Wrong Time Right Person(Completed) part6(unicode)

A+ A-

wrong time right person

အပိုင်း(၆)

“ခေမာမြိုင်”
ကျွန်းဖြင့်လုပ်ထားသော သစ်သားဆိုင်းဘုတ်ကြီးသည် အဝေးကပင်ဟီးနေ၏။
ခြံဝန်းကျယ်ကြီးထဲတွင် နှစ်ရှည် ခံသီးပင်စားပင်များနှင့်ညှို့ဆိုင်းနေပြန်သည်။
ခြံထဲရောက်ပြီးတာတောင် ကားဖြင့်
ငါးမိနစ်လောက်မောင်းဝင်ရသေးသည်။
ကားလမ်းဘေးတွင် အလှပန်းအိုးများအား စီရီ၍ ထားလေသည်။
ကားလမ်းလေးအဆုံးတွင်မူ ရွှေဆောင်မြို့တွင် အကျော်ကြားဆုံးဖြစ်သည့် ပုံစံတူ ဒီဇိုင်းတူဆောက်ထားသည့် ခေမာမြိုင် နှစ်ဆောင်ပြိုင်အိမ်ကြီး နှစ်အိမ်အား တွေ့ရလေသည်။
အိမ်၏သက်တမ်းမှာ နှစ်ပေါင်း
တစ်ရာထက်မနည်းကာ ကြည်သူတို့ ဘိုးစဥ်ဘောင်ဆက်ကတည်းကအိမ်ကြီးဖြစ်သည်။
ရေနံချေးပြန်သုတ်သည်က လွှဲလျှင်
ပြန်လည်ပြင်ဆင်တာမျိုးမလုပ်သည်မို့
အိမ်ကြီးမှာ ရှေးမူမပျက်ပဲတည်ရှိနေ၏။
“မဆင်းတော့ဘူးလား”
ကားတံခါးအားဖွင့်ကာ မေးလာသော ကြည်သူကြောင့် နန်းဦး က ဘုကြည့်ကြည့်ပေးလိုက်သည်။
“အွတ်”
နန်းဦး က ကားပေါ်က ဆင်းဆင်းချင်း အန်ချင်လာ၏။
ဆိပ်ကမ်းနဲ့အိမ်ကို ကားစီးတာ မိနစ်သုံးဆယ်လောက်သာရှိသော်လည်း နန်းဦးမူးဖို့လုံလောက်လေသည်။
ကားရှေ့ခန်းက အရင်ဆင်းနှင့်ပြီဖြစ်သော မမမှာ နန်းဦးဆီချက်ချင်းရောက်လာ၏။

“အဆင်ပြေရဲ့လားသားသား”
“အန်ချင်တယ်”
“အန်ချင်ရင်အန်ချလိုက် အလုပ်သမားတွေသိမ်းခိုင်းလိုက်မယ်”

ကြည်သူက နန်းဦးနောက်ကျောအား ထုလျက် ပြောလိုက်ခြင်းပင်။
သင်္ကြန်တွင်းကို ကျွန်းလှမှပဲနေကာ
သင်္ကြန်ပြီးတော့ မမရော နန်းဦးကို ပါရွှေဆောင်ခေါ်လာခဲ့သည်။
မမက သူ့ခင်ပွန်းလောင်းအိမ် ရွှေပြမျိုးပြသွားတာမှန်ပေမယ့် ဘွားဘွားထိပ်တင်မိုးက နန်းဦးကိုခေါ်ခဲ့ ဆိုသဖြင့် နန်းဦးက သူများအ တွဲ
ကြား ပါလာရတာဖြစ်သည်။

“ရပြီ အန်လို့လည်းမထွက်ဘူး”
“မြေးတို့ရောက်လာကြပြီလား”
ဟုတ်ကဲ့ ဘွား နန်းဦး ကားမူးနေလို့ ချက်ချင်းမဝင်သေးတာ”

အလုပ်သမားများက အဝတ်သေတ္တာများအား အိမ်ထဲသယ်သွားကြလေသည်။

“ရရဲ့လား နန်းဦးလေး”
“ရပါတယ် ဘွားဘွား”
“”ဘွားဘွားက ဒူးနာလို့ အပေါ်မသွားဘူး
မြေးကို ဘွားဘွားရဲ့ဘေးခန်းမှာ ပြင်ပေးထားတယ် ရတယ်မှလား”
“ဟုတ်ကဲ့ ဘွားဘွား”

ကြည်သူနှင့် ရဝေနွယ်ဦးမှာ နာဂါးပုံ
လက်ရန်းကြီးဖြင့် ကြီးမား၍ဝင်းပြောင်နေသော ကျွန်းလှေခါးကြီးမှ အပေါ်သို့တက်သွားလေသည်။
နန်းဦး က မိမိအတွက်ပေးထားသော
အခန်းထဲရောက်သည်နှင့် အိပ်ရာ ပေါ်ပစ်လှဲလိုက်သည်။
နန်းဦးတစ်ကိုယ်လုံး အိစက်ညက်ညောနေသော ပိုးသားမွေ့ယာထဲ မြုပ်ဝင်သွားကာ ကားမူးတာပင်တစ်ဝက်သက်သာသွားသလို။
ရေချိုးခန်း အိမ်သာ တစ်ခါတည်းတွဲလျက်ဖြစ်ကာ အခန်းအပြင်အဆင်များမှာ အိမ်ကြီး၏ပုံစံနှင့် ဆန့်ကျင်ဘက်
ဖြစ်ကာ ခေတ်မီပစ္စည်းများနှင့်ပြည့်နေ၏။
ဒီအခန်းနဲ့စာလျှင် ကုတင်တစ်လုံး ဗီရိုတစ်လုံးသာရှိကာ တခြားအပိုပစ္စည်းဘာမှမရှိသော နန်းဦး တို့အိမ်ကအခန်းမှာ အလွန်သေးနုပ်သွားလေသည်။
ကျွန်းလှလို နယ်မြို့သေးသေးလေးမဟုတ်ပဲ
ရွှေဆောင်မှာ မြို့ကြီးတစ်မြို့ဖြစ်ကာ
လျှပ်စစ်မီးများလည်း တစ်မြို့လုံးရလေသည်။
နန်းဦး တို့မြို့မှာဆို သူဌေးတွေပဲ လျှပ်စစ်မီးသုံးနိုင်ကာ နန်းဦး တို့လို သာမန်မိသားစုများသည်
ရေနံဆီမီးအိမ်ကိုသာ အားကိုးနေရဆဲ။

“ဒေါက် ဒေါက်”

တံခါး ခေါက်သံကြောင့် နန်းဦး တံခါးထဖွင့်ပေးလိုက်တော့
ကိုကိုဖြစ်နေ၏။
ခုဏကဝတ်လာသော အဝတ်အစားများနေရာတွင် အိမ်နေရင်းပေါ့ပေါ့ပါးပါး တီရှပ်လည်ဝိုင်းနှင့် ချည်သားဘောင်းဘီရှည်က နေရာယူထားလေသည်။

“ဘာမှမလုပ်ရသေးဘူးလား
မူးနေတုန်းလား”

တံခါးဝတွင် ရပ်နေသော နန်းဦးအားတိုးတိုက်လျက် အခန်းထဲထိလိုက်ဝင်လာ၏။

“နေရတာအဆင်ပြေလား မပြေရင် အပေါ်ထပ်ပြောင်းပေးမယ်
ကိုယ့်အခန်းမှာ လိုက်နေလည်းရတယ်
ကျွန်းလှမှာ မင်းအခန်းမှာ နေသလိုမျိုးလေ”
“ကိုကို ဖယ်ဗျာ ဘယ်လိုပဲယောကျာ်းလေးချင်းချင်း ဖြစ်ဖြစ် ကျတော်မကြိုက်ဘူး “
“ဟ ကိုယ်တော့ကြိုက်တယ် ကိုယ့်ယောက်ဖလောင်းလေးနဲ့ ကိုယ်နဲ့ ခုလိုအဆင်ပြေနေတာ နွယ်လည်း ဝမ်းသာမှာပဲ”
“ဒေါက် ဒေါက် မြေးရေ နန်းဦး လေး”
“ဖယ် ခင်ဗျား အပြင်မှာ ဘွားအသံကြားတယ်”

နန်းဦး က မိမိရှေ့ပိတ်ရပ်နေသော ကိုကို့ ကိုယ်လုံးကြီးအား တိုးတိုက်ကာ ထွက်လာလိုက်သည်။

“မြေးကြည်သူပါရောက်နေတာလား
ထမင်းစားဖို့လာခေါ်တာ ဘွားက”
“အားနာစရာဘွားရယ် နန်းဦး လာမှာပေါ့”

ဘွားက အိမ်နေရင်း ရင်ဖုံး ချည်လုံချည်နှင့်ဖြစ်ကာ သူ့မူပိုင် ရွှေဘီးကြီးကိုလည်း စိုက်ထားလျက်ပင်။
ထမင်းဝိုင်းတွင် မမနွယ်က ရောက်နှင့်ပြီဖြစ်ကာ အိမ်အလုပ်သမားနှစ်ယောက်မှာ လိုအပ်သည်များကို ပြင်ဆင်ခူးခပ်နေ၏။

“ကဲ ထိုင်ကွယ် မြေးလေးတို့ ဘာကြိုက်တတ်မှန်းမသိလို့ ဟင်းတွေတော့ တော်တော့များများစုံအောင် လုပ်ထားတယ်”
“ဟုတ်ကဲ့ဘွားဘွား”

မမနွယ်က ဟင်းများအား ဘွားဘွား ထဲအရင်ဦးချလိုက်ကာ ကိုကို့ ကိုလည်းဦးချလေသည်။

“မြေးထည့်စားလေ စားတာနည်းလှချည်လား”
“ဒါကြောင့် လူက အရပ်ပဲရှိပြီး အသားမရှိဘူးဖြစ်နေတာပေါ့
လူကလေတိုက်ရင်လွှင့်တော့မယ် “

ဘွားဘွားအား အားနာသည်မို့
ခင်ဗျား အပူပါလားဟု ပြန်ပြောချင်တဲ့စိတ်အားမြိုချထားရသည်။
မမမှာတော့ သူ့ချစ်သူ ဘာလုပ်လုပ် ပြုံးလျက်သာ ကြည့်နေ၏။
နေ့လည်စာ စားပြီးသည်နှင့်
ကိုကိုကြည်သူနှင့် မမက ကားတစ်စီးနှင့် ထွက်သွားလေသည်။
နန်းဦးက အိမ်တွင်ကျန်ခဲ့ကာ
လုပ်စရာအထွေအထူးမရှိသည်မို့
နေ့လည်ဘက် တစ်ရေးတစ်မောအိပ်လိုက်သည်။
အိပ်ရာထတော့ ရေမိုးချိုးကာ
ရှပ်ကွက်အင်္ကျီအဝါလေးလေ ရေညှိရောင်ပုဆိုးလေးနှင့်တွဲဝတ်လျက်
အိမ်ပြင်ထွက်လာလိုက်သည်။
ဘယ်သူမှ ပြန်မရောက်သေးပုံရကာ
ဆင်ဝင်အောက်တွင် သက်လတ်ပိုင်းအရွယ် ထွားကျိုင်း၍သန်မာသော ယောကျာ်းတစ်ယောက်မှာ ကားအားဖုန်သုတ်နေ၏။

“အစ်ကိုလေး ဘယ်သွားမလို့လဲ
သခင်မကြီးနဲ့ သခင်လေးတို့ စုံတွဲလည်းပြန်မလာကြသေးဘူး”
“အင်း ဦးလေး ကျတော် ခြံထဲဟိုဟို ဒီဒီလျှောက်ကြည့်လို့ရမလား”
“ကျုပ် လိုက်ခဲ့မယ်အစ်ကိုလေး “

ခြံစောင့်ဦးလေးကြီးနှင့်အတူ
အိမ်ဘေးစင်္ကြံလေးအတိုင်းအတန်ငယ်လျှောက်လာလိုက်သည်။

“ဟိုဘက်အိမ်က ဘယ်သူတွေနေတာလဲဦးလေး”
“ဘယ်သူမှမနေဘူး အစ်ကိုလေး
ဒီအတိုင်းသန့်ရှင်းရေးလုပ်ပြီးထိန်းသိမ်းထားရုံပဲ “
“သြော်”
ခေမာမြိုင် နှစ်ဆောင်တွင် နန်းဦးတို့တည်းသည့် တစ်ဆောင်ပဲလူနေကာ
တစ်ဆောင်ကို ဒီအတိုင်းရှေးမူမပျက် ထိန်းသိမ်းထားတာဖြစ်သည်။

“သခင်နဲ့ သခင်မရှိစဥ်က သခင်လေးရော နေပေမယ့် ခုတော့ လူမနေတော့တာ ဆယ်နှစ်ပြည့်တော့မယ်”
“သခင်နဲ့သခင်မဆိုတာက ကိုကို့ ဖေဖေနဲ့ မေမေကိုပြောတာလား”
“အင်း”

နန်းဦးက သိချင်သေးပေမယ့် ဆက်မမေးဖြစ်တော့။
မကြာမီ ရေကန်သေးသေးလေးရှိသော ပန်းဥယာဥ်ထဲ ရောက်လာ၏။

“လှလိုက်တာ”
ရေရိပ်တွင် နန်းဦး ပုံရိပ်လေးအား ပြန်မြင်နေရသည်အထိ ကန်ရေမှာကြည်လင်နေ၏။
ရေကန်ဘေးပတ်ပတ်လည်တွင် ပန်းရောင်စက္ကူပန်းပင်အကြီးကြီးတွေရှိကာ ပန်းပင်၏အရိပ်က ရေကန်ထဲထင်နေသည်မို့ သက်ရှိပန်းချီကားလေးနှယ်။

“ဦးလေး ပြန်လိုက်လေ နန်းဦး နေခဲ့မယ်”
“ရရဲ့လားသခင်လေး အိမ်အလွတ်ဘက်ကို မသွားနဲ့နော် သခင်လေး
ပြီးရင် အိမ်ကြီးအနောက်ဘက်ကိုလည်းမသွားနဲ့”
“ဟုတ်ကဲ့ ဦးလေး”

ဘာကြောင့်လို့ဆက်မေးချင်ပေမယ့် နန်းဦး မမေးဖြစ်တော့။
ခြံစောင့် ဦးလေးက မျက်နှာကြောတင်းတင်းမို့ တော်ကြာမမေးသင့်တာမေးမိရင် နန်းဦးကို ထထုမယ့်သဘောရှိသည်။
ပြီးတော့ နန်းဦး က ဒီမှာ ကြာကြာနေမယ့်သူလည်းမဟုတ်။
နန်းဦး ရေကန်ပတ်ပတ်လည်အား လျှောက်လာရင်း ခရေပင်ပုပုလေးအောက်တွင် ခုံတန်းလေးရှိသည်မို့ ဝင်ထိုင်လိုက်သည်။
သဘောကျစရာကောင်းလိုက်တဲ့နေရာလေး။

“အိမ်ကြီးအနောက်ဘက်ကို ဘာလို့ မသွားခိုင်းတာပါလိမ့်”

နန်းဦး ခုံတန်းလေးတွင် ထိုင်နေရင်း မလုပ်နဲ့ဆိုတာကို ပိုလုပ်ချင်သည့်
လူ့သဘာဝစိတ်လေးက နိုးထလာ၏။
ခေမာမြိုင်ခြံကြီးသည်
ဧက နှစ်ဆယ်ခန့်ကျယ်ဝန်းကာ
အိမ်နှစ်ဆောင်မှာ ကပ်နေသည်တော့မဟုတ်။
နန်းဦးတို့ နေသောအိမ်က ခြံအဝင်ဝရှေ့တည့်တည့် မျက်နှာစာတွင်ဖြစ်ကာ
နောက်တစ်ဆောင်မှာ ခပ်လှမ်းလှမ်းမျက်စောင်းထိုးတွင်ဖြစ်သည်။
အိမ်အလွတ်၏နောက်တွင်မူ နှစ်ချို့ သစ်ပင်ကြီးများမှာ ထူထပ်စွာရှိနေ၏။
ပန်းဥယာဥ်လေးမှာ နန်းဦးတို့နေသော အိမ်၏ ဘေးဘက်တွင်ဖြစ်သည်။
နန်းဦး၏ စပ်စုလိုစိတ်အား တားမရသည်မို့ အိမ်နောက်ဘက်သွားကြည့်ရန်ဆုံးဖြတ်လိုက်သည်။
လူသွားလမ်းလေးများအား
ကျောက်စရစ်ဖြူဖြူလေးများ ခင်ထားခြင်းဖြစ်ကာ
လမ်းဘေးတွင် အမျိုးအမည်မသိသော ရောင်စုံပန်းလေးများစွာရှိသည်မို့ မသိရင် နန်းဦး ကပန်းဥယျာဥ်ထဲရောက်နေသော နတ်သားလေးလို။
နန်းဦးမှာ လျှောက်လာရင်း အိမ်ကြီးနှင့်တော်တော်ဝေးသွားမှသတိဝင်လာ၏။
နေ့ခင်းကြောင်တောင်ကြီး တိတ်ဆိတ်နေပုံမှာ ကျောချမ်းဖွယ်။
နန်းဦး ရှေ့သွားရမလားနောက်ဆုတ်ရမလား တွေးနေစဥ်

“ဖျောက်”

သစ်ကိုင်းခြောက်အား နင်းမိသလိုခြေသံကြောင့် နန်းဦးတစ်ကိုယ်လုံး ကြက်သီးမွှေးညင်းများထလာ၏။
ပုံမှန်မဟုတ်သော ကြောက်စိတ်က ကျောရိုးထဲထိစိမ့်လာလေသည်။

“ဖျောက် ဖျောက်”

ထိုအခါခြေသံမှာ ပို၍ စိတ်လာကာ
နန်းဦးနောက်လှည့်ကြည့်လိုက်တော့လည်း ဘယ်သူမှရှိမနေ။
နားထင်မှ ချွေးသီးချွေးပေါက်များစိမ့်ထွက်လာကာ ဆက်နေရန်မရဲတော့သည်မို့ လာရာလမ်းအတိုင်းလှည့်ပြေးလိုက်သည်။
သို့သော်လည်း ဝင်္ကဘာထဲရောက်သလို
တစ်နေရာထဲတွင်လည်နေကာ
နန်းဦး ပြေးရတာကြောင့် မောလည်းမောသလိုမူးလည်းမူးလာ၏။

“ဟားးးးးဟားးးးးဟားး”
“ဟင်းးးးးခစ်းးးးးခစ်… ခစ်”

ရင်ခေါင်းထဲမှ လာသလို အူလှိုက်သဲလှိုက်နှင့် ဆွဲဆွဲငင်ငင်ရယ်လိုက်သည့် မိန်းမတစ်ယောက်၏ အသံကြောင့်
နန်းဦးမှာ ဆောက်တည်ရာ မရစွာ ပြေးနေသည်အား အရှိန်ပိုတင်လိုက်သည်။

“အင့် အ ဘုန်း”

နန်းဦး မျက်လုံးမှိတ်ကာ စွတ်ပြေးနေသည်မို့ ရှေ့မှ လူတစ်ယောက်အား တိုက်မိကာ ဖင်ထိုင်လျက်လဲလေသည်။
မျက်လုံး အားမဖွင့်ရဲသေး

“ဖျောက်”
“ဟေ့ ချာတိတ် ကိုယ်ပါ မျက်လုံးဖွင့်စမ်း”

ကိုကို။ တကယ်ကိုကိုဟုတ်တယ်မဟုတ်လား မကောင်းဆိုးဝါးတစ်ကောင်ကောင်ကများကိုကို ဟန်ဆောင်ပြီးလှည့်စားတာလား။ ကိုကိုက အပြင်သွားတာလေ။

“ကျစ် ရဝေနန်းဦး မျက်လုံးဖွင့်စမ်း”

ကိုကို့အသံစစ်စစ်ကြီးအား ထပ်ကြားလိုက်တာမို့ ဖြစ်ချင်ရာဖြစ်ဟု သဘောပိုက်ကာ မျက်လုံးအား အရဲစွန့်၍ ဖွင့်လိုက်သည်။

“ကိုကို”
“အင်း ဘာဖြစ်လို့စွတ်ပြေးနေတာလဲ”
“အသံ အသံကြားတယ် “
“ဘာအသံလဲ မျောက်တွေဖြစ်မှာပေါ့
ဒီ ခြံဝင်းကြီး ဆုံးရင် နောက်မှာ တောနက်ကြီးနဲ့ဆက်နေလို့ တခါတလေ လမ်းလွန်လာတဲ့မျောက်တွေ ဒီဘက်ရောက်လာတတ်တယ်”
“မဟုတ်ဘူး ကျတော်သေချာကြားလိုက်တာ”
“တော်ပြီ ထတော့ အိမ်ပြန်မယ်”

ကြည်သူက ပြောရင်း နန်းဦး အားဂျိုင်းမှဆွဲထူပေးလိုက်သည်။
လဲကျတုန်း လက်နဲ့ထောက်လိုက်မိသဖြင့် လက်ဖဝါးနုနုလေးမှာ ဘေးသားများပြဲလျက် သွေးများစို့နေ၏။

“ကျစ် ဖြစ်လိုက်ရင်အရာရာနဲ့ အကြောင်းကြောင်း မျက်စိအောက်က ပျောက်လို့ကိုမရဘူး”

ကြည်သူက ပေါက်ပြဲသွားသော နန်းဦး လက်နှစ်ဖက်အား လက်ကောက်ဝတ်မှ ကိုင်ကာ ပြောနေခြင်း။
နန်းဦး နောက်ကမလိုက်ရဲတာ မို့ရှေ့ကခပ်သုတ်သုတ်ပင်လျှောက်လိုက်သည်။
အိမ် ရှေ့ရောက်သည်နှင့်
ကြည်သူက ဒေါသတကြီး ခြံစောင့် ဦးလေးအားလှမ်းခေါ်လေသည်။

“ဦးတူး ဦးတူး “
“လာပါပြီ သခင်လေး”
“ဘာလို့ သူ့ကို အနောက်ခြံမှာတစ်ယောက်တည်းထားခဲ့တာလဲ”
“မဟုတ်ဘူး ကျတော့ဘာသာနေခဲ့တာကိုကို ဦးလေးနဲ့မဆိုင်ဘူး”
“မင်းကိုမပြောဘူး ရဝေနန်းဦး “

နန်းဦး က ခြံစောင့်ဦးလေးကြီး မိမိကြောင့်အဆူခံရတာမို့ ဝင်ပြောကူတာ ဖြစ်သော်လည်း မိမိပါရော၍ဆူခံလိုက်ရသဖြင့် နှုတ်ခမ်းမှာ ရှေ့သို့သိသိသာသာစူထွက်လာရသည်။

“ဒီအိမ်ရဲ့ အဓိက စည်းကမ်းချက်က
အိမ်အလွတ်ဆီ ဘယ်သူမှမသွားရတာနဲ့ ခြံအနောက်ဘက်မသွားရဘူးဆိုတာ
ဧည့်သည် က မသိရင်တောင်
ခင်ဗျားက ပြောထားရမှာပေါ့”
“ကိုကို တော်တော့ ဦးလေးက ပြောတယ် ကျတော်ကသာ လျှာရှည်မိတာပါဆို”

နန်းဦး ဝင်ပြောတာတောင်ကြည်သူက ကျေနပ်ပုံမရ။

“ရပြီ သွားတော့”

အိမ်ကြီးရှင်နဲ့ အလုပ်သမားဆိုတာ ဒီလိုမျိုးပဲလား နန်းဦးမပြောတတ်ပေမယ့်
ကိုယ့်ဦးလေးအရွယ် လူကြီးတစ်ယောက်အပေါ် ကိုကို ဆက်ဆံပုံက
တရားလွန်တယ် ထင်မိသည်။
နန်းဦးတို့အိမ်မှာ ဒီလိုအလုပ်သမား မထားဖူး၍ပဲလား နန်းဦးမပြောတတ်။
နန်းဦးက ဒေါသထွက်နေသူအား မစောင့်တော့ပဲ အိမ်ထဲဝင်လာလိုက်သည်။

“ဒေါ်ဥ ရေ ကျုပ်ကို ဆေးသေတ္တာလေးယူပေးပါဦး သြော် ရေတစ်ခွက်နဲ့ တဘက်တစ်ပိုင်းပါယူခဲ့ပေး
မင်းကဘယ်သွားမလို့လဲ ဒီခုံမှာ လာထိုင်”

နောက်မှ လိုက်ဝင်လာသူမှာ ဧည့်ခံထဲဖုန်သုတ်နေသော အိမ်အကူဒေါ်လေးအား ဆေးသေတ္တာ ယူခိုင်းကာ အခန်းထဲဝင်ရန်ပြင်နေသော
နန်းဦးအား ဧည့်ခန်းမှ ဆက်တီ၌ ထိုင်စေသည်။ လူကို မင်းဖြစ်လိုက် ချာတိတ်ဖြစ်လိုက် သူစိတ်ကြည်ရင် ကြည်သလိုဝေဖြစ်လိုက်နဲ့
အပြောင်းအလဲများသော
ပုပ်သင်ညို လို။
စောဒက ထပ်တက်နေရင် ထပ်ဟောက်ခံရမည်မို့ လုပ်ချင်ရာလုပ်ဆိုသည့်သဘောနှင့် ငြိမ်ခံနေလိုက်လေသည်။

“အ့”
“အရက်ပျံမပါသေးဘူး ရေနဲ့ပဲဆေးရသေးတာ”
“ခင်ဗျားလက်မဟုတ်တိုင်းဇွတ်လုပ်တာကို”
“အား ရှီး”

ဂွမ်းတွင် အရက်ပျံရွှဲနေအောင်ဆွတ်အာ  နန်းဦးအနာပေါ်သို့ဖိအုပ်ခံလိုက်ရသဖြင့် မှာ ဆတ်ဆတ်ခါသွားလေသည်။

“ပြီးပြီ အခန်းပြန်ပြီး ညနေခင်းကြီးသွားအိပ်မနေနဲ့ဦး”

ပြန်ပြောရန်ဟန်ပြင်လိုက်စဥ် ကျွန်းလှေကားဆီမှဆင်းလာသော
အဝါဖျော့ရောင်အရိပ်လေးကြောင့်
နန်းဦး ပါးစပ်မှာ အလိုလို ဘရိတ်အုပ်သွားလျက်။
အဝါဖျော့ရောင်ဝတ်စုံလေးနဲ့ ညနေခင်း
အတော်လိုက်ဖက်နေကာ
ကိုကို ကြည်သူကြွေမယ်ဆိုလည်း ကြွေစရာကောင်းလောက်အောင် မမက အေးချမ်းပါသည်။ မမကို ကိုကို့ရှေ့မှဆေးသေတ္တာအားမြင်သွားကာ

“ဘာဖြစ်တာလဲမောင်”
“နွယ့်မောင်လေ ချော်လဲပြီး လက်ပြဲသွားတာ”
“ဟယ် ဖြစ်ရလေ ပြစမ်းပါဦးမမကို”
“မောင် ဆေးထည့်ပေးထားတယ်နွယ် စိတ်မပူနဲ့တော့”

နွယ်က သူ့ချစ်သူမှာ လူတစ်ဖက်သားအပေါ် ဒီလိုလည်း ဂရုစိုက် နွေးထွေးတတ်သေးပါလားဆိုသည့် အတွေးနှင့် အထင်ကြီးရပြန်သည်။
ချစ်ခြင်းမေတ္တာ နှင့် မဟုတ်ပဲ မောင့်ဘက်က ရလိုမှုများနှင့်သာ
နွယ်တို့ ဆက်ဆံရေးကို စခဲ့သော်လည်း
နွယ်သည် မောင်ပြောသလိုပင်
မောင့်လိုလူတစ်ယောက်ကို
ချစ်မိသွားဖို့ အချိန်သိပ်မယူခဲ့ရပါ။
မိမိအပြင် တစ်ဦးတည်းသော မောင်လေးအပေါ်မှာ မတည့်ဘူးထင်ရပေမယ့် ဂရုတစိုက်ရှိတတ်တာ ပေါ်လွင်နေသည်မို့ ကျေနပ်ရပါသည်။
တစ်နေရာရာ က ဘဝင်မကျသလို ခံစားနေရပေမယ့်လည်းပေါ့လေ။
******

မိုချီ(ခတ္တလူ့ပြည့်)

ဖတ်ပေးတဲ့တစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးကမ္ဘာ😘

Tags: read novel Wrong Time Right Person(Completed) part6(unicode), novel Wrong Time Right Person(Completed) part6(unicode), read Wrong Time Right Person(Completed) part6(unicode) online, Wrong Time Right Person(Completed) part6(unicode) chapter, Wrong Time Right Person(Completed) part6(unicode) high quality, Wrong Time Right Person(Completed) part6(unicode) light novel, ,

Comment

Leave a Reply

Chapter 12