Wrong Time Right Person(Completed) part(13)unicode

A+ A-

wrong time right person

အပိုင်း(၁၃)

“ကလစ်”

အခန်းတံခါးပွင့်လာခြင်းနှင့်အတူ ခြေဖမိုး ဖြူဖြူလေးတစ်ခုမှာ အခန်းပြင်သို့ပြူထွက်လာ၏။
ထို့နောက် လူတစ်ကိုယ်လုံးထွက်လာလျက် တံခါးအား ဖွဖွလေးပြန်ပိတ်လိုက်သည်။
အပေါ် ထပ်မှာ ဘယ်သူမှမရှိတာ သေချာနေပြီဆိုမှ အောက်ထပ်သို့ခြေဖွလေးနင်းကာဆင်းလာလိုက်သည်။
ဧည့်ခန်းတွင် ဘယ်သူမှမရှိတာ သေ ချာမှ အိမ်ပြင်အမြန်ထွက်လာလိုက်သည်။
ခြံထဲဟိုဟို ဒီဒီ လိုက်ကြည့်လိုက်သော်လည်း ဦးလေးတူးအားမတွေ့သဖြင့် ဇီဇဝါအိုးများ ထားရာ
ရေကန်လေးဘေးမှ မြေကွက်လပ်ဘက်လျှောက်လာလိုက်သည်။
အရွယ်အစားတူ ဇီဇဝါပင်လေးများမှာ သူ့နေရာနှင့်သူနေသားတကျရှိနေကာ
ကျွန်းလှမှာလို အုံမကောင်းသော်လည်း
နောက်သေချာပြုစုပေးရမှာပင်။
နန်းဦး ကဖူးပွင့် ခါစ ဇီဇဝါပန်းဖူးငုံတစ်ခုအား ခါးလေးကုန်းကာ ငုံ့မွှေးလိုက်သည်။

“မင်းမောင်”

မိန်းမတစ်ယောက်၏ အေးစက်စက်ခေါ်သံကြောင့် နန်းဦး တစ်ယောက်
ကျောထဲစိမ့်တက်သွားကာ ကြက်သီးများတဖြန်းဖြန်းထသွားလေသည်။
နောက်လှည့်ကြည့်လိုက်တော့ ဘယ်သူမှရှိမနေ။ နန်းဦး က အသံလာရာဆီမှန်းဆရင်း ရွက်လှ ပင်
အုပ်အုပ်
လေးဆီကပ်သွားလိုက်သည်။

“နင်သေလိုက်တော့!”

ရုတ်တရက်ဆိုလို မျက်နှာအား သဲဖြင့်ပက်ခံရကာ မျက်လုံးထဲ အလုံးအရင်းဝင်လာသော သဲနှင့်အတူ
တစ်ယောက်ယောက်ရဲ့ ခုန်အုပ်ခြင်းကို ခံလိုက်ရတာ တစ်ဆက်တည်း။
မြေကြီးပေါ် ပက်လက်ပြန်လဲဲခင်းနှင့်အတူ ခါးမှာ မျက်ကနဲဖြစ်သွား ကာ
တံတောင်ဆစ်နှစ်ဖက်လုံးစူးအောင့်သွားလေသည်။
သဲများဝင်ကာ အောက်မျက်သွားသော
မျက်လုံးအား အားယူကာဖွင့်လိုက်ရာ
ဝတ်ရုံဖြူဖြူကြီးအား ဝတ်လျက်
ဆံပင် ရှည်ရှည်ကြီးမှာ ရှေ့သို့အုပ်ကျနေကာ မျက်နှာအားမတွေ့ရ။
အုပ်ဂူကြားတွင် တွေ့လိုက်ရသော
ပုံရိပ်မှန်းသိသည်နှင့် နန်းဦး အကြောက်အကန်ရုန်းလိုက်သည်။

“သရဲ!!!”
“အ့ ကယ်ကြပါဦး”
“မင်းမောင်မောင် သေစမ်း!”

အင်အားပြင်းသော လက်နှစ်ဖက်မှာ နန်းဦး လည်ပင်းဆီဖျစ်ညှစ်ထားလျှင်
မိနစ်အနည်းငယ်ကြာသောအခါ
အသက်ရှူကြပ်လျက် မျက်နှာမှာပြာနှမ်းလာတော့သည်။
ကိုကို…
ကျတော့ကိုကယ်ပါဦး။
နောက်ဆုံးလက်ကျန် သတိလေးဖြစ် တမ်းတမိသူမှာတစ်ယောက်တည်း။

“မာမီ!”
“မာမီ…. “

ကြည်သူ နန်းဦး ကိုယ်ပေါ်မှ ခွကာ
လည်ပင်းညှစ်ထားသူ၏ လက်အား ခက်ခက်ခဲခဲ ဆွဲခွာလိုက် သည်။
ဦးတူးက အဖြူရောင် ခန္ဓာကိုယ်ပါးလှပ်လှပ်အားပွေ့ယူကာ
အတင်းဖိချုပ်ထား၏။

“မင်းမောင်မောင် သတ်မယ် နင့်ကိုငါသတ်မယ်”
“မမလေး သတိထားပါဦး ဒါမင်းမောင်မောင်မှမဟုတ်တာ”
“ဟုတ်တယ် မင်းမောင်မောင်ပဲ
ကိုကို့ကို ငါ့ဆီက လုယူမှာ
ဖယ်စမ်း!အတူး ငါ သူ့ကိုသတ်မယ်”
“ဦးတူး မာမီ့ကို ခေါ်သွားတော့ “

ကြည်သူက နန်းဦး ကို ပွေ့ချီလျက်
ပြောလိုက်ခြင်း။
တံတောင်ဆက်နှစ်ဖက်လုံးစုတ်ပြတ်သတ်နေကာ အသားအရေ နုနယ်သူမို့ လည်ပင်းတွင် လက်ချောင်းရာကြီးမှာ အထင်းသား။
သူနည်းနည်းနောက်ကျသွားလျှင်မတွေးရဲ။

“နန်း နန်းဦးလေး “

ဘွားဘွား ထိပ်တင်မိုးမှာ ပေါ်တီအောက်ကား ရောက်ရောက်ခြင်း
ကြည်သူပွေ့လာသော နန်းဦး ကြောင့်
အလောတကြီးဆင်းလာ၏။

“စန်းစန်း ဒေါက်တာဆီဖုန်းဆက် လိုက် ခုချက်ချင်းလာခဲ့လို့”

စန်းစန်းအားပြောကာ ခြေလှမ်းကြဲကြီးများဖြင့် နန်းဦး အားပွေ့ကာ လှေကားဆီတက်သွားသည်မှာလွှားကနဲ။

“ဒေါ်ဥ ဘယ်လိုဖြစ်တာလဲ”
“စပယ်ရှယ်နာ့စ်က သူ့အချိန်ပြည့်တာနဲ့
ည ဂျူတီဆရာမ မလာခင် ပြန်သွားပုံရတယ် သခင်မကြီး
ကျမလည်း နန်းဦး အိမ်ပေါ်က ဆင်းသွားတာမသိလိုက်လို့ သတိလွှတ်သွားတာ မမလေး က ဒီရက်ပိုင်းစိတ်ပိုဖောက်လာပုံရတယ်”
“နန်းဦး ကို သတိလေးဘာလေး ထားလို့ရအောင် ကြိုပြောထားခဲ့ရမှာ
ကျမတို့ အပြစ်ပဲ “
“မဟုတ်တာ သခင်မကြီးရယ်”

ဘွားဘွား ထိပ်တင်မိုးမှာ ဆရာဝန်မလာမချင်း အိမ်ရှေ့တွင်ခေါက်တုံ့ခေါက်ပြန်လျှောက်နေ၏။

“သခင်မကြီး ရေချိုးလိုက်ပါလား ဆရာလာရင် ကျမခေါ်သွားမယ်”
“သြော်အေး”

ဘွားထိပ်တင်မိုးက ဧည့်ခံပွဲမှအပြန်
ဆိုင်ဖွင့်ပွဲတစ်ခု သွားတက်ရသည်မို့
လူကနုန်းချိနေပြီဖြစ်ကာ
ဒေါ်ဥပြောသောစကားအားလက်ခံကာ ရေချိုးရန် အခန်းထဲဝင်လာလိုက်သည်။
ကြည်သူမှာ ဆရာဝန်မလာမချင်း
ဆောက်တည်ရာမရစွာ နန်းဦး လည်ပင်းမှာ ဒဏ်ရာအား ဖွဖွထိလိုက်
မျက်နှာမှ လက်သည်းရာ အစင်းကြီးအားထိလိုက်ဖြင့် ဗျာများနေ၏။
ကုမ္ပဏီနှစ်ပတ်လည်အတွက်လိုအပ်သည်များကို ညွှန်ကြားရန် သူရှိဖို့လိုအပ်တာမို့ မသွားမဖြစ်သွားရတာဖြစ်ကာ တစ်နေကုန်
စိတ်ထဲထင့်နေသဖြင့် အိမ်ချက်ခြင်းပြန်လာလိုက်တာထင်သည့်အတိုင်း။
မာမီ့စိတ်ကျန်းမာရေးဆရာဝန် ဦးရွှေကျင်ပြောတာတော့ ဒီတစ်ပတ်ထဲ
စိတ်ပိုဖောက်နေတယ်ဆို၍ မင်္ဂလာဆောင် ကိစ္စတောင် အသိခံခဲ့တာမဟုတ်။
အိမ်တွင်းရေးကို လူသိမခံချင်၍ ဘွားဘွား၏ လူယုံများမှလွှဲရင် ဒါရိုင်ဘာတောင်သီးသန့်မခေါ် ခဲ့
တာမို့ နန်းဦး ကိုလည်း ပြောသင့်မပြောသင့်ချင့် ချိန်နေခဲ့တာ သူမှားသွားခဲ့သည်။ အကယ်၍ ဒီကိစ္စသာ ကောင်လေးသိနေခဲ့ရင် ခုလိုမျိုးသတိလက်လွှတ်နေမိမှာမဟုတ်။
ခုတော့ဘယ်လောက်တောင်ကြောက်နေလိုက်မလဲ။

“မြန်မြန်နိုးလာခဲ့ ပါဝေ
ကိုအကုန်လုံး ရှင်းပြပါ့မယ်ကွာ”

လက်အား ဆုပ်ကိုင်ရန်လုပ်ပြီးမှာ တံတောင်ဆစ်ဆီမှ ပွန်းရာများအား ထိမည်စိုးသဖြင့် အသာလေးသာ ဖိကိုင်လိုက်သည်။

“ဘယ်လိုဖြစ်တာလဲ ကိုယ့်ဆရာ”
“ခင်ဗျား မြင်တဲ့အတိုင်း ပဲ ဦးမန်းသူ
မြန်မြန် သတိရလာအောင်လုပ်ပေး”

ဦးမန်းသူက ကြည်သူ ထပေးလိုက်သော ခုံတွင်အလိုက်သင့် ဝင်ထိုင်လိုက်ကာ လိုအပ်သည်များအား
စမ်းသပ်စစ်ဆေးလိုက်သည်။

“ဆေးတစ်လုံးထိုးထားတယ်
မကြာခင်သတိရလာလိမ့်မယ် “

ကြည်သူဖက်လှည့်ပြောကာ
ပြင်ပဒဏ်ရာများအား လိမ်းဆေးလိမ်းပေးလိုက်သည်။
လည်ပင်းမှ လက်ရာကြီးအား ကြည့်ကာ ဦးမန်းသူက ခေါင်းအား လေးတွဲ့စွာဖြင့် ဘယ်ညာယမ်းလိုက်သည်။

“ကောင်လေးသိသလား”
“မသိဘူး သူသရဲပဲထင်နေမှာပေါ့ “
“ဘာဆက်လုပ်မယ် စိတ်ကူးလဲ”
“ပြောပြရမှာပေါ့ သူလည်းမိသားစုဝင်တစ်ယောက်ဖြစ်နေပြီပဲဟာ “

ကြည်သူစကားအဆုံးဦးမန်းသူက သက်ပြင်းတစ်ချက်ချ၏။

“သတိရတဲ့ထိ စောင့်နေပေးရမလား”
“နေပါစေ ကျုပ်ပဲစောင့်လိုက်မယ် “
“သြော် လည်ပင်းက ညိုမဲစွဲနေတာကို ရေခဲကပ်ပေးလို့ရတယ်”

ဦးမန်းသူ ပြန်သွားတော့
ကြည်သူနန်းဦးဘေးမှာဝင်ထိုက်သည်။

“ဒေါက်…ဒေါက်”
“ဝင်ခဲ့ “

ဘွားက အိမ်နေရင်း ပေါ့ပေါ့ပါးပါးဝတ်စားကာ သနပ်ခါးနဲ့သင်းသင်းဖြင့်အခန်းထဲဝင်လာ၏။

“အဆင်ပြေရဲ့လားမြေး “
“အင်း”
“မင်းမာမီတော့ သောင်းကျန်းနေလို့ အိပ်ဆေးထိုးပြီး သိပ်ထားရတယ်
နန်းဦး ကို မင်းမောင်လို့ထင်နေပုံရတယ်
တစ်လျှောက်လုံးငြိမ်နေပြီးမှ နန်းဦး လာမှပိုဆိုးလာတယ်”
“ဘယ်လိုလုပ်ရမလဲဘွား”
“ဘွား ဆန္ဒကတော့ ဂေဟာပဲ ပြန်ပို့ထားချင်တယ် မောင်ရွှေကျင်ကလည်း
ဒီသဘောပဲ”
“ပိုဆိုးလာနိုင်လားဘွား”
“အဲဒါ တော့ ဘွားတို့လည်းအတိအကျ
ပြောလို့မရဘူး
နန်း ဦးလေးသတိရမှ ပြန်လာခဲ့မယ်”
“ဟုတ်ကဲ့ဘွား”

ဘွားပြန်ထွက်သွားတော့မှ ကြည်သူရေချိုးခန်းထဲဝင်လာလိုက်သည်။
နန်းဦး သတိရလာလျှင် ကြောက်နေမည်စိုးသဖြင့်ရေအား အလျင်စလိုချိုးလိုက်သည်။
အိမ်နေရင်း တီရှပ်ပွပွတစ်ထည်နှင့် ဂျင်းပင်အတိုတစ်ထည်လဲဝတ်လိုက်သည်။
ကြည်သူထွက်လာတော့ မျက်ရည်လေး
ဝိုင်းကာ
အိပ်ရာပေါ် ငုတ်တုပ်လေး ထထိုင်နေတဲ့ကောင်လေးက သူအနားရောက်သွားတော့ သူ့ပါးအား ဖွဖွလာထိ၏။

“ကျတော် မသေ သေးဘူးမှလား”
“ဘာလို့သေရမှာလဲ”
“သရဲ သရဲက”
“မဟုတ်ဘူး “
“ဘာကိုလဲ”
“သရဲမဟုတ်ဘူးလို့ပြောတာ
ဒါ ကိုယ့် မာမီ”
“ဗျာ”
“အင်း ကိုယ်တောင်းပန်ပါတယ်
ဝေ့ကို ကြိုမပြောမိလို့ “
“ဟုတ်တယ် မြေး ဘွားတို့အပြစ်ပါပဲ
မြေးကို ကြိုပြောထားရင် ခုလိုတွေဖြစ်လာမှာမဟုတ်ဘူး”
“ကျတော် နားမလည်တော့ဘူး”

နန်းဦး က ကြည်သူကို တစ်လှည့် အခန်းထဲနောက်မှ ဝင်လာသော ဘွားကိုတစ်လှည့်ကြည့်ကာ
မယုံနိုင်ဖြစ်နေလျှက်။

“တကယ်က ဟိုဘက် အိမ်အလွတ်မှာ
ဘယ်သူမှ မနေတာမဟုတ်ဘူးမြေး
မြေးညနေက တွေ့လိုက်တဲ့
မြေးကြည်သူရဲ့ မာမီ ဘွားရဲ့သမီးနေတာ အရင်က သူ့ဘာသာ တိတ်တိတ်ဆိတ်ဆိတ်ပဲ လူကိုလည်း အန္တရာယ်မပေးဘူး သူ့ကိုစောင့်ရှောက်ဖို့ ဆရာဝန်နဲ့ နာစ့်တွေသပ်သပ်ရှိတယ်
ဘွားက ဘွားသမီး အပြင်မှာ သေလူဖြစ်နေပြီမို့ အပြင်လူဘယ်သူ့မှ မသိစေချင်လို့ အလုပ် သမားတောင်အရင်ကလူယုံတွေ ပဲထားပြီး
ထပ်မငှားတော့တာ မြေးကဘွားတို့မိသားစုဝင် ဖြစ်လာပြီ မို့ ပြောမယ်လုပ်ရင်း ခုလိုတွေဖြစ်ကုန်တာ “

ဘွားက စကားများများပြောလိုက်ရ၍ထင်သည် သက်ပြင်းချကာ ခဏနား၏။
သရဲ မဟုတ်ဘူးဆို၍ စိတ်သက်သာရာ ရသော်လည်း သိချင်သည်ကများနေသေးသည်။ ဘွားက သူ့စိတ်ကိုသိကာ

“အိမ်ရှေ့တံခါးမ ကြီးသော့ခတ်ထားတော့ မြေးလည်းလူမရှိဘူးလို့ ထင်ခဲ့မှာပေါ့ အိမ်နောက်ဘက်မှာ တံခါးရှိသေးတယ် ဆရာဝန်တွေရော နာစ့်တွေရောဒီကနေပဲဝင်ထွက်တာ
ဒီအနောက်ကနေ လူသွားလမ်းလေးရှိတယ်လေ တောစပ်ဘက် ကားလမ်းကနေသွားပေါက်တာ ဘွားတို့ သွားကြည့်ရင်လည်းဒီကနေသွားတာပဲ”
“ဟုတ်ကဲ့”
“မြေးသိချင်တာ သိပ်များနေမှာ ဘွားသိတယ် ဘာလို့ ဘွားသမီးက ခုလိုမျိုး စိတ်ဖောက်သွားတာလဲ ဘာလို့ဝှက်ထားတာလဲ မင်းမောင်မောင်ကရောဘယ်သူလဲ နောက်မှ ဘွား အေးဆေးပြောပြမယ် ခုတော့ မြေးတို့ ထမင်း ဆင်းစားလိုက်ဦး အချိန်မနည်းတော့ဘူး”

ဘွားရှေ့မှ ဆင်းသွားတော့ ကြည်သူက နန်းဦး ဘေးဝင်ထိုင်လိုက်သည်။

“လက်က သက်သာလား”
“အင်း နဲနဲတင်းနေတယ်”

နန်းဦး က တစ်ကိုယ်လုံးဟိုနားဒီနား နာနေသေးသော်လည်း သိချင်စိတ်က ပိုများနေသည်မို့ ဆိတ်ဆိတ်သာနေလိုက်သည်။

“အင်း အရေအပြားတွေ ပွန်းသွား
တာ လည်ပင်းကရော”
“သက်သာတယ်”
“ထမင်း ယူလာခဲ့ပေးရမလား”
“ရပါတယ် ကျတော်အဆင်ပြေတယ်”

ကြည်သူက ပြောရင်းနဖူးအား
ဖိကပ်နမ်းလိုက်သည်။ ဒီကောင်လေးတစ်ခုခုဖြစ်မှာ သူဘယ်လောက်တောင်ကြောက်လိုက်ရလဲ။
လက်မှ ဆွဲကိုလျက် ဆင်းလာတော့
ဧည့်ခန်းတွင် ဦးလေးအပါအဝင် လူစုံနေ၏။ ဒေါ်ဥက သူတို့ကို မြင်သည်နှင့် ထလာကာ

“ထမင်းအသင့်ပဲ သခင်လေး ဒေါ်ဒေါ်ဥ
ဆိတ်ရိုးစွပ်ပြုတ်လေး ခပ်ပေးမယ်”
“မာမီအိပ်နေတုန်းလား ဒေါ်ဥ”
“ဒီညတော့ သူနိုးတော့မယ်မထင်ဘူး
ခဏက ဒေါ်ဥသွားကြည့်သေးတယ်”
“သြော်”
“ဝေ စားလေ လည်ပင်းကနာလို့လား”
“မနာပါဘူး “
“ဘွားနားသွားဖို့လောနေတာလား
ဟလိုက်ပါးစပ်”

ကြည်သူက အခွံနွှင်ထားသော ပုစွန်တစ်ပိုင်းအား နန်းဦး ဆီခွံလိုက်သည်။
“ဝေ့ လက်ရာကို မမှီပေမယ့် လည်း စားလိုက်”

ကိုကို ကနန်းဦးလက်ရာအား သတိတရပြောသည်မို့ နောက်ချက်ကျွေးရန် တေးမှတ်ထားလိုက်သည်။

“စွပ်ပြုပ်လည်း သောက်ဦး အားရှိတယ်”
“ကိုကိုလည်း စားဦးလေ”
နန်းဦး ရှေ့ပါးစပ်ဟ ပေးလာသည်မို့
ဝက်သားပေါင်းနှင့် ထမင်းတစ်လုပ်ခွံ့လိုက်ရသည်။
စန်းစန်းက ယပ်လေးတစ်ခတ်ခတ်နှင့် သူ့သခင်နှစ်ယောက်အဆင်ပြေနေတာ
မြင်တော့စပ်ဖြီးဖြီးဖြစ်နေ၏။
ဒေါ်ဥက ဧည့်ခန်းဆီမထွက်သေးပဲ ယောင်လည်လည်နှင့် စောင့်ကြည့်နေလိုက်သည်။
ချစ်ခြင်းမေတ္တာ နဲ့အစပြုကာ လက်ထပ်လိုက်ရတာ မဟုတ်ပေမယ့် နှစ်ယောက် ချစ်ချစ် ခင်ခင်ရှိကြရှာသားဟုတွေးမိပြန်သည်။

“ဘွားဆီသွားမယ် ကိုကို”
“သိချင်တာ နောက်မှမေးလို့မရဘူးလား”
“ဟင်အင်း သိချင်တယ်
ကိုကိုနဲ့ ပတ်သက်တာအကုန်”
“အင်း”
“မြေးတို့လာထိုင်လေ”
“ဟုတ်ကဲ့ဘွား”

ကြည်သူက နန်းဦး လက်အတွက်လိမ်းဆေးသွားယူရန်ဟုဆိုကာ ထထွက်သွားလေသည်။

“ပြောရရင် ရှည်တော့ ရှည်တယ်မြေး
ဒါပေမယ့် အဖြစ်အပျက်တစ်ခုလုံးကို သဘောပေါက်နိုင်ဖို့ဆိုရင်
ဟိုး အစကနေ ပြန်ပြောမှ မြေးနားလည်နိုင်မယ်”
“ကျတော် စိတ်ဝင်စားပါတယ် ဘွား”
“ဒီလိုကွယ်……”

*******************
ခုနှစ်၁၉၆၈

ခေမာမြိုင်။
မြို့တော်ဝန် ဦးနန်းမြိုင်နှင့် ဇနီးဖြစ်သူ
ဒေါ်ထိပ်တင်မိုးတွင်
သမီးတစ်ယောက် သားတစ်ယောက်ရှိလေသည်။
ခေမာမြိုင်သည် မြို့တော်ဝန်စံအိမ်
ဆိုသော ဂုဏ်ပုဒ်ကြောင့် နာမည်ကြီးသလို
မျိုးရိုးစဥ်ဆက်ကြွယ်ဝချမ်းသာမှုကြောင့်လည်းနာမည်ကြီးလေသည်။
ထို့အတူ သူမတူသော အလှတရားနှင့် သမီးကညာလေး စွေသောမိုးကြောင့်လည်း မျက်နှာပွင့်လန်းကာ
ခမည်းခမက်တော်ချင်သူ သူဌေးသူကြွယ်များမှာလည်း အများအပြားပင်။ ထိုမျှသာ မကသေး မင်းမောင်မောင် ဆိုသော သားလူချော
ဆရာဝန်လောင်းလေးကြောင့်လည်းပါလေသည်။ မင်းမောင်မောင်မှာ
သမီးလေးအား မရမီ ဂေဟာ မှမွေးစားထားသော မွေးစားသားပင်ဖြစ်လင့်ကစား သားအရင်းတစ်ယောက်လို တန်ဖိုးထား မြတ်နိုးခြင်းခံရလေသည်။
သမီးနှင့်သားမှာ လည်း မောင်နှမရင်းချာလို ချစ်ချစ်ခင်ခင်ရှိလှသည်။
ဤသည်မှာ ကြည်သာမောင် ဆိုသော လူငယ်လေးပေါ်မလာခင်အထိပင်။
“ဟယ် မောင်မောင်လာပြီ”
မောင်တူးနှင့် ကြက်တောင်ရိုက်တမ်းဆော့ကစားရင်း အပျိုဖြန်းလေး
စွေသောမိုးမှာ အဝတ်သေတ္တာလေး တစ်ဖက်က ဆွဲကာ တိုက်ပုံအား လက်တစ်ဖက်တွင်တင်လျက် မိမိတို့ဆီ ဖြည်းဖြည်း ချင်းလျှောက်လာနေသော ညိုညို မြင့်မြင့် နှင့် မျက်လုံးထူထူ
ပိရိသေသပ်သောနှုတ်ခမ်းနှင့် နှုတ်ခမ်းထောင့်တွင် မှဲ့နက်လေးထင်းနေအောင်ရှိသော
အမျိုးသားလေးဆီအပြေးလေးသွားလေသည်။
“အငယ် ချော်လှဲမယ်လေ”
“အဲ ဧည့်သည်လည်းပါသကိုး”
မင်းမောင်မောင်နောက်မှ
မင်းမောင်မောင်နှင့် ဆန့်ကျင်စွာ ဖြူဖြူထွားထွား
ကိုလူချော
အမျိုးသားတစ်ဦးကို တွေ့လိုက်မှ အရှက်ပြေကိုယ်ရှိန်သတ်လိုက်ရသည်။

“အင်း မောင်မောင်နဲ့ အတန်းတူပဲ
ကျောင်းပိတ်တုန်းအိမ်လည်ခေါ်လာတာ ကိုကြည်သာမောင်တဲ့
သာမောင် ဒါ မောင့်နှမ စွေသောမိုးတဲ့”

လူချောကြီးက လက်ဆွဲနှုတ်ဆက်ရန် လက်ရှေ့ထုတ်ပေးလာသည်မို့ စွေသောမိုးမှာ ခေတ်မှီသွက်လက်သူပီပီ လက်ဆွဲနှုတ်ဆက်လိုက်ကာ

“စွေသောမိုး ပါရှင် သိတဲ့အတိုင်းမောင်မောင့်နှမပါ”
“မောင့်နှမက အသွက်ကလေးပဲ
အစ်ကို့ကို မင်းမောင်လိုမျိုး အစ်ကိုတစ်ယောက်လိုသဘောထားလို့ရပါတယ်”
“ဟုတ်ကဲ့ အဲ ဧည့်သည်ကို အိမ်ထဲခေါ်ဖို့မေ့နေတာ လာပါ ကိုကို
အင်းကိုကိုလို့ပဲခေါ်မယ်နော်”
“ညီမသဘောပါကွယ်”
“ဖေဖေကကရော အငယ်”
“ထုံးစံအတိုင်း ဒယ်ဒီကတော့ မြို့တော်ဝန်ရုံးသွား မာမီက ရတနာစိန်ကျောက်ပွဲစားပီပီ အိတ်ကြီးဂျိုင်းကြားညှပ်ပြီး သူဌေးသူကြွယ်အိမ် ရောက်နေမှာပေါ့မောင်မောင်”
“လွတ်လွတ် လပ်လပ်နေလို့ရတယ် ကိုကို “
“ဥဥရေ ဧည့်သည်ပါလာတာ အခန်းပြင်ချည်”
“ဟုတ်ကဲ့ မမလေး”
“ဧည့်ခန်းမှာ ခဏထိုင်ဦး သံပုရည် လေးသွားယူဦးမယ်”
“အငယ်က အထူးအဆန်းပါလား သံပုရာရည် ရောဖျော်တတ်လို့လား”
“ဟွန်း မောင်မောင်နော် ဧည့်သည်ရှေ့မှာ”
“ဖျော်သာ ဖျော်ခဲ့ ညီမရေ ဆရာဝန်လောင်းတွေဆိုတော့ တစ်ခုခုဆို ကိုယ့် ဘာသာ ကုလို့ရတယ် ဟားးးဟား”
“အာ ဒီကအကောင်းမှတ်လို့နားထောင်နေတာ”

စွေသောမိုးက ပြောရင်းနှုတ်ခမ်းလေးစူ ကာ ခြေဆောင့်လျက်
မီးဖိုဆောင်ဆီဝင်သွားလေသည်။

“ကိုကိုလေး အခန်းပြင်ထားပြီနော်
နားလို့ရပြီ”
“ကျေးဇူးပါ ဥဥရေ ဟိုမှာအငယ် သံပုရာရည် သွားဖျော်နေလေရဲ့
သူဖျော်တာမသောက်ပဲ အခန်းဆီသွားလိုက်ရင် ကောက်တော်မူလို့ ဆုံးမယ်မထင်ဘူး”
“ဟုတ်ပ”

ဥဥဆိုသော အိမ်အကူလေးမှာ အိမ်အကူဆိုတာထက် မြို့တော်ဝန်အိမ်ကြီးသခင် ဦးနန်းမြိုင် သစ်တော ကိစ္စနှင့် နယ်ဆင်းစဥ်က ဆင်နှင်းကာ မိဘနှစ်ပါးလုံးကွယ်လွန်သွားသဖြင့်
ခေါ်ယူလာသော ကလေးမလေးဖြစ်သည်။
သမီးလေးနှင့် တန်းတူ အတန်းကျောင်းထားပေးသော်လည်း ပညာအရာ၌ ပါရမီမပါသော ဥဥမှာ
ကျောင်းတက်မည့်အစား အိမ်အလုပ်ပင်လုပ်ပါမည်ဟု ပူဆာသဖြင့် ခုဆို တစ်အိမ်လုံးတွင် သူ့ခြေရာလက်ရာချည်းဖြစ်နေတော့သည်။
ထမင်းချက် ဒေါ်သိန်းဆိုင်နှင့်အပြိုင် အချက်အပြုတ်နိုင်နင်းနေပြီဖြစ်ကာ
မြို့တော်ဝန်ကြီးက သူ့လက်ရာမှ ပိုခံတွင်းတွေ့သည်ဆိုသဖြင့်
ဥဥ ခမျာ ချက်ရပြုတ်ရတာကိုပင်
ဝမ်းသာပျော်ရွှင်နေတော့သည်။

“ရပြီ ရှင်”

သံပုရာနှစ်ခွက် မှာ ဗန်းထဲဘောင်ဘင်ခတ်လျက် မို့
မင်းမောင်မောင်က ဆီးကြိုကာထယူရသည်။

“ဖြည်းဖြည်းလုပ်ပါ
အငယ်ရယ် ဘယ်သူမှ ဘယ်မှမပြေးပါဘူး သောက်ဖို့ကိုစောင့်နေတာ”
“ငါ့ညီမဖို့မပါ ပါလား”
“ကိုကို တို့အတွက်ပဲ”

ကြည်သာမောင်က မင်းမောင်မောင်ကမ်းပေးသော သံပုရာရည်ကို လှမ်း ယူကာ တစ်ငုံငုံ လိုက်ရာ ဖွီး ကနဲထွက်မလာအောင် နှုတ်ခမ်းအား တင်းတင်းစေ့လျက်မြိုချလိုက်ရလေသည်။
မင်းမောင်မောင်မှာလည်းထိုနည်းတူပင်။
သေချာတာက ဒီနေ့ညနေစာစားလျှင် သွားကျိန်းလို့ ထမင်းပင်ဝါးမနိုင်လောက်။

“အခန်း ပြန်နားလိုက်ဦးမယ်အငယ်
ညနေစာ စားချိန်လောက်ပြန်တွေ့ကြတာပေါ့”
“အငယ်က ညနေဘက် အတူးနဲ့ ကြက်တောင်ရိုက်ဖို့ချိန်းထားတယ်
မောင်မောင်တို့ရောပါမလား
လေးယောက်ဆို ပြိုင်ပွဲအသေးလေးတောင်လုပ်လို့ရတယ်”
“ဘယ်လိုလည်း သာမောင်”

မင်းမောင်မောင် က ကြည်သာမောင်ဘက်လှည့်ကာ အဖော်ညှိလေသည်။

“စိန်လိုက်လေ”
**********************
ညနေဘက်တွင်
ခေမာမြိုင်ခြံမြေကွက်လပ် တွင် လူငယ်လေးယောက်
အသံများဖြင့်ဆူညံလျက်ရှိသည်။
မဲလိပ်ကောက်တော့
မောင်တူးနှင့် မင်းမောင်မောင်က တစ်သင်းဖြစ်ကာ ကြည်သာမောင်နှင့် စွေသောမိုးက တစ်သင်းကျလေသည်။
ကြည်သာမောင်နှင့် တစ်သင်းတည်း ကျသော စွေသောမိုး မှာ အကျေနပ်ကြီး ကျေနပ်လျက် ခါတိုင်းရက်များထက် ပို၍တက်ကြွနေတော့သည်။
လူငယ်လေးယောက်သည် နေဝင်ရီတရောထိ မနားတမ်းကစားနေကာ လူကြီး များလာတားမှရပ်တော့သည်။
ထိုနေ့က ညနေခင်းလေပြေလေးသည်
လွန်စွာမှ လှပနေလျက်
မုန်တိုင်းမလာခင် လေပြေသာလေသလား ဘယ်သူမှ မသိနိုင်ခဲ့ပါ။

မိုချီ(ခတ္တ လူ့ပြည်)

နောက်တစ်ပိုင်းထိ ကြည့်သူ့ ဒယ်ဒီမာမီတို့ရဲ့ ငယ်ဘဝဇာတ်လမ်းပါ ဗျ

ဖတ်ရှူပေးကြသူတစ်ယောက်စီတိုင်းအား ကျေးဇူးကမ္ဘာပါ

Tags: read novel Wrong Time Right Person(Completed) part(13)unicode, novel Wrong Time Right Person(Completed) part(13)unicode, read Wrong Time Right Person(Completed) part(13)unicode online, Wrong Time Right Person(Completed) part(13)unicode chapter, Wrong Time Right Person(Completed) part(13)unicode high quality, Wrong Time Right Person(Completed) part(13)unicode light novel, ,

Comment

Leave a Reply

Chapter 26