Lollipop Chapter 4 – Unicode

All chapters are in Lollipop
A+ A-

“ဟင့်အင် ကိုကို ကိုကို အားး ကိုကို့ကို ပြန်ခေါ်ပေး”

ရှိုက်ကြီးတငင်ငိုနေတဲ့ စိုင်းမာန်သစ်အငယ်လေးကို ဦးစိုင်းတမာန်က အတင်းခါးကနေဖက်ထားကာ မငိုဖို့ပြောကာချော့နေသည်။

“သား ကိုကိုက ပြန်မလာတော့ဘူး တော်တော့နော် မငိုတော့နဲ့”

“အီးဟီး ဟုတ်ဘူး ကိုကိုက အသစ်တွက် လာလာပေါ့(Lollipop) သွား၀ယ်တာ ပါး လွှတ် ကိုကိုဆီသွား”

စိုင်းမာန်သစ်အငယ်လေးက အတင်းရုန်းထွက်ကာ ခြံ၀န်းထဲကနေတစ်ဆင့် တစ်ဖက်အိမ်ကို ခြေလျင်ပြေးသွားလေသည်။ စိုင်းမာန်သစ် ချော်လဲသည်။ သို့သော် ပြန်ထကာ တံခါးပိတ်ထားတဲ့ ခြံ၀န်းထဲကို ထပ်တလဲလဲပြေး၀င်သည်။

“ကိုကို အား! ကိုကို အား!”

ချွေးသံရဲရဲနဲ့ စိုင်းမာန်သစ် အိပ်ယာကနိုးလာရသည်။ စိုရွဲနေအောင်ကျနေတဲ့ မျက်ရည်တွေကို သုတ်လိုက်ရင်း မောဟိုက်နေသည့် ရင်အစုံကိုဖိထားမိသည်။ ဘာလို့ ဒီအိပ်မက်တွေကို ပြန်မက်နေရတာလဲ။

စိုင်းမာန်သစ် ဖန်ခွက်ထဲမှာ အသင့်ရှိတဲ့ရေကို သောက်လိုက်ကာ ချွေးတွေကို လက်နဲ့သုတ်လိုက်သည်။ ဒီ ငယ်ဘ၀အိပ်မက်တွေက ရံဖန်ရံခါ စိုင်းမာန်သစ်ကို ခြောက်လှန့်တတ်သေးသည်။ သက်ပြင်းတစ်ဖန်ချလိုက်ရင်း တစ်ဖက်အိမ်ကို မြင်ရတဲ့ ပြတင်းပေါက်လိုက်ကာကို ဆွဲဖွင့်လိုက်ကာ စိုင်းမာန်သစ်ငေးနေမိသည်။

“ကိုကို”

တိုးဖျစွာခေါ်လိုက်တဲ့ အသံသည် သက်ဆိုင်သူထံရောက်လိမ့်လေမလား။

__________________________________________________________

“ဘယ်က ပြန်လာတာလဲ ငယ်လေး”

ဘုန်းပြည့်အာဏာ အိမ်ထဲကို ၀င်လာတဲ့ ညီမဖြစ်သူကို ဆိုဖာပေါ်ကနေ ဟန်မပျက်လှမ်းမေးလိုက်သည်။

“သူငယ်ချင်းတွေနဲ့တွေ့လာတာ ကိုကို”

“ဘာလို့ ပြောမသွားတာလဲ”

“ကိုကိုကလည်း ငယ်လေးအသက် နှစ်ဆယ်ငါးနှစ်တောင်‌ေကျာ်နေပြီ အကုန်လုံးကို အစီရင်ခံနေရဦးမှာလား?”

“လေသံက ဘယ်လိုဖြစ်နေတာလဲ ကိုကိုက စိတ်ပူလို့ပြောနေတာလေ”

“တော်ပါတော့ အဲ့ဒီစိတ်ပူတယ် စိတ်ပူတယ် စိတ်ပူတယ် ကိုကိုက စိတ်ပူတယ်ဆိုပြီး ငယ်လေးကို ပိတ်လှောင်ထားရတာကို ပျော်နေတာမို့လား?”

“ငယ်လေး”

ဘုန်းပြည့်အာဏာ သူ့ရှေ့က ညီမလေးကို ကြည့်ရင်း မေးရိုးများတင်းလာသည်အထိ ဒေါသထွက်ရသည်။ ဒီကလေး ဘယ်အချိန်မှ သူ့မေတ္တာတွေကို မြင်နိုင်မှာလဲ။ ငယ်ငယ်ကတည်းက အရိပ်ကြည့်လာရတဲ့ ဒီကလေးကို သူအထိခိုက်မခံနိုင်တာသူ့အပြစ်လား။

“ပင်ပန်းလာလို့ အခန်းထဲသွားနားတော့မယ် ကိုကိုက ငယ်လေးအတွက် အစ်ကိုတစ်ယောက်ထက်မပိုဘူး”

နောက်ဆုံးပြောသွားတဲ့ စကားက ဘုန်းပြည့်အာဏာရဲ့ အရှိုက်ကို တည့်တည့်ထိသည်။ ဘယ်လိုပင် သူပြောရက်ရတာလဲ။ ရှိသမျှဂရုစိုက်မှု့တွေအကုန်ပေးအပ်ခဲ့တာတောင် ညီမငယ်ရဲ့ စိတ်ထဲမှာ သူက အစ်ကိုတစ်ယောက်ထက်မပိုဘူးတဲ့လား။

နက်ကတိုင်ကို ဆွဲဟလိုက်ပြီး ဘုန်းပြည့်အာဏာဒေါသထွက်စွာ စားပွဲကို တစ်ချက်ထုလိုက်သည်။ 

“သား ညီမလေးက အရွယ်ရောက်နေပြီ မင်းဒီလိုတွေလုပ်နေလို့မရဘူး”

အနားကိုရောက်လာတဲ့ ဖခင်ကိုကြည့်ရင်း ဘုန်းပြည့်အာဏာ အံကြိတ်ထားသည်ကို ဖြေလိုက်သည်။

“ငယ်လေးက သားအပိုင် ဖေဖေ”

“အဲ့လိုအတွေးတွေကို မင်းအမေထည့်ပေးခဲ့လို့ဖြစ်နေတာ လူတစ်ယောက်ကို ပိုင်တယ်မပိုင်ဘူး မင်းပြောလို့မရဘူး ဘုန်းပြည့်”

“မေမေက သားအတွက် ငယ်လေးကို ခေါ်ပေးခဲ့တာလေ”

“ဘုန်းပြည့် မင်းကလေးလည်းမဟုတ်တော့ဘဲနဲ့ စဥ်းစားတတ်တဲ့အရွယ်ရောက်နေပြီ မင်းအမေလည်းမရှိတော့ဘူး ဆင်ခြင်သင့်နေပြီ”

သွားလေသူ ဇနီးရဲ့ စနက်တွေကြောင့် သူ့သား ဒီလိုဆိုးနေမှန်းသိနေတဲ့ ဦးသီဟနိုင်ကတော့ သက်ပြင်းသာအတွင်တွင်ချရင်း နားချရသည်။ သူ့သားက ကျန်တဲ့နေရာတွေမှာ လူကြီးလူကောင်းဆန်သလောက် အငယ်မနှင့်ပတ်သက်လာလျှင်တော့ အတ္တတအားကြီးသည်။ ဒါကလည်း သူ့အမေကြောင့်ဆိုတာသူကောင်းကောင်းကြီးသိသည်။

‘လှ၀င်းနွယ်ရေ မင်းအတ္တတွေက မင်းမရှိတဲ့နောက် သားဆီပဲအကုန်ရောက်သွားလေသလား။ မင်းအပြစ်တွေကြောင့် ငါ့သားပဲနာကျင်ရလေမလား။’

“ဘယ်လိုပဲဖြစ်ဖြစ် သား ငယ်လေးကို ဘယ်လိုစိတ်နဲ့ချစ်နေတာလဲဆိုတာ ဖေဖေလည်းသိတယ် ငယ်လေးလည်း အသက်ပြည့်တာကြာပြီ သားတို့လက်ထပ်ပွဲကိုစီစဥ်မယ် ဖေဖေသဘောမတူတာတွေဘာတွေသားမသိဘူး”

“ဘုန်းပြည့် မင်း ညီမလေးကို ချစ်တယ်လို့အထင်မှားနေတာ မင်းချစ်တဲ့သူက သမီးလို့ထင်နေတာ မင်းမှားမယ် ဘုန်းပြည့်”

“ဖေဖေဘာတွေလာပြောနေတာလဲ တစ်ခါတည်းရှင်းအောင်ပြောလိုက်ပါ့လား သားသိတာကတော့ ငယ်လေးကို သားငယ်ငယ်လေးကတည်းကချစ်လာတာ ငယ်လေးမရှိရင်မနေနိုင်လို့ သား အိပ်ယာထဲတောင်အကြာကြီးလဲနေခဲ့တာ မေမေက သားကိုမကြည့်ရက်လို့ ငယ်လေးကို မွေးစားပေးခဲ့တာ ဒါဆို ငယ်လေးကို ကျွန်တော့်အပိုင်လုပ်ဖို့ အကြောင်းအရင်းက လုံလောက်နေပြီမဟုတ်လား”

ဦးသီဟနိုင်အနေနဲ့ သားဖြစ်သူကို ခေါင်းတယမ်းယမ်းနဲ့ ကြည့်ရုံမှအပါး ဘာမှမလုပ်နိုင်ပေ။

“မှားမယ် ဘုန်းပြည့် မင်းမှားမယ်”

“မှားချင်လည်း မှားပါစေ နောက်လထဲ ငယ်လေးနဲ့ ကျွန်တော့် လက်ထပ်ပွဲကို စီစဥ်မှာမို့ ဖေဖေမတားပါနဲ့ ငယ်လေးကိုကျွန်တော်ဘယ်သူ့လက်ထဲကိုမှ အပါမခံနိုင်ဘူး”

ဘုန်းပြည့်အာဏာပြောပြီးပြီးချင်း မိမိအခန်းရှိရာကို ခြေဦးလှည့်ခဲ့လိုက်တော့သည်။  

_________________________________________________________________

၀ရန်တာဘက်ကိုထွက်ကာ စီးကရက်ကို ဟန်ပါပါသောက်လိုက်ပြီး ထွက်သွားတဲ့ အငွေ့တွေကို ငေးရင်း ဘုန်းပြည့်အာဏာ တစ်ခုခုပျောက်ဆုံးနေသလို ခံစားလိုက်ရသည်။ ဒီလိုခံစားချက်ကြီးကို ခံစားနေရတာ သူ့သက်တမ်းတစ်လျှောက်လုံးပင်ဖြစ်သည်။

ညအိပ်၀တ်စုံက ရင်ဘတ်ကိုဟထားတာကြောင့် ကြွက်သားအမြောင်းမြောင်းကအတိုင်းသားပေါ်နေသည်။ မြင်သူတကာ နှာခေါင်းသွေးလျှံလောက်အောင်ပင် ဘုန်းပြည့်အာဏာက ဆွဲဆောင်မှု့ရှိပါသည်။ 

မိန်းမလှပေါင်းများစွာက ချဥ်းကပ်ခြင်းကို ခံခဲ့ရသောလည်း ဘုန်းပြည့်အာဏာက သူ့ရင်ထဲက လူသားကလွဲပြီး ဘယ်သူ့ကိုမှ လှည့်မကြည့်ခဲ့ပါ။ သူ့ ညီမလေးလို့ သူထင်နေတဲ့တစ်ယောက်ကိုသာ သူအသည်းတမျှချစ်သည်ဟု စွဲမြဲစွာနေခဲ့ခြင်းပင်။

ဆေးလိပ်ငွေ့တွေကြားက တွေ့လိုက်ရတဲ့ ပုံရိပ်က ညနေစာစားပွဲ၀ိုင်းက သူ့ကိုစိုက်ကြည့်နေတဲ့ မသုံးရသေးသော အတွင်းရေးမှူး၏ မျက်နှာပင်။ ပြူးကြောင်ကြောင်ကောင်လေး မျက်နှာကိုတွေးမိတော့ ဘုန်းပြည့်အာဏာ တစ်ချက်ရယ်မိသွားသည်။ ဘယ်လိုအလွဲတွေများတွေ့ရဦးမလဲလို့လဲ တွေးမိနေသေးသည်။

နေဦး။ အခု ဘုန်းပြည့်အာဏာက ရယ်လိုက်တာလား။ အသံထွက်ပြီးတော့တောင်လေ။ တကယ်အံ့သြစရာ။ သူဒီလိုမရယ်ခဲ့တာတောင် ဆယ်စုနှစ်တစ်ခုရှိခဲ့ပြီ။ အတွေးစတွေကို ဖယ်ပြီး ဘုန်းပြည့်အာဏာ အခန်းထဲ ပြန်၀င်ပြီး မွေ့ယာပေါ်ကို လှဲချကာအိပ်ဖို့ပြင်လိုက်သည်။ 

အိပ်ယာဘေးက စားပွဲခုံအံဆွဲထဲတွင် ၀ယ်ထားတာ နှစ်နှစ်ရှိပြီဖြစ်သော Strawberry Lollipop တစ်လုံးရှိလေသည်။

@OliviaThet-Eleanor
___________________________________________________________________

Tags: read novel Lollipop Chapter 4 – Unicode, novel Lollipop Chapter 4 – Unicode, read Lollipop Chapter 4 – Unicode online, Lollipop Chapter 4 – Unicode chapter, Lollipop Chapter 4 – Unicode high quality, Lollipop Chapter 4 – Unicode light novel, ,

Comment

Leave a Reply

Chapter 4