Wrong Time Right Person(Completed) part15(unicode)

A+ A-

wrong time right person

အပိုင်း(၁၅)

“ခွမ်း”
“ခွမ်း”
“တော်တော့ စွေသောမိုး”
“ခွမ်း ဝုန်း!”

ဟန့်တာခံလိုက်ရသူမှာ ဟန့်တားလာသူအား စိမ်းစိမ်းကြီးကြည့်လျက် ပန်းကန်စင်မှ လက်ကျန် ပန်းကန်များအား ချီမကာ နံရံဆီပစ်ပေါက်လိုက်လေသည်။

“မင်း”
“အခွင့် ရှိလို့လား ကိုကို
ကိုကိုက ကျမကို လက်ရွယ်ခွင့်တောင်ရှိလို့လား”
“ငါမင်း အပေါ် ဘာများတာဝန်ပျက်ကွက်ဖူးလို့ လဲ စွေသောမိုး”
“ဟုတ်တယ် ရှင်ဘာတာဝန်မှမပျက်ကွက်ခဲ့ဘူး “

တာဝန်မပျက်ကွက်ခဲ့ဘူး၏ နောက်ကွယ်တွင် ရှင်ကျမအပေါ်လည်း ဘယ်တုန်းကမှမချစ်ခဲ့ဘူးမှလား။
အနှစ်နှစ်ဆယ် အနှစ်နှစ်ဆယ်လုံးလုံးလေ။
စွေသောမိုးမှ မရူးရင် ဘယ်သူရူးပါလိမ့်မလဲ။
အများအမြင်မှာ ကြည်သာမောင်သည် စွေသောမိုးအပိုင်ဖြစ်ခဲ့ပါလျက်
အမှန်တကယ် မပိုင်ဆိုင်ခဲ့ဘူးဆိုတာ သူမသာလျှင် အသိခဲ့ဆုံး။
အင်ဂျင်မပါတဲ့ ကားက ဘယ်ကို မောင်းလို့ရောက်ပါ့မလဲ။
ဟုတ်တယ် ကြည်သာမောင် ဆိုသော လူသားဟာ စွေသော မိုးအတွက် အင်ဂျင်မပါတဲ့ ကားအလွတ်ကြီးဖြစ်ခဲ့တာ။ တစ်ဦးတည်းသော သားလေးအား ချစ်ခြင်းမေတ္တာ ပင်မပေးနိုင်လောက်သည်အထိ သူမစိတ်လွတ်ခဲ့ရသည်။
မင်းမောင်မောင် နင်ကဘာမို့လဲ။
နင်မရှိတော့ရင် ကိုကို့စိတ်က ငါဆီလည်လာမယ် ထင်ခဲ့တာ အမှားကြီးမှားတာပဲ။ နင်သေမှအေးမှာ။

“ဒုန်း ဒုန်း”

လွှင့်ပစ်စရာ ကုန်သွားသဖြင့်
စားပွဲအား တဒုန်းဒုန်းထုနေပြန်သည်။
ဤသည်မှာ သူတို့မိသားစု၏ နေ့စဥ်ဘဝ ဖြစ်ကာ
ခဏနေ အိမ်အလုပ်သမားများက
စွေသောမိုး ဖွသမျှအား လာရှင်းပေးပေလိမ့်မည်။

“သား”

ကြည်သာမောင်မှာ မိခင်အား စိမ်းစိမ်းကြီး
ကြည့်နေသော
တံခါးအကွယ်မှ သားဖြစ်သူအား
ဆွဲထုတ်ကာထွေးပွေ့လိုက်သည်။
စိတ်အခြေအနေခန့်မှန်းမရလောက်အောင် တည်ငြိမ်နေသော မျက်နှာသေ
လေး၏အောက်တွင် သူ၏နုနယ်သော စိတ်ကလေးသည် ဘယ် လောက်
တောင် အနာတရဖြစ်နေလိုက်မလဲ။

“ဒယ် ဒီတောင်းပန်ပါတယ် သားရယ်”

လူမှန်းသိတတ်စ အရွယ် တည်းက
မိဘနှစ်ပါး ရန်ပွဲအား
ပွဲကြည့်ပရိတ်သတ်လို ထိုင်ကြည့်နေခဲ့ရသော ကလေးငယ်ငယ်လေး၏ ရင်မှာ
နှစ်ပေါင်းတစ်ဆယ်ကျော်လာသည့်တိုင်အသားမကျသေး။
လက်သီးလေးတင်းနေအောင်ဆုပ်ကာ
တောင့်တင်းအေးစက်နေသော
ဆယ်ကျော်သက်အရွယ် လူကြီးပေါက်လေးအား
ကြည်သာမောင် ထွေးပွေ့လိုက်သည်။

“မာမီ့ကို ပြန်ချစ်ပေး လိုက်ပါလား ဒယ်ဒီ”
“……”
“ဒါတွေသား နားလည်ဖို့ ငယ်ပါသေးတယ်ကွာ”

ကြည်သာမောင် သားအား သူလိုချင်သော
အဖြေပြန်မပေးနိုင်ခဲ့။
အချစ်ဆိုတာ လုပ်ယူလို့ရတဲ့အရာမှမဟုတ်ပဲသားရယ်။
နုနယ်တဲ့ နှလုံးသားထဲ ချစ်ခြင်းမေတ္တာအစား စိတ်ဒဏ်ရာတွေထည့်ပေးမိလို့
ဒယ်ဒီကပဲ ထပ်တောင်းပန်ပါရစေကွယ်။
စွေသောမိုးအပေါ် သူမချစ်နိုင်ရင်တောင် ဘာတာဝန်မှမပျက်ကွက်ခဲ့ပဲ သူမကသာ သူ့အပေါ်လောဘကြီးခဲ့တာဖြစ်ပါလိမ့်မည်။
အိမ်ထောင်ရေးနှင့် ပတ်သက်လျှင်သူ့ဘက်က တာဝန်မကျေခဲ့ဖူးတာမျိုးမရှိခဲ့ပေ။
မောင် နဲ့ ပတ်သက်ထိတွေ့ခဲ့တဲ့ အရာဖြစ်တဲ့ ဆရာဝန် အလုပ်ကို သူစွန့်လွှတ်လိုက်ပေမယ့် ကျွန်းလှမှ မိဘလက်ငုပ်လက်ရင်းဖြစ်သော
ငါးပုစွန် ပင်လယ်စာ လုပ်ငန်းကိုပင် ချဲ့ထွင်၍ လုပ်ခဲ့တာ
ခုဆို ရွှေဆောင်မှာ အကြီးဆုံးနှင့်
အအောင်မြင်ဆုံး ဖြစ်သော sea white ပင်လယ်စာ တင်ပို့သော ကုမ္ပဏီသည်ပင် အကောင်အထည်ပေါ်ခဲ့ပြီဖြစ်သည်။
စွေသောမိုး မှာ သားလေးမွေးပြီးသည့်နောက် စိတ်အခြေအနေမှာ တစ်နေ့တခြားပိုမို ဆိုးရွား လာကာ
အိမ်တွင် ကွဲတတ်သော ပစ္စည်းများသည် ဒီနေ့နောက်ဆုံးဖျက်ဆီးလို့ကုန်ပြီဖြစ်သည်။
ထမင်းဟင်း မချက်ပြုတ်စားသည်မှာ ကြာပြီဖြစ်ကာ
တစ်ဖက်အိမ်မှာပင် သွားစားကြလေသည်။
မြို့တော်ဝန်ကြီးမှာ လည်း မြို့တော်ဝန်အလုပ်မှ နားလိုက်ပြီး
ကျန်းမာရေးသည်လည်း တစ်နေ့တခြားဆိုးဝါးလာ၏။
ဒေါ်ထိပ်တင်မိုးမှာ ရတနာစိန်ကျောက်ပွဲစားအလုပ်အား အပြီးတိုင်နားလိုက်ကာ မြို့လယ်ခေါင်တွင် ရွှေဆိုင်ကြီးတစ်ဆိုင်အား အခြေတကျ ဖွင့်လိုက်လေသည်။
ကြည်သာမောင်မှာ
စွေသောမိုး ဘက်တစ်ချက်ကြည့်ကာ
သားအား ဆွဲခေါ်
ကာ တစ်ဖက်အိမ်ကူးလာလိုက်သည်။
ထို့နောက် မောင်တူးအား
တစ်ဖက်အိမ်တွင်သန့်ရှင်းရေးလုပ်ပေးရန် သွားပြောရသည်။
ဒေါ်ထိပ်တင်မိုးမှာ မျက်နှာ ပျက်နေသော သမက်ဖြစ်သူအား အကဲခတ်လျက်

“သူစိတ်ဖောက်နေပြန်ပြီလား သား”
“ဟုတ်တယ် မာမီ”
“မင်းကိုလည်း အားနာပါတယ် သားရယ် “

သူတို့မျက်စိထဲတွင် သမက်သည်
ဘာအပြစ်မှမရှိ။
သမီးဖြစ်သူမှာ နေ့စဥ်ရက်ဆက် အရက်သောက်လိုက်ပြဿနာရှာလိုက်ဖြစ်သော်လည်း သားမက်ဖြစ်သူမှာ သားအား ပြုစုလိုက် အလုပ်သွားလိုက်ဖြစ်သာ ပုံမှန်လည်ပတ်နေ၏။
သူတို့ လင်မယားကြားက ပြဿနာအတိမ်အနက်ကို ထဲထဲဝင်ဝင်မသိပေမယ့်
အစဥ်သဖြင့် မူးရူးသောင်းကျန်းနေသည်မှာ ကိုယ့်သမီးသာ ဖြစ်နေလျက်။
သားမက်အား မင်းငါ့သမီးကို ပြန်ချစ်လိုက်လို့ သွားခိုင်းစေရအောင်လည်း
ကိုယ့် စိတ် ကို ကိုယ်တောင်အစိုးမရတာ သူများကိုဘယ်လိုခြယ်လှယ်မှာတဲ့လဲ။
သမီး ဖြစ်သူ
ကိုယ်တိုင်က ဒီယောကျာ်းအား
လိုလိုချင်ချင်နဲ့ မို့ သဘောတူလက်ထပ်ပေးခဲ့သည့်တိုင် သားလေးမရခင်အထိ အဆင်ပြေခဲ့သလောက်
ခုတော့ မသောင်းကျန်းပဲ ပြီးသွားသည့်ရက်ကမရှိသလောက်။
ဆယ်ကျော်သက်အရွယ်လေး ကြည်သူမိုးမြေ့မှာ မိဘနှစ်ပါး၏ မရိုးနိုင်သော
ရန်ပွဲများအား ကြည့်ရင်း ကြီးပြင်းလာသော်လည်း တည်ငြိမ်လွန်းသည်။
ဆယ့်လေးနှစ်အရွယ်ထက်ကျော်လွန်ကာ အရပ်ကြီးမိုးထိုးနေလျက်
အဘွားဖြစ်သူကပင် ပြန်မော့ကြည့်ယူရသည်အထိ။ မျက်နှာပေါက်လေးမှာ ဖခင်နှင့်တူသော်လည်း
မေးချိုင့်လေးများမှာ
မိခင်ဖြစ်သူထံမှ ရခဲ့သော တစ်ဦးတည်းသော ဖြစ်တည်မှုလေးဖြစ်ခဲ့သည်။ကြည်သူလေးမှာ
အဘွားဖြစ်သူအား တစ်ချက်ကြည့်ကာ
အပေါ်ထပ်အဘိုးရှိရာသို့ တက်သွားလေသည်။
အဘိုးဖြစ်သူအား အလွန်ချစ်ပုံရကာ
အားလပ်ချိန်များတွင် အဘိုးနားတွင်သာ အနေများ၏။
အဘိုးဖြစ်သူမှာလည်း ဗုဒ္ဓဘာသာ
မှ ခရစ်ယာန်ဘာသာ ဝင်အဖြစ်သို့ပြောင်းကာ သူ့အမွေပစ္စည်းများအား မြေးနှစ်ဆယ့်ငါးနှစ် အိမ်ထောင်ကျပြီးလျှင် အမွေပေးရန် သေတမ်းစာ ချန်ထားခဲ့သည်အထိ။
ဒေါ်ထိပ်တင်မိုးမှာ သားမက်ဖြစ်သူအား
တစ်ချက်ကြည်ကာ

“သူပြန်လာမယ် သား”

သူ ဆိုတာ ဘယ်သူ့ကို ရည်ညွှန်းလဲသိသည်မို့ ကြည်သာမောင် မှာ ရင်တွင်း ငလျင်အသေးစားလေး ဖြတ်ပြေးသွားလေသည်။

“ဘယ်တော့လဲ မာမီ”
“ဒီညနေ ဖလိုက်နဲ့”
“စွေသော နဲ့အဆင်ပြေပါ့မလား မာမီ
ကျတော် ဒီဘက်မလာတော့ဘူး”
“အဟင်း ဘာအဆင်မပြေစရာ ရှိမှာလဲကိုကို ဒီလောက်နှစ်တွေအကြာကြီး
မောင်မောင့် ကို ကျမလည်းတွေ့ချင်ပါတယ်နော်”
“သမီး”

ဒေါ်ထိပ်တင်မိုးက လက်ဖဝါးတွင် သွေးများရဲနေကာ အိမ်ထဲဝင်လာသော
သမီးဆီပြေးသွားလိုက်သည်။

“ဥ ရေ ဆေးသတ္တာလေးယူခဲ့ပါဦး”
“ရပါတယ် မာမီရဲ့ မောင်မောင် လာမှာကို ဘာလို့ သမီးကို ကြိုမပြောတာလဲ
မောင်မောင် က မာမီတို့သား ဖြစ်ခဲ့သလို့ သမီး အစ်ကိုလည်း ဖြစ်ခဲ့တာပဲကို”

ထူးထူးခြားခြား လေသံရော
အမူအယာပါပြောင်းနေသော
ဇနီးဆီ ကြည်သာမောင်မှာ နားမလည်စွာ လိုက်ကြည့်နေ၏။
ဥဥဆီ မှ ဆေးသေတ္တာ ယူလိုက်ကာ
သူ့ဇနီးလက်တွင် သူပင်ဆေးထည့်ပေးကာ ပလာစတာကပ်ပေးလိုက်သည်။

“မျက်နှာ က ဘာလဲကိုကို
ကိုကို သိပ်ချစ်တဲ့ သူငယ်ချင်း လာမှာကို မပျော်တာ တော့မဟုတ်ပါဘူးနော်”

လေသံသည် ခနဲ့တာတို့ စိတ်ဆိုးတာတို့မပါသော် လည်း မကောင်းသော
အငွေ့အသက်ကို ကြည်သူခံစားလို့ရသည်။
ခုချိန် စွေသောမိုး၏ စိတ်အခြေအနေမှာ သာမန်မဟုတ်။ လွန်ခဲ့သော တစ်နှစ်အထိ စိတ်ကျန်းမာရေးဆရာဝန်နှင့် ပြတာ လက်ခံသေးသော်လည်း နောက်ပိုင်း သူမအရူးမဟုတ်ဟိုဆိုကာ
လက်မခံတော့။
မောင်ပြန်လာမှာကို မပျော်တာမဟုတ်ပေမယ့် သူ့စိတ်ထဲလေးလံနေ၏။
***************
ချည်ကွက်ပုဆိုးကို ကော်လည်ကတုံးအဖြူနှင့် တွဲဝတ်ထားကာ
တည်ကြည်ရှင်းသန့်နေသော မျက်နှာက စိတ်လှုပ်ရှားမှုကြောင့် ချွေးအနည်းငယ်စို့နေ၏။
ဧည့်သည်များစောင့်သော နေရာတွင် ထိုင်နေရာမှ ထလာကာ ဟိုဘက်ဒီဘက် ဖြတ်လျှောက်နေမိတာ ဘယ်နှစ်ကြိမ်မြှောက်မှန်းပင်မသိတော့။ သက်လတ်ပိုင်းအရွယ်
လူချောလူခန့်ကြီးမှာ မိမိတို့ရှေ့ ဟိုဒီဖြတ်လျှောက်ကာ ဟန်ရေးပြနေသလိုဖြစ်နေလျှင် ခရီးသည်လာကြိုကြသော အမျိုးသမီးကြီးကြီးငယ်ငယ်များမှာ
ဗို့အားပြင်းသော မျက်လုံးများဖြင့်
မျက်စိအစာကျွေးတော့သည်။
ကြည်သာမောင်မှာ ထိုမျက်လုံးစိမ်းများအား အာရုံမရ။
လွန်ခဲ့သော နှစ် နှစ်ဆယ်က မိမိအား
အနမ်းတစ်ပွင့် နှင့်ချွေးသိပ်ခဲ့သော
ကောင်လေး မင်းမောင်မောင်သည်
ခုနေဘယ်လိုဘယ်ပုံရှိနေမလဲ ။
မိနစ်ပိုင်းလောက်အလိုတွင် တွေ့ရတော့မှာ ဆိုပေမယ့် ကြည်သူစိတ်လှုပ်ရှားမိသည်။
ဇနီးဆီမှ ခွင့်ပြုချက်ရ၍ လာကြိုတာဖြစ်သည့်တိုင် ဒီလူသားအား
နှစ်ပေါင်းများစွာကြာသည့်တိုင် မမေ့နိုင်သည့် သူ့စိတ်သူသာ အသိဆုံးမို့ စွေသောမိုးအပေါ်တွင် သူ့အပြစ်သည်
လည်း များပါ၏။
ခရီးသည်များ အလိုလို ထွက်လာကြပြီဖြစ်သည့်တိုင် သူတွေ့ချင်သော လူသားလေးမှာ ပေါ်မလာသေး။
အချိန်မှားသွားတာလား။
နာရီကြည့်လိုက်တော့ သုံးနာရီခွဲတိတိ။
ခရီးသည်များ ကျဲသွားသော အခါ
သက်လတ်ပိုင်းအရွယ် အမျိုးသားလေးတစ်ယောက်မှာ နက်ပြာရောင်အနောက်တိုင်းဝတ်စုံအား
စမတ်ကျကျ ဝတ်ဆင်လျက် အေးဆေးသော ခြေလှမ်းများဖြင့် ကြည်သာမောင်ရှိရာ ရွှေ့လာ၏။
ကြည်သူမှာ နေရာတွင် ကြက်သေ သေလျက် ရပ်နေ၏။
ဟိုတုန်းကနှင့်စာလျှင် ကိုယ်ရည်ပိုစစ်သွားကာ ခန္ဓာကိုယ်မှာ ပို၍သွယ်လျသွားသယောင်။
နဂိုညိုသော အသားက ပို၍ညိုနေကာ
စိုပြောင်နေ၏။
သေသေ ချာချာ ပုံဖော်၍ ညှပ်ထားသော ဆံပင်ပုံစံမှာ ဟိုတုန်းကနဲ့စာလျှင်ကွဲပြားစွာ။ ခရီးဆောင်အိတ်အား ဆွဲလျက် သူ့ဆီတန်းတန်းမတ်မတ်လျှောက်လာကာ
တစ်လံအကွာတွင်ရပ်လျက်
ကော့ညွှတ်သွားသော နှုတ်ခမ်းကြောင့်
နှုတ်ခမ်းထောင့်မှ မှည့်လေးမှာ နေရာအနည်းငယ်ရွေ့သွားသယောင်။

“မောင် “
“မင်း မောင်မောင်”
“မတွေ့တာကြာပြီ သာမောင်”

ကြည်သာမောင်မှာ ထိုလူသားလေးအား အပြေးဖက်ကာ
ကျောကုန်းအား တဘုန်းဘုန်းထု၏။
အားမှာ မသေးလှတာမို့
မင်းမောင်မောင်မှာ ကျောလေးကော့သွားသော်လည်း မတားဆီးရက်။
ကြည်သာမောင်ဆိုသော
ဖြစ်တည်မှုသည် မိန်းမတစ်ယာက်၏အပိုင်ဖြစ်နေသည့်တိုင်
ကလေးတစ်ယောက်၏ အဖေဖြစ်နေသည့်တိုင်
ချောမောခန့်ညားနေဆဲ။
နှုတ်ဆက်တာ တော်သင့်ပြီဟု
ယူဆမိသော အချိန်တွင် မင်းမောင်မောင်က ကြည်သာမောင့်ရင်ခွင်ထဲကရုန်းထွက်လိုက်သလို ကြည်သာမောင်မှာလည်းအသာဖြေလွှတ်ပေးလိုက်သည်။
မင်းမောင်မောင်က စိုရွှဲသွားသော ပုခုံးစွန်းအား တစ်ချက်ငဲ့ကြည့်ကာ

“ကလေးအဖေတောင်ဖြစ်နေပြီ မရင့်ကျက်သေးဘူးလား သာမောင်”
“အင်း မင်းကတော့ သိပ်ကို ရင့်ကျက်ပါတယ် မောင်”

ကြည်သာမောင်က
မင်းမောင်မောင် လက်ထဲမှ ခရီးဆောင်အိတ်အား လှမ်းယူကာ ကားဆီလျှောက်လာလိုက်သည်။
ကားပေါ်ရောက်သည်နှင့် မင်းမောင်မောင်က ကားတွေလည်း ပိုများလာလျက်
လမ်းဘေးဝဲယာ အထပ်မြင့်အဆောက်အအုံများဖြင့် ပြည့်လာသော ရွှေဆောင်မြို့အား ငေးကာ စကားတစ်ခွန်းမှမဆိုပဲလိုက်ပါလာ၏။

“အဆင်ပြေလား သာမောင်”
“အင်း”
“ဖေဖေ့ ကျန်းမာရေး ကြောင့်ပြန်လာတာ”
“သိတယ်”

ကြည်သာမောင်မှာ
ကိုယ့်ကြောင့်မဟုတ်ဘူးဆိုတာကိုထည့်မပြောဖြစ်။
စည်း ဆိုတာ ကျော်လို့ကောင်းတဲ့အရာမဟုတ်။
သူနဲ့ကိုယ့်ကြားက စည်းသည် ကိုယ့်စိတ်ကို မနိုင်သော သူ့ကြောင့်။
လူညိုချောလေးမှာ
စိတ်အခြေအနေကို ခန့်မှန်းလို့ မရအောင် တည်ငြိမ်နေလျက် ကားအပြင်ဘက်သို့သာ ငေးရင်း
ခေမာမြိုင်ဆီရောက်လာလေသည်။
ပေါ်တီအောက်တွင် ဖေဖေ
နှင့်သားမှ လွှဲလျှင် မိသားစုအစုံအလင်ရှိနေ၏။
စွေသောမိုးမှာ အနီရဲရဲမြန်မာ ဝတ်စုံအား ဝတ်ကာ မျက်နှာအား အစွမ်းကုန်ခြယ်သထားလေသည်။

“သား”
“မေမေ”
“ချောလာလိုက်တာ ငါ့သားရယ် “

ဒေါ်ထိပ်တင်မိုးက သူ့ထက်ခေါင်းတစ်လုံးစာမြင့်သော့ သားဖြစ်သူအား ကလေးတစ်ယောက်လို ထွေးပွေ့ကာပွတ်သတ်နေပြန်သည်။

“အငယ်”
“မောင်မောင်”

မင်းမောင်မောင်က အရင်ကနှင့် စာလျှင်ပို၍ ပိန်ပါးလာကာ မာန်တစ်မျိုးကိန်းဝပ်နေသော စွေသောမိုးအားပွေ့ဖက်လိုက်သည်။
အိမ်ထဲ လှမ်းဝင်လိုက်သည့်တိုင် အနှစ်နှစ်ဆယ်လောက် ဝေးကွာသွားသော နေရာမို့ သူ့အတွက်အသစ်လိုပင်။
အရင် သူနေခဲ့သော အခန်းတွင်ပင် အဝတ်အစားအိတ်အား ပြန်ထားကာ ဖေဖေအခန်းဆီဝင်လာလိုက်သည်။
တစ်ချိန်က မြို့တော်ဝန်ဟူသော ဂုဏ်ပုဒ်နှင့်အညီ ထည်ဝါခန့်ညားခဲ့သော ယောကျာ်းကြီးသည် အရိုးပေါ်အရေတင်လျက် အိပ်ရာပေါ်လဲနေ၏။
လေဖြတ်ပြီး အောက်ပိုင်း ချိ သွားသည်မို့ အပေါ့အလေးသွားတာကိုပင် ကိုယ်တိုင်မလုပ်နိုင်တော့။
ထို လူမမာကြီး၏ ဘေးတွင် စာအုပ်တစ်အုပ်အား ကိုင်လျက်
ဖတ်ပြနေသော သာမောင်နှင့် ဆင်ဆင်တူသော လူငယ်လေးမှာ သာမောင့်သားလေးမှန်းသိလိုက်သည်။

“အဟမ်း”

မင်းမောင်မောင်၏ ချောင်းဟန့်သံကြောင့် လူငယ်လေးမှာ သူ့ဘက်လှည့်ကြည့်လာကာ လူမမာကြီး၏ မျက်လုံးများသည်လည်း သူ့ဆီရွှေ့လာ၏။

“သား”

သူ့အားမြင်သည်နှင့်
အိပ်ရာမှ ကုန်းရုန်းထဖို့ပြင်နေလျှင်
မင်းမောင်မောင်က ကုတင်ပေါ်တင်ပါးလွှဲထိုင်လိုက်ကာ
မျက်ရည်မျာယ ရစ်ဝိုင်းနေသော
မျက်လုံး များအား ပုဝါစလေးဖြင့်ဖိသုပ်ပေးလိုက်သည်။

“ဘိုး က စကားအများကြီး မပြောနိုင်တော့ဘူး”
“အင်း ဦးကိုသိလား”

ကြည်သူမှာ ခေါင်းအသာငြိမ့်ပြလိုက်သည်။ ဒယ်ဒီ့ဒိုင်ယာရီထဲမှ မောင်
ကိုသူမသိပဲနေပါ့မလား ။
ဒယ်ဒီ့ အံဆွဲထဲက ထိုဒိုင်ယာရီကို မာမီတွေ့သွားကာ ထိုညက စကား အကြီးအကျယ်များခဲ့သည်။
မာမီဆုပ်ဆွဲကာ လွှင့်ပစ်လိုက်သော
စာအုပ်လေးအား သူကောက်ယူသိမ်းထားခဲ့သည်။
ဒိုင်ယာရီထဲတွင် ကြားညှပ်ထားသော ဖြူမဲ ဓာတ်ပုံလေးထဲမှ ဒယ်ဒီနှင့် ရယ်ပြုံးကာ ပခုံးချင်းဖက်နေသော အမျိုးသားမှာ ထိုလူပင်။
ဒယ်ဒီ မာမီ့အပေါ် မချစ်နိုင်တာ ဒီလူ့ကြောင့်ဖြစ်ကာ
ဖြစ်ခဲ့သမျှ ရန်ပွဲတိုင်းသည်
ဒီလူ့ဆီ ဦးတည်၏။
မာမီ့နှုတ်ဖျားမှဒယ်ဒီနှင့်စကားများတိုင်း ပါနေကျ
နာမ် တရားသည် သူ့ရှေ့တွင် လူကိုယ်တိုင်ရှိနေ၏။
ကြည်သူက နှုတ်ပင်မဆက်တော့ပဲ
အဘိုးဖြစ်သူအခန်းထဲမှ ထွက်လာလိုက်သည်။
အိမ်ဘက်ပြန်လာတော့
ပုံမှန်ထက်ပို၍ တိတ်ဆိတ်နေ၏။
မာမီက ထမင်းစားခန်းတွင် နိုင်ငံခြားဖြစ်အရက်တစ်ဘူးအား အမြည်းမပါပဲ ထိုင်သောက်နေပြန်သည်။

“မင်းဒယ်ဒီ စိတ်ထဲက ဖောက်ပြန်နေတဲ့ ယောကျာ်းကို မင်းတွေ့ခဲ့လား သား”
“……..”
“တွေ့ခဲ့လားလို့””
“ခွမ်း”
အရက်ဖန်ခွက်လေးမှာ နံရံကို ထိလျက် လွှင့်စင်ကြေကွဲသွားလေသည်။
ဖန်ခွက်လေးနေရာတွင် သူ့စိတ်အား မြင်ယောင်မိသည်။
************
ဆယ်တန်းကျောင်းစဖွင့်သည်နှင့်
ကြည်သူမှာ စာကို အေးအေးဆေးဆေး
လုပ်ရန်ဆိုသော အကြောင်းပြချက်ဖြင့် ဘော်ဒါဆောင်တွင် ကျောင်းအိပ်ကျောင်းစား ပြောင်းနေလိုက်သည်။
မိသားစုဆိုသော လောက ငရဲနှင့် ဝေးသွားကာ သူ့စိတ်သည်လည်းပုံမှန်ပင်။
တနင်္ဂနွေတိုင်း ဘိုးဆီပြန်လာကာ သူတို့နေအိမ်ဘက်မကူးဖြစ် ပေ။
ဘော်ဒါရောက်ပြီး နှစ်လအကြာ..
မှတ်မှတ်ရရ ထိုနေ့က မိုးအသည်းအထန်ရွာနေ၏။
ညဆယ့်နှစ်နာရီကြီး ဘော်ဒါရှေ့တွင် သူ့အားအခေါ်လွှတ်သော
ခေမာမြိုင်မှ ကားတစ်စီးရောက်နေခဲ့သည်။ ကားဒရိုင်ဘာမှာ
အလွန်အမြန်လိုနေပုံရကာ သူ့အားစကားမဆို။
ခေမာမြိုင်အား ရောက်သည်နှင့်
တစ်အိမ်လုံးမီးများထိန်လင်းနေကာ
အိမ်ရှေ့တွင် ရုတ်ရုတ်သဲသဲ။
ကြည်သူလူအုပ်ကြီးထဲ တိုးဝှေ့ဝင်သွားလိုက်သည်။
အဝတ်ဖြူ လွှမ်းထားသော
လူနာတင်ယာဥ်ပေါ်မှ
တစ်စွန်းတစ်စကျနေသော ဆံပင်ရှည်ရှည်နှင့်အတူ
လက်အဖြူသေးသေးလေးတစ်ခု။
“ဒယ်ဒီရော…..”
ဘွားဘွားထိပ်တင်မိုးမှာ
မြေးဖြစ်သူအား အဖြေပြန်မပေးနိုင်ခဲ့။
ထို ညက မင်းမောင်မောင်သည် မြို့တော်၌ သူ့အသိ အင်္ဂလန်နိုင်ငံသား ဆရာဝန် ရောက်နေသည်ဟု
ဆိုကာ မနက်စောစော မြို့တော်သို့သွားရန် ဒေါ်ထိပ်တင်မိုးအားခွင့်တောင်းခဲ့သည်။
နောက်
နေ့ မနက်တွင် စွေသောမိုးမှာ
ယခင်နေ့များနှင့်အတူ အလွန်ပျော်ရွှင်
နေကာ မင်းမောင်အိမ်ကမထွက်မီ
မတွေ့တာကြာပြီဖြစ်သော သူငယ်ချင်းများနှင့်ပင်ချိန်း ကာ စျေးဝယ်ထွက်သွားလေသည်။
သားမက်ဖြစ်သူမှာ မင်းမောင်မောင် တစ်ယောက်တည်း ခရီးဝေးအား စိတ်မချဟုဆို ကာ မိမိဆီ လိုက်သွားရန်ခွင့် တောင်း သဖြင့် လိုက်ခွင့် ပြုလိုက်လေသည်။
နေ့လယ်လောက်တော့ သမီးဖြစ်သူမှာ ဝုန်းဒိုင်းကြဲကာ ပြန်ရောက်ချလာ၏။

“မာမီ”
“မာမီ”
“ဘာဖြစ်တာလဲသမီး”
“ကိုကို ရော ကိုကို ဒီနေ့ကုမ္ပဏီမသွားဘူးလား”
“ကိုယ့် ကုမ္ပဏီ ပဲကို တစ်ရက်တစ်လေ မသွားတာ ဘာဖြစ်မှာ မို့လို့လဲ
မင်းမောင်တစ်ယောက်တည်း စိတ်မချလို့ မာမီထည့်လိုက်တာ”
“ဘာ “
“အားးး”
“မဖြစ်ရဘူး “

ဘယ်လိုလုပ် မိမိ အပြင်မသွားမီကုမ္ပဏီ သွားဖို့ ပြင်ဆင်နေတဲ့ ကိုကိုက မင်းမောင်မောင်နောက်လိုက်သွားရတာလဲ။
မင်းမောင်နောက်လိုက်သွားသည်ဆိုရုံနှင့် အရူးတစ်ယောက်လို ဆံပင်ရှည်ထဲ လက်ထိုးဖွကာ ဂယောင်ချောက်ချားဖြစ်နေသော သမီးဖြစ်သူအား
ဒေါ်ထိပ်တင်မိုးနားမလည်တော့။

“မင်းမောင်မောင် ပဲသေရမှာ
ကိုကိုပါလို့မရဘူး”

“သမီး မာမီ့ကို ပြောစမ်း မင်းမောင်က ဘာလို့သေရမှာလဲ”
“ဟားးးဟားးး ကားဘရိတ်ကြိုးကို ဖြတ်ထားလိုက်တာ အီးးးဟီးးး ကိုကို့ကို ဘာလို့ လိုက်သွားခိုင်းလိုက်ရတာလဲ မာမီ
ကိုကို သေရင် မာမီ့ကြောင့်”

ပြောရင်း ဒေါ်ထိပ်တင်မိုးအား ခုန်အုပ်ကာ လည်ပင်းလှမ်းညှစ်လေသည်။
သမီးဆီမှ ကြားရသော စကားများကြောင့် အိပ်မက်လိုလို တကယ်လိုလို ဖြစ်နေသော ဒေါ် ထပ်တင်မိုးမှာ သမီးဖြစ်သူ ခုလိုလုပ်လိမ့်မယ် ထင်မထားတာ ကြောင့် မှင်သက်နေ၏။

“မာမီ တောင်း..တောင်းပန်ပါတယ်”

စွေသောမိုးသည်
မျက်လုံးများပြူးကာ အားနည်းလည်သော ဒေါ်ထိပ်တင်မိုးအားတွန်းလွှတ်ပြီး
တစ်ဖက်အိမ်သို့ ပြေးသွားကာ အခန်းထဲမှ လောခ့်ချထား လိုက်လေသည်။
မောင်တူးနှင့် ဥဥအား စောင့်ကြည့်ခိုင်းထားခဲ့ကာ
မြို့တော်သို့ ဒေါ်ထိပ်တင်မိုးကိုယ်တိုင် တက်လိုက်ရသည်။
သို့သော်လည်း အရာရာသည်အချိန်နှောင်းသွားခဲ့လေသည်။
မြို့တော်မရောက်မီ လမ်းတစ်ဝက်တွင် သေမင်းတမန်ချောက်ဟု နာမည်ကြီးသော လမ်းကွေ့တစ်နေရာ ချောက်နက်ကြီးထဲတွင် ခေမာမြိုင်မှ မင်းမောင်မောင်နှင့် ကြည်သာမောင်တို့ စီးသွားသော ကားနီနီလေးသည်
မီးလောင်ကျွမ်းလျက်အငွေ့တလူလူထွက်လို့နေလေသည်။.ကားရှေ့ခြမ်းသည် လုံးဝ အမဲရောင်သို့ပြောင်းကာ
နောက်ပိုင်းတစ်စွန်းတစ်စ အနီရောင်ဖြစ်ကြောင်းသိရ၍ ခေမာမြိုင်မှကားဟု သိရခြင်း။
အလောင်းကိုမဆိုထားနှင့် ချောက်ထဲမှ ကားကိုပင် ထုတ်ယူ၍မရနိုင်တော့။
သက်ဆိုင်ရာအားအကြောင်းကြားကာ
အစွမ်းကုန်ကြိုးစား ကြည့်သေးသော်လည်း ဘယ်လိုမှ မဖြစ်နိုင်တော့ လက်လျှော့ခဲ့ရလေသည်။
ရွှေဆောင်ပြန်ရောက်တော့ ညဆယ်တစ်နာရီခန့်ရှိပြီဖြစ်ကာ အပူမအေး
သေး။
နေ့လယ်ကတည်း က တံခါးလောခ့်ချသွားသော စွေသောမိုးအခန်းအား
သော့အပိုဖြင့် ဖွင့် ဝင်လိုက်ရာ
အိပ်ဆေးအလွန်အကျွံသောက်လျက်
မေ့မျောနေသော သမီးဖြစ်သူအားတွေ့လိုက်ရပြန်သည်။
ထို့နေ့ကား ခေမာမြိုင်၏ ဂြိုလ်ဆိုးမွှေသောနေ့ဆိုလည်းမမှား။ ။

မိုချီ(ခတ္တလူ့ပြည်)

နောက်တစ်ပိုင်းဆို ကြည်သူနဲ့ နန်းဦး ပြန်လာပါပြီနော်

Tags: read novel Wrong Time Right Person(Completed) part15(unicode), novel Wrong Time Right Person(Completed) part15(unicode), read Wrong Time Right Person(Completed) part15(unicode) online, Wrong Time Right Person(Completed) part15(unicode) chapter, Wrong Time Right Person(Completed) part15(unicode) high quality, Wrong Time Right Person(Completed) part15(unicode) light novel, ,

Comment

Leave a Reply

Chapter 30