Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၁၀)

A+ A-

double update မို့ အရှေ့က အပိုင်း – (၉) ကို အရင်ဖတ်ပါ။

>>>>>>>>>>

ခြံရှေ့က ဆူဆူညံညံ အသံတွေကြောင့် ပစ်တိုင်းထောင် အိပ်နေရာ‌ကနေ နိုးလာသည်။ ပြတင်းပေါက်တွေ ဖွင့်ထားတာကြောင့် တိုးဝင်လာတဲ့ နေရောင်စူးစူးက အခန်းပတ်ဝန်းကျင်မှာ လင်းထိန်နေသည်။ နေအလင်းရောင်ကို ကြည့်ခြင်းအားဖြင့် အ‌ချိန်မစောတော့ဘူးဆိုတာ သိလိုက်တာကြောင့် ပစ်တိုင်းထောင် မျက်လုံးတွေကို လက်ခုံနဲ့ဖိပွတ်ရင်း လှဲအိပ်နေရာမှ ထထိုင်လိုက်သည်။

” ကိုဒင်္ဂါး … ဟိုနားက ပန်းလေးချိုးပေးဦး “

” အဲ့နားက ပန်းများတယ်တော့ . အဲ့အခက်ကလေး မိကဲကို ချိုးပေး “

အိပ်မှုန်စုံမွှားဖြစ်နေတုန်း ခြံရှေ့ကနေ ထပ်မံကြားလိုက်ရတဲ့ အသံတွေကြောင့် ပစ်တိုင်းထောင် မျက်မှောင်ကျုံ့လိုက်မိသည်။ မနက်စောစောစီးစီး သူများအိမ်ရှေ့မှာ ဆူဆူညံညံဖြစ်နေတာမလို့ ထွက်ကြည့်ဖို့ပြင်ကာ ခြင်ထောင်ကို လှန်တင်လိုက်သည်။

” ဟ . လေတိုက်နေတာပဲ “

ခြင်ထောင်ကို လှန်တင်တင်ချင်း ပစ်တိုင်းထောင်မျက်နှာကို ဝှေ့တိုက်လာတဲ့ လေအေးတွေကြောင့် ပြုံးလိုက်မိသည်။ ပုံမှန်ဆို လေတိုက်ရင်တောင် ပူနွေးခြောက်သွေ့တာမို့ မိုးနံ့ပါတဲ့လေကြောင့် ပစ်တိုင်းထောင် သဘောခွေ့သွားရသည်။

” အငယ် … အစ်မကို အခက်တွေ ပစ်ချပေးချေ … မနိုင်မနင်းနဲ့ ပြုတ်ကျဦးမယ် “

မျက်လုံးတွေကိုမှိတ်လို့ တိုက်ခတ်နေတဲ့လေကို ခံစားနေရင်း ကြားလိုက်ရတဲ့ အစ်မငွေမှုန်အသံကြောင့် ထိုင်နေရာကနေ ထရပ်လိုက်သည်။

ပြတင်းပေါက် အပေါ်အောက်နှစ်ဆင့်ရှိပေမယ့် အောက်ဘက်က ပြတင်းပေါက်ကိုသာ ဖွင့်ထားတာမလို့ ပစ်တိုင်းထောင်က အပေါ်ဘက်အဆင့် ပြတင်းပေါက်ကို ဆွဲဖွင့်လိုက်သည်။ 

” ပိတောက်ပန်းတွေ … “

ပြတင်းပေါက်ဖွင့်ဖွင့်ခြင်း အပေါ်ထပ်ကနေ လှမ်းမြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ပစ်တိုင်းထောင် ပါးစပ်အဟောင်းသားဖြစ်သွားသည်။ သူကြီးတို့ခြံထောင့်က ပိတောက်ပင်ကြီးမှာ ပိတောက်ပန်းတွေက ဝါထိန်နေအောင် ပင်လုံးကျွတ် ပွင့်နေခြင်းကြောင့်ဖြစ်သည်။

” သင်္ကြန်အကြိုနေ့ပဲ “

ပစ်တိုင်ထောင် ခပ်တိုးတိုးရေရွတ်လိုက်သည်။ သင်္ကြန်မှာ သစ္စာရှိလှတဲ့ ပိတောက်တွေက သင်္ကြန်မိုးလေး ခပ်ဖွဲဖွဲဆွတ်ဖျန်းရုံနဲ့တင် ဝေဝေဆာဆာပွင့်နေပြီဖြစ်သည်။ ပိတောက်ပန်းတွေကို မြင်ကာမှ မနေ့ညက သင်္ကြန်မိုးရွာတာကို သတိရတော့သည်။

ညညဆို ပူအိုက်လွန်းတာမလို့ ပြတင်းပေါက်တွေ ဖွင့်အိပ်တဲ့ ပစ်တိုင်းထောင်ကြောင့် မိုးရွာတဲ့အခါ ရွှေဒင်္ဂါးက ပြတင်းပေါက်တံခါးတွေ ထပိတ်တာကို မှတ်မိသေးသည်။ ပစ်တိုင်းထောင်ကတော့ မိုးရွာနေတဲ့အချိန် ရာသီဥတုက နေလို့ကောင်းပြီး ‌အိပ်ကောင်းနေတာမို့ ထတောင်မကြည့်မိခဲ့ပါ။ အခုတော့ သင်္ကြန်မိုးဖြစ်ကြောင်း သက်သေအဖြစ် ခြံရှေ့မှာ ဝါထိန်နေတဲ့ ပိတောက်ပင်ကြီးက သက်သေပြနေပြီဖြစ်သည်။

” ရွှေဒင်္ဂါး … “

ပစ်တိုင်းထောင်က မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် မျက်လုံးပြူးသွားရသည်။ ရွှေဒင်္ဂါးက ပိတောက်ပင်ခွကြားမှာရောက်နေပြီး ပိတောက်ခက်တွေကို တစ်ခက်ပြီးတစ်ခက် ချိုးချနေသည်။ အပင်အောက်မှာလည်း အစ်မငွေမှုန်အပါအဝင် မိကဲတို့အုပ်စု။ ခုနက နိုးနိုးချင်းကြားလိုက်ရတဲ့ အသံတွေက မိကဲတို့အသံတွေပဲ ဖြစ်လိမ့်မယ်။

” ဒီလူကတော့ … ပြုတ်ကျရင် ကျိုးကန်းကုန်တော့မှာပဲ “

ပိတောက်ပင်က အတော်အတန်ကြီးတာမလို့ ပင်စည်ကလည်း မြင့်မားသည်။ ရွှေဒင်္ဂါးရောက်နေတဲ့ အပင်ခွကြားကလည်း မြေပြင်ကနေဆို အတော်ကိုမြင့်တာမလို့ ပုဆိုးလေးခါးတောင်းကျိုက်ထားတဲ့ ရွှေဒင်္ဂါးက လက်တစ်ဖက်က ပင်စည်ကိုဖက်လို့ လက်တစ်ဖက်က အောက်ကအုပ်စု လက်ညှိုးညွှန်ရာက ပိတောက်ပန်းတွေကို လိုက်ခူးနေတာပဲ ဖြစ်သည်။ မိကဲတို့အုပ်စုက အထွန့်တက်စွာ အဖျားအနားလေးက ပိတောက်ပန်းကို ညွှန်ပြပြန်ရင်လည်း ကိုရွှေရွာသားက သစ်ကိုင်းပေါ်မှာ မတ်တပ်ရပ်လို့ လှမ်းခူးပေးသေးတာ။

ပစ်တိုင်းထောင်လည်း ပြတင်းပေါက်ကနေ ပြန်လှည့်ထွက်လာပြီး ညအိပ်ဝတ်ထားတဲ့ အဝတ်အစားတွေကို ခပ်သွက်သွက်လဲလိုက်သည်။ နေပူတာကြောင့် မရီးဖြစ်သူ ထည့်ပေးလိုက်တဲ့ ချည်အင်္ကျီကိုသာ ထည်လဲဝတ်ရင်း ပုဆိုးကြမ်းတစ်ထည်ကို ကောက်ဝတ်လိုက်ပြီးနောက် ခပ်မြန်မြန် အိမ်အောက်ကို ဆင်းလာခဲ့သည်။

အိမ်အောက်ရောက်တော့ ရေတုံကင်ရှိတာကို ခပ်သွက်သွက်ပြေးရင်း သွားတိုက်မျက်နှာသစ်ခြင်းအမှုကို ပြုရသည်။ မျက်နှာသစ်လို့ပြီးတော့ ရေစိုနေတဲ့မျက်နှာကိုတောင် သေချာမသုတ်အားပဲ ဝတ်ထားတဲ့ ချည်အင်္ကျီကိုသာလှန်ပြီး မျက်နှာကိုဖိသုတ်လိုက်ပြီး ခြံရှေ့ကို ထွက်ခဲ့လိုက်သည်။ 

” ရွှေဒင်္ဂါး … ”

အစ်မငွေမှုန် လက်ညှိုးထိုးပြတဲ့ ပိတောက်ခက်ကလေးကို လက်လှမ်းနေတုန်း ကြားလိုက်ရတဲ့ ခပ်ကျယ်ကျယ်အော်သံကြောင့် ဒင်္ဂါးတုံ့ခနဲဖြစ်သွားပြီး ပြုတ်မကျအောင် ပိ‌တောက်ပင်ရဲ့ ပင်စည်ကို ကျစ်နေအောင် ဖက်ထားလိုက်သည်။ အသံကြား‌တာနဲ့ ဘယ်သူလဲဆိုတာပင် လှည့်ကြည့်စရာမလို။ နာမည်ခေါ်သံကို နားထောင်ကြည့်တာနဲ့ပင် ရွှေဒင်္ဂါးကို အကြီးတစ်ယောက်လို ဆူတော့မယ်ဆိုတာ နားလည်လိုက်သည်။

” အပင်ပေါ်ကို ဘာတက်လုပ်နေတာတုန်း ခင်ဗျား ”

ပစ်တိုင်းထောင် ပိတောက်ပင်အောက်ရောက်ရောက်ချင်း အသံမာမာနဲ့ပြောလိုက်တော့ အပင်ပေါ်က ကိုရွှေတောသားသာမက အပင်အောက်မှာစုရပ်နေကြတဲ့ မိကဲတို့တစ်စုပါ ငြိမ်ကြသွားသည်။ အစ်မငွေမှုန်ကတော့ ပစ်တိုင်းထောင်ကိုကြည့်ပြီး ယောင်ယောင်လေးပြုံးသည်။

” ဟို ပိတောက်ပန်းခူးပေးနေတာ အစ်မငွေမှုန်တို့အတွက် … “

” ဆင်းစမ်း . ဆင်းစမ်း … ခင်ဗျားဆင်းစမ်း “

ပစ်တိုင်းထောင်က လက်တစ်ဖက်က ခါးကြီးထောက်လို့ အပင်ပေါ်ကိုမော့ကြည့်ရင်း လက်ယပ်ခေါ်လိုက်ပေမယ့် အပင်ပေါ်က သကောင့်သားက ပင်စင်ကြီးကိုဖက်ပြီး ပြူးကြောင်ကြောင်နဲ့ ဆက်ကြည့်နေသည်မို့ ပစ်တိုင်းထောင် စိတ်မရှည်စွာ ဖိဟောက်လိုက်သည်။

” ပြောနေတာမကြားဘူးလား ရွှေဒင်္ဂါး … ဆင်းလာခဲ့တော့ ”

” ဟို ဆင်းမှာပါ … မိကဲခူးခိုင်းတဲ့ အခက်ကလေးခူးပြီးရင် ဆင်းမယ် “

” ဟာ . ဒီလူ … ပြောနေတာကို အထွန့်တက်နေပြန်ပြီ … မဆင်းဘူးလား … ခဲနဲ့ ထုရမလားပြော “

” ဟာ . ဆင်းမယ် . ဆင်းမယ်လို့ ပစ်တိုင်းထောင် ”

အပြောနဲ့ အလုပ်ညီစွာ ပစ်တိုင်းထောင်က အပင်အောက်မှာ ခဲလုံးကုန်းရှာနေပြီမလို့ ဒင်္ဂါးလည်း အပင်ပေါ်ကနေ ခပ်သွက်သွက်ဆင်းလာရသည်။ အပင်အောက်ကိုရောက်တော့ ခါးကြီးထောက်လို့ မျက်နှာတည်ကြီးနဲ့ ဒင်္ဂါးကိုစိုက်ကြည့်နေတဲ့ ပစ်တိုင်းထောင်ကြောင့် သွားဖြဲရယ်ပြလိုက်သည်။ မကြည်ကြည့်နဲ့ ဒင်္ဂါးကိုစိုက်ကြည့်လာပြီး အကြည့်လွှဲကာ ခါးကြီးထောက်လို့ မိကဲတို့ကို လှည့်ကြည့်သည်။

” ဒီမယ် … နင်တို့ကလည်း လွန်လွန်းတယ် … ပန်းခူးခိုင်းတာ တစ်ပင်လုံးကအပွင့်တွေကိုလိုချင်နေတာလား… အဲ့ဒါဆိုလည်း ကျုပ်အပင်ပြတ် ခုတ်ပေးလိုက်မယ်… ဘယ်နှယ့် တစ်ပင်တည်းမှာပွင့်တဲ့ ပန်းချင်းအတူတူပဲကို ကိုင်းဖျားတွေကိုင်းနားတွေ ရွေးနေသေးတယ် … အပင်အောက်ကနေပြီး လက်ညှိုးထိုးပြီး ခိုင်းနေလိုက်တာများ ဟိုအခက် ဒီအခက်နဲ့ “

” အယ် ကိုပစ်တိုင်းထောင်ကလည်း . မိကဲတို့က ဘုရားလည်းတင်ရအောင် ပန်းပွင့်တာများတဲ့ အခက်ကလေးတွေ ခူးခိုင်းမိတာကို “

” အဲ့လိုပြောပြီး ညည်းတို့ခေါင်းပေါ်ပဲရောက်မှာကို ငါမသိတာကျနေတာပဲ “

” ကိုပစ်တိုင်းထောင်ကလည်း မိကဲတို့ကိုချည်း ဖိဟောက်နေတာပဲ … ခူးခိုင်းတဲ့အထဲ အစ်မငွေမှုန်လည်း ပါတာပဲကို “

မိကဲက ပစ်တိုင်းထောင်ကို ကြောက်လို့သာ တော်တော့သည်။ ပစ်တိုင်းထောင်တစ်ခွန်းဆို တစ်ခွန်းပြန်ပြောတာများ ပက်ခနဲပက်ခနဲ။ မိကဲက ညှောင့်ပေးလိုက်ပြီမလို့ ပစ်တိုင်းထောင်ရဲ့ အကြည့်တွေက အစ်မငွေမှုန်ဆီ ရောက်သွားတော့သည်။

” အစ်မငွေမှုန်လည်း အတူတူပဲ … ကိုယ့်မောင်ကိုယ် မစိုးရိမ်တဲ့အတိုင်းပဲ… အစ်မအဆိုးဆုံး … ဟိုမယ် ရွှေဒင်္ဂါးကဖြင့် ထိပ်ဖျားရောက်ပြီး ဇောက်ထိုးကျတော့မယ် “

” အို … မောင်ငယ်ရယ် . အစ်မက အငယ့်ကို အန္တရာယ်ဖြစ်အောင်လို့တော့ ခိုင်းမလားလို့ ”

” မခိုင်းဘူးပြောပြီး ခိုင်းနေတာပဲလေ . ဘယ့်နှယ် မိုးကဖြင့်ရွာထားပါတယ်ဆို ချောကျလို့ ကျိုးကန်းနေရင် အစ်မ တစ်သက်လုံး ယောက်ျားမယူပဲ ရွှေဒင်္ဂါးကို ပြုစုနေရမယ် “

” မောင်ငယ်ရယ် . ဖတ် ဖတ် ဖတ် … မဟုတ်တာတွေ … အငယ်က အရင်ကလည်း တက်နေကျပါ “

ပစ်တိုင်းထောင်က ဆက်မပြောတော့ပဲ အစ်မငွေမှုန်ကိုသာ စိမ်းစိမ်းကြီးစိုက်ကြည့်နေတော့သည်။ ဒင်္ဂါးမှာသာ ဝင်မပြောရဲတာမို့ ကြားထဲမှာ ကုတ်ကုတ်ကလေးရယ်။

” ဟော့ … အိမ်ရှေ့မယ် စုစု စုစုနဲ့ ဘာဖြစ်နေကြတာလဲ “

” ဟာ သူကြီး … အယ် . မိစွာ … မိုက်မိုက်စန်း … အစောကြီး ဘယ်ကပြန်လာကြတာလဲ “

အပြင်ကနေ ပြန်လာပုံရတဲ့ သူကြီးနဲ့အတူ အနောက်မှာ မိစွာနဲ့ မိုက်မိုက်စန်းကလည်း အတန်းလိုက်လေး ပါလာတာမလို့ မေးလိုက်မိသည်။ မိစွာနဲ့ မိုက်မိုက်စန်းကိုမြင်ကာမှ ကိုယ့်ဇောနဲ့ကိုယ်မလို့ ခြံထဲဆင်းလာကတည်းက မိစွာနဲ့ မိုက်မိုက်စန်းကို မမြင်မိမှန်းသတိရတော့သည်။

” ဆရာတော့်ကျောင်းမှာ သီလသွားယူနေတာလေ … ပြီးတော့ သင်္ကြန်တွင်း အစီအစဉ်တချို့ကို ဆရာတော်နဲ့ ‌တိုင်ပင်နေတာ … မနက်အစောကြီး လင်းတောင်မလင်းသေးဘူး . ဆရာတော့်ကျောင်း ထသွားတာကို မိစွာနဲ့ မိုက်မိုက်စန်းက နောက်ကနေပါလာလို့ ခေါ်သွားလိုက်တာ “

” သူကြီးက အစောကြီးသီလယူခဲ့ပြီပေါ့ “

” အေး . မင့်သမီးတွေတောင်ပါသေး “

ပစ်တိုင်းထောင်မျက်နှာကြီး ရှံ့မဲ့သွားသည်။ စောစောထတဲ့ ခွေးကတောင် ဘုန်းကြီးကျောင်းမယ် သီလယူပြီးပေမယ့် အိပ်ရာထနောက်ကျတဲ့ ပစ်တိုင်းထောင်ကတော့ သီလမယူရသေးဘူးဆိုတဲ့ သဘော။

” ဒီမောင်နှမနှစ်ယောက်ကရော ဘာလုပ်နေကြတာတုန်း . မိကဲတို့ကရော “

” ပိတောက်ပန်းခူးနေကြတာပါ အဘရယ် … နှစ်တိုင်း အငယ်ကပဲ ခူးပေးနေကျဆိုတော့ အငယ့်ကို ခူးခိုင်းတာကို မောင်ငယ်က သမီးတို့ကို ဆူနေလေရဲ့ … ပြုတ်ကျမှာစိုးလို့တဲ့ “

” ဟာ … သူကြီးပဲ စဉ်းစားကြည့်လေ “

ပစ်တိုင်းထောင်က မျက်နှာကြီးကလည်းတင်းချီလို့ သူကြီးကို ပြောတော့မယ့်ပုံကြောင့် မိကဲတို့ကလည်း ခူးပြီးသား ပိတောက်ခက်တွေကို မ,လို့ အိမ်ပြန်ပြေးတော့သည်။ ဒင်္ဂါးနဲ့ အစ်မငွေမှုန်ကသာ ထပ်ပြီး နားအငြီးခံရတော့မှာကိုတွေးပြီး အဘအနားမှာ ကျန်ရစ်ခဲ့တော့သည်။

” အေး အေး . စဉ်းစားပါ့မယ်ကွာ … အခုတော့ လာပါဦး . ကွပ်ပျစ်ပေါ်သွား‌ထိုင်ကြတာပေါ့ … နေမြင့်လာပြီ “

ဦးမင်းငွေက ချော့ချော့မော့မော့ခေါ်တော့ မျက်နှာကြီးတင်းချီထားတဲ့ ပစ်တိုင်းထောင်က နှာတစ်ချက်မှုတ်ရင်း အနောက်ကနေ လိုက်လာသည်။

” ဘာဖြစ်သလဲ ပစ်တိုင်းထောင်ရဲ့ “

” ရော် . သူကြီး … ရွှေဒင်္ဂါးလေ … လှေကားမပါ ဘာမပါနဲ့ အပင်တက်နေတယ် “

” ဟေ . ဒင်္ဂါးက အပင်တက်ကျွမ်းပါတယ် ပစ်တိုင်းထောင်ရယ် “

” အပင်တက်ကျွမ်းလည်း လှေကားလေးတော့ ထောင်မှပေါ့ … မိုးကရွာထားတာ ‌. ချောကျလို့ ကျိုးကန်းသွားရင် “

” မောင်ငယ်ရယ် … မဖြစ်ပါဘူးဆို … အငယ်က မွေးကတည်းက တောမှာပဲကြီးလာတယ်ဆိုတာလည်း သတိရပါဦး . တကတည်း သူ့အစ်ကိုကို စိတ်ပူနေလိုက်တာ “

ပစ်တိုင်းထောင်စကားကို အစ်မငွေမှုန်က စိတ်မရှည်စွာဖြတ်ပြောကာမှ ပစ်တိုင်းထောင်က ပါးစပ်ပိတ်သွားတော့သည်။

” ဒါနဲ့ … နေစမ်းပါဦး . ခွေးပု . ခွေးပုပျောက်နေတယ် … ခွေးပု … ဟေ့ကောင် ခွေးပု . ခေါ်‌နေတာမကြားဘူးလား . အိပ်ရာမထသေးဘူးလား “

စကားပြောနေကြရင်း အခုမှသာ ခွေးပုကို သတိရသွားပုံရတဲ့ ပစ်တိုင်းထောင်က အိမ်ရှေ့ကွပ်ပျစ်ပေါ်ကနေ အိမ်မကြီးဘက်လှည့်လို့ အသံကျယ်ကျယ်နဲ့ လှမ်းခေါ်သည်။

” ခွေးပု မရှိဘူး . ပစ်တိုင်းထောင် “

” အမ် . ဘယ်သွားတုန်း “

တစ်ယောက်တည်း အိပ်ရာထနောက်ကျနေတာကြောင့် ဘာမှသိပုံမရတဲ့ ပစ်တိုင်းထောင်က ဒင်္ဂါးဘက်ကို ပြန်လှည့်လာသည်။

” မယ်တင်တို့အိမ် ပိတောက်ပန်းသွားပေးမယ်ဆိုပြီး မနက်အစောကတည်းက ပန်းတွေခူးပြီး ထွက်သွားပြီ ”

” ဘာ …! မနက်အစောကြီးကတည်းက ထွက်သွားတယ် ”

” သင်္ကြန်အကြိုဆိုတော့ ရေလည်းလောင်းမို့တဲ့ “

” ဟ . ခွေးပု … လာပလေ့စေဦး . စောစောစီးစီးထွက်သွားတာ … ဒင်းကတော့ ဖွန်ပတ်ကြောင်နေပြီ “

ပစ်တိုင်းထောင်မှာ တစ်ယောက်တည်းကျန်နေခဲ့တာကြောင့် ကျိတ်မနိုင်ခဲမရ။ လက်သီးကိုဆုပ်ထားလိုက်ပြီး တစ်ဖက်ကလက်ဖဝါးနဲ့ တဖျတ်ဖျတ်ရိုက်ကာ ခွေးပုကို ကြိမ်းနေလိုက်သည်။

” ဪ … ခွေးပုက မိန်းမလိုက်ပိုးပန်းနေလည်း ပစ်တိုင်းထောင်ကတော့ ကုသိုလ်ရေးလုပ်ပေါ့ “

” ကျုပ်က ဘာလုပ်ရမှာတုန်း “

” နေ့ခင်းကျရင် ဆရာတော်က သီလထပ်ပေးဦးမှာ … မင်းတို့ မောင်နှမတွေ ဆရာတော့်ကျောင်းကို နေ့ဆွမ်းသွားပို့ချေ “

သူကြီးစကားကြောင့် ပစ်တိုင်းထောင် မျက်ခုံးပင့်လိုက်မိသည်။ ထိုင်နေရာကနေ ရွှေဒင်္ဂါးနဲ့ အစ်မငွေမှုန်ကို လှည့်ကြည့်လိုက်တော့လည်း ရွှေဒင်္ဂါးက ခေါင်းညိတ်ပြသည်။

” အစ်မငွေမှုန်က နေ့ဆွမ်းတောင် ချက်ပြီးနေပြီ … ခဏနေရင် သွားကြတော့မှာ … ပစ်တိုင်းထောင် လိုက်မယ်မဟုတ်လား “

” လိုက်မှာ . ရေချိုးဦးမယ် “

” အင်း . ချိုးပါ … စောင့်နေပါ့မယ် … ကျွန်တော်တို့က ချိုးပြီးနေပြီ “

ပစ်တိုင်းထောင်က စဉ်းစားသလို တစ်ချက်လုပ်လိုက်ပြီးမှ ရွှေဒင်္ဂါးကို ခေါင်းညိတ်ပြလိုက်သည်။

” အဲ့တာဖြင့် သွားချိုးပြီ “

ပြောပြီးတာနဲ့ ကွပ်ပျစ်ပေါ်ကနေထကာ အိမ်အပေါ်ဘက်ကို ပြေးတက်သွားတဲ့ ‌ပစ်တိုင်းထောင်ကြောင့် ရွှေဒင်္ဂါးတို့ သားအဖတွေက လိုက်ကြည့်မိကြသည်။

” အဘရောက်လာလို့ တော်သေးတယ် အဘရေ … မဟုတ်ရင် သမီးတို့ကို ဘယ်အချိန်ထိ အကြီးလိုမျိုး ဆူငေါက်နေမလဲ မသိဘူး … မောင်ငယ်ကလေ တကယ်ဘုကန့်လန့်လေး “

” အပြောလေးသာဆိုးတာ . စိတ်ရင်းလေးကမဆိုးပါဘူး “

” ဟုတ်ပါ့ အဘရယ် … အငယ့်ကို မိုးရွာထားတာတောင် သစ်ပင်အမြင့်ပေါ်တက်နေလို့တဲ့ ဆူနေလိုက်တာများ “

အိမ်ရှေ့ကွပ်‌ပျစ်ပေါ်မှာထိုင်ရင်း အစ်မငွေမှုန်က ပစ်တိုင်းထောင်အကြောင်း အဘကို ဖောက်သည်ချသည်။ အဘကလည်း သဘောကျသလိုမျိုး ပြုံးနေတာကြောင့် ဒင်္ဂါးလည်း လိုက်ပြုံးမိပါတော့သည်။

>>>>>>>>>>

” သီလယူရင် ငါးပါးသီလလား . ရှစ်ပါးသီလလား ရွှေဒင်္ဂါး “

ဘုန်းကြီးကျောင်းကို ရွှေဒင်္ဂါးတို့ မောင်နှမတွေနဲ့ အတူတူသွားနေကြရင်း ပစ်တိုင်းထောင်မေးလိုက်သည်။ လက်ထဲမှာလည်း ဆွမ်းချိုင့်ကြီးတစ်ဖက်ကိုင်ထားရပြီး တစ်ဖက်ကလည်း သူကြီးထည့်ပေးလိုက်တဲ့ ငှက်ပျောသီးကြီးက တစ်ဖီး။

” ငါးပါးသီလယူလည်းရတယ် . ရှစ်ပါးသီလယူလည်းရတယ် ပစ်တိုင်းထောင် “

” ကျုပ်ကတော့ ငါးပါးသီလပဲယူတော့မယ် … ညကြီးဗိုက်ဆာလို့ ထမင်းထစားချင်ရင် ဘယ့်နှယ့်လုပ်မတုန်း . ကျုပ် သီလကျိုးမှာပေါ့ “

” အင်းပေါ့ “

ဒင်္ဂါးကို ငဲ့ကြည့်လာတဲ့ ပစ်တိုင်းထောင်က ပါးနှစ်ဖက်မှာလည်း သနပ်ခါးတွေနဲ့။ ရေချိုးပြီး ဘုန်းကြီးကျောင်းသွားမယ်ဆိုမှ နေပူတယ်ဆိုကာ ဒင်္ဂါး ညအိပ်တိုင်း လိမ်းအိပ်နေကျ သနပ်ခါးတွေကို သွေးလိမ်းသည်။

မလိမ်းတတ် လိမ်းတတ်နဲ့မို့ ဒင်္ဂါးက လိမ်းပေးမယ်ဆိုတော့လည်း မဟုတ်။ သနပ်ခါးမလိမ်းတတ်ပဲ လိမ်းလာတဲ့ ပစ်တိုင်းထောင်ရဲ့မျက်နှာက ပဲဟင်းအိုးထဲ ခေါင်းနှစ်လာသည့်အတိုင်း ထူပျစ်လို့ ကြောင်ခြစ်ထားသည့်နှယ်။ အင်္ကျီအဖြူ ပုဆိုးအစိမ်းရောင်နဲ့ ပစ်တိုင်းထောင်က ရေချိုးထားပေမယ့် သနပ်ခါးတွေကြောင့် မျက်နှာကတော့ ကြောင်ချီးကုတ်ရုပ်ဖြစ်နေသည်။

အစ်မငွေမှုန်ကတော့ ဘုရားကပ်မယ်ဆိုကာ ပိတောက်ပန်းခက်တွေ တစ်ပွေ့ကြီးကိုသယ်လို့ အရှေ့ကနေသွားနေတာကြောင့် အနောက်မှာ ပစ်တိုင်းထောင်နဲ့ ဒင်္ဂါးနဲ့သာ စကားတပြောပြော ပစ်တိုင်းထောင်လက်နှစ်ဖက်ကလည်း လှူဖွယ်တွေနဲ့ ပြည့်နေသလို ဒင်္ဂါးလက်နှစ်ဖက်မှာလည်း ဟင်းရည်ချိုင့်နဲ့ ငှက်ပျောဖီးကြီးတစ်ဖီး။

” ကလေးတို့ ရေမပက်ရဘူးနော် . အစ်မတို့က ဘုန်းကြီးကျောင်းသွားမှာ ”

” အဲ့တာဆို ပြန်လာရင် ကိုကိုဒင်္ဂါးကိုလည်း ပက်မယ်နော် “

ရွာလယ်လမ်းမကြီးမှာ ရွှေမိလေးတို့ ကလေးတစ်သိုက်က ရေကစားနေကြပြီမလို့ အစ်မငွေမှုန်က လေသံအေးအေးလေးနဲ့ ချော့ချော့မော့မော့ပြောသည်။ ဒင်္ဂါးနဲ့ အစ်မငွေမှုန်ဆိုရင် ကလေးတွေကချစ်ပြီး စကားနားထောင်တာကြောင့် ဒင်္ဂါးတို့ကလည်း ကလေးတွေကို အချစ်ပိုရပါသည်။

” ဟာ … ငွေမှုန် . ပိတောက်ပန်းတွေ အများကြီးပါလား . ပေး.ပေး ကိုချက်ကြီးကိုပေး “

ဘုန်းကြီးကျောင်းဝင်းထဲကိုရောက်တော့ ဘယ်ကဘယ်လို ရောက်လာမှန်းမသိတဲ့ ကိုချက်ကြီးက အစ်မငွေမှုန်လက်ထဲက ပိတောက်ပန်းတွေကို လွှဲယူလို့သယ်ပေးသည်။ ဒင်္ဂါးက ထိုမြင်ကွင်းကိုမြင်တော့ အစ်မကို တိုသူပီပီ ကိုချက်ကြီးကို ကူမသယ်စေချင်ပေမယ့် ကိုယ်တိုင်ကလည်း လက်မအားတာကြောင့် ငြိမ်နေလိုက်ရသည်။

” ကိုချက်ကြီး … ဒီမယ် ဆွမ်းချိုင့်တွေ ငှက်ပျောသီးတွေနဲ့လူကျ ကူမသယ်ဘူးလား … ခင်ဗျားမျက်နှာလိုက်တာကလည်း လွန်လွန်းတာ “

ပစ်တိုင်းထောင်ပြောလိုက်တော့ ကိုချက်ကြီးက ရယ်ကျဲကျဲနဲ့ လက်ထဲက ပိတောက်ပန်းတွေကို ကျောင်းထောင့်က အုတ်ရေကန်ပေါ်မှာ သွားတင်ရင်း အနားကို ပြန်ပြေးလာသည်။ အစ်မငွေမှုန်ကတော့ ဘုန်းဘုန်းဆီမှာ သီလယူဖို့ ကျောင်းပေါ်ကို အရင်တက်နှင့်ပြီ ဖြစ်သည်။

” သယ်ပေးမလို့ပါပဲ . ငါလည်း လက်နှစ်ဖက်တည်းပါတာကို “

” ကျုပ်ဆို လက်လေးဖက်ပါတာလေ … ခင်ဗျားတို့ကို မမြင်စေချင်လို့ ဖွက်ထားတာ “

ပစ်တိုင်းထောင်က ခပ်ရွတ်ရွတ်ပြောတော့ ကိုချက်ကြီးက ခေါင်းကုတ်ရင်း လက်ထဲက ဆွမ်း‌ချိုင့်နဲ့ ငှက်ပျောသီးတွေကို ကူသယ်ဖို့လက်လှမ်းလာတော့ ပစ်တိုင်းထောင် ကိုယ်ကို ခပ်ယို့ယို့လုပ်ရင်း ရှောင်လိုက်သည်။

” ကျုပ်ကို ကူသယ်မနေနဲ့ . ရွှေဒင်္ဂါးလက်ထဲကဟာတွေ ကူသယ်ချေ “

” အော် . အေးပါကွာ . အေးပါ “

ပစ်တိုင်းထောင်ပြောကာမှ ကိုချက်ကြီးက ရှုံ့မဲ့မဲ့မျက်နှာနဲ့ ဒင်္ဂါးလက်ထဲက ပစ္စည်းတွေကို ဆွဲယူသွားသည်။ ကိုချက်ကြီးက ကူသယ်တော့မှသာ ဒင်္ဂါးမှာ ပေါ့ပါးသွားရတာမလို့ ပစ်တိုင်းထောင်ကို စိတ်ထဲကနေ ကြိတ်ကျေးဇူးတင်လိုက်သည်။ ဟင်းချိုင့်တွေက မပြောသာပေမယ့် ခြံထွက်ငှက်ပျောသီးတွေက ကြီးတာမလို့ အလေးချိန်ကလည်း စီးသည်။ ငှက်ပျောဖီးကြီးကို ကြိုးနဲ့ဆွဲလာရတာမလို့ ငှက်ပျောသီးအလေးချိန်ဆကြာင့် ဒင်္ဂါးလက်ဆို သွေးမလျှောက်တော့ပဲ ဖြူဖျော့နေကာ နှီးကြိုးရာတောင် ထင်နေပြီဖြစ်သည်။

” ကဲကဲ … မင်းလည်းပေး ပစ်တိုင်းထောင် … ကျောင်းပေါ်တက်တော့ . ဆရာတော်က နောက်တစ်ကြိမ်သီလပေးတော့မယ် “

ကိုချက်ကြီးက အနားကို နောက်တစ်ကြိမ်ပြန်ရောက်လာကာ ပစ်တိုင်းထောင်လက်ထဲက ပစ္စည်းတွေကိုပါ ဆွဲယူသွားတာမို့ ရွှေဒင်္ဂါးနဲ့ ပစ်တိုင်းထောင်လည်း ကျောင်းပေါ်ကို ခပ်သွက်သွက်တက်ခဲ့လိုက်တော့သည်။

” ဒီနားလေးပဲ ထိုင်ရအောင် ပစ်တိုင်းထောင် “

” အင်း “

ဒင်္ဂါးတို့ ကျောင်းပေါ်ရောက်တော့ သီလယူသူတွေ ဥပုသ်သည်တွေနဲ့ ပြည့်နှက်နေသည်။ အစ်မငွေမှုန်က အရင်တက်နှင့်တာကြောင့် အရှေ့ရောက်သွားပြီမို့ ဒင်္ဂါးနဲ့ ပစ်တိုင်းထောင်လည်း အနောက်နားက ထောင့်လေးမှာသာ နေရာယူလိုက်ကြတော့သည်။

နေရာမှာထိုင်ပြီးကြတော့ ထူးထူးဆန်းဆန်း ပစ်တိုင်းထောင်က သနပ်ခါးတွေနဲ့မလို့ ကြိုရောက်နေတဲ့သူတွေက ကွက်ကြည့်ကွက်ကြည့်နဲ့ ရယ်ကြသေးပေမယ့် အမောင်ပစ်တိုင်းထောင်ကတော့ ခပ်တည်တည် ထုံပေပေရုပ်လေးနဲ့သာ။

” ကဲ … လူလည်း အတော်များနေပြီဆိုတော့ ဒီတစ်ဖြတ်ကိုပဲ သီလအရင်ပေးလိုက်မယ် “

သိပ်မကြာခင် ဆရာတော်ကြွလာပြီး ဆရာတော်က လူအုပ်ကို အကဲခတ်ကာ သီလပေးသည်။ သီလပေးပြီးတော့လည်း သီလပေးရုံနဲ့တင် မပြီးပဲ တရားတိုလေးပါ ဟောသေးတာကြောင့် ပစ်တိုင်းထောင်တို့မှာ ထိုင်နာရသေးသည်။

” အေး … အဲ့တော့ ဘာလဲ . အပ္ပမာဒေန သမ္ပာဒေထ . မမေ့မလျော့ မပေါ့မဆပဲ သတိနဲ့နေ … အသိနဲ့ သတိဆိုတာကို မမေ့နဲ့ … နှစ်ဟောင်းက အညစ်အကြေးတွေကိုလည်း နှစ်သစ်ကို ယူမသွားကြချေနဲ့ . ဟုတ်လား “

” တင်ပါ့ဘုရား “

” ပစ် . ပစ်တိုင်းထောင် … “

ဒင်္ဂါးမှာ ‌လက်အုပ်ချီထားရင်း အရှေ့က သီလပေးနေတဲ့ ဆရာတော်ကိုလည်း ကြည့်ရသေးသည်။ ဆရာတော်က တရားပေးနေတုန်း ငြိမ်နေတယ်မှတ်လို့ လှည့်ကြည့်ကာမှ ကိုပစ်တိုင်းထောင်လေးက လက်အုပ်ကလေးချီလို့ ငိုက်နေတာဖြစ်သည်။ ဒင်္ဂါးတို့ ထိုင်နေရာကလည်း အနောက်နားချောင်ကျကျ တိုင်အကွယ်မှာမလို့ အရှေ့ကနေကြည့်ရင်လည်း တော်တန်ရုံ မမြင်ရတာကြောင့် ငိုက်ရဲတာပဲ ဖြစ်လိမ့်မည်။

” ပစ်တိုင်းထောင်လို့ … “

ခပ်တိုးတိုး‌ခေါ်လို့ တံတောင်နဲ့တွတ်လည်း မနိုး။ ဒူးနဲ့မသိမသာတိုက်လည်း လှုပ်ရုံသာလှုပ်ပြီး နိုးမလာတာကြောင့် ဒင်္ဂါးစိတ်ညစ်နေရင်း ဆရာတော်ကိုလည်း အကဲခတ်ရသေးသည်။ နှစ်ယောက်သားက ကပ်လျက်ထိုင်နေကြတာမလို့ တစ်ချက်တစ်ချက် ပစ်တိုင်းထောင်ဆီက သနပ်ခါးရနံ့ကလည်း သင်းခနဲမွှေးသည်။ ဆရာတော်သာ တရားပေးနေတုန်း ငိုက်နေတာသိရင် အခါတွင်းကြီး အဆော်ခံရနိုင်တယ်မလား။

” လုပ်ပြီး မရတာမျိုး မဖြစ်စေနဲ့ … မလုပ်ချင်လည်း မလုပ်နဲ့ … တရားနာပြီး တရားမရရင် ပင်ပန်းတာပဲ ဖြစ်မယ် “

ဆရာတော်ကတော့ ရိုးရိုးတန်းတန်း တရားပေးပေမယ့် ဘေးနားမှာ ကောင်းကောင်းအိပ်ငိုက်နေသူရှိတာကြောင့် ဒင်္ဂါးက မဆီမဆိုင် မလုံမလဲဖြစ်လာရသည်အထိ။

” ကဲ … အမျှဝေကြမယ် “

တရားပေးလို့ပြီးသည့်အခါ အမျှဝေကြပြီမလို့ ကျောင်းပေါ်က သီလခံယူကြတဲ့ လူတွေက သံပြိုင်အမျှပေးဝေကြသည်။

” အားလုံး ကြားကြားသမျှ ကုသိုလ် . အမျှ အမျှ အမျှ … “

” ဟမ် … အမျှ အမျှ အမျှ … ယူတော်မူကြပါကုန်တော် … သာဓု သာဓု သာဓု … “

ဒင်္ဂါးမှာ ပစ်တိုင်းထောင်ကိုကြည့်ရင်း ပစ်တိုင်းထောင်ရယ်လို့သာ စိတ်ထဲရေရွတ်ရာ အမျှဝေရင်း ကြိတ်ရယ်လိုက်မိ‌တော့သည်။ တရားပေးနေတဲ့တစ်လျှောက်လုံး ငိုက်နေပြီးကာမှ အမျှဝေသံ ထွက်လာတော့မှသာ အိပ်နေရာကနေ နိုးလာတဲ့ ပစ်တိုင်းထောင်က ငိုက်နေတာကြောင့် ခပ်လျော့လျော့ဖြစ်နေတဲ့ လက်အုပ်ကို သေချာပြန်ချီရင်း မှီရာနေရာကနေ အမျှလိုက်ဝေသည်။

” အိပ်ရေးမှဝရဲ့လား ပစ်တိုင်းထောင် “

အမျှဝေပြီးတဲ့အခါ ဆရာတော်ကလည်း ပြန်ကြွသွားပြီမို့ ဒင်္ဂါးက ပစ်တိုင်းထောင်ကိုကြည့်ရင်း မေးလိုက်သည်။ သူပဲငိုက်နေပြီး‌တော့ ဒင်္ဂါးကမေးတော့ ဒင်္ဂါးကို ပေစောင်းစောင်းကြည့်လာသည်။

” ခင်ဗျားက နှိုးလေ ရွှေဒင်္ဂါးရဲ့ “

” ဟမ် … နှိုးနေတာကို နိုးမှမနိုးပဲ ပစ်တိုင်းထောင်ရယ် “

ကျောင်းပေါ်က လူတွေကလည်း ကျောင်းအောက်ကို တဖွဲဖွဲဆင်းသွားကြပြီဖြစ်သည်။ ပစ်တိုင်းထောင်နဲ့ ရွှေဒင်္ဂါးကသာ လူများနေသေးတာမလို့ ထိုင်နေရာကနေ မထသေးပဲ ထောင့်လေးမှာပဲ ဆက်ထိုင်နေကြသည်။

” အငယ် . မောင်ငယ် … ပြန်ကြမယ်လေ “

” ဟုတ်ကဲ့ အစ်မ “

လူကုန်သလောက်ရှိပြီးကာမှ အစ်မငွေမှုန်ကလည်း ဒင်္ဂါးတို့အနားကို ရောက်လာတာမလို့ ဒင်္ဂါးတို့လည်း ထိုင်နေရာကနေထကာ ကျောင်းအောက်ကို ဆင်းခဲ့လိုက်သည်။

” တော့် ကိုဒင်္ဂါးနဲ့ ကိုပစ်တိုင်းထောင် … အစ်မငွေမှုန် . မုန့်လုံးရေပေါ် စားသွားဦး “

ကျောင်းအောက်ကိုရောက်တော့ ပြန်ဖို့ပြင်နေကြတုန်း မုန့်လုံးရေပေါ် လုံးနေကြတဲ့ အဖွဲ့ထဲက မိကဲက လှမ်းအော်သည်။ သီလယူသူတွေနဲ့ ဥပုသ်သည်တွေအတွက် ပြင်ထားပုံရတဲ့ မုန့်လုံးရေပေါ်တွေကို အပျိုတစ်သိုက်က ကူလုံးရင်း မိကဲတို့အဖွဲ့ကလည်း ဖက်ရွက်ကလေးတွေနဲ့ လိုက်ဝေသည်။

” ငါမပြောလား … ပိတောက်ပန်းတွေ ညည့်ခေါင်းပေါ်ပဲ ရောက်မယ်ဆိုတာ “

ဒင်္ဂါးတို့အနားကို မုန့်လုံးရေပေါ်လာပေးတဲ့ မိကဲခေါင်းပေါ်က ပိတောက်ပန်းတွေကိုကြည့်ရင်း ပစ်တိုင်းထောင်ကပြောလိုက်သည်။ သနပ်ခါးအဖွေးသားနဲ့မိကဲက ဆံထုံးလေးနှစ်ဖက်မှာ ပိတောက်ပန်းတွေကို ပန်ထားတာမလို့ ပစ်တိုင်းထောင်ရဲ့ အပြောကိုလည်းကြားရော နှာခေါင်းရှံ့သည်။

” ဘုရားမှာလည်း လှူခဲ့ပါတယ်တော့ … အခက်လေး တစ်ခက်နှစ်ခက်ပိုလို့ ပန်လာတာပါ . တကတည်း ကိုပစ်တိုင်းထောင်က မိကဲကိုဆို ပြောဖို့ပဲ ”

” ညည်းကိုက ပြောချင်စရာကိုး “

ရန်ဖြစ်နေတဲ့ နှစ်ယောက်ကိုကြည့်ပြီး ဒင်္ဂါးနဲ့ အစ်မငွေမှုန်က ရယ်သည်။ မိကဲက အစကတော့ ပစ်တိုင်းထောင်ကို မြို့အုပ်မင်းညီဆိုပြီး ကြောက်သေးပေမယ့် နောက်ပိုင်း ရင်းနှီးလာ‌တော့ကြောက်ပုံမရတော့ပါ။ ပစ်တိုင်းထောင်က တစ်ခွန်းဆို မိကဲကလည်းတစ်ခွန်း။

” ဒါနဲ့ နေပါဦး … ကိုပစ်တိုင်းထောင်မျက်နှာက ဘာဖြစ်လာတာတုန်း “

” ငါကဘာဖြစ်နေလို့တုန်း “

” မျက်နှာမှာလည်း သနပ်ခါးတွေနဲ့ ပဲရေစိမ်ထားလို့ ပွနေတာကျလို့ … ပေပွနေတာပဲ “

” ဟ ! ငါက ပူလို့လိမ်းတာ … ညည်းတို့လို အလှလိမ်းတာ မဟုတ်ဘူး “

ပစ်တိုင်းထောင်က မိကဲကို ပက်ခနဲပြန်ဖြေသည်။

” ဖြစ်ရတယ် … အလှလိမ်းတာမဟုတ်လည်း မလိမ်းတတ်ရင် ကိုဒင်္ဂါးကို လိမ်းခိုင်းပေါ့တော့ … အခု‌ကျတော့ နေ့ခင်းကြောင်တောင် ဘုန်းကြီးကျောင်းဝင်းထဲမို့သာပေါ့ . မဟုတ်ရင် ကိုပစ်တိုင်းထောင်ကို တောရိုးကလွတ်လာတဲ့ကျားလို့ ထင်ကြမှာ “

” ငါက ကျားဆို ညည်းလည်းကျားပဲ ”

” အလိုတော်.. မိကဲကကျားဖြစ်ရင်တောင် ရိုးရိုးကျားပဲ.. ကိုပစ်တိုင်းထောင်ကမှ သမန်းကျားဖြစ်နေတာ “

” ဟာ . ဒီကလေးမ “

” အ ! ကိုပစ်တိုင်းထောင် “

ပစ်တိုင်းထောင်က လုပ်ချင်ရာလုပ်ပြီး ဘုန်းကြီးကျောင်းထဲကနေ ထွက်သွားတာများ ဘောက်ဆတ်ဘောက်ဆတ်နဲ့။ အနောက်မှာ မိကဲက ခေါင်းကလေးကို လက်နဲ့အုပ်လို့ ကျန်နေခဲ့သည်။ ဒင်္ဂါးနဲ့ အစ်မငွေမှုန်ကလည်း ကိုယ့်ပါးစပ်ကိုယ်အုပ်လို့ စိတ်မြန်လက်မြန် ပစ်တိုင်းထောင်ကို အံ့ဩရသည်။ သနပ်ခါးလိမ်းထားတာ မလှဘူးပြောလို့ မိကဲခေါင်းကို အားရပါးရခေါက်သွားတာများ ဂွက်ခနဲတောင်မြည်သည်။ တကယ့်ကို ပစ်တိုင်းထောင်ကတော့ ယောက်ျားမိန်းမသော်လည်း မခွဲခြား လုပ်ချင်ရာလုပ်တဲ့ မြို့အုပ်ညီရယ်ပါ။

>>>>>>>>>>

ဆက်ရန်
Yellowish_One 💛
(၁၄-၃-၂၀၂၄)

Tags: read novel Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၁၀), novel Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၁၀), read Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၁၀) online, Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၁၀) chapter, Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၁၀) high quality, Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၁၀) light novel, ,

Comment

Leave a Reply

Chapter 19