Lollipop Chapter 5 – Unicode

All chapters are in Lollipop
A+ A-

*And the stars exploding into fireproof
My youth, my youth is yours
Tripping on skies, sipping waterfall

…… Ding*

*And the stars exploding into fireproof
My youth, my youth is yours
Tripping on skies, sipping waterfall

…… Ding*

*And the stars exploding into fireproof
My youth, my youth is yours
Tripping on skies, sipping waterfall

…… Ding*

စိုင်းမာန်သစ် တဂွမ်ဂွမ်မြည်နေသည့် ဖုန်းသံကို လစ်လျူရှူ့ကာ ဆက်အိပ်ဖို့ကြိုးစားသည်။ ဒီလောက်အစောကြီးကို ဘယ်သူက ဖုန်းခေါ်နေပြန်တာလဲဟု‌ေတွးရင်း ပြန်အိပ်ပျော်ရန် ပြင်းပြင်းထန်ထန်ကြိုးစားသည်။ တစ်ခါနှင့်လည်း မရပ်။ အကြိမ်ကြိမ်ခေါ်နေတာကြောင့် စိုင်းမာန်သစ် ခေါင်းအုံးနဲ့ နားကို အုပ်ပြီး အိပ်သည်။ သို့သော်လည်း ဖုန်းသံကရပ်မသွား။

‘ဘယ်လိုမိမဆုံးမ ဖမဆုံးမက ဖုန်းဆက်နေတာလဲ။ ဖုန်းနှစ်ခါခေါ်လို့ မကိုင်ရင်ဆက်မခေါ်ရတဲ့ ယဥ်ကျေးမှု့ကိုတောင်နားမလည်ဘူးလား’

တစ်ဖက်က ဖုန်းခေါ်ဆိုသူကတော့ နားမလည်ဘူးထင် ဆက်ခေါ်နေဆဲဖြစ်သည်။
နောက်ဆုံးတော့ စိုင်းမာန်သစ်ကပဲ မနေနိုင်စွာ ဖုန်းကိုလှမ်းယူလိုက်ပြီးနားကို ကပ်လိုက်သည်။ အိပ်ချင်မူးတူးဖြစ်နေသည့်အပြင် ဒေါသကလည်း ထွက်ရသေးသည်။

နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့သူကို နှောင့်ယှက်ရင် ထောင်ချတဲ့ ဥပဒေချမှတ်ဖို့ စိုင်းမာန်သစ်တွေးလိုက်မိသေးသည်။ ဒါမှ သူ့လိုအမျိုးကောင်းသားလေးတွေ အိပ်ရေးပျက်ရတာ လျော့လာမှာ။

“ဟယ်လို ဘယ်သူလဲကွာ စောစောစီးစီး”

“မင်းအဖေ စိုင်းတမာန်”

“ဟင် ပါပါး ပါပါးက အစောကြီး ဘာလို့ဖုန်းတွေခေါ်နေတာလဲ”

စိုင်းမာန်သစ် မျက်လုံးကို ပွတ်ကာ ဖခင်ဖြစ်သူကို မေးလိုက်သည်။ သူ့အဖေက သူ့ကိုတော်ရုံဖုန်းမဆက်။ မဆက်ဆို တစ်အိမ်ထဲမှာနေနေရတာလေ။ ဖုန်းဆက်ပြီးပြောရလောက်အောင် ထွေထူးမှမရှိတာ။

“မင်းမေကြီးတော်ကို စောလေ ငါတောင် အလုပ်ရောက်နေပြီ မင်းမထသေးဘူးထင်လို့ ဖုန်းဆက်နှိုးတာ ထင်တဲ့အတိုင်းပဲ အလုပ်သွားရမှာကို မေ့နေတာလား?”

“ဟင် ဟုတ်သား”

အခုမှ သတိရသည်။ လေလွင့်နေတဲ့နေ့ရက်တွေများတော့ အကျင့်ကပါနေပြီ။ ဒီနေ့အလုပ်သွားရမှာကို စိုင်းမာန်သစ် တကယ်မေ့နေခဲ့ခြင်းဖြစ်သည်။ စိုင်းမာန်သစ် ဖုန်းကို ပစ်ချပြီး ရေချိုးခန်းထဲကို အမြန်အပြေးသွားရသည်။ အလုပ်စလုပ်တဲ့နေ့တင် နောက်ကျနေလို့မဖြစ်။ သူ့လူကြီးက သူ့အပေါ်အကောင်းမြင်မှဖြစ်မယ်မဟုတ်လား။

စိုင်းမာန်သစ် သူ့ပါပါး၀ယ်ပေးထားတဲ့ အနောက်တိုင်း၀တ်စုံထဲက တစ်စုံကို ခပ်မြန်မြန်ရွေးလိုက်ပြီး ကောက်၀တ်လိုက်သည်။ ဆံပင်ကိုသပ်သပ်ရပ်ရပ်ဖြီးလိုက်ပြီး မှန်ထဲကိုကြည့်လိုက်တော့ လူကတော်တော်သန့်သန့်ပြန့်ပြန့်ဖြစ်သွားသည်။ အရင်ကလို ခပ်ဆိုးဆိုးကောင်လေးစတိုင်မဟုတ်တော့။

“စိုင်း သား မနက်စာ”

“မစားတော့ဘူး ကြီးကြီး လမ်းမှပဲ ၀ယ်သွားလိုက်တော့မယ် ကျွန်တော်နောက်ကျနေပြီမို့”

________________________________________________________________

SL Group ဆိုသည့်အတိုင်း အရှိန်အ၀ါကတော့ အတော်ကြီးသည်။ အထပ်မြင့်အဆောက်အဦကြီးကို ရဲ့မြေအောက်ကားပါကင်မှာ ဖခင်၀ယ်ပေးထားတဲ့ ပြိုင်ကားအပြာလေးကို ထိုးပြီး တံခါးကို ဖွင့်ပြီး ဆင်းလိုက်သည်။

သူ့ရဲ့ အခုပုံစံက အတွင်းရေးမှူးနဲ့တူမနေဘဲ သူဌေးနဲ့တောင်တူနေသေးသည်။

သူတွေးနေတုန်းမှာဘဲ နောက်ဆုံးပေါ်ဇိမ်ခံကားတစ်စီးက သူ့ပြိုင်ကားလေးဘေးမှာ အရှိန်အပြည့်နဲ့ကပ်ထိုးလိုက်သည်။ စိုင်းမာန်သစ်မှာ ပြိုင်ကားအပြာလေးစီကျောကပ်ပြီး လိပ်ပြာလွင့်မတတ်ပင်ဖြစ်သွားရသည်။

၀င်းပြောင်နေတဲ့ ကားအနက်ထဲက ပထမဆုံးဆင်းလာသူက ရမ်ခ။ ရမ်ခက ခပ်သွက်သွက်နဲ့ ကားအနောက်တံခါးကို ဖွင့်ပေးလိုက်တော့ စိုင်းမာန်သစ်ရဲ့ အသည်းညှာက မျက်နှာကျောတင်းတင်းနဲ့ ဆင်းလာသည်။ ဘုန်းပြည့်အာဏာဆိုတဲ့ လူကြီးက ဘယ်အချိန်ကြည့်ကြည့်ခန်ညားနေတုန်းဖြစ်သည်။

“ကိုစိုင်းမာန်သစ် ရောက်လာနေပြီလား လုပ်ရမယ့်အလုပ်ကို ကျွန်တော်ပြောပြပါ့မယ်”

ရမ်ခရဲ့ စကားအဆုံးမှာ စိုင်းမာန်သစ်ငေးနေတဲ့ ဘုန်းပြည့်အာဏာကတော့ အ၀ေးကြီးကိုရောက်နေလေပြီ။ ရမ်ခကလည်း ဘုန်းပြည့်အာဏာရဲ့ အချိန်ပြည့်ကိုယ်ရံတော်လို့ မပြောရဘူး။ ဒီညာလက်ရုံးနဲ့ ဒီသူဌေးလိုက်လည်းလိုက်သည်။ စကားနည်း ရန်စဲဆိုတဲ့ ဆောင်ပုဒ်ကိုလက်ကိုင်ထားကြသူတွေသာ။

စိုင်းမာန်သစ်ကို ပြောပြီးတာနဲ့ ပါးစပ်က ထုံးစံအတိုင်း အပ်နဲ့ချုပ်လိုက်သလို ပြန်စိသွားပြီး ရုပ်သေကြီးနှင့်ကြည့်နေသည်။

“ကျွန်တော် ထိုင်ရမယ့်နေရာကရော”

“သူဌေးအခန်းထဲမှာပဲ စားပွဲပြင်ပေးထားတာဗျ”

စိုင်းမာန်သစ် တိတ်တိတ်ကလေး စိတ်ထဲကနေကြွေးကြော်လိုက်သည်။ ဘုန်းပြည့်အာဏာကို သူတစ်နေ့လုံးကြည့်နေနိုင်မယ့် အခွင့်အရေးမဟုတ်လား။ ဒါက ဘုရားပေးတဲ့ ဆုလာဘ်ပဲ။

စိုင်းမာန်သစ် ဘုန်းပြည့်အာဏာရဲ့ ရုံးခန်းထဲကို ရောက်တော့ ဘုန်းပြည့်အာဏာက သူ့စားပွဲမှာထိုင်ပြီး လုပ်ငန်းတွေကိုတောင်စတင်နေလေပြီ။ SL Group ၏အဆောက်အဦးသည် အထပ်ငါးဆယ်ရှိပြီး ဘုန်းပြည့်အာဏာရဲ့ ရုံးခန်းက အပေါ်ဆုံးထပ်မှာ ဖြစ်သည်။

အလုပ်ခန်းအပြင် ထိုအပေါ်ဆုံးထပ်တွင် အိပ်ခန်းကျယ်၊ မီးဖိုချောင်၊ ရေချိုးခန်း စသဖြင့် တော်ရုံလူချမ်းသာမိသားစုထက်ပိုသည့် အဆင်အယင်တွေနှင့် ဘုန်းပြည့်အာဏာရဲ့ အိမ်အဖြစ်သတ်မှတ်ထားသည်။ ဘုန်းပြည့်အာဏာရဲ့ အချိန်အများစုက အလုပ်မှာပဲ ကုန်ဆုံးရတာမို့ ထိုသို့ပြုလုပ်ထားခြင်းပင်။

ဟိုအိမ်ကိုတော့ ငယ်လေးကြောင့်သာ သူပြန်ဖြစ်နေခြင်းပင်။ သူ့ညီမလေးကြောင့်သာ အသွားအပြန်လုပ်ဖြစ်နေခြင်း။

ဘုန်းပြည့်အာဏာရဲ့  အလုပ်စားပွဲ အကြီးကြီး၏ မျက်စောင်းထိုးတွင် စိုင်းမာန်သစ်ရဲ့ စားပွဲကို ပြင်ပေးထားသည်။ ဘုန်းပြည့်အာဏာရဲ့ စားပွဲလောက်မကြီးပေမဲ့ အရွယ်အစားက ကလေးတစ်ယောက်အေးအေးဆေးဆေး တက်အိပ်လို့ရသည့်အနေအထားတွင်ရှိသည်။

ဒါကလည်း ဖြစ်သင့်တဲ့ကိစ္စပင်။ SL Group ဆိုတာက အ၀တ်အစား၊ အစားအသောက် နဲ့ ဆေး၀ါးဆိုပြီး လုပ်ငန်းသုံးခုလုံးကို ဦးစီးပြီး တစ်နိုင်ငံလုံးကို ဖြန့်၀ေနေတာဖြစ်သည်။ စိုင်းမာန်သစ် ပါပါးရဲ့ လုပ်ငန်းဆိုတာကလည်း အဲဒီလုပ်ငန်းခွဲတစ်ခုစာ သာသာလောက်ပင်ဖြစ်သည်။

စိုင်းမာန်သစ် ဒီအလုပ်ကိုရတာက ပြောရရင် အမြှောင်ရှိသည်ဟုဆိုရမှာပင်။ ဘုန်းပြည့်အာဏာရဲ့ အတွင်းရေးမှူးနေရာကို ရဖို့ဆိုတာ ဒီလောက်လွယ်တဲ့ကိစ္စဟုတ်မနေ‌ေချ။ ဒါကို စိုင်းမာန်သစ် အစကတည်းက တွေးမိပေမဲ့ ဒီအလုပ်ခန်းကို မြင်တော့ပိုပြီးတောင်တွေးမိသွားရသည်။

ဘယ်သူ့အကူအညီနဲ့ သူဒီအလုပ်ကို ရခဲ့တာလဲ။

“မင်းက မထိုင်တော့ဘူးလား”

အပေါက်၀မှာတင် တွေးရင်းရပ်နေတဲ့ စိုင်းမာန်သစ်တစ်ယောက် ဘုန်းပြည့်အာဏာရဲ့ အသံအောက်တွင်နိုးထလာရသည်။ ဘေးကို ကြည့်လိုက်တော့လည်း ရမ်ခက ရှိမနေတော့။ ဘယ်အချိန်ကတည်းက ထွက်သွားမှန်းတောင်မသိလိုက်။ သူသာ အတွေးတွေလွန်ပြီး ကျန်နေခဲ့တာ။

“ထိုင် ထိုင်မှာ”

စိုင်းမာန်သစ် ပြောရင်းဆိုရင်း ပါလာတဲ့ အိတ်ကို ယူပြီး သူ့စားပွဲပေါ်မှာ နေရာယူလိုက်သည်။ 

ပြီးတော့။

ပြီးတော့။

ပြီးတော့ သူက ဘာလုပ်ရမှာလဲ။

စိုင်းမာန်သစ် ထိုင်ငိုချင်စိတ်တွေပင် ပေါက်လာရသည်။ ဘာလို့ ဒီအခန်းကြီးက ဒီလောက်တိတ်ဆိတ်နေရတာလဲ။ ဒီနေ့မှ အသစ်၀င်လာတဲ့ အလုပ်သမားအပေါ်ဒီလောက်တောင် စာနာမှု့ကင်းမဲ့ရသလား။

“ဟို ဟိုလေ”

မရဲတရဲနဲ့ တံတွေးကို မြိုချပြီး အသံပြုလိုက်တော့ ဘုန်းပြည့်အာဏာက စာရွက်ပေါ်ကနေအကြည့်လွှဲပြီး စိုင်းမာန်သစ်ကို မျက်လုံးလှန်ကြည့်လိုက်သည်။

ဒုတ် ဒုတ် ဒုတ် ဒုတ်။

‘နေဦး စိုင်းမာန်သစ်ရ။ အခုက အဲ့အကြည့်ကို ရင်ခုန်နေရမယ့်အချိန်မဟုတ်ဘူး ဒီအတိုင်းသာဆို အငွေ့ပျံသွားတော့မှာ အသေအချာပဲ’

ဘုန်းပြည့်အာဏာက သူ့ကို စိုက်ပြီးကြောင်ကြည့်နေတဲ့ စိုင်းမာန်သစ်ကိုကြည့်ရင်း အကြောင်းအရင်းကို သိသွားတာကြောင့် မျက်လွှာကို ပြန်ချကာ ပါးစပ်ဟလိုက်သည်။

“မင်းလုပ်ရမယ့်အလုပ်က ငါ့အလုပ်တွေကို စီမံခန့်ခွဲရုံတင် ပြီးတော့ လုပ်ငန်းရှင်တွေဘာတွေနဲ့ တွေ့ဖို့ရော ပြောရရင် ရမ်ခနဲ့မင်းက ငါ့ဘေးမှာ အချိန်ပြည့်ရှိနေမှဖြစ်မယ့်အလုပ်။ မင်းစားပွဲရဲ့ ညာဘက်မှာ ရှိတာတွေက မင်းလေ့လာရမယ့်ဟာတွေ။ ငါ့အချိန်ဇယားကိုတော့ လောလောဆယ် ရမ်ခဆွဲပေးတယ် အဲ့ထဲမှာရှိလိမ့်မယ် နောက်ကျရင် မင်းဆွဲရမယ် နားမလည်ရင်လည်း ရမ်ခကို မေးလိုက်”

စိုင်းမာန်သစ် ဘုန်းပြည့်အာဏာရဲ့ စကားအဆုံးမှာ သူ့စားပွဲရဲ့ ညာဘက်ကို မျက်စောင်းထိုးလိုက်သည်။ ပုံလျက်ရှိနေသော စာရွက်အဖြူပုံကြီးကို ကြည့်ကာ မအီမသာဖြစ်နေသော စိုင်းမာန်သစ်သည် ဘုန်းပြည့်အာဏာ၏ လုပ်စမ်းဟဟူသော အဓိပ္ပာယ်နှင့် နှုတ်ခမ်းစွန်းတစ်ဖက် မြောက်တက်သွားသည်ကို မမြင်လိုက်ရပေ။

@OliviaThet-Eleanor

____________________________________________________________

Tags: read novel Lollipop Chapter 5 – Unicode, novel Lollipop Chapter 5 – Unicode, read Lollipop Chapter 5 – Unicode online, Lollipop Chapter 5 – Unicode chapter, Lollipop Chapter 5 – Unicode high quality, Lollipop Chapter 5 – Unicode light novel, ,

Comment

Leave a Reply

Chapter 5