Lollipop Chapter 14 – Unicode

All chapters are in Lollipop
A+ A-

“ဥက္ကဌ ပြန်ကြစို့လေ ကျွန်တော်မနေ့ကအကုန်လုပ်ခဲ့ပြီးပြီ ရေလည်းကျနေပြီတဲ့ ပြန်လို့ရပြီ”

စိုင်းမာန်သစ်သည် တည်းခိုခန်းစားသောက်ဆိုင်တွင် မနက်စာစားရင်း ဘုန်းပြည့်အာဏာကို ပြောလိုက်သည်။ မနေ့ကသူရွေးပေးထားသည့် အင်္ကျီတို့နဲ့ ချောမောနေသူအားကြည့်ရင်း သူတို့နှစ်ယောက်က ပျားရည်ဆမ်းခရီးထွက်လာသည့်အတွဲလိုပဲဟုပင် ကြောင်တောင်တောင်တွေးလိုက်မိသေးသည်။

မဖြစ်နိုင်တဲ့ကိစ္စတစ်ခုအတွက် ဒီအခြေအနေကို အစားစိတ်ကူးယဥ်လိုက်သည်ဟုဆို‌ရ‌ေလမလား။ စိုင်းမာန်သစ် သျှမ်းခေါက်ဆွဲကို မွှေရင်းတွေးနေမိပြန်သည်။ ရုတ်တရတ် သူပျော်ပြီးကြည်နူးခဲ့ရသလို ရုတ်တရတ် သူ၀မ်းနည်းရပြန်သည်။

တစ်ဖက်သက်အချစ်က ဘယ်လောက်ထိ ၀မ်းနည်းဖို့ကောင်းသလဲဆိုရင် မပန်ရတဲ့နှင်းဆီပန်းတစ်ပွင့်ကိုဆုပ်ကိုင်နေရသလိုပါပဲ။ လွှင့်လည်းမပစ်ရက်။ နမ်းခွင့်လည်းမရှိ။

‘အား ချီးပဲ ဘာလို့ ဘ၀ကြီးက ဒီလောက်တောင်ခါးသီးနေတာလဲ’

စားလက်စ သျှမ်းခေါက်ဆွဲကတောင် ပါရာစီတမောအရသာရလာသလိုပင်။ စိုင်းမာန်သစ် တူကိုချလိုက်ပြီး ရေနွေးကြမ်းကိုသာ ငှဲ့သောက်လိုက်သည်။ ထို့နောက် ဘုန်းပြည့်အာဏာဆီက ပြီးပြီ သွားကြစို့ဟူသည့်စကားကိုမျှော်သည်။

ဘုန်းပြည့်အာဏာကလည်း စိုင်းမာန်သစ်ကို ဘယ်လိုအချိန်ဆွဲထားရမလဲတွေးနေခြင်းဖြစ်သည်။ ဘဝကို ခက်ခက်ခဲခဲ ရှင်သန်နေသော ဦးဘုန်းပြည့်အာဏာပင်ဖြစ်၏ ။

“မင်း ဆီမီးလွှတ်တာကြည့်ချင်တယ်ဆို ဒီညရှိဦးမှာ မကြည့်ဘူးလား?”

“အလုပ်တွေရှိသေးတယ်လေ ပြန်ရမယ်”

“မင်းမနေချင်လည်း နေ မင်းအတွက်ပြောတာကို ဟိုရောက်မှ နွားလို အလုပ်လုပ်နေရမယ်”

ဘုန်းပြည့်အာဏာပြောသည်မှာ အဓိပ္ပာယ်ရှိသည်။ သူ့ကိုယ်ရေးကိုယ်တာကိစ္စကလည်းထွေထွေထူးထူးရှိမနေ။ အခုလို ဘုန်းပြည့်အာဏာနှင့်နှစ်ယောက်တည်း အချိန်ဖြုန်းရမည်ကို လက်လွှတ်ခံလိုက်လျှင် သူကငါးကြော်မကြိုက်သည့် ကြောင်မိုက်အလား။

“အင်း ဒါဆိုလည်း မနက်ဖြန်မှပြန်တာပေါ့”

လွယ်လွယ်ကူကူလက်ခံလိုက်တာကြောင့် ဘုန်းပြည့်အာဏာ သင်္ကာမကင်းဖြစ်သွားရသည်။ မိန်းမခိုးသွားဖို့ရှိနေတာတောင် တည်ငြိမ်လွန်းနေသည့်စိုင်းမာန်သစ်ကြောင့် ဘုန်းပြည့်အာဏာ မျက်မှောင်ကျုတ်မိသည်။

တွေးမနေတော့ဘဲ ဘုန်းပြည့်အာဏာ စားလက်စ မြီးရှည်ကို ဆက်စားနေလိုက်သည်။ ငုံ့စားနေတဲ့ စိုင်းမာန်သစ်ရဲ့ အရိပ်ကို မတွေ့ရတာကြောင့် မော့ကြည့်လိုက်ရာ ပြတင်းပေါက်ကနေတစ်ဆင့် တည်းခိုခန်းအပြင်ကို ငေးနေတဲ့ စိုင်းမာန်သစ်ကို တွေ့လိုက်ရသည်။ ပန်းကန်ကို ကြည့်တော့ အရာတောင်မယွင်း။

“မင်းက မစားတော့ဘူးလား?”

“အင်း”

“ဘာလို့လဲ အများကြီးကျန်သေးတာကို”

“ရုတ်တရတ်ကြီးစားချင်စိတ်မရှိတော့လို့”

“အစ်ကို”

အသံကြားလိုက်ရတာကြောင့် စိုင်းမာန်သစ်ရော ဘုန်းပြည့်အာဏာပါ မော့ကြည့်လိုက်မိသည်။ ခပ်ငယ်ငယ်ကောင်မလေးနှစ်ယောက်အနက် တစ်ယောက်က စိုင်းမာန်သစ်ကို ကြည့်ကာခေါ်လိုက်ခြင်းဖြစ်သည်။ ချစ်စရာကောင်းသည်ထက် ကြည်ကြည်လင်လင်နဲ့ လှနေသည့်အလှမျိုးနဲ့ မိန်းကလေးနှစ်ယောက်ဖြစ်သည်။

“ကိုယ့်ကို ခေါ်တာလား ညီမ”

စိုင်းမာန်သစ်က မေးလိုက်ခြင်းဖြစ်သည်။ ကိုယ်။ ဒီလိုသုံးနှုန်းလိုက်တော့လည်း စိုင်းမာန်သစ်က လူကြီးလူကောင်းဆန်ပြန်သည်။ ဘုန်းပြည့်အာဏာ အမြင်မှာ စိုင်းမာန်သစ်က ခန့်မှန်းလို့မရသည့် ကောင်လေးပင်။

ဂျစ်ကန်ကန်ကောင်လေးလို့ တစ်ခါတစ်ရံထင်ရပြီး တစ်ခါတစ်ရံကျတော့လည်း စိုင်းမာန်သစ်က သူ့ထက်ပင် စတိုင်ကျနေတတ်သေးသည်။ 

“ဟုတ်ကဲ့ အစ်ကို ထိုင်လို့ရမလားဟင်”

မိန်းကလေးနှစ်ယောက်အနက် ဂါ၀န်အတိုလေးကို ၀တ်ထားတဲ့ ကောင်မလေးက စိုင်းမာန်သစ်ဘေးက ခုံကို ညွှန်းကာပြောလိုက်ခြင်းဖြစ်သည်။

“ရပါတယ် ဒါနဲ့ အစ်ကို့ကို သိလို့လား?”

ထိုကောင်မလေးက စိုင်းမာန်သစ်ဘေးခုံကို ၀င်ထိုင်ကာ ဆံပင်ကို နားမှာသတ်ရင်း ပြုံးကာဖြေသည်။ ဘောင်းဘီနဲ့ တစ်ယောက်ကတော့ မတ်တပ်သာရပ်နေသည်။

“သြော် မနေ့က ညစျေးမှာတွေ့လိုက်လို့ စိတ်မရှိရင် Facebook account လေးများ”

ကောင်မလေးက မရဲတရဲနဲ့ စိုင်းမာန်သစ်ကို တောင်းဆိုနေသည်။ စိုင်းမာန်သစ်ကလည်း သိပ်ဂရုစိုက်အရေးထားနေတဲ့သူမဟုတ်တာကြောင့် ဖုန်းကို ထုတ်ကာ Facebook Profile ကိုပြလိုက်သည်။ ကောင်မလေးက ၀မ်းသာအားရ ချက်ချင်းပင် သူ့ဖုန်းကို ထုတ်ကာ စိုင်းမာန်သစ်ကို Requested လုပ်လိုက်တာကြောင့် စိုင်းမာန်သစ်ကလည်း ချက်ချင်းလက်ခံလိုက်သည်။

“ဟို စိတ်မရှိရင် အစ်ကိုက ရည်းစားများရှိသလားလို့ အဲဒါလေး”

“မရှိ..”

“ရှိတယ်”

၀င်ဖြေလိုက်သူက ဘုန်းပြည့်အာဏာပင်။ စိုင်းမာန်သစ်က ရုပ်တည်နေသော်လည်း သူသိပ်ဘ၀င်မကျလှ။ ကောင်မလေးက လက်ရဲဇက်ရဲနိုင်လိုက်ပုံများ မနေ့ကမှ စတွေ့ဖူးတာတောင် အခုလို လာပြောရတာ ဒီလိုဆို စိုင်းမာန်သစ်က ပါသွားတော့မှာလို့ တွေးနေမိတာက စိတ်ထဲမှာ ခိုးလို့ခုလုဖြစ်စေသည်။

သူ့ညီမနဲ့ တွဲနေတဲ့ကောင်က အဲ့လို ကောင်မလေးတွေနဲ့ အရော၀င်စရာလိုလို့လား။ ဘယ်လိုပဲဖြစ်ဖြစ် ငယ်လေးက သူနဲ့လက်ထပ်မှာ ဆိုပေမဲ့ စိုင်းမာန်သစ် မလှိမ့်တပတ်လုပ်သွားမှာကိုတော့ လက်ခံလို့မဖြစ်။ အင်း အကြောင်းပြချက်က အဲဒါပင်ဖြစ်သည်။ အဲဒါကြောင့် ဘုန်းပြည့်အာဏာ စိုင်းမာန်သစ်မှာ ရည်းစားရှိတယ်လို့ကြားက၀င်ဖြေလိုက်‌ခြင်းဖြစ်သည်၏ ။

“ဟမ်”

စိုင်းမာန်သစ်က မျက်လုံးပြူးလေးနှင့်် ဘုန်းပြည့်အာဏာကို ကြည့်နေသည်။ ရည်းစားဆိုလို့ မူးရင်တောင်ရှူစရာမရှိသည့်သူကိုဘာလို့များ ရှိတယ်ဟု ဖြေလိုက်သလဲဆိုတာကိုသူနားမလည်နိုင်။

စိုင်းမာန်သစ်က မိန်းကလေးတွေကိုမကြိုက်။
လွန်ခဲ့တဲ့ နှစ်နှစ် ဘုန်းပြည့်အာဏာကို တွေ့ပြီးကတည်းကလည်း ဘယ်ယောက်ျားလေးမှလည်း သူ့ရင်ထဲကို မတိုးတော့တာမို့ အီစီကလီအဆင့်နဲ့သာ တစ်ခန်းရပ်ပစ်ခဲ့သည်ချည်း။

“ဟို ရှိတာလား မရှိတာလား အစ်ကို”

စိုင်းမာန်သစ်က ထိုကောင်မလေး အမေးကို ဘယ်လိုဖြေရမှန်းမသိခင် ဘုန်းပြည့်အာဏာက တစ်ရူးနဲ့ ပါးစပ်ကို သုတ်လိုက်ကာ တည်တည်ငြိမ်ငြိမ်ဖြေလိုက်သည်။

“သူ့မှာ ပိုင်ရှင်ရှိတယ်”

ဂါ၀န်အတိုနဲ့ ကောင်မလေးက မျက်နှာပျက်သွားကာ မတ်တပ်ရပ်နေတဲ့ ကောင်မလေးကို ကြည့်လိုက်သည်။ 

“ဟို”

“အဲဒါဆို အားနာပါတယ် အစ်ကို သွားလိုက်ပါဦးမယ်နော်”

ထိုကောင်မလေးနှစ်ယောက်ထွက်သွားသည်အထိ စိုင်းမာန်သစ်မှာ ကြောင်အအဖြင့်သာကျန်ခဲ့သည်။ ထိုကောင်မလေးနှစ်ယောက်ရဲ့ တီးတိုးပြောသွားသံတွေကိုလည်း စိုင်းမာန်သစ် နားစွန်နားဖျားကနေ ကြားလိုက်သေးတာမို့ ဘုန်းပြည့်အာဏာများကြားသွားလေမလားလို့ သူစိတ်ပူသွားရသေးသည်။

“ပြောသားပဲ အရှဆင်လေးပါဆို”

“ဟူးး ငါတကယ်သဘောကျတာကို”

“ဘေးက ဘဲကြီးကကြောက်စရာကြီး”

“ဘယ်သူမှ ငါ့ကို မကယ်တင်နိုင်ကြတော့ဘူးလား?”

စကားအသွားအလာတွေအရ စိုင်းမာန်သစ်ရဲ့ ပိုင်ရှင်ဆိုသူကို ဘုန်းပြည့်အာဏာဟုထင်သွားကြပုံပင်။ ဒီလိုအထင်ခံရတော့လည်း စိုင်းမာန်သစ်မှာ ပျော်သွားရသေးသည်။ တစ်ဖက်ကလည်း ပျော်ရွှင်ကြည်နူးမှု့ကို လွတ်လပ်ရေး မပေးနိုင်သည့် တစ်ဖက်သတ်အချစ်ဆိုသည်ကြီးက ဆွဲကိုင်ထားပြန်သည်။

တကယ်ခါးလိုက်တဲ့ ဘ၀ပင်ဖြစ်သည်။ ကိုယ်ချစ်နေတဲ့သူက ကိုယ့်ရှေ့မှာ ရှိနေတာတောင် ဖွင့်မပြောနိုင်တဲ့ ဘ၀။ စိုင်းမာန်သစ်က ခုနက ကောင်မလေးလောက်တောင် အဖြစ်မရှိပါလားလို့ တွေးရင်း ရယ်တောင် ရယ်ချင်မိသွားသည်။

မိန်းကလေးတစ်ယောက်ဖြစ်တဲ့ အဲ့ဒီကောင်မလေးကတောင် သူ့ဆီကို အရောက်လှမ်းဖို့ကြိုးစားသေးသည်။ သူကတော့ ရင်ခုန်သံတွေကိုတောင် ရိပ်မိမှာကြောက်နေရသည့်ဘ၀။ အရဲစွန့်ကြည့်လိုက်ရလေမလားလို့လည်း အကြိမ်ကြိမ်တွေးဖူးပါသည်။

တကယ်လို့များ ရှေ့တိုးမိခဲ့ကာမှ ပို၀ေးသွားခဲ့ကြရင်ရော။ သိလိုက်စေကာမှ မုန်းတီးသွားခဲ့ရင်ရော။ ဒါတွေအားလုံးကို သူခံနိုင်ရည်ရှိပါ့မလား။

စိုင်းမာန်သစ် အရာမယွင်းသေးတဲ့ သျှမ်းခေါက်ဆွဲကို ငေးကာ ခေါင်းငုံ့လျက်တွေးနေခြင်းဖြစ်သည်။ ရုတ်တရတ် အတွေးထဲမှာ ဖြတ်ကနဲ့ ၀င်လာသည်က ဘုန်းပြည့်အာဏာက ဘာလို့ သူ့မှာ ပိုင်ရှင်ရှိတယ်လို့ ပြောလိုက်ရတာလဲဆုိသည့်‌ေမးခွန်း။

ဖြစ်နိုင်ချေအနည်းဆုံးအကြောင်းအရင်းက စိုင်းမာန်သစ်ကို သ၀န်တိုလို့ ဟူ၍ပင်။ ဒါပေမဲ့ စိုင်းမာန်သစ်အနေနဲ့ကလည်း ထိုအကြောင်းအရင်းကလွဲပြီး သိပ်စဥ်းစားမရ။ ငါးမိနစ်ကျော်ကြာ အပြေးအလွှားစဥ်းစားမှု့ကြီး အပြီးမှာတော့ စိုင်းမာန်သစ် ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်သည်။

အခွင့်သင့်လျှင် ဖွင့်ပြောမည်ဆိုသည်ကိုပင်။

မချစ်ဘဲ စွန့်လွှတ်လိုက်ရတာထက် ချစ်ပြီးမှ စွန့်လွှတ်လိုက်ရတာက ပိုခံရသက်သာစေပါတယ်တဲ့။ မချစ်ရရင်နေပါစေ အသိတော့ပေးလိုက်သင့်သည်ဟု စိုင်းမာန်သစ် ယူဆလိုက်သည်။

“စိုင်းမာန်သစ်”

ဘုန်းပြည့်အာဏာရဲ့ ခေါ်သံအောက်မှာ စိုင်းမာန်သစ် အတွေးထဲကနေ ဆုံးဖြတ်ချက်တစ်ခုနဲ့အတူနိုးထလာသည်။

“ဗျာ”

ဘုန်းပြည့်အာဏာက ဘာမှ မပြောခင် စိုင်းမာန်သစ်က ထိုင်ခုံပေါ်ကနေ ရုတ်ချည်းထလိုက်သည်။

“ဥက္ကဌ စားပြီးပြီမို့လား ကျွန်တော် ပိုက်ဆံသွားရှင်းလိုက်ဦးမယ်”

“အင်း”

စိုင်းမာန်သစ် လက်ဖျားတွေပင် အေးနေလေသည်။ တည်းခိုခန်းကောင်တာမှာ ပိုက်ဆံရှင်းတော့ ထုတ်ပေးသည့်လက်များပင်တုန်နေလေသည်။

ကောင်တာက ကောင်လေးကတော့ ပိုက်ဆံပေးရမှာမို့များ ဒီလောက်တုန်နေရသလားလို့ပင် ထင်လိမ့်မည်။ စိုင်းမာန်သစ် ညထိနေရဦးမှာကို တွေးပြီး ကြားထဲ အချိန်ဖြုန်းဖို့အရေးအတွက် ကောင်တာကကောင်လေးကို မေးခွန်းထုတ်လိုက်သည်။

“ညီလေး ဒီမှာ လည်စရာဘာရှိလဲ?”

“အထက်က ရေကန်ပေါ့ အစ်ကိုတို့မရောက်ကြသေးဘူးလား?”

“အဲ့ဒီက ညကျမှ ဆီမီးလွှတ်ပွဲရှိမှာဆို”

“အခုသွားလည်း လှတယ် အစ်ကို ညကျလည်း တစ်မျိုးလှတာပေါ့ အခုသွားလည်း တစ်မျိုးလှတယ်”

“သြော် ကျေးဇူး ညီလေး”

စိုင်းမာန်သစ် ဘုန်းပြည့်အာဏာဆီကို ပြန်လာလိုက်ပြီး သွားကြဖို့ မျက်နှာရိပ်ခြေပြကာ အပြင်ကိုထွက်လာလိုက်သည်။ ဘုန်းပြည့်အာဏာက သူ့ကို တစ်ချက်ကြည့်ကာ ထွက်သွားတဲ့ စိုင်းမာန်သစ်ကြောင့် ပြူးကြောင်ကြောင်ပင်ကျန်ခဲ့ရသည်။

အပြင်ကို ရောက်တော့ သူတို့နှစ်ယောက်မှာ သွားစရာနေရာ တိတိပပမရှိ။ အပေါက်၀မှာတင် ရပ်နေတဲ့ စိုင်းမာန်သစ်ဘေးနားကို ဘုန်းပြည့်အာဏာရောက်သွားပြီး ဘေးကကောင်လေးကို တစ်ချက်စောင်းငဲ့ကြည့်လိုက်သည်။

စိုင်းမာန်သစ်ကလည်း အဓိပ္ပာယ်အများကြီးပါတဲ့ မျက်၀န်းတွေနဲ့ ဘုန်းပြည့်အာဏာကို စူးစူးစိုက်စိုက်ကြည့်လိုက်တာမို့ နှစ်ယောက်လုံးက အတော်တန်ကြာ အကြည့်ချင်းဆုံနေခဲ့ကြပါသေးသည်။

စိုင်းမာန်သစ်က စိတ်ဆုံးဖြတ်ချက်ချလိုက်တဲ့အနေနဲ့ သက်ပြင်းကိုချလိုက်ကာ စကားပြောဖို့ကို အားယူလိုက်သည်။

“ဥက္ကဌ ကျွန်တော်တို့ ဂိမ်းတစ်ခုလောက်ဆော့ကြမလား?

@OliviaThet-Eleanor

__________________________________________________________________

Tags: read novel Lollipop Chapter 14 – Unicode, novel Lollipop Chapter 14 – Unicode, read Lollipop Chapter 14 – Unicode online, Lollipop Chapter 14 – Unicode chapter, Lollipop Chapter 14 – Unicode high quality, Lollipop Chapter 14 – Unicode light novel, ,

Comment

Leave a Reply

Chapter 14