Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၉)

A+ A-

” ဟေ့ မုန့်လက်ဆောင်းဖတ်က မရသေးဘူးလား “

” ထန်းလျက်ရည်ကို ကျိုပြီးရင် အမှိုက်တွေပါမလာအောင် သေချာစစ်ထုတ်နော် “

” မုန့်လက်ဆောင်းစစ်မယ့် ဇကာတွေကို ရေသေချာတိုက်ဆေးထားကြစမ်း “

ဘုန်းကြီးကျောင်းဝင်းထဲမှာ ကာလသားခေါင်း ဘမော်ရဲ့ ကြီးကြပ်စီမံသံက ဆူညံနေသည်။ မုန့်လုပ်နေကြတဲ့ အပျိုအဖွဲ့ဘက်ကိုပြေးလိုက် ထန်းလျက်ရည်ကျိုနေတဲ့ ကာလသားတွေဘက်ကို ပြေးလိုက်နဲ့ တစ်ယောက်တည်း ပတ်ချာလည်နေသည်။

” ဟာ … ဟိုကောင် သာဗြော . အမှိုက်တွေက ကျောင်းအနောက်မှာ ပုံထားရမှာလေ … သစ်ရွက်ခြောက်တွေပဲ ကျောင်းရှေ့မှာ လာပုံချေ “

” ဟေ့ . ကျောင်းပေါ်မှာ ကြမ်းတိုက်တဲ့အဖွဲ့ကလည်း သေချာပြောင်အောင်တိုက်နော် … ကြမ်းခင်းတွေ ပြောင်နေတာပဲ လိုချင်တယ် ”

ကိုယ်တိုင်ကလည်း တံမြက်စည်းကြီးကိုင်လို့ လှဲကျင်းနေတဲ့ ဘမော်က ပါးစပ်ကနေလည်း အစီအမံမပျက်။ မြို့အုပ်မင်း ဆောက်လုပ်လှူဒါန်းထားတဲ့ ဆွမ်းစားဆောင်နဲ့ သိမ်ကျောင်းက ပြီးပြီမို့ အတာရက်အပြီး နှစ်ဆန်းတစ်ရက်နေ့မှာ ရေစက်ချမှာဖြစ်သည်။ အဲ့တာကြောင့် တစ်ရွာလုံးက တစ်ရက်အချိန်ပေးလို့ ဆွမ်းစားဆောင်နဲ့ သိမ်ကျောင်းဝန်းကျင်ကို သန့်ရှင်းရေးလုပ်အားကူနေကြသည်။

တောရွာဓလေ့အတိုင်း လုပ်အားပေးနေရာမှာလည်း စတုဒိသာကတော့ ပါကြစမြဲ။ သူကြီးဦးမင်းငွေက လုပ်အားပေးသူအားလုံးကို မုန့်လက်ဆောင်းတိုက်တာမလို့ မိကဲတို့အဖွဲ့က ထန်းလျက်ရည်ကျိုကြပြီး ဖိုးထူးတို့ အဖွဲ့ကတော့ မုန့်လက်ဆောင်းဖတ် ကျိုကြသည်။ မုန့်လုပ်ဖို့ တာဝန်မကျတဲ့ အပျိုတွေနဲ့ ကာလသားတွေကတော့ ဟိုနားတစ်စု ဒီနားတစ်စုနဲ့ တာဝန်ခွဲလို့ တံမြက်စည်းလှည်း ကြမ်းတိုက် စသဖြင့် တာဝန်ခွဲဝေယူကြသည်။

” ဒင်္ဂါးရေ … သား . မုန့်လက်ဆောင်းဖတ်လုပ်တဲ့နေရာကို သွားကြည့်ချေဦး . ထုံးထည့်တာ များနေဦးမယ် “

” ဟုတ်ကဲ့ . အဘ “

ဒင်္ဂါးက လက်ထဲက ရေပုံးကိုချလို့ ကျောင်းအနောက်ဘက်က မုန့်လက်ဆောင်းလုပ်နေတဲ့ အဖွဲ့ဆီကို လျှောက်သွားလိုက်သည်။

” အဲ့တော့ ဇကာနဲ့ စစ်ချရတာပေါ့ “

” ဒါပေါ့ ပစ်တိုင်းထောင်ရဲ့ … ‌ဇကာနဲ့စစ်ချပြီး‌ အောက်ကရေအေးနဲ့ ခံထားရတာလေ “

” ဒါဖြင့်ရင် ရေတွေအများကြီးသုံးရတာပေါ့ “

” ဒါပေါ့ဟ “

မုန့်လက်ဆောင်းဖတ်လုပ်နေတဲ့ နေရာမှာ ပစ်တိုင်းထောင်ရဲ့ တတွတ်တွတ်မေးသံနဲ့ ကိုဘမော်ရဲ့ စိတ်ရှည်လက်ရှည် ပြန်ဖြေသံကို ဒင်္ဂါးကြားလိုက်ရသည်။ မုန့်လက်ဆောင်းဖတ် စစ်ချနေတဲ့ ဇကာနားမှာ ငုတ်တုပ်ထိုင်လို့ ကိုဘမော်လုပ်သမျှကို စိတ်ဝင်တစား လိုက်ကြည့်နေတဲ့ ပစ်တိုင်းထောင်က မုန့်လက်ဆောင်းဖတ်ကို ဘယ်လိုလုပ်သလဲဆိုတာ အခုမှပဲ မြင်ဖူးပုံရသည်။

” မုန့်လက်‌ဆောင်းဖတ်က စစ်တောင်ချနေပြီလား ကိုဘမော် “

ဒင်္ဂါးအသံကိုကြားတော့ ကိုဘမော်နဲ့အတူ ပစ်တိုင်းထောင်ကပါ ပြိုင်တူလှည့်ကြည့်လာသည်။

” မီးပြင်းတော့ မြန်မြန်ကျိုလို့ပြီးတယ် ဒင်္ဂါးရဲ့ … ဘာလိုလို့လဲ “

” မလိုပါဘူး ကို‌ဘမော်ရဲ့ . အဘက ဒီဘက်ကို တစ်ချက်ကြည့်ခိုင်းလိုက်လို့ “

” အော် … ရတော့မှာပါ … အားလုံးအဆင်ပြေတယ် “

‌ဒင်္ဂါးခေါင်းညိတ်လိုက်သည်။ ပစ်တိုင်းထောင်က ဒင်္ဂါးကိုကြည့်ရင်း ကိုဘမော်နား ငုတ်တုပ်ထိုင်နေရာကနေ ထလာသည်။

” ခွေးပုလည်း မတွေ့ပါလား ပစ်တိုင်းထောင် “

” မယ်တင်တို့နား ရှိမပေါ့ “

ပစ်တိုင်းထောင်က မျက်နှာကြီးကိုရှုံ့မဲ့လို့ ပြန်ဖြေတဲ့အခါ ဒင်္ဂါးပြုံးလိုက်မိသည်။

” ဒါနဲ့ပစ်တိုင်းထောင် … မြို့အုပ်မင်းတို့က ဘယ်နေ့လာမယ်တဲ့လဲ … အဘက မေးခိုင်းတယ် “

” မနေ့တုန်းက ဘုန်းဘုန်းကျောင်းမယ် တယ်လီဖုန်းဆက်တော့ နှစ်ဆန်းတစ်ရက်နေ့မတိုင်ခင် ကြိုလာမယ်ပြောတာပဲ “

ကျောင်းရေစက်ချအလှူဖြစ်တာကြောင့် မြို့အုပ်မင်းတို့လည်း ရွာကို ရောက်လာမည်ဖြစ်သည်။ မြို့အုပ်မင်းတို့ ရောက်လာမယ်ဆိုကတည်းက ပစ်တိုင်းထောင်ရဲ့ မျက်နှာလေးက ရွှင်ပျပျ။ အစ်ကိုဖြစ်သူကိုလည်း လွမ်းနေပုံပါပဲ။

” ဒါနဲ့ ခင်ဗျားက အလုပ်မလုပ်ဘူးလား ”

” ဟမ် “

ခါးကြီးထောက်လို့ မေးလာတဲ့ ပစ်တိုင်းထောင်စကားကြောင့် ဒင်္ဂါး ကြောင်အသွားရသည်။ ဘယ့်နှယ် အလုပ်မလုပ်ရမှာ။ အလုပ်လုပ်နေရင်း အဘခိုင်းလို့ အနောက်ကိုရောက်လာတဲ့ဟာကို။

” မဟုတ်ပါဘူး … ကျောင်းပေါ်မှာ ကြမ်းတိုက်ဖို့အတွက်‌ ရေခပ်ပေးနေတာ … အဘက ဒီဘက်လွှတ်လိုက်လို့ “

ခေါင်းငုံ့လို့ လက်အချင်းချင်းဆုပ်ခြေရင်း ဖြေရှင်းချက်ပေးနေတဲ့ ရွှေဒင်္ဂါးကြောင့် ပစ်တိုင်းထောင်ပြုံးလိုက်သည်။ ဒီအတိုင်း ပြောလိုက်ပေမယ့် မီးကင်းတောင်စောင့်တဲ့လူက သူကြီးသားဆိုပြီး သန့်ရှင်းရေးအမှုမှာလည်း ရှောင်လွှဲမနေလောက်ပါ။

” ဟို … ကြမ်းတိုက်နေတဲ့အဖွဲ့အတွက် ရေသွားခပ်ပေးလိုက်ဦးမယ် “

ပစ်တိုင်းထောင်တောင် ဘာမှပြန်ပြောချိန်မရလိုက်ခင် ရွှေဒင်္ဂါးက အနားကနေ ‌လှစ်ခနဲ ပြေးထွက်သွားသည်။ ဒီတိုင်းလေ စနောက်ရုံလောက်ကို ရွှေဒင်္ဂါးက အတည်ကြီးထင်ပြီး ဝိုင်းကူလုပ်ဖို့ ပြေးသွားသည်။

” ဆျာထောင် … နေပူကြီးထဲရပ်ပြီး ဘာလုပ်နေတာတုန်း “

” ဟမ် … “

‌အနားရောက်လာတဲ့ ခွေးပုပြောကာမှ ပစ်တိုင်းထောင် ပူရကောင်းမှန်းသိတော့သည်။ ရွှေဒင်္ဂါးနဲ့ စကားပြောနေရင်းမို့ နေပူထဲရောက်လာတာတောင်မသိလိုက်။ ရွှေဒင်္ဂါးထွက်သွားတော့လည်း ခါးကြီးထောက်လျက် နေပူကြီးထဲ ရပ်‌ကျန်နေခဲ့တာဖြစ်သည်။

” ဆျာထောင်က နေပူတာကို လသာနေတယ်မျန်း ထင်နေသလား မသိဘူး “

” ဟ ဒီကောင် . ငါတီးထည့်လိုက်ရ “

သူ့ဘာသာပြောပြီး အနီးအနားက အမိုးစွန်းလေးမှာ သွားရပ်တဲ့ ဆျာထောင့်ကိုကြည့်ပြီး ခွေးပုစိတ်ထဲကနေ ကြိတ်ရယ်လိုက်သည်။ နေပူထဲမှာ ရပ်နေတာများ မပူတတ်သည့်အတိုင်း။ အသားကမှ ညိုပါတယ်ဆို ခွေးပုအဝေးကနေ လှမ်းကြည့်လိုက်တာ အမဲခြောက်ကြီး နေလှန်းထားသလိုပဲ။

” နေစမ်းပါဦး … မင်းက တစ်မနက်လုံး ဘယ်ပျောက်နေလို့ အခုနေမှ ပြန်ပေါ်လာရတာတုန်း “

ခွေးပုရဲ့ ဆျာထောင်ပီပီ ခွေးပုကို တွေ့တွေ့ချင်း ဆီးငေါက်နေတာကြောင့် နားရင်းရိုက်ခံရမှာစိုးတာနဲ့ ခွေးပုက သွားအဖြဲသားနဲ့ ရယ်ပြလိုက်သည်။

” သိမ်ကျောင်းဖက်မယ် မယ်တင်လေးတို့က ကျောင်းဘေးက ပန်းခြံလေးထဲမယ် ရေလောင်းပေါင်းသင်နေကြလို့ သွားကူနေကြတာ ”

” ဘာမှတော့ဖြစ်မလာပေမယ့် ကြိုးစားရှာတယ် “

” ဟာ …! ဆျာထောင် “

ပစ်တိုင်းထောင်ရဲ့ ပျစ်ပျစ်နှစ်နှစ်အပြောကို ခွေးပုက လက်မခံနိုင်စွာ ဆွေ့ဆွေ့ခုန်သည်။ အသားကမည်းရတဲ့အထဲ မျက်နှာကြီးကပါ ရဲတက်လာတာမို့ ခွေးပုကိုကြည့်ရင်း ပစ်တိုင်းထောင် ကြိတ်ရယ်လိုက်သည်။ ပြောလည်း ပြောချင်စရာ။ မယ်တင်က ကွမ်းတောင်ပန်း‌တောင်ကိုင်ပီပီ လှတပတနဲ့ အသားအရည်က ဝါဝါဝင်းဝင်း ညက်ညက်ကလေး။ ခွေးပုကတော့ ရုပ်ရည်က ပစ်တိုင်းထောင်အနားနေလို့ ကြည့်ပျော်ရှုပျော်ဆိုပေမယ့် အသားအရည်ကတော့ မည်းမည်းသည်းသည်း။ မယ်တင်နဲ့ခွေးပု နှစ်ယောက်ယှဉ်ရပ်နေပြီဆို ကြည့်ရတာ ကျီးကန်းနဲ့ ဘဲဥအတိုင်း။

” အဲ့တော့ မင်းက အခုဘာလာလုပ်တာတုန်း “

” ဆျာထောင် ပျင်းနေမှာစိုးလို့ “

” ခွေးစကားက ပြောပြန်ပြီ “

” ဟာ … ဆျာထောင်မယုံလည်းနေပေါ့ “

” မင့်ဘာသာမင်း မယ်တင့်အနားမှာ ဖွန်သွားကြောင်နေစမ်းပါ . အာရုံနောက်တယ် … ငါ လုပ်ထည့်လိုက်ရ “

ပေစောင်းစောင်းနဲ့ အနားကနေထွက်သွားတဲ့ ခွေးပုကြောင့် ပစ်တိုင်းထောင်လည်း သိမ်ကျောင်းရဲ့ အရိပ်အောက်မှာသာ ကျန်နေရစ်ခဲ့သည်။

” အငယ်ရေ … လာပါဦး . အစ်မတို့နားက ရေပုံးထဲကရေကို လာလဲပေးပါဦး “

” လာပြီ အစ်မ “

အသံလာရာကိုကြည့်လိုက်တော့ ရွှေဒင်္ဂါးက ဆိုင်းထမ်းလေးနဲ့ ရေပုံးနှစ်ပုံးကိုဆွဲလို့ သိမ်ကျောင်းဆီကို ခပ်သွက်သွက်သွားနေသည်။ နေပူလွန်းတာကြောင့် အဝေးကပေမယ့် ရွှေဒင်္ဂါးရဲ့ ချွေးတွေ စိုရွှဲနေတဲ့ အင်္ကျီကျောပြင်ကိုတောင် လှမ်းမြင်နေရပြီဖြစ်သည်။

” ကျစ် . ဒီရွှေဒင်္ဂါးကတော့ “

ဖြူဖြူသေးသေးနဲ့ အလုပ်ကြမ်းတွေ လုပ်နိုင်တာကလည်း ဩချရသည်။ ဘယ်နားကမှ မိန်းမနဲ့တော့ မတူပေမယ့် ရွှေဒင်္ဂါးက ပစ်တိုင်းထောင်အမြင်မှာ ရွာက ကာလသားတွေနဲ့တော့ ကွဲထွက်နေတာ အမှန်။ ကိုယ်ကျတော့ သက်သက်သာသာ နေရိပ်ထဲမှာ မတ်တပ်ရပ်နေပြီး ရွှေဒင်္ဂါးကတော့ ချွေးတဒီးဒီးရယ်မို့ အမြင်မတော်တာကြောင့် ရွှေဒင်္ဂါးနောက်ကို လိုက်သွားလိုက်သည်။

” ရွှေဒင်္ဂါး … “

” အယ် . မြို့အုပ်မင်းညီ “

ပုံမှန်ဆို ရွှေဒင်္ဂါးက ပစ်တိုင်းထောင်ကို နာမည်ခေါ်နေကျပေမယ့် တစ်ခါတရံကျရင်လည်း မြို့အုပ်မင်းညီလို့ ခေါ်တတ်သေးသည်။ ခေါ်ချင်သလို ခေါ်နေတာကြောင့် ပစ်တိုင်းထောင်က‌လည်း ‌မပြောဖြစ်တော့ပါ။

” လ‌သာနေတယ်များ ထင်နေသလား . အဆောင်းမပါ ဘာမပါနဲ့ တော်တော်သာယာနေတယ် ဟုတ်သလား ခင်ဗျား “

” ဟို . မဟုတ်ပါဘူး “

တွေ့တာနဲ့ကို အငေါက်ခံနေရတာကြောင့် ရွှေဒင်္ဂါးက ထမ်းထားတဲ့ ဆိုင်းထမ်းလေးကိုချလို့ မျက်နှာငယ်‌နဲ့။ ပစ်တိုင်းထောင် ရွှေဒင်္ဂါးကို ခြေဆုံးခေါင်းဆုံးကြည့်လိုက်သည်။ ရေထမ်းနေတာကြောင့် ပုဆိုးကလည်း အောက်ဖျားမှာ စိုရွှဲလို့ရယ်။ လူကဖြင့် ဖြူဖြူနုနုနဲ့ နေပူပူမှာ မည်းမသွားတဲ့ အသားအရည်ကိုလည်း ဩချရသည်။

” လသာနေတာမဟုတ်ရင် အဆောင်လေးတော့ ဆောင်းမှပေါ့ … လူကြည့်တော့ဖြင့် ချွေးနဲ့ ရေချိုးထားသလိုဖြစ်နေတယ် . ပုဆိုးတွေက‌လည်း ရေစိုနေတယ် … နေပူရတဲ့အထဲ အပူရှပ်သေချင်နေတာလား ရွှေဒင်္ဂါး . ကျစ် … အချိုးကိုမပြေဘူး . နေရာတကာလိုက်ပြောနေရတယ် “

ဒင်္ဂါး ပစ်တိုင်းထောင်ကို မသိမသာလေး မျက်စောင်းထိုးပစ်လိုက်သည်။ ပြောဆိုနေတာများ သူက အကြီးလား ဒင်္ဂါးက အကြီးလား မသဲကွဲ။

” ပေး . အဲ့ရေပုံးတွေ … အလုပ်ကိုရှုပ်တယ် “

” နေ . နေပါ့စေ . ငါ သယ်ပါ့မယ် ပစ်တိုင်းထောင်ရဲ့ “

” သွား . မုန့်လက်ဆောင်းလုပ်တဲ့ နေရာကို “

ဆိုင်းထမ်းကြီးထမ်းလို့ အစ်မငွေမှုန်တို့‌ဆီ လျှောက်သွားတဲ့ ပစ်တိုင်းထောင်ကိုကြည့်ကာ ဒင်္ဂါး နှာခေါင်းရှုံ့လိုက်မိသည်။ အစ်မငွေမှုန်ရှိနေတော့ ဆိုင်းထမ်းကြီးကို ထမ်းသွားတာများ သွက်သွက်လက်လက်။

” ဒင်္ဂါးရေ . လူလေး “

” ဗျာ . ဗျာ အဘ “

ဆွမ်းစားကျောင်းအပေါ်ထပ်ကနေ လှမ်းခေါ်နေတဲ့ အဘကြောင့် ဒင်္ဂါး မော့ကြည့်လိုက်သည်။ အဘက ဖျင်တဘက်ကြမ်းကို ခေါင်းပေါင်းထားရင်း လက်ထဲမှာလည်း ယပ်တောင်ကြီးနဲ့။

” နေအရမ်းမြင့်နေပြီ … သန့်ရှင်းရေးလုက်နေတဲ့သူတွေကို အနားယူခိုင်းပြီး မုန့်လက်ဆောင်းဝေချေဦး … ဘမော်ကလည်း ပြောတယ် … မုန်လက်ဆောင်းရပြီတဲ့ “

” ဟုတ်ကဲ့ . အဘ “

ဒင်္ဂါးက ခပ်သုတ်သုတ်ထွက်လာရင်း တာဝန်ခွဲဝေလို့ သန့်ရှင်းရေးလုပ်နေသူတွေကို အနားယူကြဖို့ သတိပေးလိုက်သည်။ နေကလည်းပူသလို ဘုန်းကြီးကျောင်းဝင်းထဲမှာ အရိပ်အာဝါသကလည်းကောင်းတာမို့ သန့်ရှင်းရေး လုပ်အားပေးကြသူတွေက လုပ်လက်စကိုပစ်လို့ သစ်ပင်ကြီးတွေအောက်မှာ စုစုရုံးရုံး ဝင်ထိုင်ကြသည်။

” လှရီနဲ့ မယ်တင်တို့လည်း မုန့်လက်ဆောင်းလေးတွေ လာယူကြချေဦး “

ဘမော်နဲ့ ဖိုးထူးတို့က မုန့်လက်ဆောင်းတွေကို ဟင်းလိုက်ချိုင့်ကြီးနဲ့ သယ်လာသည်။ အစ်မငွေမှုန်နဲ့ မိကဲတို့ အပျိုအုပ်စုကလည်း မုန့်လက်ဆောင်း‌ခွက်တွေကို ဗန်းလေးတွေနဲ့ကိုင်ရင်း အနောက်ကနေလိုက်လာသည်။

” ရော့ … “

အရိပ်ကောင်းကောင်း ပိတောက်ပင်ကြီးအောက်မှာ တစ်ယောက်တည်းထိုင်နေရင်း မျက်စိရှေ့ရောက်လာတဲ့ အုန်းမုန့်ခွက်ကလေးကြောင့် ဒင်္ဂါးမော့ကြည့်လိုက်သည်။

” သောက်လေ . ဘာလုပ်နေတာတုန်း “

ကိုယ်တိုင်းလည်း မုန့်လက်ဆောင်းတွေကို မော့သောက်နေတဲ့ ပစ်တိုင်းထောင်က ဒင်္ဂါးကိုလည်း မုန့်လက်ဆောင်းထည့်ထားတဲ့ အုန်းမုန့်ခွက်လေး ကမ်းပေးလာသည်။

” ကျေးဇူးတင်ပါတယ် ပစ်တိုင်းထောင် “

” ဟမ် . မုန့်လက်ဆောင်းက ကျုပ်တိုက်တာကျနေရော “

အမှန်ဆို မုန့်လက်ဆောင်းအလှူရှင်က ဒင်္ဂါးတို့ဖြစ်တာကြောင့် ဒင်္ဂါးက ကျေးဇူးတင်စကားပြောတဲ့အခါ ပစ်တိုင်းထောင်က ဘုတောခြင်းပင်ဖြစ်သည်။ စီးထားတဲ့ဖိနပ်ကိုချွတ်လို့ ပစ်တိုင်းထောင်က ဒင်္ဂါးအနားမှာ ဖိနပ်ဖင်ခုထားရင်း ဝင်ထိုင်သည်။

” ခင်ဗျားတို့ရွာကလည်း ပူတာ “

” ရွာမလို့ပူတာ မဟုတ်ပါဘူး … နွေရာသီမို့ပါ “

ပစ်တိုင်းထောင်ဆီကနေ ခပ်ပေပေ အကြည့်တစ်ခုက ဒင်္ဂါးဆီကို ရောက်လာတဲ့အခါ ဒင်္ဂါးက သွားဖြဲလို့ ရယ်ပြလိုက်သည်။ ပြီးကာမှ ပစ်တိုင်းထောင် ယူလာပေးတဲ့ မုန့်လက်ဆောင်းကို မော့သောက်လိုက်တော့ အပူသက်သာသွားသလို ခံစားလိုက်ရသည်။ နေပူပူမှာ မုန့်လက်ဆောင်း အရသာက ချိုချိုအေးအေး မွှေးမွှေးလေးရယ်။

” သင်္ကြန်မိုးလည်း အမြန်ရွာမှပါပဲ … ပူတာပြောမနေနဲ့တော့ “

ပစ်တိုင်းထောင်က ဝတ်ထားတဲ့ အင်္ကျီစကိုဆွဲကာ တဖျတ်ဖျတ်ခပ်ရင်း ပြောသည်။ ရေထမ်းထားတာကြောင့် ချွေးတွေကလည်း ရွှဲနေတာမို့ ဝတ်ထားတဲ့ ချည်သားအင်္ကျီလေးကလည်း ရင်ဘတ်အထိ ချွေးတွေ ရွှဲစိုနေတာဖြစ်သည်။

” ကိုကြီး ဒင်္ဂါး … ကိုကို ရွှေဒင်္ဂါး “

” ဟေ ဟေ . ဗိုက်ပူလေး . ပြော . ရွှေမိလေးကရော ဘာပြောမလို့လဲ “

အပင်ရိပ်မှာ ထိုင်နေကြတုန်း အနားကို အပြေးရောက်လာတဲ့ ကလေးတစ်သိုက်ကြောင့် ဒင်္ဂါးက ပြုံးရွှင်ရင်း ဆီးကြိုလိုက်သည်။ ရွှေမိလေးကို လက်ကလေးဆွဲရင်းမေးတော့ ရွှေမိလေးကလည်း ဒင်္ဂါးပေါင်ပေါ်မှာ ဝင်ထိုင်သည်။

” သင်္ကြန်ပြီးသွားရင် ကိုကိုက ရွှေမိတို့ကို စာသင်ပေးမှာဆို ဟုတ်လား “

” ဟင် ဟုတ်တယ်လေ ရွှေမိလေးရဲ့ “

” သားတို့ အမေကပြောလိုက်တာ … အခါရက်ပြီးရင် ကိုကြီး ဒင်္ဂါးဆီမှာ စာသင်ရမယ်တဲ့ … အကြာကြီးသင်ရမှာလားဟင် ကိုကို “

ကလေးပီပီ အဆော့မက်စွာ စာမသင်ချင်တဲ့ ကလေးတွေကိုကြည့်ရင်း ဒင်္ဂါးပြုံးလိုက်မိသည်။ မျက်နှာလေးတွေက ရှုံ့မဲ့မဲ့လေးတွေမို့ နှပ်ချေးတရှုံ့ရှုံ့ဖြစ်နေတဲ့ ရွှေမိလေးကို ဒင်္ဂါးက မရွံမရှာ နှပ်ပင်ညှစ်ပေးလိုက်သေးသည်။

” သင်ရမှာပေါ့ ဗိုက်ပူလေးရဲ့ … နွေရာသီပြီးရင် ကျောင်းတက်ရတော့မယ်လေ “

ဗိုက်ပူလေးက အလိုမကျစွာ နှုတ်ခမ်းစူလာသည်။ သို့ပေမယ့် ကလေးတွေက ဒင်္ဂါးကို ချစ်ကြသည်မို့ အထွန့်လည်းမတက်ကြပါ။

” ဒါနဲ့ ကလေးတွေ မုန့်လက်ဆောင်းစားပြီးကြပြီလား “

” စားရသေးဘူး “

ကလေးတွေက ခေါင်းလေးတွေ တရမ်းရမ်းမို့ ဒင်္ဂါးပြုံးလိုက်သည်။

” အစ်မငွေမှုန်တို့ မိကဲတို့ဆီမှာ သွားတောင်းသောက်ကြနော် “

” ဟေး . မုန့်လက်ဆောင်းသောက်မယ် “

ကလေးတွေက မုန့်စားရမယ်လည်းဆိုရော ဒင်္ဂါးအနားကနေ ခပ်သွက်သွက်ပြေးသွားကြတာမလို့ အပင်အရိပ်အောက်မှာ ဒင်္ဂါးနဲ့ ပစ်တိုင်းထောင်သာ ကျန်ရစ်ခဲ့သည်။

” ခင်ဗျားက စာလည်းသင်တတ်တာပဲလား ရွှေဒင်္ဂါး “

” အင်း သင်တတ်တယ် . ရွာထဲက ကလေးတွေကို ကျွန်တော်ကပဲ သင်ပေးနေကျ … ရွာထဲက မူလတန်းကျောင်းမှာလည်း ဆရာမလောက်ရင် ကျွန်တော်ဝင်သင်ပေးတယ် “

မထင်မှတ်ထားပုံရတဲ့ ပစ်တိုင်းထောင်ရဲ့မျက်နှာမှာ အံ့ဩရိပ်တွေ ဖြတ်သန်းသွားသည်။

” နို့ . ခင်ဗျားက အတန်းပညာဘယ်အထိတက်ထားတာလဲ “

” ကျွန်တော်က ဟိုက်စကူးအောင်ပြီးသား “

” ဟမ် … “

ပစ်တိုင်းထောင်က အံ့ဩစွာနဲ့ ရွှေဒင်္ဂါးကို လှည့်ကြည့်လိုက်မိသည်။ ရွာမှာခပ်အေးအေးသာနေတတ်တဲ့ ရွှေဒင်္ဂါးက ပညာရေးမှာ ဟိုက်စကူးအောင်ပြီးသားလို့တော့ မထင်ထားခဲ့မိတာ အမှန်။

” ရီဂျင်နယ်ဆက်မတက်ဘူးလား ခင်ဗျား “

ရွှေဒင်္ဂါးက ပြုံးလို့ ခေါင်းရမ်းသည်။

” ဆက်တက်လည်း ပြီးရင်ရွာမှာပဲ အဘနဲ့ အစ်မငွေမှုန်တို့နဲ့ အတူတူပဲ နေဖြစ်မှာလေ… လယ်တွေကို ကျွန်တော်ပဲ ဦးစီးရမှာဆိုတော့ ရီဂျင်နယ်လည်း ဆက်မတက်ဖြစ်တော့ပါဘူး . ကျွန်တော်ကျောင်းဆက်တက်ရင် အဘနဲ့အစ်မ ပိုပြီးတာဝန်များလာမှာလေ… ကျွန်တော်တို့ကတောသူတောင်သားတွေဆိုတော့.. ဟိုက်စကူးအောင်ရင်ကိုပဲ တော်တော်စာတတ်နေပါပြီ “

ပစ်တိုင်းထောင်မှာ အံ့ဩရပါသည်။ တောရွာမှာနေတဲ့ ရွှေဒင်္ဂါးကတောင် ဟိုက်စကူးထိအောင်ပြီးသားမလို့ မြို့မှာနေပြီး ဟိုက်စကူးကို အခါခါကျနေတဲ့ ပစ်တိုင်းထောင်က အနည်းငယ်ရှက်မိတာကြောင့် မျက်နှာတွေတောင် ပူထူလာသလိုပင်။

” ပစ်တိုင်းထောင်က ဘယ်အတန်းရောက်ပြီလဲ “

” ဟိုက်စကူးမအောင်သေးဘူး “

” အော် . မတက်ရသေးဘူးပေါ့ “

” ကျတာ “

” အဲ့ “

ပစ်တိုင်းထောင်က ပြောင်ပြောင်တင်းတင်းပင် ပြန်ဖြေလိုက်သည်။ မအောင်ဘူးဆိုတာ ကျလို့လေ ဘာများထူးဆန်း။

” ဘာလို့အောင်အောင် မဖြေတာလဲ ပစ်တိုင်းထောင်က “

” ကျောင်းက ဆရာမလေးကို ဖွန်လိုက်ကြောင်နေလို့ “

ဒင်္ဂါးမှာ မေးမိတာမှားပြီဟုပင် တွေးလိုက်မိသည်။  ပစ်တိုင်းထောင်က ငယ်ငယ်ရွယ်ရွယ်နဲ့ တကယ်ကို မလွယ်ကြောလေး။

” စာမေးပွဲကျလို့ မြို့အုပ်မင်းက ပစ်တိုင်းထောင်ကို ဒီလွှတ်လိုက်တာလား “

” ကျုပ် စာမေးပွဲကျတာက အဆန်းမှမဟုတ်ပဲ… အဲ့လောက်နဲ့တော့ ရွာလွှတ်စရာလား “

” ဟင် ”

” ကျုပ်ကဟိုက်စကူးကျတာ သုံးခါရှိပြီ “

” ဟင် ”

ပစ်တိုင်းထောင်ဘေးမှာထိုင်ပြီး တဟင်ဟင်နဲ့အံ့သြနေတဲ့ရွှေဒင်္ဂါးကို စိတ်မရှည်ချင်တော့။

” တ ဟင်ဟင်နဲ့ ခင်ဗျားကဘာဖြစ်နေတာတုန်း ”

” ဟို. ဘာမှမဖြစ်ပါဘူး… ပစ်တိုင်းထောင်ကိုကြည့်ရတာ ဥာဏ်ကောင်းတဲ့ပုံပါပဲ ”

” ဥာဏ်ကောင်းတဲ့ပုံမဟုတ်ဘူး… ကျုပ်ကဥာဏ်ကောင်းပြီးသားပဲ ”

ချီးကျူးတာထက်ပိုပြီးမဏ္ဍပ်တိုင်တက်ပြနေတဲ့ ပစ်တိုင်းထောင်ကြောင့် ဒင်္ဂါး မချိုမချဥ်မျက်နှာထားနှင့် ခေါင်းညိတ်ပြလိုက်သည်။

” စာမေးပွဲကျတာက စာမရလို့မဟုတ်ဘူး… ကျုပ်ကဟိုက်စကူးမအောင်ချင်လို့… ကျုပ် သဘောကျနေတဲ့ဆရာမလေးက ဟိုက်စကူးသင်တာလေ… ကျုပ်သာဟိုက်စကူးအောင်သွားရင် ဆရာမလေးနဲ့ဘယ်တွေ့ရတော့မလဲ ”

ရည်ရွယ်ချက်ရှိရှိနဲ့ ဟိုက်စကူးအကျခံနေရတဲ့အကြောင်းကိုသိလိုက်ရတော့ ဒင်္ဂါးသြချမိသွားတယ်။ မြို့ပေါ်ကသူဌေးလေးတွေက ဒီလိုပဲစိတ်ရှိတိုင်းပြုမူတတ်တာလား။

” ဒါဆို ရွာလွှတ်လိုက်တာက ဆရာမလေးကိုသဘောကျနေတာ မြို့အုပ်မင်းတို့ကသိသွားလို့လား ”

” ဟမ့် . မဟုတ်ပါဘူး … ကျုပ်ပြဿနာရှာလို့လေ “

” ဟုတ်လား . ဘာများလဲ “

တော်တန်ရုံ ပြဿနာဆို မြို့အုပ်မင်းက ပစ်တိုင်းထောင်ကို ရွာအထိတော့ နှင်မလွှတ်လောက်ပေမယ့် ပစ်တိုင်းထောင်လုပ်တဲ့ပြဿနာကတော့ ကြီးလို့ကို မကောင်းကျောင်းပို့ လုပ်လိုက်ပုံရသည်။

” ဆရာမလေးရဲ့ မင်္ဂလာဆောင်ကို မူးပြီး ပြဿနာသွားရှာမိလို့ “

” အဲ့သလောက်ထိတောင်လား “

” အင်း “

” မြို့အုပ်မင်းကတော့ အတော်စိတ်ဆိုးနေမှာပဲ “

” စိတ်ဆိုးတာမှ ညတွင်းချင်း ကျုပ်ကို ရွာလွှတ်လိုက်တာလေ … မရီးဝင်တားတာတောင် မရဘူး . အရင်ကဆို ကိုကိုကြီးက မရီးစကားတစ်ခွန်းဆို တစ်ခွန်းပဲ … ကျုပ်မရီးက ကျုပ်ကို လွှတ်ချစ်တာဗျ . ကျုပ်ပြဿနာတစ်ခုခုရှာတိုင်း ကိုကိုကြီးကဆူရင် ကျုပ်ကလည်း မရီးအားကိုးနဲ့ ကြောက်မနေဘူး “

မိသားစုအကြောင်း ဒင်္ဂါးကို ပြောပြနေတဲ့ ပစ်တိုင်းထောင်မျက်နှာက ပြုံးရွှင်လို့ ကြည်လင်နေသည်။ မင်းကန်ရိုးရွာကိုရောက်တာ အချိန်တစ်ခု‌လည်း ရှိနေပြီမို့ ပစ်တိုင်းထောင်က မိသားစုကိုလည်း လွမ်းနေပုံ။

” မင်္ဂလာဆောင်ထိတောင် သွားပြဿနာရှာတာ‌ဆို‌တော့ ဆရာမလေးကို အတော်ချစ်တာပဲ ပစ်တိုင်းထောင်က ”

ပစ်တိုင်းထောင်က သက်ပြင်းတစ်ချက်ချရင်း ခေါင်းညိတ်သည်။

” ချစ်ဆို ဆရာမလေးက ကျုပ်အချစ်ဦးကိုးဗျ … ဆရာမလေးကတော့ ကျုပ်ကို ငယ်သေးတယ်ဆိုပြီး ယောက်ျားယူသွားတယ်လေ “

” အခုရော ချစ်ဦးမှာပေါ့ “

” ဟာ . ရွှေဒင်္ဂါး … ပေါက်တက်ကရ “

တင်ပျင်ခွေထိုင်နေတာမလို့ ပစ်တိုင်းထောင်က သူ့ပေါင်သူ အားရပါးရရိုက်ရင်း ပြောလိုက်တာကြောင့် လန့်သွားပုံရတဲ့ ရွှေဒင်္ဂါးက တုန်တက်သွားသည်။

” ဟိုကဖြင့် လင်ယူပြီးလို့ ဒီချိန် ကလေးတောင် ရနေလောက်ပေါ့ … ကျုပ်က ချစ်သေးစရာလား “

” မဟုတ်ဘူးလေ . ဒီတိုင်းမေးကြည့်တာကို “

” ဟ ! ဟိုက်စကူးအောင်ပြီးပြီလည်း ပြောသေး … စဉ်းစားလေ ရွှေဒင်္ဂါး “

” ဟိုက်စကူးအောင်ပြီးတာနဲ့ ဘာဆိုင်လို့တုန်း “

မျက်စောင်းတခဲခဲနဲ့ ပြန်ပြောလာတဲ့ ရွှေဒင်္ဂါးကြောင့် ပစ်တိုင်းထောင်က ဆက်မပြောချင်တော့ပဲ အကြည့်လွှဲလိုက်သည်။

” ကျုပ်က ကိုကိုကြီး ဒီကိုလွှတ်တော့ . လာချင်တာမဟုတ်ဘူး “

” ဘာလို့တုန်း “

” ဟာ . ရွာဆို ကျုပ်သိထားတာက ဖုန်ထူထူနေပူပူကြီးလေ . စိတ်ပျက်စရာကြီး … ရောက်လာတော့လည်း နေကပူလိုက်တာမှ ပြောမနေနဲ့ “

” အဲ့တော့ ပစ်တိုင်းထောင်က ဒီမှာနေရာတာ မပျော်ဘူးပေါ့ “

ဒင်္ဂါးမေးလိုက်တော့ ပစ်တိုင်းထောင်က ခေါင်းရမ်းသည်။

” အခုတော့ ထင်ထားသလောက်လည်း မဆိုးပါဘူး . ရွာမှာနေရတာလည်း ပျော်ပါတယ် “

” ….. “

” ဘာပြုံးတာတုန်း ခင်ဗျားက “

” အယ် “

ကိုယ့်ကိုယ်ကိုယ်ပင် မသိလိုက်စွာ ပြုံးလိုက်မိတာကြောင့် ပစ်တိုင်းထောင်က မေးကာမှသာ ဒင်္ဂါးအပြုံးတွေ ရပ်တန့်သွားသည်။

” အဟမ်း … သင်္ကြန်ဆို ရွာမယ် ဒီ့ထက်တောင် ပျော်စရာကောင်းဦးမယ် “

” ဟမ့် … ကြည့်ရသေးတာပေါ့ “

” ဟော် … တကယ်ပါ “

ဒင်္ဂါးက တင်ပျင်ခွေထိုင်နေရာကနေ ဒူးနှစ်ဖက်ကိုထောင်လို့ လက်နှစ်ဖက်နဲ့ ပွေ့ပိုက်ရင်း ပြောင်းထိုင်လိုက်သည်။ ‌

” ဟိုက်စကူးပြန်မဖြေတော့ဘူးလား “

” အမ် . ဖြေတော့ဖြေရမှာပေါ့ … ဟိုက်စကူးမအောင်ရင် ကိုကိုကြီး သိက္ခာကျနိုင်တယ်လေ “

ဒင်္ဂါးက ခေါင်းညိတ်ပြလိုက်သည်။ အခုလိုကျတော့လည်း အစ်ကိုကို သိတတ်နေလိုက်တာများ။

” ခင်ဗျားကို မေးဦးမယ် ရွှေဒင်္ဂါး “

” အင်း . မေးလေ “

” ခင်ဗျားနာမည်က ဘယ်သူ “

” အမ် “

ဒင်္ဂါး အံ့ဩလွန်းလို့ မျက်တောင်တွေကို ပုတ်ခတ်ပုတ်ခတ်ပင် လုပ်လိုက်မိသည်။ တစ်အိမ်တည်း အတူတူနေလာတာ လချီရှိနေပြီကို ပစ်တိုင်းထောင်က ဒင်္ဂါး‌နာမည်ကို မသိဘူးတဲ့လားလေ။

” နေ … “

” နေမင်းပုညလေ ကျုပ်သိသား … “

ဖြေမယ်ပြင်လိုက်‌ပြန်တော့လည်း ပစ်တိုင်းထောင်က ဖြတ်ပြီးပြောလာပြန်သေးသည်။

” ကျုပ်သိချင်တာ နေမင်းပုညက ဟုတ်ပါပြီ … ရွှေဒင်္ဂါးလို့ ဘာလို့ခေါ်ကြတာလဲ “

” ပစ်တိုင်းထောင်လိုပဲလေ … ‌လုလင်မောင်မောင်ဆိုပြီး ဘာလို့ ပစ်တိုင်းထောင်လို့ ခေါ်လဲ “

” ကျုပ်အရင်မေးတာလေ “

” ဟားဟား … “

ဒင်္ဂါးက သဘောတကျရယ်လိုက်‌တာကြောင့် ပစ်တိုင်းထောင်က ဘာမှမပြောပဲ ဒင်္ဂါးအဖြေကို စောင့်နေလေဟန် အကြည့်မလွှဲတမ်း စိုက်ကြည့်နေသည်။

” ကျွန်တော်မွေးတော့ အရမ်းပူတဲ့ရာသီလေ … အဘက လေသာတဲ့ အိမ်ခေါင်းရင်းမယ် ကလေးပုခက်ထားဖို့ နေရာလုပ်မယ်ဆိုပြီး တိုင်စိုက်ဖို့ မြေကျင်းတူးတာ ဒင်္ဂါးပြားလေး တစ်ခုတွေ့တယ်လေ “

” အင်း … “

” အစကတော့ ဘာရယ်မဟုတ် ငွေစလေးဆိုပြီး အဘက သိမ်းထားတာတဲ့ … အဲ့လိုကနေ ကျွန်တော်မွေးပြီးမကြာဘူး . သီးနှံတွေလည်း အရမ်းဖြစ်ပြီး စီးပွားတက်တယ်လေ . ပြီးတော့ သူကြီးဖြစ်သွားတာလည်း ကျွန်တော်မွေးပြီး မကြာဘူး … အဘက အဲ့ကတည်းကနေ အခုထိ သူကြီးဖြစ်လာတာ … စီးပွားကလည်း အရမ်းတက်ဆိုတော့ သမရိုးကျမဟုတ်ဘူးဆိုတာ အဘကရိပ်မိပြီး ကျွန်တော့်ကြောင့်ရော တွေ့ထားတဲ့ ဒင်္ဂါးပြားလေးကြောင့်ရောလို့ ယုံထားတာ … အဲ့တာနဲ့ ကျွန်တော့်ကို အိမ်အခေါ်နာမည် ရွှေဒင်္ဂါးလို့ပေးထားတာပဲ “

” ဪ … ထူးဆန်းသား “

ပစ်တိုင်းထောင်က နားလည်သွားဟန် ခေါင်းညိတ်တော့ ဒူးနှစ်လုံးပေါ် မေးတင်ထားတဲ့ ရွှေဒင်္ဂါးက ခြေချောင်းလေးတွေကို ဆော့ကစားနေရင်း ပြုံးသည်။

” ပစ်တိုင်းထောင်ကရော “

” ကိုကိုကြီးပြောတာတော့ ပစ်တိုင်းထောင်ဆိုတဲ့နာမည်ကို အဖေတို့အမေတို့ပေးခဲ့တာတဲ့… ကျုပ်ကိုဘယ်အခြေအနေ၊ ဘယ်ဒုက္ခပဲကြုံကြုံ မပြိုလဲပဲကြံ့ကြံ့ခိုင်ရပ်တည်နိုင်အောင်လို့ဆိုပြီး ပေးခဲ့တာလို့ပြောတာပဲ… နာမည်ပဲစီးသလားတော့မပြောတတ်ဘူး… ကျုပ်ကဘယ်နေရာရောက်ရောက် လက်မတထောင်ထောင်ပဲ… အဟား “

သူ့နာမည်သူပြောပြီး သဘောကျနေတာကြောင့် ဒင်္ဂါးလည်းလိုက်ပြုံးမိသည်။ အပင်ရိပ်မှာ ဒင်္ဂါးနဲ့ ပစ်တိုင်းထောင်တို့ နှစ်‌ယောက်သား ခပ်ကြာကြာ စကားပြောဖြစ်ကြသည်။

ရွာကိုရောက်ကတည်းက ဒင်္ဂါးနဲ့ ပစ်တိုင်းထောင်တို့က အထူးတလည် စကားမပြောဖြစ်တာကြောင့် အခုကျတော့လည်း တစ်ယောက်ကိုတစ်ယောက် ရင်းနှီးမှုက ပိုလာသလိုပင်။ အခုလည်း စကားပြောရ အဆင်ပြေသည်မို့ ပစ်တိုင်းထောင်က ထင်သလောက်လည်း မဆိုးကြောင်း ဒင်္ဂါးတွေးမိပါတော့သည်။

>>>>>>>>>>

ဆက်ရန်
Yellowish_One 💛
(၁၃-၄-၂၀၂၄)

Tags: read novel Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၉), novel Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၉), read Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၉) online, Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၉) chapter, Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၉) high quality, Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၉) light novel, ,

Comment

Leave a Reply

Chapter 17