Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၆)

A+ A-

နေ့ပိုင်းမှာ ပူလောင်ပေမယ့် ညခင်းအချိန်မတော့ လသာပြီး ရာသီဥတုကလည်း အေးမြသည်။ ဒင်္ဂါးတို့ရွာအဖွဲ့ စားတည်းချထားရာက အပင်ကြီးတွေအောက်ဖြစ်တာကြောင့် လေကောင်းလေသန့်ရပြီး လေကလည်းတဖြူးဖြူးမို့ နေသာလှသည်။

” ကိုယ့်ပစ္စည်းကိုယ် ထိန်းသိမ်းကြနော် … အိပ်မောကျမနေကြနဲ့ဦး “

ညစာမစားပဲ ပွဲဈေးကို လျှောက်လည်ပြီးကြပြီမို့ ရွာက လုံမလေးတွေနဲ့ ကာလသားတစ်စုရယ် သက်ကြီးရွယ်အိုတွေက စုရပ်မှာ ပြန်ဆုံကြပြီဖြစ်သည်။ အုပ်ထိန်းသူအဖြစ်ပါလာတဲ့ ကိုချက်ကြီးက လှည့်လည်လို့ သတိပေးတော့ ဒင်္ဂါးတို့လည်း ခေါင်းညိတ်ပြလိုက်သည်။

” အိပ်ခါနီးကျ မီးငြှိမ်းဖို့မမေ့နဲ့နော် အငယ် … အစ်မ ခဏနားဦးမယ် “

ဒင်္ဂါးတို့မှာ အစ်မအပါအဝင် လုံမပျိုကလေးတွေပါသည်မို့ ယာယီတဲခပ်ကြီးကြီးတစ်ခုကို ကာလသားတွေက တစ်နေ့ခင်းတည်းနဲ့အပြီး ဝိုင်းဝန်းလို့ ဆောက်ပေးကြသည်။ ဒင်္ဂါးတို့လူငယ်တွေက အဆင်ပြေသလို အိပ်ကြမည်ဖြစ်ပြီး လူကြီးတွေကတော့ ဘုန်းကြီးကျောင်းမှာ သွားအိပ်ကြသည်။

” ကိုခွေးပုနဲ့ ပစ်တိုင်းထောင် ပွဲဈေးတန်းက ပြန်လာကြပြီလား “

ရေနွေးကြမ်းသောက်ဖို့အတွက် ရေနွေးတည်ထားရင်း ပွဲဈေးတန်းကပြန်လာတဲ့ ဆရာတပည့်နှစ်ယောက်ကို ခရီးဦးကြိုပြုလိုက်သည်။ ခေါင်းညိတ်ပြလာတဲ့ ပစ်တိုင်းထောင်က ဒင်္ဂါးဘေး ဝင်ထိုင်သလို ကိုခွေးပုကလည်း သူ့ဆရာဘေး ဝင်ထိုင်သည်။

အစကတော့ ပွဲဈေးကို အတူတူလည်ကြပတ်ကြပေမယ့် ပွဲဈေးအတွင်းပိုင်းက အံစာဝိုင်းကို မျက်‌စိကျသွားတဲ့ မြို့အုပ်မင်းညီက ထိုနေရာကနေမထတမ်း ဖင်မြဲနေတော့တာကြောင့် ညနက်ပြီမို့ ဒင်္ဂါးတို့က အရင်ပြန်ခဲ့တာဖြစ်သည်။

” မဟန်ပါဘူး ကိုဒင်္ဂါးရာ … ‌ဆျာထောင်ပေါ့ . အံစာက ရေကပ်သွားလို့ ဖားပဲကျပါမယ်ဆိုတာကို စကားနားမထောင်ဘူးလေ … အကုန်ပြောင်ကရော “

ဖောင်း …!

” အ .! “

” မင့် ဘယ်သူက စစ်မေးနေလို့လဲ မိချောင်းမသားရဲ့ “

” ပြောပြတာကို “

ခြေမြန်လက်မြန် မြို့အုပ်မင်းညီက ခွေးပုကို နားရင်းရိုက်လိုက်တာများ ဖောင်းခနဲရယ်။ သူ့ဘာသာ ရှုံးလာတာကိုများ အနားမှာရှိတဲ့သူကို ရှုံးမဲမဲတာရယ်။

” သွားအိပ်တော့မယ် … ဆျာထောင့်နားနေရင် ကျွန်တော် ခေါင်းကြီးလည်းချောင်တော့မယ် … မိန်းမယူရပါဦးမယ်ဆို “

ပြောပြီးပြီးချင်း သူ့ဆရာအကြောင်းသူသိတဲ့ ခွေးပုက ထိုင်နေရာကနေ ထပြေးသွားတာကြောင့် နေရာမှာ ဒင်္ဂါးတို့နှစ်ယောက်တည်းသာ ကျန်နေခဲ့သည်။ နှစ်ယောက်က တရင်းတနှီးကြီး မရှိလှသေးတာကြောင့် ဒင်္ဂါးက ပွက်ပွက်ဆူနေတဲ့ ရေနွေးအိုးကိုသာ ငေးနေမိသည်။

အီ ~ ဝု ဝု …

” ဟော် … ဗိုက်ဆာသလား … ခဏလေးနော် . ကြည့်ဦးမယ် ”

အသံကြားလို့ လှည့်ကြည့်လိုက်တော့ ဒင်္ဂါးတို့နားကို ခွေးပိန်လေးတစ်ကောင်ရောက်လာတာဖြစ်သည်။ ဗိုက်ဆာလို့ အစာတောင်းနေတဲ့ ခွေးလေးကို ဒင်္ဂါးဘေးမှာထိုင်နေတဲ့ ပစ်တိုင်းထောင်က မုန့်ဈေးတန်းက ဝယ်လာတဲ့မုန့်အိတ်ထဲက အကြော်တွေကိုယူလို့ တစ်ဖဲ့ချင်းချကျွေးသည်။

” ဖြည်းဖြည်းစား “

” ရေသောက်ချင်သေးလား “

တစ်ယောက်တည်း စကားတွေပြောကာ လက်ခုပ်ကလေး‌ထဲကို ရေထည့်လို့တိုက်ပြန်သည်။ အစာဝသွားတော့ ခွေးပိန်လေးက ဒင်္ဂါးတို့အနားမှာငြိမ်လို့ ခွေခွေလေးလှဲအိပ်သွားသည်။

” မိစွာနဲ့ မိုက်မိုက်စန်းကို သတိရနေတာလား “

ခွေးပိန်လေးကို ငေးကြည့်နေတဲ့ ပစ်တိုင်း‌ထောင်ကြောင့် ဒင်္ဂါး ထုတ်မေးလိုက်မိသည်။ စကားမရှိ စကားရှာတာဆိုရင် ပိုမှန်ပါလိမ့်မည်။ ညက မှောင်မိုက်နေပေမယ့် လကလည်းသာသလို အဝေးနေရာက ပွဲဈေး‌တန်းက အလင်းရောင်တွေကလည်း ဒင်္ဂါးတို့နေရာထိ ဖြာထွက်နေသည်။

” အင်း … “

” မိစွာနဲ့ မိုက်မိုက်စန်းက ချစ်စရာလေးနော် “

” အင်း … “

ဘာပြောပြော အင်း ချနေတာကြောင့် ပြောစရာစကားမဲ့စွာ ဒင်္ဂါးနှုတ်ခမ်းကို လျှာနဲ့သပ်လိုက်သည်။

” မိစွာနဲ့ မိုက်မိုက်စန်းက ကိုကိုကြီးနဲ့ မရီးပြီးရင် ကျုပ်အတွက် အချစ်ရဆုံးတွေပဲ “

” ….. “

” မိုက်မိုက်စန်းကို ကိုကိုကြီးက ခေါ်လာခဲ့တာလေ … အဲ့တုန်းကများ မိုက်မိုက်စန်းက လူစိမ်းဆို ဘယ်သူ့မှာ အကပ်မခံဘူး … ခွေးပုတောင် မိုက်မိုက်စန်းကိုက်တာ ခံခဲ့ရဖူးတယ် “

မီးပုံကိုငေးလို့ ယခင်အဖြစ်အပျက်တွေကို သတိရသွားဟန် ပစ်တိုင်းထောင်ကပြုံးသည်။ စိတ်ပုပ်တယ်၊ မာန်မာနကြီးပြီး ထောင်လွှားတယ်ထင်ရပေမယ့် သူ့သမီးတွေအကြောင်းပြောနေတော့လည်း ပစ်တိုင်းထောင်က စိတ်လိုလက်ရရယ်။

” သေးသေးလေးနဲ့ သိပ်စွာတာလေ အဲ့ကောင်မလေးက … မိုက်မိုက်စန်းဆိုတဲ့ ‌နာမည်ကလည်း ကျုပ်ပဲပေးထားတာ . ငယ်ငယ်ကများ အကောင်သာသေးတာ . လူမိုက်ရုပ်နဲ့လေ “

” ….. “

” ကျုပ်မယ် မိုက်မိုက်စန်းကို ရင်ခွင်ပိုက်ပြီး ချစ်ရတာ … ကလေး မွေးလာတော့လည်း မွေးလာတာက ထူးထူးခြားခြား မိစွာတစ်ကောင်တည်း … သားအမိနှစ်ယောက်လုံး မည်းတူးတူးလေးမို့ ကျုပ်မှာ အချစ်ပိုရတာ “

” မိစွာနဲ့ မိုက်မိုက်စန်းကလည်း ပစ်တိုင်းထောင်ကို ချစ်မှာပါ “

ရွှေဒင်္ဂါးစကားကြောင့် ပစ်တိုင်းထောင် မျက်စောင်းထိုးလိုက်သည်။ အရင်ကတော့ဟုတ်ပေမယ့် အခုကတော့ မဟုတ်နိုင်။ ရွှေဒင်္ဂါးမှ ရွှေဒင်္ဂါးဖြစ်နေကြတဲ့နှစ်ကောင်ကြောင့် ပစ်တိုင်းထောင်မှာ သမီးနှစ်ကောင်ကို ပြန်အမ်းထုတ်ချင်သည်အထိ။

” ဟမ့် … ကျုပ်မှာတော့ မိုက်မိုက်စန်း ကလေးမွေးတုန်းက မမွေးနိုင်လို့ မိစွာကို ကိုယ်တိုင်‌ဆွဲထုတ်ပေးခဲ့ရတာ … အခုတော့ ဒင်းတို့က ကျုပ်စကားတောင် နားမထောင်ချင်ဘူး “

” အဟား … “

ဒင်္ဂါးရယ်လိုက်မိသည်။ လှောင်ရယ်တာတော့ မဟုတ်ပေမယ့် ပစ်တိုင်းထောင်ရဲ့လေသံက သမီးတွေ စကားနားမထောင်တာကြောင့် နွားနှစ်ထောင်ကို ထိန်းနေရတဲ့ လေသံပေါက်နေတာမလို့ သဘောတကျ ရယ်မိခြင်းဖြစ်သည်။

” ဘာရယ်တာလဲ ရွှေဒင်္ဂါး … “

” အဲ … “

ဒင်္ဂါးကို စူးစူးစိုက်စိုက်ကြီး ကြည့်နေတာမလို့ ဒင်္ဂါးအပြုံးတွေ ရပ်တန့်သွားသည်။

” မိစွာနဲ့ မိုက်မိုက်စန်းက ချစ်ဖို့ကောင်းလို့ပါ “

” ချစ်ရင်ပြီးတာပဲ “

ဒင်္ဂါးမှာ အော် လို့သာ စိတ်ထဲတ,မိပါတော့သည်။

>>>>>>>>>>

” လုပ်ပါ ကိုချက်ကြီးရယ် … သူ့အစ်ကိို ကိုသာဗြောက ကျွန်တော့်ကို စောင့်နေတာဗျ “

” ခက်တာပဲ ဖိုးထူးရယ် … တစ်ခုခုဆို ငါ့ခေါင်းပေါ်ကျမှာဟ “

အပေါ့အပါးသွားပြီးပြန်လာတုန်း အပင်အကွယ်တစ်ခုမှာ ခပ်ကြိတ်ကြိတ် စကားပြောနေကြတဲ့ နှစ်ယောက်ကြောင့် ပစ်တိုင်းထောင်ခြေလှမ်းတွေ ရပ်တန့်သွားသည်။ တစ်ဖက်က ဘာကိုပြောနေမှန်းတော့ မသိပေမယ့် ကိုချက်ကြီးကတော့ ငြင်းနေတာ ခါးခါးသီးသီးပေ။

” သူ့အစ်ကိုကို ပ,ထုတ်သွားရင် ရပါပြီ ကိုချက်ကြီးရယ် . ကျုပ်က လှရီကို စကားပြောချင်ရုံတင်ပါ “

ကိုချက်ကြီးက ခေါင်းကုတ်သည်။ ပစ်တိုင်းထောင်လည်း ကြာကြာနား‌ထောင်နေလို့ မကောင်းတာကြောင့် အပင်နောက်ကနေ ထွက်လာလိုက်သည်။

” ကိုချက်ကြီး “

” ဟင် ! ပစ် . ပစ်တိုင်းထောင် “

လန့်သွားပုံရတဲ့ ကိုချက်ကြီးက အပင်ကွယ်မှာ ပစ်တိုင်းထောင်ရှိနေမှန်း သိပုံမရ။ ကိုချက်ကြီးဘေးက တစ်ယောက်ကတော့ ပစ်တိုင်းထောင်ကိုမြင်တာနဲ့ ခပ်ကုတ်ကုတ်ဖြစ်သွားသည်။

” တိုးတိုး တိုးတိုးနဲ့ ဘာဖြစ်နေကြတာလဲ “

ပစ်တိုင်းထောင် လက်ကိုပိုက်ထားရင်း မေးလိုက်သည်။ မေးတာကို ချက်ချင်းမဖြေတဲ့ ကိုချက်ကြီးက တွန့်ဆုတ်တွန့်ဆုတ် လုပ်နေတာကြောင့် မျက်ခုံးပင့်ရင်း ဘေးကတစ်ယောက်ကို ပြောဆိုတဲ့သဘော လုပ်ပြလိုက်သည်။

” ငါပဲပြောမယ်ကွာ … ဒီကောင် ငါ့ကို မြွေလာဖမ်းနေတာ … ရွာအနောက်ပိုင်းက လှရီနဲ့ ဒီကောင်နဲ့ ရည်ငံနေကြတာဟေး … လှရီအိမ်က သူတို့အကြောင်းမသိသေးဘူး… အဲ့ဒါဒီကောင်က တွေ့ချင်ပြီး ပွဲဈေးတန်းလည်ချင်တော့ လှရီအစ်ကိုသာဗြောကို ပ,ထုတ်ပေးဖို့ပြောနေတာ … သူ့အစ်ကို သာဗြောကဖြင့် လက်ယဉ်ကယဉ်နဲ့ . သိသွားရင် သေဦးမှာ “

” သူ့အစ်ကို ကိုသာဗြောကလည်း ရိပ်မိနေတယ်ထင်တယ် . ဒီရက်ပိုင်း လှရီကို ကြက်မကြီး ကြက်ဥဝပ်ထားသလိုကို စောင့်ကြည့်နေတာ “

” အဲ့ကိစ္စပဲ . ပစ်တိုင်းထောင် “

ပစ်တိုင်းထောင် သဘောတကျရယ်ရင်း ပါးစောင်ကို လျှာနဲ့ထိုးလိုက်သည်။ ဖိုးထူးကိုလည်း မျက်လုံးမှေးစင်းရင်း ပြုံးကြည့်ကာ ခေါင်းတညိတ်ညိတ်။ အကူအညီမတောင်းပေမယ့် ပစ်တိုင်းထောင် ကူညီရမယ်ထင်ပါ့။ ဒါမျိုးဆို ပစ်တိုင်းထောင်တို့က လွှတ်ကူညီချင်တာ။

” လှရီက ဘယ်သူတုန်း “

” အော် ပစ်တိုင်းထောင်ရယ် … ပြောတော့ဖြင့် သူကသိမှာကျနေတာပဲ “

” ဟ … ကူညီပေးမလို့ မေးနေတာကို …. ပြောပြရင် သိသွားမှာပဲလေ “

ပစ်တိုင်းထောင်စကားကြောင့် ဖိုးထူးမျက်လုံးတွေက အရောင်တောက်လာပြီး ကိုချက်ကြီးနားကနေ ပစ်တိုင်းထောင်အနားကို ဆွေ့ခနဲ ရောက်လာသည်။

” ကူညီပါဦး အစ်ကိုရယ် . နော် … ကျုပ်က လှရီကို တကယ်ချစ်တာဗျ “

လက်မောင်းကိုဆွဲကိုင်လှုပ်ရင်း ကလေးမုန့်ပူဆာသလို ပူဆာနေတဲ့ ဖိုးထူးကြောင့် ပစ်တိုင်းထောင် အပြုံးခပ်ကြီးကြီးပြုံးလိုက်သည်။

” မင့်ရည်းစားနဲ့ ပွဲဈေးလျှောက်လည်ချင်တာ ဟုတ်သလား “

” ဟုတ်ကဲ့ “

ပစ်တိုင်းထောင် ဘာလုပ်မယ်မှန်းမသိတဲ့ ချက်ကြီးကတော့ မျက်ခုံးခပ်လှုပ်လှုပ်။ မွှေလွန်းလို့ မြို့အုပ်မင်းကတောင် ထိန်းမနိုင်တာမို့ ရွာပို့ထားတာဖြစ်ကြောင်းလည်း ချက်ကြီးက ဆရာတော့်ဆီကနေ တစ်စွန်းတစ်စ ကြားထားဖူးပြီးသား။

” ဖြစ်စေရမယ်ကွာ “

မေးစေ့ကိုပွတ်လို့ အာမခံနေတဲ့ ပစ်တိုင်းထောင်ကြောင့် ချက်ကြီးဆံပင်မွှေးတွေ ထောင်တက်လာသလိုမျိုး ခံစားလိုက်ရသည်။

” ဟာ . တကယ် . တကယ်လား အစ်ကို “

” အေး “

ပစ်တိုင်းထောင်က ခေါင်းညိတ်သည်။ ပျော်ရွှင်သွားတဲ့ ‌ဖိုးထူးမျက်နှာကတော့ ထိန်းမရ သိမ်းမရ။

” ညနေခင်းကျရင် ငါတို့လှည်းနား လာခဲ့ချေ “

ကျေးဇူးအထပ်ထပ်တင်ရင်း အနားကနေ ထွက်သွားတဲ့ ဖိုးထူးကိုငေးရင်း ချက်ကြီး ပစ်တိုင်းထောင်ကို ကြည့်လိုက်သည်။ ခေါင်းထဲမှာ ဘာ‌အကြံတွေများထုတ်နေသလဲတော့ မသိ။ ခေါင်းကလည်း တညိတ်ညိတ်နဲ့။

” ဒါနဲ့ ကိုချက်ကြီး “

” ပြော “

” နို့ … လှရီက ဘယ်သူတုန်း “

” ဟေ “

ဒီမြို့အုပ်မင်းညီနဲ့တော့ တင်ပါးကို ‌ဆောင့်ကန်ချထည့်လိုက်ရ မကောင်းရှိပေတော့မယ်။ ကူညီမယ်ဆိုတော့ သိနေလို့များလားလို့လေ။ အခုတော့ဖြင့် ကူညီရမယ့်လူက ဘယ်သူမှန်းတောင်မသိ။ မြို့အုပ်မင်းညီဟာလေ အမှန်တကယ် ငမွှေထိုး လေကြီးဖင်ခေါင်းကျယ်။

>>>>>>>>>>

” ဒီနားလာ‌ထိုင်နေတာ ဗိုက်ဆာနေလို့လား မောင်ငယ် “

အစ်မငွေမှုန်အမေးကို ပစ်တိုင်းထောင် ခေါင်းရမ်းပြလိုက်သည်။ ကိုယ့်အကြံနဲ့ကိုယ်ရှိသည်မို့ ထိုင်နေပေမယ့် မမောမပန်း ချက်ပြုတ်နေတဲ့ အစ်မငွေမှုန်ကတော့ ပစ်တိုင်းထောင်ကို အရေးတယူ မေးသည်။

” ဒါဖြင့်ရင် ပျင်းနေသလား “

ပစ်တိုင်းထောင်လည်း ပြီးပြီးကရော ခေါင်းညိတ်ပြလိုက်တော့ အစ်မငွေမှုန်က ပြုံးသည်။

” အငယ်ရေ … အငယ် “

” လာပြီ အစ်မ … နွားစာကျွေးနေလို့ “

အစ်မငွေမှုန်က ထမင်းဟင်းချက်နေရင်း ရွှေဒင်္ဂါးကို လှမ်းခေါ်သည်မို့ နွားစာကျွေးနေတဲ့ ရွှေဒင်္ဂါးက အနားကို အပြေးရောက်လာသည်။ အနားမှာ ပစ်တိုင်းထောင်ရှိ‌နေတာလည်းမြင်ရော မျက်နှာကလေးက တစ်မျိုးပြောင်းသွားသည်။ အစ်မဖြစ်သူနဲ့ ပစ်တိုင်းထောင်ကို တိုသည်ထင်ပါ့။

” ခိုင်းရာရှိလို့လား . အစ်မ “

ပါးစပ်ကသာ မေးနေပေမယ့် အကြည့်တွေက ပစ်တိုင်းထောင်ဆီက မလွှဲ။

” ဒါနဲ့ … မောင်ငယ် ခွေးပုရော မမြင်မိပါ့လား “

ကွမ်းတောင်ကိုင် မယ်တင်တို့နား ရစ်သီရစ်သီ သွားလုပ်နေတဲ့ ခွေးပုက ပစ်တိုင်းထောင်အနားပင် မကပ်နိုင်။ ဟိုက ရေဆိုရေ မုန့်ဆိုမုန့် လုပ်ပေးနေတာများ အဝယ်တော်ကိုဖြစ်လို့။ ပစ်တိုင်းထောင်ကတော့‌ ပြန်လာရင်း နားရင်းကို နာနာတီးမယ်လို့ ကြိမ်းဝါးထားသည်။ ဒင်းက တဏှာသွားရူးနေတာမို့ ပစ်တိုင်းထောင်ရဲ့ မဟာအကြံအစည်ကို ဘေးကနေ အကြံပေးမယ့်သူပင် မရှိတော့ချေ။

” ခွေးပုက ဟိုမိကဲဆိုလား . အဲ့အဖွဲ့ထဲ သွားနေတယ်လေ … မယ်တင့်ကို မေတ္တာပိုနေလေရဲ့ “

” အယ် . ကိုခွေးပုက အဲ့သလိုလား “

ဒင်္ဂါးကမေးတော့ ခေါင်းညိတ်သည်။

” ကျုပ်လည်း မပြောချင်‌တော့ လွှတ်ထားလိုက်တာပဲ … ဟိုကပြန်ကြိုက်ရင်တော့ ရမပေါ့ “

” ပစ်တိုင်းထောင်က အောင်သွယ်ပေးလိုက်ပေါ့ “

” ဟာ … ရှုပ်ရှုပ်ယှက်ယှက် “

ခေါင်းကို တွင်တွင်ခါတဲ့ ပစ်တိုင်းထောင်က အစ်မငွေမှုန်နားက မခွာပဲ ငုတ်တုပ်ကလေးထိုင်နေသည်။ ကိုခွေးပုကိစ္စကိုကျ ရှုပ်ရှုပ်ယှက်ယှက်လို့ပြောပြီး မသိတဲ့သူကို စေတနာပိုလို့ အကျိုးဆောင်ပေးချင်တာ သူမဟုတ်တဲ့အတိုင်း။

မနက်က ပစ်တိုင်းထောင် မွှေထိုးတော့မယ့်ကိစ္စကို ကိုချက်ကြီးလာပြောထားတာမလို့ သိပြီးသားပင်။ ဒင်္ဂါးမှာ ရင်တထိတ်ထိတ်နဲ့ ဘယ်အချိန် ဘယ်လိုထမွှေမလဲဆိုတာ စောင့်နေရသည်မှာ နေ့လယ်ကျော်လို့ ညနေပင်စောင်းလုပြီဖြစ်သည်။

” အစ်မမီးက တက်ကိုတက်မလာဘူး … ဖယ် . ဖယ် ကျွန်တော်မီးပြောင်းမှုတ်ပေးမယ် “

” အယ် . တက်ပါတယ် အငယ်ရဲ့ “

” ဘာကိုတက်တာတုန်း … အစ်မဟင်းရည်အိုးကဖြင့် ပွက်တောင်ပွက်မလာတဲ့ဟာ “

ဒင်္ဂါးလည်း အစ်မငွေမှုန်လက်ထဲက မီးပြောင်းကို ဆွဲယူလိုက်ပြီး အစ်မငွေမှုန်နဲ့ ပစ်တိုင်းထောင်ကြား ဆောင့်ကြောင့်ဝင်ထိုင်လိုက်သည်။

” ဖူး … “

” ကူပေးရမလား “

” ရတယ် … ဖူး … “

ပစ်တိုင်းထောင် လက်ဖဝါးနဲ့ မေးကိုထောက်ထားရင်း ရွှေဒင်္ဂါးကို ပြုံးကြည့်မိသည်။ သူ့အစ်မနဲ့ ပစ်တိုင်းထောင်ကို တိုတာလည်း လွန်ပါရော။ အခုလည်း အစ်မငွေမှုန်နား ကပ်ထိုင်နေတုန်း အစ်မကိုတိုပြီး တောက်ပြီးသားမီးတွေကို မီးပြောင်းနဲ့ ခါးကုန်းသည်အထိ အားရပါးရကုန်းမှုတ်နေမှန်း ရိပ်မိပါသည်။

” မမငွေမှုန် . ကိုဒင်္ဂါး … “

သုံးယောက်သား မီးဖိုခနောက်နား ဆောင့်ဆောင့်လေးတွေ ထိုင်နေကြတုန်း ကြားလိုက်ရတဲ့အသံကြောင့် ပစ်တိုင်းထောင်ရဲ့ နားရွက်ကလေးတွေက ထောင်တက်သွားသည်။ လှည့်မကြည့်သေးပေမယ့် ကြားလိုက်ရတဲ့ ခြေသံတွေအရ တစ်ယောက်တည်းတော့ မဟုတ်ပါချေ။ အသံအရ မိကဲအသံဖြစ်တာကြောင့် ပစ်တိုင်းထောင် ဂွင်တွေ့သွားသလို ပြုံးလိုက်မိတော့သည်။

” ညနေခင်းကျရင် ဇာတ်ပွဲသွားကြည့်မယ် မဟုတ်လား မမငွေမှုန် . ကိုဒင်္ဂါးလည်း လိုက်မယ်မဟုတ်လား “

ပစ်တိုင်းထောင်တို့နည်းတူ မီးဖိုဘေးမှာ ဝင်ထိုင်ကြတာကြောင့် ဟင်းအိုကို အလယ်မှာထားပြီး ဝိုင်းထိုင်နေကြသလို ဖြစ်သွားသည်။ ပစ်တိုင်းထောင်ဘေးမှာ လာထိုင်ပြီးပြုံးပြလာတဲ့ မယ်တင်ကြောင့် အကြည့်လွှဲလိုက်သည်။ မကြာခင်မှာ ခွေးပုလည်းရောက်လာတာကြောင့် ရွှေဒင်္ဂါးအနားကို ရွှေ့ထိုင်ကာ နေရာပေးလိုက်တော့ ခွေးပုက စပ်ဖြဲဖြဲနဲ့ ပစ်တိုင်းထောင်နဲ့ မယ်တင်ကြားမှာ ဝင်ထိုင်သည်။

” ဒီညက မင်းသားထွဋ်‌စိန် တင်မကဘူး … မင်းသမီး တင့်တင့်ဆွေပါ ပါတယ်တဲ့ ”

” ဟယ် . ဟုတ်သလား “

” ဟုတ်ပါ့ အစ်မငွေမှုန် … ဖျာတွေတောင် မရတော့ဘူးပြောတယ် … အဲ့သည်တော့ ဇာတ်ပွဲခင်းကိုတောင် အကာအရံတွေဖြုတ်ပြီး နေရာချဲ့နေရသတဲ့ “

အမျိုးသမီးတွေကတော့ ဇာတ်ပွဲအကြောင်း ခေါင်းချင်းဆိုင်လို့ ပြောနေကြပေမယ့် ပစ်တိုင်းထောင်ကတော့ အစ်မငွေမှုန်ဘေးက လှရီကို အကဲခတ်နေလိုက်သည်။ မျက်နှာဝိုင်းဝိုင်း မျက်လုံးဝိုင်းဝိုင်းနဲ့ ကလေးမက အလွန်ဆုံးရှိမှ တစ်ဆယ့်ခြောက်နှစ်လောက်သာ ရှိပေဦးမည်။ သနပ်ခါးပါးကွက်ကျားလေးနဲ့ ဆံပင်တို ဆံရစ်ဝိုင်းကလေးနဲ့မို့ ငယ်ရုပ်ပင် မပျောက်ချင်သေး။

” မိကဲတို့က ဘာရယ်မဟုတ် အဲ့တာပြောချင်လို့တော့ … ပွဲခင်းထဲကို အစောသွားရအောင် . တော်နေကြာမှ လူအရမ်းကြပ်လာရင် မိကဲတို့ လူပိနေမှဖြင့် “

မိကဲစကားကြောင့် အစ်မငွေမှုန်က ခပ်ဖွဖွရယ်သည်။

” လူတော့မပိပါဘူး မိကဲရယ် … ဒင်္ဂါးလည်း ပါမှာပဲကိုး “

” အို တော် … ကိုရွှေဒင်္ဂါးလည်း ဘာထူးလို့လဲ… လူကဖြင့် သေးသေးကွေးကွေးလေးနဲ့ လူကြားထဲပိသွားရင် ဘယ့်နှယ်လုပ်မတုန်း … မိကဲတို့က မဆွဲနိုင်ပေါင်နော် “

မိကဲစကားကြောင့် စကားဝိုင်းထဲက မိန်းကလေးတွေက သဘောကျသလိုမျိုး တခစ်ခစ်ရယ်သည်။ ဒင်္ဂါးကတော့ မိကဲစကားကို အနည်းငယ်ရှက်မိသွားတာကြောင့် ဂုတ်ပိုးကိုသာ နာနာဖိပွတ်နေလိုက်သည်။

” မယ်တင်ကလေး … ဘာမှမပူနဲ့ သိလား . ကိုကြီးပုရှိတယ် … လူများလည်း ကိုကြီးပုက ရှေ့ဆုံးကနေပြီး မယ်တင်လေးကို ပွဲခင်း‌ထဲရောက်အောင် ခေါ်သွားပေးမယ် “

မယ်တင်က ဘာမှမပြောပဲ မျက်စောင်းနာနာခဲတာတောင် ခွေးပုက နာရကောင်းမှန်းလည်းမသိ။ နွားပြာကြီး အောက်သွားလွတ်နေသလို တဟဲဟဲနဲ့သာ။

” ရွှေဒင်္ဂါး တစ်ယောက်တည်းဆိုရင်တော့ လူညပ်ရင်ညပ်မပေါ့ … ကျုပ်ပါရင်တော့ မညပ်ပါဘူး ”

ခပ်တင်းတင်းထွက်လာတဲ့ ပစ်တိုင်းထောင်စကားကြောင့် စကားဝိုင်းထဲက ရယ်သံတွေ တိတ်ဆိတ်သွားသည်။

“ဒီမယ် မိကဲ … ရွှေဒင်္ဂါးက ခင်ဗျားတို့ကို ကူလည်းကူပေးရဦးမယ် . သူ့များ အထင်သေးလို့ . ခင်ဗျားတို့ကဘာတုန်း “

ပစ်တိုင်းထောင်က မြို့အုပ်မင်းညီဆိုတဲ့အတိုင်း ရွာသူရွာသားတွေက ရှိန်ကြသည်။ ပစ်တိုင်းထောင်က ခပ်တည်တည်လည်း ငေါက်ရော မိကဲမှာ အသံပင်မထွက်ရဲပဲ ခေါင်းငုံ့နေသည်။

” လူပိမှာချင်းအတူတူ ရွှေဒင်္ဂါးလည်း ပိမှာဆိုတော့ သွားချင်ရင် ခင်ဗျားတို့ဘာသာသွားကြ … အစ်မငွေမှုန်ကို ငါလိုက်ပို့လိုက်မယ် “

” မဟုတ်ပါဘူး ကိုကြီးပစ်တိုင်းထောင်ရယ် … မိကဲတို့က “

ဆက်ပြောမဲ့စကားတွေက ခပ်တင်းတင်းကြည့်နေတဲ့ ပစ်တိုင်းထောင်ကြောင့် ပါးစပ်ပိတ်သွားသည်။

” ဟိုလေ . မိကဲက ကိုဒင်္ဂါးကို နောက်တာပါ … မိကဲ ဟင်းအိုးကြီးတည်ထားခဲ့လို့ သွားဦးမယ်နော် “

မိကဲက ဘေးနားက နှစ်ယောက်ကိုပါ အသာအယာလက်ကုတ်ရင်း ခပ်သုတ်သုတ်ထွက်သွားသည်။ ခွေးပုကတော့ ဒေါသထွက်နေပုံရတဲ့ ဆျာထောင်ကြောင့် မယ်တင်လေးအနောက်ကိုတောင် လိုက်မသွားရဲပါ။

” ဒီမယ် . ရွှေဒင်္ဂါး “

ပစ်တိုင်းထောင်က ခပ်မာမာခေါ်‌လိုက်တော့ ခေါင်းလေးငုံ့လို့ထိုင်နေတဲ့ ရွှေဒင်္ဂါးက ခေါင်းမော့လာပြီး အစ်မငွေမှုန်ကလည်း လှည့်ကြည့်လာသည်။

” ခင်ဗျားကို စသလို နောက်သလို နှိမ်သလို ပြောနေတာကို အားနာပြီး ငြိမ်မနေနဲ့ … ခေါင်းပေါ် ရေအိမ်ဆောက်သွားဦးမယ် “

” မိကဲတို့က ခင်နေတော့ နောက်တဲ့သဘောပါ “

” အေး . ကျုပ်မှားတာ … ရေအိမ်ဆောက်ရုံမကလို့ မစင်ပါ ပါချသွားလည်း အေးတာပဲ “

‌မျက်စောင်းကြီးခဲလို့ ထထွက်သွားတဲ့ ဆျာထောင်ကြောင့် ခွေးပု ကြိတ်ရယ်လိုက်သည်။ မောင်နှမနှစ်ယောက်ကတော့ ထိုနေရာမှာတင် ယောင်နနနဲ့ ကျန်ရစ်ခဲ့တော့သည်။

>>>>>>>>>>

ခြတောင်ပို့ကြီး အဖြိုချခံလိုက်ရသကဲ့သို့ တပေါင်းဘုရားပွဲဟာ လူသူကြိတ်ကြိတ်တိုးရယ်။ နောက်ဆုံးနေ့ဖြစ်တာကြောင့် ရွာနီးစပ်တွေကပါ လှည်းတစ်တန်နဲ့ လာကြတာကြောင့် ပွဲဈေးခင်းမှာ လူက ဖွေးဖွေးလှုပ်နေသည်။

” အရှေ့ကို အတင်းတိုးမသွားနဲ့လေ အစ်မ … ကျွန်တော့်ကို စောင့်ဦး “

ဒင်္ဂါးက အစ်မငွေမှုန်လက်ကို ခပ်တင်းတင်းဆွဲရင်း ပွဲဈေးတန်းမှာ လူတိုးနေရသည်။ မိကဲနဲ့ မယ်တင်ကလည်း ဒင်္ဂါးတို့အနောက်မှာ တစ်ယောက်လက်ကိုတစ်ယောက် ကျစ်နေအောင် ချိတ်ဆွဲထားကြရင်း ပါလာသည်။

” ကျေးဇူးတင်ပါတယ် ကိုကြီး “

ပစ်တိုင်း‌ထောင် မျက်စိရှေ့က ဖိုးထူးကို မျက်လုံးမှေးစင်းလို့ ကြည့်လိုက်သည်။ ဘေးမှာရှိတဲ့ ခွေးပုကတော့ နားမလည်နိုင်စွာ ဆျာထောင့်ကိုတစ်လှည့် လှရီနဲ့ ဖိုးထူးကိုတစ်လှည့် ကြည့်နေသည်။

” ကလေးမလေးကို သေချာစောင့်ရှောက်နော် … မဟုတ်တာလုပ်လို့ကတော့ ပစ်တိုင်းထောင်လက်သီးနဲ့ အရင်တွေ့မယ် “

ဖိုးထူးက ခေါင်းကို တဆတ်ဆတ်ညိတ်ရင်း ပစ်တိုင်းထောင်ကို ကတိအထပ်ထပ်ပေးသည်။ လှရီကတော့ ပတ်ဝန်းကျင်ကို ကျီးကန်းတောင်းမှောက်ကြည့်ရင်း သူ့အစ်ကိုကို ရှာနေပုံရသည်။ ငယ်ငယ်ရွယ်ရွယ်က‌လေးနဲ့ ရည်းစားသနံထားတော့ အစ်ကိုဖြစ်သူ မိသွားမှာလည်း ကြောက်ပုံရသည်။

” ရှာမနေနဲ့ . ညည်းအစ်ကိုက ကိုချက်ကြီးနဲ့ ထန်းတောပါသွားတယ် ”

ပစ်တိုင်းထောင်က အစကတည်းက ကိုသာဗြောကို ပိုင်အောင်ပေါင်းပြီး ကိုချက်ကြီးနဲ့ ထန်းတောဘက်ကို ပထုတ်ထားတာဖြစ်သည်။ မြို့အုပ်မင်းညီဆိုတဲ့အရှိန်နဲ့ သာဗြောကလည်း ပစ်တိုင်းထောင်ဘာပြောပြောလက်ခံသည်။

လူမိုက်အရက်သမားမို့ ပစ်တိုင်းထောင်က ငွေစလေးအနည်းငယ်ပေးရုံနဲ့ ကိုချက်ကြီးနဲ့ ထန်းတောဘက် ပါသွားတာများ ပေါ်ကိုမလာတော့။ အစကတော့ သူများအကျိုးဆောင် ကိုယ့်အကျိုးအောင်လို့ တွေးမိပေမယ့် ကလေးမလေးက ငယ်သေးတာမို့ ပစ်တိုင်းထောင်က မှာစရာရှိတာ မှာရသေးသည်။

” ကိုယ့်ဘာသာ ပွဲဈေးထဲမယ် လည်စရာရှိတာလည် … ညည်းအစ်ကိုကို စိတ်ချထား . ပြီးတော့ ဖိုးထူး … အချိန်မလင့်ခင် ပြန်လာတာလိုချင်တယ် … မဟုတ်ရင် နှစ်ယောက်လုံးနာမယ် “

” ဟုတ်ကဲ့ “

ပြောလိုက်တော့လည်း နှစ်ယောက်လုံးက မျက်နှာငယ်လေးတွေနဲ့။ သူများအကျိုးဆောင်ရတာလည်း လွယ်တော့မလွယ်။ ဇာတ်ပွဲနေရာကိုသွားရင်း ပွဲဈေးတန်းကို ဖြတ်ရတာမလို့ လူရှုပ်ချိန် အနောက်ကနေ လှရီလက်မောင်းကနေဆွဲလို့ ခေါ်ထုတ်လာရတာဖြစ်သည်။

ဆွဲခေါ်လာတာကတော့ တစ်ယောက်တည်းပေမယ့် ‌အနောက်ကနေ ခွေးပုကလည်း ဘူမသိကိုးမသိ ကပ်ပါလာသည်။ ဘာလို့လိုက်လာရသလဲမေးတော့ လမ်းမသိခွေးနောက်လိုက် ဆိုတဲ့အတိုင်း ဆျာထောင်သွားရာနောက်ကိုလိုက်တာဆိုတဲ့ ခွေးပုကြောင့် နားရင်းတစ်ချက်လောက် ပိတ်ရိုက်လိုက်ရသေးသည်။

” ကဲ သွား.သွား သွား … လူငယ်တွေများ “

ဆျာထောင့်စကားကြောင့် ခွေးပု မျက်နှာကြီးကို ရှုံ့မဲ့ပစ်လိုက်သည်။ သူများကိုကျ လူငယ်လေးတွေတဲ့။ သူ့အသက်ကဖြင့် တစ်ဆယ့်ကိုးနှစ်ရှိသေးတာများ လူကြီးထင်တာလား မသိ။

” သွားမယ် . ခွေးပု “

” ဘယ်လဲ . ဆျာထောင် “

အနားကနေ သမီးရည်းစားနှစ်ယောက်ထွက်သွားတော့ ဆျာထောင်က ခွေးပုဂုတ်ကနေကိုင်ပြီး ပွဲဈေးဘက်ကို ဆွဲခေါ်သွားသည်။

” ဟ ! ရွှေဒင်္ဂါးတို့ကိုပြန်ရှာရမှာပေါ့ဟ … ငါတို့လစ်ထွက်လာတာသိရင် ပျောက်တယ်ဆိုပြီးရှာနေရင် ပြဿနာတက်မယ် “

” ဟွန့် . သူ့ဘာသာ သူများအကျိုးဆောင်နေပြီးတော့ “

ခွေးပုက မကျေမနပ်ရေရွတ်လိုက်ပေမယ့် ဆျာထောင်ကတော့ ပွဲဈေးတန်းထဲကို ဆွဲခေါ်သွား‌တော့သည်။ ပွဲဈေးတန်းမှာမရှိရင် ဒီအချိန်လောက်ဆို ဇာတ်ပွဲထဲကို ရောက်နေလောက်ပြီမို့ ဇာတ်ပွဲစင်ရှိရာကို ဆရာတပည့်နှစ်ယောက် ခပ်သုတ်သုတ်သွားရသည်။

” ဇာတ်ပွဲက စတောင်နေပြီထင်တယ်နော် ဆျာထောင် “

ကလေးစီးချားရဟတ်တွေနားကိုရောက်တော့ အနီးအနား ဇာတ်ပွဲစင်ဆီကနေ ဆိုင်းသံတွေကို ကြားလိုက်ရသည်။ ပတ်ပတ်လည်ကို ထရံတွေနဲ့ ကာထားတာကြောင့် အတွင်းပိုင်းကို‌တော့ဖြင့် မမြင်ရပါ။ အသံတွေကြားနေရပြီမို့ ခွေးပုက လည်ပင်းလေးရှည်ရင်း ဇာတ်ပွဲခုံဘက်ကို လှမ်းမျှော်ကြည့်သည်။

” အထဲမှာ အစ်မငွေမှုန်တို့ဖျာဆီသွားဖို့ “

ပစ်တိုင်းထောင်က ပွဲစောင့်ကို ခပ်တည်တည်ပြောလိုက်သည်။ မျက်နှာထားတင်းတင်းနဲ့မို့ အကဲခတ်နေတဲ့ ပွဲစောင့်ကို ပစ်တိုင်းထောင် စိတ်မရှည်တော့တာကြောင့် အိတ်ထဲက ကျပ်တန်တစ်ရွက်ကို ထုတ်ပေးလိုက်သည်။

ပွဲထဲမှာ လူကျနေပြီမလို့ ဖျာမရှိတော့ပေမယ့် အပိုဝင်ငွေရချင်တဲ့ ပွဲစောင့်တွေက ရသမျှလူတွေကို ပွဲခင်းထဲ ထိုးသွင်းနေတဲ့ သဘောဖြစ်သည်။ အထဲရောက်သွားကာမှ ဘယ်နေရာထိုင်ထိုင် ပွဲစောင့်ကတော့ ဝင်ကြေးယူရင်း ရသမျှလူကုန် ဆွဲထည့်နေတော့သည်။

” ဆျာထောင် … ဟိုးမယ် . အစ်မငွေမှုန် မဟုတ်လား “

ဇာတ်ပွဲထဲမှာ ဖျာတွေနဲ့ ထိုင်ကြည့်ရတာမို့ မတ်တပ်ရပ်နေတဲ့ ပစ်တိုင်းထောင်တို့က ရှေ့ဆုံးတန်းမှာရှိတဲ့ အစ်မငွေမှုန်တို့အုပ်စုကို တန်းနေအောင် မြင်လိုက်ရသည်။

အစ်မငွေမှုန်တို့ထိုင်နေတဲ့ အနားကိုရောက်တော့ ပစ်တိုင်းထောင်တို့ကိုမြင်ပြီး အံ့ဩသွားဟန်နဲ့ ဘေးဘီကိုလည်း ဝေ့ဝဲကြည့်သည်။

” အယ် မောင်ငယ် … ဘယ်ကပြန်လာသလဲ … အငယ်နဲ့ရော မတွေ့ခဲ့ဘူးလား . မောင်ငယ်ပျောက်သွားလို့ဆိုပြီး လိုက်ရှာတယ်လေ “

” ဟမ် “

ဖျာပေါ်မှာ အစ်မငွေမှုန်နဲ့ မိကဲတို့သာရှိနေပြီး အနီးအနီးမှာတော့ မင်းကန်ရိုးရွာက ကာလသားတချို့ရှိသည်။ ပုံမှန်ဆိုရင် အစ်မငွေမှုန်ကို အရမ်းအူတို စိတ်မချတဲ့ ရွှေဒင်္ဂါးက ကိုယ့်ရွာသားတွေ ရှိတယ်ဆိုတဲ့စိတ်နဲ့ အစ်မငွေမှုန်တို့အဖွဲ့ကို စိတ်ချလက်ချထားခဲ့ပြီး ပစ်တိုင်းထောင်ကိုရှာဖို့ ထွက်သွားတာဖြစ်လောက်မည်။

” ဘယ်ရောက်သွားလဲ မသိဘူး မောင်ငယ်ရယ် … အငယ်က မောင်ငယ်က အနောက်ကနေပါမလာတော့ စိတ်ပူတယ်ဆိုပြီး ပြန်ထွက်သွားတာ “

ဖျာပေါ်မှာထိုင်နေတဲ့ အစ်မငွေမှုန်က စိုးရိမ်ဟန်နဲ့ ပစ်တိုင်းထောင်ကို မော့မော့လေးကြည့်ရင်း ပြောလာသည်။ အကုန်လုံးက ပွဲကိုထိုင်ကြည့်နေကြတာဖြစ်တာကြောင့် မတ်တပ်ရပ်ဖို့ကလည်း မလွယ်ကူပေ။ ပစ်တိုင်းထောင်မှာ ခါးကို ခပ်ကိုင်းကိုင်းလုပ်ရင်း အစ်မငွေမှုန်နဲ့ စကားပြောနေရတာဖြစ်သည်။ ရွှေဒင်္ဂါးကို ပွဲဈေး‌တန်းမှာလည်း မတွေ့ခဲ့တာကြောင့် ပစ်တိုင်းထောင် အပြင်ပြန်ထွက်ကာ ရှာဖို့ပြင်လိုက်သည်။

” ကျွန်တော်ပြန်သွားရှာလိုက်မယ် အစ်မ “

” ကျွန်တော်လိုက်ခဲ့မယ် ဆျာထောင် “

ရောက်ကတည်းက မယ်တင့်ဘေးကဖျာမှာ ဝင်ထိုင်နေတဲ့ ခွေးပုက ပြန်ထရပ်လာသည်။ ပစ်တိုင်းထောင် ခေါင်းရမ်းလိုက်ရင်း အစ်မငွေမှုန်တို့ကိုသာ သေချာစောင့်ရှောက်ထားဖို့ မှာခဲ့ရင်း ပွဲခင်းထဲကို ပြန်ထွက်လာခဲ့လိုက်သည်။

ပွဲဈေးတန်းထဲမှာ နာမည်အော်ခေါ်ပြီး လူရှာဖို့မလွယ်တာကြောင့် ပစ်တိုင်းထောင် မျက်စိကိုလျင်လျင်ထားရသည်။ ကလေးကစားစရာတွေရှိတဲ့ နေရာမှာတော့ မရှိလောက်တာကြောင့် ဝေ့ဝိုက်ရုံသာကြည့်လိုက်ပြီး လောင်းကစားဝိုင်းတွေဘက်ကို ထွက်ခဲ့လိုက်သည်။ ရွှေဒင်္ဂါးကတော့ ပစ်တိုင်းထောင်ရှိနေမယ်အထင်နဲ့ လောင်းကစားဝိုင်းတွေဘက်ကို သွားရှာမယ်ဆိုတာတော့ သေချာသည်။

” နှစ်ဆကွာ . နှစ်ဆ “

” လေးဆ ! “

” ဟေး … ဟား ဟား “

လောင်းကစားဝိုင်းတွေဘက်ရောက်‌တော့ သူ့ထက်ငါအပြိုင် ဆတိုးလောင်းနေကြတဲ့ အသံတွေနဲ့ အော်ဟစ်သံတွေကို ဆူညံနေအောင် ကြားလိုက်ရသည်။ များသောအားဖြင့် ယောက်ျားရင့်မာကြီးတွေချည်း များတာကြောင့် ပစ်တိုင်းထောင်ကတော့ ရွှေဒင်္ဂါးရဲ့ ဖြူဖြူသေးသေး ခန္ဓာကိုယ်ကို ခပ်မြန်မြန်တွေ့အောင် ရှာလိုက်သည်။

” ရွှေဒင်္ဂါး …! “

‌ဇယ်ဝိုင်းဘက်မှာ ပစ်တိုင်းထောင်ကို ရှာနေပုံရတဲ့ ရွှေဒင်္ဂါးက တစ်ယောက်ချင်းစီကို ယောင်နနလေး လိုက်ကြည့်နေပြီး ပစ်တိုင်းထောင်ခေါ်သံကိုလည်း ကြားပုံမရ။ လှည့်ကြည့်မလာတာကြောင့် ပစ်တိုင်းထောင်ကပဲ အနားကိုသွားကာ ပခုံးကနေ ဆွဲလှည့်လိုက်သည်။

” ခင်ဗျား ဒီနေရာမှာ ဘာလုပ်နေတာလဲ ရွှေဒင်္ဂါး “

ပစ်တိုင်းထောင်ကို ရှာနေတာမှန်းသိသော်လည်း မသိချင်ယောင်‌ဆောင်ကာ မေးလိုက်သည်။ မေးနေပေမယ့် ပြန်မဖြေပဲ ပစ်တိုင်းထောင်ကိုသာ ပြူးပြူးကလေး ပြန်ကြည့်နေတာကြောင့် လက်ကိုဆွဲကာ ဆူညံနေတဲ့ ပတ်ဝန်းကျင်ကနေ ဆွဲခေါ်ခဲ့လိုက်ပြီး လူအနည်းငယ်ရှင်းတဲ့ အကြော်ဆိုင်တွေနား ရောက်တော့မှသာ လက်ကိုလွှတ်ပေးလိုက်သည်။

” ငါမင်းကို လိုက်ရှာနေတာ ပစ်တိုင်းထောင် … ပွဲဈေးထဲကနေလျှောက်ရင်း ဇာတ်ပွဲထဲရောက်‌တော့ အနောက်မှာ ပါမလာတော့ လူညပ်ပြီးကျန်နေခဲ့တယ်ထင်တာ “

” ဟ ! ဒီမယ် ရွှေဒင်္ဂါး “

ပစ်တိုင်းထောင်က သူ့မူပိုင်ပုံစံအတိုင်း ခါးကြီး‌ကိုထောက်သည်။ ရွှေဒင်္ဂါးကို အပေါ်ကနေစီးမိုးလို့ စူးစူးကြီး‌စိုက်ကြည့်နေတာများ ဒင်္ဂါးသာ စကားမှားရင် နေရာမှာတင် ကိုင်ပေါက်‌တော့မယ့်အတိုင်း။

” ကျုပ်ကိုကြည့်ဦး “

” ဟမ် “

” ကျုပ်လို ကျားကိုးစီးစားမကုန်တဲ့ ခန္ဓာကိုယ်ကြီးက လူညပ်ပြီး ကျန်ခဲ့စရာလား . ခင်ဗျားစဉ်းစားလေ “

ပြောလိုက်တော့လည်း မျက်လုံးလေးထောင့်ကပ်လို့ စဉ်းစားဟန်ပြတာကြောင့် ပစ်တိုင်းထောင်မှာ ‌ရွှေဒင်္ဂါးခေါင်းကို ဒေါက်ခနဲနေအောင် ခေါက်ပစ်ချင်လှသည်။

” အဲ့‌လိုတော့လည်း မဟုတ်ပါဘူး “

” အဲဒါဖြင့် ဘာလို့လိုက်ရှာနေတုန်း . ကျုပ်က လမ်းပျောက်သွားမယ့် ကလေးလား “

” အဲ့လိုတော့လည်း မဟုတ်ပါဘူး “

” ဟာ …! ဒီလူ … “

ဆက်ပြောရင်လည်း ဂျာအေးကို သူ့အမေရိုက်တာထက် ဆိုးနေမှာစိုးတာကြောင့် ဆက်ပြောမယ့်စကားတွေကို မပြောတော့ပဲ ပစ်တိုင်းထောင် ကိုယ့်လျှာကိုယ် ဖိကိုက်လိုက်သည်။

” လူကွဲသွားတာ ပစ်တိုင်းထောင်က ဘယ်ရောက်သွားတာတုန်း “

” သေးသွားပေါက်တာလေ . တစ်ယောက်တည်းမသွားရဲလို့ ခွေးပုကိုပါ ခေါ်သွားတာ “

ရွှေဒင်္ဂါးက မျက်တောင်ဖျားလေးတွေ တဖျတ်ဖျတ်ခတ်လို့ ပစ်တိုင်းထောင်ကို အကြည့်လွှဲသည်။

” ပြောတော့ဖြင့် ကျားကိုးစီးစားမကုန်ဘူးတဲ့ … အပေါ့အပါးသွားတာတောင် အဖော်ကခေါ်သွားသေး ”

ပစ်တိုင်းထောင်ကိုလည်း တိုက်ရိုက်မပြောရဲပဲ တစ်ယောက်တည်း တိုးတိုး တိုးတိုး ပြောနေသံကိုလည်း ပစ်တိုင်းထောင်ကြားသည်။

” အဲ့တော့ ဘာဖြစ်တုန်း “

” ဟင် “

” ခွေးပုကိုခေါ်သွားတာလေ . ခင်ဗျားလိုက်ရတာလည်း မဟုတ်ပါပဲနဲ့ “

ဒင်္ဂါးမှာ ပြန်မဖြေမိပဲ မြို့အုပ်မင်းညီရဲ့ မျက်နှာကိုသာ ငေးကြည့်လိုက်သည်။ စေ့စေ့လည်း မကြည့်ရဲတာကြောင့် မျက်ခုံးစွန်းက မှဲ့ကိုသာ စိုက်ကြည့်နေလိုက်သည်။

” ပြောရင်လည်း ပြန်မပြောနားမထောင်နဲ့ ကိုင်ပေါက်လိုက်ရ မကောင်းရှိတော့မယ် … ပြော မပြောချင်တော့ဘူး “

ပြောချင်‌ရာပြောပြီး မျက်နှာကို တစ်ဖက်သို့ ဖက်ခနဲ လွှဲသွားတဲ့အခါ လှစ်ခနဲ ရွေ့သွားတဲ့ မှဲ့ကိုလည်း ဒင်္ဂါးအကြည့်တွေ မရွေ့တမ်း လိုက်ကြည့်လိုက်မိသည်။

” ဇာတ်ပွဲခင်းထဲ ပြန်သွားကြမလားဟင် “

” ဘာပြောတာ “

ဒင်္ဂါးက ခပ်တိုးတိုးလေးသာ ပြောလိုက်တာကြောင့် မကြားလိုက်ဟန်ဖြင့် ပစ်တိုင်းထောင်က ပြန်လှည့်မေးလာသည်။

” ပွဲခင်းထဲလေ . အစ်မငွေမှုန် စိတ်ပူနေမယ် “

” အင်း . သွားကြတာပေါ့ “

ခြေလှမ်းကြဲကြီးတွေနဲ့ ဒင်္ဂါးရှေ့ကနေ ထွက်သွားသူနောက်ကို ဒင်္ဂါးမှာ ခပ်သွက်သွက် အမှီလိုက်ရပါတော့သည်။ စိတ်မြန်လက်မြန်နဲ့ စိတ်ကလည်းမရှည်တဲ့ ပစ်တိုင်းထောင်က အရပ်ရှည်နေလို့သာ တော်ပါသေးသည်။

>>>>>>>>>>

ဆက်ရန်
Yellowish_One 💛
(၉-၄-၂၀၂၄)

Tags: read novel Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၆), novel Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၆), read Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၆) online, Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၆) chapter, Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၆) high quality, Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၆) light novel, ,

Comment

Leave a Reply

Chapter 11