Wrong Time Right Person(Completed) part24 (unicode)

A+ A-

wrong time right person

အပိုင်း(၂၄)

“ခွပ်!”

အသားချင်းထိခတ်သံနှင့်အတူ လည်ထွက်သွားသော ကြည်သာမောင်မှာ
ခန္ဓာကိုယ်အား ပြန်လည် ထိန်းမတ်ကာ
ကြည်သာဘုန်းဘက်မျက်နှာပြန်မူလာ၏။
ကြည်သာဘုန်းမျက်နှာ မှာ ဒေါသကြောင့်နီရဲနေကာ လက်သီးဆုပ်ထားသော
လက်နှစ်ဖက်သည် တဆတ်ဆတ်တုန်၏။

“မင်း မို့လို့.. မင်းမို့လို့ လုပ်ရက်တယ်”

ကြည်သာမောင်နှင့် ဦးအောင်ဘွားမှာ
လှေသားနှစ်ယောက်နှင့်အတူ
ပန်းမသို့ ညခုနစ်နာရီလောက်တွင်
ရောက်လာခဲ့သည်။
လှေဆိပ်တွင် တွေ့တွေ့ချင်း
ကြည်သာမောင်မှာ ကိုယ့်မျက်လုံးအား ကိုယ်မယုံနိုင်။
ရေနံဆီမီးအိမ်၏ မီးရောင်တွင်
ဒီမျက်နှာမှ ဒီမျက်နှာအစစ်
တစ်မိတည်းဖွားလာသည့် ဒီမျက်နှာကို
သူမမှတ်မိစရာအကြောင်းမရှိ။
သူ့လို လူကောင်းပကတိတောင်
ထိုလူကိုမြင်လိုက်ရ၍ ဒီလောက်အံသြဆွံ့အသွားလျှင် ပြန်လည်ထူထောင်လာခါစ သူ့တူကရော အဆင်ပြေပါ့မလား။

“မြေ့ ရော မြေ့အဆင်ပြေရဲ့လား”

ညီဘွားက ရှေ့ထွက်လာကာ

“ဦးလေး မင်းမောင် ဆေးတစ်လုံးထိုးပေးထားလို့ပြန်အိပ်သွားတယ် ဦးဘုန်း
နန်းဦး လည်းအနားမှာ ရှိနေတယ်
လောလောဆယ် သူ့စိတ်ကို အချိန်ယူဖို့လိုပုံပဲ”

“မင်းကြောင့် ဒါတွေအားလုံးမင်းကြောင့်”

ကြည်သာဘုန်းမှာ  အစ်ကိုဖြစ်သူအား မသေမပျောက်ပဲ အကောင်းတိုင်းတွေ့သည့်တိုင်မပျော်နိုင်ခဲ့။
ဘာလို့ဒီလိုမျိုးလုပ်ရက်ခဲ့ရတာလဲ။
ကြည်သူဟာ သူ့ထက်ဆယ်နှစ်ကျော်သာ ငယ်သည့် တူပေမယ့် သားတစ်ယောက်လို ပင်။
နိုင်ငံခြားသွားတော့လည်း သူပဲအနီးကပ်ရှိခဲ့သလို
ဆေးရုံတက်စဥ်တစ်လျှောက်လုံးလည်း
သူ့ စတူဒီယို အိပ်မက်အား စွန့်လွှတ်ကာ အနီးကပ်စောင့်ရှောက်ခဲ့သည်။
သူတောင် သူ့တူအတွက် ဒီလောက်ခံစားနေရရင် သွေးသားရင်းဖြစ်တဲ့သူ့အစ်ကိုက ဘာလို့ ခုလို လုပ်နိုင်ရတာလဲ။
ဘာလို့သူ့သွေးသားရင်းကို လျစ်လျှူရှုပြီး ဒီလိုမျိုး နေနိုင်ရတာလဲ။

“မင်းလို ကောင်ကို အဖေတော်ခဲ့လို့ ငါ့တူက စိတ်ရောဂါတောင်ရခဲ့တာ
အပြင်မှာ ဘာမှမဖြစ်သလိုနေနေခဲ့တဲ့ဒီကလေးဟာ တစ်ဖက်မှာ ဘယ်လောက်တောင် ထိခိုက်နာကျင်ခဲ့လို့
မင်းမောင်မောင်ကို သတ်ပစ်ဖို့ထိ သူ့စိတ္တဇက ပြင်းထန်ခဲ့တာဖြစ်မလဲ”
“ငါ တောင်းပန်ပါတယ်
ငါမရှိတော့ရင် အားလုံးပြီးသွားမယ်
အဆင်ပြေသွားမယ်ထင်ခဲ့တာ
သားက ခုလိုမျိုး ဖြစ်နေလိမ့်မယ်လို့ မထင်ခဲ့ဘူး”
“မင်းက သားတစ်ယောက်လုံး ဘယ်လိုဖြစ်နေတယ် မသိရအောင် တစ်ဖက်ကိုမွှန်နေတာကိုး
သားကိုပစ်ပြီးသေလူလို ဇာတ်မြှုပ်နေရဲမှတော့ မင်းပါးစပ်က သားအကြောင်း ထပ်ထွက်ဖို့မလို့တော့ဘူး ဟေ့ကောင်”
“အိမ်အရင်သွားရအောင် ကိုဘုန်း မင်းစိတ်ကို ခဏလျှော့လိုက်”

ဦးအောင်ဘွားမှာကြားမှဝင်ရောက်ဖြန်ဖြေ ကာ လူစုခွဲလိုက်သည်။
အိမ်ရှေ့တွင် နန်းဦး နှင့် မင်းမောင်မောင်မှာ ထွက်ကြိုနေ၏။
ကြည်သာဘုန်းက နန်းဦးအားပြေးဘက်ကာ နောက်ကျောဆီနှစ်ချက်ဆက်ပုတ်လျက်

“နန်းဦး “
“ဦး”
“ကျေးဇူးတင်ပါတယ် နန်းဦး ခုလို အကောင်းတိုင်းရှိနေပေးလို့
တောင်းလည်းတောင်းပန်ပါတယ်”
“တောင်းပန်ဖို့မလိုပါဘူး ဦးရယ် ကျတော်.. ကျတော်ကသာ ကိုကို နေမကောင်းတာမသိပဲ”
“မင်းက အပြစ်ကင်းတယ်
ဦးလေးတို့ မိသားစုအရှုပ်အထွေးကြားမှာ မင်းကမြေစာပင်ဖြစ်ခဲ့တာ
ဒါတွေအားလုံးဟာ လူတစ်ယောက်တည်းရဲ့
သူရဲဘောကြောင်မှု အတ္တကြီးမှုကြောင့်”

ကြည်သာမောင်မှာ မိမိဆီဦးတည်ပြောလာသော ညီဖြစ်သူအား
သိမ်ငယ်စွာ ကြည့်လိုက်သည်။
သူမှမမှန်ခဲ့ဘဲ။
နန်းဦး က ထိုအခြေအနေအား ဖြန်ဖြေရန် ကြားမှဝင်ရပ်လိုက်ကာ

“ဦးနဲ့ ဦးလေးအောင်ဘွား ဒီဘက်မှာ လာနားပါဦး ကျတော် ထမင်းပြင်ထားလိုက်မယ်””

“မစားတော့ဘူး နန်းဦး ဦးလေးအခြေအနေက ထမင်းစားလို့ဝင်မယ့်ပုံပေါက်နေလို့လား
မင်း နဲ့ ကိုမင်းမောင် ကျတော် တို့ စကားပြောရအောင်”

“မင်းပြောမယ်ဆို ငါနဲ့ပြောလိုက် ဘုန်း
မင်းမောင်မောင် ဟာ ဘဝတလျှောက်လုံး ငါနဲ့ပတ်သက်မိလို့ ကံဆိုးခဲ့တာနဲ့တင် လုံလောက်ပြီ”

“တော်တော့သာမောင် ငါ့ကိစ္စကို ငါဆုံးဖြတ်မှာ လက်ခုပ်ဟာ နှစ်ဖက်လုံးစုံတီးမှ မြည်တာ ဒီကိစ္စဟာ ငါ့ပယောဂလည်းကင်းခဲ့တာမဟုတ်ဘူး
ဒီဘက်လိုက်ခဲ့ ပါ”

မိသားစုအရေးကိစ္စမို့ ကျန်တဲ့သူတွေမှာ အလိုက်သိစွာရှောင်ဖယ်နေခဲ့ကြသည်။
ဆေးပေးခန်းလေးထဲမှ ရေနံဆီမီးအိမ်လေး၏ အလင်းရောင်အောက်တွင်
လူသုံးယောက်မှာ ခံစားချက်များဖြင့်တောက်လောင်နေ၏။
ကြည်သာမောင်နှင့် မင်းမောင်မောင်မှာ စီရင်ချက် ချခံရမည့် အပြစ်သားများလို ။

“မင်းတို့ သိတဲ့အတိုင်း မြေ့အခြေအနေဟာ ခုမှပြန်လည်ထူထောင်ခါစ
ဒီတစ်နှစ်လုံးလုံး စိတ်ကျန်းမာရေးဆေးရုံမှာ အချိန်ကုန်ခဲ့ရတာ
ဆရာဝန်ကြီး က စိတ်ချလို့ရပြီဆိုပေမယ့် ဆေးဆက်သောက်နေရဆဲအနေအထားပဲ စိတ်ခံစားချက်ကြီးကြီးမားမားကိုလည်း သူ့ဦးနှောက်က လက်သင့်မခံနိူင်သေးဘူး
မင်းတို့ဒီမှာ နေလက်စနဲ့ နေမြဲအတိုင်းနေပါ မင်းတို့ကြောင့် ငါ့တူ တစ်ခုခုထပ်ဖြစ်ရင်လည်း ငါပဲစောင့်ရှောက်မယ်
တစ်ခုပဲတောင်းဆိုမယ်
တစ်သက်လုံး မင်းတို့ မြေ့ရှေ့ကိုထပ်မပေါ်လာနဲ့
အပြစ်ကိုလည်း ပေးဆပ်မယ်စိတ်မကူးနဲ့ အပြစ်ရှိစိတ်နဲ့ ဖွဲမီးလို တအုံနွေးနွေး
ပူလောင်ပြီးအသက်ရှင်သွား”

မင်းမောင်မောင်၏ မျက်နှာ ညှိုးလေးကြောင့် အဲဒီကတည်းက မင်းတို့ သေ
သွားခဲ့ရမှာဟုဆက်မပြောဖြစ်ခဲ့။
တကယ်တမ်း စောက်သုံးမကျခဲ့တာက ကိုယ့်အစ်ကို။
သူသာ ဆုံးဖြတ်ချက်ပြတ်သားခဲ့ရင် သူရဲဘောမကြောင်ခဲ့ရင်
စွေသောမိုးလည်းမနာကျင်ခဲ့ရလို မင်းမောင်မောင်လည်း ပျော်ရွှင်ခဲ့ရမှာ။
မြေ့ဟာလည်း ပိုကောင်းတဲ့ မိဘတွေနဲ့ တွေ့ပြီး ခုလို ဝဋ်ကြွေးခံစားရမှာမဟုတ်။

“သား သဘောကရော”
“ဖခင်တာဝန်မကျေခဲ့တဲ့သူကို
ပြန်တွေ့လို့ရော သူပျော်မယ်ထင်နေတာလား အိပ်မွေ့ချကုထုံးလုပ်ရင်း
မင်းမောင်မောင် စီးမယ့် ကားကို ဖျက်ဆီးခဲ့တဲ့သူဟာ သူ့မာမီမဟုတ်ပဲ သူဆိုတာသိလိုက်ရတော့
မြေ့ပုံစံကို မင်းမြင်စေချင်တယ်
ကိုယ့်လုပ်ရပ်ကြောင့် ကိုယ့် ဖခင်ဟာ
လူ့လောက ကနေ ပျောက်ကွယ်သွားခဲ့တာလို့ သိလိုက်ရတဲ့ချိန်
လုံးဝအရူးလိုပဲ
သူ့ကိုယ်သူ တစ်ခုခုမလုပ်နိုင်အောင်
ချုပ်ထားခဲ့ရတဲ့ခြေတွေလက်တွေဟာ
ခုထိ အမာရွတ် ကျန်နေတုန်းပဲ
အဲဒီအရူးလေးဟာ
ရဝေနန်းဦး ဆိုတဲ့ ကောင်လေးစိတ်နဲ့
ပြာပုံထဲကနေ မနဲ ပြန်တိုးထွက်လာရတာ
မင်းသက်ရှိထင်ရှားရှိနေတာ ငါမပျော်ပေမယ့် မြေ့ကို အဖသတ်သားမဖြစ်စေခဲ့တဲ့အတွက်တော့ စိတ်သက်သာရာ ရပါတယ်
နန်းဦး ကို စောင့်ရှောက်ပေးထားခဲ့တာ အတွက်လည်း ကျေးဇူးတင်ပါတယ်
ငါတို့ရဲ့ ရေစက်ဆိုးကို ဒီနေရာမှာပဲ သင်ပုန်းချေလိုက်ရအောင်
မနက်လင်းတာနဲ့ မြေ့နဲ့ နန်းဦး ကို ငါခေါ်သွားမယ်”

“ငါသာ ခေမာမြိုင်ကို ပြန်မလာခဲ့ရင် ဒီလိုအဖြစ်ဆိုးမျိုးမရှိလောက်ဘူးမှလား
ရွှေဆောင်ကပြန်လာရင် ဟိုကိုပြန်သွားမလို့ပါပဲ ဒါပေမယ့်
သေမင်းတခါးဝကို မြင်လိုက်ရတော့
ငါလည်း တဒင်္ဂရူးသွားခဲ့တယ်ထင်ပါရဲ့
ဘာလို့ ငါကပဲ ထွက်ပြေးနေရမှာလဲ
ငါကရော ငါလိုချင်တာ ရယူဖို့မထိုက်တန်ဘူးလား ဆိုပြီး
စောက်တလွဲမာနတွေဝင်လာခဲ့တယ်
အဲဒီကတည်းက ကားနဲ့အတူ
ချောက်ကမ်းပါးထဲကျသွားခဲ့ရမှာ”

မင်းမောင်မောင် ၏ အသံတုန်လေးကို
ကြည်သာဘုန်းသနားစိတ်မဝင်မိ။
အစကတည်းက ပိုင်ဆိုင်ချင်ရင် အချိန်တွေမလွန်ခင် အရယူခဲ့ရောပေါ့။ဒါဆို
သူတို့နှစ်ယောက်ကြားမှာ တခြားသူတွေ မြေစာပင် မဖြစ်ခဲ့လောက်ဘူးမှလား။
ကြည်သာဘုန်းမှာ ပြောချင်ရာပြောလိုက်ရ၍ စိတ်လက်ပေါ့ပါးသွားကာ
အိမ်ဘက်ပြန်လာခဲ့သည်။
အိမ်ရှေ့တွင် ဟိုဘက်ဒီဘက်လျှောက်နေသော နန်းဦး မှာ ဦးကြည်သာဘုန်းအား တွေ့သည်နှင့် အပြေးလေးလျှောက်လာ၏။

“ဘာမှမဖြစ်ဘူး နန်းဦး ဦးတို့
မြေ့ဆီသွားတာပေါ့”
“ကိုကိုက အိပ်နေတုန်း ဦး
ကျတော် က ဦးကိုထမင်းစားဖို့စောင့်နေတာ ဦးလေးအောင်ဘွားတို့က စားနှင့်ပြီးပြီ”

နန်းဦး ဆိုတော့ ကြည်သာမောင်မနေနိုင်ပြန်ပါ။
ဘယ်တော့မဆို ဒီကောင်လေးဟာ
သူနဲ့တွေ့သမျှလူအား နာခံချင်လာအောင် ညံ့သင့်သည့် လူသားအကြည်ဓာတ်လေးပင်။
မမြင်ခဲ့ရတဲ့ တစ်နှစ်ကျော်အတွင်း ဆံပင်များမှာ ဂုတ်ထောက်နေသည်ကလွှဲရင် ပါးလျလျ ကိုယ်ဟန်လေးမှာမပြောင်းလဲ။
ထမင်းအားဝတ်ကျေတန်းကျေစားကာ
တူဖြစ်သူဆီ အခြေအနေတစ်ချက်ကြည့်ကာ နန်းဦး နှင့် ထားခဲ့ပြီး
အိမ်အောက်ဆင်းလာလိုက်သည်။ ထိန်သာဆိုသည့်ကောင်လေးမှာ
နန်းဦး အားတွေ့သည်မှစ၍ တစ်နှစ်အတွင်း နန်းဦးနေထိုင်ဖြတ်သန်းခဲ့သည်များအား ညီဘွားတို့လူစုအား
ပြောပြနေ၏။ မီးခိုးရောင်ခွေးကြီးမှာ ညီဘွားခြေရင်းတွင်တိုးဝှေ့နေ၏။
စကားဝိုင်းတွင် ကြည်သာမောင်နှင့် မင်းမောင်မောင် မပါပုံထောက်ရင်
ဆေးပေးခန်းမှ ပြန်လာသေးပုံမရ။
ကြည်သာမောင်သည်လည်း စကားပြောချင်စိတ်တို့ထက်
တစ်ယောက်ထဲသာ နေချင်စိတ် က ကြီးစိုးနေသည်မို့ လရောင်အောက်သို့ ထွက်ကာ ကန့်လတ်ဖြတ်လဲကျနေသော အုန်းပင် လုံးပေါ်တွင်တက်ထိုင်ကာ
စီးကရက်တစ်လိပ်အား မီးညှိရှိုက်ဖွာလိုက်သည်။
အဆိပ်ငွေ့များအား အဆုပ်ထဲထိ ရှူသွင်းရင်း အဆုပ်မှလေများပြန်ထုတ်လိုက်သောအခါ မီးခိုးငွေ့များပြန်ပါလာ၏။
ရင်ထဲတွင်ပေါ့ပါးမသွားပဲပို၍သာ မွန်းကြပ်လာကာ နှုတ်ခမ်းဆီနောက်တစ်ခါအတေ့ စီးကရက် မှာ တစ်စုံတစ်ယောက်၏ ဆွဲယူခြင်းခံလိုက်ရကာ ကြည့်လိုက်တော့
ညီဘွား ဖြစ်နေ၏။

“ဘာလုပ်တာလဲ”
“ကြိုက်လည်းမကြိုက်ပဲ ကြိတ်မှိတ်ပြီး သောက်မနေနဲ့”
“မင်းထက်ဆယ်နှစ်ကျော်ကြီး
တဲ့ လူကြီးတစ်ယောက်အပေါ် လေသံမာလွန်းတယ်မထင်ဘူးလား ညီညီ”
“အမြင်မတော်လို့ပြောတာ”
“အမြင်မတော်ရအောင် ငါက ဘာလုပ်နေလို့လည်း ဆယ့်ရှစ်နှစ်အထက်ဆို တရားဝင်သောက်လို့ရတဲ့ဆေးလိပ်ကို ငါလို ဆယ့်ရှစ်နှစ် နှစ်ထပ်ကွမ်းနေတဲ့သူ သောက်တာ မင်းမျက်လုံးထဲ ဘာလို့အမြင်မတော်တာလဲ စိတ်ညစ်လို့ ဆေးလိပ်သောက်ပါတယ်ဆို “

“ဦးဘုန်း လုပ်သင့်တာ အကုန်လုပ်ပေးနေတာပဲ ဦးလေးကြည်သာမောင်က ဦးဘုန်း ရဲ့အစ်ကိုဆိုပေမယ့်
မြေ့ရဲ့အဖေလေ ခွင့်လွှတ်တာ ခွင့်ပြုတာကို သူပဲလုပ်ပါစေ
ဦးလေးတို့ ကျတော်တို့က ဘေးကနေပံ့ပိုးပေးရုံပဲ
မြေ့က သန်မာပါတယ်
ရုတ်တရက်ကြီးမို့ရှော့ရသွားတာ
သူမှန်မှန်ကန်ကန်ဆုံးဖြတ်နိုင်မှာပါ ထ သွားအိပ်ရအောင် အသက်ကြီးလာရင်
ကျန်းမာရေး ပိုဂရုစိုက်ရမယ်လေ”

သူ့အားကလေးတစ်ယောက်လို လာဆက်ဆံနေသော ညီဘွားအား
လရောင်အောက်တွင် မမြင်ရဘူးထင်ပေမယ့် ဘုကြည့်ကြည့်လိုက်သည်။
မြေ့နဲ့ ငယ်ပေါင်း ကြီးဖော် ဒီကောင်လေးဟာ မြေ့နဲ့အတူ အရွယ်ရောက်လာတာ မို့လားမသိ။
သူ့မျက်စိထဲတွင် လွန်ခဲ့တဲ့ဆယ်နှစ်ကလိုကလေးပဲမြင်နေ၏။
မြေ့နည်းတူအရပ်မြင့်ပေမယ် သူကအသားပိုညိုကာ လုပ်နေသည့်အလုပ်ကြောင့်မို့လားမသိ လူကောင်ပိုထွားလေသည်။
နွားခြံတွင်အနေများသည်မို့ နောက်ပိုင်း သူနဲ့လည်း သိပ်မတွေ့ဖြစ်တော့ပါ။
မြေ့ကိစ္စဖြစ်ပြီးနောက်ပိုင်း မှ ဒီကောင်လေးနှင့်မကြာမကြာတွေ့ဖြစ်ရသည်။
သူ့ထက် လူကောင်သေးလို့ သူ့ကိုမလေးမစား ဆက်ဆံနေတာလား။
မအားလို့ မပြောရသေးတာ
သူ့မျက်စိထဲ လူကြီးပုံသိပ်ဖမ်းချင်နေသော ဒီကောင်လေးဟာ သိပ်အချိုးပြေမနေ။
အတွေးနှင့် ထိုင်ရာမှအထ မြေနိမ့်ပိုင်းအား ခြေချော်ကျကာ လူမှာ ရှေ့သို့ဟပ်ထိုးလဲလေသည်။
မြေကြီးနှင့် လူမိတ်ဆက်သွားရမည့်အစား
သန်မာသော လက်တစ်ဘက်က ရင်ဘတ်အောက်မှပင့်ကာ နောက်သို့
တွန်းလှန်လိုက်သည်မို့
ကောင်းစွာရပ်တန့်နိုင်သွားလေသည်။

“ပြောပါတယ် အသက်ကြီးနေပြီလို့”

“ဒီအသက်ဆိုတာကြီးကို ခဏ ခဏထည့်ပြောမနေနဲ့ဟေ့ကောင်
မင်းကိုငါမပြောအားသေးလို့ကြည့်နေတာ မင်းဘာလို့ ငါ့ကို မလေးမစား ဆက်ဆံနေတာလဲ”
“သေးလို့”
“ဘာကွ”

ညီဘွားက ပြောချင်ရာ ပြောပြီးအိမ်ဘက်လှည့်ထွက်သွားလျှင်
ကြည်သာဘုန်းတစ်ယောက်မှာ ညီဘွားဆီမှ ထင်မှတ်မထားသော အဖြေကြောင့်
နေရာတွင်မှင်သက်၍ကျန်ခဲ့လေသည်။
တကယ်လည်း သူသည် သူ့အစ်ကို သူ့တူတို့နှင့်စာလျှင် အရပ်ငါးပေခုနစ်သာရှိကာ ရုပ်ရည်မှာလည်း အမေ့ဘက်တူသည်မို့ ယောကျာ်းသိပ်မဆန့်။
ဤသည်ကပင် သိပ်မရင့်ကျက်သည့်ပုံပေါက်သလို ဖြစ်နေသည်လားမသိ။
ညီဘွား၏ ညစ်ကျယ်ကျယ် အပြုအမူကြောင့်
ညစ်နေသည့်စိတ်ဟာ အနည်းငယ်နေသာ သွားတာအမှန်။
ဆေးလိပ်အား ထပ်သောက်ရန်လုပ်ပြီးမှ ဘူးထဲပြန်ထည့်ကာ အိမ်ဆီလျှောက်လာလိုက်သည်။
*************
လရောင်အောက်မှ အသက်ရှူသံမှန်မှန်ဖြင့် အိပ်ပျော်နေသော မပီဝိုးတဝါး မျက်နှာအား ထိုင်ကြည့်ကာ
မျက်နှာအား လက်ဖဝါးနှင့်အုပ်ကိုင်လိုက်သည်။
မေးရိုးတစ်လျှောက် ကြမ်းရှရှ အထိ အတွေ့များကြောင့် ခန္ဓာကိုယ်ကတွန့်ကနဲဖြစ်
သွားရသည်။
ချည်စောင်လေးအား ကိုယ်တစ်ဝက်အထိ လွှမ်းခြုံပေးလိုက်ကာ
နန်းဦး သည်လည်း မိမိကာမပိုင်၏
ရင်ခွင်ထဲတွင် စိတ်ချလက်ချဝင်လဲလိုက်သည်။
အစတွင် ကိုကို့ အား ကြောက်မိသည့်စိတ်သည် ကိုကို့အခြေအနေအား သိပြီးသည့်နောက်တွင်
ဘယ်လိုမှမနေတော့။
နန်းဦး ဟာ ကိုကို့ ကို ချစ်ဖို့ မွေးဖွားလာသလားထင်ရလောက်အောင် ကိုကိုနှင့်
ပတ်သက်၍
အမှတ်သညာမရှိသူလား။
ဒါမှမဟုတ်ရင်
ကိုကိုပေးတဲ့နာကျင်စရာဟာ
မလုံလောက်ခဲ့၍လားမသိပါ။
ကိုကိုအပေါ် နာကျင်သည့်စိတ်ထက် လွမ်းဆွတ်သည့်စိတ်က ပိုသာခဲ့သည်။
ကိုကို၏ လုပ်ရပ်ထက်
ငါ့အပေါ်မချစ်ဘူး မလိုချင်ဘူးဆိုသည့် စိတ်က နန်းဦး ကို ပို၍ နာကျင်ဆွံ့အစေခဲ့သည်။
ကိုကို့ကြောင့် နာကျင်ရတာထက် ကိုကိုမချစ်မှာကို ပိုကြောက်ခဲ့သည်။
အတွေးပေါင်းစုံဖြင့် မျက်နှာချောချောအားမော့ရင်းငေးရင်း
ရင်ခွင်ထဲတွင် စိတ်ချလုံခြုံစွာအိပ်စက်လိုက်သည်။
မွန်းကြပ်လာသော အခြေအနေကြောင့်
ခန္ဓာကိုယ်အား အနည်းငယ်လူးလွန့်လိုက်စဥ် နန်းဦး သည် တစ်စုံတစ်ယောက်၏ တင်းတင်းကြပ်ကြပ်ပွေ့ဖက်ထားခြင်းခံရကာ နဖူးပေါ်သို့ နွေးထွေးသော အနမ်းတစ်ခုကျရောက်လာ၏။

“ကိုကို ကျတော်… “
“ငြိမ်ငြိမ်နေ”
“ကျတော့်ကို.. သိလား”
“အရူးလေး ကိုယ်က မင်းဘယ်သူလဲဆိုတာ မသိပဲ ရင်ခွင်ထဲမှာ ထားပါ့မလား “
“ဟို စိတ်ကအဆင်ပြေနေရဲ့လား”
“ပြေတယ် မင်းကိုတွေ့လိုက်ရလို့ ကိုယ် စိတ်အေးသွားပြီ
ကိုယ်တောင်းပန်ပါတယ်ကလေးရယ်
သိစိတ်က ဖြစ်စေ မသိစိတ်နဲ့ဖြစ်စေ
ကိုယ်မင်းအပေါ် ကျူးလွန်ခဲ့တာ အသေအချာပဲမို့
ပြီးတော့ ကိုယ့်လုပ်ရပ်ကိုမှမထောက် မင်းရှေ့မျက်နှာ ပြောင်စွာနဲ့ ပြန်ပေါ်လာခဲ့တဲ့ အတွက်လည်း အားနာပါတယ်
ထပ်ပြီးတော့လည်း
ကိုယ့်ကို ကယ် ပေးပါဦး
မင်း မဟုတ်ရင်
ကိုယ်ဘာ အတွက် ရှင်သန်ရမယ်မှန်းမသိတော့လို့
ပြီးတော့ ကိုယ့်ရဲ့အားနည်းပျော့ညံ့တဲ့ပုံကို ဝေရှေ့ချပြမိလို့ ရှက်လည်းရှက်မိတယ်”

“ကိုကို က ကျတော့ကို မုန်းနေတာ
မလိုချင်တော့ဘူးလို့ ထင်ခဲ့တာ
ကိုကိုသာ နေမကောင်းဘူးဆိုတာသိရင်
ကျတော့ကို ထပ်ပြီး နာကျင်အောင်လုပ်လည်း ကျတော့က ရတဲ့နေရာက နေတွယ်ကပ်နေခဲ့မှာ
ကျတော်က ကိုကို့ကို ချစ်ဖို့ မွေးဖွားလာတဲ့ကောင်ပါဗျ
ကိုကို့ လုပ်ရပ်ကြောင့် ကျတော့်အပေါ်
အားနာပြီး ပြန်ပေးဆပ်စရာမလိုပါဘူး ကျတော့အပေါ် မချစ်သေးလည်းရပါတယ် ကိုကိုပေးတဲ့ နာကျင်ခြင်းဖြစ်ဖြစ် ကြင်နာခြင်းဖြစ်ဖြစ် ကျတော်
ခံယူပါ့မယ်”

“ခဏဝေ….”

ကြည်သူက ရင်ခွင်ထဲမှ နန်းဦး အားဖယ်ချကာ အိပ်ရာဘေးမှ သူ့လွယ်အိတ်အမဲလေးအားလှမ်းယူလိုက်သည်။
ထို့နောက် မှတ်စုစာအုပ်လေးအား
ယူကာ နန်းဦး လက်ထဲ ထည့်ပေးလိုက်သည်။ တစ်ဆက်တည်း
အလင်းရောင်ပိုရစေရန် အနည်းငယ်ဟနေသော ပြတင်းပေါက်အားတွန်းဖွင့်လိုက်၏။

“ဖွင့်ကြည့်”

နန်းဦး က မှတ်စုစာအုပ်မှ
စာရွက်လပ်များအား လှန်လှောရင်း
ကြည်သူအားနားမလည်သလို့ကြည့်လာ၏။
ကြည်သူက ဆက်လှန်ရန်မေးဆတ်ပြသည်မို့
စာရွက်အားဆက်လှန်လိုက်ရာ
ဝါကျင်ကျင် ဓာတ်ပုံလေးတစ်ပုံထွက်လာလေသည်။
ဓာတ်ပုံထဲတွင် ရင်ဖုံးပွပွနှင့် ဆံထုံးကြီးအား ဟန်ပါပါထုံးကာ
မရယ်မပြုံးနှင့် ပုံရိပ်အား နန်းဦး ကအသေအချာကြည့်၏။

“ဘာလဲကိုကို”

ဆံထုံးဆီမှ ဇီဇဝါ ပန်းအားမြင်လိုက်ရလျှင် နန်းဦး ၏ လက်လေးမှာ မသိမသာတုန်ယင်လာ၏။
“ကျတော့ ပုံက ဘာလို့ “
“မှတ်မိသွားပြီလား တောင်တော်ဦးမှာ ဒီပုံလေးကို ကိုယ်ရိုက်ပေးခဲ့တာ”

နန်းဦး က ကိုယ့်ပုံကိုယ် မမှတ်မိပေမယ့် ဒီပုံကို ရိုက်ပေးခဲ့တဲ့ ကင်မရာသမားကိုတော့
တစ်ဘဝလုံးစာချစ်ခဲ့တာ။

“”အဲဒီတုန်းက ကိုယ် ကျွန်းလှကနေပြန်တော့ နောက်ရက်မှာ ဦးလေးနဲ့
ဝါရှင်တန်ထွက်သွားခဲ့ရတာ
ညီဘွားကို ဒီပုံပေးခဲ့ပြီး
ကျွန်းလှမှာ စုံစမ်းခိုင်းခဲ့တယ်
ကိုယ် လည်း ဒီပုံဟာ ယောကျာ်းလေးတစ်ယောက်လို့မထင်
ခဲ့ဘူးလေ
ညီဘွားဆိုပိုဆိုးတာပေါ့
ကျွန်းလှမှာ ပုံပြပြီးမေးတော့
ရဝေနွယ်ဦး တဲ့ ကိုယ့်မှာ ပျော်လိုက်ရတာ ကိုယ်က နွယ့်ကို ဒီပုံထဲက မိန်းကလေးအမှတ်နဲ့တစ်ချိန်လုံး စွဲလမ်းခဲ့တာ
ကိုယ်ဝါရှင်တန်မှာ နေစဥ် ငါးနှစ်လုံးလုံးညီဘွားက နွယ့်နောက်လိုက်ပေးခဲ့တာ လက်တွေ့မှာ သက်ဆိုင်ရတော့လည်း ကိုယ် မြင်မြင်ချင်း စွဲလမ်းခဲ့ရတဲ့ပုံရိပ်လေးကို ပိုင်ဆိုင်ရတော့မယ် ဆိုတဲ့စိတ်နဲ့ပျော်ခဲ့တယ်
မင်းနဲ့တွေ့ပြီးနောက်ပိုင်း
မင်းကို ကိုယ့်အနားမှာ ထားပြီးစောင့်ရှောက်ချင်တဲ့စိတ်ဟာ ယောက္ဖတစ်ယောက်လို ဆိုတာ ထက် မင်းကို ကိုယ့်နားရှိစေချင်လို့ပဲ
မင်းသူငယ်ချင်းတွေနဲ့ ဖက်လှဲတကင်းရှိနေတာကိုလည်းမကြိုက်ခဲ့ဘူး
နွယ်လည်း ကျောင်းမှာ သူ့လုပ်ဖော်ကိုင်ဖက်ယောကျာ်းလေးသူငယ်ချင်းတွေရှိတာပဲ
ကိုယ်ဘယ်လိုမှ မခံစားခဲ့ရဘူး
စေ့စပ်ပွဲ နေ့တုန်းက ပြဿနာတက်ပြီး
ကိုယ့်စိတ်တွေက ပိုဆိုးလာတယ်
မင်းနဲ့ပတ်သက်ရင်မထိန်းချုပ်နိုင်ဘူး
အကယ်၍ နွယ်နဲ့လက်ထပ်ဖြစ်ရင်တောင် မင်းကို ကိုယ့်အနားရအောင်ခေါ်ထားမယ်လို့ ဆုံးဖြတ်ထားတာ
အဲလိုမျိုးဖြစ်ခဲ့ရင်
ကိုယ်ဟာ ဒုတိယ ကြည်သာမောင်ဖြစ်လာပြီး
နွယ်ဟာ ဒုတိယစွေသောမိုးဖြစ်လာမယ် မင်းဟာ ဒုတိယ မင်းမောင်မောင်လိုမျိုးနာကျင်ရမယ်
ကိုယ့်လို စိတ်မကျန်းမာတဲ့ မျိုးဆက်တွေ ရှိမလာနိုင်ဘူးလို့ ဘယ်သူပြောနိုင်မှာလဲ”

ရှိုက်သံမပါပဲ ကျနေသော မျက်ရည်စီးကြောင်းအား နန်းဦး က ပါးဖြင့်ဖိသုတ်လိုက်သည်။

“အဲဒီကတည်းက အဲဒီကတည်းက
ဒီမေးချိုင့်ကို ကျတော်က စွဲလမ်းခဲ့တာ
အသက်ဆယ့်ငါးနှစ်အရွယ်တည်းက
ဒီမေးချိုင့်လေးအပေါ် ဘယ်တုန်းကမှ သစ္စာမပျက်ခဲ့ဘူး
အချစ်မှန်းမသိခင်ကတည်းက
ကျတော်က ကိုကို့ ကိုချစ်ခဲ့တာ
ဒီမေးချိုင့်ကို ရှာဖို့ တောင်တော်ဦး ကို ကျတော် နေ့တိုင်းရောက်ခဲ့တာ
ဓာတ်ပုံဆိုင်ပါအသစ်ပြောင်းသွားတယ်လေ
ကျတော်ရှာနေတုန်းမတွေ့ပဲ
မမချစ်သူအဖြစ် ပြန်ပေါ်လာတော့
ကျတော် ဘယ်လောက်တောင်
ကမ္ဘာပြိုလိုက်ရလဲ”

“အရာအားလုံးအတွက် ကိုကိုက
တောင်းပန်ပါတယ်ကလေးရယ်
မင်းက မင်းအဖြစ်ပဲရှိနေပေး
ရှေ့လျှောက် ကိုကိုက
မင်းတစ်ဘဝလုံးပျော်စေရပါ့မယ်”

ခေါင်းလုံးလုံးလေးဟာ ရင်ခွင်ကျယ်ကြီးထဲ နှစ်ဝင်ပျောက်ကွယ်လို့။
နံနက်ခင်းနေရောင်အောင်တွင်
ဝမ်းနည်းလို့လား
ပျော်လို့လား မသိသော
ရှိုက်သံသဲ့သဲ့မှာ
ရင်ခွင်ကျယ်ကြီးအား
စိုရွှဲသွားစေ၏…

မိုချီ(ခတ္တလူ့ပြည်)

စာရေးတာက မနေ့တည်းကပြီးတာ
လိုင်းတွေဖြတ်ထားလို့ ခုမှလာတင်ရတာပါ
ညကျ လိုင်းကောင်းရင် part25ကို ထပ်upပါ့မယ်
စောင့်ပြီးဖတ်ပေးလို့ ကျေးဇူးကမ္ဘာပါ

Tags: read novel Wrong Time Right Person(Completed) part24 (unicode), novel Wrong Time Right Person(Completed) part24 (unicode), read Wrong Time Right Person(Completed) part24 (unicode) online, Wrong Time Right Person(Completed) part24 (unicode) chapter, Wrong Time Right Person(Completed) part24 (unicode) high quality, Wrong Time Right Person(Completed) part24 (unicode) light novel, ,

Comment

Leave a Reply

Chapter 49