Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၇)

A+ A-

” ကဲ… ဒီကနေ့ အားလုံးကို ခေါ်လိုက်ရတဲ့ အကြောင်းအရင်းကတော့ တို့ရွာရဲ့ မီးရေးထင်းရေးကိစ္စကြောင့်ပဲ “

ဦးမင်းငွေက ရှေ့လျှောက်လိုက်၊ နောက်လျှောက်လိုက်နဲ့ စကားပြောရင်း စီတန်းထိုင်နေကြတဲ့ ရွာသူရွာသားတွေကို အကဲခတ်သည်။ ပြောစကားကိုနားထောင်နေကြတာ သေချာတယ်ဆိုမှ ပြောလက်စ,စကားကို ဆက်သည်။

” ထွေထွေထူးထူးတော့ မဟုတ်ပေမယ့် နှစ်တိုင်းစောင့်နေကျ မီးကင်းစောင့်ဖို့တာဝန်ပဲ “

” ငါးယောက်တစ်ဖွဲ့ အလှည့်ကျလား သူကြီး “

သာဗြောရဲ့အမေးကို ဦး‌မင်းငွေ ခေါင်းညိတ်လိုက်သည်။

” အဓိကတော့ ကာလသားတွေနဲ့ ပိုပြီးသက်ဆိုင်တယ်… ငါတို့ရွာမှာ သူ့အပိုင်းနဲ့သူ မီးကင်းချထားတာမလို့ ညကိုးချက်တီးကနေ မနက်လေးချက်တီးအထိ စောင့်ရမယ် “

ကာလသားအုပ်စုက ခေါင်းညိတ်သည်။ မညိတ်လို့ကလည်းမရ။ ဒီည အစည်းအဝေးမှာ ဆရာတော်ပါ ကြွလာတာမလို့ ရွာသားတွေက ပုံမှန်ထက်‌ပိုလို့ ငြိမ်ကုတ်နေကြသည်။

” ဒင်္ဂါးရော စောင့်မှာလား… သူကြီး “

ကာလသားခေါင်းဘမော်က မေးသည်။ ဦးမင်းငွေ လမ်းလျှောက်နေရင်း တုံ့ခနဲရပ်သွားပြီး လူအုပ်ထဲက ဘမော်ကို လှမ်းကြည့်လိုက်သည်။

” ဟ ! စောင့်ရမှာပေါ့ဟ . နို့ မနှစ်ကလည်း မစောင့်ဘူးလား … ဘောက်မဲ့ကြောင့် မေးနေသလဲ “

” သူကြီးကလည်း ဒါလေးမေးတာကို … မီးကင်းချဖို့ဆို လူဦးရေတွက်ပြီးတော့ စီစဉ်ရမှာပေါ့ “

” အေး မနှစ်ကလုပ်နေကျအတိုင်း တိုးတန်တိုး လျှော့တန်လျှော့လေ … နူနေတာကလွဲရင် အကုန်ထည့် ဟေ့ကောင် “

ဦးမင်းငွေက ခပ်ပြတ်ပြတ်ပြောတော့ ဘမော်က ခေါင်းကုတ်ပြန်သည်။

” နူနေတာကလွဲရင် အကုန်ထည့်‌ဆိုတော့ မြို့အုပ်မင်းရဲ့ညီကိုရော ထည့်ရမှာလား သူကြီး “

” ဟ ! ဒီကောင် “

လက်ထဲကတောင်ဝှေးနဲ့ ဘမော်ဆီ လှမ်းပစ်ချင်စိတ်ကို ဦးမင်းငွေ မနည်းထိန်းရသည်။ စကားကိုများ ကပ်သီးကပ်ဖဲ့နဲ့။ ပစ်တိုင်းထောင်က ရွာ့ဧည့်သည်ဖြစ်သလို မြို့အုပ်မင်းညီလည်းဖြစ်သည်။ ပစ်တိုင်းထောင်ကိုများ မီးကင်းစောင့်ခိုင်းမိရင် ဦးမင်းငွေအနေနဲ့ မြို့အုပ်ကို ဘယ်လိုမျက်နှာပြရမလဲတောင်မသိ။

” သူကြီးပဲ နူနေတာကလွဲရင် အကုန်ထည့်ဆို … သူကြီးပဲ ပြောပြီးတော့ “

” ငါပြောတာတော့ ဟုတ်ပေမယ့် မင်းကလည်း စဉ်းစားလေ … ဧည့်သည်ကို မီးကင်းစောင့်ခိုင်းလို့ ဖြစ်မလား “

ဦးမင်းငွေက ပိတ်ငေါက်လိုက်တော့မှသာ ဘမော်က မှုန်တေတေနဲ့ ငြိမ်သွားတော့သည်။ တစ်ရက်တစ်ရက် ရွာကဟာတွေ ကန့်လန့်တိုက်တာကို ပြန်ပြောရတာလည်း အလုပ်တစ်လုပ်။

” မီးကင်းစောင့်ရုံနဲ့လည်း မပြီးသေးဘူး … ညတိုင်း တစ်ဖွဲ့ကို တစ်လှည့်စီ မီးဘေးဆော်ဩဖို့ကလည်း လိုသေးတယ် “

” အဲ့တာတော့ ကျွန်တော်တို့တာဝန်ထားပါ သူကြီး “

မီးကင်းစောင့်ဖို့ကိစ္စနဲ့ပတ်သက်ပြီး မှာစရာရှိတာမှာပြီးနောက် ရွာကလူတွေနဲ့ လူ‌ကြီးတွေလည်း ပြန်သွားပြီဖြစ်တာကြောင့် အိမ်ဝင်းထဲမှာ ဆရာတော်နဲ့ ဦးမင်းငွေတို့ သားအဖသာ ကျန်နေခဲ့သည်။ ဆရာတော်က ချက်ကြီးကို တစ်ဖက်ရွာဆီ အခိုင်းလွှတ်တာကို ပစ်တိုင်းထောင်နဲ့ ခွေးပုက လိုက်သွား၍ မရှိပေ။

” ပစ်တိုင်းထောင်နဲ့ ခွေးပုကို ခေါ်ထားရတာ အဆင်ပြေရဲ့လား . ဒကာကြီး “

” ပြေပါတယ် ဘုရား … သူငယ်က တစ်ခါတလေ စကားပြောလေး မာဆတ်ဆတ်နိုင်တာကလွဲလို့ သူ့ဘာသာတော့ နေတတ်ရှာပါတယ် … အိမ်မှာထားရတာလည်း အဆင်ပြေပါတယ် ဘုရား “

” အင်း . နောက်ရက်များတော့ ကျောင်းဆောက်နေတဲ့နေရာကိုလည်း အကြည့်ခိုင်းရမယ် … သူလည်း သူ့အစ်ကိုဆီ ဆက်သွယ်တဲ့အခါ အကျိုးအကြောင်းလေး ပြောလို့ရတာပေါ့ “

” တင်ပါ့ “

ရာသီဥတုပူပြင်းလှတာကြောင့် ဆရာတော်နဲ့ ဦးမင်းငွေ စကားလက်ဆုံကျနေတုန်း ဒင်္ဂါးက ငြိမ်သက်နေပြီး ဘေးမှာ ယပ်ခပ်ပေးနေသည်။ အစ်မငွေမှုန်ကတော့ ပစ်တိုင်းထောင်တို့ ပြန်လာတဲ့အခါ ညစာစားဖို့အတွက် အသင့်ပြင်နေသည်။

” အချိန်တောင် အတော်လင့်ပြီ ဘုရား .. ချက်ကြီးတို့တွေ တစ်ခုခုများဖြစ်သလား “

” မပူနဲ့ ဒကာကြီး . ချက်ကြီးက သွားနေ ကျပါ … အခုတောင် ပြန်လာလောက်ပြီ . အသွားခိုင်းတဲ့အိမ်ကလည်း နည်းနည်းလှမ်းလို့လေ … ဟော ဟိုးမယ် … ပြောရင်းဆိုရင်းလာနေပြီ “

စကားတောင်မဆုံးသေးခင် ခြံထဲဝင်လာတဲ့ ကိုချက်ကြီးတို့ကို ဆရာတော်က မေးငေါ့ပြတာကြောင့် ဒင်္ဂါးလှမ်းကြည့်လိုက်သည်။ ကိုချက်ကြီးနောက်မှာ ပစ်တိုင်းထောင်နဲ့ ခွေးပုကတော့ အစ်မငွေမှုန် မမေ့မလျော့ထည့်ပေးလိုက်တဲ့ ခမောက်ကိုယ်စီနဲ့။ နေညိုချိန်ရောက်နေတာတောင် ခမောက်ကို မချွတ်တမ်းဆောင်းထားတဲ့ ပစ်တိုင်းထောင်ကြောင့် ဒင်္ဂါး နှာခေါင်းကို မသိမသာရှုံ့လိုက်သည်။

” ပေးခဲ့ပြီလား . ချက်ကြီး “

” ဟုတ်ကဲ့ ဘုန်းဘုန်း . အဖွားငွေလက်ထဲကို သေချာထည့်ပေးခဲ့ပါတယ် ဘုရား “

” ကောင်းပြီ … ဒါဖြင့်ရင် ကိုယ်တော်တို့ ကျောင်းကိုပြန်ကြွမယ် “

ဆရာတော်က ကိုချက်ကြီးနဲ့အတူ ဘုန်းကြီးကျောင်းကို ပြန်ကြွသွားတာကြောင့် လွတ်နေတဲ့ ကွပ်ပျစ်မှာ ပစ်တိုင်းထောင်က ဝင်ထိုင်လိုက်သည်။ ခွေးပုကတော့ ကွပ်ပျစ်ဘေးက ဝါးပက်လက်ကုလားထိုင်လေးမှာ ထိုင်သည်။ မိစွာနဲ့ မိုက်မိုက်စန်းကတော့ ပစ်တိုင်းထောင်တို့ ပြန်လာတာမြင်ကတည်းက အိပ်နေရာကနေထပြီး အနားမှာ ရစ်သီရစ်သီ လုပ်နေသည်။

” ဟော့ . ဖေ့သမီးလေးတွေ မန်မန်စားပြီးကြပြီလား “

ကွပ်ပျစ်ပေါ်ကနေ မဆင်းပဲ ခါးကြီးကိုင်းလို့ မိစွာနဲ့ မိုက်မိုက်စန်းကို လှမ်းမြှူနေတဲ့ ပစ်တိုင်းထောင်ကြောင့် ကွပ်ပျစ်‌ပေါ်က ဘယ်အချိန် ဇောက်ထိုးပြုတ်ကျမလဲတွေးကာ ဒင်္ဂါးမှာ အသည်းတယားယား။ ခွေးနှစ်ကောင်နဲ့ ဆော့နေရင်း ပစ်တိုင်းထောင်ရဲ့ ခန္ဓာကိုယ်က ဆတ်ခနဲဖြစ်သွားတိုင်း ပြတ်ကျပြီအထင်နဲ့ ဒင်္ဂါးလက်ထဲကယပ်တောင်ကို နာနာဖိဆုပ်မိသည်။

” ဟော … မောင်ငယ်တို့ပြန်ရောက်နေပြီပဲ … ထမင်းစားကြတော့မလား “

အိမ်နောက်ဖေးကနေ ရေနွေးနဲ့ ထန်းလျက်ထည့်ထားတဲ့ ဗန်းလေးသယ်လာတဲ့ အစ်မငွေမှုန်က မေးတော့ ပစ်တိုင်းထောင်လည်း ဆော့နေတာကို ရပ်လိုက်ပြီး ခေါင်းညိတ်သည်။

” စားတော့မယ် အစ်မ … ဘာဟင်းချက်လဲ “

” ငါးရံ့ခြောက်လေးကိုဖုတ်ပြီး ပဲဆီရွှဲရွှဲလေး ဆမ်းထားတယ် … ကင်ပွန်းချဉ်ရွက်ကို စပ်စပ်လေးနဲ့ အချဉ်ချက်ထားတယ် … ပဲနီလေးဟင်းချိုလေးလည်း ပါတယ် မောင်ငယ်ရဲ့ “

” ဟာ အဲ့တာဆို စားမယ် အစ်မ … ဒါနဲ့ သူကြီးတို့ရော စားပြီးပြီလား “

အစ်မငွေမှုန်က အိမ်နောက်ဖေးကို ပြန်ဝင်သွားပြီမလို့ သူကြီးက ပစ်တိုင်းထောင်အမေးကို ရေနွေးကြမ်းသောက်ရင်း ခေါင်းညိတ်သည်။

” အဘနဲ့ မင့်အစ်မကတော့ ညနေခင်း အစည်းအဝေး မစခင်ကပဲ စားပြီးတယ် … ဒင်္ဂါးပဲ စားဖို့ကျန်နေသေးတာ “

အဘ ပြောလိုက်တာကြောင့် ပစ်တိုင်းထောင်ရဲ့အကြည့်တွေက ‌ဒင်္ဂါးဆီ ရောက်လာသည်။

” အင်း . တူတူစားကြမယ်လေ “

” ရ . ရပါတယ် … ဟို နောက်မှပဲ “

” တစ်ခါတည်းစားလိုက်တော့ … “

အသံက ခပ်ပြတ်ပြတ်ရယ်မို့ ဒင်္ဂါးဆက်မပြောဖြစ်တော့ပါ။ လက်ထဲက နှီးယပ်တောင်ကလေးကိုချပြီး အစ်မငွေမှုန်ကို ထမင်းပွဲပြင်တာကူပေးဖို့ နောက်ဖေးကို လိုက်သွားသည်။

” အစည်းအဝေးက ဘာအကြောင်းအရာတွေများ ဆွေးနွေးကြသလဲ သူကြီး “

” နွေဝင်ခါဆိုတော့ မီးရေးထင်းရေးကိစ္စပါပဲ မောင်ရင်ရယ်… ကာလသားတွေ အလှည့်ကျစောင့်ကြဖို့ပြောတာ “

” ရွာထဲက ကာလသားတွေအကုန်လား “

” ဟုတ်သပေါ့… ကာလသားမှန်သမျှပါတယ် ”

” ရွှေဒင်္ဂါးရော ပါတာလား ”

” လူလေးလည်း ရွာကကာလသားပဲကိုး… ပါတာပေါ့ မောင်ရင်ရဲ့ “

ပစ်တိုင်းထောင် မျက်ခုံးပင့်သွားမိသည်။ သူကြီးသားပေမယ့် မီးကင်းပါစောင့်ရမယ်ဆိုတော့ အခွင့်ထူးခံလို့‌တော့မရကြောင်း နားလည်လိုက်သည်။

” ကဲ ညစာစားလို့ရပြီရှင် … မောင်လေးခွေးပုရေ . အစ်မကိုကူပါဦး … စားပွဲဝိုင်းလေးကို ကွပ်ပျစ်ပေါ် တင်ပေးချေဦး “

” ဗျာ . ဟုတ်ကဲ့ အစ်မ “

ခွေးပုကလည်း ကွပ်ပျစ်ထောင့်မှာထောင်ထားတဲ့ ထမင်းစား စားပွဲဝိုင်းကြီးကိုသယ်လို့ ကွပ်ပျစ်ပေါ် ခပ်သွက်သွက်နေရာချသည်။ အစ်မငွေမှုန်က လက်ထဲမှာ ထမင်းအိုးကြီး သယ်ထားတာကြောင့် ခွေးပုကလည်း ကူချပေးလိုက်သေးသည်။

” လုံမလေးရယ် … ဧည့်သည်ကိုများ ခိုင်းနေသေးတယ် … ညည့်မောင်ငယ်ကို ခိုင်းလေ “

” မောင်ငယ်က အနောက်မယ် ကျန်နေခဲ့လို့ပါ အဘရဲ့ “

” ရပါတယ် အဘရယ် … ကျွန်တော်က အပန်းမကြီးပါဘူး “

ခွေးပုကပြောလိုက်တော့ ဦးမင်းငွေက ထန်းလျက်ခဲကိုဝါးရင်း ခေါင်းညိတ်သည်။

” ထိုင်ထိုင် … ထမင်းက အစ်မခူးပေးမယ် . အငယ်လေး လာလေ “

” လာပြီ အစ်မ … ဟင်းရည်ထည့်‌နေ လို့ပါ “

အသံနဲ့အတူ အငွေ့တထောင်းထောင်းထနေတဲ့ ဟင်းရည်ပန်းကန်ကြီး လက်နှီးစုတ်ကလေးနဲ့ကိုင်လို့ ရွှေဒင်္ဂါးက ရောက်လာသည်။

” အငယ်လည်း ထိုင် … အစ်မပဲ ထမင်းခူးပေးတော့မယ် “

” ဟုတ်ကဲ့ အစ်မ … အဲ . ပစ်တိုင်းထောင် … လက်ဆေးပြီးပြီလား . ခုနက မိစွာနဲ့ မိုက်မိုက်စန်းကို ကိုင်ထားတယ်မဟုတ်လား “

ဒင်္ဂါးပြောလိုက်‌တော့ ပစ်တိုင်းထောင်က ဖျတ်ခနဲ မျက်လုံးလှန်ကြည့်ပေမယ့် ချက်ချင်းပဲ ကွပ်ပျစ်ပေါ်ကနေဆင်းသွားကာ အိမ်ဘေးက ရေဘုံဘိုင်ကိုနှိပ်လို့ လက်သွားဆေးသည်။

” မင့်ညီလေးကို လက်သုတ်ဝတ်ပေးလိုက်ဦး . ဒင်္ဂါး “

လက်ဆေးပြီးလို့ ပြန်လာတဲ့ ပစ်တိုင်းထောင်လက်မှာ ရေစက်လက်နဲ့မလို့ ဒင်္ဂါးက လက်သုတ်ပဝါလေး ကမ်းပေးလိုက်တော့ လှမ်းမယူပဲ ဒင်္ဂါးလက်ထဲကိုင်ထားလို့ လွတ်နေတဲ့အပိုင်းနဲ့သာ အပေါ်ယံသုတ်သွားသည်။

” စားတော့မယ် အစ်မရယ် … ကိုချက်ကြီးနောက်လိုက်ကတည်းက ဆာနေတာဗျ “

” စားစား … အငယ်လည်းစားလေ … လာ . အစ်မ ငါးခြောက်ထည့်ပေးမယ် “

အစ်မကြီး အမိရာဆိုသလို အစ်မငွေမှုန်က ငါးရံ့ခြောက်တွေကို အမျှင်လေးတွေဖြစ်အောင်နွှင်ရင်း ဒင်္ဂါးတို့သုံးယောက်လုံးကို တစ်လှည့်စီလိုက်ထည့်ပေးသည်။

” အော် ဒါနဲ့ သူကြီး … အခုနက မီးကင်းစောင့်ဖို့က ဘယ်လိုဖြစ်သွားလဲ “

” ဘာကိုလဲ ပစ်တိုင်းထောင်ရဲ့ “

” မီးကင်းစောင့်တာက ရွာက ယောက်ျား‌သားတွေ အကုန်စောင့်ရမှာမဟုတ်လား … ရွှေဒင်္ဂါးပါ ပါတယ်ဆို “

ဒင်္ဂါးက ဘာမှဝင်မပြောပဲ ပစ်တိုင်းထောင်ပြောတာကိုသာနားထောင်ရင်း ငြိမ်ငြိမ်လေး ထမင်းငုံ့စားနေလိုက်သည်။

” ဟုတ်တယ်လေ . ‌ဒင်္ဂါးလည်း စောင့်ရမှာ “

” ကျွန်တော်နဲ့ ခွေးပုကရော “

” အဲ … မစောင့်ရပါဘူး ပစ်တိုင်းထောင်ရယ် … အဘတို့က ဧည့်သည်တွေကို စောင့်ခိုင်းစရာလား “

ဦးမင်းငွေစကားကြောင့် ပစ်တိုင်းထောင် စားလက်စကိုရပ်လိုက်သည်။

” သူကြီး “

” ဟေ … “

” ကျုပ်တို့ကို ဧည့်သည်လိုမျိုး သဘောမထားပါနဲ့ … အခုနကလိုမျိုး အစ်မငွေမှုန်က ခွေးပုကိုခိုင်းတဲ့အချိန်မျိုးဆိုလည်း ဧည်သည်မို့ မခိုင်းဘူးဆိုတာမျိုး မလုပ်ပါနဲ့ သူကြီး … ဒီအိမ်မှာနေနေတာ ဒီအိမ်ကလူပေါ့ . မဟုတ်လား “

” ဟုတ် . ဟုတ်ပါတယ်ကွယ် “

သူကြီးက ထောက်ခံကာမှ ပစ်တိုင်းထောင်လည်း ခေါင်းညိတ်ပြလိုက်ပြီး ထမင်းဆက်စားသည်။ ဒင်္ဂါးလည်း ပစ်တိုင်းထောင်ကို မသိမသာ မျက်လုံးလှန်ကြည့်ရင်း ပြုံးလိုက်မိသည်။ ဘောက်ဆတ်ဆတ်နေပေမယ့် စိတ်ရင်းစိတ်ခံလေးကတော့ ကောင်းရှာသားရယ်။

” ပြီးတော့ သူကြီး “

” ….. “

” မီးကင်းစောင့်မယ့်ကိစ္စမှာ ရွှေဒင်္ဂါးကို မစောင့်ခိုင်းနဲ့ … အဲ့အစား ကျုပ်နဲ့ ခွေးပုစောင့်ပေးမယ် “

မထင်မှတ်ထားတဲ့စကားကြောင့် ဒင်္ဂါးတို့တွေ ကြောင်အသွားရသည်။ မြို့အုပ်မင်းညီက မီးကင်းစောင့်ရတယ်လို့ လူကြားလို့မှလည်း မကောင်း။

” ဘယ်ဖြစ်မလဲ ပစ်တိုင်ထောင်ရဲ့ … အကယ်၍ ပျင်းလို့ လိုက်ချင်တယ်ဆိုရင် ဒင်္ဂါးမီးကင်းစောင့်တဲ့အခါ လိုက်သွားပေါ့ “

” ဟင့်အင်း “

” ဟိုလေ ပစ်တိုင်းထောင် … ငါနဲ့ပဲ လိုက်ခဲ့လိုက်နော် … မသင့်လျော်ပါဘူး “

” ဟ ! ဘာမသင့်‌လျော်စရာရှိတုန်း “

ပစ်တိုင်းထောင်က စိတ်မြန်လက်မြန် ထမင်းစားပွဲကို လက်ဖဝါးနဲ့ ရိုက်ချလိုက်ရတာကြောင့ အဘအပါအဝင် ထမင်းဝိုင်းမှာရှိနေတဲ့ လူတွေအကုန် တုန်တက်သွားသည်။

” ရွှေဒင်္ဂါးက မီးကင်းသွားစောင့်တော့ သူကြီးအိမ်မယ် အစ်မငွေမှုန်နဲ့ သူစိမ်းယောက်ျားနှစ်ယောက်နဲ့ ကျန်နေခဲ့တာ ကောင်းသလား… ကျုပ်တို့က အစ်မအပေါ်ရိုးတယ်ဆိုပေမယ့် အများအမြင်လည်းရှိသေးတယ်လေ “

” အဘလည်း ရှိနေတာပဲကိုး “

” ဟ ! ကျုပ်တို့က လူပျိုဗျ “

” ငါလည်း လူပျိုပဲလေ “

‌ဒိုင်းခနဲရောက်လာတဲ့ အကြည့်စူးစူးကြောင့် ဒင်္ဂါး မျက်လွှာချလိုက်မိသည်။ သူပြောလို့လည်း ဒင်္ဂါးက ပြန်ပြောပြရသေးတယ်။

” သူကြီးရှိနေပေမယ့် ဘာပဲဖြစ်ဖြစ် ကျုပ်တို့နှစ်ယောက်က သူစိမ်းလေ … ပြီး‌တော့ အိမ်ပေါ်မယ် တက်နေနေတာ . ခင်ဗျားသိနိုင်လို့လား… မတော်လို့ ကျုပ်တို့က အစ်မကို အန္တရာယ်ပြုရင် ဘယ့်နှယ်လုပ်မတုန်း “

” အဲ့လိုတော့လည်း မလုပ်ပါဘူး “

” ဘယ်လိုသိတုန်း “

” ပစ်တိုင်းထောင်က မြို့အုပ်မင်းညီလေ ”

” အော် ကဲ … ဒီလူ “

အပြန်အလှန်စကားဆိုနေတဲ့ နှစ်ယောက်ကြောင့် ဦးမင်းငွေ ရယ်မောမိသည်။ လုံမလေးကတော့ သဘောတကျ ပခုံးကလေးလှုပ်ရုံ ရယ်နေပြီး ခွေးပုကတော့ ငြိမ်သက်နေကာ ထမင်းကို ခေါင်းမဖော်တမ်း လွေးနေတော့သည်။

” ကျုပ်တို့က မီးကင်းသွားစောင့်မယ်ဗျာ … ခင်ဗျားက အိမ်မှာနေခဲ့ချေ “

” မဟုတ်သေး … “

” ကဲပါ . စောင့်ချင်သပဆိုလည်း စောင့် ပစ်တိုင်းထောင် … အတွေ့အကြုံရတာပေါ့ ဟားဟား “

သူကြီးက အသံဝါကြီးနဲ့ ရယ်မောနေတာကြောင့် ပစ်တိုင်းထောင် မသိမသာ ကြိတ်ပြုံးလိုက်သည်။ ပစ်တိုင်းထောင်မှာ ကိုယ့်အကြံနဲ့ကိုယ်မလို့ ရယ်မောနေသူ သူကြီးကတော့ မရိပ်မိရှာ။

” ကဲ ထမင်းစားကြတော့ … အဘလည်း အပေါ်တက်ပြီး ဘုရားရှိခိုးချေဦးမယ် “

” သမီးလိုက်ပို့မယ်လေ အဘ … ထိုင်စောင့်ပါဦး “

” နေ . နေ လုံမလေး … ညည်းမောင်တွေကို လိုအပ်တာလုပ်ပေးချေ “

ဦးမင်းငွေက တုတ်ကောက်ကလေးဆွဲလို့ ကွပ်ပျစ်ပေါ်က ဆင်းသွားတော့သည်။ ဒူးမကောင်းတာမလို့ တုတ်ကောက်ကကူနေရပေမယ့် ဦးမင်းငွေက အိမ်ပေါ်အတက်အဆင်းတော့ တက်နိုင်ပါသေးသည်။

” နို့ … မီးကင်းက ဘယ်တော့စ,စောင့်ရမှာတုန်း “

” မနက်ဖြန်က စမယ်ထင် “

ဒင်္ဂါးက ခေါင်းငုံ့ထားရင်း ပြန်ဖြေလိုက်သည်။ မြို့အုပ်မင်းညီက ဘယ်လိုဖြစ်လို့ မီးကင်းကို ဒင်္ဂါးနဲ့ ဇွတ်လုပြီး စောင့်ချင်နေမှန်းမသိ။ သွေးရိုးသားရိုး‌ မဟုတ်တန်ပေမယ့် သူလုပ်ချင်ရင် ဘယ်သူမှမနိုင်မှန်းသိတာမလို့ ဒင်္ဂါးလည်း ငြိမ်နေလိုက်တော့သည်။

>>>>>>>>>>

ရွာသူရွာသားအပေါင်းတို့ခင်ဗျား …
နွေရာသီရောက်ရှိလာပြီ ဖြစ်ပါသဖြင့် နောက်ဖေးမီးချောင်မှာ မီးကြွင်းမီးကျန်များ မကျန်ရအောင်၊ ဘုရားကျောင်းဆောင်က နံ့သာဆီမီးကို အထူးသတိပြုပါ၊ အထူးသတိပြုပါ။

ရပ်ရွာထဲ အလှည့်ကျကင်းလှည့်နေတဲ့ အဖွဲ့ဆီက‌နေ မီးသတိပေး ဆော်ဩ‌သံတွေကို ကြားနေရသည်။ ဒင်္ဂါး အဘကို နှိပ်ပေးနေရင်း ထိုအသံတွေကို နားစွင့်နေသည်။

” မြို့အုပ်မင်းညီလေးက ဘယ်ဆိုးလို့လဲနော် လူလေး … အကုန်လုံးနဲ့ လိုက်လျောညီထွေ နေတတ်သား “

အဘက ချီးကျူးစကား တတွတ်တွတ်ဆိုနေတာကြောင့် ဒင်္ဂါး ခေါင်းသာညိတ်ပြလိုက်သည်။ နေဝင်ချိန်ကတည်းက ကာလသားခေါင်း ဘမော်တို့နဲ့အတူပါသွားတဲ့ ဆရာတပည့်နှစ်ယောက်က အဆင်ပြေရဲ့လားပင်မသိ။ လှည့်လည်ဆော်ဩတဲ့ အဖွဲ့ထဲမှာလည်း အသံမကြားတာကြောင့် ဒီအချိန်ဆိုရင်‌တော့ မီးကင်းမှာပဲရှိနေမယ် ထင်ပါသည်။

” ဘာစိတ်ကူးပေါက်ပြီးများ မီးကင်းစောင့်မယ်ပြောသလဲ မသိပါဘူး အဘရယ် … အရင်လည်း ကျွန်တော်က ဒီလိုစောင့်နေကျပဲကို ”

” သူပြောတာလည်း ဟုတ်ပါတယ်လေ … ညရေးညတာဆိုတော့လည်း မသင့်လျော်လို့ပေါ့ ”

” မသင့်လျော်ဘူးလည်း ဘယ်ဟုတ်မလဲ အဘရယ် … အဘလည်းရှိနေတာကို မြို့အုပ်မင်းညီကို ဘယ်သူက ဘာပြောရဲမှာလဲ “

” ဟော … သူကိုယ်တိုင်က စိတ်ပါနေတော့လည်း အဘတို့ မပြောသာတော့ဘူးလေ “

ဒင်္ဂါးခေါင်းသာညိတ်မိတော့သည်။ ပစ်တိုင်းထောင်အကြောင်းကို ဒင်္ဂါးအသိဆုံးရယ်။ လူက အေးသလိုထင်ရပေမယ့် မထင်ရင် မထင်သလို ထမွှေတတ်တာကြောင့် အခုလည်း ဘာထပြီး မွှေထိုးဦးမလဲ စိုးရိမ်နေရသည်။

တပေါင်းပွဲတုန်းကလည်း သာဗြောညီမ လှရီနဲ့ ဖိုးထူးကို ချိန်းတွေ့ဖို့ ကူညီခဲ့ကြောင်းကိုလည်း သတင်းသဲ့သဲ့ကြားထားရသေးသည်။ လှရီအစ်ကို သာဗြောက ပစ်တိုင်းထောင်ကို မြို့အုပ်မင်းညီမို့ မပြောသာတာ။ အဘကတော့ အဲ့တာတွေ မသိပေမယ့် ဒင်္ဂါးက သိနေတာမလို့ မျက်ခုံးက ခပ်လှုပ်လှုပ်ရယ်။

>>>>>>>>>>

” ဆျာထောင် … ကျွန်တော်ပြန်ရောက်ပြီ “

အသံပြုရင်း မီးကင်းပေါ်တက်လာတဲ့ ခွေးပုကြောင့် ပစ်တိုင်းထောင် ပက်လက်လှဲအိပ်နေရာကနေ ထထိုင်လိုက်သည်။

” မိစွာနဲ့ မိုက်မိုက်စန်းက အေးဆေးနေခဲ့ရဲ့လား “

” ဘာပြောကောင်းမလဲ ဆျာထောင်ရယ် … ပွက်လောရိုက်နေတာပေါ့ . မနည်းထားခဲ့ရတယ် “

” သူကြီးတို့ရော အိပ်ပလား “

” သူကြီးကအိပ်ပြီ ဆျာထောင်ရဲ့ … မိစွာနဲ့ မိုက်မိုက်စန်းကိုသွားပို့တော့ ကိုဒင်္ဂါးက အသံကြားလို့နေမှာ အောက်ဆင်းလာသေးတယ် … ‌ဆျာထောင့်သမီးတွေကလည်း ကိုဒင်္ဂါးကိုတွေ့ကာမှ ငြိမ်တော့တယ် “

ခွေးပုစကားကြောင့် ပစ်တိုင်းထောင်မျက်နှာကြီး ရှုံ့မဲ့သွားသည်။ မီးကင်စောင့်ဖို့ ရွာထဲထွက်လာတော့ သမီးနှစ်ယောက်က အနောက်ကနေ တကောက်ကောက်လိုက်လာတာမလို့ ကျေနပ်အောင် ခဏခေါ်လာပြီး ပြန်ပို့ရသည်။

ပြန်ပို့တော့လည်း ခွေးပုနောက်ကို ဆူညံပွက်လောရိုက်ပြီး ပါသွားပေမယ့် ရွှေဒင်္ဂါးလက်ထဲရောက်ကာမှ ငြိမ်သွားတယ်ဆိုတာကြောင့် ပစ်တိုင်းထောင်မှာ မကျေမနပ်။

ရွာရောက်က‌တည်းက သမီးနှစ်ယောက်က အချိုးပြောင်းသွားတာများ အရင်တုန်းကနဲ့ လားလားမျှပင်မဆိုင်။

” ဗျို့ . ပစ်တိုင်းထောင် … ကျုပ်တို့ပြန်လာပြီ “

ခွေးပုနဲ့ စကားပြောနေရင်း ရွာထဲပတ်ပြီး မီးဆော်ဩရေးလုပ်နေတဲ့ ဘမော်တို့အဖွဲ့က ပြန်လာသည်။ ပစ်တိုင်းထောင်တို့နေတဲ့ ရွာအရှေ့ပိုင်းကို ငါးယောက်တစ်ဖွဲ့ ကင်းကျတာမလို့ ပစ်တိုင်းထောင်နဲ့ ခွေးပုအပါအဝင် ဘမော်ရယ် ရွာအရှေ့ပိုင်းက ကာလသားနှစ်ယောက်ရယ်က အတူတူဖြစ်သည်။

” ကိုဘမော် … “

” အေး “

ညဉ့်က တဖြည်းဖြည်းနက်လာတဲ့အခါ ပစ်တိုင်းထောင်က ကင်းတဲပေါ်မှာ လူးလှိမ့်ရင်း ဘမော်ကိုခေါ်လိုက်သည်။ ခွေးပုကတော့ ပူအိုက်နေပေမယ့် ခြင်ကိုက်တာကြောင့် ပုဆိုးခြုံလို့ ကွေးနေပြီဖြစ်သည်။

” ကြက်ကာလသားချက်ကလေး မစားချင်ဘူးလား “

” ဟမ် “

လှဲအိပ်နေရာကနေ ငေါက်ခနဲထထိုင်လာတဲ့ဘမော်က ပစ်တိုင်းထောင်ကိုကြည့်သည်။ ကင်းတဲအပြင်မှာ လမ်းလျှောက်နေတဲ့ နှစ်ယောက်ကလည်း ပစ်တိုင်းထောင်စကားကို ကြားလိုက်ဟန်ဖြင့် အလန့်တကြား လှည့်ကြည့်လာသည်။

” မီးကင်းပေါ်မယ် တစ်ညလုံး ကင်းစောင့်ရတာ ပျင်းစရာကြီး ကိုဘမော်ရယ် “

” ပစ်တိုင်းထောင်ရယ် … ငါ့ဆံပင်တွေသာ ဆွဲနှုတ်သွားချေပါ … ပေါက်ကရတော့ မကြံပါနဲ့ “

ဘမော်က အလန့်တကြားငြင်းပေမယ့် ပစ်တိုင်းထောင်ရဲ့ နှုတ်ခမ်းထက်မှာ ခပ်ရွဲ့ရွဲ့အပြုံးပေါ်လာပြီး ခေါင်းရမ်းသည်။

” ရော် . မသိရင် ကျုပ်က ခင်ဗျား သေတွင်းပို့နေသလိုပဲ “

အခုအကြံကလည်း သေတွင်းပို့နေတာပဲ မဟုတ်လားလို့ ဘမော် ပြောချင်ပေမယ့် မပြောရဲပါ။ ဘမော်နဲ့ ပါလာတဲ့ နှစ်ယောက်ကလည်း လူပျိုဖော်ဝင်ကာစလေးတွေမို့ အရာရာ စူးစမ်းချင်ကြသည့်နှယ် ပစ်တိုင်းထောင်အနား စိတ်ဝင်တစား ကပ်လာကြသည်။

” အောင်ကျော်နဲ့ ဖိုးထူး … မင်းတို့ရော သဘောတူကြလား “

” ကြက်ရိုးကလေးတော့ ကိုက်‌ချင်သား အဟီး “

အောင်ကျော်က ရယ်ကျဲကျဲပြောတဲ့အခါ ဘမော်ဘက်ကိုလှည့်လို့ ဘယ်လိုလဲဆိုတဲ့သဘောနဲ့ ပစ်တိုင်းထောင်က မျက်ခုံးပင့်ကြလိုက်သည်။

” ခွေးပု … ဟေ့ကောင် ခွေးပု . ထဦး “

တစ်ခါခေါ်လို့ မနိုးတဲ့အခါ ထိုင်နေရာကနေ ခွေးပုရှိရာကို ခြေထောက်နဲ့ ခပ်ဆတ်ဆတ်လှမ်းကန်လို့ နှိုးလိုက်မှသာ ခွေးပုက လှုပ်တုတ်လှုပ်တုတ်နဲ့ အိပ်နေရာကနေ ထလာသည်။

” ဆိုစမ်းပါဦး . ဘူးသီးဘယ်နားရှိလဲ “

ခွေးပုကတော့ ဘာပြောနေလဲ နားမ‌လည်စွာ ပစ်တိုင်းထောင်တို့ကို ခေါင်းလေးစောင်းလို့ ဟိုကြည့်ဒီကြည့်ရယ်။

” ရွာတောင်ပိုင်းက မယ်တင့်အိမ်မယ် ဘူးသီးတွေ ပေါမှပေါ “

မေးတဲ့သူကလည်း မေးသလို သတင်းပေးသူကလည်း သ‌တင်းပေးသည်။ ခေါင်းချင်းဆိုင်နေကြတဲ့ လေးယောက်သားကို မနိုင်တာမလို့ ဘမော်ကတော့ လွှတ်သာထားလိုက်‌တော့သည်။ မနက်မိုးသောက်ကာမှ ဘူးသီးခိုးမှုကြီးကို ဆရာတော်သိပြီး အဆော်မခံရစေဖို့သာ ဆုတောင်းမိသည်။

တုံ တုံ တုံ …

ရွာဦးဘုန်း‌ကြီးကျောင်းဆီကနေ အုန်းမောင်းခေါက်သံ ခပ်တိုးတိုးကို စည်းချက်ညီညီ ကြားနေရသည်။ အချိန်အားဖြင့် ဆယ်ချက်တီးပြီဖြစ်သည်။

” ကိုပစ်တိုင်းထောင် … ဘူးသီးက ခိုးဖို့ မလွယ်ဘူးထင်တယ် … မယ်တင့်အမေ ဒေါ်ဘူးစိန်ကြီးက လွှတ်ကပ်စေးနဲတာဗျ … သူ့ဘူးသီးတွေ နေညိုတိုင်း ရေပြီးမှအိပ်တာ တစ်ရွာလုံးသိတယ်… အာ့ကြောင့် နာမည်တောင် တူးစိန်ကနေ ဘူးစိန်ဖြစ်နေတာ “

မယ်တင်တို့ခြံနား မှောင်ရိပ်ခိုရင်း ဘူးသီးတွေကို ချောင်းနေတုန်း ဖိုးထူးက ပြောလာခြင်းဖြစ်သည်။ ဘမော်နဲ့အောင်ကျော်က လူအရိပ်အခြေကြည့်ဖို့ တစ်နေရာမှာ စောင့်နေရပြီး ဘူးသီးခိုးမယ့်လူက ဖိုးထူး နဲ့ ပစ်တိုင်းထောင်တို့ ဆရာတပည့်ဖြစ်သည်။

” ဟမ့် … အဲ့ဘွားတော်ကြီး ဘယ်လောက်ကပ်စေးနဲနဲ ငါနဲ့တွေ့ရင် ခံနိုင်ရိုးလား … အားပါး … ဘူးသီးကြီးတွေက အကြီးကြီးတွေပဲ “

” ဆျာထောင်ကလည်း … မယ်တင်ကလေးအမေက အသက်အရမ်းမကြီးသေးပါဘူး “

” ဒီတဏှာရူးနဲ့ကတော့ … “

ပစ်တိုင်းထောင် မယ်တင်တို့အိမ်ရှေ့က ဘူးစင်ကြီးကိုကြည့်ရင်း ခွေးပုကို မာန်လိုက်သည်။ စင်ပေါ်မှာသီးနေတဲ့ ဘူးသီးကြီးတွေက ပြွတ်ခဲလို့ လရောင်အောက်မှာ ဝင်းပနေသည်။ ဘူးသီးနုနုတွေမို့ ခူးပြီးလို့ ကြက်သားနဲ့ရောပြီး ချက်စားလိုက်ရရင် ချိုလိုက်မယ့်ဖြစ်ခြင်း။

” ဘယ်လိုလုပ်ကြမလဲ ကိုပစ်တိုင်းထောင် “

” ဟ … ငါသွားယူပြမယ် ကြည့်နေ … ဖိုးထူး . ပေးစမ်း ဓား “

ဖိုးထူးက ခါးပုံစထဲထည့်လာတဲ့ အရွက်လှီးဓားအသေးလေးကိုထုတ်လို့ ပစ်တိုင်းထောင်ဆီ ကမ်းပေးသည်။ ဓားက လက်ထဲရောက်လာတော့ ခြံကျော်ဖို့တွေးလိုက်ပေမယ့် ‌မယ်တင်တို့ခြံက ဝါးချွန်တွေနဲ့ ကာရံထားတာမလို့ ခွေးတိုးပေါက်ရှာပြီး တိုးဖို့သာပြင်လိုက်သည်။ ခြံမကျော်တတ်တာတော့ မဟုတ်ပေမယ့် အခန့်မသင့်ရင် ဝါးချွန်ကြားထဲ အမေ့အမွေလေးနှစ်လုံး ညပ်ကျန်နေခဲ့မှာစိုး၍ ဖြစ်သည်။

” နေဦး … ခွေးပု ဓားခဏကိုင်စမ်း “

” ဟာ.ဟာ . ဆျာထောင် … ဖြည်းဖြည်း “

” တိုးတိုးပြောဟ . မင့်ယောက္ခမ နိုးလာမယ် “

ပစ်တိုင်းထောင်က ကျိန်ဆဲလိုက်တော့ ဒီတစ်ခါ ခွေးပုက နှုတ်လှန်မထိုး‌တော့ပဲ ငြိမ်သွားသည်။ မင့်ယောက္ခမဆိုတာကို သဘောတွေ့သွားပုံ။ တောရွာတွေဓလေ့အရ ညခင်းမှာ စောစောအိပ်ရာဝင်ကြတာမို့ မယ်တင်တို့အိမ်ထဲမယ် ရေနံဆီမီးအိမ်လေးရဲ့ အလင်းရောင်မှအပ ပတ်ဝန်းကျင်ကပါ ငြိမ်သက်တိတ်ဆိတ်နေသည်။

လက်ထဲက ဓားတိုလေးကို ခွေးပုဆီကမ်းပေးရင်း ပစ်တိုင်းထောင် ဝတ်ထားတဲ့ပုဆိုးကို ဖြေချလိုက်သည်။ ပြီးကာမှ ပုဆိုးမ,ကာ ပခုံးပေါ် ကွင်းသိုင်းလိုက်တော့ အောက်မှာဝတ်ထားတဲ့ ဒူးအထက် ချည်ကြမ်းဘောင်းဘီတိုလေးက လှစ်ခနဲပေါ်လာသည်။

” ဟာ အင်္ကျီက ရှုပ်လိုက်တာ … ယူထားစမ်း ခွေးပု “

ချည်အင်္ကျီလက်တိုလေးကိုပါ ပစ်တိုင်းထောင်က စိတ်ပေါက်ပေါက်နဲ့ ဆွဲချွတ်လိုက်ပြီး ခွေးပုဆီကမ်းပေးလိုက်သည်။ အောက်မှာ စွပ်ကျယ်အင်္ကျီ တစ်ထပ်ပါသေးတာကြောင့် ပုဆိုးကွင်းသိုင်းထားတဲ့ပုံနဲ့ စွပ်ကျယ်၊ ဘောင်းဘီတိုနဲ့ ပစ်တိုင်းထောင်က တကယ့်တောသားကြီးအတိုင်းပင်။

” အဟမ့် … မင်းတို့ကို မြောက်ပိုင်းသားဟင်း စားရအောင်လုပ်ပေးမယ် “

ပြောပြီး ခွေးပုလက်ထဲက ဓားသေးသေးလေးကို ပြန်ယူကာ ဟ နေတဲ့ ခြံစည်းရိုးကြား တိုးဝင်သွားတဲ့ ဆျာထောင့်ကို ခွေးပုနဲ့ အောင်ကျော်က နားမလည်နိုင်စွာ ကြည့်နေလိုက်သည်။ မြောက်ပိုင်းသားဟင်းက ဘာဟင်းလဲဆိုတာတော့ ခွေးပုလည်း သိမနေပါ။

” ဟေ့ကောင်တွေ ယူ ယူ . ရော့ “

အချိန်တစ်ခုအကြာ ဘူးသီးစိတ်လေးနှစ်ခြမ်းကိုကိုင်လို့ ဆျာထောင်က ခြံစည်းရိုးနား ပြန်ရောက်လာသည်။ ခြံစည်းရိုးပေါက်ကို ပြန်တိုးရမှာဖြစ်တာကြောင့် လက်ထဲကဘူးသီးကို ခွေးပုဆီ ပြန်ကမ်းပေးနေတဲ့အခါ ခွေးပုလည်း လှမ်းယူလိုက်သည်။

” လစ်မယ် . လစ်မယ် … ဘမော်ကိုလည်း ခေါ်ချေ … ကြက်သွားဖမ်းရဦးမှာ . ဟား ဟား “

ပခုံးပေါ်မှာ ကွင်းသိုင်းထားတဲ့ ပုဆိုးကိုလည်း မချွတ်ပဲ ဒီအတိုင်းသာ ပြေးတဲ့ ပစ်တိုင်းထောင်က ဘမော်တို့ကိုလည်းခေါ်ကာ ရွာမြောက်ပိုင်းကို ဦးတည်ပြန်သည်။ ခွေးပုကလည်း လက်ထဲမှာ ဘူးသီးစိတ်ကြီး နှစ်စိတ်ကိုသယ်လို့ သွားလေရာကို လိုက်ရသည်။

” ကိုဘမော် . ကြက်ဖမ်းတတ်လား “

ရွာမြောက်ပိုင်းက လှရီတို့ ခြံနားကိုရောက်တော့ အထဲကို အကဲခတ်ရင်း ပစ်တိုင်းထောင်က ဘမော်ကို မေးလိုက်သည်။ ဘမော်က ခေါင်းညိတ်တာကြောင့် ပစ်တိုင်းထောင်လည်း အားတက်သွားသည်။ ဖိုးထူးမျက်နှာကတော့ ခုနကဘူးသီးသွားခိုးတဲ့အချိန်နဲ့ လားလားမျှမဆိုင်တော့ပါ။

” ကျုပ်က ကြက်တော့ မဖတ်တတ်ဘူး … ကြက်ဖမ်းလို့ ကြက်က မမိပဲပြေးရင် လှရီတို့တွေ နိုးလာဦးမယ် “

ပစ်တိုင်းထောင်က လှရီတို့ခြံရှေ့မယ် ခါးကြီးထောက်လို့ ကားယားကြီးရပ်ကာ ခြံထဲကို လှမ်းကြည့်လိုက်သည်။ ပူအိုက်လှတာကြောင့် ပြတင်းပေါက်ဖွင့်ပြီး အိပ်နေပုံရတာမလို့ အိမ်ထဲက ခြင်ထောင်ကြိုးလေးကိုတောင် လှမ်းမြင်နေရသည်။

” ကိုကြီးပစ်တိုင်းထောင်ကို ကျေးဇူးဆပ်တယ်ပဲထား . ငါ့နှမ အဟား “

တစ်ကိုယ်တည်းပြောပြီး ပစ်တိုင်းထောင် သဘောတကျ ရယ်လိုက်မိသည်။ ကိုကိုကြီးမျက်နှာကို ကတ္တရာသုတ်နေတာတော့ မဟုတ်ပေမယ့် ရွာရောက်ကာမှ မလုပ်ဖူးတာတွေကို လုပ်ဖို့တွေးမိတာကြောင့် လုပ်နေရင်းပင် စိတ်လက်ပေါ့ပါးပြီး ပျော်ရွှင်ရသည်။

တပေါင်းဘုရားပွဲမှာ လှရီတို့ သမီးရည်းစားနှစ်ယောက်ကို ချိန်းတွေ့ဖို့ ကူညီပေးခဲ့တဲ့ အဖိုးအခအဖြစ် ဓားစာခံဖြစ်မယ့်ကြက်ကိုတော့ ဘွာတေးပါလေ။

” ဟေ့ကောင် ပစ်တိုင်းထောင် … ပုန်းပုန်း … ဟိုမှာ သာဗြော “

အိမ်ပေါ်ကနေ ယိုင်ထိုးထိုးနဲ့ ဆင်းလာတဲ့ သာဗြောကြောင့် ဘမော်က သတိပေးတာမလို့ ပစ်တိုင်းထောင်တို့လည်း နီးစပ်ရာမှောင်ရိပ်မှာ မြန်မြန်ပုန်းရသည်။ ဖိုးထူးဆိုအကြောက်လွန်၍ ချွေးစေးများပင်ထွက်လာသည်။

” ဟာ . ဒီအမူးသမားနဲ့တော့ “

လှရီတို့အိမ်က ခြေတံရှည်အိမ်လေးဖြစ်တာကြောင့် အိမ်ရဲ့အောက်မှာ ကွပ်ပျစ်ကလေး ခင်းထားသည်။ မူးမူးရူးရူးနဲ့ သာဗြောက အိမ်အောက်ကကွပ်ပျစ်မှာ မှောက်လျက်သားကြီး အိပ်သွားပြန်တာကြောင့် ပစ်တိုင်းထောင်တို့ ကြက်ခိုးဖို့က မလွယ်လောက်တော့ပါ။

” ဒီမယ် ကိုဘမော် … လက်လျော့မယ်တော့ မကြံနဲ့နော် … ဟိုငမူးကဖြင့် သူ့တက်နင်းသွားတောင် နိုးမယ်မထင်ဘူး “

လက်မလျော့တဲ့ ပစ်တိုင်းထောင်ကြောင့် ဘမော် ခေါင်းကုတ်လိုက်သည်။ စွပ်ကျယ်ဘောင်းဘီတို ပုဆိုးကွင်းသိုင်းနဲ့ ပစ်တိုင်းထောင်က ရွာဇော်လုပ်ကာ တစ်ဖွဲ့လုံးကို မြှောက်ပေးနေလေပြီ။

>>>>>>>>>>

” ကိုကြီးပစ်တိုင်းထောင်ကို မေးမို့ “

ဟင်းအိုးမွှေနေတဲ့ ပစ်တိုင်းထောင်နား ကုတ်ကုတ်လေးကပ်လာတဲ့ ဖိုးထူးကို ပစ်တိုင်းထောင် ခေါင်းညိတ်ပြလိုက်သည်။ ဟင်းအိုးမွှေနေတယ်ဆိုပေမယ့် ဟင်းချက်နေတယ်ရယ်လို့လည်း မဟုတ်။ ဒိုင်ခံချက်ပေးနေရသူက ဘမော်ဖြစ်ပြီး ဘူးသီးလှီးလို့ ချင်း၊ကြက်သွန်ဖြူ ထောင်းရတာက ခွေးပုနဲ့ အောင်ကျော်ဖြစ်သည်။ ဖိုးထူးကတော့ မီးမွှေးပေးရင်း မီးတက်လာအောင် မီးပြောင်းမှုတ်ရသည်။ ပစ်တိုင်းထောင်ကတော့ အကြံပေးပီပီ ဟင်းအိုးလေးမွှေလို့ နှမ်းဖြူးရုံတင်။

” ဘာတုန်းပြော “

” ကိုကြီးပစ်တိုင်းထောင် ပြောတယ်လေ … အစ်မမယ်တင်တို့ခြံထဲကို မဝင်ခင်က “

” အေး “

” မြောက်ပိုင်းသားဟင်းက ဘာကိုပြောတာလဲ “

လက်နှီးစုတ်ကလေးကိုင်လို့ မျက်လုံးလေးကလယ်ကလယ်နဲ့ မော့မေးနေတဲ့ ဖိုးထူးကြောင့် ပစ်တိုင်းထောင် အားရပါးရ ရယ်လိုက်မိသည်။

” ဟိုမယ် ခွေးပုတို့လှီးနေတာက မြောက်ပိုင်းသားတွေလေ ”

” ဟင် “

ဖိုးထူးက ခွေးပုနဲ့ အောင်ကျော်လှီးနေတဲ့ ဘူးသီးစိတ်တွေကိုလှမ်းကြည့်ပြီး နားမလည်ဟန် ခေါင်းကုတ်သည်။

” ငါပြောမယ် ဟေ့ကောင်ရ “

” ဟုတ် “

” မယ်တင်တို့အိမ်က တောင်ဘက်အခြမ်းမှာမလား “

” ဟုတ်ကဲ့ “

” ဖြစ်ချင်တော့ မယ်တင်တို့အိမ်က မြောက်ဘက်ကို မျက်နှာမူနေတယ်ကွာ … ဘူးစင်ကလည်း မယ်တင်တို့ အိမ်ရှေ့တည့်တည့်မယ် . ဟုတ်လား “

ပစ်တိုင်းထောင်က စကားထောက်ပေးလိုက်တော့ ဖိုးထူးက ခေါင်းတဆတ်ဆတ်ညိတ်သည်။

” အေး … မယ်တင်တို့အိမ်က မြောက်ဘက်ကို မျက်နှာမူထားတော့ အိမ်ရှေ့ကဘူးစင်က ဘူးသီးတွေကို တောင်ဘက်အခြမ်းပဲ မမြင်ရပေဘူးလား “

” ဟုတ် “

ဘမော်ကလည်း ဟင်းအိုးထဲက ကြက်သားတုံးတွေကို အထက်အောက်မွှေရင်း ပစ်တိုင်းထောင်စကားကို နားစွင့်နေသည်။

” ဘူးသီးကို တောင်ဘက်အခြမ်းကပဲ မြင်ရတော့ တစ်ဖက်က မြောက်ဘက်အပိုင်းကို မမြင်ရဘူးလေ … အေး ငါကလည်း မမြင်ရတဲ့ မြောက်ဘက်အပိုင်းက ဘူးသီးကို ထက်ခြမ်းခြမ်းပြီး လှီးလာတာဟေ … သူ့အမေကြီးက ဘူးသီးတွေကို ရေထားတယ်ဆိုလို့ … အဟား အခုတော့ ဘာတတ်နိုင်သေးလဲ … ငါက ခူးလာတာမဟုတ်ပဲ မြောက်ဘက်ပိုင်းကိုပဲ လှီးလာတာလေ … အဲ့တော့ မြောက်ပိုင်းသားဟင်းပေါ့ကွ ဟားဟား “

မီးကင်းပေါ်မှာ ပစ်တိုင်းထောင်ရဲ့ ရယ်သံကျယ်ကျယ်ကြီးက ပျံ့လွင့်လာသည်။ ပေါက်ပေါက်ရှာရှာ တွေးလည်း တွေးတတ်ပါပေ့။ ဘူးသီးကိုမခူးပဲ ဘူးသီးရဲ့ မြောက်ပိုင်းကိုပဲ ဓားနဲ့လှီးယူလာတာမလို့ ကြက်သားနဲ့ဘူးသီးဟင်းမဟုတ်ပဲ ကြက်သားမြောက်ပိုင်းသားဟင်းပါတဲ့လေ။

>>>>>>>>>>

ဆက်ရန်
Yellowish_One 💛
(၁၁-၄-၂၀၂၄)

Tags: read novel Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၇), novel Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၇), read Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၇) online, Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၇) chapter, Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၇) high quality, Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၇) light novel, ,

Comment

Leave a Reply

Chapter 13