Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၁၇)

A+ A-

ဒင်္ဂါး လယ်ထဲကိုရောက်‌တော့ ရန်ပွဲက အနည်းငယ်စဲသွားပြီဖြစ်သည်။ ဘယ်ကဘယ်လိုရောက်လာမှန်းမသိတဲ့ ကိုဘမော်တို့အုပ်စုကလည်း ပစ်တိုင်းထောင်နဲ့သန်းဇော်ကို ဝိုင်းဆွဲနေကြသည်။ ဝိုင်းဆွဲနေကြတာတောင်မှ ဒေါသ‌ပြေပုံမရသေးတဲ့ ပစ်တိုင်းထောင်က သန်းဇော်ကို မမှီမကမ်းနဲ့ လှမ်းကန်နေသည်။

” ပစ်တိုင်းထောင် … “

လှည့်ကြည့်လာတဲ့ ပစ်တိုင်းထောင်က မျက်ခုံးစွန်းနဲ့ နှုတ်ခမ်းထောင့်မှာ ကွဲနေကာ သွေးစို့နေပြီး ပါးတစ်ဖက်မှာလည်း အညိုအမဲစွဲနေသည်။ တစ်ဖက်က မူးနေပုံရတဲ့ သန်းဇော်ကတော့ ပိုအထိနာပြီး မျက်နှာတစ်ခုလုံး ဖူးရောင်နေသည်။ မိစွာနဲ့မိုက်မိုက်စန်းကလည်း ဝင်လက်စွမ်းပြထားတာကြောင့် အင်္ကျီတွေကပြဲနေပြီး ခြေထောက်မှာလည်း ခွေးကိုက်ရာကြီးက ထင်းနေသည်။

” တော်တော့နော် ပစ်တိုင်းထောင် … စိတ်လျော့တော့နော် “

ဒင်္ဂါးက အနားပြေးသွားလိုက်ပြီး ပစ်တိုင်းထောင်လက်မောင်းကို ဆုပ်ကိုင်လို့ ဖျန်ဖြေလိုက်သည်။ ကိုဘမော်တို့ဆွဲထားတာတောင်မှ ဒေါသတကြီးဖြစ်နေတဲ့ ပစ်တိုင်းထောင်က ဒင်္ဂါးရောက်လာမှ ငြိမ်ကျသွားသည်။ ကိုဘမော်တို့လည်း ပစ်တိုင်းထောင်ကို တစ်ဖက်က သရက်ပင်ရိပ်ဆီကို ဆွဲခေါ်သွားသည်။

” မိတုတ် … လုပ်ပါဦး . မောင်ငယ့်ကို ရေတိုက်ပါဦး “

မိတုတ်က မျက်နှာအပျက်ပျက်နဲ့ပင် ပစ်တိုင်းထောင်အတွက် ရေအိုးစင်ကနေ ရေခပ်ပေးသည်။ အစ်မငွေမှုန်ကလည်း ဝါးခမောက်ကြီးနဲ့ ယပ်တဖျတ်ဖျတ်ခပ်ပေးနေပြီး ကိုဘမော်တို့ အုပ်စုကလည်း ဖရိုဖရဲဖြစ်နေတဲ့ အင်္ကျီတွေကို ပြန်‌ပြင်ပေးနေတာမလို့ ဒင်္ဂါးမှာ မျက်နှာငယ်လေးနဲ့ ဘေးကထိုင်ကြည့်နေရသည်။

” ခင်ဗျားက ဘယ်လိုဖြစ်လို့ ရောက်လာတာလဲ ရွှေဒင်္ဂါး “

” ဟို … မိကဲက ဆရာတော်ကို လာပြောတာနဲ့ “

” ကိုယ့်ဘာသာကိုယ် ကလေးတွေကို စာသင်မနေဘူး … ရန်ပွဲနဲ့ဘာဆိုင်လို့လဲ ခင်ဗျား “

ပစ်တိုင်းထောင်က ခပ်ငေါက်ငေါက်ပြောလိုက်တာကြောင့် ရွှေဒင်္ဂါးရဲ့မျက်နှာက ဇီးရွက်လောက်သာ ကျန်တော့သည်။ မလိုက်လာစေချင်တာထက် ပစ်တိုင်းထောင်ကို ရွှေဒင်္ဂါးက လူဆိုးလို့မထင်စေချင်ရုံတင်။ ကိုယ်တိုင်ကလူဆိုးဆိုပေမယ့် ရွှေဒင်္ဂါးရှေ့မှာတော့ ပစ်တိုင်းထောင်က လိမ္မာချင်သည်။

” ဆ . ဆရာတော်ဘုရား “

အနားကို ကြိမ်လုံးကြီးကိုင်လို့ ရောက်လာတဲ့ ဆရာတော်ဘုရားကြောင့် ကိုဘမော်ဆီကနေ အထစ်ထစ်အငေါ့ငေါ့ အသံထွက်လာသည်။ ပစ်တိုင်းထောင်က ထိုင်နေရင်း မော့ကြည့်လိုက်တဲ့အခါ တင်းမာခက်ထန်နေတဲ့မျက်နှာနဲ့ ဆရာတော်က ပစ်တိုင်းထောင်ကို ငုံ့ကြည့်နေသည်။

” ဆရာတော်ဘုရား . ဒီကိစ္စမှာ ကိုပစ်တိုင်းထောင် မမှားဘူးဘုရား … သန်းဇော်က ကိုပစ်တိုင်းထောင်ကို အရင်ရန်စတာ “

” ဟုတ်ပါတယ် ဘုရား . ဟုတ်ပါတယ် “

” ကဲ … အကုန်တိတ်ကြစမ်း “

မိတုတ်က ဆရာတော်ဘုရားကို ပစ်တိုင်းထောင်မမှားကြောင်း လျှောက်တဲ့အခါ ဘေးမှာရှိတဲ့ ကောက်စိုက်သမလေးတွေကလည်း ထောက်ခံကြသည်။ ဆရာတော်ကလည်း မျက်နှာတင်းမာနေသလို ပစ်တိုင်းထောင်ကလည်း မျက်နှာ အောက်မချဘဲ အကြောကခပ်တင်းတင်း။ ဆရာတော်က ဆူညံနေတဲ့အသံတွေကြောင့် ငေါက်လိုက်ကာမှသာ အကုန်လုံးငြိမ်သွားကြတော့သည်။

” ရန်ဖြစ်တဲ့နှစ်ယောက်လုံးကို ဒကာကြီးမင်းငွေအိမ်ကို ခေါ်သွားကြချေ … ဘမော် . ဟိုဘက်ရွာက သန်းဇော်အဖေ သူကြီးဖိုးလူကို သွားခေါ်ခဲ့ “

” တင်ပါ့ “

ကိုဘမော်က ပစ်တိုင်းထောင်ဘေးကနေထပြီး ခပ်သွက်သွက်ပြေးထွက်သွားတာမလို့ ဒင်္ဂါးက ပစ်တိုင်းထောင်အနားတိုးပြီး လက်မောင်းကိုဆုပ်ကိုင်ထားလိုက်သည်။

” တစ်ဖက်က ရန်စရင်တောင် ဘာကြောင့် ထိုးကြကြိတ်ကြတဲ့အထိ ရန်ဖြစ်ကြသလဲ ပစ်တိုင်းထောင် … အရိုက်ခံချင်နေတာလား “

” မလုပ်ပါနဲ့ ဘုရား . မလုပ်ပါနဲ့ “

ဆရာတော်က ကြိမ်လုံးတရွယ်ရွယ်မလို့ မိကဲနဲ့မိတုတ်တို့အဖွဲ့က ပစ်တိုင်းထောင်အနားမှာ လက်တကာကာ။ ဆရာတော်ဘုရားကလည်း ကိုယ့်ရွာကလူ မမှားမှန်းသိပေမယ့် ရန်ဖြစ်တဲ့အမှုကို အပြစ်တော့ပေးရမှာမလို့ အကုန်လုံးကို သူကြီးအိမ်သွားခိုင်းလိုက်သည်။

” မပြောကြချေနဲ့တော့ … ပစ်တိုင်းထောင်နဲ့ သန်းဇော်ကို သူကြီးအိမ်ခေါ်သွားချေ . ဟိုခွေးနှစ်ကောင်ပါခေါ်ခဲ့ “

ပစ်တိုင်းထောင်ကတော့ လူကောင်းမလို့ သူ့ဘာသာထလို့ လမ်းလျှောက်ပြီး သူကြီးအိမ်ပြန်သည်။ သန်းဇော်ကတော့ အရက်အရှိ‌န်ကြောင့်ရော ထိုးကြိတ်ခံထားရတာကြောင့်ပါ ခပ်မျှော့မျှော့သာကျန်သည်မလို့ ရွာက ကာလသားနှစ်ယောက်က တွဲခေါ်လာရသည်။ အနောက်မှာလည်း ဒင်္ဂါးက မိစွာနဲ့မိုက်မိုက်စန်းကို ခေါ်လာရပြီး ဘေးမှာ အစ်မငွေမှုန်နဲ့ မိကဲတို့ ကောက်စိုက်သမအုပ်စုက အတန်းလိုက်ပါလာသည်။

” အဘ ! ဆရာတော်ဘုရားက အိမ်ကိုပဲ သွားမယ်ဆိုလို့ “

” အော် . အေးကွယ် … ပစ်တိုင်းထောင်ရော . အဆင်ပြေရဲ့လား လူလေး “

လမ်းမှာ ကိုချက်ကြီးနဲ့အတူလိုက်လာတဲ့အဘကို တွေ့တာကြောင့် ဒင်္ဂါးတို့ ပြန်ခေါ်လာရသည်။ အဘက မျက်နှာကြီးတည်တင်းနေတဲ့ ပစ်တိုင်းထောင်ကို အသာငဲ့ကြည့်ရင်း စိတ်မကောင်းသလို မေးလာတာကြောင့် ဒင်္ဂါးလည်း ခပ်ယဲ့ယဲ့ပြုံးလို့ ခေါင်းညိတ်ပြလိုက်သည်။

” ကဲ . ထိုင်ကြ “

တစ်ခဏကြာတော့ ဦးမင်းငွေအိမ်ထဲမှာ လူအပြည့်ဖြစ်သွားသည်။ ပစ်တိုင်းထောင်က ရန်ဖြစ်တယ်ဆိုတာကြောင့် စပ်စပ်စုစု ရောက်လာကြတဲ့ အိမ်နီးချင်းတွေအပြင် တစ်ဖက်ရွာက ဆရာတော်အခေါ်လွှတ်လိုက်တဲ့ သူကြီးဦးဖိုးလူတို့ကပါ သိပ်မကြာခင် ရောက်လာသည်။ ရွာကလူတွေကတော့ ထုံးစံအတိုင်း အိမ်ရှေ့မြေကြီးပေါ်တင်ထိုင်ကြပြီး သူကြီးဦးမင်းငွေနဲ့ဦးဖိုးလူတို့က ခုံတန်းရှည်ကြီးမှာထိုင်သည်။

” ဆရာတော်လည်း ကြွလာတာပဲ “

ခြံဝင်းထဲကို ဝင်လာတဲ့ဆရာတော်က လက်ထဲမှာ ကြိမ်လုံးကြီးကိုလည်း မချသေး။ ဆရာတော်လာတာကြောင့် ဦးမင်းငွေတို့က မတ်တပ်ရပ်လိုက်၍ ဆရာတော်က ဦးမင်းငွေနေရာမှာ ဝင်ထိုင်သည်။

” ကဲ သူကြီး … အခုကိစ္စကို ဘယ့်နှယ့်လုပ်ကြမလဲ “

” ဘယ့်နှယ့်လုပ်ရမလဲ ဆရာတော်ဘုရား … တပည့်တော်သားကို လုပ်လွှတ်လိုက်တာလည်း ကြည့်ဦး . ဒီကြားထဲ ခွေးကကိုက်ခံထားရသေးတယ် … ကြည့်တာနဲ့တင် ဘယ်သူလွန်တာလဲဆိုတာ အသိသာကြီး ”

ဆရာတော်ကမိန့်တဲ့အခါ ဦးမင်းငွေက နှုတ်ဆိတ်နေပေမယ့် ဦးဖိုးလူရဲ့အသံကတော့ ဆောင့်ဆောင့်အောင့်အောင့်ထွက်လာသည်။ ဒင်္ဂါးက ပစ်တိုင်းထောင်ကို မသိမသာ အကဲခတ်လိုက်တော့ တစ်စက်မှ မျက်နှာအောက်မချပဲ သန်းဇော်ကိုသာ စူးစူးစိုက်စိုက်ကြည့်နေ၍ ထပ်ပြီး ရန်ဖြစ်တဲ့အခါ ဆွဲနိုင်အောင် အသင့်ပြင်ထားရသည်။

” ဘယ်သူမှားတယ်၊ ဘယ်သူမှန်တယ်ဆိုတာကို ဒဏ်ရာတွေကြည့်တာနဲ့တင် မှားတယ်လို့ ဆုံးဖြတ်လို့မရဘူး ဒကာကြီး … အဲ့နေရာက လူတွေကိုလည်း မေးမြန်းကြည့်ပါရစေဦး “

ဆရာတော်စကားကြောင့် ဟောင်ဖွာဟောင်ဖွာလုပ်နေတဲ့ ဦးဖိုးလူက မျက်လွှာချလို့ငြိမ်သွားသည်။ မိကဲတို့အုပ်စုကတော့ ဦးဖိုးလူနဲ့ သန်းဇော်တို့သားအဖကို မျက်စောင်းတခဲခဲ။

” ဆရာတော်ဘုရား … ဒီကိစ္စမှာ သန်းဇော်စတာပါ ဘုရား … အမြဲတမ်းလည်း တပည့်တော်မတို့ကို လာ,လာနှောင့်ယှက်နေကြပါ … ဒီနေ့လည်း ကိုပစ်တိုင်းထောင်ကိုတွေ့တော့ မူးမူးရူးရူးနဲ့ ရန်စနေတာ . အစက ကိုပစ်တိုင်းထောင်က ထိန်းပါသေးတယ် . သန်းဇော်က ကိုပစ်တိုင်းထောင်ကို ကောက်ရိုးပုံစောင့်တဲ့ခွေးလို့ စော်စော်ကားကား ပြောတာပါ “

” ဟုတ်ပါတယ် . အစ်မငွေမှုန်ကို နှောင့်ယှက်နေလို့ပြော‌တော့ မိတုတ်တို့ကိုလည်း မိုက်မိုက်ရိုင်းရိုင်းတွေ ပြောပါတယ် “

မိကဲက အမှန်အတိုင်းပြောပေမယ့် မိတုတ်ကတော့ သန်းဇော်ကို အမြင်ကပ်ပုဒ်မနဲ့ ပိုပိုသာသာတိုင်သည်။ သူကြီးဦးမင်းငွေမျက်နှာကလည်း တင်းချီနေသလို ဆရာတော်ဘုရားကလည်း ဒေါသထွက်နေဟန်မလို့ ဦးဖိုးလူမှာ ကိုယ့်သားဘက်ကအမှားဖြစ်နေ၍ အသံပင်မထွက်ရဲ။

” ကျုပ်ဘက်ကမှားတယ်ဆိုရင်တောင် ကျုပ်ကို လူတစ်ယောက်နဲ့ ခွေးနှစ်ကောင်က ဝိုင်းကိုက်တာဗျ … ဒီမယ်သူကြီး … မျက်နှာလိုက်မယ်တော့ မကြံနဲ့နော် … အဲ့ကောင်က မြို့အုပ်မင်းညီဆိုတိုင်း လုပ်ချင်းတိုင်းလုပ်လို့ရရိုးလား “

” သေနာကျကြီး . ရန်စတုန်းကသူပဲအရင်စပြီး “

ငပြူးကပဲ ပြန်ပြဲ‌တယ်ဆိုသလို သန်းဇော်က ဝင်ပြောလာတဲ့အခါ မိကဲတို့အုပ်စုဆီကနေ ဆဲဆိုသံတွေ ထွက်ပေါ်လာသည်။ ဆရာတော်က အကြည့်တစ်ချက် ဝေ့လိုက်တဲ့အခါ မိကဲတို့အုပ်စု ငြိမ်ကျသွားသည်။

” ဒကာကြီးမင်းငွေ “

” တင်ပါ့ “

” ရန်ဖြစ်တဲ့အတွက် ပစ်တိုင်းထောင်ကို ထိပ်တုံးနှစ်ရက်ခတ်ထားလိုက် “

” ဟို . ဆရာတော်ဘုရား … ထိပ်တုံးခတ်ဖို့ကျတော့ “

” ဘယ်သူကစပြီး မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ ရန်ဖြစ်တဲ့အတွက် ထိပ်တုံးပဲ . သန်းဇော်လည်း သူ့ရွာမှာသူ ထိပ်တုံးအခတ်ခံရမယ် … တကယ်လို့ ဒကာကြီးကပါ ထပ်အတွန့်တက်မယ်ဆိုရင် ဒကာကြီးပါ အခတ်ခံရမယ် … မကျေနပ်ရင် ရွာဦးကျောင်းကတိုင်ကိုဖက်ပြီး ကြိမ်နဲ့ အချက်နှစ်ဆယ် လာအရိုက်ခံချေ ”

ဆရာတော်ရဲ့ တစ်ချက်လွှတ်အမိန့်ကြောင့် ဦးမင်းငွေက မျက်နှာငယ်လေးနဲ့ဖြစ်သလို ဦးဖိုးလူတို့ကလည်း မျက်နှာအပျက်ပျက်။ ဆရာတော်က မြို့အုပ်မင်းကိုယ်တိုင် ကိုးကွယ်ရတဲ့ ဆရာတော်ဖြစ်တာကြောင့် မည်သူကမှလည်း အထွန့်မတက်ရဲ။ ဆရာတော့်ဆီက ကြိမ်နဲ့ အချက်နှစ်ဆယ် အရိုက်ခံရမှာထက်စာရင် ထိပ်တုံးနှစ်ရက်ဆိုတာက အတော်ကို‌ပေါ့လျော့တဲ့ အပြစ်ဒဏ်ပင်ဖြစ်သည်။

” ဒီကိစ္စကို ဒီမှာတင်ရပ်ကြတော့ … ဒကာကြီးဖိုးလူက‌လည်း ကိုယ့်သားကိုယ် ဘက်လိုက်မယ်တော့ မကြံနဲ့ … မင့်သားကို ထိပ်တုံးခတ်,မခတ်ဆိုတာလည်း ကျောင်းက ချက်ကြီးကို လိုက်ကြည့်ခိုင်းချေမယ် “

” တပည့်တော်ရဲ့သားက ဘာလို့ အပြစ်ပေးခံရမှာလဲ ဘုရား … တပည့်တော်သားက ခွေးလည်း အကိုက်ခံရသေးတယ် . ပြီးတော့ … “

” မင့်သား သန်းဇော်က အပြစ်အပေးမခံရဘူးဆိုရင် ပစ်တိုင်းထောင်ကိုလည်း ဘာလို့အပြစ်ပေးရမှာလဲ … ရန်ဖြစ်တယ်ဆိုရင်တောင် အဲ့တာ မင့်သားဘက်ကနေ စတဲ့ပြဿနာပဲ “

” ဒါပေမယ့် ဘုရား … “

” သက်သေခံတွေအရ သန်းဇော်ကသာ ပြဿနာစလို့ ဒီရန်ပွဲက ဖြစ်သွားရတာ … ပစ်တိုင်းထောင်က မမှားပေမယ့် သူ့ဘက်မှာ ခွေးနှစ်ကောင်ပါနေလို့ မင်းတို့ဘက်က ပိုအနာတရဖြစ်သွားတဲ့အတွက် အပြစ်ပေးရုံပဲ “

ဆရာတော်က ခပ်ပြတ်ပြတ်မိန့်တာကြောင့် ဦးဖိုးလူတို့ သားအဖက ဦးမင်းငွေတို့ ခြံထဲကနေ မျက်နှာအပျက်ပျက်နဲ့ ထွက်သွားကြသည်။

” ဘာလုပ်နေကြတာလဲ … ထိပ်တုံးသွားယူလေ “

ဆရာတော်ကမိန့်နေပေမယ့် ဦးမင်းငွေနဲ့ ဒင်္ဂါးအပါအဝင် တစ်ယောက်မှပင် တုတ်တုတ်မျှမလုပ်ချေ။

” ခိုင်းနေတာကို ဘာလုပ်နေကြတာလဲ … ဘမော် သွားစမ်း . ထိပ်တုံးသွားယူချေ “

” ဟို ဆရာတော်ဘုရား “

” ထပ်ပြီးအတွန့်တက်ရင် ကြိမ်နဲ့ ငါးချက်အရိုက်ခံထိမယ် “

ဆရာတော်က ခြိမ်းခြောက်လာတော့ ဘမော်က ကာလသားတစ်ယောက်ကိုခေါ်ပြီး သူကြီးအိမ်နောက်က ထိပ်တုံးကို ဝင်ယူသည်။ ပစ်တိုင်းထောင်ကတော့ ဘာတစ်ခွန်းမှပင်မဆိုပဲ အခုချိန်အထိ မျက်နှာသေနဲ့ဖြစ်သည်။

” ပစ်တိုင်းထောင် … ကိုယ့်အပြစ်ကိုယ်သုံးသပ်ဖို့ ထိပ်တုံးအခတ်ခံချေ “

ဆရာတော့်စကားကို မတုံ့ပြန်တဲ့ ပစ်တိုင်းထောင်က ထိုင်နေရာကနေ ဆွေ့ခနဲထရပ်ပြီး ခပ်တည်တည်နဲ့ ထိပ်တုံးချထားတဲ့ သရက်ပင်အောက်ကို လျှောက်သွားသည်။

” ခဏ … ခဏလေး ပစ်တိုင်းထောင် “

ပစ်တိုင်းထောင်က မြေကြီးပေါ်ကို ထိုင်ချမလို့ လုပ်လိုက်ပေမယ့် ရွှေဒင်္ဂါးအသံကြောင့် လှည့်ကြည့်လိုက်သည်။ အိမ်ထဲကနေ ကောက်ရိုးဖျာလေးကိုင်လို့ ပြေးလာတဲ့ရွှေဒင်္ဂါးအနောက်မှာ အစ်မငွေမှုန်ကလည်း သင်ဖြူးဖျာလိပ်လေးကိုင်လို့ ပြေးလိုက်လာသည်။

” ဖျာခင်းပေးမယ်နော် . ခဏ “

ထိပ်တုံးနားမှာ ရွှေဒင်္ဂါးက ကောက်ရိုးဖျာလေးကို အရင်ခင်းချလိုက်ပြီး အပေါ်ကနေ အစ်မငွေမှုန်ယူလာတဲ့ သင်ဖြူးဖျာကိုထပ်ခင်းသည်။ ပစ်တိုင်းထောင်ကတော့ မတ်တပ်ရပ်နေရင်း ရွှေဒင်္ဂါးလုပ်သမျှကိုသာ စူးစိုက်ကြည့်နေလိုက်သည်။

” ဟဲ့ … အဲ့တာ ဘာလုပ်နေကြတာလဲ … ဘာအခင်းမှ ခင်းပေးစရာမလိုဘူး … အဲ့အတိုင်းပစ်ထားလိုက် “

” ဆ . ဆရာတော်ဘုရား “

ဆရာတော်ဘုရားက ကြိမ်လုံးကိုင်လို့ သရက်ပင်အရိပ်အောက်ကို ရောက်လာကာ အခင်းခင်းပေးနေတဲ့ ရွှေဒင်္ဂါးကိုတားသည်။ ရွှေဒင်္ဂါးကလည်း ထိုင်နေရင်းကနေ လက်အုပ်ကလေးချီလို့ ဆရာတော်ဘက်ကို လှည့်ကြည့်တဲ့အခါ ပစ်တိုင်းထောင်က မျက်လွှာချထားလိုက်သည်။

” ဆရာတော်ဘုရား … ပစ်တိုင််းထောင်က တပည့်တော်အစ်မနဲ့ တပည့်တော်တို့ ကောက်စိုက်သမလေးတွေကို ကာကွယ်ပေးဖို့အတွက် ရန်ဖြစ်ရတာပါ … သူက သူ့ဘာသာသူနေရင်း သူများကိုရန်လိုက်စတဲ့လူမျိုး မဟုတ်ဘူးဆိုတာ တစ်ရွာလုံးလည်းသိပါတယ် … အဲဒါကြောင့် ဆရာတော်ဘုရားက တပည့်တော်တို့ မောင်နှမနှစ်ယောက် မျက်နှာကို ထောက်ထားပြီး ဒီလောက်တော့ခွင့်လွှတ်ပေးပါ “

” ဟုတ်ပါတယ် ဘုရား … မောင်ငယ်မမှားဘူးဆိုတာ လူတိုင်းသိပါတယ် . ဒါလေးတော့ လက်ခံပေးပါ “

ဦးမင်းငွေမှာ ဆရာတော်ဘုရားကို တောင်းပန်နေတဲ့ ‌သားနဲ့သမီးကိုကြည့်ပြီး စိတ်မကောင်းဖြစ်မိသည်။ ပစ်တိုင်းထောင်က မမှားမှန်းသိပေမယ့် သမာသမတ်ကျတဲ့ သူကြီးပီပီ ရန်ဖြစ်တဲ့အမှုအတွက် ဆရာတော်ဘုရားက စေခိုင်းခြင်းကြောင့်သာ အပြစ်ပေးရခြင်းဖြစ်သည်။

” ကဲ … လုပ်ချင်သလိုသာ လုပ်ကြတော့ “

ဆရာတော်က ခြံဝင်းထဲက‌နေ ကိုချက်ကြီးတို့နဲ့အတူ ထွက်သွားတဲ့အခါ ကိုဘမော်တို့အုပ်စုက ပစ်တိုင်းထောင်ကိုကြည့်ရင်း တောက်တခေါက်ခေါက်နဲ့ ကျန်ရစ်နေခဲ့သည်။

” တောက် ! ဟိုကောင် သန်းဇော်ကွာ … သူကလည်း သူများရွာကို လာမိုက်ရိုင်းသေး … ကိုယ့်လူက ထိပ်တုံးအခတ်ခံရတယ်လို့ “

ဘမော်တို့ကာလသားတစ်စုကလည်း ဒေါသထွက်နေကြသလို မိကဲတို့အုပ်စုကလည်း မျက်ရည်လေးတစမ်းစမ်း။ ဒင်္ဂါးမှာ ထိပ်တုံးသော့ကို ကိုယ်တိုင်ခတ်ရတာမလို့ ဝမ်းနည်းစိတ်က ရင်ထဲလှိုက်တက်လာ၍ သက်ပြင်းတစ်ချက်ချလိုက်ရသည်။

” ကဲ . ကဲ … အားလုံးပြန်ကြတော့ . ဆရာတော်ဘုရားက ပြန်လှည့်လာရင် ဘာဖြစ်နေကြတာလဲ ဖြစ်ချေဦးမယ် . ပြန်ကြ “

ခြံထဲကနေ အိမ်နီးချင်းတွေက ပြန်သွားပေမယ့် ဘမော်နဲ့မိကဲတို့အုပ်စုကတော့ ကျန်ရစ်နေခဲ့သည်။ ဘယ်သူ့ကိုမှလည်း လှည့်မကြည့်တဲ့ ပစ်တိုင်းထောင်က ရှေ့တူရူကိုသာကြည့်လို့ အံကြိတ်ထားတာကြောင့် ဒင်္ဂါးမှာ စိတ်မကောင်းဖြစ်ရသေးသည်။

” ကိုပစ်တိုင်းထောင် … ညနေဘာစားချင်လဲဟင် … မိကဲအိမ်ကနေ ချက်လာပေးမယ် … လယ်ကြွက်ကြော်လေး စားချင်လားဟင် “

” ဟုတ်တယ် . ဟုတ်တယ် . ကိုပစ်တိုင်းထောင် ဘာစားချင်လဲသာပြော … မိတုတ်အိမ်ကနေ ချက်လာမယ် “

” တော်ပါဟာ . ဘာမှမစားချင်ဘူး … သွား . ညည်းတို့လည်း အိမ်ပြန်ကြတော့ “

” ထန်းရည်သောက်ချင်လား … ငါဝယ်လာပေးမယ် ”

” ‌မသောက်ချင်ဘူး ကိုဘမော် “

ပစ်တိုင်းထောင်က အကြည့်လွှဲသွားတာကြောင့် ကိုဘမော်တို့အဖွဲ့နဲ့ မိကဲတို့အဖွဲ့ကလည်း မျက်နှာငယ်လေးတွေနဲ့ အိမ်ပြန်သွားကြသည်။ ပစ်တိုင်းထောင်ဘေးမှာ ဒင်္ဂါးနဲ့ အစ်မငွေမှုန်သာ ကျန်ရစ်ခဲ့ပြီး ကွပ်ပျစ်ပေါ်ထိုင်နေတဲ့ အဘကတော့ ဒင်္ဂါးတို့ရှိရာကိုကြည့်ရင်း သက်ပြင်းတချချ။ မိစွာနဲ့ မိုက်မိုက်စန်းဆို ပစ်တိုင်းထောင်နား ဝပ်နေကြပြီး မျက်နှာငယ်လေးတွေနဲ့။

” ဆျာထောင် . ‌ဆျာထောင် … “

” ခွေးပုရယ် … ဖြည်းဖြည်းလာပါ ”

ဘယ်သူမှစကား‌မပြောကြပဲ ငြိမ်နေကြတုန်း ခွေးပုက ပုဆိုးကြီးမ,လို့ ခြံဝင်းထဲကို အမောတကော ပြေးဝင်လာသည်။ နေ့လယ်ခင်းတုန်းက ခွေးပုက ဒင်္ဂါးနဲ့အတူ စာသင်ကျောင်းမှာ ကျန်ရစ်ခဲ့တာမို့ ဒင်္ဂါးအပြင်ပြေးထွက်သွားတော့လည်း ခွေးပုကို အသိမပေးခဲ့ရတာကြောင့် အခုမှသာ သတင်းကြားပြီး အမောတကော ရောက်လာခြင်းဖြစ်ရမည်။

” ဆျာထောင် . ဘယ်ကောင်လုပ်တာလဲ … မျက်နှာတွေလည်း ဖူးရောင်နေတာပဲ  “

” ကျစ် … မထိစမ်းနဲ့ကွာ . ဝေးဝေးသွားနေစမ်း ခွေးပု … မင့်ညီမတွေလည်း တခြားနေရာခေါ်သွားစမ်း “

” ဆျာထောင့်ကို ဘာလို့ ထိပ်တုံးခတ်ရတာလဲ … ကိုဘမော်တို့ပြောလိုက်တာ ဆျာထောင်မမှားဘူးဆို . မြို့အုပ်မင်းဆီ ကြေးနန်းစာပို့ပြီး လှမ်းတိုင်လိုက်မယ် “

” ဟာ . ဒီကောင် … စကားရှည်လိုက်တာ … သွား . ဝေးဝေးသွားနေစမ်းပါ … ကိုကိုကြီးတို့ကို တိုင်မယ်မကြံနဲ့နော် … ခြေထောက်စာ မိမယ်မှတ် “

ဆျာထောင့်က ငေါက်လိုက်တာကြောင့် ခွေးပုက မိစွာနဲ့မိုက်မိုက်စန်းကိုခေါ်လို့ သူကြီးနားမှာ သွားထိုင်နေသည်။ ခွေးပုကိုသာ ကြိမ်းနေပေမယ့် ဆျာထောင့်ခြေထောက်က ထိပ်တုံးထဲကို။

” အစ်မ ကြပ်ထုပ်သွားလုပ်ချေဦးမယ် “

အစ်မငွေမှုန်က အိမ်နောက်ဖေးကို ခပ်သွက်သွက်ဝင်သွားတာကြောင့် ပစ်တိုင်းထောင်ဘေးမှာ ရွှေဒင်္ဂါးသာ ငုတ်တုပ်ကလေး ကျန်ရစ်ခဲ့သည်။ ပစ်တိုင်းထောင်က မျက်လုံးချင်းဆုံအောင် ပေစောင်းစောင်းကြည့်လိုက်တော့ ရယ်ပြလာတဲ့ရွှေဒင်္ဂါးက ခေါင်းခေါက်ချင်စရာ။ ဘယ်လိုလေးမှန်းပင်မသိချေ။

” အရမ်းနာနေလားဟင် “

” ဟမ့် . မနာပါဘူး … ပစ်တိုင်းထောင်က ဒီလောက်နဲ့ ဖြုံတောင်မဖြုံဘူး … ဟိုခွေးသူတောင်းစားကို အဲ့ထက်ပိုလုပ်လိုက်ရမှာ “

ပြောရင်းနဲ့ ဒေါသထွက်လာပုံရတဲ့ ပစ်တိုင်းထောင်က မျက်နှာကြီးရဲတက်လာသည်။ နေ့လယ်ခင်းအချိန်မလို့ နေကလည်း ရှိန်နေသေးတာမလို့ အပူဒဏ်ကြောင့် ပစ်တိုင်းထောင်ရဲ့ နဖူးစပ်မှာလည်း ချွေးစတွေနဲ့။ ဒင်္ဂါးက မကြည့်ရက်တာကြောင့် အနီးနားမှာရှိတဲ့ ဝါးခမောက်လေးနဲ့ ပစ်တိုင်းထောင်ကို ယပ်ခတ်ပေးလိုက်သည်။

” အဲ့တာ ဘာလုပ်နေတာလဲ ရွှေဒင်္ဂါး “

” ဟို … ချွေးတွေထွက်နေလို့ “

” မလိုဘူး . သွား … ပူကပူနဲ့ . ကျုပ်မှာလည်းလက်ပါတယ် “

ပစ်တိုင်းထောင်က နှင်နေပေမယ့် ရွှေဒင်္ဂါးကတော့ ဝါးခမောက်လေးကို ဆုပ်ကိုင်ထားပြီး ခေါင်းငုံ့လို့ပေကပ်ကပ်နေသည်။ ထပ်ပြောရင်လည်း မျက်နှာငယ်လေးနဲ့သာ မော့ကြည့်လာရင် မျက်လုံးလှလှလေးကို မလွန်ဆန်နိုင်သူက ပစ်တိုင်းထောင်ပဲ ဖြစ်မှာမလို့ ဆက်မပြောပဲ ပါးစပ်သာပိတ်ထားလိုက်‌တော့သည်။

” အငယ် … မောင်ငယ့်ကို ကြပ်ထုပ်လေး ထိုးပေးချေဦး “

ဗန်းလေးကိုင်လို့ ရောက်လာတဲ့အစ်မငွေမှုန်က ဒင်္ဂါးကိုကမ်းပေးသည်။ ဒင်္ဂါးကလည်း ပစ်တိုင်းထောင်ဘေးမှာ တင်ပျဉ်ခွေထိုင်ချလိုက်ရင်း ကြပ်ထုပ်ကိုယူလိုက်သည်။ အစ်မငွေမှုန်က အောက်မှာ ရေနွေးငွေ့လည်း ပေးထားတာကြောင့် ကြပ်ထုပ်က အဆင်သင့်အသုံးပြုရုံသာ။

” နာရင်ပြောနော် ပစ်တိုင်းထောင် … ကြပ်ထုပ်ထိုးမယ်နော် “

” ဟမ့် . နာစရာလား … လုပ်မှာသာလုပ်စမ်းပါ . ဒီလောက်လေးနဲ့ ဖြုံမနေ … အား အ့ … ရွှေဒင်္ဂါး …! ခင်ဗျား စွတ်ရွတ်လုပ်ရသလား “

” မနာဘူးဆို ပြောတော့ “

‌ပစ်တိုင်းထောင် ရွှေဒင်္ဂါးကို မျက်စောင်းထိုးပစ်လိုက်သည်။ စကားတောင်မဆုံးသေးပဲ အနာပေါ်ကို ရုတ်တရက်ဖိချလိုက်တော့ လန့်သွားတာပေါ့။ လုပ်ချင်တာလုပ်လိုက်တဲ့ ရွှေဒင်္ဂါးက မျက်နှာငယ်လေးနဲ့ မျက်လွှာလေးချသွားတော့လည်း ပစ်တိုင်းထောင်မှာ ဆက်မဆူရက်ပဲ လျှာကိုသာ ခပ်နာနာကိုက်ထားလိုက်ရသည်။

” ထပ်လုပ်မယ်နော် “

” အင်း … “

ဒီတစ်ခါတော့ ရွှေဒင်္ဂါးက ပစ်တိုင်းထောင်မျက်နှာက ရောင်နေတဲ့နေရာတွေကို ကြပ်ထုပ်နဲ့ခပ်ဖွဖွသာ လိုက်ဖိကပ်ပေးသည်။ မျက်ခုံးထောင့်မှာ အနည်းငယ်ကွဲသွားတာမလို့ ပေကျံနေတဲ့သွေးစတွေကို ရေနွေးစိမ်ထားတဲ့ အဝတ်သန့်နဲ့ သန့်ရှင်းပေးနေတာကြောင့် အသာငြိမ်ခံနေလိုက်သည်။

” တစ်ကိုယ်လုံးလည်း ဖုန်တွေသဲတွေချည်းပဲ ပစ်တိုင်းထောင် “

” ဟ ! မြေကြီးပေါ် နပန်းလုံးလာတာလေ ရွှေဒင်္ဂါးရဲ့ … နွားနို့နဲ့ ရေချိုးလာတာမှ မဟုတ်ပဲ “

” ဒါလေးပြောမိတာကို ပြောမယ်ဆိုတာချည်းပဲ “

” ခင်ဗျားပြောတာက မသိရင် ကျုပ်ကပဲ ပေတိပေစုတ်ကျလို့ “

‌ဒင်္ဂါး အောက်နှုတ်ခမ်းကို ဖိကိုက်ထားလိုက်သည်။ ကိုပစ်တိုင်းထောင်လေးနဲ့ ဒင်္ဂါးက စကားပြောလို့ကိုမရ။ ဒင်းလေးက ဒင်္ဂါးက ဘာစကားပြောရင် ဘယ်လိုကန့်လန့်ပြောမယ်ဆိုတာကိုပဲ ခေါင်းထဲမှာ အမြဲတွေးနေသလားပင်မသိ။

” ပြီးပြီ “

ကြပ်ထုပ်ထိုးလို့ပြီးသွားလို့ ပစ်တိုင်းထောင်က ခေါင်းညိတ်ပြလိုက်ပြီး ကြပ်ထုပ်ထိုးထားတဲ့ ပစ္စည်းတွေကို သိမ်းဆည်းနေတဲ့ ရွှေဒင်္ဂါးကို မျက်လုံးတွေမှေးစင်းလို့ ကြည့်လိုက်သည်။

” ခင်ဗျားက ရေမချိုးသေးဘူးလား … ကျောင်းကနေ ကျုပ်ဆီရောက်လာတာမဟုတ်လား … သွား . ရေချိုး . အဝတ်အစား သွားလဲချေ “

” အကုန်လုံးကို နှင်ထုတ်နေတော့တာပဲ ပစ်တိုင်းထောင် “

” သိပ်လျှာရှည်တယ်နော် ရွှေဒင်္ဂါး … စကားပြောရင် အထွန့်ကလေးက ပြန်တက်လိုက်ရမှ “

ပစ်တိုင်းထောင်ကို မျက်စောင်းထိုးလို့ အနားကနေ  ဆောင့်အောင့်ထွက်သွားတဲ့ ရွှေဒင်္ဂါးကြောင့် ဟက်ခနဲ ရယ်လိုက်မိသည်။ ပါးစပ်ဟလို့ ရယ်လိုက်မိတာကြောင့် နှုတ်ခမ်းထောင့်က ဒဏ်ရာကလည်း ဆစ်ခနဲ။ ရွှေဒင်္ဂါး စိတ်ဆိုးသွားပုံလေးကတော့ ချစ်စရာကောင်းသည်။ ရွှေဒင်္ဂါးအနားမှာရှိနေရင် ပစ်တိုင်းထောင်အတွက် ပိုကောင်းပေမယ့် အပင်အရိပ်အောက်က နေရှိန်တာကြောင့် နှင်လွှတ်လိုက်ရခြင်းသာ ဖြစ်သည်။

” အဘ … ပစ်တိုင်းထောင်ကိုလေ ညနေခင်းကျ ခဏလွှတ်ပေးလိုက်ပါလား … ချွေးတွေချည်းပဲ . ရေချိုးချင်ရှာမှာပေါ့ “

” အဘလည်း တွေးထားပါတယ် လူလေး … သွား . သွား . လုပ်စရာရှိတာလုပ်ချေ “

ဒင်္ဂါးကိုပြောနေတဲ့ အဘကိုယ်တိုင်ကလည်း မျက်နှာမကောင်း။ ပစ်တိုင်းထောင်ရှိရာ သရက်ပင်ဆီကိုသာ အကြည့်ပို့ရင်း သက်ပြင်းတစ်ချချမလို့ ဒင်္ဂါးလည်း အိမ်ထဲကို ခပ်သွက်သွက်ဝင်ရင်း ရေချိုးဖို့လုပ်ရတော့သည်။

ညနေခင်းကျတော့ ဆရာတော်ဘုရားက ကြိမ်လုံးကြီးကိုင်လို့ ကိုချက်ကြီးနဲ့အတူ သူကြီးအိမ်ကို ပြန်ကြွလာသည်။ ခြံထဲကိုဝင်ဝင်ချင်း သရက်ပင်ကိုမှီလို့ ထိပ်တုံးခတ်လျက်သား ထိုင်နေတဲ့ပစ်တိုင်းထောင်ကို မြင်လိုက်ရတာကြောင့် ဆရာတော်က အနားကိုလျှောက်သွားသည်။

” ဘယ့်နှယ့်နေသလဲ ပစ်တိုင်းထောင် … ကိုယ့်အမှားကိုယ် သိပလား “

အကြောမာတဲ့ ပစ်တိုင်းထောင်က ဆရာတော့်အမေးကို ချက်ချင်းပြန်မဖြေပဲ မျက်လုံးသာလှန်ကြည့်သည်။ အနားမှာရှိနေတဲ့ ‌ဒင်္ဂါးနဲ့ ခွေးပုကသာ ဆရာတော့်လက်ထဲက ကြိမ်လုံးကိုကြည့်ကာ ရိုက်လိုက်မှာစိုးနေရသည်။

” တပည့်တော်မှာ အမှားမရှိပါဘူး ဘုရား … တပည့်တော်လုပ်တဲ့အမှားက ဘာလဲမသိပါဘူး … ရန်ဖြစ်တာက အမှားဆိုရင် အစ်မငွေမှုန်မှမဟုတ်ဘူး တခြားမိန်းကလေးတစ်ယောက်ကို တပည့်တော်ရှေ့မှာ ထိကပါးရိကပါး လာနှောင့်ယှက်ပြီး‌ စော်ကားမော်ကား လာပြောရင်လည်း အခုလိုပဲလုပ်မှာပါဘုရား “

ပစ်တိုင်းထောင်စကားကြောင့် မျက်နှာကြီးတင်းချီသွားတဲ့ ဆရာတော်ဘုရားက ဘာမှတော့မပြော။ အစကတော့ ဦးမင်းငွေဆီကို လာတယ်ထင်ပေမယ့် ပစ်တိုင်းထောင်နားကိုသာ ရောက်လာပြီး ကြိမ်လုံးကြီးတရွယ်ရွယ်နဲ့ ချောင်းဟန့်ကာ ကျောင်းကိုသာ ပြန်ကြွသွားတော့သည်။

ညနေခင်း အတော်စောင်းကာမှ သူကြီးက ပစ်တိုင်းထောင်ကို ရေမိုးချိုးဖို့ ထိပ်တုံးခဏလွှတ်ပေးသည်။ ပစ်တိုင်းထောင်ကို လွှတ်ပေးထားတာ တခြားသူမြင်ရင် သူကြီးကို မလေးစားကြမှာစိုးတာကြောင့် ရေကိုခပ်သွက်သွက်ချိုးပြီး ထိပ်တုံးပဲပြန်အခတ်ခံသည်။ မှောင်ရိပ်သန်းလာတဲ့အခါ ‌ရေနံဆီမီးအိမ်နဲ့အတူ စကောဝိုင်းလေးသယ်လာတဲ့ ရွှေဒင်္ဂါးက ပစ်တိုင်းထောင်အနားကို ရောက်လာသည်။

” ညခင်းစာစားတော့မလားဟင် ပစ်တိုင်းထောင် … စားလိုက်တော့လေနော် … ပြီးရင် အဘက ဆေးသောက်ဖို့ ဆေးတစ်ဖုန်ပေးထားတယ် “

ဆေးဆိုတာကြောင့် ပစ်တိုင်းထောင်မျက်နှာကြီး ရှုံ့မဲ့သွားပေမယ့် ပစ်တိုင်းထောင် အပြစ်ခံနေရတာနဲ့တင် တစ်အိမ်လုံး မျက်နှာမကောင်းတဲ့သူကြီးတို့ကြောင့် ခေါင်းပဲညိတ်ပြလိုက်သည်။ ခွေးပုကလည်း ပစ်တိုင်းထောင်ကို ခြင်ကိုက်မှာစိုးတာကြောင့် အနားမှာလာပြီး အညာယပ်တောင်ကြီးတခတ်ခတ်။

” ထမင်းကပျော့လိုက်တာ ”

” နှုတ်ခမ်းထောင့်မှာ ညိုမဲနေလို့လေ … အစ်မငွေမှုန်က ဝါးရခက်မှာစိုးလို့တဲ့ . ထမင်းပျော့ပျော့ချက်ပေးလိုက်တာ “

ပစ်တိုင်းထောင်က စေတနာကို နားလည်တာမလို့ ဆက်ပြီးအထွန့်မတက်ပဲ ထမင်းကို ခပ်သွက်သွက်စားလိုက်သည်။ ရွှေဒင်္ဂါးကလည်း တစ်လျှောက်လုံး အနားမှာထိုင်နေပြီး ဟင်းဆိုဟင်း ထည့်ပေးသလို ခွေးပုကလည်း မညည်းမညူ ယပ်ခတ်ပေးရှာသည်။

” ဟမ့် . ဖေ့သမီးလေးတွေ မောသွားကြပြီ “

ပစ်တိုင်းထောင်က ထမင်းစားနေရင်း အနားမှာအိပ်နေတဲ့ မိစွာနဲ့မိုက်မိုက်စန်းကိုကြည့်ရင်း ရယ်လိုက်သည်။ ဖအေနဲ့အတူ နပန်းကူလုံးလိုက်ရလို့ မောသွားတယ်ထင်ပါရဲ့လေ။ အနားလာပြီး အိပ်နေလိုက်တာလည်း ပိုးလို့ပက်လက်မလို့ သမီးကောင်းတွေ ပီပီသသ ဗိုင်းကောင်းကျောက်ဖိနဲ့ နို့ရှစ်လုံးက ပေါ်လို့ရယ်။

” ပစ်တိုင်းထောင်ရေ . ငါတို့လာတယ် “

ထမင်းစားပြီးတော့ ရွှေဒင်္ဂါးခွဲထားပေးတဲ့ သရက်သီးမှည့်တွေကို ထိုင်စားနေတုန်း ခြံရှေ့ကနေ ကြားလိုက်ရတဲ့ ကိုဘမော်တို့အသံကြောင့် လည်ပင်းဆန့်လို့ လှမ်းကြည့်လိုက်သည်။ ကိုဘမော်နဲ့အတူ အနောက်မှာ ဖိုးထူးနဲ့ အောင်ကျော်ကပါလာပြီး လက်ထဲမှာလည်း မီးမတို့ရသေးတဲ့ မီးတုတ်ကိုယ်စီနဲ့။

” ခင်ဗျားတို့က ဘာလာလုပ်ကြတာတုန်း ”

” မင်းကို လာစောင့်ပေးတာ “

” ဟ …! “

ပစ်တိုင်းထောင်သာမက အနားက ရွှေဒင်္ဂါးနဲ့ ခွေးပုမှာလည်း ပါးစပ်အဟောင်းသား။ မျက်နှာတွေကို ကြည့်တော့လည်း အတည်ပေါက်ကြီးတွေမလို့ ပစ်တိုင်းထောင် ပါးစပ်ထဲက ဝါးလက်စ,သရက်သီးကို ခပ်မြန်မြန် မျိုချလိုက်ရသည်။

” ကျုပ်ကို လာစောင့်ပေးရအောင် ကျုပ်က ဘုံခုနစ်ဆင့်က မင်းသမီးလား . ဟမ့် . ကိုယ့်အိမ်ကိုယ်ပြန် “

ပစ်တိုင်းထောင်က ထိပ်တုံးခတ်ခံထားရတာကြောင့် ခြေထောက်ကြီးစင်းလျက်သား ခါးကြီးထောက်လို့ ပြောနေပေမယ့် ကိုဘမော်တို့ကတော့ ပစ်တိုင်းထောင်ရဲ့ ပတ်ပတ်လည်မှာ မီးတုတ်တွေပင် လိုက်စိုက်နေကြပြီဖြစ်သည်။ ညက တဖြည်းဖြည်းနက်လာတာကြောင့် မှက်နဲ့ ခြင်၊ ယင်တွေကလည်း ပေါလာပြီဖြစ်သည်။ ကိုဘမော်တို့က ပစ်တိုင်းထောင်ရဲ့ ပတ်ပတ်လည်မှာ မီးတုတ်တွေ စိုက်ထားပေးလို့သာ တော်ကာကျသည် ပြောရမည်။

” ကိုပစ်တိုင်းထောင် … မိကဲတို့ လာပြီ “

” ဟ ! လာပြန်ပြီ နောက်ထပ် အရှုပ်ထုပ်တစ်ဖွဲ့ ”

ပစ်တိုင်းထောင်က သရက်ပင်အောက်ကနေ ဆီးငေါက်ပေမယ့် မျက်နှာတစ်ချက်မပျက်တဲ့မိကဲတို့က ချိုင့်ကြီးချိုင့်ငယ်ကိုင်လို့ အနားကိုရောက်လာသည်။ ဘေးက ကိုဘမော်တို့အဖွဲ့ကလည်း မိန်းကလေးတွေအုပ်စု ရောက်လာ‌တာကြောင့် နေရာဖယ်ပေးတဲ့အနေနဲ့ သရက်ပင်နောက်မှာ သွားထိုင်သည်။

” မိကဲက ချင်းသုပ်နဲ့ လက်ဖက်သုပ်ကလေး သုပ်လာတယ် “

” မိတုတ်က အိုးဘဲဥလေးတော့ ”

” ဟို … မယ်တင်က ငါးနီတူခြောက်ကို စပ်စပ်ကလေး သုပ်လာတာ . ဟိုဟာ … အမေကိုယ်တိုင် သုပ်ပေးလိုက်တာပါ “

ပစ်တိုင်းထောင်ရှေ့ကို တစ်မျိုးပြီးတစ်မျိုးရောက်လာတဲ့ အသုပ်ပလုပ်တွေကလည်း စုံလင်လှသည်။ ပစ်တိုင်းထောင်တို့ရန်ဖြစ်ပြီး ထိပ်တုံးလေး တစ်ခါအခတ်ခံရတာကို တစ်ရွာလုံးမှာ ဟိုးလေးတကျော်ကိုဖြစ်လို့။
ဒီကိစ္စ ကိုကိုကြီးတို့မသိစေဖို့သာ ဆုတောင်းရသည်။ ကိုကိုကြီးပဲသိရင်ကအကြောင်းမဟုတ် မမကြီးသိသွားရင် သူသေချာပေါက်မြို့ပြန်ရလိမ့်မည်။

ရွှေဧည့်သည်တွေက ကိုဘမော်တို့၊ မိတုတ်တို့၊ မယ်တင်တို့အပျို၊လူပျိုအုပ်စုနဲ့တင်မပြီး။ ရွာထဲကို အကြောင်းမရှိရင် ခြေဦးတောင်မလှည့်တဲ့ မညိုမြကြီးကပါ ထန်းရည်အိုးနဲ့ ကြွက်ကြော်တွေဆွဲလို့ သူကြီးအိမ်ကို ရောက်လာသည်။

ထန်းရည်အိုးတွေကို အိမ်ထဲအထိ ခပ်တည်တည်နဲ့သွင်းလာတာတောင် ဦးမင်းငွေက တုတ်တုတ်မလှုပ်။ ကိုယ်တိုင်ကလည်း အပြစ်မပေးချင်ပဲ ပေးထားရတာကြောင့် တစ်ရွာလုံးနဲ့ တစ်ရွာလုံးရဲ့ အချစ်ဆုံးကို စိတ်ချမ်းသာသလိုသာ လွှတ်ထားပေးလိုက်သည်။

ဒီကြားထဲ ပစ်တိုင်းထောင်က အိပ်ရာစောစောမနိုးတာကြောင့် မျက်မှန်းတောင် မတန်းမိတဲ့ ပဲပြုတ်သည်မစန်းလှကြီးကလည်း ရောက်ချလာပြီး မနက်ခင်းကျရင် ပဲကတ္တီပါပြုတ်လာပို့မယ် ပြောသွားသေးသည်။ ပစ်တိုင်းထောင် ထိပ်တုံးအခတ်ခံရတာများ သူကြီးအိမ်မယ် ပွဲတော် တည်ပေးလိုက်တဲ့အတိုင်း တစ်ယောက်ဝင် တစ်ယောက်ထွက်နဲ့ စည်းကားနေတော့သည်။

” နနွင်းတွေကုန်သွားရင် အိမ်ထဲလာယူလှည့်နော် အငယ် “

” ဟုတ်ကဲ့ အစ်မ ”

နွေရာသီဖြစ်တာကြောင့် ညကနက်လေလေ ခြင်ကကိုက်လေလေဖြစ်တာကြောင့် အစ်မငွေမှုန်က နနွင်းခဲတွေကိုမီးရှို့လို့ အိုးခြမ်းပဲ့ထဲထည့်ကာ အနားမှာလာထားပေးသည်။ နှင်လွှတ်လို့လည်းမပြန်ပဲ အရေထူနေတဲ့ မိကဲတို့အုပ်စုက တစ်ဖက်ခြံထောင့်က ပိတောက်ပင်အောက်မှာ ဖျာခင်းပြီး ‌ကွာစေ့ပါ ထိုင်ဝါးနေတာမလို့ အစ်မငွေမှုန်ကလည်း မိကဲနားမှာသာ သွားထိုင်သည်။

” ခင်ဗျားမျက်နှာက ဘာဖြစ်နေတာလဲ … ကျုပ်နားထိုင်နေပြီး ဒယ်အိုးကြီး ဇောက်ထိုးလှန်ထားတာကျနေတာပဲ မဲမှောင်မှုန်မှိုင်းနေတာပဲ … ကျုပ်က သေသွားတာမှမဟုတ်ပဲ ထိပ်တုံးခတ်ခံရရုံတင် “

ပစ်တိုင်းထောင်ရဲ့ အားမနာတမ်း ပြစ်တင်ဝေဖန်သံကြောင့် ရွှေဒင်္ဂါးက နှာခေါင်းရှုံ့သည်။ ခွေးပုကိုလည်း ပစ်တိုင်းထောင်က ရေချိုးဖို့လွှတ်လိုက်တာမလို့ အနားမှာမရှိ။ ကိုဘမော်တို့ကလည်း ပစ်တိုင်းထောင် ပြန်ခွဲပေးထားတဲ့ ထန်းရည်၊ ကြွက်ကြော်နဲ့ အလုပ်ဖြစ်နေတာမလို့ တစ်ဝိုင်းတည်နေကြသည်။

” တကယ်ဆိုရင် ထိပ်တုံးခတ်ခံရတာက ကျွန်တော်ဖြစ်ရမှာ … အခုတော့ ပစ်တိုင်းထောင်က ကျွန်တော့်အစားခံပေးနေရတယ် “ 

” ဟ ! ဘာဆိုင်တုန်း . ကျုပ်ရန်ဖြစ်လို့ ကျုပ်ကို ထိပ်တုံးခတ်တာလေ … အခုလည်းကြည့်လေ … ထိပ်တုံးသာခတ်ခံထားရတယ် ပြောတာ … ကျုပ်ဖြင့်ဇိမ်ပဲ… ရေဆိုရေ ထမင်းဆိုထမင်း ဘယ်လောက်အဆင်သင့်လိုက်သလဲ … ဟော . ထန်းရည်နဲ့ ကြွက်ကြော်တောင်မှ အဆစ်ပါသေး “

ပစ်တိုင်းထောင်က ခပ်ပြုံးပြုံးသာ ပြောနေပေမယ့် ဒင်္ဂါးကတော့ မရယ်နိုင်ပါ။ ပြန်တွေးတိုင်း အားနာရတာမလို့ ပစ်တိုင်းထောင်မှာ စိတ်မကောင်းဖြစ်ရဆဲ။

” ပစ်တိုင်းထောင်အစား ကျွန်တော်သာ လယ်ထဲလိုက်သွားရင် … “

” တော်ပါ ရွှေဒင်္ဂါးရာ … ခင်ဗျားသာဆို ငြိမ်ခံပြီးပြန်လာမှာကို … အဲ့ခွေးမသားက ကျုပ်နဲ့မတွေ့သေးလို့ ဇောင်းကြွနေတာ… အခုလောက်ဆို ကျုပ်အကြောင်း နည်းနည်းတော့သိသွားလောက်ပြီ … ကျုပ်နာမည် ပစ်တိုင်းထောင်က အလကားဖြစ်လာတာမှတ်လို့ …

ဒါတောင် ကျုပ်သမီးမိစွာက အဲ့ကောင် ခြေသလုံးကို ခဲရုံခဲထားတာမို့ … အတည်သာကိုက်ချလိုက်ရင် ဒီကောင် ချက်ပတ်လည်မပြေးလွတ်ဘူးပဲ . အဲ့တာကို သူ့ကိုက်တယ်ဆိုပြီး ငိုပြနေသေးတာ . ကျုပ်ဖြင့် ပြေးကန်ချင်တာ အရမ်းပဲ … ဆရာတော်နဲ့ သူကြီးရှိနေလို့သာ “

ပစ်တိုင်းထောင်က အနားမှာရှိတဲ့ မိစွာရဲ့ခေါင်းလေးကို ပွတ်ရင်းပြောတော့ ရွှေဒင်္ဂါးက ‌ပြုံးသည်။

” ဘာပြုံးတာလဲ ရွှေဒင်္ဂါး “

” ဟင် ~ ဘာမှ . အဟမ်း … ဘာမှမဟုတ်ပါဘူး . ဒီတိုင်း ”

ရွှေဒင်္ဂါးက ပစ်တိုင်းထောင်စကားကြောင့် နှုတ်ခမ်းထက်မှာ အပြုံးတွေ တန့်သွားတော့လည်း စိတ်တိုင်းမကျ။

” ပြုံးပါ ရွှေဒင်္ဂါးရဲ့ ”

” ဟင် ~ “

” ပြုံးပါ … ခင်ဗျားက အမြဲတမ်းပြုံးနေတာနဲ့ပဲ လိုက်တယ် ရွှေဒင်္ဂါး “

>>>>>>>>>>

ဆက်ရန်
Yellowish_One 💛
(၂၂-၄-၂၀၂၄)

Tags: read novel Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၁၇), novel Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၁၇), read Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၁၇) online, Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၁၇) chapter, Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၁၇) high quality, Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၁၇) light novel, ,

Comment

Leave a Reply

Chapter 33