်းဦးတကယ်ဒေါသထွက်လာကာ
လက်အားအနာခံကာ ဆောင့်ရုန်းပစ်လိုက်၏။

“ပြည့်စုံနဲ့ ကျတော်က ငယ်ငယ်လေးတည်းက ပေါင်းလာတဲ့သူငယ်ချင်း
မခွဲနိုင်စရာအကြောင်းလည်းမရှိသလို ခွဲစရာအကြောင်းလည်းရှိမနေဘူး ကျတော်တို့က ရိုးရိုးသားသား”
“ဟက် ကျတော်တို့က ရိုးရိုးသားသားဟုတ်လား ဘယ်လိုရိုးသားတဲ့ကောင်က
သူငယ်ချင်းအပေါ် စောက်ပိုတွေလုပ်မှာလဲ “
“မရိုးသားတော့ရော ခင်ဗျားနဲ့ ဘာဆိုင်လဲ”

သူပြောတော့အကောင်း နန်းဦး ပြန်ပြောတော့ ဖြူသော မျက်မှာက ဒေါသကြောင့် ပေါက်ထွက်တော့မလိုနီရဲလာ၏။
တကယ်လည်း ပြည့်စုံနဲ့နန်းဦးဟာ ရိုးသားသည်ဖြစ်စေမရိုးသားသည်ဖြစ်စေ ခင်ဗျားနဲ့ ဘာဆိုင်လို့လဲ။
ခင်ဗျားက ကျတော့အမနဲ့လက်ထပ်မယ့်သူ။
အလကားသက်သက် ကျတော့ကို မျှော်လင့်ချက်တွေပေးပြီး စိတ်ရှုပ်ထွေးအောင်မလုပ်သင့်ဘူးမဟုတ်လား။
ကျတော့လည်း သောတာပန်မဟုတ်တဲ့ လောဘနဲ့လူ။ ကိုချစ်တဲ့သူကို ပိုင်ဆိုင်ချင်တဲ့ တဏှာစိတ်အပြည့်နဲ့လူ။
ခင်ဗျားနဲ့ လက်ထပ်မယ့်သူသာ မမ မဟုတ်ရင် ကျတော့အပိုင်ဖြစ်အောင် လုပ်ပြီးနေပြီ။

“ဆိုင်ဆိုင်မဆိုင်ဆိုင်
နွယ်နဲ့ငါ လက်ထပ်ပြီးရင် မင်းလည်းရွှေဆောင်လိုက်နေရမယ်”
“လုံးဝမလိုက်ဘူး”
“ရဝေနန်းဦး “

ကြည်သူဒေါသထွက်လာကာ
ပုခုံးအားဆုပ်ကိုင်လျက် အကြမ်းပတမ်းဆွဲလှုပ်ပစ်လိုက်၏။
ဟိုညိုမှောင်မှောင်ကောင်ရှေ့မှာ ပြုံးရယ်နေသလောက် သူ့ရှေ့မှာဆို တလောကလုံး လုပ်ကျွေးနေရသလို အရယ်အပြုံးတစ်စက်မှမရှိ။
သူစိတ်ကူးပေါက်တဲ့အချိန် ကြည်သူ့အပေါ်ကြည်ကြည်လင်လင် ဆက်ဆံတတ်ကာ ခဏချင်း သူစိမ်းတစ်ယောက်လိုလည်း ဖြစ်သွားတတ်ပြန်သေးသည်။
စောက်ရမ်းစိတ်တိုဖို့ကောင်းတဲ့ကောင်။
နန်းဦးမျက်နှာလေး ရှုံ့မဲ့သွားမှ ကြည်သူ သူ့လက်တွင် အားတော်တော်ထည့်ထားမှန်းသတိရကာ
ပခုံးအားအားအယာလွှတ်ပေးလိုက်၏။
ပြည့်စုံဆိုတဲ့ကောင်ဟာ သူ လိပ်ကျွန်းကနေပြန်လာတဲ့ရက်မှ သတိရသည်။
လွန်ခဲ့သော ငါးနှစ်က နွယ့် အား သူ့ချစ်သူဟုဆိုကာ ဓာတ်ပုံရိုက်ပေးရန်လာခေါ်တဲ့ကောင်။
အမကို မရလို့ မောင်ကို ကြံနေတာ မဟုတ်ဘူးလား။
ဒါကို ဒင်းက သိသိရက်နဲ့ ငြိမ်ခံနေတာ။

“ကိုယ့် ကို ကြည့်စမ်း ရဝေနန်းဦး”

ငုံ့ထားသော ခေါင်းက မော့မလာသဖြင့်
မေ့ဖျားမှဆွဲမော့လိုက်ရာ မျက်ရည်ဥကြီးတစ်ဥမှာ မြေကြီးပေါ်ပေါက်ကနဲကြ၏။

“နန်းဦး ဘာဖြစ်လို့လဲ”

ဝင်ပြောလိုက်သူမှာ စာသင်ဆောင်ထဲရောက်လာသည့်ပြည့်စုံ။
နန်းဦးဘေးချက်ချင်းရောက်လာကာ
သူ့နောက်ဆွဲပို့လိုက်သော ပြည့်စုံကြောင့် ဒေါသက အတိုင်းဆမဲ့ ပြန်ထွက်လာ၏။

“မင်း ဝင်မပါနဲ့ ငါသူနဲ့ ပြောစရာရှိသေးတယ်”
“ဟုတ်လားနန်းဦး”

ပြည့်စုံကနန်းဦးဘက်လှည့်မေးလိုက်လျှင် နန်းဦးကပြည့်စုံနား ပိုကပ်လိုက်ကာ

“ခင်ဗျားနဲ့ ဘာမှ ပြောစရာမရှိဘူး”
“ရဝေနန်းဦး”
“ခင်ဗျား နန်းဦး ကို ဘာမှအော်စရာမလိုဘူး ခင်ဗျား စေ့စပ်ပွဲနေ့မှာ ဘာလို့ပြဿနာရှာနေရတာလဲ”
“မင်းစောက်ကြောင်းမဟုတ်ဘူး”

ကြည်သူက ပြောရင်း ပြည့်စုံ အင်္ကျီ ကော်လံအား ဆုပ်ဆွဲကာ လက်ရွယ်လိုက်သည်။
နန်းဦး မှာ အပျက်ပျက်နှင့် နှာခေါင်းသွေးထွက်မယ့်အခြေအနေမို့ ကိုကို့ လက်အားပြန်ဆွဲလိုက်သည်။
နန်းဦးလက်အား အတင်းဖယ်ချကာ
ကျန်လက်တစ်ဖက်ဖြင့် ပြည့်စုံကော်လံအား
ထပ်ဆွဲသည်မို့ နန်းဦး ကြံရာမရစွာ ကိုကို့လက်အား
ဖမ်းကိုက်ပစ်လိုက်၏။

“အား မင်းခွေးလား”

နန်းဦးကိုကိုက်လိုက်တာကြောင့်
ကြည်သူလက် အားလျှော့ သွားသည်နှင့် ပြည့်စုံက ဆောင့်တွန်းပစ်လိုက်ကာ

“ခင်ဗျားမသွားရင်နေခဲ့ နန်းဦးလာသွားမယ်”

ပြည့်စုံက နန်းဦး လက်အားဆွဲရင်းစာသင်ဆောင်ထဲမှထွက်လာလိုက်သည်။

“သားသား ကိုကိုရော”

အိမ်ဝမှ ဆီးကြိုလျက် မမက လှမ်းမေးသည်မို့ ပြည့်စုံကပင်ဝင်ဖြေလိုက်သည်။

“စာသင်ဆောင်ဘက်မှာတွေ့တယ်”

မမနွယ်က ပြည့်စုံစကားဆုံးသည်နှင့် စာသင်ဆောင်ဘက် ချက်ချင်းလိုက်သွားလေသည်။
ကြည်သူမှာ လက်ကောက်ဝတ်မှ သွားရာ အကွင်းလိုက်အားကြည့်ကာ
အံတစ်ချက်ကြိတ်လိုက်၏။
ထို့နောက် လက်နှစ်ဖက်အား
ဆံပင်တွေကြားထိုးဖွလိုက်သည်။

“မင်း အေးအေးဆေးဆေး ကိုင်တွယ်လို့မရဘူးပဲချာတိတ်”

ကြည်သူတစ်ယောက်တည်း မကျေမနပ်ရေရွတ်လိုက်ရင်း ခုံတန်းပေါ်ခဏထိုင်ကာဒေါသဖြေနေရသည်။

“မောင် ဘာလုပ်နေတာလဲ ဘွားဘွားက ပြန်တော့မလို့တဲ့”
“အင်း မောင်ခုပဲလာတော့မလို့နွယ်”

နွယ်က သူ့နဖူးအား သူမလက်ဖမိုးလေးဖြင့်လာစမ်းလေသည်။

“ကိုယ်လည်းမပူပါဘူး”
“ဘာမှမဖြစ်ပါဘူးနွယ်ရဲ့ လာဘွားဘွားဆီသွားရအောင်”

ကြည်သူက နဖူးဆီလှမ်းလာသော နွယ့်လက်အား ဆုပ်ကိုင်လိုက်ကာ
ဘွားဘွားဆီ ထွက်လာလိုက်သည်။

“မြေးလေး နန်းဦးလေးမတွေ့ပါလား”

ဘွားဘွား က နန်းဦးအား မြင်မြင်ချင်း ချစ်သွားကာ အပြန်တွင်နှုတ်ဆက်ရန်ရှာနေ၏။

“မေကြီး သာသားရော ဒီမှာ ဘွားဘွားမေးနေလို့”
“နန်းဦး ပြည့်စုံတို့အိမ်လိုက်သွားတယ်
ဒေါ်ဒေါ်ရေ ဒီကလေး ဧည့်သည်တွေရှိသေးတာကို”

ယောက္ခမဖြစ်သူ၏ အပြောကြောင့်
ကြည်သူမှာ အံကြိတ်လိုက်ကာ မေးရိုးမှာတင်းကနဲ။
မင်းတမင်ရွဲ့တာလား ရဝေနန်းဦး။
ဘွားဘွားက နန်းဦးအားနှုတ်မဆက်လိုက်ရသဖြင့် စိတ်မကောင်းဖြစ်နေ၏။

“အေးကွယ် ဘယ်တတ်နိုင်မလဲ
နောက်မှတွေ့တာပေါ့
ဘွားတို့သွားမယ်”

ကြည်သူက ဒီမှာပင်တစ်ရက်နှစ်ရက်နေခဲ့ရန် ကျန်ခဲ့ကာ ဘွားဘွားတို့က ရွှေဆောင်ချက်ချင်း ပြန်မည်ဖြစ်သည်။
နန်းဦးက မိုးချုပ်ခါနီးမှ ပြည့်စုံနှင့်အတူပြန်ရောက်လာ၏။
ပြည့်စုံက အိမ်ထဲမဝင်တော့ပဲ ခြံဝမှာ ပင်နှုတ်ဆက်လိုက်လေသည်။

“သွားပြီမိန်းမရေ မနက်ဖြန်မှတွေ့မယ်”
“သွားတော့ခွေးကောင် ဆိုင်ကယ်လူလိုမောင်းဦး”
“ဟားဟား”

ပြည့်စုံပြန်သွားမှ နန်းဦး အခန်းဆီပြန်လာလိုက်သည်။
နန်းဦးအခန်းက အိမ်ထဲမှနေ၍ မီးဖိုချောင်ဘက်မှ ပတ်ဝင်လည်းရသလို စာသင်ဆောင်မှ နေ၍
ဝင်လည်းရသည်မို့ မတွေ့ချင်တဲ့သူအား မတွေ့ရအောင် အိမ်ထဲမဝင်တော့ပဲ
စာသင်ဆောင်ရှေ့အဖီတံခါးမှပင် ဝင်လာလိုက်သည်။
တစ်နေကုန်မနက်က အဝတ်နှင့်ပင်ဖြစ်ကာ ငြီးစီးစီး ကြီးဖြစ်နေပြီမို့ အဝတ်ချွတ်ကာရေချိုးရန်ပြင်လိုက်၏။
အဝတ်ချွတ်ရန်လက်မြှောက်လိုက်တော့ နေ့လည်က ကိုင်လှုပ်ခြင်းခံလိုက်ရသော ပခုံးဆီမှနာလာ၏။
ဒီနေ့ကိုကို့ မွေးနေ့ပေပဲ။
ကိုကို့အတွက် ပျော်စရာမွေးနေ့မှန်းသိပေမယ့် ထပ်ဆင့် ဆုတောင်းပေးလိုက်ပါတယ်။ အမြဲပျော်ပါစေကိုကို။
နန်းဦးထမင်းစားချင်စိတ်လည်းမရှိသည်မို့ ရေချိုးပြီး အိပ်ရာမှာပင် လဲနေလိုက်သည်။
အလကားရတဲ့လေတောင်ရှူမဝစွာ မောကြပ်နေ၏။
ပြည့်စုံနဲ့လိုက်သွားကာ မောကြပ်သမျှအားရအောင်ငိုပြီး ပြီဖြစ်သည်။
ပြည့်စုံအားအကြောင်းစုံရင်ဖွင့်ပြီးပြီမို့ အနည်းငယ် ပေါ့ပါးသွားသော်လည်း
အိမ်ရောက်တော့ အရင်တိုင်းမွန်းကြပ်လာ၏။
ပြည့်စုံက ကောင်းသည်ဆိုးသည်မပြော။ နန်းဦးပြောသမျှသာ ငြိမ်ငြိမ်သက်သက်လေးနားထောင်ပေးခဲ့သည်။

“ဒေါက် ဒေါက်
သားသားရေ”
“စေ့ထားရုံပဲမမ”

မမက တံခါးအားတွန်းဖွင့်ဝင်လာကာ
နန်းဦးအားအကဲခတ်နေ၏။

“ဘယ်တွေသွားနေလဲသားသားရယ်””
“ပြည့်စုံနဲ့ မဏ္ဍပ်တွေ လျှောက်ကြည့်
နေတာမမရဲ့”
“ကိတ်ခွဲရအောင်လာခေါ်တာ”
“မလိုက်လို့မရဘူးလား
မမတို့နှစ်ယောက်တည်းဆို ပိုအမှတ်တရဖြစ်တာပေါ့”
“လာပါ သားသားရာ လူများတော့ မွေးနေ့ရှင် ပိုအထီးမကျန်ရဘူးပေါ့”

မမအားပြောမရသည်မို့ နန်းဦး စိတ်မပါစွာလိုက်သွားလိုက်သည်။
ဧည့်ခန်းတွင် ကိတ်တစ်လုံးနဲ့ မွေးနေ့ရှင်မှာ ထိုင်စောင့်နေ၏။
မေကြီးနဲ့ဖေကြီးက တစ်နေကုန်ပင်ပန်းထားသည်မို့ အိပ်ရာစောဝင်နှင့်ပြီဖြစ်သည်။
ရေနံဆီမီးအိမ်အောက်တွင် မွေးနေ့ရှင်က သူ့ဘာသာသူ ကိတ်တွင်ဖယောင်းတိုင်တွေစိုက်နေ၏။
မမကိုမီးညှိပေးခိုင်းကာ
နန်းဦးက မဆိုင်သလိုထိုင်ကြည့်နေလိုက်သည်။

“ဒီဘက်တိုးလိုက်သားသား ကဲဆိုမယ်”

မွေးနေ့တွင် မွေးနေ့ရှင် စိတ်ခုရင်မကောင်းတာမို့ နန်းဦး စိတ်ပါလက်ပါနှင့်မွေးနေ့သီချင်းအားဆိုပေးလိုက်၏။

“ကဲ အာ နွယ်”
မွေးနေ့ရှင်က
မမနွယ်အားအရင်ခွံ့ပြီးသည်နှင့်နန်းဦးဘက် လှည့်လာ၏။
” ဟ ချာတိတ်”
နန်းဦးအား ခွံ့မလိုနှင့် ပါးအား creamနှင့် ပွတ်ဆွဲ သွားတာမို့ ပါးတစ်ခုလုံးပေပွသွားတော့သည်။

“ခုမှ စိတ်အခြေအနေကောင်းသွားတော့တယ်”
“ခင်ဗျား”

ရဝေနွယ်ဦး မှာတော့ ကလေးနှစ်ယောက်ရန်ဖြစ်နေတာကို ထိုင်ကြည့်နေရသလို သဘောတကျဖြင့်ရယ်နေ၏။
ကိတ်အား တစ်စိတ်စိတ်လျက် ဖေကြီးမေကြီးကို ပေးရန်ဆိုကာ ထသွားလေသည်။
နန်းဦးက နေ့လည်က ကိစ္စမကြေတာရော
ပြည့်စုံတို့ဆီမှာ တအား ငိုထားတာမို့
ခေါင်းထဲအုံခဲကာ
အိပ်ပဲအိပ်ချင်နေ၏။

“​ပြီးရင် သွားတော့မယ်”
“မပြီးသေးဘူးပြန်ထိုင်”

ပြောရင်းနန်းဦး လက်အားဆောင့်ဆွဲလိုက်တာမို့ လူက ဖင်ထိုင်ရက်ပြန်ကျ၏။

“ကြိုက်နေတာလား”
“ဘာကိုလဲ”
“ဟို အမဲကောင်ကို”
“ခင်ဗျား သူများသားသမီးကို ခုလိုမျိုးပြောနေမှဖြစ်မှာလား “
“မင်း ကောင်ကိုထိတော့နာတယ်ပေါ့”
“……..”
“တော်ပြီ သွားတော့မယ်”

ဒီတစ်ခါ ကြည်သူလည်းမဆွဲတော့သလို နန်းဦးမှာလည်း နောက်ပင်လှည့်မကြည့်ပဲ တစ်ချိုးတည်းလှည့်ပြေးခဲ့သည်။ ဒီလူ
တခြားသူတွေနဲ့ကျတည်တည်တံ့တံ့နေနိုင်သလောက် နန်းဦး ကိုဆို စိတ်တိုအောင်လုပ်နိုင်လွန်းသည်။
နန်းဦး ထွက်လာတော့ မမက မေကြီးတို့အခန်းမှ ထွက်လာနှင့်ဆုံ၏။

“မမမေကြီးတို့အိပ်နေပြီလား”
“မအိပ်သေးဘူးသားသား”
“ဟုတ်”
“ဘာဖြစ်လို့လဲသားသား လိုချင်တာရှိလို့လား”
“ဟုတ်ဘူး ပရုပ်ဆီဘူးလေး သွားတောင်းမလို့”
“ဘယ်နား ဘာဖြစ်လို့လဲ”
“နည်းနည်းပါ မမရာ ဘာမှမဖြစ်ဘူး သွားမမလူနား မွေးနေ့မှာ တစ်ယောက်ထဲအထီးကျန်နေဦးမယ်”
“တစ်ခုခုဆို မြုံမထားပဲ မမကိုပြောနော်ကလေး”
“ဟုတ်မမ”

မေကြီးတို့အခန်းရောက်တော့ ဖေကြီးက စာရင်းလုပ်နေရင်း မျက်မှန်အထူကြီးဆွဲချကာ နန်းဦးကိုပင့်ကြည့်၏။
စကားတော့မဆို။
မေကြီးက ထိုးလက်စ ချည်လုံးအား ဘေးချကာ နန်းဦးဆီထလာ၏။

“နေနေ မေကြီး သား ပရုပ်ဆီလေးပဲလိုချင်လို့”
“ဘာဖြစ်လို့လဲသား
ဟော ဟိုက စားပွဲပေါ်မှာ ယူလိုက်”
“နည်းနည်း ညောင်းသလိုဖြစ်လို့ ပရုပ်ဆီလေးပွတ်ကြည့်မလားလို့မေကြီး
ဒါဆိုသားသွားပြီနော်”

နန်းဦးက မီးဖိုချောင်ဘက်မှပတ်ကာ မိမိအခန်းဆီပြန်လာလိုက်သည်။
အခန်းပြန်ရောက်တော့လုပ်နေကျအတိုင်း ဘုရားရှိခိုးကာ စာအုပ်တစ်အုပ်အား ထိုင်ဖတ်နေလိုက်သည်။
စာအုပ်ထဲလည်း စိတ်နှစ်၍မရသည်မို့
အိပ်ရန်ပြင်လိုက်၏။
မအိပ်ခင် မေကြီးဆီမှ ယူလာသော ပရုပ်ဆီအား ပခုံးတွင် လိမ်းရန် အင်္ကျီ အားပခုံးအောက်ဆွဲချလိုက်သည်။
အလင်းရောင် အားနည်းသော ရေနံဆီမီးအိမ်၏ အလင်းရောင်မှာပင် ပခုံးမှာ ညိုမဲနေသည်က သိသိသာသာ။
အောက်ခံအသားလေးက ဖြူဝင်းနေတာမို့ ပို၍သိသာနေတာဖြစ်သည်။
မှန်ထဲမှ ပုံရိပ်အား ကြည့်ရင်း နန်းဦးက နေ့လည်က ကိစ္စကို ဒေါသတစ်ဖန်ပြန်ထွက်လာ၏။

“ဘာတွေ စူပုပ်နေတာလဲ ပရုပ်ဆီဘူးပေး ကိုယ့်ကို”
“ခင်ဗျား လာရင်လည်းအသံလေးဘာလေးပေးလေ ဘာလာလုပ်တာလဲ”

နန်းဦး ကပခုံးအောက်လျှောချထားသော အင်္ကျီ အားချက်ချင်းဆွဲတင်လိုက်၏။

“ပျင်းလို့ပေါ့ မင်းပဲ မွေးနေ့မှာ
တစ်ယောက်တည်းနေရင်အထီးကျန်တယ်ဆို”
“မမနားသွားနေပေါ့”
“ရိုင်းလိုက်တာ ကိုယ်မိန်းကလေးတစ်ယောက်ကို လက်မထပ်ရသေးပဲ တူတူမအိပ်ဘူး နွယ်ကမင်းအစ်မနော်”
“ခင်ဗျား ဘာစကားပြောတာလဲ ကျတော်ပြောတာ အဲဒီသဘောမျိုးမဟုတ်ဘူး”
“ဒါဆိုဘာသဘောလဲ”
“…..”
“ဆေးမလိမ်းရသေးဘူးမှလား ကိုယ့်ကြောင့်ဖြစ်တဲ့ ဒဏ်ရာ ကိုယ်ကုပေးရမှာပေါ့ ချွတ်လိုက်အင်္ကျီ”
“ခင်ဗျားဖယ်ပါဆို”
“ဘာလဲ ယောကျာ်းကို အချင်းချင်းကို
ရဝေနန်းဦး က ကိုယ့်ကိုရှက်နေတာလား
ဟုတ်လား”
“မဟုတ်ဘူး”
နန်းဦး က ပြောဆိုလို့မရမယ့်တူတူ
အင်္ကျီ အား ပခုံးအောက်လျှောချပေးလိုက်၏။
“ကိုယ် လုပ်လိုက်တာ ဒီလောက်ဆိုးသွားလား”

ကြည်သူက ပုခုံးဆီမှ ညိုမဲကွက်ကြည့်အားကြည့်လျက် မိမိလက်ဆမှာ ဒီလောက်လည်းမပျင်းပါဘူးဟုတွေးမိသည်။
ဒီကောင်လေးကိုက နုနယ်နေတာ။

“မင်း အားကစားလေးဘာလေးလုပ်ပါလားချာတိတ် လက်နဲ့ကိုင်တာတောင် ဒီလောက်ဖြစ်နေရင် ကျန်တာ ဘယ်လိုလုပ်မလဲ”
“ဘာကျန်တာမှမလုပ်ဘူး ကျတော့ဘာသာနေရင်ဘာမှမဖြစ်ဘူး
ခင်ဗျားလုပ်လို့ဖြစ်တာ
ကျတော့စာသင်တဲ့အလုပ်ကလည်း
ဘာခွန်အားမှသုံပြီးလုပ်ရတဲ့အလုပ်မဟုတ်ဘူး ခင်ဗျားပြန်တော့”
“မပြန်ဘူး ဒီမှာ အိပ်မှာ”
“မရဘူး ခင်ဗျားအတွက်
အခန်း​ပြင်
ပေးထားတာမဟုတ်ဘူးလား”
“ယောကျာ်းချင်းချင်းကို ဘာတွေတွန့်တိုနေတာလဲချာတိတ်”
နန်းဦက စကားမဆိုပဲနေလျှင်

“ဒါလည်း ယောကျာ်းချင်းချင်း ဖက်တာပဲ”

ပြောရင်း နန်းဦးအား ဖက်ကာ အိပ်ရာပေါ်လှဲချလိုက်လေသည်။

“ခင်ဗျား”
“အိပ်တော့ ချာတိတ်ဂွတ်နိုက်”

နန်းဦးအားဖက်လျက်ပင် မျက်လုံးများမှိတ်သွားသူကြောင့် နန်းဦး ခေါင်းရင်းတွင် ချိတ်ထားသော ရေနံဆီမီးအိမ်အား အသာငြိမ်းလိုက်သည်။
ကျတော်က လက်လွှတ်ထားပြီးပြီ
ခင်ဗျားက လက်လေးဝင်ပါစေ
ခေါင်းကလေးဝင်ပါရစေနဲ့
ကျတော့ဆီတိုးဝင်လာနေတာ။
တစ်ခုခုဆို ကျတော့အဆိုးမဆိုနဲ့ကိုကို။

မိုချီ(ခတ္တလူ့ပြည်)
Tue.sep.12. 2024

Tags: read novel Wrong Time Right Person(Completed) part5(unicode), novel Wrong Time Right Person(Completed) part5(unicode), read Wrong Time Right Person(Completed) part5(unicode) online, Wrong Time Right Person(Completed) part5(unicode) chapter, Wrong Time Right Person(Completed) part5(unicode) high quality, Wrong Time Right Person(Completed) part5(unicode) light novel, ,

Comment

Leave a Reply

Chapter 10