Wrong Time Right Person(Completed) part(9)unicode

A+ A-

wrong time right person

အပိုင်း(၉)

“မြေးဘာဆက်လုပ်မယ်စဥ်းစားထားလဲ”
“ဘာကိုလဲဘွား”
“”ဘာကိုရှိရဦးမှာလဲမြေးနန်းဦးလေးကိုပြောတာ

ဒေါ်ထိပ်တင်မိုးမှာ ကုတင်ပေါ်တွင် အဖျားရှိန်ကြောင့် သတိရမလာသေးသော နန်းဦး အားကြည့်လျက်ဆို၏။
မနက်အစောကြီး ရောက်လာသော မိသားစုဆရာဝန်ကြောင့်
မြေးများတစ်ခုခုဖြစ်တာလား စိတ်ပူသွားပေမယ့် တကယ်ဖြစ်သွားသူမှာ
နန်းဦး ဖြစ်နေ၏။
မြေးဖြစ်သူ၏ ကုတင်ပေါ်တွင် ဖြူဖျော့ အားနည်းစွာ ရှိနေသော
နန်းဦး အား မြင်လျှင် မိမိမှာ ငယ်ရာမှကြီးလာသောသူပီပီ အလုံးစုံအား အလျင်အမြန်သဘောပေါက်လိုက်လေသည်။
ညက ညနက်မှရောက်လာကြတာသိပေမယ့် ဘာမှမဖြစ်လောက်ဘူးလို့ထင်ခဲ့တာ။
ဘယ်လိုပဲ နုနယ်တယ်ဆိုဦးတော့ နန်းဦး က ယောကျာ်းလေးမို့စိတ်ချခဲ့သည်။
ကိုယ့်မြေးကလည်း အစ်မဖြစ်သူနှင့် စေ့စပ်ထားသူမို့ ဒီလိုအခြေအနေမျိုး
တကယ်ဖြစ်လာသည့်အခါ အဖြစ်အပျက်ကို လိုက်မီဖို့ အတော်စဥ်းစားတွေးခေါ်ယူရလေသည်။
ရဝေနွယ်ဦး မှာတော့ အဖြစ်အပျက်အလုံစုံကြားပြီးသောအခါ မောင်အတွက်ဝမ်းနည်းတာလား ချစ်သူအတွက်ယူကြုံးမရတာလား မသိနိုင်စွာ မနက်ကတည်းက တရှုံ့ရှုံ့ငိုနေတာမို့
မျက်နှာလှလှလေးမှာ နီမြန်းထူအမ်းနေပြီဖြစ်သည်။
ဒေါ်ဥနှင့် စန်းစန်းမှာ နဂိုကတည်းကနန်းဦးကို ချစ်သူမို့ နန်းဦး သတိမရလာမချင်း မျက်ရည်စမ်းစမ်း။

“ဒီမှာ ခေါ်ထားမှာပေါ့ နဂိုကတည်းက ခေါ်ထားဖို့ ဘွားကိုပြောထားသားပဲ”

ပေါ့ပေါ့ပါးပါးပြောလာသူမြေးကြောင့် ဒေါ်ထိပ်တင်မိုးမှာ ဘဝင်မကျ။
ရဝေနွယ်ဦး မှာလည်း နားမလည်သလိုကြည့်လေသည်။

“ဒါဆို စေ့စပ်ထားတာကရော”
“ပုံမှန် အတိုင်းပဲပေါ့ဘွား
ဘာမှပြောင်းလဲမသွားဘူး”
“ဘာ”
“မောင် ဘယ်လိုပြောလိုက်တာလဲ နွယ့်မောင်လေးကို ခုလိုဖြစ်အောင်လုပ်ထားပြီး မောင့်စကားကပေါ့ပျက်လှချည်လား”

အစဥ်အမြဲ အေးချမ်းသော ရဝေနွယ်ဦး ၏မျက်နှာမှာ ငိုထားတာကြောင့်ရော ဒေါသကြောင့်ပါ အနီရင့်ရောင် ပြေးနေ၏။
သူမလေးစားချစ်ခင်တဲ့ ယောကျာ်းဟာ ဒီလိုတာဝန်မဲ့တတ်သူပါလားသိရတော့
ယူကျုံးမရ။

“ဒါဆို နွယ်က ဘယ်လိုဖြစ်စေချင်တာလဲ ရဝေနန်းဦး ဟာ မိန်းမတစ်ယောက်လည်းမဟုတ်ဘူး တစ်ညတာအမှားအတွက် ကိုယ်စောင့်ရှောက်မယ် ဒါဆိုမလုံလောက်ဘူးလားနွယ် ပြီးတော့ မောင်ချစ်တာက နွယ်လေ “
“သြော် နွယ့်ကိုလည်း လက်ထပ်မယ်
မောင်လေးကိုလည်း စောင့်ရှောက်မယ် ဒီလိုပေါ့မောင်
မောင့်စကားက ဘယ်ထိရောက်သွားလည်း နွယ်တို့ မောင်နှမတွေက ဘာဖြစ်သွားမလဲ စဥ်းစားမိသေးရဲ့လား “
“ကျစ်”

ရဝေနွယ်ဦး က ခေါင်းထဲ လက်နှင့် ထိုးဖွကာ တစ်ဖက်လှည့်သွားသူအား
စိတ်ပျက်ခြင်းကြီးစွာဖြင့်ကြည့်ကာ

“ဘာမှဆက်မပြောနဲ့တော့ မောင် နွယ်နဲ့စေ့စပ်တာကိုလည်း မေ့လိုက်တော့
သားသားသတိရတာနဲ့ နွယ်တို့ ကျွန်းလှပြန်မယ်”

ရဝေနွယ်ဦးစကားကြောင့်
ကြည်သူမှာ ချက်ချင်း အနားရောက်လာကာ ပုခုံးနှစ်ဖက်အားဆုပ်ကိုင်လျက်

“ဒီလိုစိတ်လိုက်မာန်ပါတော့ လုပ်လို့မရဘူးလေနွယ် မောင် နွယ်နဲ့နီးဖို့ ဘယ်လောက်တောင်စောင့်လိုက်ရလဲ”
“စိတ်လိုက်မာန်ပါလုပ်ခဲ့တာကမောင်လေ မောင်သာ ခုလိုမလုပ်ခဲ့ရင် နွယ့်မောင်လေးက မောင့်အိပ်ရာမှာ လဲနေခဲ့မှာမဟုတ်ဘူး”
“မောင်ရှင်းပြထားတယ်လေနွယ်
မောင် ဒီအခန်းထဲ ဘယ်လိုရောက်လာတယ်တောင် ဆက်စပ်စဥ်းစားလို့မရဘူး ပြီးတော့ ချာတိတ်နဲ့မှားခဲ့တယ်ဆိုတာလည်း မောင့်စိတ်ထဲ နွယ်ပဲထင်နေခဲ့တာ”
“ဖြန်း”

ရုတ်တရက် ဆန်စွာကျရောက်လာသော နွယ့် လက်တစ်ကြောင့် ကြည်သူမျက်နှာမှာ ပူကနဲ။

“ရှင် လူစိတ်ရှိသေးရင် ဘာစကားမှ
ထပ်ဟမလာနဲ့ နွယ့်မောင်လေးက ယောကျာ်းလေးမို့ တာဝန်မယူလည်းရတယ် ထားလိုက် အဲဒီအစား ရှင့်ပါးစပ်ကဘာမှထပ်မကြားချင်တော့ဘူး”
“တောက်!ငါကွာ”
“ခွပ်”

ကြည်သူက စကားကုန်ပြောကာ ပြေးထွက်သွားသော ကျောပြင်လေးအား
ကြည့်ကာ နံရံအားလက်သီးဖြင့်ထိုးချလိုက်သည်။ သူ့အနေနဲ့ ဒီကောင်လေးကို ဒီအခန်းထဲရောက်အောင်ခေါ်ပြီး
ခုလိုလုပ်ခဲ့မိတာ မယုံနိုင်သေး။
မားဂရက်တို့အိမ်က ပြန်လာပြီး ကားထဲ ရောက်သည်အထိ သူ့အသိစိတ်က ကျန်နေသေးကာ
ဒီနောက်ပိုင်းကို သူ့စိတ်ထဲဝေဝေ ဝါးဝါး။ အိပ်မက်လိုလို တကယ်လိုလိုနှင့် သူ့စိတ်ထဲချစ်တင်းနှော နေမိတာ
နွယ် ဟုပင် ထင်နေလျက်။
အိပ်ရာနိုးနိုးချင်း
မိမိရင်ခွင်ထဲမှ သိသိသာသာပူနွေးနေသော အနွေးဓာတ်ကြောင့်သာ
တကယ်အစစ်အမှန်ဖြစ်နေတာ လက်ခံမိကာ နွယ်ဟုပင်မှတ်နေသေးသည်။
မျက်နှာကို ကြည့်လိုက်မှ နန်းဦး မှန်းသိကာ သူ့ခေါင်းအားမိုးကြိုးပစ်ခံလိုက်ရသလို ခေါင်းနပန်းကြီးသွားတာဖြစ်သည်။
အဖျားတက်နေသူအား သန့်ရှင်းရေးလုပ်ပြီး သူ့ပုဆိုးနဲ့တီရှပ်တစ်ထည် လဲဝတ်ပေးကာ အိပ်ရာခင်းတွေအသစ်လဲ
လျက်သူကိုယ်တိုင်လည်းရေပြေးချိုးရသည်။
ထို့နောက်မိသားစုဆရာဝန်အား ဖုန်းဆက်ပြီးသည်အထိ သူဘာဖြစ်သွားလဲ လိုက်မမီ။
ဆရာဝန်က နှစ်ဦးသဘောတူ ဖြစ်သည်မှတ်ကာ နောက်ဆို ငြ
င်သာပေးရန်
အကာအကွယ်သုံးရန် မှာကြားနေသည်။ ဆရာဝန်စကားများမှာ သူ့နားထဲဝင်တစ်ချက် မဝင်တစ်ချက်။
ကြည်သူကြမ်းပြင်ပေါ်မှာ ပင် စိတ်ပျက်လက်ပျက် ထိုင်ချလိုက်ကာ

“ဘွားလည်း သိတာပဲမဟုတ်ဘူးလား
ကျတော်က တခြားသူလည်းမဟုတ်ပဲ  ယောကျာ်းတစ်ယောက်ကို
ဘယ်လိုတာဝန်ယူပေးရမှာတဲ့လဲ”

ဘွားဘွား ထိပ်တင်မိုးမှာ မျက်လုံးထဲ
ယောကျာ်းနှစ်ယောက်၏ မျက်နှာအား တစ်ပြိုင်တည်းမြင်လာလျက်
မြေးဖြစ်သူအားဆွဲထူလိုက်သည်။

“လောလောဆယ် ဘွားတို့ ဒီကိစ္စကိုခဏနားကြတာပေါ့ နွယ့်ကိုလည်း စဥ်းစားဖို့အချိန်ပေးထားလိုက် ပြီးရင် နန်းဦး လေး နေကောင်းလာမှ ဒီကိစ္စကိုဆက်ပြောကြတာပေါ့”

ဘာလို့ ဒီလိုကိစ္စက ခေမာမြိုင်မှာ ထပ်ဖြစ်ရတာတဲ့လဲ။
ဒေါ်ထိပ်တင်မိုးမှာ သက်ပြင်းရှည်ကြီးအား ချလျက်
တစ်ဖက်အိမ်ဆီအကြည့်ရောက်သွားရာ လိုက်ကာစကြီးမှာ ဝဲကနဲလွှင့်သွားလျက် အဖြူရောင်အရိပ်မှာ အိမ်ထဲ တိုးဝင်ပျောက်ကွယ်သွားတာမြင်လိုက်ရလေသည်။
ကံကြမ္မာဟာ တစ်ပတ်ပြန်လည်ကာ
လွန်ခဲ့သော ဆယ်နှစ်ကလိုများ……။

********

“ကိုကို့ မှာ အပြစ်မရှိဘူး”
“ဘာပြောလိုက်တယ်သားသား”

အံကြိတ်ခေါင်းငုံကာ တစ်ဖက်သားအား အသဲအသန်ကာကွယ်နေသော မောင်ဖြစ်သူကြောင့်
ရဝေနွယ်ဦး က ပုခုံးအားဆွဲလှုပ်ကာ
မယုံနိုင်သလို ထပ်မေး၏။

“ကိုကို့ အခန်းထဲကျတော်သွားခဲ့တာ
ကျတော်က စခဲ့တာ အလိုတူခဲ့တာလို့”
“ရဝေနန်းဦး “

ရဝေနွယ်ဦး မှာ မောင်ဖြစ်သူအား နာမည်အပြည့်အစုံ မခေါ်စဖူးခေါ်ကာ
မယုံနိုင်စွာဖြင့် မောင်ဖြစ်သူအား တဘုန်းဘုန်းထုနေ၏။
ရှေ့ရက်က မပြီးသေးသော
စစ်ပွဲမှာ နန်းဦး နာလန်ထတာနှင့် ပြန်စတော့သည်။
ကြည်သူက နန်းဦး အား ဒေါသတကြီး ကြည့်ကာ ရဝေနွယ်ဦး ဘက်လှည့်လျက်

“မောင်မပြောဘူးလား နွယ် ဒီကိစ္စမှာ မောင့်အမှား ချည်းပဲလို့နွယ်ထင်နေသေးတာလား”

အလိုတူခဲ့တယ်ဆိုသူမှာ ခုချိန်ထိဖြူဖျော့နေသေးကာ ခေါင်းသာ တွင်တွင်ငုံနေ၏။ ဘယ်လိုပဲ အလိုတူခဲ့တယ်ပြောပြော ထိခိုက်နစ်နာသူမှာ ကိုယ့်မောင်ပဲ ဖြစ်ကာ အသွေးအသားဆိုတဲ့စိတ်ကြောင့် ရဝေနွယ်ဦး ရင်မှာနာကျင်နေလျက်။
မနေ့ကတစ်နေ့လုံးခေါင်းအေးအေးထားပြီး စဥ်းစားပြီးပြီဖြစ်ကာ
ကိုယ့်မောင်လေးဟာ ဘယ်လိုပဲယောကျာ်းလေးတစ်ယောက်ဖြစ်တယ်ဆိုဦးတော့ ဒီအတိုင်းကြီးတော့ တန်ဖိုးမဲ့မခံနိုင်။ အဲဒီအစားနွယ်ပဲ အဖြစ်ခံလိုက်မည်။ ဆုံးဖြတ်ချက်အား အခိုင်အမာ ချထားသူပီပီ ကြည်သူဖက်လှည့်ကာ

“မှန်လည်း မမှန်နေဘူးလေမောင်
မောင်က ယောကျာ်းကောင်းတစ်ယောက်ပါ လုပ်ရဲရင်ခံရဲရမှာပေါ့
နောက်ဆုံးအချိန်ထိ နွယ့်မျက်စိထဲ ယော
ကျာ်းကောင်းတစ်ယောက်လို့ မြင်နိုင်အောင် မောင်ကူညီပေး
နွယ် မောင့်ချစ်သူအနေနဲ့ နောက်ဆုံးတောင်းဆိုတာ”
“ဘာကိုလဲနွယ် နွယ့်ကိုလက်လွှတ်ပေးဖို့ကလွှဲရင် ဘာဖြစ်ဖြစ် “
“လက်လွှတ်ရမယ်မောင်
နွယ့်မောင်လေးကို ဒီအရွယ်အထိ မှဲ့တစ်ပေါက်မစွန်းအောင် နွယ်တို့ ဘယ်လိုပျိုးထောင်ခဲ့ရလဲ နွယ့်အတွက်မောင်လေးဟာ မောင်လေးဆိုတာထက်သားတစ်ယောက်လိုပဲ
မောင် သားသား ကိုတာဝန်ယူပေး
နွယ် နောက်ဆုံးတောင်းဆိုတာ”
“နွယ်”
“မမ”

ခေါ်သံနှစ်ခုမှာ တစ်ပြိုင်တည်းထွက်လာ၏။
“ဟင်အင်းမမ မဖြစ်ဘူး
နန်းဦးတို့ အိမ်ပြန်ကြမယ်လေ နော် မမနဲ့တူတူ အရင်လိုပြန်နေကြမယ် အင့်”
“မင်းကြောင့်”

ကြည်သူမှာ နန်းဦး ရင်ဘတ်မှဆုပ်ဆွဲကာ ပြောလိုက်ခြင်း။

“ဟုတ်တယ် ကျတော့ကြောင့်
ခင်ဗျား ပြောသလို ကျတော်က ယောကျာ်းလေး ဗိုက်လည်းကြီးလာမှာမဟုတ်လို့ ဘာတာဝန်မှယူစရာမလိုဘူး”

နန်းဦး က ထိုနေ့က ကြည်သူပြောခဲ့သော စကားအား ပြန်ကြားယောင်လာကာ ရင်ဘတ်မှအင်္ကျီစကား ဆုပ်ဆွဲထားသော ကြည်သူလက်အားဖယ်ချရင်းဆို၏။
ထိုနေ့က နန်းဦး သတိရနေပြီဖြစ်ကာ
ကိုကို ပြောလိုက်သော စကားက
တစ္ဆေတစ်ကောင်နှယ် ခြောက်လှန့်နေ၏။
သူက ယောကျာ်းလေး
ယောကျာ်းလေးမို့။
ကျတော်ရယူလိုက်တာ
မေးချိုင့်တစ်ခုတည်းပါကိုကို။
ခုတော့ ဒီမေးချိုင့်ကိုပါ မုန်းချင်ပြီ။

“စေ့စပ်ပွဲကို နွယ့် ဘက်ကပဲ ဖျက်သိမ်းကြောင်း ကြေညာလိုက်မယ်မောင်”
“မလုပ်ရဘူးနွယ် မလုပ်ပါနဲ့”

ကြည်သူက ဆက်တီပေါ်ထိုင်နေသော
နွယ့်ဘေး ဒူးထောက်လျက်ဆို၏။
မဖြစ်ရဘူး။
သူနွယ်နဲ့ နီးဖို့ ဘယ်လောက်တောင်စောင့်လိုက်ရလဲ။ လက်မထပ်ရသေးခင် မခူးရက်မမွှေးရက် လောက်အောင် သူနွယ့်ကိုတန်ဖိုးထားခဲ့တာ။
ဒီကောင်လေးကြောင့်
အရာအားလုံး ပျက်စီးရတော့မှာလား။

“နွယ်ဆုံးဖြတ်ပြီးပြီမောင်
လွယ်လွယ်နဲ့ဆုံးဖြတ်ခဲ့တာမဟုတ်ဘူး”

နွယ်ပုံကြည့်ရင်းနဲ့သဘောပေါက်ပါသည်။ အိပ်ထားပုံမရသော မျက်လုံးများမှာ ကြောင်စီနေလျက် မျက်ကွင်းမှာ သိသာစွာညိုနေ၏။

“မမရယ် မလုပ်ပါနဲ့ သားမှားပါတယ်

လက်တစ်ဖက်အား ဆွဲကိုင်ရင်းဆိုတော့ နန်းဦး လက်မှာ ဖြုတ်ချခံလိုက်ရကာ

“လွန်ကုန်ပြီလေ သားသားရယ်
လက်မခံချင်လည်းလက်ခံရမှာပဲ
ဒီအခြေနေကြီး မမတော်တော်စိတ်ကုန်နေပြီ ရှက်လည်းရှက်တယ်
ဖေကြီး
သိရင်လည်း သာသားကို အိမ်ပေါ်တက်ခိုင်းဦးမယ်ထင်နေလား
ဖေကြီးအကြောင်းသားသားကပိုသိပါတယ် “

အပေါ်တက်သွားသော
ရဝေနွယ်ဦး မှာ ဘယ်အချိန်တည်းက
သိမ်းထုပ်ထားသည်မသိသော
အဝတ်အိတ်အား မနိုင်မနင်းဆွဲကာ
ပြန်ဆင်းလာ၏။

“မမ သားပါလိုက်မယ် ဖေကြီး ကသားတို့မပြောရင် မသိဘူးလေနော်”
“တော်လိုက်တော့ ရဝေနန်းဦး
မင်းမနေချင်လည်းနေရမှာပဲ
ဒါက ကြည်သူမိုးမြေ့ ရဲ့ချစ်သူအဖြစ် မင်းကိုပေးတဲ့ ပြစ်ဒဏ်ပဲ “

မမရဲ့အေးစက်ပြတ်သားသော စကားနဲ့တူ မမခြေသလုံးအားသိုင်းဖက်ထားသော နန်းဦး လက်များဟာ အလိုလိုပြေကျ၏။ နန်းဦး လိုချင်တာ ဒါမျိုးမှမဟုတ်ပဲ။ နန်းဦး က မေးချိုင့်လေးတစ်ခုကို တစ်ခါလောက်ပဲရယူဖို့ ကြိုးစားခဲ့တာလို့ ပြောရင် ယုံပေးကြမှာလား။
ကိုကိုက နန်းဦး အားရွံသွားပုံရကာ
ဒေါသတကြီး စိုက်ကြည့်နေ၏။
နန်းဦး ကသာ တိတ်တဆိတ်စွဲလမ်းခဲ့သူဖြစ်ကာ ကိုကို့ဖက်ကကြည့်ရင်လည်း သူငါးနှစ်လောက်ချစ်ခဲ့သူနဲ့တည်ဆောက်ခဲ့သော အချစ်ရေးက နန်းဦးကြောင့် ခဏလေးအတွင်းပျက်စီးခဲ့ရသည်လေ။
ထိုက်တန်ပါတယ်။
နန်းဦး ကိုမမလည်းလက်မခံတော့သလို
မေကြီးကတော့ မပြောတတ်ပေမယ့် ခုအခြေအနေကို ဖေကြီးသာ သိရင် နန်းဦး ကို သတ်ပစ်ချင်စိတ်ပါ ပေါက်သွားလိမ့်မည်။
နန်းဦး ကိုမကြည်ဖြူတဲ့ ခေမာမြိုင်မှာလည်း နန်းဦး မနေပါ။
လုပ်ရဲရင် ခံရဲရမှာပေါ့
နန်းဦး အတွက် နေရာ
တစ်ခုခုတော့ရှိဦးမှာပါ။

**********
“ဒါကဘယ်လဲ”

အဝတ်သုံးစုံခန့်သာ ပါသော သားရေအိတ်အားဆွဲလျက် ခြံဝင်းနား ရောက်လုနီး ဖြစ်နေသော နန်းဦး မှာ နောက်ကျောမှ အသံကြောင့်
တွန့်ကနဲ။

“ဒီ ကထွက်သွားမှာ”
“ဘယ်သူ့သဘောနဲ့လဲ”
“”ကျတော့သဘောပေါ့ “
“မင်းဘာစောက်ချိုးလဲ ရဝေနန်းဦး
အခြေအနေတွေအား လုံး ခုလိုဗြောင်းဆန်အောင်လုပ်ထားပြီးမှ ကိုယ်လွတ်ရုန်းလို့ရမလား”
“ခင်ဗျား ပဲနစ်နာသူကြီးလိုလုပ်မနေနဲ့ ကျတော့မှာ ကျတော့မိသားစုရော
အရှက်သိက္ခာတွေရော ဘာတစ်ခုမှ ကျန်မနေတော့ဘူး “

မမပြန်ပြီး တစ်ပတ်အတွင်းတွင်
စေ့စပ်ပွဲဖျက်သိမ်းသည့်သတင်းရော
နန်းဦး အားအမွေပြတ်စွန့်လွှတ်သည့်သတင်း ပါ သတင်းစာတွင် ပါလာ၏။
အဆိုးဆုံးက ဒီမနက်မမဖုန်းဆက်လာကာ နန်းဦး ကိုအသိပေးသင့်သည်ဆိုကာ
မမက မြို့တော်သို့ အလုပ်ကိုပါပြောင်းရွှေ့တင်လျက်
ဖေကြီးရောမေကြီးရောပါ
အပြီးခေါ်သွားတော့မည် ဟုဆိုလာခြင်း။
အမနဲ့စေ့စပ်ပြီး မောင်နဲ့ လက်ထပ်တော့မှာဆိုတော့
ကျွန်းလှမှာ ဂုဏ်သိက္ခာအရာတွင်
နာမည်တစ်လုံးနဲ့နေသော
ဖေကြီး မေကြီး နှင့်မမတို့မှာ
တို့မှာ တော်တော်အရှက်ရသွားတာ ဖြစ်ပါလိမ့်မည်။
ငါ့ကြောင့်ဆိုသော နောင်တသည် အရာရာကို ပြင်ဆင်ဖို့အခွင့်မသာတော့။
နောင်တဆိုတာ နှောင်းသွား
မှ ရတတ်သည့်အမျိုးမဟုတ်ပါလား။
နန်းဦး သဘောဆို ဒီအတိုင်းခြေဦးတည့်ရာ ထွက်သွားမှာပေမယ့်
ဘွားဘွား ကအခြေအနေတစ်မျိုးတောင်းဆိုလာခဲ့သည်။
ကွယ်လွန်သူ ကိုကို့ အဘိုးရဲ့ ဆန္ဒအရ
ကိုကိုသည် အသက်နှစ်ဆယ့်ငါးနှစ်ပြည့်ပြီးလျှင် လက်ထပ်မှ ခေမာမြိုင်နှင့် ပတ်သက်သမျှ အမွေအားလုံး တရားဝင်ပိုင်ဆိုင်မှာဖြစ်သည်။
သေတမ်းစာအားတရားမဝင်မည်စိုးသဖြင့် ဗုဒ္ဓဘာသာစစ်စစ်မှ ခရစ်ယာန်ဘာသာအထိ ကူးပြောင်းခဲ့လေသည်။
အကယ်၍ အသက်နှစ်ဆယ့် ငါးနှစ်ကျော်လို့မှ လက်မထပ်ဖြစ်လျှင်
ဘဏ်ထဲမှ ငွေသား မီလီယံချီနှင့် မြှောက်များစွာသော မြေယာပိုင်ဆိုင်မှူများမှာ ပြည်သူပိုင်အဖြစ်
လှူဒါန်းသွားမည်ဖြစ်သည်။
မမနဲ့လည်း စေ့စပ်ပွဲပျက်သွားပြီဖြစ်ကာ ထို တာဝန်သည် နန်းဦး ခေါင်းပေါ်လုံးလုံးကျရောက်မည့်အခြေအနေ။
ကိုကိုကလည်း နန်းဦး ကို မမတောင်းဆိုမှူကြောင့်တာဝန်ယူရမည်ဖြစ်ကာ
နန်းဦး သည်လည်း နန်းဦး အမှားကိုတာဝန်ယူရမည်ဖြစ်သည်။ ကိုယ်ချစ်တဲ့သူကို ဒီလိုပုံစံနဲ့ မပိုင်ဆိုင်ချင်ပေမယ့် အခြေအနေက ဒီလိုပေးလာတော့လည်း မတတ်သာရုံ။
ဒါက ဒီမနက် မတိုင်ခင်အထိ နန်းဦး သဘောတူထားတာဖြစ်သည်။
ဒီမနက်တော့ မမဖုန်းဆက်လာ၍
အကြောင်းစုံသိသွားချိန်တွင်
နန်းဦး ဒီတိုင်းနေရင် မိသားစု နှင့်
ပို၍ဝေးရတော့မည်မို့
လှုပ်ရှား ရတော့သည်။
ဘယ်လောက်ပဲ အမွေ
ပြတ်စွန့်လွှတ်ထားတယ် ဖြစ်ပါစေဦး။
ကျွန်းလှနဲ့ရွှေဆောင်ဟာ
စက်လှေသုံးနာရီလောက်စီးရင်ရောက်သည့်နေရာ။
နန်းဦး သတိရလာလျှင်သွားချောင်းကြည့်လို့ရသေးသည်။
မိဘနဲ့သားသမီး  အချိန်တန်ရင် ခွင့်လွှတ်မှာ
ပဲလို့ နန်းဦး ယုံကြည်ထားတာ
ခုတော့ တစ်မိသားစုလုံးအဝေးကိုထွက်သွားကြတော့မည်။
နန်းဦး အတွေးနှင့် ငိုင်သွားလျှင်း လက်မှ သားရေအိတ်လေးအား
ဆောင့်ဆွဲခံလိုက်ရမှသတိဝင်လာ၏။

“လွှတ်ပေး”
“မလွှတ်ဘူး”

ဒေါသချင်းအားပြိုင်နေသော နှစ်ယောက်ကြားတွင် သားရေခွံအိတ်လေးမှာ မြေစာပင်ဖြစ်လျက်
နန်းဦးဘက်မှ အိတ်ကိုင်းမှာ ပြုတ်ထွက်သွားလေသည်။

“မပေးလည်းနေ”

နန်းဦး က အိတ်ကိုင်းအားလွှင့်ပစ်ကာ
ခြံတံခါးဆီဦးတည်လိုက်၏။
ကြည်သူက သူ့လက်ထဲရောက်သော အဝတ်အိတ်အား လွှင့်ပစ်ကာ
နန်းဦး ဆီခြေလှမ်းကြဲကြီးများဖြင့်
လျှောက်သွားလေသည်။
ဂျိုင်းအောက်မှ လက်နှစ်ဖက်ဖြင့် နန်းဦး ကိုယ် ပိန်ပိန်ပါးပါး အားပွေ့မြှောက်လိုက်ရာ နန်းဦး မှာ ခြေနဲ့မြေကြီးလွှတ်သွားသဖြင့် အသဲအသန်ရုန်းတော့သည်။

“ခင်ဗျား ဘာလုပ်တာလဲ
လွှတ်ပေး”
“ငြိမ်ငြိမ်နေစမ်း မင်းထပ်ရုန်းနေရင် မင်းအသားပဲနာမှာ”
“ခင်ဗျား ကျုပ်ကိုမုန်းနေတာပဲ ဒီအတိုင်းလွှတ်ပေးလိုက်လို့်မရဘူးလား”
“မရဘူး မင်းလည်းဒီအခြေအနေမျိုး လိုချင်လို့ ငါ့ကိုအပိုင်ကြံခဲ့တာမဟုတ်ဘူးလား”
“ခင်ဗျားသာမသရမ်းရင် ခုလိုမျိုးဖြစ်မလာဘူး”

နှစ်ယောက်သားရုန်းရင်းဆန်ခတ်ဖြင့်ခေမာမြိုင်ထဲ ပြန်ရောက်လာလေသည်။
ဘွားဘွား လည်းအိမ်တွင်ရှိမနေတာမို့
ဝင်ရောက်ဖြန်ဖြေမည့်သူ မရှိပဲ စိတ်ထင်တိုင်းဝုန်းတိုင်းကြဲနေတာဖြစ်သည်။
ဒေါ်ဥနှင့် စန်းစန်းမှာ လည်းမီးဖိုဆောင်မှ ထွက်မလာရဲသလို အကွယ်မှ ချောင်းကြည့်ရုံသာတတ်နိုင်လေသည်။
ဦးတူးက သစ်ခွရုံတွင်သာ အနေများသူမို့ အိမ်ထဲမှာ ဖြစ်ပျက်နေတာ သိလောက်မှာမဟုတ်။

“အား “
“ခွေးသား လေး လွှတ်စမ်းမင်း”
နန်းဦး အားမချီထားသော ကြည်သူ့လက်မှာ လွှတ်ထွက်သွားကာ
သွားရာအကွင်းလိုက်ကြီးများအားမြင်လျှင် ကြည်သူ၏မျက်လုံးများမှာ ဒေါသကြောင့်
မီးဝင်းဝင်းတောက်သွားလေသည်။
နန်းဦး မှာလည်းမသက်သာလှ ကြည်သူဆောင့်တွန်းလိုက်သော အရှိန်ကြောင့်
ကျွန်းစားပွဲစောင်းနှင့် မြီးညှောင့်ရိုး ပြေးဆောင့်ကာ အောင့်မျက်သွားခြင်းနှင့်အတူ ချက်ခြင်းထိုင်ရာမှမထနိုင်။
ကြည်သူက ဂျိုင်းနှင့် ဒူးကောက်ကွေးမှ ပွေ့ချီလိုက်ကာ ကျွန်းလှေကားဆီဦးတည်လိုက်သည်။

“လွှတ်စမ်း ခင်ဗျား”
“ဒီတစ်ခါ မညှာဘူးနော် မင်းကိုယ် နှစ်ပိုင်းကျိုးပြီး ဒုက္ခိတမဖြစ်ချင်ရင် ငြိမ်နေလိုက်”

အပေါ်ချီမကာ ပစ်ချမည့်ဟန်လုပ်လိုက်တာမို့ နန်းဦး လန့်ကာ လက်က ကြည်သူ့လည်ပင်းအား အလိုလိုချိတ်သွားလေသည်။
ကြည်သူက မိမိအခန်းဆီသွားလိုက်ကာ နန်းဦး အား မွေ့ယာပေါ်ဘုန်းကနဲပစ်ချလိုက်သည်။
ခုဏက စားပွဲစွန်းနှင့်တိုက်မိသော
မြီးညှောင့်ရိုးအား ပြန်ဖိမိတာမို့ နန်းဦး မျက်နှာ ပျက်ပျက်ယွင်းယွင်းနှင့် မျက်ရည်ချက်ချင်း ဝိုင်းလာ၏။

“အကဲပိုမနေနဲ့ ငါ့အိပ်ရာ ဘယ်လောက်ထိနူးညံ့တယ်ဆိုတာ မင်းတစ်ညလုံးနေပြီးလို့ သိနေပြီပဲ”

ကြည်သူစကားကြောင့် ထွက်ချင်ချင်မျက်ရည်မှာ ချက်ချင်းပြန်ဝင်သွားကာ ဒေါသကအစားဝင်လာ၏။
“ခင်ဗျားမယုတ်ပဲ့နဲ့”
“မင်းအယုတ်ခံချင်လို့ မူးနေတဲ့သူရဲ့အခန်းထဲရောက်လာတာလေ
ဘာလဲထပ်ယုတ်တာခံချင်လို့ မူနေတာလား”
“ခင်ဗျား!”
“ခွပ်!”

နန်းဦး လက်သီးမှာ
အရှိန်သိပ်မပျင်းသော်လည်း အသား
နုသော နှုတ်ခမ်း ထောင့်
နေရာသို့ ထိသွားတာမို့ နှုတ်ခမ်းထောင့်မှာ ချက်ချင်းသွေးစို့လာ၏။

“မင်း!”

နန်းဦး ကအနိုင်ရသွားသူလို မထီတရီပြုံးလိုက်လျှင် ကြည်သူမှာ ဒေါသပို၍ထွက်လာကာ

“ပြွတ်စ်!”

ခုလိုလုပ်လိမ့်မည် ထင်မထားတာကြောင့် နန်းဦး မှာ မျက်လုံး လေးပြူးလျက်သား။
ဟိုညတုန်းကလိုမျိုး သတိရလာတော့ အသည်းအသန်ရုန်းတော့သည်။
ဘယ်လိုပဲ နန်းဦး တိတ်တခိုးချစ်ရသူဆိုဦးတော့ ခုလိုအခြေအနေမျိုးနန်းဦးထပ်မလိုချင်။
ကြောက်စိတ်ကြောင့် လက်ဖျား
ခြေဖျားတွေထိအေးစက်လာ၏။
ကြည်သူမှာ ဒေါသစိတ်ကြောင့် ရုတ်တရက် ဆန်ဆန်တုန့်ပြန်လိုက်တာပေမယ့် နူးညံ့၍ချိုမြိန်သော နှုတ်ခမ်းများကြောင့် မိနစ်အနည်းငယ် ထိစီးမျောသွားရင်း ဖိကိုင်ထားသော လက်ဆီမှ အေးစက်သော အထိအတွေ့ကြောင့်အသိပြန်ဝင်လာ၏။

“ဘာဖြစ်နေကြတာလဲ”

ဘွားဘွား အသံနှင့်အတူ ကြည်သူမှာ နန်းဦး ဆီမှ ဖယ်ခွာလိုက်သည်။

“မြေးကြည်သူ မင်း”
“ကျတော့်ကို သူအရင်စထိုးလို့အပြစ်ပေးတာ ဘွားဘွား”

ဒေါ်ထိပ်တင်မိုးကြည့်လိုက်တော့
တစ်ယောက်မှာ နှုတ်ခမ်းထောင့်တွင်ပေါက်နေကာ တစ်ယောက်မှာ နှုတ်ခမ်းပေါက်လျက်။ဒေါ်ဥဖုန်းဆက်ခေါ်လို့ ရွှေဆိုင်ကနေချက်ချက်းပြန်လာကာ
အိမ်ပြန်ရောက်တော့
အခန်းကြီးဒီတိုင်းဖွင့်ပြီး မြင်ကွင်းမှာ မလှ။
နန်းဦးမှာ
ငိုသည်လည်းမဟုတ်ပဲ မျက်သားများနီရဲကာ တစ်ဆတ်ဆတ်တုန်လျက် ကြည်သူဘက်လှည့်ကာ

“ခင်ဗျားထွက်သွား”
“မင်းရောက်နေတာ ငါ့အခန်း ငါ့သဘော”
“မြေး ခဏလောက် ထွက်သွား ဘွားနန်းဦးကို ပြောစရာရှိတယ်”
“ကျစ်”

ကြည်သူမှာ တမင်ပထုပ်ခံလိုက်ရမှန်းသိကာ နွယ်နေခဲ့သော အခန်းဆီဝင်လာလိုက်သည်။
ကုတင်ပေါ်လဲလျောင်းရင်း ဖက်လုံးအားဖက်ကာ မျက်လုံးများမှိတ်ချလိုက်သည်။ နွယ့်ဆီမှ အငွေ့အသက်လေးများမှာ သူ့ဆီမှာ တစ်ခုမှ မကျန်တော့။
ငါးနှစ်အတွင်းသူသိမ်းထားခဲ့သော ဓာတ်ပုံအယ်လ်ဘမ်မှာလည်းနွယ့်ဆီပါသွားခဲ့ပြီ။
သေချာစဥ်းစားကြည့်လိုက်ရင် နွယ့်အငွေ့အသက်နွယ့်ပုံစံဟာ သူ့ဆီမကျန်ခဲ့တာတော့မဟုတ်ဘူးပဲ။
ဒီကောင်လေး ရဝေနန်းဦး အရပ်ရှည်၍ နွယ့်လိုပြည့်ပြည့်ဖောင်းဖောင်းလေးမဟုတ်တောင်မျက်နှာကျ ဖွဲ့စည်းပုံက နွယ်နဲ့တူသားပဲ။
ဒါကြောင့်လည်း သူထပ်နမ်းမိတာ ဖြစ်နိုင်သည်။
ဟုတ်တယ် မင်းကနွယ်နဲ့တူနေလို့။ ။

မိုချီ(ခတ္တလူ့ပြည်)

Tags: read novel Wrong Time Right Person(Completed) part(9)unicode, novel Wrong Time Right Person(Completed) part(9)unicode, read Wrong Time Right Person(Completed) part(9)unicode online, Wrong Time Right Person(Completed) part(9)unicode chapter, Wrong Time Right Person(Completed) part(9)unicode high quality, Wrong Time Right Person(Completed) part(9)unicode light novel, ,

Comment

Leave a Reply

Chapter 18