Lollipop Extra 1 – Unicode

All chapters are in Lollipop
A+ A-

“ကိုကို ရော့”

အလုပ်လုပ်နေတုန်း သူ့ဆီကို Lollipop တစ်ချောင်းထိုးပေးလာတဲ့ စိုင်းမာန်သစ်ကြောင့် ဘုန်းပြည့်အာဏာမော့ကြည့်လိုက်မိသည်။ သူ့တီရှပ်လက်ရှည်ကိုသာ ၀တ်ထားပြီး ရုံးခန်းထဲကို ရောက်လာသူကြောင့် ဘုန်းပြည့်အာဏာမှာ တံတွေးမြိုချနေရသည်။ 

“ဘယ်တွေကြည့်နေတာလဲ ဒါကိုကြည့်”

အကြည့်လွန်နေတဲ့ သူ့ရှေ့ကို Lollipop ကိုထိုးပေးမှ ဘုန်းပြည့်အာဏာ သတိ၀င်လာရသည်။ သူ့မျက်လုံးရှေ့ကို ရောက်လာတဲ့ Lollipop ကိုကြည့်တော့ ဘယ်ခုနှစ်ကတည်းက Lollipop ရယ်မသိ။ တံဆိပ်ကိုပင် မမြင်ရတော့ အရောင်ပြယ်နေပြီဖြစ်သည်။

“ဘာလဲ အသစ်ရဲ့”

“ဒီနေ့ ဘာနေ့လဲ?”

စိုင်းမာန်သစ်ရဲ့ အမေးကြောင့် ဘုန်းပြည့်အာဏာအပြေးအလွှားစဥ်းစားလိုက်မိသည်။ ဒီနေ့က October 30 လား။ မဟုတ်။ October 30 က စိုင်းမာန်သစ်သူ့ဆီကို အပြေးရောက်လာပြီး လွတ်ထွက်မတတ်ဖက်ထားခဲ့တဲ့နေ့။ ပြောရရင် သူတို့နှစ်ယောက်ရဲ့ တစ်နှစ်ပြည့်ပေါ့။

အခုက September 9 ရက်ရှိသေးသည်။ တစ်လကျော်တောင်လိုသေးတာ။ ပထမဆုံးနှစ်ပတ်လည်ကို ဘုန်းပြည့်အာဏာမေ့စရာအကြောင်းတော့မရှိ။ ဒါဆို ထိုကောင်လေးက ဘယ်နေ့ကို ပြောနေတာလဲဆိုတာ ဘုန်းပြည့်အာဏာ အပြေးအလွှားစဥ်းစားနေရသည်။

“ကိုကို မသိဘူး ဘာနေ့လဲ?”

စိုင်းမာန်သစ်က ဘုန်းပြည့်အာဏာနားနားကို ကပ်လာပြီး တိုးတိုးပြောသည်။ လေတိုးသံနဲ့ ပြောလိုက်တာကြောင့် ဘုန်းပြည့်အာဏာမှာ အားစိုက်နားထောင်ရင်း အံ့အားသင့်သွားရပါသည်။

“H a p p y 31th b i r t h d a y ko ko”

“ဟင်”

ညက ဆယ့်နှစ်ကျော်ရင် တန်းပေးဖို့ လာတာကို ဘုန်းပြည့်အာဏာက အတင်းသူ့ကို ထကိုမထနိုင်အောင်လုပ်လိုက်လို့ ဒီလိုအချိန်တွေနှောင်နှေးသွားရတာဖြစ်သည်။ အိပ်ရေးပျက်ခံပြီး ဆယ့်နှစ်ကျော်ကွက်တိ လာWish တာပေမယ့် အိပ်ရေးပျက်ရသည့် အကြောင်းအရင်းက အခြားဟာဖြစ်သွားသည်။

“မွေးနေ့လေ ကိုကို့မွေးနေ့”

“ဟင်”

“တကယ်ကိုမေ့နေတာပဲ”

ကိုယ့်မွေးနေ့ကိုယ် တကယ်မေ့နေသူ ဘုန်းပြည့်အာဏာပင်ဖြစ်သည်။ ခါတိုင်းနှစ်တွေမှာ သတိရလားဆိုတော့ ခါတိုင်းနှစ်တွေလည်း သတိရသူမဟုတ်။ သူ့မွေးနေ့ကိုဆို ဦးသီဟနိုင်ကဖြစ်ဖြစ်၊ အိမ့်မှူးသော်ကဖြစ်ဖြစ် သတိပေးမှ အမှတ်ရသူသာ။

“အာ ကိုကိုတကယ်မေ့နေတာ”

“ရော့ ဒါမွေးနေ့လက်ဆောင်”

“ညက လုပ်စရာရှိလို့ လာတာဆိုတာ ဒါပေးဖို့လား?”

စိုင်းမာန်သစ်လက်ထဲက Lollipop ကိုယူလိုက်ရင်း မျက်လုံးလှန်ကာ မေးလိုက်တော့ စိုင်းမာန်သစ်က ခေါင်းတဆတ်ဆတ်ငြိမ့်ပြသည်။

“အင်း ဒါပေမဲ့ လုပ်သွားတာက ကိုကိုလေ”

“ဟာကွာ”

ပွင့်လင်းလွန်းနေတဲ့ စိုင်းမာန်သစ်ကြောင့် ဘုန်းပြည့်အာဏာမှာ ရယ်မိရပြန်သည်။ သူ Lollipop ကို ငုံ့ကြည့်နေတုန်း စိုင်းမာန်သစ်က ဆိုဖာပေါ်ကို သွားထိုင်နေပြီဖြစ်သည်။ ဘုန်းပြည့်အာဏာ လပ်တော့ကို မျက်ကွယ်ပြုလိုက်ပြီး သူ့အလှလေးရှိရာဆီ ခြေလှမ်းတွေပြင်လိုက်သည်။

“ဘာလို့ Lollipop လဲ?”

“ကိုကိုမို့ပေါ့”

“ဟွန်း ဘယ်တုန်းကတည်းက Lollipop လဲ ဘေဘီ?”

“တကယ်တော့ ကိုကို့ရဲ့  ဆယ့်တစ်နှစ်ပြည့်မွေးနေ့တုန်းက ပေးဖို့ လုပ်ထားတဲ့ Lollipop အဲဒါ”

စိုင်းမာန်သစ်ရဲ့ စကားကြောင့် ပါးကို ငုံ့နမ်းဖို့ လုပ်နေတဲ့ ဘုန်းပြည့်အာဏာရဲ့ ခေါင်းဟာ ရပ်တန့်သွားရသည်။ စိုင်းမာန်သစ်ကို အပေါ်ကနေ အုပ်မိုးထားတာမို့ မျက်နှာလေးကို ကြည့်မိတော့ ထိုကောင်လေးက သာမန်ကိစ္စရပ်တစ်ခုကို ပြောနေသလို။ သူ့မျက်နှာအနေအထားကို မြင်တာနဲ့ စိုင်းမာန်သစ်ရဲ့ လက်သွယ်သွယ်တွေက သူ့ပါးကို ဖွဖွပွတ်လာသည်။

“ဘာဖြစ်သွားပြန်တာလဲ? အဲဒါ။ ကိုကိုလုပ်တာနဲ့ ကျွန်တော်ဖြင့် အရင်ကကိစ္စတွေကိုတောင် ပါးစပ်မဟရဲအောင်ပဲ။ ကျွန်တော့်ကို ဒီလောက်ချစ်ပေးနေတာတောင် ကိုကိုက အပြစ်ရှိသလို ခံစားနေရတုန်းဆိုတော့ ကျွန်တော်ဖြင့်နားတောင်မလည်နိုင်ဘူး”

ဘုန်းပြည့်အာဏာက သူ့ပါးပေါ်မှာ ရွေ့လျားနေတဲ့ စိုင်းမာန်သစ်ရဲ့လက်ကို သူ့လက်ဖြင့် ဖွဖွဆုပ်ကိုင်ကာ လက်ဖမိုးကို တယုတယနမ်းသည်။ ထို့နောက် သူ့ကိုပြုံးပြီးကြည့်နေတဲ့ ကောင်ကလေး အငိုက်မိနေတုန်း စွေ့ကနဲ့ ပွေ့ချီလိုက်လေသည်။

“အာ့ ကိုကို!”

လန့်သွားတဲ့ စိုင်းမာန်သစ်က ဘုန်းပြည့်အာဏာရဲ့ လည်ပင်းကာ သိုင်းကာဖက်လျက်ကလေး ပါလာသည်။

“ကိုကို ကျွန်တော် အစည်းအ၀ေးရှိသေးတယ်”

“ဒီနေ့ အကုန်ဖျက်လိုက်”

“ဟင် ဘာလို့လဲ?”

“မင်းကို ဒီနေ့ ကိုကို့အနားမှာပဲ ထားချင်လို့”

“သြော် အရင်ကကျ မထားတာကျ”

ဒီအတောအတွင်းမှာ စိုင်းမာန်သစ်က သူ့အိမ်နဲ့ ကုမ္ပဏီကို အိမ်ဦးနှင့်ကြမ်းပြင်လိုပင်။ ကုမ္ပဏီမှာ နေရသည်ကများတာဖြစ်သည်။ ဦးစိုင်းတမာန်ကြောင့်သာ သူ့အိမ်ကိုသူပြန်နေဖြစ်တာ မဟုတ်ရင် ဘုန်းပြည့်အာဏာက သူ့ကို မျက်စိအောက်ကကို အပျောက်ခံမှာမဟုတ်။

ပြီးခဲ့တဲ့လကပဲ ဦးစိုင်းတမာန်က သူ့ကုမ္ပဏီမှာ စိုင်းမာန်သစ်ကို MD ရာထူးခန့်လိုက်သည်။ ဒီအတွက် ဘုန်းပြည့်အာဏာမှာ အတော်ပင် စိတ်အနှောက်အယှက်ဖြစ်သွားရသေးသည်။ အဘယ်ကြောင့်ဆိုသော် စိုင်းမာန်သစ်က သူ့အဖေကုမ္ပဏီမှာ သောင်တင်နေမည်ကို ဆိုးတာကြောင့်။

ထိုအကြောင်းကို သိတဲ့ ဦးစိုင်းတမာန်က သူ့ကုမ္ပဏီကို SL Group ရဲ့အခွဲအဖြစ်ထားပေးလိုက်ပြီး ဒီဘက်ကနေပဲ စိုင်းမာန်သစ်ကို စီမံစေသည်။ ထို့ကြောင့် စိုင်းမာန်သစ်ရဲ့ အချိန်အများစု အို အများစုမဟုတ် အချိန်အကုန်လုံးက  ဘုန်းပြည့်အာဏာနဲ့ ဆယ်ပေတောင်မ၀ေးဘဲနေရသည်ချည်းသာ။

အခန်းထဲကိုရောက်တော့ ဘုန်းပြည့်အာဏာက အိပ်ယာပေါ်ကို စိုင်းမာန်သစ်အား အသာအယာချသည်။ ထို့နောက် ပါးဖောင်းဖောင်းကို နင့်နေအောင်တစ်ချက်နမ်းလိုက်ပြီး တစိမ့်စိမ့်ကြည့်သည်။

“ဒီနေ့ ဘယ်သွားချင်လဲ?”

“ဟင်”

“ကိုကို့မွေးနေ့မို့ အသစ်သွားချင်သမျှလိုက်ပို့ပေးမယ် ဘယ်သွားချင်လဲ?”

“ကိုကို့ကို ကျွန်တော်က လိုက်ပို့ရမှာလေ ဘယ့်နှယ့်ပြောင်းပြန်တွေဖြစ်ကုန်ပါပြီဗျာ”

စိုင်းမာန်သစ်က ပြောရင်းဆိုရင်း သဘောကျစွာ သွားတွေပေါ်လာသည်အထိရယ်သည်။ အပေါ်ကနေ အုပ်မိုးထားတဲ့ ဘုန်းပြည့်အာဏာက စိုင်းမာန်သစ်ရယ်နေတာကို မြင်တော့ နှုတ်ခမ်းတွေက အလိုလိုတွန့်ချိုးလာရသည်။

တစ်ယောက်ရဲ့ အပြုံးဟာ တစ်ယောက်ရဲ့အပြုံးကို ဖြစ်ပေါ်လာစေတာမျိုး။ ဒါဟာ သူတို့နှစ်ယောက်ကြားက ချစ်ခြင်းမေတ္တာ၏ သင်္ကေတထဲမှ တစ်ခုဖြစ်သည်။

“အဲ့သလို ချစ်ဖို့ကောင်းအောင် ရယ်မနေနဲ့ ကလေးငယ် အပြင်မသွားလိုက်ရဘဲ ဖြစ်နေမယ်”

“အာ ဖယ် ဖယ် ကိုကိုက လူဆိုးကြီးဆိုတာ ကျွန်တော်မေ့မေ့နေတာ”

သူ့ရဲ့ ကြောက်မက်ဖွယ်အပြုံးရဲ့ အဓိပ္ပာယ်ကိုသိသော စိုင်းမာန်သစ်က ဘုန်းပြည့်အာဏာရဲ့ ရင်ဘတ်ကို တွန်းဖယ်ကာ ပြောသည်။

“ကဲ ပြော ဘယ်သွားချင်လဲ?”

“No No ဒီနေ့ ကိုကို Green Vibe Company နဲ့ နေ့လည်စာသွားစားရဦးမယ်လေ ကျွန်တော်လည်း ခဏနေ အစည်းအ၀ေးရှိသေးတယ်”

“ဟာကွာ အသစ်ကလည်း ဒီနေ့ တူတူရှိချင်ပါတယ်ဆို”

“လိုက်ပို့ခိုင်းချင်တဲ့ နေရာက သက်သက်ရှိတယ် ဒါပေမဲ့ လိုသေးတယ် လိုက်ပို့ချင်အဲ့ဒီကို လိုက်ပို့”

“ဘယ်ကိုလဲ?”

“Lollipop စက်ရုံရှိတဲ့ဆီ”

“စက်ရုံက အဆင်ပြေနေတာပဲမို့လား ဘာလို့သွားမှာလဲ?”

“အရင်နှစ်တုန်းက ဆီမီးလွှတ်ပွဲဆိုလား ဘာဆိုလားလေ အဲဒါမသွားလိုက်ရလို့”

အဲ့ဒီတုန်းက စိုင်းမာန်သစ်ကို သူတစ်ယောက်တည်းထားခဲ့မိတာ။ မိုးရေထဲမှာ ထိုကောင်လေး ဘယ်လောက်တောင် ငိုနေခဲ့မလဲဆိုတာ တွေးတောင်မတွေးရဲစရာပင်။

“အဲဒါက လိုသေးတယ်မို့လား အသစ်ရဲ့”

“ဒီလကုန်လေဗျာ”

“အဲ့ဒီကိုလည်း လိုက်ပို့မှာမို့ ဒီနေ့တော့ ကိုကိုနဲ့ အချိန်ဖြုန်းရအောင်ပါကွာ နော် ကိုကို့မွေးနေ့လေ”

ဘုန်းပြည့်အာဏာ စိုင်းမာန်သစ်ကို အပေါ်ကနေ ဖိလိုက်ရင်း လည်ပင်းကို တရှုံ့ရှုံ့နမ်းကာတောင်းဆိုနေရသည်။

“အလုပ်ကိစ္စအရင်ပြီးအောင်လုပ်ရမယ်လေ ခဏတင်ပဲကို တစ်ညနေလုံး လျှောက်သွားလို့ရတယ်”

“အသစ်ကလည်းကွာ”

ဘုန်းပြည့်အာဏာသည် အလိုလိုက်လို့မရပါ။ အခုလို တိုး၀ေ့ပြီးချွဲနေတာနဲ့ အတော်ပင်ဖြစ်သည်။ စိုင်းမာန်သစ် သူ့ပုခုံးပေါ် ခေါင်းမှောက်နေတဲ့ ဘုန်းပြည့်အာဏာကို အတင်းဆွဲဖယ်လိုက်တော့ မျက်နှာငယ်လေးနှင့် ငုတ်တုတ်ထထိုင်နေပြန်သည်။

“ကိုကို!”

“ဟုတ်ပါပြီ ဟုတ်ပါပြီ နေ့လည်စာသွားစားဖို့ ပြင်လိုက်ပါ့မယ်”

“အင်း ရေသွားချိုးတော့”

စိုင်းမာန်သစ်က မျက်မှောင်ကုတ်လိုက်တာနဲ့ ဘာမှမလွန်ဆန်နိုင်သော ဘုန်းပြည့်အာဏာပင်ဖြစ်သည်။ စိုင်းမာန်သစ်သည် အခုနောက်ပိုင်းမှ အလုပ်ကို တအားကြိုးစားနေသည်။ စိုင်းမာန်သစ်က ပိုကြိုးစားလာတာလား သူကပဲ အချောင်ခိုချင်နေတာလားတော့မသိ။

“အသစ် အစည်းအ၀ေးက ဘယ်ချိန်ပြီးမှာလဲ?”

“ခဏတင်လေ”

“နေ့လည်စာစားဖို့ လိုက်ခဲ့ပါ့လား ကိုကိုတစ်ယောက်တည်းမသွားချင်ဘူး”

“အိုကေ”

စိုင်းမာန်သစ်က ဘုန်းပြည့်အာဏာရဲ့ ရှပ်အင်္ကျီကို ပေါင်ပေါ်ဆွဲချကာ ထထိုင်ရင်းပြောသည်။ ထို့နောက် စိုင်းမာန်သစ် ပါးတစ်ဖက်ကို အသံမြည်တဲ့အထိ နမ်းသွားကာ ရေချိုးခန်းထဲ လှမ်းသွားသူကြောင့် နှစ်နှစ်ခြိုက်ခြိုက်ပြုံးရမိပြန်ပါသည်။

__________________________________________

“တိုတို တိုတို”

“ဟင် ပြောလေ အသစ်”

အတွေးတွေပေါက်နေတဲ့ ဆယ်နှစ်သားဘုန်းပြည့်အာဏာဟာ သူ့ဘေးက ကောင်ကလေးခေါ်သံကို အတော်ကြာမှ ကြားလိုက်ရသည်။ 

“တိုတို့မှာရော ဟာ့ထ်ပီဘတ်ဒေးလုပ်ရမယ့်နေ့ရှိလား?”

“ဟင်”

“ဟာ့ထ်ပီဘတ်ဒေးတူးယူဆိုပြီး ဖူးဖူးမှုတ်ပြီး ကိတ်မုန့်ခွဲရတဲ့နေ့လေ”

“သြော် မွေးနေ့ကို ပြောတာလား?”

“အင်း ဟုတ်တယ် အသစ်ဆို အေရယ်ရယ်(April)ချယ်တုံး(၁၃)ရက်နေ့ကျရင် ဖူးဖူး မှုတ်ရတယ်လေ” 

“ဟား ကိုကို့မွေးနေ့ကို မေးနေတာကလည်းကွာ”

ဘုန်းပြည့်အာဏာ ဒီနေ့တစ်နေကုန်မှာ ပထမဆုံး ပြုံးရယ်မိခြင်းဖြစ်သည်။ ဒါကလည်း သူ့ရှေ့က အကောင်ပေါက်လေးကြောင့်။ လေးလံနေတဲ့ သူ့စိတ်တွေကို ထိုကလေးသေးသေးလေးက အမြဲတမ်းပယ်ပျောက်စေနိုင်ပါသည်။

“အင်း ကိုကို့မွေးနေ့က September 9”

“ချက်တင်ဘာ 9?”

“အင်း”

“ဒီနေ့က ဘယ်နေ့လဲ?”

“အင်း ဒီနေ့က September 5”

“ဒါဆို ငါး ခြောက် ခွန် ချစ် ကိုး”

လက်သေးသေးလေးတွေကို ချိုးကာ ရေတွက်နေသောကောင်ကလေးကိုကြည့်ရင်း ဘုန်းပြည့်အာဏာမှာ စို့နင့်လာသလို ခံစားလိုက်ရသည်။ သူ့မွေးနေ့ကျရင် သူဟာဒီကောင်လေးအနားမှာရှိဖို့ မသေချာတော့ကြောင်းကို ဘယ်လိုပြောပြရပါ့။

“လေးရက်ပဲ လိုတော့ယာပေါ့”

“အင်း ဒါပေါ့”

စိုင်းမာန်သစ်ကို အိမ်ထဲအထိပြန်လိုက်ပို့ပြီး လေးလံစွာပြန်ထွက်လာခဲ့သော ဘုန်းပြည့်အာဏာသည် သူ့ဖခင်အခန်းထဲကို အပြေး၀င်သွားကာ 

“ပါပါး တိုတို့တွက် ဖူးဖူးမှုတ်ရင် လက်ဆောင်ပေးချင်ယို့ သားကို Lollipop တစ်ချောင်းလောက် ၀ယ်ပေးပါ”

ဆိုသော အသံကိုသာကြားရင် ရှိုက်ကြီးတငင်ငိုကြွေးလိမ့်လေမလား။

(OliviaThet-Eleanor’s Note_ဘုန်းပြည့်အာဏာရဲ့ မွေးနေ့က September 9 ဖြစ်ပြီး စိုင်းမာန်သစ်ရဲ့ မွေးနေ့က April 13 ဖြစ်ပါတယ်ခင်ဗျာ။ ❤)

@OliviaThet_Eleanor

_______________________________________________________

Tags: read novel Lollipop Extra 1 – Unicode, novel Lollipop Extra 1 – Unicode, read Lollipop Extra 1 – Unicode online, Lollipop Extra 1 – Unicode chapter, Lollipop Extra 1 – Unicode high quality, Lollipop Extra 1 – Unicode light novel, ,

Comment

Leave a Reply

Chapter 34