Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၄)

A+ A-

ချက်ကြီး သူကြီးအိမ်က ခြံစည်းရိုးတိုင်ကိုကိုင်ရင်း ခြံဝင်းထဲကို အကဲခတ်နေမိသည်။ အရင်ကဆို သူကြီးအိမ်ကို ဆရာတော်အခိုင်းလွှတ်မှုနဲ့ တံခါးမရှိဓားမရှိ ဝင်ထွက်သွားလာနိုင်ပေမယ့် အခုလက်ရှိကတော့ ကွဲပြားသည်။

” ဒင်း . ဒင်္ဂါးရေ … ရွှေဒင်္ဂါး … ဗျို့ သူကြီးရေ … လူရှိလား “

ခြံဝင်းထဲမှာ ပတ်သွားနေကြတဲ့ ခွေးနှစ်ကောင်က ချက်ကြီးကိုတွေ့တဲ့အခါ ခြံဝကိုရောက်လာသည်။ ချက်ကြီးမှာ မည်းမည်းလုံးလုံး ကိုက်မိလိုက်ရင် အသေခဲမယ့်ရုပ်နဲ့စောင့်နေတဲ့ ခွေးနှစ်ကောင်ကြောင့် ခြံထဲကို မဝင်ရဲပဲ အပြင်ကနေသာ တကြော်ကြော် ခေါ်နေရသည်။

” ဟောတော့ ကိုချက်ကြီး … အိမ်ထဲဝင်မလာပဲ ခြံရှေ့မှာ ဘာရပ်လုပ်နေတာတုန်းတော့ “

အိမ်နောက်ဖေးကနေ ဟင်းရွက်ဗန်းလေးကိုင်လို့ ထွက်လာတဲ့ငွေမှုန်က ချက်ကြီးကိုတွေ့တော့ ခြံတံခါးနားကို ရောက်လာသည်။ သနပ်ခါးရောင် ရင်စေ့အင်္ကျီလေးနဲ့ ငွေမှုန်က ရွာရဲ့ ကွမ်းတောင်ကိုင်ပီပီ အလှထူးတာတော့ အမှန်ရယ်။

” အေး . ဝင်ခဲ့မလို့ပဲဟ … ဒါပေမယ့် နင်တို့ခြံထဲက နှစ်ကောင်ကိုလည်း ကြည့်ဦး . ငွေမှုန် … ငါခြံထဲဝင်လာတာနဲ့ ခြေသလုံးပြတ်ထွက်အောင် ကိုက်မယ့်ရုပ်တွေနဲ့ “

” အမယ်လေးရှင် … ရှင်က ကြောက်ရတယ်ရှိသေး … မိစွာနဲ့ မိုက်မိုက်စန်းက လိမ္မာပါတယ် … မိစွာ . မိုက်မိုက်စန်း . လာ လာ . မကိုက်ရဘူးနော် . အိမ်ကိုလာတဲ့ဧည့်သည် “

ကြည့်ပါလား။ နာမည်တွေကိုက အသွင်အပြင်တွေနဲ့ လိုက်ဖက်စွာ ကြမ်းကြမ်းတမ်းတမ်းကြီးတွေ။ ငွေမှုန်က ချက်ကြီးကိုပြောရင်း ခပ်ပါးပါးပြုံးလို့ ခွေးနှစ်ကောင်ကို အိမ်မကြီးဘက် ခေါ်သွားသည်။ ထိုသို့ကျတော့လည်း နှစ်ကောင်သားက ချက်ကြီးကို မာန်ဖီနေတဲ့ရုပ်တွေနဲ့ ကွဲလွဲစွာ ငွေမှုန့်နောက်ကို ခုန်ပေါက်လို့လိုက်သွားသည်။

” ဝင်ခဲ့လေ . ကိုချက်ကြီး “

ခြံထဲကို ဝေ့ဝဲကြည့်လိုက်ရင်း စိတ်ချရပြီဆိုကာမှ ချက်ကြီး ဝင်သွားလိုက်သည်။ အိမ်ရှေ့မှာရိုက်ထားတဲ့ ကွပ်ပျစ်ပေါ်ဝင်ထိုင်လိုက်ရင်း ကွပ်ပျစ်ပေါ်မှာ အသင့်တင်ထားတဲ့ ရေနွေးတစ်ခွက်ကို ငှဲ့သောက်လိုက်သည်။

” နင့်အဖေသူကြီးရော ငွေမှုန် “

” အဘရှိတယ် … ရေအိမ်ဝင်နေတယ်နဲ့တူပါတယ် … ဘာကိစ္စရှိလို့လဲ “

” ဒင်္ဂါးရော … ပြီးတော့ မြို့အုပ်မင်းရဲ့ညီရော ရှိသလား … ဘာရယ်မဟုတ်ဘူးဟ . ဆရာတော်က မြို့အုပ်ညီက ရွာထဲများ လိုက်လည်ချင်ရင် လိုက်ပို့ပေးဖို့ အလာလွှတ်လိုက်တာ … အခုက နေအေးနေပြီမို့ လာခေါ်တာ “

” ဪ … အငယ်ကရှိတယ် ကိုချက်ကြီး … အနောက်ဖေးမယ် အဘအဝတ်တွေလျှော်ပေးနေတယ် … မြို့အုပ်မင်းညီတော့ ရှိတယ် … အိပ်နေသလား မသိပါဘူး … ခဏနော် . အငယ်ကိုပြောပြီး ခေါ်လိုက်မယ် “

ငွေမှုန်က ပြောပြောဆိုဆိုနဲ့ အိမ်နောက်ဖေးကို ထွက်လာခဲ့လိုက်သည်။

” အငယ် … “

အဘအဝတ်အစားတွေကို ရေညှစ်ချနေတဲ့အငယ်က ငွေမှုန့်ခေါ်သံကြောင့် လှည့်ကြည့်လာသည်။

” ပြော အစ်မ “

” ကိုချက်ကြီးရောက်နေတယ် … မြို့အုပ်မင်းညီကို ရွာထဲလိုက်လည်ဖို့ လာခေါ်တာတဲ့ “

” ဟမ် . ဟုတ်လား … ပစ်တိုင်းထောင်က အိပ်နေတာထင်တယ် အစ်မ … နေ့လယ်ခင်းကတည်းက အသံမကြားဘူးရယ် … ကဲ အဲ့တာဆို အစ်မ . အဘအဝတ်တွေကို လှမ်းထားပေးလှည့် . ကျွန်တော်သွားကြည့်ဦးမယ် “

” အေး . သွက်သွက်သွားချေ “

ဒင်္ဂါးလည်း ရေဘုံဘိုင်မှာ ခြေထောက်ဆေးကာ အိမ်နောက်ဖေးကနေပတ်လို့ အိမ်ထဲဝင်ပြီး အပေါ်ထပ်ကို တက်လာခဲ့လိုက်သည်။

” အင်း~ အိပ်ပျော်နေတာပဲ “

ဒင်္ဂါး အခန်းထဲကိုရောက်တော့ အခန်းရဲ့ ပြတင်းပေါက်နားမှာ သင်ဖြူးဖျာလေးခင်းလို့ ခြေပစ်လက်ပစ် အိပ်မောကျနေတဲ့ မြို့အုပ်မင်းညီကို တွေ့လိုက်ရသည်။ ကလေးတွေလိုမျိုး ခြေကားယား လက်ကားယားမလို့ ထိုအသွင်သဏ္ဍာန်ကိုကြည့်ရင်း ဒင်္ဂါး ပြုံးလိုက်မိသည်။

” နှိုးရမလား မသိဘူး “

အိပ်မောကျနေပုံရတာကြောင့် မနှိုးတော့ဘူးပြင်လိုက်ပေမယ့် နေစောင်းသွားရင် အဖျားဝင်မှာစိုးတာကြောင့် နှိုးရန်အတွက် အနားကပ်သွားလိုက်သည်။

” မြို့အုပ်မင်းညီ … ပစ်တိုင်းထောင် “

အသံပေးနေရုံနဲ့ တုတ်တုတ်တောင်မှ လှုပ်မလာတာကြောင့် ဒင်္ဂါး မြို့အုပ်မင်းညီရဲ့ဘေးမှာ ငုတ်တုတ်ကလေး ထိုင်ချလိုက်သည်။

” ပစ်တိုင်းထောင် ~ ထပါဦး “

” အင်း … “

ပခုံးစွန်းလေးကို ခပ်ဆတ်ဆတ်လေးကိုင်လို့ လှုပ်နှိုးလိုက်တော့ အနည်းငယ်လှုပ်လာပြီး လက်နှစ်ဖက်ကို ဆန့်တန်းလို့ အကြောဆန့်လာသည်။

” ဟို … နှိုးလိုက်ရလို့ အားနာပါတယ် မြို့အုပ်မင်းညီ … ကိုချက်ကြီးက ရွာထဲသွားရအောင် လာခေါ်နေလို့ . သွားမလားဟင် . မသွားရင်လည်း ကျွန်တော် ကိုချက်ကြီးကို သွားပြောလိုက်မယ် “

” ဟင် ရွာထဲ … “

ဒင်္ဂါးစကားကိုကြားတော့ မပွင့်တပွင့်ဖြစ်နေတဲ့ မျက်လုံးတွေက ဖျတ်ခနဲပွင့်လာပြီး ငေါက်ခနဲထထိုင်သည်။

” ဘယ်ရွာထဲလဲ “

” ဆရာတော်က ရွာထဲလိုက်ပြပေးဖို့ဆိုပြီး ကိုချက်ကြီးကို လွှတ်လိုက်တာတဲ့ … ဟိုနားဒီနားနေမှာပေါ့ “

” လိုက်မယ်လို့! လိုက်မယ် “

အိပ်နေရာကနေ ကုန်းရုန်းထလို့ ပုဆိုးပြန်ပြင်ဝတ်နေတဲ့ မြို့အုပ်မင်းညီကြောင့် ဒင်္ဂါးမျက်နှာလွှဲလိုက်ရင်း ထရပ်လိုက်သည်။

” အဲ့တာဆို သွားလိုက်ပါဦးမယ် “

အခန်းထဲကနေ တရွေ့ရွေ့ထွက်သွားတဲ့ ရွှေဒင်္ဂါးကို ပစ်တိုင်းထောင် မျက်လုံးလေးစွေကြည့်ရုံကြည့်လိုက်သည်။ ကြည့်လိုက်တိုင်း လှုပ်စိလှုပ်စိနဲ့ ထိုလူက ဘာမှန်းမသိ။

အိပ်ထားတာကြောင့် ပုံပျက်ပြီး ကြေမွနေတဲ့ အင်္ကျီကို ခပ်သွက်သွက်လဲလိုက်ရင်း မရီးဖြစ်သူက မီးကြွေကျိုးကော့နေအောင် တိုက်ပေးလိုက်တဲ့ ကချင်ပုဆိုးကို ထုတ်ဝတ်လိုက်သည်။ ရွာထဲပတ်သွားဖို့ဆို အနည်းဆုံးတော့ ပစ်တိုင်းထောင်တို့အသွင်ပြင်က တောက်ပြောင်နေမှ။

ရှုပ်ပွနေတဲ့ဆံပင်ကို ခေါင်းမဖြီးတော့ပဲ လက်နဲ့ တစ်ချက်နှစ်ချက်လောက် သပ်တင်ရင်း ခွေးပုရှိတဲ့ အခန်းဘက်ကို သွားလိုက်သည်။

” ခွေးပု … ဟေ့ကောင် ခွေးပု “

သင်ဖြူးဖျာပေါ်မှာ မှောက်လျက်ကြီး အိပ်မောကျနေတဲ့ ခွေးပုက တုတ်တုတ်ပင်မလှုပ်။

” ဟာ … ဒီကောင်တော့ . ဟေ့ကောင် ခွေးပု “

” ဆျာထောင်ရာ … ဘာလုပ်ချင်ပြန်ပြီလဲ . အိပ်ချင်နေတာကို “

” အေး … ရွာထဲ မလိုက်ဘူးလား . အဲ့တာဆို နေခဲ့ “

” ဟင် ရွာထဲလား . ဘယ်တွေလဲ … လိုက်မယ် . လိုက်မယ် “

အိပ်နေရာကနေ အသည်းအသန် ဖင်ကြီးကုန်းလို့ ထလာတဲ့ခွေးပုကို ထားရစ်ခဲ့ရင်း ပစ်တိုင်းထောင် အိမ်အောက်ဆင်းခဲ့သည်။ အောက်ထပ်ရောက်တော့ အိမ်ရှေ့က ကွပ်ပျစ်ပေါ်မှာ သူကြီးဖြစ်သူရယ် ရွှေဒင်္ဂါးရယ်နဲ့ ဘုန်းကြီးကျောင်းက ကပ္ပိယကိုချက်ကြီးကို တွေ့လိုက်ရသည်။

” ထန်းတောကိုခေါ်သွားမယ် မကြံနဲ့နော် ချက်ကြီး … တော်တန်ပဲကောင်းတယ် … မဟုတ်တာလုပ်ရင် ဆရာတော်က မင်းကို ဖင်စုတ်အောင်ဆော်မှာ သိတယ်မဟုတ်လား “

” သိပါတယ် သူကြီးရယ် . ကျုပ်ဖြင့် ဆရာတော်က ကျိန်းလိုက် သူကြီးက ကျိန်းလိုက်နဲ့ နေစရာကို မရှိတော့ဘူး “

သူကြီးစကားကို ခေါင်းကုတ်လို့ ပြန်ဖြေနေတဲ့ ကိုချက်ကြီးကြောင့် ပစ်တိုင်းထောင်ပြုံးလိုက်သည်။ ကွပ်ပျစ်နားကို လျှောက်သွားလိုက်တော့ ပစ်တိုင်းထောင်ကို မြင်သွားပုံရတဲ့ ကိုချက်ကြီးက ထိုင်နေရာကနေ ထရပ်သည်။

” ဟော လာပြီလား . မြို့အုပ်မင်းညီ “

” ပစ်တိုင်းထောင်ပဲ ခေါ်ပါ “

ပစ်တိုင်းထောင်ကပြောလိုက်တော့ ကိုချက်ကြီးက ရယ်ကျဲကျဲနဲ့ ခေါင်းညိတ်သည်။

” သွားစို့လေ . ဘယ်သွားမှာလဲ “

” ဟို … ဆရာတော်ကတော့ ရွာထိပ်ကဘုရားနဲ့ ကျောင်းဆောက်နေတဲ့နေရာကို လိုက်ပြခိုင်းတယ် “

” ကောင်းပြီလေ “

ခါးထောက်ရပ်နေရင်း ကိုချက်ကြီးကို ခေါင်းညိတ်ပြလိုက်သည်။ ပြီးကာမှ အိမ်မကြီးဘက်ကိုလှည့်ကာ အခုချိန်ထိ အရိပ်အယောင် ပေါ်မလာသေးတဲ့ ခွေးပုကို လှမ်းအော်လိုက်သည်။

” ဟေ့ကောင် ခွေးပု … မင့်မလာသေးရင် ထားခဲ့တော့မှာနော် . မင်းညီမတွေကိုထိန်းရင်း နေခဲ့ချေ “

” လာပြီ . ဆျာထောင်ရ လာပြီ “

ပုဆိုးကြီး မ,လို့ အိမ်ထဲကနေ ပြေးထွက်လာတဲ့ ခွေးပုက အင်္ကျီအဝတ်အစားတော့ လဲလာပေမယ့် ဆံပင်တိုတိုတွေကတောပ ထိုးထောင်ပြီး ရှုပ်ပွနေသည်။

” ကဲကဲ . စောတုန်းသွားကြချေ … နောက်ကျရင် အပြန်ခါ မှောင်နေရော့မယ် … သား . ရွှေဒင်္ဂါး … သားလည်း လိုက်သွားလေ “

” ဟင် . ဟင့်အင်း … မလိုက်တော့ပါဘူး အဘ “

ခေါင်းတစ်ခါခါ လက်တစ်ခါခါနဲ့ သူကြီးစကားကို ငြင်းနေတဲ့ရွှေဒင်္ဂါးကိုစိုက်ကြည့်ရင်း ပစ်တိုင်းထောင် မျက်မှောင်ကြုတ်လိုက်သည်။

ဘယ်သူကရော သူ့ကို ခေါ်နေလို့လဲ .!

” မလိုက်နေပေါ့ “

ပစ်တိုင်းထောင် ရပ်နေရာကနေ ချာကနဲလှည့်ထွက်ရင်း ခြံထဲကနေ ထွက်ဖို့ပြင်လိုက်သည်။

ဝုတ် ဝုတ် …

ခြံဝကိုရောက်တော့ ဘယ်နားကမှန်းမသိ တရှိန်ထိုးပြေးလာတဲ့ မိစွာက ပစ်တိုင်းထောင်ဆီ ခုန်တက်လာတာမလို့ လူက ယိုင်သွားသည်။

” ဟဲ့ ဟဲ့ နေခဲ့ . မိစွာ . သမီးလေး လိမ္မာတယ် … မိုက်မိုက်စန်းရေ သမီး . လာဦး . နင့်သမီးကို လာထိန်းစမ်း “

မိစွာက မတ်တပ်ရပ်ရင်း ပစ်တိုင်းထောင်ပေါ် ခုန်ခုန်တက်နေတဲ့အခါ အားပါတာမလို့ ခြံဝမှာတင် မိစွာနဲ့ ပစ်တိုင်းထောင်က ရုန်းရင်းဆန်ခတ်ဖြစ်နေသည်။

” ဟေ့ကောင် ခွေးပု . မင့်ညီမကို ခေါ်စမ်း . ဒီကောင်မလေး ဆိုးနေတယ် “

မိုက်မိုက်စန်းကလည်း မဆွဲပဲ ပစ်တိုင်းထောင်နားမှာ ပတ်ပြေးနေပြီး ခုန်ပေါက်နေကာ တဝုတ်ဝုတ်ဟောင်သည်။ ပစ်တိုင်းထောင်တို့ဖြစ်အင်ကိုမြင်ပြီး အနားကိုပြေးလာတဲ့ ရွှေဒင်္ဂါးနဲ့ သူကြီးကတော့ မိစွာက ကိုက်လိုက်မှာကြောက်သည့်နှယ် အနားမကပ်ကြ။

” အဲ “

” ဟာ ! “

” အယ် … “

” ဟာ ဆျာထောင် ပုဆိုးကျွတ်သွားပြီ “

အဲ ဆိုတာကတော့ ကိုချက်ကြီးဆီက အသံဖြစ်ပြီး ဟာ နဲ့ အယ်ဆိုတဲ့ အသံကတော့ သူကြီးနဲ့ ရွှေဒင်္ဂါးဆီကနေ ရှေ့ဆင့်နောက်ဆင့်ထွက်လာသည်။ နောက်ဆုံးမှာတော့ အသံဝါကြီးနဲ့ ဆထာပနာပြုသူကတော့ ခွေးပုပင်ဖြစ်သည်။

” ဟာ . ဟေ့ကောင် ခွေးပု “

ပစ်တိုင်းထောင် ခွေးပုကို လှမ်းမာန်လိုက်ရင်း မိစွာကိုက်ဆွဲလို့ ကျွတ်ကျသွားတဲ့ ပုဆိုးကို ခပ်မြန်မြန်ဆွဲဝတ်လိုက်သည်။

” လာစမ်း လာစမ်း . မင်းလာစမ်း ခွေးပု “

ဖောင်း …!

အပြောထက်ပင် လက်ကမြန်စွာ ခွေးပုကို နားရင်းရိုက်ပစ်လိုက်သည်။

” ဆျာထောင့် သမီးတွေလုပ်လို့ ဆျာထောင် ပုဆိုးကျွတ်တာလေ . ကျွန်တော်လုပ်လို့ ဆျာထောင့်ပုဆိုး ကျွတ်တာမှမဟုတ်တာ … ဆျာထောင့်ကို ပုဆိုးကျွတ်အောင်လုပ်တဲ့ မိစွာကိုရိုက်လေ … ဆျာထောင့်ပုဆိုးကျွတ်တာ ကျွန်တော်နဲ့ဘာဆိုင်လို့ လာရိုက်နေတာလဲ … ပြီးတော့ ပုဆိုးကျွတ်တာကလဲ “

” ဟေ့ကောင် …! “

ပစ်တိုင်းထောင်အော်လိုက်တော့ ခွေးပု ပါးစပ်ပိတ်သွားသည်။ နားရင်းနောက်တစ်ချက်ရိုက်ဖို့ လက်လှမ်းလိုက်ပေမယ့် ပစ်တိုင်းထောင်ရဲ့အကြည့်က ရွှေဒင်္ဂါးဆီရောက်သွားသည်။

” ခင်ဗျားက ဘာကြည့်နေတာလဲ “

” ဟမ် . မကြည့်ပါဘူး မြို့အုပ်မင်းညီ “

ပြုံးစေ့စေ့လုပ်လို့ တစ်ဖက်ကို အကြည့်လွှဲသွားတဲ့ ရွှေဒင်္ဂါးကြောင့် ပစ်တိုင်းထောင် အံကြိတ်လိုက်မိသည်။

” သတိထားနေကြနော် . ပစ်တိုင်းထောင်လက်သီးက လူမရွေးဘူး “

ရှက်ရမ်းရမ်းလို့ ခြံထဲကနေ ထွက်သွားတဲ့ ပစ်တိုင်းထောင်ကိုကြည့်ရင်း ဒင်္ဂါးပြုံးလိုက်မိသည်။ ကိုချက်ကြီးနဲ့ ကိုခွေးပုကလည်း နောက်ကနေ ခပ်သွက်သွက်ပြေးလိုက်သွားသည်။ ရှက်ရမ်းရမ်းသွားတာများ မြို့အုပ်မင်းညီက အသားညိုသူဖြစ်တာကြောင့် မျက်နှာကလည်း ခပ်ရင့်ရင့်ရယ်။

” မိစွာတို့နဲ့လည်းကွယ် . လူလေးက ရှက်သွားတာနေမှာ … တော်သေးတာပေါ့ကွယ် . လုံမလေးရှိမနေလို့ … မဟုတ်ရင်တော့ ပိုဆိုးရော့မယ် “

အဘက စကားတပြောပြောနဲ့ အိမ်ဘက်ကို လှည့်ထွက်သွားသည်။ အဘစကားကြောင့် စောနက ပစ်တိုင်းထောင် ပုဆိုးကျွတ်ကျသွားတဲ့ ပုံရိပ်က မျက်လုံးထဲပြန်မြင်ယောင်လာတာကြောင့် ဒင်္ဂါးမျက်နှာက ပူတက်လာသည်။

” အင်း . တော်သေးတာပေါ့ . အစ်မငွေမှုန် ရှိမနေလို့ … “

ဒင်္ဂါးတောင် မျက်နှာပူရရင် အစ်မငွေမှုန်သာဆို သင့်တော်မည့်မြင်ကွင်းမျိုးမဟုတ်ပေ။ တော်သေးသည်က မြို့အုပ်မင်းညီက ပုဆိုးအောက်မှာ ဒူးအထက်လောက် ချည်သားဘောင်းဘီလေးတစ်ထည် ခံဝတ်ထားလို့သာ တော်သေးပါတော့သည်။

>>>>>>>>>>

” ထန်းတောကိုသွားမယ် ကိုချက်ကြီး ”

ဦးတည်ရာရယ်မရှိ ရွာထဲပတ်သွားနေတုန်း ပထမဦးဆုံးပြောလာတဲ့ စကားကြောင့် ချက်ကြီး ခေါင်းကျိန်းသွားပြီး ဆံပင်မွေးတွေ ထောင်တက်သွားသလိုမျိုး ခံစားလိုက်ရသည်။

” မရ . မရဘူးလေ ပစ်တိုင်းထောင်ရဲ့ … မင့်ကို ထန်းတောခေါ်သွားရင် ဆရာတော်က ငါကိုအသေဆော်မှာဟ … သူကြီးကလည်း မှာလိုက်တယ် . ဘုန်းကြီးကျောင်းက ကပ္ပိယ ထိပ်တုံးစာမိတယ်ဆို ကြားမကောင်းပါဘူးကွာ “

ကိုချက်ကြီးက ညည်းညည်းညူညူပြောတော့ ပစ်တိုင်းထောင်မျက်နှာကြီးကို ရှုံ့မဲ့ပစ်လိုက်သည်။

” ထန်းတောမသွားလို့ ကျုပ်က ဘယ်သွားရမှာတုန်း “

” ဟို . လျှောက်လည်လေ “

” ဟ . လျှောက်ပတ်သွားနေရအောင် ကလေးလား ”

ပစ်တိုင်းထောင်က သူ့မူအတိုင်း ခါးထောက်ပြီးပြောတော့ ကိုချက်ကြီးက ခေါင်းရမ်းသည်။ ခွေးပုကတော့ သူ့အပြစ်နဲ့သူမလို့ ပစ်တိုင်းထောင်နားမကပ်ရဲပဲ ကိုချက်ကြီးနားကပ်ကာ ပါးစပ်ပိတ်နေသည်။

” ကျုပ်တို့သုံးယောက်တည်းရှိတာ ခင်ဗျားမပြောရင် ဆရာတော်ရော သူကြီးရော မသိဘူး “

” ဟာ … ခက်ပါတယ် “

” မခက်ပါဘူး … ခင်ဗျား မပို့ဘူးလား . မပို့ရင် ကိုယ့်ဘာကိုယ်သွားမယ် … မသိပေမယ့် မေးမြန်းပြီးသွားမယ် … ဟေ့ကောင် ခွေးပု . သွားမယ် “

ချက်ကြီးမှာ ခေါင်းကုတ်ရပြန်သည်။ မြို့အုပ်မင်းညီမွှေတာက အကြောင်းမဟုတ်ပေမယ့် ဆရာတော်သာ ပြန်သိရင် ချက်ကြီးဘဝက မတွေးရဲစရာပင်ဖြစ်သည်။ သို့ပေမယ့် အခုချိန်မှာတော့ နီးရာဓားကြောက်ရသကဲ့သို့ ဖြစ်နေတာကြောင့် ရှေ့ကနေ ဇွတ်ဆက်သွားနေတဲ့ မြို့အုပ်မင်းညီနောက်ကို လိုက်ရတော့သည်။

” ဟ . အခုမှထန်းပင်ပေါ်က ဆင်းလာတာလား … အဲ့အိုးတွေ ချပေးခိုင်းနော် ကိုချက်ကြီး “

ထန်းတောကိုရောက်တော့လည်း ထန်းပင်ပေါ်မော့ကြည့်လို့ ထန်းပင်ပေါ်ကဆင်းလာတဲ့ ထန်းတက်သမားဆီက မြူအိုးတွေကို မျက်စောင်းထိုးပြန်သည်။

” အထဲမှာ အသင့်ရှိပါတယ် ပစ်တိုင်းထောင်ရာ … ဟိုကဖြင့် အခုနေကာမှ အပင်ပေါ်က ဆင်းလာတုန်းကို “

” ဘယ်ရမလဲ . အဲ့အိုးတွေပဲယူမယ် … ထိုင်စောင့်မယ် “

ဆရာသမားက ထန်းပင်အောက်ခြေမှာ ခင်းထားတဲ့ ကောက်ရိုးဖျာပေါ် ဝင်ထိုင်နေပြီမလို့ ချက်ကြီးနဲ့ ခွေးပုကလည်း ဘေးမှာဝင်ထိုင်သည်။

” ကိုချက်ကြီး . ရှင် ထန်းတောထဲ ဘာလာလုပ်တာလဲ “

” ဟာ . မညိုမြ “

ထန်းတောပိုင်ရှင် အပျိုကြီးမညိုမြက အနားကိုရောက်လာတာမလို့ ချက်ကြီးက နှုတ်ဆက်လိုက်သည်။

” အလိုတော် … မြို့က ဧည့်သည်တွေလား ကိုချက်ကြီး “

ပစ်တိုင်းထောင်ကိုမြင်တဲ့အခါ ရုတ်ချည်း မျက်နှာချိုမြသွားတဲ့ မိန်းမကြောင့် ပစ်တိုင်းထောင် မျက်ခုံးပင့်လိုက်မိသည်။

” မြို့အုပ်မင်းရဲ့ညီလေ မညိုမြ … ထန်းရည်သောက်ချင်တယ်ဆိုလို့ ငါခေါ်လာတာ … ဟောဟိုးက နင့်မောင်ယူလာတဲ့မြူအိုးပဲ သောက်ချင်တယ်ဆိုလို့ “

” အို . ရစေရမယ်တော် … တခြားသူမှမဟုတ်တာ … မြို့အုပ်မင်းရဲ့ညီပဲ “

သဘောမနောကောင်းချက်ပဲ။ ချိုမြနေတဲ့ မညိုမြကြောင့် ချက်ကြီးပင် အံ့ဩနေရသည်။ တစ်ရွာလုံးမှာ အပေါက်အဆိုးဆုံးလူကိုပြပါဆိုရင် ချက်ကြီးကတော့ မညိုမြကိုသာ လက်ညှိုးထိုးပြမိလိမ့်မယ်။ မညိုမြက ကိုယ်လုံးကိုယ်ဖန် တောင့်တင်းလှပြီး အပျိုကြီးပီပီ အပေါက်ဆိုးကာ ထန်းရည်ရောင်းသူမို့ စရိုက်ကလည်း အနည်းငယ်ကြမ်းတမ်းသည်။

” အများကြီးမသောက်နဲ့နော် ပစ်တိုင်းထောင် … မင်းနဲ့တော့ ငါခေါင်းကျိန်းတယ် “

” ဟမ့် . စိတ်ချ “

ပါးစပ်ကသာ စိတ်ချလို့ ပြောနေပေမယ့် ချက်ကြီးကတော့ စိတ်မချနိုင်ပါ။ အနာဂတ်ကို ကြိုမတွေးနိုင်တာကြောင့် ဘယ်အချိန်ပုပ်မလဲ မသိတဲ့မိမိတင်ပါးလေးကိုသာ ကြိုပြီး မေတ္တာပို့လိုက်သည်။

” ကဲ . ဒါကျုပ်မောင် အခုလေးတင် ချလာတဲ့ မြူအိုးတွေတော် … လိုရင် ထပ်ပြောဦး . ထပ်တက်ပေးမတဲ့တော် “

” အများကြီးမလိုပါဘူး မညိုမြ “

” ဟုတ်ကဲ့ အစ်မ… ကျေးဇူးပဲ “

ပစ်တိုင်းထောင်က ပြောလိုက်တော့ ပြုံးရွှင်သွားတဲ့ မျက်နှာက ရုပ်ကြမ်းကြီးနဲ့ မလိုက်ဖက်တာကြောင့် ချက်ကြီး နှာခေါင်းရှုံ့လိုက်မိသည်။

” ဟာ မညိုမြ . ယောက်ျားတွေ ထန်းရည်သောက်တဲ့နား ဘာထိုင်လုပ်နေတာတုန်း . သွား သွား “

” အို . ကိုချက်ကြီးကလဲ . ကျုပ်က ဟောဒီက မောင်လေး ဘာများလိုအပ်မလဲလို့ပါတော့ “

” ဘာမှမလိုဘူး . သွားချေ “

ချက်ကြီးပြောလိုက်တော့မှသာ မသွားချင်သွားချင်နဲ့ အနားကထသွားတဲ့ မညိုမြက ချက်ကြီးကို မျက်စောင်းခဲသွားဖို့မမေ့။ မြို့အုပ်မင်းညီကတော့ ဂရုမစိုက်စွာ ချပေးသွားတဲ့ ထန်းရည်တစ်မြူကို သောက်နေပေမယ့် ခွေးပုကတော့ ချက်ကြီးရဲ့ဖြစ်အင်ကိုကြည့်ကာ ရယ်သည်။

” တစ်မြူတည်းသောက်နော် ပစ်တိုင်းထောင် … မူးရူးနေရင် ဆရာတော့်ကြိမ်လုံးက လူမရွေးဘူး “

သိပြီဆိုတဲ့သဘောနဲ့ အုန်းမုန့်ခွက်နဲ့ ထန်းရည်သောက်ရင်း မျက်ခုံးသာပင့်ပြလာတဲ့ ပစ်တိုင်းထောင်ကြောင့် ချက်ကြီးလည်း ထန်းပင်ကိုမှီချလိုက်တော့သည်။

” ကိုချက်ကြီး သောက်ဦး “

” တော်ပါ “

ချက်ကြီးထံ ခွေးပုကမ်းပေးလာတဲ့ ထန်းရည်ကို ငြင်းဆန်လိုက်သည်။ မြို့အုပ်မင်းညီကို ထန်းတောခေါ်လာတဲ့ အပြစ်နဲ့တင် အတော်ကြီးနေပြီမလို့ ထန်းရည်သာသောက်သွားရင် ဆရာတော့်ကျောင်းကို ပြန်ရောက်တဲ့အခါ ချက်ကြီးအသက် ဖက်နဲ့ပင် ထုတ်ထားရပါလိမ့်မည်။

>>>>>>>>>>

” ကဲ လာကြ လာကြ … စည်းကမ်းရှိရှိနဲ့ ညီညီညာညာ ထိုင်ကြချေ . သိပ်မပြောရစေနဲ့ “

ညဉ့်ဦးပိုင်းမှာတော့ သူကြီးဦးမင်းငွေခြံထဲ ရွာသူရွာသားတွေ စုဝေးနေကြသည်။ လသာတာမလို့ အိမ်ရှေ့မှာ တစ်အိမ်တစ်ယောက်ကျ ရွာသားတွေ စုဝေးနေကြပြီး ဦးမင်းငွေနှင့် ရွာရဲ့ ရပ်မိရပ်ဖများကတော့ ကွပ်ပျစ်ပေါ်မှာပင်ဖြစ်သည်။

တောရွာလေးမလို့ အစည်းအဝေးရှိတိုင်း ယခုလိုပင် ဦးမင်းငွေအိမ်မှာ ညပိုင်းအချိန် စုဝေးကြတာ ဓလေ့လိုပင်ဖြစ်နေသည်။ နေ့ခင်းမှာတော့ တောင်ယာအလုပ်တွေနဲ့ ဝမ်းစာအရေး ရှုပ်ထွေးပွေလီတာမလို့ ညချမ်းအချိန်မှသာ စုဝေးတတ်ကြသည်။

” လူစုံပြီလား “

” ရွာမြောက်ပိုင်းက ဖွားနုနဲ့ ထန်းတောက အပျိုကြီးမညိုမြတို့ ကျန်တယ် သူကြီး “

ရွာသားတစ်ဦးရဲ့စကားကို ဦးမင်းငွေက ခေါင်းညိတ်ပြလိုက်သည်။

” ဖွားနုကတော့ ထားပါတော့ . မညိုမြကတော့ စောင့်မနေတော့ဘူး … လာတာလည်း မဟုတ်ဘူး “

ဒင်္ဂါးကတော့ သက်ကြီးရွယ်အိုတွေကို မြက်ဖျာလေးထက်မှာ အသေအချာ နေရာချပေးနေပြီး ပါလာတဲ့ကလေးငယ်တွေအတွက် စားဖို့ဇီးထန်းလျက်လေး ချထားပေးသည်။

” ဆျာထောင်လည်း နားထောင်ပါ့လား “

” အခုလည်း နားထောင်ဖို့ ထိုင်နေတာပဲလေ . ဟေ့ကောင် “

ကွပ်ပျစ်ဘေးက ပက်လက်ကုလားထိုင်မှာထိုင်ရင်း ပစ်တိုင်းထောင်တို့ဆရာတပည့် ခပ်ကြိတ်ကြိတ် ရန်ဖြစ်နေကြသည်။ ရွာထဲကလူတွေ ရောက်လာမှာကြောင့် မိစွာနဲ့ မိုက်မိုက်စန်းကိုလည်း တစ်ယောက်တစ်ကောင်စီ အနားခေါ်လို့ ထိန်းထားရသည်။

” တော့ သူကြီး … ကျုပ် လာပြီ “

” ဟေ . ညိုမြ “

မလာစဖူး အလာထူးပြီး အရှေ့ဆုံးတန်းမှာ နေရာယူလာတဲ့ မညိုမြကြောင့် ဦးမင်းငွေ မျက်ခုံးပင့်သွားသည်။

” ညည်း ဘယ်ကလမ်းမှားလာတုန်း … ဘုရားတွေပွင့်ကုန်တော့မယ် “

” အို!တော် . သူကြီး ဘယ်လိုပြောလိုက်တာလဲ … ကျုပ်လည်း ရွာအရေး စိတ်ဝင်စားပါတယ်တော့ “

မညိုမြစကားကြောင့် အစည်းအဝေးကိုရောက်နေတဲ့ ချက်ကြီးက ကြိတ်ရယ်လိုက်သည်။ ဘာကြောင့်လာတယ်ဆိုတာ ချက်ကြီးက သိနေတာပဲဥစ္စာ။ အရင်လိုမျိုး ဖိုသည်ဖက်သည်မဟုတ်ပဲ ပြင်ဆင်လာတာကြောင့် အပျိုကြီးမညိုမြ ဘယ်သူ့ကို အထာပေးဖို့လာတယ်ဆိုတာ အသိသာ။ ကာယကံရှင်ကတော့ သူ့သမီးတွေနဲ့တင် မအားတာကြောင့် မျက်လုံးပင်စွေမကြည့်။

” ညည်း ဘယ်တုန်းက ရွာအရေး စိတ်ဝင်စားသွားရတာလဲ . မိညိုမြ “

ဦးမင်းငွေက ခပ်ရွတ်ရွတ်ပြောလိုက်တော့ မညိုမြက မချိုမချဉ်ပြုံးသည်။

” မြို့အုပ်မင်းရဲ့ညီကို တွေ့ကတည်းကတော့ “

မညိုမြစကားအဆုံး သူကြီးရဲ့မျက်စောင်းက ချက်ကြီးထံ ဒိုင်းခနဲကျရောက်လာသည်။ ထန်းတောထဲကနေ တော်ရုံထွက်ခဲတဲ့ မညိုမြကြောင့် မညိုမြကို တွေ့ချင်လျှင် ထန်းတောထဲ သွားမှသာရမည်။ အတန်တန်မှာတဲ့ကြားက ထန်းတောကို ရောက်ဖြစ်အောင်ရောက်သွားကြတဲ့ ချက်ကြီးတို့ကြောင့် သူကြီးက နောက်မှ စာရင်းရှင်းမယ်ဆိုတဲ့ အကြည့်နဲ့ကြည့်နေတာ သေချာသည်။ ချက်ကြီးလည်း ခေါင်းကိုသာ မြေကြီးထဲဝင်မတတ် ငုံ့ထားလိုက်သည်။

” ကဲ … ဖွားနုလည်း ရောက်ပြီဆိုတော့ စကြတာပေါ့ “

ဦးမင်းငွေက ကွပ်ပျစ်ပေါ်ထိုင်ရင်း စကားစသည်။ ဒင်္ဂါးလည်း ကလေးတွေကိုထိန်းကာ အဆင်ပြေတဲ့ထောင့်တစ်နေရာမှာ ဝင်ထိုင်ရင်း ငြိမ်သက်နေလိုက်သည်။

” နောက်ထပ်နှစ်ရက်နေရင် စည်ကားရွာမယ် ဘုရားပွဲကျင်းပတော့မှာဆိုတော့ အဲ့သည်ကိစ္စနဲ့ ပတ်သက်ပြီး ကျုပ်က ပြောချင်လို့ပဲ “

ရွာသားတွေက ဦးမင်းငွေစကားကို တိတ်ဆိတ်စွာ နားထောင်နေပြီး ခေါင်းတဆတ်ဆတ်ညိတ်ကြသည်။

” နှစ်တိုင်းလည်း မှာနေကျပဲ … တစ်ခါမှတော့ မဖြစ်ဖူးပါဘူး . သို့ပေသိ … ဖြစ်လာခဲ့ရင် ကိုယ့်ရွာသိက္ခာကျမယ် … အထူးသဖြင့် လူငယ်တွေပဲ . ထန်းရည်လှော်ဇာ မသောက်စားနဲ့ မပြောဘူး … သောက်ပြီးရင် အေးအေးဆေးဆေးနေကြ “

” ဟုတ်ကဲ့ပါ . သူကြီး “

ရွာက ကာလသားအုပ်စုက ညီညီညွတ်ညွတ်ထောက်ခံကြသည်။

” ထိန်းထိန်းသိမ်းသိမ်းလည်း နေကြ … အလွန်ပျော်လို့ရပေမယ့် အပျော်တော့ မလွန်ကြစေနဲ့ . ဒါပဲ ပြောချင်တယ် “

ရွာသူရွာသားတွေကို ပီပီပြင်ပြင် ဆုံးမဩဝါဒပေးနေတဲ့ ဦးမင်းငွေကိုကြည့်ပြီး ပစ်တိုင်းထောင်ပြုံးလိုက်မိသည်။ ပုံစံကြည့်ရတာတော့ ဦးမင်းငွေက ရွာသူရွာသားတွေအပေါ် အတော်ကို ဩဇာညောင်းသည်။

” ဒီဘက်က ရပ်မိရပ်ဖတွေကရော ဘယ်များမှာချင်သလဲ “

ဦးမင်းငွေက မေးလိုက်တဲ့အခါ ထိုင်နေတဲ့ လူကြီးတွေကလည်း ခေါင်းရမ်းသည်။

” ဪ … ပြောဦးမယ် . ပွဲခင်းထဲမယ် ကိုယ့်ရွာက လုံမလေးတွေကိုလည်း စောင့်ရှောက်ကြ … မောင်နှမစိတ်ထားပြီး စည်းလုံးကြဖို့ပဲ ငါမှာချင့်တယ် “

ဘုရားပွဲကိစ္စကလွဲလို့ ထွေထွေထူးထူး မှာစရာမရှိတာကြောင့် ဦးမင်းငွေလည်း ရွာသူရွာသားတွေကို လူစုခွဲလိုက်ပြီး ခြံဝင်းထဲကနေ အလျှိုလျှို ပြန်ထွက်သွားကြတဲ့ လူအုပ်ကြီးကို ကြည့်နေလိုက်သည်။

” အိပ်တော့မှာလား အဘ “

” အဆစ်အမြစ်တွေ ကိုက်ခဲနေလို့ မင့်အစ်မ လုံမလေးကို နှိပ်ခိုင်းချေဦးမယ် … အသက်ကရလာတော့ မလွယ်ဘူး ”

” နက်ဖြန်ခါကျ ကျွန်တော် ဆေးမြစ်တွေ သွေးထားပေးပါ့မယ် အဘ “

အဘက အစ်မငွေမှုန်နဲ့အတူ အိမ်ထဲဝင်သွားသည်။

” ရွှေဒင်္ဂါး “

” ဟင် … “

ခေါ်ပြန်ပြီ။ ဒင်္ဂါးနာမည်ကို တိတိပပခေါ်ကာ အနားကိုလျှောက်လာတဲ့ မြို့အုပ်မင်းညီကြောင့် နေရာမှာတင် ငြိမ်ငြိမ်လေး ရပ်နေလိုက်သည်။

” ဘုရားပွဲဆိုတာ ဘာပွဲလဲ “

” ဟို . တပေါင်းပွဲပါ … တစ်ဖက်ရွာမှာ လုပ်မှာ “

” ဪ … “

ခါးကိုထောက်ကာ တစ်ဖက်ကိုလှည့်ရင်း စဉ်းစားသလိုလုပ်နေတဲ့ ပစ်တိုင်းထောင်ကြောင့် ဒင်္ဂါးလည်း ဘာရယ်မဟုတ်ပဲ ပစ်တိုင်းထောင်ရဲ့ ညာဘက်မျက်ခုံးထောင့်စွန်းက မှဲ့ကိုသာ မော့မော့လေး ငေးနေလိုက်သည်။

” ခင်ဗျားသွားမှာလား “

” ဟင် “

” ကျစ် ! မေးလိုက်တိုင်း တဟင်ဟင်နဲ့ . နားပင်းနေသလား ခင်ဗျား … ဘုရားပွဲသွားမှာလားမေးတာ “

ကိုယ့်ထက်ငယ်သူထံကနေ အဟောက်ခံလိုက်ရတောကြောင့် ဒင်္ဂါးစိတ်ထဲ အနည်းငယ် ဝမ်းနည်းသွားသည်။ ပြောရရင် အဘတောင် သူဒီအရွယ်ရောက်တဲ့အထိ လေသံမာမာနဲ့တောင် တစ်ခါမှမပြောဖူးပါ။

” ဟုတ်ကဲ့ … အစ်မငွေမှုန့်ကို အဖော်လိုက်ပေးရမှာ ”

” အင်း . ကျုပ်လည်းလိုက်မယ် “

တစ်ဖက်ကို ချာခနဲလှည့်သွားတဲ့ မြို့အုပ်မင်းညီကြောင့် ဒင်္ဂါး မသိမသာ နှာခေါင်းရှုံ့လိုက်မိပြန်သည်။ ဒီတစ်ခါလည်း ပြောချင်ရာပြောပြီး ထွက်သွားပြန်မလို့ ကျန်ခဲ့တဲ့လူက သူပြောတဲ့အတိုင်း လိုက်လုပ်ပေးရုံသာ။ မဟုတ်လည်း ဘုရားပွဲဆီ ပစ်တိုင်းထောင်တို့ကို လိုက်ပို့ပေးဖို့ ဒင်္ဂါးက စီစဉ်ပေးပြီးသားဟာကို။

မြို့အုပ်မင်းညီနဲ့ ကိုခွေးပုက အပေါ်ထပ်ကို တက်သွားပြီမလို့ အိမ်အောက်ထပ်မှာ ခွေးနှစ်ကောင်နဲ့ ဒင်္ဂါးသာ ကျန်ရစ်နေခဲ့သည်။ မိစွာနဲ့ မိုက်မိုက်စန်းကလည်း ကွပ်ပျစ်ပေါ်တက်ကာ မှိန်းနေပြီမလို့ ဒင်္ဂါးပြုံးလိုက်ရင်း ခွေးနှစ်ကောင်ဘေးက လွတ်နေတဲ့ကွပ်ပျစ်မှာ ဝင်ထိုင်လိုက်သည်။

ပျိုလေးရက်တဲ့ ရက်ကန်းစင်
ဘာဆင်လို့မေး
မေးပါနဲ့အေ
ပဆစ်အိမ် ကွက်စုံခင်းတယ်
တင်းထိမ်တဲ့လေး …

တစ်လိမ်နှစ်လိမ် လိမ်လို့ရှုပ်
အမယ်ဘုတ်ကယ် သူ့ချည်ခင်
ဘယ်သူထွင်မှ သည်ရှုပ်ထွေး
ရှင်းပါ့မယ်လေး …

တိတ်ဆိတ်နေတဲ့ ညချမ်းမှာ ခပ်လှမ်းလှမ်းက ရက်ကန်းခတ်သံတွေက ထွက်ပေါ်လာသည်။ လသာချိန်မလို့ လရဲ့အလင်းရောင်ကို အားပြုပြီးတစ်ဖုန်၊ ရေနံမီးကို အားပြုပြီးတစ်မျိုး ခတ်လုပ်ကြတဲ့ ရက်ကန်းသံတွေကြား ကဗျာရွတ်သံသဲ့သဲ့ကိုလည်း ကြားနေရသည်။

ရွှေချည်ငွေချည်တန်းပါလို့
ရက်ကန်းကိုယ်စီ တန်းကိုယ်စီ
လက်ခတ်သံ ကျွန်းဖိုသား
သောင်းတိုင်က ကြားသလေလေ …

မန်ကျည်းငုတ်တို ရွက်နုပေါက်မှ
ချည်ရည်သောက်စို့ မလေးရယ်
ဘုရားငုတ်တို ရောင်တော်လွှတ်မှ
ပုံတော်ဝတ်စို့ မလေးရယ် …

တိမ်ပင်လယ်ကင်းစင်လို့ ထွန်းသစ်စလရောင်ကို မော့ငေးကြည့်ရင်း လက်ကျန်ကဗျာပိုဒ်ကို ဒင်္ဂါး တိုးဖွဖွရွတ်ဆိုလိုက်သည်။ မဆီမဆိုင် အာရုံထဲပေါ်လာသည်က အပျိုကြီးမညိုမြပြောသွားတဲ့စကားရယ် ပစ်တိုင်းထောင်ပုဆိုးကျွတ်ကျသွားတဲ့မြင်ကွင်းရယ် ဖြစ်တာကြောင့် ဒင်္ဂါး ခေါင်းအမြန်ခါထုတ်လိုက်သည်။

” ဟူးး… သွားအိပ်တာပဲ ကောင်းပါတယ်လေ ”

>>>>>>>>>>

ဆက်ရန်
Yellowish_One 💛
(၅-၄-၂၀၂၄)

Tags: read novel Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၄), novel Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၄), read Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၄) online, Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၄) chapter, Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၄) high quality, Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၄) light novel, ,

Comment

Leave a Reply

Chapter 7