Lollipop Chapter 7 – Unicode

All chapters are in Lollipop
A+ A-

ဘုန်းပြည့်အာဏာနိုးလာတော့ ရုံးခန်းထဲကို အရင်၀င်ကြည့်လိုက်မိသည်။ ထင်တဲ့အတိုင်း စားပွဲခုံပေါ်ကို မှောက်အိပ်နေတဲ့ သနားစရာအတွင်းရေးမှူးကို မတွေ့ရတာကြောင့် နည်းနည်းတော့ ဘ၀င်မကျဖြစ်သွားရသည်။

ဘယ်ချိန်ကထပြန်သွားသည်မသိ။ အချိန်က မနက်ခုနှစ်နာရီသာရှိသေးသည်။ ဒီချိန်ဆို ဓာတ်လှေကားလည်း ပြန်ဖွင့်ပြီမို့ ပြန်သွားတာများလား။ အဲဒီလောက်ထိ လုံ့လရှိလိမ့်မယ်လို့မထင်ခဲ့။ စားပွဲပေါ်မှာမှောက်အိပ်နေတဲ့ သူ့ကို အရင်ဆုံးကြည့်ချင်လို့ နိုးနိုးချင်း လာကြည့်ပေမယ့် မတွေ့လိုက်ရတာကြောင့် ဘုန်းပြည့်အာဏာစောစောစီးစီး ရင်ခံသွားရသည်။

စိုင်းမာန်သစ် ဓာတ်လှေကားပြန်ဖွင့်ဖွင့်ချင်း ငါးနာရီကတည်းက ထပြန်ခဲ့ခြင်းဖြစ်သည်။ တစ်ညလုံးမအိပ်ခဲ့ရတာကြောင့် မျက်တွင်းက ဟောက်ပက်။ စိုင်းမာန်သစ်တကယ်မအိပ်တတ်တာဖြစ်သည်။ မသိလိုက်ဘဲအိပ်သွားရင် ကိစ္စမရှိပေမယ့် တစ်ရေးနိုးပြီး ပြန်အိပ်ဖို့က စိုင်းမာန်သစ်အတွက်မဖြစ်နိုင်။ အထူးသဖြင့် ခုံပေါ်မှောက်အိပ်ဖို့ဆိုရင် ပိုဆိုးသည်။

အိပ်ရေးပျက်နေတာကြောင့် သံပုရာရည်တစ်ခွက် ကြီးကြီးကို ဖျော်ခိုင်းပြီး သောက်လိုက်ကာ အိပ်ယာထဲကို လှဲအိပ်ပစ်လိုက်သည်။ သို့သော် ငယ်ငယ်က အိပ်မက်တွေက ခြောက်လန့်ကောင်းနေဆဲ။ မနက်ခင်းကြီးကိုတောင် တရစပ်မက်နေရအောင် မင်းမေလင်လားလို့သာ အော်ဆဲပစ်လိုက်ချင်သည်။

စိုင်းမာန်သစ် စိတ်ကလည်းတိုလာတာကြောင့် စောင်ကိုအတင်းဖယ်လိုက်ကာ ရေချိုးခန်းထဲကို ၀င်ပြီး ရေအေးအေးနဲ့ ရေချိုးပြစ်လိုက်သည်။ လူက နည်းနည်း လန်းသွားသလိုရှိသော်လည်း ခဏတာပင် ပြီးတော့ ပြန်ထိုင်းမှိုင်းသွားသည်သာ။

ပါပါးက စိုင်းမာန်သစ်ညက ပြန်မလာတာကို သိသော်လည်း ထွေထူးမမေး။ သူတစ်ရေးနိုးတုန်းက စာပို့ထားသည်လည်းပါမည်။ ပြီးတော့ ပါပါးက စိုင်းမာန်သစ်ကို ယုံကြည်သည်။ မိဘနဲ့သားသမီးကြားမှာ လိုအပ်သည့် ယုံကြည်မှု့နဲ့ မေတ္တာကို ပါပါးက ပြည့်ပြည့်၀၀ပေးနိုင်သည်။

ငယ်ငယ်လေးကတည်းက လုပ်ချင်တာကို တိုင်ပင်စေသလို ပိတ်ပင်တားမြစ်ခြင်းမျိုးလည်း မရှိခဲ့ပေ။ အမှားကနေ သင်ခန်းစာယူစေခြင်းမျိုးလားဆို ဟုတ်သည်ဟုဖြေရမည်။ သို့သော် စိုင်းမာန်သစ်က တစ်ခါမှမမှားခဲ့ဟုပြောရလောက်အောင်ပင်။

ဖြစ်လာမယ့်အကျိုးဆက်ကို လက်ခံဖို့ သင်ပေးတတ်တဲ့ ဦးစိုင်းတမာန်ကြောင့် စိုင်းမာန်သစ်ဟာ သူနစ်နာမယ့် သူထိခိုက်မယ့် လုပ်ရပ်တစ်ခုတလေကိုမှ မလုပ်မိခဲ့ပေ။ စိုင်းမာန်သစ်အတွက် သူ့ပါပါးဟာ အဖေတစ်ယောက် အမေတစ်ယောက်ထက်ပိုပြီး သူငယ်ချင်းတစ်ယောက်ဟုလည်း ပြောလို့ရသည်။

စိုင်းမာန်သစ် ကြီးကြီးပြင်ပေးတဲ့ မနက်စာကို စားပြီး ပါရာစီတမော တစ်လုံးကို ပါးစပ်ထဲကောက်ထည့်လိုက်ကာ ပြိုင်ကားသော့ကို ဆွဲယူကာ ထွက်ခဲ့လိုက်တော့သည်။ သူလုပ်ရမယ့် အလုပ်တွေက အများကြီးရှိသေးသည်မဟုတ်ပါလား။

“စိုင်းမာန် နေမကောင်းရင် ခွင့်တိုင်ခဲ့ ညက အိပ်ရေးပျက်ထားတယ်မို့လား မင်းက အိပ်ရေးပျက်ရင် ဖျားတတ်တယ်”

ပါပါးက စိုင်းမာန်သစ်ရဲ့ ကိစ္စအ၀၀ကို ကြိုတင်သိရှိနိုင်သူဖြစ်သည်။

“ဘာမှမဖြစ်လောက်ပါဘူး မနေ့ကမှ အလုပ်စဆင်းတာကို ခွင့်မတိုင်ချင်ဘူး ဆေးလည်း သောက်သွားတယ်”

“ပြီးတာပဲ ကောင်းကောင်းသွား”

________________________________________________________________

ဒီနေ့ စိုင်းမာန်သစ် အပေါ်ဆုံးထပ်ကို ရောက်သွားတော့ ဘုန်းပြည့်အာဏာကမရှိပေ။ ကားပါကင်မှာ ကားကိုလည်းမတွေ့ရတာကြောင့် ထွေထူးစဥ်းစားမနေတော့ဘဲ သူ့စားပွဲပေါ်သူထိုင်ပြီး မနေ့က စာရွက်ပုံကြီးအောက် ခေါင်းစိုက်တော့သည်။

အိပ်ရေးမ၀ရင် ဖျားတတ်တဲ့အကျင့်က ရှိတာမို့ နေ့လည်စာစားပြီးရင် ဆေးထပ်သောက်ဖို့ ဆေးလည်းထွက်၀ယ်ရဦးမည်။ စိုင်းမာန်သစ်တွေးရင်း အလုပ်ထဲကို အာရုံပြန်စိုက်လိုက်သည်။ အချိန်က နေ့လည်ဆယ့်တစ်နာရီပင်ထိုးနေပြီ။ ဘုန်းပြည့်အာဏာကတော့ ရောက်မလာသေးပေ။

နုံးချိလာတာကြောင့် ဆေး၀ယ်ဖို့ စိုင်းမာန်သစ်စားပွဲပေါ်ကနေထလိုက်သည်။ တော်တော်ကို မူးသွားတာကြောင့် ခန္ဓာကိုယ်က ယိုင်နဲ့နဲ့ရယ်။ ဆေးကို အလာကတည်းက ၀ယ်လိုက်ရမှာဆိုတဲ့ နောင်တရစိတ်ကို အခုမှခံစားလိုက်ရသည်။

တစ်လှမ်း

နှစ်လှမ်း

သုံးလှမ်း

လေးလှမ်း

*ဒုတ်

ခံစားလိုက်ရတဲ့ မာကျောတဲ့ တစ်စုံတစ်ခု။ အဲ့ဒီအရာက အေးစက်မာကျောနေတယ်လို့ ခံစားရသလို တစ်ဖက်ကလည်း နွေးထွေးနေခဲ့ပြန်သည်။ မော့ကြည့်လိုက်မိတဲ့ အချိန်မှာ သူဘယ်သူ့ကို မြင်လိမ့်မလဲဆိုတာက ရင်ခုန်ဖွယ်ကောင်းနေပြန်သည်။

ထင်ထားတဲ့အတိုင်းပါဘဲ။ ထိုလူဟာ သူရုန်းထွက်မရတဲ့ ကျော့ကွင်းပိုင်ရှင်ဖြစ်နေသည်။ ဘုန်းပြည့်အာဏာ။ အနီးကပ်လွန်းတဲ့ အနေအထားဟာ ရင်ဘတ်ပေါက်ထွက်မတတ်ကို ဖြစ်ရသည်။ မေးရိုးတင်းတင်းဟာ စာနာမှု့မရှိ စိုင်းမာန်သစ်ကို တရိရိသတ်နိုင်သည်။

အသိစိတ်က ပျောက်သွားလေပြီ သူဘာမှကိုမသိတော့။

ပျော့ခွေကျလာတဲ့ စိုင်းမာန်သစ်ကို ဘုန်းပြည့်အာဏာ လှမ်းဖမ်းလိုက်ပြီး မျက်မှောင်ကို ကြုတ်လိုက်ပြန်သည်။ စိုင်းမာန်သစ်ရဲ့ အခြေအနေကို သိတာနဲ့ တစ်ပြိုင်နက် အလိုလို ပွေ့ချီရက်သားဖြစ်သွားသည်။ ဖြူရော်ဖြူဖတ်မျက်နှာကိုတွေ့တော့ ကျစ်သတ်လိုက်ပြန်သည်။ 

နောက်မှာရှိတဲ့ ရမ်ခကို လှမ်းကြည့်လိုက်ကာ။

“ဆရာ၀န်ခေါ်လိုက်”

ခေါင်းငြိမ့်ပြကာ ထွက်သွားသောရမ်ခ။ ဒီဆရာနဲ့ ဒီတပည့်လိုက်လည်း လိုက်ပါပေသည်။ ဘုန်းပြည့်အာဏာ စိုင်းမာန်သစ်ကို ချီထားတဲ့အတိုင်းလေး သူ့အိပ်ခန်းထဲကို ခေါ်သွားလိုက်သည်။ နေမကောင်းရင် မလာနဲ့ပေါ့။ သူ့ရုပ်က ခွင့်တောင်မပေးမယ့် လူလိုဖြစ်နေသလား။ 

ဘုန်းပြည့်အာဏာ ဘာကို အလိုမကျမှန်းမသိဖြစ်သွားရသည်။ အိပ်ယာပေါ်ကို ချပေးလိုက်ပြီးသည့်နောက် မေ့နေသည့် စိုင်းမာန်သစ်ကို ကြည့်ရင်း ဒေါသကအလိုလိုထွက်လာရသည်။ အကြောင်းအရင်းကို မသိသော်လည်း ညီမဖြစ်သူနဲ့ ရန်ဖြစ်လာခြင်းကြောင့် ဖြစ်လိမ့်မည်ဟု အသိမှတ်ပြုလိုက်သည်။

“မင်းက သိပ်ပျော့လွန်းတယ် စိုင်းမာန်သစ်”

__________________________________________________________

စိုင်းမာန်သစ် နိုးလာတော့ စိမ်းသက်တဲ့ အိပ်ယာကို အရင် ခံစားလိုက်ရသည်။ သူသိတာက နောက်ဆုံး ဘုန်းပြည့်အာဏာကို တိုက်မိသွားတာပင်။ အခုတော့ သူက အိပ်ယာတစ်ခုပေါ်ရောက်နေသည်။ အတွေးတွေနဲ့ ထထိုင်လိုက်မိတော့ သူ့ကို ကြည့်နေသည့် ထိုင်ခုံပေါ်က ဘုန်းပြည့်အာဏာကို မိန့်မိန့်ကြီးတွေ့လိုက်ရသည်။

“ကျွန်တော် မေ့လဲသွားတာလား?”

“ဟုတ်တယ် နေမကောင်းရင်လည်း မလာနဲ့ပေါ့”

“မနေ့ကမှ အလုပ်စဆင်းတာ ဒီနေ့ပျက်လို့ မဖြစ်လို့ပေါ့”

“အခုတော့ အလုပ်ချိန်ကြီး မေ့လဲတာကောင်းရောလား?”

နေမှမကောင်းပါဘူးဆိုမှ ကန့်လန့်တွေပြောနေတဲ့ ဘုန်းပြည့်အာဏာကြောင့် စိုင်းမာန်သစ်နည်းနည်းတော့ စိတ်တိုလာရသည်။ အလိုလိုနှုတ်ခမ်းက ဆူပြီးသားဖြစ်နေသည်။ အခုမှသူသတိထားမိသည်။ ဘယ်အချိန်ရှိပြီလဲမသိ။

ဘေးဘီကို လှည့်ကြည့်လိုက်ချိန် မီးထွန်းထားတာဖြစ်ပြီး မှောင်နေတာကို သိလိုက်ရတာကြောင့် ညရောက်နေမှန်းတော့သိလိုက်ရသည်။ အခန်းထဲကို ၀ေ့၀ဲကြည့်ပြီး နာရီကို ရှာတော့ စားပွဲတင်နာရီလေးကို အိပ်ယာဘေးမှာ တွေ့လိုက်ရသည်။

“ဆယ့်နှစ်ခွဲ???”

“ဘာလဲ မင်းက မင်းအဲ့လောက်ထိ မအိပ်ရသေးဘူးထင်နေတာလား?”

“မဖြစ်နိုင်တာ နေ့လည်ဆယ့်နှစ်ကနေ ခုချိန်ထိအိပ်တာကတော့”

“ကိုယ်အိပ်ရေးပုတ်တာတောင် ကိုယ်မသိဘူး”

“ခင်ဗျား!”

“ကိုယ့်အလုပ်ရှင်ကို ခင်ဗျားလို့ ခေါ်ဖို့ ဘယ်သူက သင်လိုက်တာလဲ”

“ဥက္ကဌကြီးခင်ဗျား”

စိုင်းမာန်သစ် သံရှည်ဆွဲခေါ်လိုက်ကာ မျက်စောင်းထိုးလိုက်သည်။ မိန်းမကြီးကျနေတာဘဲ တစ်ခွန်းမကျန် လိုက်ကပ်တွက်ပြီးပြောနေတာ။

ဘုန်းပြည့်အာဏာက ရုတ်တရတ် ထထိုင်လိုက်ပြီးအခန်းထဲကထွက်သွားသည်။ တွေ့တယ်မို့လား အဲ့ဒီလူကြီးက ယဥ်ကျေးမှု့ဆိုတာ ဘာမှန်းမသိဘူး။ စိုင်းမာန်သစ်က သူ့အခန်းထဲမှာ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိကျန်ခဲ့ရသည်။

**And the stars exploding into fireproof..

My youth,my youth is yours
Tripping on skies, sipping waterfalls

ဖုန်းသံသဲ့သဲ့ကို ကြားလိုက်ရတာကြောင့် စိုင်းမာန်သစ် ဖုန်းကို ရှာလိုက်သည်။ နေ့လည်က ဆေးသွား၀ယ်ဖို့လုပ်ရင်း သူ့စားပွဲပေါ်မှာကိုဘဲ ဖုန်းကိုထားခဲ့လိုက်ခြင်းဖြစ်သည်။ ထို့ကြောင့် အိပ်ယာပေါ်မှ အသာဆင်းကာ ဖုန်းရှိရာကို သွားဖို့ပြင်လိုက်သည်။

ရုံးခန်းမီးကို ဖွင့်လိုက်တော့ လူတစ်ယောက်ဖြတ်သွားသည်ကို တွေ့လိုက်ရသည်။ စိတ်ထင်တာပဲဖြစ်မှာပါလို့ တွေးရင်း ဖုန်းကိုသာကောက်ကိုင်လိုက်သည်။

“ဟယ်လို အိမ့်”

“ဘာဖြစ်လို့လဲ ဘာဖြစ်လို့လဲ မငိုနဲ့တော့ အကျိုးအကြောင်းကို ပြောပြဟုတ်ပြီလား?”

စိုင်းမာန်သစ် ဖုန်းပြောပြီးတော့ ဘုန်းပြည့်အာဏာရဲ့ အိပ်ခန်းထဲကို ပြန်၀င်လာလိုက်သည်။ ဘုန်းပြည့်အာဏာက အခန်းထဲကို ပြန်ရောက်နေပြီဖြစ်ပြီး အိပ်ယာပေါ်မှာလပ်တော့ကို ကြည့်နေသည်။ စိုင်းမာန်သစ်၀င်လာတာကို မျက်လုံးလှန်ကြည့်ပြီးနောက် စားပွဲပေါ်ကို မျက်စပစ်ပြလိုက်ကာ။

“အဲ့မှာ ပေါင်မုန့်နဲ့ ကြက်ဥကြော်ထားတယ် ဘေးက ဆရာ၀န်ပေးသွားတဲ့ဆေး မင်းသောက်ချင်သောက်မသောက်ချင်မသောက်နဲ့”

အကြောက လျှော့ကို မလျှော့တာကြည့်ပါဦး။ စိုင်းမာန်သစ်လည်း ဘာမှပြန်မပြောတော့ဘဲ စားပွဲပေါ်ကို ထိုင်ပြီး ချထားတာကို စားနေလိုက်သည်။ 

“ဆရာ၀န်က ဘာပြောသွားလဲ?”

“အိပ်ရေးပျက်လို့ ဖြစ်တာတဲ့ အိပ်ဆေးထိုးပေးသွားတယ်”

လက်စသတ်တော့ အိပ်ဆေးထိုးပေးသွားလို့ အကြာကြီးအိပ်ပျော်နေတာကို သူက အိပ်ပုတ်ကြီးတယ်ဆိုပြီးပြောလိုက်သေးတာ။ စိုင်းမာန်သစ် တော်တော်လေး ခီးသွားရပြန်သည်။ 

‘သည်းခံ စိုင်းမာန်သစ် သည်းခံ သူက မင်းအထက်လူကြီး သည်းခံလိုက် ပြီးတော့ မင်း နှစ်နှစ်လုံးလုံး အတွေးထဲကနေ ချစ်နေတဲ့သူပဲ’

“ဘာတွေ ပွစိ ပွစိလုပ်နေတာလဲ?”

“ဗျာ သြော် ကျေးဇူးပါလို့ဗျ”

“ဟို ဒါနဲ့လေ”

“ပြော”

“ကျွန်တော် ပြန်ချင်လို့ ဓာတ်လှေကားလေး ပြန်ဖွင့်ပေးနိုင်မလားလို့ မဟုတ်ရင် ထပ်ဖျားမှာစိုးလို့”

ဘုန်းပြည့်အာဏာက လပ်တော့ကို ပိတ်လိုက်ပြီး စိုင်းမာန်သစ်ကို ကြည့်ကာ သက်ပြင်းချလိုက်သည်။

“အိပ်ယာပေါ်အိပ်”

“ဗျာ”

“ဒီပေါ်တက်အိပ်လို့ အလုပ်ကို ရှုပ်တယ်”

@OliviaThet-Eleanor
___________________________________________________________________

Tags: read novel Lollipop Chapter 7 – Unicode, novel Lollipop Chapter 7 – Unicode, read Lollipop Chapter 7 – Unicode online, Lollipop Chapter 7 – Unicode chapter, Lollipop Chapter 7 – Unicode high quality, Lollipop Chapter 7 – Unicode light novel, ,

Comment

Leave a Reply

Chapter 7