Lollipop Extra 2 – Unicode

All chapters are in Lollipop
A+ A-

“မောင်ဘုန်းပြည့် ရောက်လာပြီလား?”

Green Vibe Company ရဲ့ ဥက္ကဌဖြစ်သူ ဦးဟိန်းဇော်က စားသောက်ဆိုင်ရဲ့ VIP Room ထဲမှာထိုင်စောင့်နေခဲ့ဟန်ရှိသည်။ သူ့ဘေးမှာတော့ အသက်နှစ်ဆယ်ကျော်အရွယ်ကောင်မလေးတစ်ယောက်ထိုင်နေလေသည်။ စိုင်းမာန်သစ်က အရင်အခန်းထဲကို ၀င်လာတာတောင်မှ ထိုလူက ဘုန်းပြည့်အာဏာကို လှမ်းနှုတ်ဆက်သည်။

စိုင်းမာန်သစ်က ကောင်မလေးရဲ့ ရှေ့ထိုင်ခုံမှာ အကျအန၀င်ထိုင်လိုက်ပြီး ဘုန်းပြည့်အာဏာကတော့ ဦးဟိန်းဇော်ရဲ့ ရှေ့မှာ၀င်ထိုင်သည်။ သူတို့နှစ်ယောက်က ပုံမှန် ကုမ္ပဏီမှာ၀တ်စားလာတဲ့အတိုင်း ၀တ်စားလာတာတောင်မှ အရှိန်အ၀ါက တောက်ပနေတာဖြစ်သည်။

“ဒီနေ့တော့ ပေါ့ပေါ့ပါးပါးထမင်းပဲစားကြတာပေါ့ နော”

ဟာသနှောကာပြောလာသည့် ဦးဟိန်းဇော်ကြောင့် မျက်ခုံးတွေတွန့်ချိုးသွားရသည်က စိုင်းမာန်သစ်။ အလုပ်ကိစ္စပြောမှာလားလို့ သူ့မှာ နှစ်ယောက်ထဲရှိနေရမည့် အခွင့်အရေးကို လက်လွှတ်ပြီး ဒီကိုလာရတာ။ သူက ပေါ့ပေါ့ပါးပါးထမင်းစားမယ်တဲ့။

“ဒါက အန်ကယ့်သမီး ခြူးသဒ္ဒါတဲ့”

ဦးဟိန်းဇော်ရဲ့ မိတ်ဆက်ပေးမှု့အောက်မှာ ထိုမိန်းကလေးက ဘုန်းပြည့်အာဏာဆီကို လက်ထုတ်ကာ လက်ဆွဲနှုတ်ဆက်ဖို့ ပြင်သည်။ ဘုန်းပြည့်အာဏာလည်း လက်ကို အသာထိရင် ပြန်ဆွဲလိုက်ပြီး စိုင်းမာန်သစ်ဘက်ကို လှည့်ကြည့်လိုက်တော့ ခုဏက လက်ဆွဲရုံလောက်ပါဘဲ ဘာမှမဖြစ်လောက်ပါဘူးဆိုသော အတွေးသည် အတိအကျမှားသွားကြောင်းတွေ့လိုက်ရသည်။

အဘယ့်ကြောင့်ဆိုသော် စိုင်းမာန်သစ်က ကောင်မလေးလက်ကို အဆုံးထိလိုက်ကြည့်နေသောကြောင့်ပင်။ ထို့နောက် သူ့ဘက်ကိုပင်လှည့်ကြည့်မလာတော့ဘဲ စားပွဲကိုဘဲ ငုံ့ကြည့်နေလေသည်။ ဒါဟာ သူ့ကောင်ကလေး စိတ်ဆိုးသွားကြောင်း ဖော်ပြခြင်း။

စိုင်းမာန်သစ် စိတ်ဆိုးရင် ဘယ်လောက်ကြောက်ဖို့ကောင်းကြောင်း ဘုန်းပြည့်အာဏာသာလျှင်သိသည်။

“ဒါက ကျွန်တော့်”

“မောင်ဘုန်းပြည့်ရဲ့ အချိန်ပြည့်အတွင်းရေးမှူးမို့လား?”

သူ့စကားမဆုံးခင် ဖြတ်ပြောလိုက်သည့် ဦးဟိန်းဇော်ကြောင့် စိုင်းမာန်သစ်ခေါင်းကလေးက ဆတ်ကနဲ့ မော့လာသည်။ အိမ့်မှူးသော်မင်္ဂလာဆောင်ကတည်းက သာမန်ထက် ပိုနေတဲ့ သူတို့နှစ်ယောက်ရဲ့ အပြုအမူတွေကြောင့် သတင်းတွေထွက်ပြီးသားဖြစ်သည်။ စိုင်းမာန်သစ်က သူ့ကြောင့်နဲ့ ပြဿနာမများစေချင်ဘူးဟုဆိုကာ မဖြေရှင်းစေဘဲထားသော်လည်း အကုန်လုံးနီးပါး မသိတောင် ရိပ်မိကြမည်သာ။

“အာ”

“ဟုတ်ကဲ့ ကျွန်တော်က အခုထိတော့ ကိုကို့ရဲ့ အတွင်းရေးမှူးပါ”

စိုင်းမာန်သစ်က ပြုံးပြီးဖြေလိုက်တော့ ဦးဟိန်းဇော်ရဲ့ မျက်ခုံးတွေက ပင့်တက်သွားသည်။ ဦးဟိန်းဇော်နောက်ထပ်စကားမစခင်မှာ စိုင်းမာန်သစ်က ဖြတ်ပြောလိုက်သည်။

“နောက်တော့ဟုတ်တော့မယ်မထင်ဘူး”

“မောင်ရင်က အလုပ်ထွက်တော့မှာလား?”

“ဟုတ်တယ်ဗျ”

“အသစ်”

ဘုန်းပြည့်အာဏာက အံ့သြတကြီး သူ့ကို လှည့်ကြည့်ကာ ရေရွတ်လိုက်သည်။ အလုပ်ထွက်ဖို့အထိပါပြောနေတယ်ဆိုတော့ စိုင်းမာန်သစ်ရဲ့ စိတ်အခြေအနေက စိုးရိမ်ရေမှတ်ကို ရောက်နေပြီဖြစ်သည်။

“သြော် ကျွန်တော် သန့်စင်ခန်းခဏသွားလိုက်ဦးမယ်ဗျ”

ပြောရင်းဆိုရင်း စိုင်းမာန်သစ် ထိုင်ခုံမှထလိုက်ကာ သွားမည်ပြုတော့ ဘုန်းပြည့်အာဏာ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်သွားရပြန်သည်။ ဒီအပြုအမူက လိုက်မလာဘဲနေရဲနေကြည့်! ဆိုသည့်သဘောပင်။

“မောင်ဘုန်းပြည့် ဘယ်လဲ”

စိုင်းမာန်သစ်ထသွားပြီးပြီးချင်း မတ်တပ်ရပ်လိုက်သော ဘုန်းပြည့်အာဏာကြောင့် ဦးဟိန်းဇော်က မော့ကာမေးလိုက်ခြင်းဖြစ်သည်။ ထို့နောက် ဘုန်းပြည့်အာဏာရဲ့ အဖြေကြောင့် ဆွံ့အသွားရရုံကလွဲလို့ ကျန်တာမတတ်နိုင်ခဲ့။ ပြောသွားသည်က

“ကျွန်တော့်အမျိုးသားစိတ်ဆိုးသွားပြီမို့ ပြန်လိုက်ပါဦးမယ် ကျသင့်ငွေကို အကုန် ကျွန်တော်ရှင်းထားခဲ့ပြီးပါပြီ အေးအေးဆေးဆေးသုံးဆောင်နေခဲ့ကြပါ”

ပြောကာ ချက်ချင်း ကျောခိုင်းသွားသော ဘုန်းပြည့်အာဏာကို ဦးဟိန်းဇော်တို့ သားအဖငေးကြည့်နေရုံမှ အပါးဘာမှ မတတ်နိုင်ချေ။

“အသစ်!”

သန့်စင်ခန်းထဲ၀င်၀င်ချင်း နောက်ကလိုက်လာသူကြောင့် စိုင်းမာန်သစ်တစ်ယောက် နှုတ်ခမ်းတွေတွန့်ချိုးသွားသည်ကို ဘုန်းပြည့်အာဏာမတွေ့လိုက်။

“ဘာလို့လိုက်လာတာလဲ?”

“ကိုကိုမှားသွားတယ် နော်”

ဘုန်းပြည့်အာဏာသည် သူဘာလုပ်လုပ် အရင်တောင်းပန်မည့် လူမျိုး။ 

“ကျွန်တော်က စိတ်ဆိုးနေပါတယ်ပေါ့?”

“မဟုတ်ဘူး ကိုကိုက ကိုက မကောင်းတာ”

အနောက်ကနေသိုင်းဖက်ကာ သူ့ပုခုံးပေါ်ကို မေးတင်လျက် ပြောလာသူကြောင့် စိုင်းမာန်သစ်မှာ စိတ်ဆိုးဖို့ လမ်းစတွေပင်ရှာမရတော့။ သူမပြောပါဘူးလား။ ဘုန်းပြည့်အာဏာက တကယ်အလည်။

“အသစ်ကအလုပ်တကယ်ထွက်မလို့လား?”

“အင်း ထွက်မှာ ထွက်ပြီး ခင်ဗျားကို တင်တောင်းမလို့”

စိုင်းမာန်သစ်စကားကြောင့် ဘုန်းပြည့်အာဏာရဲ့ စိုးရိမ်စိတ်တွေအကုန် လျော့ကျသွားရသည်။

“ကိုကို နားမလည်ဘူး”

တမင်သက်သက် ညစ်ပြီး မေးလိုက်မှန်းသိတာမို့ စိုင်းမာန်သစ်မျက်နှာကလည်း ဆူပုတ်သွားသည်။

“ကျွန်တော်လည်းမသိဘူး”

ဘုဆတ်ဆတ်ပြောလိုက်ပြီး ဘုန်းပြည့်အာဏာဘက်ကို မျက်နှာချင်းဆိုင်လှည့်လိုက်တော့ သူ့ပါးကို တစ်ချက်လာနမ်းပြန်သည်။ ဘုန်းပြည့်အာဏာက ဘယ်အချိန်နေနေ သူ့ကို အသားယူဖို့ ချောင်းနေတာဖြစ်သည်။

“ဦးဟိန်းဇော်တို့ စောင့်နေလိမ့်မယ် ပြန်ကြစို့”

“ဟင့်အင် ပြန်သွားစရာမလိုတော့ဘူး”

စိုင်းမာန်သစ်စကားကြောင့် ဘုန်းပြည့်အာဏာက အံ့သြသလိုလိုနှင့်ကြည့်သည်။ ထိုအကြည့်ကို စိုင်းမာန်သစ်က မျက်စောင်းထိုးလိုက်ပြီး စိတ်မရှည်သလိုပြောသည်။

“အဲ့ဒီထမင်း၀ိုင်းက ရွှေသမက်၊ ငွေသမက်လာရှာတာမှန်းအသိအသာကြီးကို ကိုကိုက ပြန်သွားချင်သေးတာလား။”

“ဟင့် အင် ဟင့် အင် လုံး၀ပဲ”

ခေါင်းကို တဆတ်ဆတ်ခါရမ်းကာ ပြောလာသူကြောင့် စိုင်းမာန်သစ် မရယ်ရုံတမယ်ဖြစ်သွားရလေသည်။

__________________________________________________________

“ဘယ်သွားချင်လဲ အသစ်?”

ကားထဲရောက်တာနဲ့ တစ်ပြိုင်နက် Loverseat ကစိုင်းမာန်သစ်ကို ဘုန်းပြည့်အာဏာက မေးခွန်းထုတ်လိုက်သည်။

“ဒီတိုင်း ကိုကိုနဲ့ ကားပတ်စီးချင်တယ်”

“အိုကေ သဘောပါဗျာ”

“လက်ပေး”

စိုင်းမာန်သစ်က ပါးစပ်ကလည်းပြောရင်း လက်ကလည်းဖြန့်ရင်း စပ်ဖြဲဖြဲနှင့် သူ့လက်ကို တောင်းနေသည်။ ဘုန်းပြည့်အာဏာ ပြုံးလိုက်ကာ ထိုလက်သွယ်သွယ်အပေါ်ကနေ သူ့လက်တွေကို အုပ်မိုးလိုက်ပြီး ပါးပြင်ကိုလည်း တစ်ချက်လှမ်းကာ နမ်းလိုက်သေးသည်။

“Let’s go!”

“As you wish, baby”

ကားအတွင်းက ရယ်သံတွေသည် ဘယ်သူတစ်ဦးတစ်ယောက်ကြောင့်မှမဟုတ်ဘဲ သူတို့နှစ်ဦးရဲ့ နှလုံးသားသံစဥ်တွေဖြစ်သည်။ ကားဆီက Dhruv ရဲ့ Double Take သီချင်းက ရင်ခုန်ဖွယ်ကောင်းအောင်ထွက်ပေါ်လာသည်။ စိုင်းမာန်သစ် ကားမှန်ကို ချလိုက်ကာ အပြင်ကလာသည့် လေကို တ၀ကြီးခံစားနေတော့ ဆံပင်ပျော့ပျော့တို့က တလွင့်လွင့်။

In the midst of the crowds, In the shapes in the clouds
လူအုပ်ကြီးရဲ့ အလယ်မှာမောင်၊ တိမ်တိုက်ပုံစံတွေအများကြီးထဲမှာတောင်

I don’t see nobody but you
ကိုယ်အခြားသူတွေကို မမြင်ဘဲ မင်းကိုပဲမြင်နေတယ်။

In my rose-tinted dreams, Wrinkled silk on my sheets
ကိုယ့်ရဲ့ တွန့်ကြေနေတဲ့ ပိုးသားအိပ်ယာခင်းတွေနဲ့ နှင်းဆီရောင်အိပ်မက်တွေထဲမှာရော

I don’t see nobody but you
မင်းတစ်ယောက်တည်းကိုပဲ မြင်နေမိတယ်။

Boy, you got me hooked onto something
ကောင်လေး မင်းက ကိုယ့်ကို တစ်ခုခုနဲ့ ဆွဲချုပ်နှောင်လိုက်ပြီ

Who could say that they saw us coming?
ကိုယ်တို့ နှစ်ယောက်လာနေတာကို လူတွေမြင်တဲ့အခါ ဘယ်လိုပြောကြလိမ့်မလဲ။

Tell me, do you feel the love?
ပြောပါဦး ကိုယ့်အချစ်တွေကို ခံစားမိရဲ့လား။

Spend a summer or a lifetime with me
နွေရာသီအားလပ်ရက်တွေကို ကိုယ်နဲ့ အချိန်ကုန်ဆုံးကြရအောင် ဒါမှမဟုတ် မင်းတစ်သက်တာလုံးပေါ့

Let me take you to the place of your dreams
မင်းရဲ့ အိပ်မက်တွေရှိရာကို ခေါ်ဆောင်သွားပါရစေ

Tell me Do you feel the love?
ပြောပါဦး ကိုယ့်အချစ်တွေကို ခံစားမိရဲ့လား။

“ပြောပါဦး ကိုကို့ကို ချစ်ရဲ့လား?”

ကားမောင်းနေရင်းကပင် သူ့ဘက်ကိုလှည့်ကာ မေးလာသူကြောင့် စိုင်းမာန်သစ် သွားတွေပေါ်လာသည်အထိပြုံးကာ သူ့ကိုကိုကို ကြည့်သည်။ တစ်ခါတလေကျတော့လည်း ဘုန်းပြည့်အာဏာ သိပ်ကလေးဆန်တတ်သည်ဟုတွေးလိုက်မိသည်။ ထိုအတွေးကို ဘုန်းပြည့်အာဏာသာ သိလျှင် ချစ်တဲ့အကြောင်းတွေပြောတာကို ကလေးဆန်သည်ဟု မတွေးသင့်ကြောင်း ပြန်သင်ပြနေပါဦးမည်။

“ချစ်တယ် ကိုကိုဖြစ်နေလို့ကို ချစ်တာ၊ ကျန်တာမလိုဘူး ကိုကိုကျွန်တော့်ကို ပြန်မချစ်တောင် ကျွန်တော်က ကိုကိုကို့ ဆက်ချစ်နေမိဦးမယ်ထင်တယ်”

“အသစ်က ကိုကို့ကို ကားသေချာမမောင်းနိုင်အောင်လုပ်နေတာလား၊ တစ်ခါတလေကျ ဒီကောင်လေးက ကိုကို့ကို ရင်ခုန်အောင်လုပ်ဖို့တစ်ခုတည်းအတွက်မွေးဖွားလာသလားထင်ရတယ်”

သူ့စကားအဆုံးလက်ကို ဆွဲယူကာ နမ်းနေသူကြောင့် စိုင်းမာန်သစ်မှာ သဘောတကျဖြစ်ရပြန်သည်။

Constellations of stars Murals on city walls
ကြယ်တွေအစုအ၀ေးတွေအများကြီးထဲမှာရော၊ မြို့တံတိုင်းပေါ်က နရံဆေးရေးပန်းချီတွေထဲမှာရော

I don’t see nobody but you
ဘယ်သူ့ကိုမှ ကိုယ်မမြင်ဘဲ မင်းကိုပဲမြင်နေမိတယ်

You’re my vice, you’re my muse
မင်းက ကိုယ့်ရဲ့အားသာချက်ဖြစ်သလို မင်းကပဲ ကိုယ့်ရဲ့ အားနည်းချက်

You’re a nineteenth floor view
မင်းက နိဗ္ဗာန်ဘုံရဲ့ မြင်ကွင်းကလေး

I don’t see nobody but you
ကိုယ်တော့ မင်းကလွဲ ဘယ်သူ့မှမမြင်တော့ဘူး

(ဘာသာပြန်အမှားပါခဲ့သည်ရှိသော် စာရေးသူ၏အားနည်းချက်သာဖြစ်ပါတယ်ဗျ
Song – Double Take by Dhruv)
_____________________________________________

တစ်မြို့လုံး ကားပတ်မောင်းခဲ့ပြီးနောက်မှာ ပြန်ရောက်လာသည်က ကုမ္ပဏီသို့သာဖြစ်သည်။ စိုင်းမာန်သစ်က ကုန်တိုက်မှာ ဈေးဝယ်ရအောင်ဆိုသဖြင့် ဘုန်းပြည့်အာဏာတစ်ယောက် ခေါင်းညိတ်ကာ သူဝယ်သမျှလိုက်ရှင်းဖို့ပြင်လိုက်သည်။ SL Group Building က ပထမဆုံး အထပ်ဆယ်ထပ်က ကုန်တိုက် နောက်အထပ်တွေက MD တွေ Manager တွေ ရုံးဝန်ထမ်းတွေရဲ့ ရုံးခန်း ရာထူးမြင့်လေအထက်ရောက်လေသာဖြစ်သည်။

အခြား ကုန်တိုက်တွေရှိသော်လည်း Main Building ဖြစ်တဲ့ ဒီကုန်တိုက်က အခြားကုန်တိုက်တွေထက် လူစည်ကားလေ့ရှိသည်။ အရောင်းဝန်ထမ်းလေးတွေက စိုင်းမာန်သစ်လက်ကို ဆွဲကာ ဝင်လာသော ဥက္ကဌကြီးကြောင့် နေစရာပင်ပျောက်ရှနေရလေပြီ။ စိုင်းမာန်သစ်က ဖော်ဖော်ရွေရွေရှိတတ်သော်လည်း ဘုန်းပြည့်အာဏာကတော့ မတူ။ စိုင်းမာန်သစ်မှ မဟုတ်ရင် ဘယ်သူ့မှ ပြုံးမပြတတ်။

နှစ်ယောက်ယှဉ်လျှောက်လာသည်က လိုက်ဖက်လွန်းလို့ ငေးမိရင်တောင် ဘုန်းပြည့်အာဏာက သူ့ကောင်လေးကို ငေးတာမကြိုက်။ အခုလည်း သာမန်ရုံးဝတ်စုံတွေ ဝတ်ထားတာတောင် နှစ်ယောက်လုံးက ချောမောကြည့်ကောင်းနေကြသည်။ ကုန်တိုက်ထဲကို၀င်လာသည့် သူတို့နှစ်ယောက်ခြေလှမ်းတွေကလည်း  ပေါ့ပါးနေသည်။

ကားပေါ်တုန်းက ကားမှန်ဖွင့်စီးလာတာကြောင့် အနည်းငယ် ရှုပ်ပွနေတဲ့ စိုင်းမာန်သစ်ရဲ့ ဆံပင်တွေကို ဘုန်းပြည့်အာဏာက သေချာဖိပေးနေသည်။ ထိုပွယောင်းယောင်းပုံစံကပင် လည်ပြန်ငေးရလောက်အောင် ဆွဲဆောင်မှု့ရှိနေသူကြောင့် ဘုန်းပြည့်အာဏာမှာ ဥစ္စာက ခြောက်ရပါသေးသည်။

“ကိုကိုတော့ မင်းကို ဖွက်ထားချင်တော့တာပဲ”

သူ့ကိုစောင်းငဲ့ကြည့်ကာ ပြောနေသူကြောင့် စိုင်းမာန်သစ် ပြုံးလိုက်ရပြန်သည်။

“အင်း ဖွက်ထားလေ ကျွန်တော်လည်း ကိုကို့ရင်ခွင်ထဲ အမြဲတမ်း ဝင်ပုန်းနေချင်တာ”

ရွှေသမက် ငွေသမက် ထမင်းဝိုင်းမှာ မထိုင်ဘဲ ကားပတ်စီးနေတာကြောင့် နှစ်ယောက်လုံး ဗိုက်ဆာနေကြပြီဖြစ်သည်။ ထို့ကြောင့် ဆိုင်တစ်ဆိုင်မှာ အရင်ထိုင်လိုက်ကြပြီး နေ့လည်စာစားဖို့ပြင်ရသည်။ စိုင်းမာန်သစ်က ကျန်တဲ့အချိန်တွေမှာ ရင့်ကျက်နေတဲ့ ကောင်ကလေးဖြစ်သော်လည်း ဘုန်းပြည့်အာဏာနဲ့ ယှဉ်ရင် ကလေးလေးသာသာ။

ဆိုင်ဝန်ထမ်းလေးတွေက စိုင်းမာန်သစ်ကို ကလေးတစ်ယောက်ထမင်းကျွေးဖို့ပြင်နေသလို အရိပ်ကြည့်ပြီး မှာစရာရှိတာမှာ လုပ်နေသော ဘုန်းပြည့်အာဏာကို အံ့ဩတကြီး ကြည့်နေကြသည်။ မြင်ရခဲတဲ့မြင်ကွင်းမဟုတ်တော့ပေမယ့် သူတို့ကတော့ အသားမကျနိုင်စွာပင်။

ဒီအတောအတွင်းမှာ သူတို့ ဥက္ကဌက သူ့ကောင်လေးကို ဘယ်လောက်ချစ်တယ်ဆိုတာ အကုန်နီးပါး သိမြင်နေကြပြီဖြစ်သည်။ အမြဲတမ်းအတူ‌တွေ့နေရတဲ့ ထိုအတွဲသည် အပြစ်စကား တိုးမပေါက်လောက်အောင်ကို လိုက်ဖက်လွန်းတာမို့ ဘယ်သူမှ မပြောရဲကြ။

ဆိုင်ဝန်ထမ်းတွေရဲ့အကြည့်ဟာ အကုန်စားသောက်ပြီးလို့ ထပြန်သွားသည့် ဘုန်းပြည့်အာဏာနဲ့ စိုင်းမာန်သစ်တို့ဆီကနေ တစ်ချိန်လုံးမခွာနိုင်ခဲ့ကြပေ။ ပြုံးရယ်နေတဲ့ ထိုနှစ်ယောက်ရဲ့ အချစ်တွေကို ဘေးလူတွေကတောင် နေရာမလပ် ခံစားမိခဲ့ကြပါသတဲ့။

ရုံးခန်းဆီကိုပြန်ရောက်တော့ ဘုန်းပြည့်အာဏာ စားပွဲပေါ်မှာရောက်နေတဲ့ ကိတ်မုန့်ဘူးကိုတွေ့လိုက်ရသည်။ သေချာပေါက် စိုင်းမာန်သစ် မှာထားတာပဲဖြစ်ရမည်။

“ကျွန်တော် ရေခဲသေတ္တာထဲသွားထည့်ထားလိုက်မယ် ညကျမှ အေးဆေးစားရအောင် ကျွန်တော် သပိုးနင့်နေပြီမို့ အခု”

“အသစ်သဘော”

_______________________________________________

“Birthday song ဆိုပေးရဦးမလား?”

ဖယောင်းတိုင်မီးညှိပြီး သူ့ရှေ့ကထိုင်နေတဲ့ ဘုန်းပြည့်အာဏာကို စိုင်းမာန်သစ် တစ်ချက်မေးလိုက်သည်။

“အသစ်ဆိုပေးတာဆိုရင်တော့ နားထောင်ချင်တယ်”

“အိုကေ”

ဘုန်းပြည့်အာဏာ သူ့ရှေ့က ကောင်ကလေးကို ပြုံးကာကြည့်ရင်း နှဖူးပေါ်က ဆံပင်စတစ်စကို လှမ်းသာ သပ်တင်ပေးလိုက်သေးသည်။ စိုင်းမာန်သစ်က ဖယောင်းတိုင်တစ်ချောင်းကို မီးညှိလိုက်ပြီး ဘုန်းပြည့်အာဏာကို တစ်ချက်ကြည့်လိုက်ကာ Birthday Song ကိုစဆိုတော့သည်။

“Happy Birthday to you! Happy Birthday to you! Happy Birthday! Happy Birthday! Happy Birthday My Man!”

“ဆုတောင်းရဦးမလား?”

“သဘောဗျာ”

ဘုန်းပြည့်အာဏာက တစ်ချက်လောက်ငြိမ်သွားပြီးမှ ကိတ်မုန့်ပေါ်က ဖယောင်းတိုင်မီးကို မှုတ်လိုက်သည်။
စိုင်းမာန်သစ်က ဓားကိုယူကာ ဘုန်းပြည့်အာဏာကို ခွဲဖို့ကမ်းပေးသည်။

“မြန်မြန်ခွဲပြီး မြန်မြန်ခွံ့တော့ကိုကို”

လောကြီးနေတဲ့ စိုင်းမာန်သစ်ကြောင့် ဘုန်းပြည့်အာဏာရယ်‌ချင်သွားရသည်။ ဗိုက်ဆာနေမှန်းသိတာမို့ ကိတ်မုန့်ကိုလည်း လက်ကခွဲပြီး ပန်းကန်ပေါ်အလျင်အမြန်ထည့်နေရသည်။ ညနေစာစားထားပါလို့ပြောတာကို ကိတ်မုန့်အဝစားချင်လို့ မစားပါဘူးတဲ့လေ။ ဘုန်းပြည့်အာဏာမနိုင်သည်မို့ လွှတ်ထားလိုက်ရသည်သာ။ အခုတော့ ကိတ်မှုန့်ကို ဆွဲလုမသွားရုံတမယ်။

ပန်းကန်ထဲကို ထည့်ပြီး ခပ်ကြီးကြီးအတုံးတစ်တုံးဖဲ့ကာ စိုင်းမာန်သစ်ကို တစ်ဇွန်းအရင်ခွံ့ရသည်။ ထို့နောက် သူ့ပါးစပ်ထဲကိုလည်း တစ်လုပ်ထည့်ရင်း။

“အင်း စားကောင်းသားပဲ”

ပ‌လုပ်ပလောင်းနဲ့ ပြောနေသူကြောင့် ပါးမို့မို့နှစ်ဖက်ကာ အဖောင်းသား။ ဘုန်းပြည့်အာဏာ မနေနိုင်စွာ ကုန်းထလိုက်ပြီး ပါးတစ်ဖက်ကို ခပ်ဖွဖွလေးကိုက်လိုက်သည်။

“အား ကိုကို တအား!”

“အူယားလို့”

“မပြောတော့ဘူး ထပ်ခွံ့”

ပါးစပ်ထဲကဟာတောင်မကုန်သေးဘဲ ထပ်တောင်းနေသူကြောင့် ဘုန်းပြည့်အာဏာ မှတ်ချက်တစ်ခုချလိုက်ရပါသည်။ သူ့ကလေးငယ်ဟာ အစားလည်းပုတ်သေးပါကြောင်း။

“ဖြည်းဖြည်းစားပါ”

“ဗိုက်ဆာနေပြီ”

သူခွံ့နေတာဖြစ်တာကြောင့် ပါးစပ်နားတွေပွနေတာကို ဘုန်းပြည့်အာဏာသုတ်ပေးရင်း လက်မှာကပ်ပါလာတဲ့ ခရင်မ်တွေကို ပါးစပ်နဲ့စုပ်ယူလိုက်သည်။ ဒါကိုစိုင်းမာန်သစ်က မြင်သော်လည်း ဘာမှမပြော။  ထိုကိစ္စဟာ ထွေထွေထူးထူးဟုတ်မနေတော့။

အခုချိန်မှာ စိုင်းမာန်သစ်ပါးစပ်က ခရင်မ်တွေကို လျှာနဲ့လျက်ဖယ်ပေးရင်တောင် သိပ်ပြီး အထူးအဆန်းမဟုတ်တော့ချေ။ သူတို့နှစ်ယောက်ဟာ ပွင့်လင်းလွန်းပြီး နွေးထွေးလွန်းတဲ့ ဇုန်မှာ‌ အေးချမ်းနေကြပြီဖြစ်သည်။

______________________________________________________________________________

ဝရန်တာဘက်ကို စိုင်းမာန်သစ်တို့ထွက်လာခဲ့ကြခြင်းဖြစ်သည်။ ညမှောင်နေပြီဖြစ်တာကြောင့် ကောင်းကင်က ကြယ်တွေကသာ ဖြိုးဖြိုးဖျက်ဖျက်။

ညဝတ်အင်္ကျီကိုပဲ ဝတ်ထားတဲ့ စိုင်းမာန်သစ်ရဲ့ ပေါ့ပေါ့ပါးပါးစတိုင်က တကယ်ကို စွဲမက်စရာ။ လမင်းကသာ တိမ်တွေကြား တစ်ချက်ချက်ပုန်းလျှိုးသွားတာ သူ့ရင်ခွင်ထဲက စိုင်းမာန်သစ်ရဲ့ ခေါင်းလုံးလုံးကို နမ်းနေသူကတော့ တဖွဖွ‌နမ်းကာ လက်တွေကို ဆုပ်ကိုင်ထားဆဲ။

“ကိုကို ခုဏက ဘာဆုတောင်းလိုက်လဲ?”

“အသစ်ကို အမြဲတမ်း ပျော်အောင်လုပ်ပေးနိုင်တဲ့ လူဖြစ်ရပါစေလို့ ဆုတောင်းလိုက်တာ”

ဘုန်းပြည့်အာဏာစကားကြောင့် စိုင်းမာန်သစ် ထိုရင်ခွင်ထဲကို ပိုတိုးလို့ လျှိုးဝင်မိတော့သည်။

“အဲ့ဒီဆုတောင်းမပြည့်လည်း ကိစ္စမရှိပါဘူး ကိုကိုက အသစ်ကို အမြဲတမ်းပျော်အောင်ထားမှာမို့”

“ကိုကိုနဲ့ ရှိနေရရင် ကျွန်တော်က အမြဲပျော်ပါတယ်”

ထိုအချစ်တွေသည် ချည်နှောင်စရာမလိုစေသော။

@OliviaThet-Eleanor
________________________________________________________

Tags: read novel Lollipop Extra 2 – Unicode, novel Lollipop Extra 2 – Unicode, read Lollipop Extra 2 – Unicode online, Lollipop Extra 2 – Unicode chapter, Lollipop Extra 2 – Unicode high quality, Lollipop Extra 2 – Unicode light novel, ,

Comment

Leave a Reply

Chapter 35