Wrong Time Right Person(Completed) part(20)unicode

A+ A-

wrong time right person

အပိုင်း(၂၀)

“အို့ အို့ အို့ အို့ လာလာ လာ”
ထမင်းနှင့် ငါးအားရောနယ်ထားသော
အနားချိုင့်စတီးခွက်အား. တစ်ချက်လှည့်ကြည့်ဖော်ရကာ
သူ့သခင်ခြေရင်းတွင်ပြန်လှဲနေ၏။
သခင်ဖြစ်သူသတိမရမချင်း အစာစားမည့်ပုံမပေါ်ကာ မီးခိုရောင် မျက်ဝန်းများမှာ စတွေ့တုန်းကထက်
ပို၍ အရောင်ဖျော့လာလေသည်။
သူ့သခင်လက်အား အပ်နှင့် ဖောက်ကာ
ဆေးသွင်းပြန်တော့ သူ့သခင်အား တစ်ခုခုလုပ်သည်ထင်ကာ
ဆရာ မိုးလုံးအား ရန်တွေ့နေသေးသည်။
သူ့ခန္ဓာကိုယ်မှ အနာတရများအား
ဆေးထည့်ပေးတော့လည်း ငြိမ်ခံနေပြန်၏။
သူ့သခင်မရှင်လျှင် သူလည်း မရှင်ရန်စိတ်ပိုင်းဖြတ်ထားပုံရကာ
နှစ်ရက်မြှောက်နေ့ထိ
အစာမစားပဲ တင်းခံနေ၏။

“အစာမစားပြန်ဘူးလား ထိန်သာ”
“ဟုတ်တယ် ဆရာ”

ဆရာက အိမ်ရှေ့တွင် ထန်းရွက်မိုး ထရံကာ တဲလေးတွင် ဆေးပေးခန်းလေးဖွင့်ထားလေသည်။
ဆေးဖိုးဝါးခဟူ၍ သီးသန့်မယူပဲ
ဖလားတစ်ခုသာထားကာ
ဆေးလာကုသူများမှာ ထည့်ချင်သလောက်ထည့်သွားကြသည်။ဆေးဖိုးဝါးခမတတ်နိုင်သူများအား
အခမဲ့ကုသပေးသည်မို့
ဒီနယ်တစ်ဝိုက်တွင် ဆရာမိုးလုံးသည်
ကယ်တင်ရှင်နတ်သားတစ်ပါးပင်။

“ကောင်လေးခမျာ လူရည်သန့်လေး
ဘယ်ကနေဘယ်လို ဒုက္ခတွေရောက်လာတယ်မသိဘူး”
“ဆရာကယ်ပေလို့ပေါ့”

ထိန်သာနှင့်
မှာ လူနာကြည့်သော
သစ်သားကွပ်ပျစ်လေးတွင်ထိုင်၍ပြောဆိုနေကြခြင်း။
မနေ့ကတစ်နေ့လုံး ထိုလူသားလေးမှာ သတိလစ်နေရင်း ကိုယ်ပူကာ အဖျားတက်သေးသည်မို့ ဆရာမိုးလုံးနှင့် ထိန်သာမှာ တစ်လှည့်စီစောင့်ကြည့်နေရသည်။

“ဝါးးးးးးး”

ထိန်သာက တစ်ညလုံး ကောင်လေးဘေးတွင် အိပ်စောင့်ရင်းနိုးတစ်ဝက်အိပ်တစ်ဝက်မို့ အိပ်ရေးမဝတာကြောင့်တစ်ချက်သမ်းဝေလိုက်သည်။
ဆရာမိုးလုံး၏ ခင်ပွန်း ရွာခေါင်းဆောင်
ဦး နေသာမှာ ကောင်းလေး၏
အဖော်များအားတွေ့လိုတွေ့ငြား
ရွာသွား ငါးယောက်နှင့်အတူ ကောင်လေးမျှောလာသော ချောင်းရိုးအတိုင်း
ဆန်တက်သွားကြသည်။
“မင်း တစ်ရေးသွားအိပ်လိုက်လေထိန်
သာ “
“ဝုတ်.. ဝုတ်”
“မီးခိုး အသံကြားတယ်ဆရာ
ကျတော်သွားကြည့်လိုက်မယ်”

ထိန်သာက ဆေးပေးခန်းမှထွက်သွားကာ အိမ်နောက်ဘက်မှ သစ်သားခြေတံရှည်အိမ်သွားလိုက်သည်။
ရေနံခြေးဝနေသော သစ်သားခြေတံရှအိမ်ကြီးမှာ အိမ်အောက်ဖက်တွင် မီးဖိုခန်းနှင့် ထမင်းစားခန်း အိပ်ခန်းလေးတစ်လုံးသာထား၍အခန်းဖွဲ့ထားကာ ရှေ့ဘက်တွင် အကာမထားပဲ စားပွဲတစ်လုံးနှင့် သစ်သားခုံ အား တစ်ဖက်တစ်ခုံ ထားထားလေသည်။
ကောင်လေးမှာ မနေ့ကအလောတကြီးအခြေအနေမို့ အိမ်အောက်ထပ်အခန်းမှာ ပင်ထားဖြစ်လိုက်သည်။
မီးခိုးက ထိန်သာအားမြင်သည်နှင့် သူ့သခင်ထားသော အခန်းဆီပြန်ဝင်သွားလေသည်။
ထိန်သာအခန်းထဲဝင်ကြည့်လိုက်တော့ သတိရပြီဖြစ်သော ကောင်လေးမှာ
အိပ်ရာထောင့်တွင် ကပ်လျက် ဒူးလေးနှစ်ဖက်ကြားခေါင်းထည့်ကာ
မျက်ရည်တွင်တွင်ကျနေလေသည်။

“ဆရာရေ….သတိရလာပြီဗျ”
“ဆရာ…”
“ဝေ့ လာပြီ “

ဆေးပေးခန်းလေးဆီမှ ဆရာမှာ အိမ်ဆီအပြေးအလွှားရောက်လာလေသည်။

“ဘယ်နားက နာနေလို့လဲ လူလေး”

ဆရာမိုးလုံးမေးတော့ ခေါင်းသာ တွင်တွင်ခါလျက်
အခန်းထောင့် ပို၍ကပ်သွားလေသည်။
မီးခိုးမှာ သူ့သခင်ဆီပြေးသွားကာ
မျက်ရည်များနှင့် မျက်နှာ အား လျှာဖြင့်ပွတ်သပ်၏။
မျက်ရည်များနှင့် မျက်လုံးဝိုင်းလေးမှာ ထိုအခါမှ ရွေ့လျားလာကာ
မီးခိုးအားထွေးပွေ့ကာ
အသံမထွက်ပဲ လေသံလေးဖြင့် ကိုယ်လေးတုန်သည်အထိငိုကြွေးပြန်သည်။

“မီးခိုး ခဏဖယ် မင်းသခင်ကို ကြည့်ပေးရဦးမယ်”

ဆရာမိုးလုံးဆိုတော့ မီးခိုးမှာ နားလည်သလို ကောင်လေးဆီမှအသာဖယ်ခွာလိုက်သည်။

“မင်းသခင်လည်း သတိရပြီ ဆိုတော့
မင်းလည်း ထမင်းလာစား မီးခိုး အို့ အို့”

ထိန်သာ ခေါ်တော့ ထမင်းခွက်နား အသာကပ်သွားကာ
ရှေ့ရက်တွေက မစားခဲ့ရသမျှ အတိုးချကာ ခေါင်းမဖော်စတမ်းစားတော့သည်။

“ဆရာတို့ က လူဆိုးမဟုတ်ပါဘူး
ဟို အစ်ကို က မင်းကို ချောင်းထဲကကယ်လာတာ”

ထိန်သာ့ဆီလက်ညှိုးညွှန်ကာ ဆရာပြောတော့ မျက်ဆံနက်လေးမှာ 
ထိန်သာရှိရာ ရွေ့ဖော်ရလေသည်။

“မနေ့က မင်းသတိလစ်ရင်းနဲ့ အဖျားလည်း ကြီးသေးတာ နဲနဲလောက်ထပ်ကြာသွားရင် မင်းကိုလက်လွှတ်ရတော့မလို့ ခုတော့ ပြင်ပစင်းရာခြစ်ရာတွေပဲကျန်တော့တယ်”

ဆရာမိုးလုံးက တံတောင်ဆစ်နားမှ လက်ဖမိုးအထိ အနီရောင်အစင်းကြောင်းကြီးအား ညင်သာဖွဖွထိကာ ပြောခြင်း။
ကောင်လေးက ကြောက်လန့်တကြား လက်ပြန်ရုတ်၏။
အသားမှာ စလင်းကျောက်လေးလိုကြည်ကာ တိမ်စိုင်လိုဖြူ၏။
ထို့ကြောင့် စင်းရာခြစ်ရာနီနီရဲရဲများသည် ပို၍ထင်သာကာ မြင်ရက်စရာမရှိ။
ဆရာမိုးလုံးမှာ သူ့ကိုယ်အား အထိမခံသော လူသားလေးကြောင့်
ခြေမကိုင်မိလက်မကိုင်မိ။
ထမင်းစားပြီးသော မီးခိုးမှာ သူ့သခင်ဘေးတွင် ဘေးချင်း ယှဥ်လျက် ဝင်ထိုင်လေသည်။

“တွေ့လား ဒီကောင်ကြီး မင်း သတိမရမချင်းထမင်းမစားဘူး
စိတ်ချ ဦးလေးတို့ မင်းကို တစ်ခုခုမကောင်းတာလုပ်တာနဲ့ ဒီကောင်ကြီးလက်က လွှတ်မှာမဟုတ်ဘူး
လောလောဆယ် မင်း ကိုယ်က ဒဏ်ရာတွေကို ရေနွေးလေးနဲ့သန့်ရှင်းပြီးဆေးထည့်ရမယ်”
“……”

စကားမဆိုသော်လည်း လက်လေးရှေ့ထိုးပေးလာ၏။
ဆရာမိုးလုံးပြောတာလက်ခံသည့်ပုံ။

“ထိန်သာ ရေ ရေနွေးလေး ယူခဲ့
ပြီးရင် ဆန်ပြုတ်လေး ပူနေအောင် မီးဖိုပေါ်ကောက်တင်ထား”

အဖျားရှိမရှိပို၍သေချာစေရန်
ဆရာ မိုးလုံးက ပြဒါးတိုင်လေးအား
ပါးစပ်ထဲ ထည့်၍ အဖျားတိုင်းလိုက်သည်။
ထိန်သာ က ကောင်လေးအနေခက်မည်စိုးသဖြင့် ရေနွေးခွက်နှင့် တဘက်ပိုင်းတစ်ခုအား
ဆရာ့နားထားခဲ့ကာ ဆန်ပြုတ်တည်ထားရာ မီးဖိုချောင်သို့ ပြန်ဝင်လာလိုက်သည်။
မနက်တည်းက နူးအိနေအောင် ပြုတ်ထားသော ဆန်ပြုတာအား
ပြန်နွေးရုံပဲမို့ ပွက်လာသောအခါ မီးဖိုပေါ်မှ ချလျက်
ပန်းကန်လုံးအလတ်စားလေးထဲ
တစ်ဝက်လောက်ခပ်ထည့်ကာ
အောက်မှပန်းကန်ပြားလေး
ခံလျက် ယူလာလိုက်သည်။
ထိန်သာ ရောက်တော့ ကောင်လေးမှာ
ရေပတ်သုပ်ပြီး အဝတ်အစားလဲထားသည်ကိုတွေ့ရသည်။

“ဆန်ပြုတ်စားလိုက်ဦး လူလေး
ရလား ဦးလေးခွံရမလား “

ခေါင်းအသာခါပြကာ

ဆန်ပြုပန်းကန်အားရှေ့သို့ တိုးပေးတော့ တစ်စွန်းခပ်စား၏။
နှစ်စွန်း။
သုံးစွန်း။
ထို့နောက်ကးပန်းကန်လုံးထဲမှ ဆန်ပြုတ်များ အကုန်ကုန်သွားသောအခါ
ဆန်ပြုတ်လက်ရာပိုင်ရှင်
ထိန်သာ၏ မျက်နှာမှာဝင်းလက်သွားတော့သည်။
ဆရာက ကောင်လေးနှုတ်ခမ်းထောင့်တွင် စွန်းနေသော ဆန်ပြုတ်အကြွင်းအကျန်လေးအား
လက်ကိုင်ပုဝါနှင့် အသာဖိသုတ်ပေးလိုက်သည်။

“ဦးလေးနာမည်က ဦးမိုးလုံးတဲ့
ဒီကအစ်ကိုက ထိန်သာလို့ခေါ်တယ် ဦးလေးရဲ့ သားဆိုလည်းမမှားဘူး
ဦးလေး အမျိုးသားက
လူလေးမျှောလာတဲ့ချောင်းရိုးတစ်လျှောက် လူလေးရဲ့အဖော်တွေများတွေ့လိုတွေ့ငြား ရွာသားတွေနဲ့ ချောင်းရိုးကို ဆန်တက်သွားတယ်”

ဆရာမိုးလုံးစကားအဆုံး
ကောင်လေးမျက်နှာမှာ သွေးမရှိတော့သလို ဖြူဖျော့ကာ
ခေါင်းတွင်တွင် ခါရင်း မျက်ရည်များပါကျလာ၏။

“မရှာစေချင်ဘူးလား
သူတို့က လူလေးကို တစ်ခုခုလုပ်တာလား”

ကောင်လေးမှာ အရူးလေးတစ်ယောက်နှယ် ခေါင်းကလေးခါလိုက် ငြိမ့်လိုက်။

“ရပြီ လူလေး စိတ်အေးအေးထား ဦးလေးဆက်မမေးတော့ဘူး
ထိန်သာ ရေနွေးနဲ့စိမ်ထားတဲ့ ဆေးစလင်းတွေ ဆေးထိုးအပ်တွေယူခဲ့”
“ဟုတ်ကဲ့ဆရာ”
“မီးခိုး ဒီဘက် ခဏလာနေ မင်းသခင်ကို နေကောင်းအောင်လုပ်ပေးမယ်”

မီးခိုးမှာ ဆရာ့စကားကြောင့် ကောင်လေးဘေးမှ ထလာကာ ခြေရင်းတွင် ခွေခွေးလေး အိပ်လေသည်။
အားဆေးတစ်လုံးထိုးပေးလိုက်ရာ
ကောင်လေးမှာ အားဆေးအရှိန်နှင့် တစ်ဖန်ပြန်အိပ်ပျော်သွားလေသည်။
ထို့နောက် အိမ်ရှေ့တွင် လူသံများကြားသည်မို့ ကောင်လေးအား
မီးခိုးနှင့် ထားခဲ့ကာ
ဆရာမိုးလုံးနှင့် ထိန်သာမှာ အိမ်ရှေ့ထွက်လာခဲ့သည်။
ဆရာမိုးလုံး၏ အမျိုးသား ဦးနေသာနှင့် ရွာကာလသားငါးယောက်မှာ ဆေးပေးခန်းမှ ကွပ်ပျစ်တွင်ထိုင်ရင်း အနားယူနေလေသည်။

“အခြေအနေဘယ်လိုရှိလဲအဖေ”

ထိန်သာ ၏ အပြောကြောင့်
ဦးနေသာမှာ သက်ပြင်းဟူးကနဲရှိုက်ကာ
ခေါင်းအသာခါ၏။

“ဘာမှမထူးခြားဘူး အနီးအနားကရွာတွေမေးကြည့်တော့လည်း ရွာမှာ လူပျောက်ရယ် ဘာရယ်လို့လည်း မရှိဘူးတဲ့ ကြည့်ရတာ ဒီအနီးအနားကတော့ဟုတ်ပုံမရဘူး”

“ရေသောက်လိုက်ဦးအစ်ကို”

ဦးနေသာက ဆရာမိုးလုံးပေးသော ရေခွက်အားအသာယူသောက်လိုက်သည်။

“ကျုပ်တို့လည်း တူတူမောလာပါတယ်ဆရာရယ်”
“မင်းတို့ ဘေးမှာ ရေအိုးရှိတယ် ထခပ်သောက်ကြလေ ငါ့ယောကျာ်းက အသက်အရွယ်ငယ်တော့တာမဟုတ်ဘူး ထိုင်ရထရတာဒူးနာမှာစိုးလို့”
“ဖြစ်ရတယ်ဗျာ”

ဆရာမိုးလုံး၏ အသက်အရွယ်ကြီးပြီဆိုသော သူ့ယောကျာ်းမှာ အသက်ငါးဆယ်ပင်ရှိပြီဖြစ်သော်လည်း
ဥပတိရုပ်ခန့်ခန့်ညားညားနှင့် အဆီပိုမရှိ ကျစ်လစ်သူ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသူ။
မုတ်ဆိတ်မွှေးများအား မရိတ်မသင်ပဲ တမင်ထားထား သော်လည်း ရင့်သည့်ဘက်မရောက်ပဲ တီဗွီထဲမှ နိုင်ငံခြားမင်းသားများလိုကြည့်ကောင်းသူပင်။
သန်မာဖျတ်လတ်သည့်နေရာတွင်လည်း သူတို့ ကာလသားလူငယ်တွေထက်ပင် သာနေသေးသည်။
ဒါနဲ့များသူ့ယောကျာ်း ဒူးနာမတဲ့။
သူတို့ရွာလို အခေါင်အဖျား ကျေးရွာဇနပုဒ်လေးဆီ ထိုအမျိုးသားစုံတွဲရောက်လာပုံမှာထူးဆန်း၏။
လွန်ခဲ့သောဆယ်နှစ်ခန့်က မြို့သို့
တစ်ပတ်တစ်ခါ ပြေးဆွဲသော သူတို့ရွာကားပေါ်သို့ မီးလောင်ရာဗရဗွနှင့် ဆရာမိုးလုံးနှင့် အတူ ဦးနေသာမှာပါလာခဲ့သည်။
ထိန်သာ၏ အဖေဖြစ်သော
ရွာခေါင်းဆောင်ထံတွင် ရွာတွင်နေထိုင်ရန် ခိုလှုံခွင့်တောင်းခဲ့သည်။
အစပိုင်းတွင် ဘယ်ကမှန်းမသိတဲ့ လူစိမ်းအား လက်မခံလို၍
ဒဏ်ရာများသက်သာသည်အထိ နေရန်ခွင့်ပြုပေးခဲ့သည်။
ထိုအချိန်၌ တိုက်တိုက်ဆိုင်ဆိုင်
ပန်းမရွာတွင်
တစ်ရွာလုံးဝမ်းရောဂါ ဖြစ်ကာ
ကပ်ဘေးဆိုက်လာ၏။
ဆရာမိုးလုံးနှင့် ဦးနေသာကပင် ဦးဆောင်ကာ မြို့သို့လိုအပ်သော ဆေးဝါးများမှာလျက် တစ်ရွာလုံးအားကယ်တင်ပေးခဲ့သည်။
ပန်းမတစ်ရွာလုံး ဟိုတောတိုး ဒီခြုံတိုးဘဝမှ ယင်လုံအိမ်သာအား စနစ်တကျသုံးတတ်လာခဲ့သည်မှာ
ထိုပုဂ္ဂိုနှစ်ဦးကြောင့်ပင်။
ထို့ကြောင့် ရွာခေါင်းဆောင်မှာ ဦးမိုးလုံးနှင့် ဦးနေသာအား မိမိတို့အိမ်မှာ ပင်လက်ခံပေးခဲ့လေသည်။ ထိန်သာ၏ ဖခင်သည် ထိုစဥ် ကသောင်းကျန်သူ ရွှေ
ဓားပြများအား နှိမ်နင်းရင်း ဓားပြ
လက်ချက်ဖြင့် ကွယ်လွန်သွားခဲ့ရာ တစ်ဦးတည်းကျန်ခဲ့သော ထိန်သာအား
ဦးနေသာနှင့် ဆရာမိုးလုံးကပင်သား
တစ်ယောက်လိုစောင့်ရှောက်ခဲ့တာ
ယနေ့အထိ။
ယနေ့အထိလည်း ထိုအမျိုးသားနှစ်ယောက်၏ မူရင်းဇစ်မြစ်ကို သိသူမရှိပေ။ ခေတ်ပညာတတ်လူရည်မွန်များမှာ ဘာလို့ တောရွာငယ်ကလေးမှာ ဇာတ်မြှုပ်ချင်ကြပါလိမ့်ဟု အစပိုင်းတွင် သိချင်ကြသူများခဲ့သော်လည်း
ဆယ်စုနှစ်တစ်ခုကျော်လွန်သော အခါဘယ်သူမှထူးပြီးမသိချင်ကြတော့။
ခုဆို ပန်းမရွာသားများနှင့်တစ်သားတည်းဖြစ်ကာ
ထိန်သာ ကိုယ်တိုင်ကလည်း အဖေနှစ်ယောက်အား အဖေအရင်းလိုပင်
ချစ်ခင်ကာ လေးစားရိုသေ၏။

“ကောင်းလေးအခြေအနေကရော”
“ခန္ဓာ ကိုယ်မှာတော့ စင်းရာခြစ်ရာတွေပဲကျန်တယ် အဆင်ပြေတယ်ပြောလို့ရပေမယ့် စိတ်ကအဆင်ပြေပုံမရဘူး
သတိရလာတုန်းကလည်း စကားတစ်ခွန်းမှ မပြောဘူး လူလည်းကြောက်နေပုံရတယ် အစ်ကို”

ဆရာမိုးလုံးပြောတော့ ဦးနေသာမှာ ခေါင်းတငြိမ့်ငြိမ့်။

“လောလော ဆယ်တော့ တို့တွေပဲ စောင့်ရှောက်ထားကြတာပေါ့”
“ဒါဆို ကျတော်တို့ အိမ်ပြန်လိုက်ဦးမယ်ခေါင်းဆောင်”
“ပြန်ဦးမယ် ဆရာခင်ဗျ”
“အေးအေး ကောင်းကောင်းသွားကြ”

ရွာသားများထွက်သွားသည်နှင့်
အိမ်ထဲပြန်ဝင်လာကြသည်။
ကောင်လေးမှာ ဆေးအရှိန်နှင့် တစ်နေ့လုံးအိပ်နေတော့မည်။
မီးခိုးမှာလည်းသူ့သခင်ခြေရင်းတွင်
ခွေခွေလေးအိပ်နေ၏။

*********

“မီးခိုး မင်းသခင်ကို သွားခေါ်ချေ
ထမင်းစားရအောင်လို့”

ထိန်သာပြောလိုက်တော့ မီးခိုးမှာ
သူ့ဘေးမှ အိမ်ရှေ့ဆေးပေးခန်းလေးဆီသို့ အပြေးလေးထွက်သွားလေသည်။
ဘာလိုလိုနှင့် မီးခိုးတို့ ပန်းမရွာကို ရောက်တာ တစ်လ ခန့်ရှိပြီဖြစ်သည်။
ကောင်လေးအား မီးခိုးရဲ့ သခင် လို့ခေါ်ရာမှ သခင် ဟုပြောင်း ခေါ်ရင်း ခုဆို ကောင်လေး၏ နာမည်က တစ်ရွာလုံးပါးစပ်ဖျားတွင် သခင် ဟုသာတွင်တော့သည်။
တစ်ပတ်အတွင်း ခန္ဓာကိုယ် အခြေအနေကောင်းလာသည့်တိုင်
စကားမပြောသည်မှာ ယနေ့ထိ။
သူကိုယ်တိုင်က မပြောချင်၍ပဲလား
စကားပြောသည့် အာရုံခံအင်္ဂါတစ်ခုခု ချို့ယွင်းသွား၍ပဲလားမပြောတတ်ပေ။ ဆရာမိုးလုံးက ခန္ဓာကိုယ်တွင် ဘာတစ်ခုမှ ချွတ်ယွင်းမနေဟုပြောသည့်တိုင် ကောင်လေးမှာ ဒီနေ့ထိ စကားတစ်ခွန်းမှဟမလာခဲ့။
တခြားသူပြောသည်များအား
အကုန်နားလည်ပုံရကာ
မွေးရာပါဆွံ့အနားမကြားဟုတ်ပုံမရ။
တစ်ခုခု ပြောလိုက်ရင်ခေါင်းငြိမ့်ခေါင်းခါကာ အဖြေပေးတတ်ပြီး သူလိုအပ်တာရှိရင် မျက်လုံးရွဲဲကြီးများဖြင့်သာ စကားဆိုတတ်သူ။
နဂိုကတည်းက အအားမနေတတ်သူမို့လားမပြောတတ်
ဆရာမိုးလုံး၏ ဆေးပေးခန်းလေးမှာ
တိုလီမုတ်စ လက်တိုလက်တောင်း
အကုန်ဝင်လုပ်နေ၏။
မျက်နှာလေးသနားကမားနဲ့ စကားမဆိုတတ်သူလေးအား တွေ့သမျှ လူများက အသနားပိုကာ ချစ်ခင်ကြလေသည်။
သခင်လေး ဟု ဆိုကာ ဟိုဟာယူလာပေး ဒီဟာယူလာပေး နှင့် ဆရာမိုးလုံးကပင် တောင်းပန်ထားရသည်အထိ။
ရွှေကျင်ခြင်းလုပ်ငန်းနှင့် အသက်မွေးကြသည်ဆိုပေမယ့် တစ်နေ့လုပ်တစ်နေ့စား လက်လုပ်မှ ပါးစပ်လုပ်ရသည့် အခြေအနေတွေပင်ဖြစ်ကာ
ထူးထူးခြားခြား ချမ်းသာကြသူများမရှိသည်မို့ ဆရာမိုးလုံးက တားခြင်းပင်။
မကြာမီ မီးခိုးက ရှေ့မှ ပြေးလာကာ
ဆရာမိုးလုံးနှင့် သခင်မှာ နောက်မှပါလာ၏။
ဒီနေ့ အင်းထဲ အဖေသွားသည်ဖြစ်ကာ ထိန်သာက မီးဖိုချောင်တာဝန်ယူတာဖြစ်သည်။
အင်းထဲတွင် ထိန်သာ မဟုတ်ရင် အဖေရှိမှ။ ဟိုယခင်ကလို ဓားပြတွေဘာတွေမရှိတော့ပေမယ့် ရွှေကျင်သူရွာသားချင်းချင်း အချင်းများကျ နေရာလုကြရှိသည်မို့ ရွာခေါင်းဆောင် မဟုတ်ရင် ကာလသားခေါင်းမှ ကြီးကြပ်ပေးရသည်။
ထိန်သာတို့က ကိုယ်တိုင်ရွှေမကျင်ပဲ
ကျင်၍ရသမျှရွှေများ အားပြန်ဝယ်လေသည်။ ပန်းမတွင်
ထိန်သာတို့လို ရွှေဝယ်သည့်သူ သုံးယောက် သာ ရှိကာ အချိန်အတွယ်မှန်၍ ထိုက်တန်သော နှုန်းထားအား အပြည့်အဝပေးသော ထိန်သာတို့က ပို၍ အဝယ်ရလေသည်။

“ထမင်း တောင်း ရပြီလား ထိန်သာ အင်းထဲဆရာသွားလိုက်မယ်”

အင်းထဲမှ အဖေ့အား ထမင်းပို့ရမည်ဖြစ်သည်။ ထိန်သာက ဆရာ့သဘောအားသိသူပီပီ တစ်ချက်
ပြုံးလိုက်ကာ

“ကျတော် သွားမယ်လုပ်နေတာ ဆရာသွားရင် လည်း ဒီမှာ အသင့်ပါခင်ဗျ”

ထိန်သာက အသင့်ပြင်ထားသော
ထမင်း တောင်း လေးအား
ဆရာ့ဆီယူပေးလိုက်သည်။
တောင်းထဲတွင် ငါးခူအကြွပ်ကြော် ငါးပိတို့စရာနှင့် ကင်ပွန်းချဥ်ဟင်း
မှာ စတီးချိုင့်တစ်ဂျိုင့် ထမင်းအုပ်ဆောင်းတစ်ခုနှင့် ရေဘူး လက်သုပ်ပုဝါအထိ အကုန်ပါလေသည်။
အဖေက နေရာတကာတွင် အသန့်ကြိုက်သူဖြစ်ကာ သူကိုယ်တိုင်လည်း ဘာလေးနေနေသပ်သပ်ရပ်ရပ်လုပ်တတ်ကိုင်တတ်တာမို့ တကူးတက သင်မပြသည့်တိုင် ထိန်သာမှာ အဖေ့အတိုင်းပင် လိုက်လုပ်ရင်း စည်းစနစ်ကျသည့်လူငယ်တစ်ယောက်ဖြစ်လာလေသည်။
ထိန်သာ ဆရာ့အား ထမင်းတောင်း ပြင်ပေးနေတုန်း သခင်က ထမင်းခူးခပ်ကာ
ထမင်းဝိုင်း ပြင်ပြီးပြီဖြစ်သည်။
သခင် ထမင်းဝိုင်းပြင်နေတုန်း ထိန်သာက မီးခိုးအား အစာပြင်ပေးလိုက်သည်။
စကားမပြောသော ကောင်လေးနှင့် နှစ်ယောက်တည်း ကျန်ခဲ့သည်မို့
အိမ်တွင်ဘယ်သူမှမရှိသလိုတိတ်တိတ်ဆိတ်ဆိတ်။

“ငါးပိရည်ကြီး တအားမစားနဲ့ သခင်
ဗိုက်နာမယ်
ငါးလည်းများများစား မင်းအရိုးအဆစ်တွေပိုသန်မာအောင် “

ထိန်သာက ထမင်းအား ငါးပိရည်နှင့် ရွှဲနေအောင်နယ်ကာ တို့စရာနှင့် ဒိုင်ခံစားနေသော သခင့်ပန်းကန်ထဲ
ခါးခူ ကြီးကြီးတစ်ကောင်ထည့်ပေးလိုက်သည်။
သူ့စကား နား ထောင်ကာ
ကြွပ်နေအောင် ကြော်ထားသော ငါးကြော်အား တဂျွမ်းဂျွမ်းနေအောင် ကိုက်စားနေပြန်သဖြင့် ထိန်သာက အသဲယားလာကာ
ခေါင်းလုံးလုံးလေးအားဖွပစ်လိုက်သည်။
ထိုအခါ နှုတ်ခမ်းလေး မသိမသာ စူလာကာ ကိုယ်ကို ကျုံ့ပစ်၏။
မကြိုက်ဘူးဆိုသည့်သဘော။
ငယ်ငယ်ရွယ်ရွယ်နှင့်မိဘမဲ့ခဲ့သော
ထိန်သာသည် မွေးချင်းမောင်နှမလည်းမရှိသည်မို့
သခင့်အမူအယာသည် ဘာလေးလုပ်လုပ် နှစ်လိုဖွယ်ကောင်းနေ၏။

“မင်း တစ်သက်လုံး ဒီမှာ နေရင်ကောင်းမှာပဲ သခင်”

ထိန်သာပြောတော့ ခေါင်းလေးတဆတ်ဆတ်ငြိမ့်၏။
ခေါင်းငြိမ့်ခေါင်းခါရုံနဲ့တင်
ဒီကောင်လေးဟာ ဒီလောက်ချစ်စရာ ကောင်းနေရင် စကားတွေ
တီတီတာတာပြောနေရင် ဘယ်လောက်တောင်ချစ်ဖို့ကောင်းနေလိုက်မလဲ။

မိုချီ(ခတ္တလူ့ပြည်)

Tags: read novel Wrong Time Right Person(Completed) part(20)unicode, novel Wrong Time Right Person(Completed) part(20)unicode, read Wrong Time Right Person(Completed) part(20)unicode online, Wrong Time Right Person(Completed) part(20)unicode chapter, Wrong Time Right Person(Completed) part(20)unicode high quality, Wrong Time Right Person(Completed) part(20)unicode light novel, ,

Comment

Leave a Reply

Chapter 41