Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၁၄)

A+ A-

နံနက်မိုးမသောက်မီ အချိန်ကတည်းက ဦးမင်းငွေအိမ်မှာ သက်ဝင်လှုပ်ရှားနေပြီဖြစ်သည်။ အကြောင်းကတော့ ဒီနေ့က မြန်မာ့နှစ်သစ်ကူးနှစ်ဆန်းတစ်ရက်နေ့မလို့ ဆရာတော့်ကျောင်းမှာ ဆွမ်းစားဆောင်နဲ့ သိမ်ကျောင်းရေစက်ချလှူဒါန်းပွဲအတွက် ပြင်ဆင်နေကြခြင်းဖြစ်သည်။

” မမကြီးရဲ့ မောင်ငယ်က ချောလိုက်ခန့်လိုက်တာကွယ် … ခင်ခင် မပြောလား ကိုကိုကျော် … ဒီအရောင်က မောင်ငယ်နဲ့ အရမ်းလိုက်မှာလို့ “

မမကြီးက မြို့ကနေ ပစ်တိုင်းထောင်အတွက် ဝယ်လာပေးတဲ့ လည်ကတုံးအင်္ကျီထက်မှာ ရွှေကြယ်သီးတပ်ပေးနေရင်း ကိုကိုကြီးကို သဘောတကျဆိုသည်။ ကိုကိုကြီးကတော့ ဘာမှမဖြေပဲ လက်ကကြယ်သီးကိုတပ်နေပြီး ပြုံးရင်းနဲ့သာ ပစ်တိုင်းထောင်နဲ့ မမကြီးကို ကြည့်နေသည်။

” ကဲ့ . ပိုးပုဆိုးကတော့ မောင်ငယ်တို့ ညီအစ်ကိုနှစ်ယောက်ဆင်တူဆိုတော့ ညီအစ်ကိုမှန်း မသိကြမှာ စိုးရိမ်စရာမလိုတော့ဘူး အဟင်း “

” ဟမ့် … မပြောလည်း ကျွန်တော်က သူကြီးတို့အိမ်ရောက်နေတာ ကြာပြီဆိုတော့ ကိုကိုကြီးညီမှန်း တစ်ရွာလုံးတင်မကဘူး . ရွာနီးနားတွေကပါ သိကြပြီ “

မမကြီးက ပစ်တိုင်းထောင်အင်္ကျီမှာ ရွှေကြယ်သီးတွေ တပ်ပေးပြီးသွား‌တော့ ကိုကိုကြီးနားကို ပြန်ရောက်သွားသည်။ ပစ်တိုင်းထောင်က ကိုကိုကြီးပြင်ဆင်ပေးထားတဲ့ ခါးပတ်ကို ပုဆိုးပေါ်ကနေ ခါးမှာသိုင်းပတ်လိုက်သည်။ ပိုးပုဆိုးပေမလို့ အခန့်မသင့်ရင် ‌လျောကျတတ်တာကြောင့် ပစ်တိုင်းထောင်အကြောင်း သိသူပီပီ ခါးပတ်ဝတ်ထားစေတာဖြစ်သည်။

” အခုလိုကျတော့လည်း မမကြီးတို့က မိသားစုလေး ကျနေတာပဲ “

မမကြီးက ကိုကိုကြီးပခုံးကို ဆုပ်ကိုင်ထားပြီး ကိုကိုကြီးနဲ့ ပစ်တိုင်ထောင်ကို တစ်လှည့်စီကြည့်ကာ အပြုံးမျက်နှာလေးနဲ့ဆိုသည်။ ကိုကိုကြီးနဲ့ ပစ်တိုင်းထောင်က ခဲရောင်လေးမှာ ငွေချည်ကြိုးလေးတွေ ထည့်သွင်းရက်လုပ်ထားတဲ့ ပုဆိုးနဲ့ အင်္ကျီအဖြူလည်ကတုံးကို ဝတ်ဆင်ထားပြီး မမကြီးကတော့ ခဲရောင်ပိုးသားအင်္ကျီ ရင်စေ့လက်ရှည်၊ ငွေရောင်ချိတ်ထဘီလေးနဲ့ဖြစ်သည်။

” အခုလည်း မိသားစုတွေပဲကို ခင်ခင်ရယ် … “

ကိုကိုကြီးက မမကြီးကို ချစ်စနိုးနဲ့ ပါးကိုဆွဲဖျစ်တဲ့အခါ ပစ်တိုင်းထောင်က သဘောတကျပင် ပြုံးလိုက်မိပါတော့သည်။

” ကိုကိုကျော် . ခင်ခင့်ကို ဘယက်ကလေး ဆွဲပေးပါဦး “

” အင်း ခင်ခင် … “

မမကြီးလိုအပ်သမျှကို ဖြည့်ဆည်းပေးနေတဲ့ ကိုကိုကြီးမျက်နှာက ကြည်လင်နေသည်။ ပစ်တိုင်းထောင်က ကိုကိုကြီးတို့အခန်းထဲ ရောက်နေတာမလို့ ပြန်မထွက်သွားသေးပဲ အနားမှာထိုင်ကာ ကိုကိုကြီးတို့ကို ကြည့်နေလိုက်သည်။

” စိန်ဘယက်က မမကြီးနဲ့ လိုက်ဖက်နေတာပဲ … မမကြီးဝတ်လိုက်တော့ ပိုတင့်တယ်သွားတယ် “

” အ‌မလေး . ဒီကောင်လေးနှယ် . ကိုယ့်အစ်မကိုယ် မြှောက်ပြောနေတယ် “

” ညီငယ်ပြောတာလည်း ဟုတ်တယ်လေ ခင်ခင်ရဲ့ … ကိုကို့မိန်းမက သိပ်လှတာ “

ညီအစ်ကိုနှစ်ယောက်က အတိုင်အဖောက်ညီနေတာကြောင့် ခင်ခင်က ပြုံးလိုက်မိသည်။

” ကိုကိုကြီးနဲ့ မမကြီး နေခဲ့တော့နော် … ကျွန်တော် အောက်ထပ်ဆင်းဦးမယ် “

” သွားလေ ညီငယ် … သူကြီးတို့ကို ကူပေးလိုက်ပါဦး “

” ဟုတ်ကဲ့ “

ပစ်တိုင်းထောင်က ကိုကိုကြီးနဲ့ မမကြီးကိုနှုတ်ဆက်ပြီး အောက်ထပ်ကို ဆင်းလာခဲ့လိုက်သည်။ နံနက်မိုးမသောက်သေးတာကြောင့် အိမ်အောက်ထပ်မှာ ရေနံဆီမီးအိမ်တွေကို လင်းထိန်နေအောင် ထွန်းညှိထားသည်။

” ရွှေဒင်္ဂါး … သူကြီး . အစ်မငွေမှုန် “

အောက်ထပ်ကိုရောက်တော့ ဘယ်သူ့ကိုမှ မတွေ့တာကြောင့် ပစ်တိုင်းထောင်စိတ်ထဲ ဇဝေဇဝါဖြစ်သွားသည်။ ရွှေဒင်္ဂါးကလည်း ပစ်တိုင်းထောင်ကို နှိုးပြီးတာနဲ့ အောက်ထပ်ဆင်းသွားတာမလို့ အပေါ်ထပ်မှာ ရှိမနေတာလည်း အသေအချာ။

” ရွှေဒင်္ဂါး … “

” ပစ်တိုင်းထောင် ~ ကျွန်တော်ဒီမှာ “

ပစ်တိုင်းထောင်က ဒုတိယအကြိမ်မြောက် အသံပေးလိုက်တော့ ရွှေဒင်္ဂါးရဲ့ အသံခပ်တိုးတိုးက အိမ်နောက်ဖေးကနေ ထွက်ပေါ်လာသည်။

” ဘာလုပ်နေတာလဲ ရွှေဒင်္ဂါး . တစ်ယောက်တည်းလား “

ပစ်တိုင်းထောင်က ပါးစပ်ကနေ မေးလည်းမေးပြီး အိမ်နောက်ဖေးကို ဝင်သွားလိုက်သည်။

” ဟင် . အဝတ်အစားတောင် လဲပြီးသွားပြီလား … မလာနဲ့ . မလာနဲ့ … မီးခိုးစော်တွေနံကုန်မယ် … အပြင်မှာနေ “

” နံ နံ “

မီးခိုခန်းထဲကိုရောက်တော့ ပစ်တိုင်းထောင်ကို လှည့်ကြည့်လာတဲ့ ရွှေဒင်္ဂါးက အဝတ်အစားတောင် မလဲရသေးပေ။ မနေ့ညကတည်းက ဝတ်ထားတဲ့ ခပ်နွမ်းနွမ်း အင်္ကျီပုဆိုးလေးနဲ့မလို့ ရေချိုးလို့ပြီးသေးမှာ‌တောင် မဟုတ်ချေ။

” နေပါဦး . ခင်ဗျားက အခုထိ ရေမချိုးရသေးဘူးလား … ခဏနေကျ သွားတော့မယ်ဆို . ခင်ဗျားတစ်ယောက်တည်း ကျန်နေရစ်ခဲ့မလို့လား “

” မဟုတ်ပါဘူး . လိုက်မှာပါ … အစ်မငွေမှုန်က မနက်ကတည်းက မြို့အုပ်မင်းတို့ ဘုန်းကြီးကျောင်းမသွားခင် စားသွားရအောင်ဆိုပြီး ဆီထမင်းထိုးနေတာ … အခုက နည်းနည်းလေး အနပ်လိုသေးတာမလို့ ကျွန်တော်က စောင့်ပေးနေတာ “

” သူကြီးနဲ့ အစ်မငွေမှုန်ကရော “

” အဘက ရေအိမ်ဝင်မယ်ပြောသွားတယ် … အစ်မငွေမှုန်က ရေချိုးပြီး အဝတ်အစားလဲ . ဖြီးလိမ်းပြင်ဆင်နေတယ် … ကျွန်တော်က ယောက်ျားလေးမို့ ခဏနေမှ ရေကို ခပ်သွက်သွက်ချိုးပြီး အဝတ်အစားလဲရင် ရပါတယ် “

ပြောရင်း ဆီထမင်းအိုးကို လှန်ကြည့်နေတဲ့ ရွှေဒင်္ဂါးကြောင့် ပစ်တိုင်းထောင်လည်း ဘေးမှာထိုင်နေရင်း လည်ပင်းဆန့်လို့ ဆီထမင်းအိုးကို လှမ်းကြည့်လိုက်သည်။

” ရပြီလား “

” ဟုတ်ကဲ့ . ရပြီ “

” ဒါဖြင့်ရင် ရေချိုးတော့ … ထ “

” အဲ့ အဲ့ … နေပါဦး ပစ်တိုင်းထောင် “

” ကျစ် . ဘာဖြစ်ရပြန်တာလဲဗျာ “

ပစ်တိုင်းထောင်က ဒင်္ဂါးလက်မောင်းကိုဆွဲလို့ အတင်းမတ်တပ်ရပ်စေတာကြောင့် ဒင်္ဂါးက လက်တကာကာနဲ့ တားရသေးသည်။ တားပြန်တော့လည်း စိတ်မရှည်တဲ့ပုံနဲ့ ကြည့်လာပြန်သေးတဲ့ ပစ်တိုင်းထောင်ကြောင့် ဒင်္ဂါးက ရောယောင်ပြီး တံတွေးပင် မျိုချလိုက်မိသည်။

” ဟို … မီးကျီးခဲလေး အိုးပေါ်တင်ခဲ့ဦးမယ်လေ … ခဏလေးပါ . ရေကချိုးမှာပါ “

” လုပ် . အဲ့တာဆိုလည်း မြန်မြန် “

ဘေးမှာ ခါးကြီးထောက်လို့ ရပ်စောင့်နေတဲ့ ပစ်တိုင်းထောင်ကြောင့် ဒင်္ဂါးလည်း ဖို‌ခနောက်ထဲက မီးကျီးခဲတွေကို မီးညှပ်နဲ့ အသာဆွဲယူရင်း ဆီထမင်းအိုးအဖုံးပေါ် ခပ်သွက်သွက်တင်ရသည်။

” ပြီးပြီလား “

” ဟုတ်ကဲ့ . ပြီးပြီ ”

” ပြီးပြီဆို ထချေ ခပ်သွက်သွက် “

ပထမတစ်ကြိမ်တုန်းကလိုပဲ ဒင်္ဂါးလက်မောင်းကိုဆွဲလို့ ထူနေတာကြောင့် ဒင်္ဂါးလည်း ထိုင်နေရာကနေ မတ်တပ်ထရပ်လိုက်သည်။ ပြီးတော့လည်း ဆွဲထူရုံနဲ့မပြီးပဲ ပစ်တိုင်းထောင်က ဒင်္ဂါးကို ရေချိုးတဲ့နေရာဆီကို ဆွဲခေါ်သွား‌တာကြောင့် ဒင်္ဂါးမှာ ယက်ကန်ယက်ကန်နဲ့ ပါသွားရပြန်သည်။

” အာ … ရေကနှိပ်ရဦးမယ် … ရေနည်းနေပြီ “

ရေချိုးတဲ့နေရာကိုရောက်တော့ ဒင်္ဂါးက ကျောက်ရေကန်လေးနဲ့ ရေအိုးတွေကို ငုံ့ကြည့်ရင်း တစ်ယောက်တည်း တီးတိုးဆိုလိုက်သည်။ မြို့အုပ်မင်းတို့ ဇနီးမောင်နှံအပါအဝင် တစ်အိမ်လုံးက ရေချိုးပြီးသွားပြီမို့ ရေထပ်မဖြည့်ရသေးတာကြောင့် ‌ဒင်္ဂါးရေချိုးဖို့အတွက်‌တော့ နည်းနေပြီဖြစ်သည်။

” ကျစ် . ကြာပါတယ်ဆို … လုပ်လုပ် . ခပ်သွက်သွက်ချိုး … ရေက ကျုပ်နှိပ်ပေးမယ် “

” ဟို … မလုပ် . မလုပ်ပါနဲ့ … ပစ်တိုင်းထောင်က အဝတ်အစားတွေ လဲတောင်လဲထားပြီးနေပြီလေ “

ဒင်္ဂါးက ခပ်သွက်သွက် တားလိုက်ပေမယ့် စိတ်မြန်လက်မြန် ကိုပစ်တိုင်းထောင်လေးက လက်ရှည်အင်္ကျီကို တံတောင်ဆစ်ထိ ခေါက်တင်လိုက်ပြီဖြစ်သည်။ ပုဆိုးကတော့ ခါးပတ်ပတ်ထားတာမလို့ ပြင်မဝတ်ပဲ ဒူးခေါင်းလောက်ကနေ ဆွဲမပစ်လိုက်ပြီး ပုဆိုးစကို ဒူးနှစ်ဖက်ကြားညှပ်ထားကာ ရေတုံကင်ကို နှိပ်နေပြီဖြစ်သည်။

” ပူရတဲ့အထဲ ချွေးတွေရွှဲကုန်တော့မှာပဲ … ကိုယ့်ဘာသာ လုပ်ပါ့မယ်ဆို ပစ်တိုင်းထောင်ကလဲ “

” ဟာ … ခင်ဗျား … လျှာကိုရှည်တယ် ရွှေဒင်္ဂါး … ရေချိုးဆိုချိုးပေါ့ … စကားတွေအများကြီး ပြောနေရတယ် “

ကိုယ်တော်ချောက သူ့ဝသီအတိုင်း ဒင်္ဂါးကို ခပ်ငေါက်ငေါက်ပြောလာပြီမလို့ ဒင်္ဂါးလည်း ဝတ်ထားတဲ့ အင်္ကျီလေးကိုဆွဲချွတ်လို့ ရေချိုးဖို့ပြင်ရတော့သည်။ ရေလဲပုဆိုးလည်း မယူခဲ့ရပေမယ့် ရေချိုးတဲ့နေရာမှာ ပုဆိုးအပိုရှိနေလို့သာ တော်ပါတော့သည်။

” တစ်ဝက်လောက်ဆို ရပြီလေ ပစ်တိုင်းထောင် … ကျွန်တော်က ရေဝင်စိမ်မှာမှ မဟုတ်ပဲ “

” ကျစ် ! ခင်ဗျားသာ ရေမြန်မြန်ချိုးစမ်းပါ ရွှေဒင်္ဂါးရယ် “

ပစ်တိုင်းထောင်စကားကြောင့် ဒင်္ဂါးက ရေအေးအေးတွေကို ခပ်သွက်သွက်နဲ့ တဗွမ်းဗွမ်းလောင်းချိုးရတော့သည်။ နံနက်မိုးမသောက်ခင်မလို့ အပူချိန်လျော့နည်းနေလို့သာတော်ပါသေးသည်။ နဖူးစပ်မှာ ချွေးတွေသီးနေတဲ့ ပစ်တိုင်းထောင်က ဒင်္ဂါးရေချိုးဖို့ ရေတုံကင်ကို ဆက်တိုက်နှိပ်နေတာများ အုတ်ရေကန်ထဲမှာ ရေတွေက အလျှံအပယ်။

>>>>>>>>>>

” အို … “

” အဲ အဲ … ကန်တော့ ကန်တော့ … မတော်လို့ပါ “

ငွေမှုန်က အဝတ်အစားလဲပြီး အခန်းထဲကထွက်လာတော့ အငယ့်အခန်းရှေ့ကအဖြတ် လူတစ်ယောက်နဲ့ ဝင်တိုက်မိတာကြောင့် ငွေမှုန့်ကိုယ်လေး ယိုင်ခနဲဖြစ်သွားသည်။ လဲကျပြီလို့ ထင်လိုက်ပေမယ့် တစ်ဖက်လူက ဖမ်းထိန်းလိုက်တာကြောင့် လဲကျမသွား၍ စိတ်အေးနေချိန် တောင်းပန်စကားတွေကိုလည်း ဆက်တိုက်ကြားလိုက်ရသည်။

” ငွေမှုန်က တောင်းပန်ရမှာပါ ကိုမင်းမျိုး … ငွေမှုန် သတိမထားမိလိုက်လို့ပါ ”

” မဟုတ်တာဗျာ … ကျွန်တော်ကလည်း အခန်းထဲကနေ ရုတ်တရက် ထွက်လာမိလိုက်တာ “

” ဟို … ငွေမှုန့်ကို လွှတ်ပါဦး “

” ဟမ် . အဲ … ကန်တော့ ကန်တော့ မငွေမှုန် “

ငွေမှုန် လဲကျမလိုဖြစ်သွားချိန် ဖမ်းထိန်းလိုက်သူက မြို့အုပ်မင်းရဲ့ ကိုယ်ရေးအရာရှိ ကိုမင်းမျိုးဖြစ်တာကြောင့် အားနာသွားရသည်။ ငွေမှုန့်ကို ထိန်းကိုင်ပေးထားတာမို့ ကိုမင်းမျိုးရင်ခွင်ထဲ ရောက်နေသလိုဖြစ်နေ၍ ပါးနှစ်ဖက်က ပူတက်လာရသည်။ ငွေမှုန် သတိပေးစကားဆိုလိုက်ကာမှ ကိုမင်းမျိုးက ပွေ့ပိုက်ထားတာကို လွှတ်ပေးတာသည်။ နှစ်ယောက်သား လူချင်းခွာရင်း ငွေမှုန်က ရှက်ရဲရဲဖြစ်နေသလို ကိုမင်းမျိုးကလည်း လည်ဂုတ်ကို လက်ဖဝါးတွေနဲ့ ဖိပွတ်နေသည်။

” အောက်သွားမလို့လား ခင်ဗျ “

” ရှင် “

” ဟို အိမ်အောက်ထပ်ဆင်းမလို့လား မေးတာပါ မငွေမှုန်… “

” ဟင် ~ ဟုတ်ကဲ့ . ငွေမှုန့်ကို ခွင့်ပြုပါဦး “

ခေါင်းလေးငုံ့ရင်း အောက်ထပ်ကို ခပ်သွက်သွက် ပြေးဆင်းသွားတဲ့ ငွေမှုန့်ကိုကြည့်ရင်း မင်းမျိုး ပြုံးလိုက်သည်။ ပန်းနုရောင် ရင်စေ့အင်္ကျီလေးနဲ့ ချိတ်ထဘီကိုဝတ်ထားတဲ့ ငွေမှုန်က မပြင်မဆင်ပဲနေရင်တောင် မှုန်နေအောင်လှပြီး မျက်နှာချေပါးပါးလေးလိမ်းလို့ ပြင်ပြင်ဆင်ဆင်နဲ့ အလှကြီးလှနေသည်မလို့ မင်းမျိုးကို အသက်ရှူပင်မှားလောက်စေသည်။ မင်းမျိုးက တဒိတ်ဒိတ်ခုန်နေတဲ့ ရင်ဘတ်ကို လက်ဖဝါးနဲ့ ဖိအုပ်လိုက်ရင်း အသက်ကို ခပ်ပြင်းပြင်းရှူလိုက်သည်။

” ကျုပ်ဖြင့် ဒုက္ခပဲ… ငွေမှုန်ရယ် “

မင်းကန်ရိုးရွာကို အလည်အပတ်သဘော‌ ရောက်ရှိလာတဲ့ မြို့အုပ်မင်းရဲ့ ကိုယ်ရေးအရာရှိလေးက မင်းကန်ရိုးမှာ ရင်ခုန်သံဦးလေးကို ရှာတွေ့ခဲ့တာကြောင့် ရှေ့ဆက်ရမယ့် နေ့ရက်တွေကို ဘယ်လိုများ လုပ်ရပါ့မလဲလေ။ ဧည့်သည်ဆိုတာက အချိန်တန်ရင်တော့ အိမ်ကိုပြန်ရမှာပဲ မဟုတ်လား။

>>>>>>>>>>

” အဝတ်အစား ခပ်သွက်သွက်လဲချေ … ဘာဝတ်မှာလဲ ခင်ဗျားက “

” ကိုယ့်ဘာသာပဲ လဲလိုက်ပါ့မယ် … ပစ်တိုင်းထောင်က အောက်ထပ်ကနေပဲ စောင့်နေလေ.နော် “

ရေချိုးပြီးတော့လည်း ပစ်တိုင်းထောင်က ဒင်္ဂါးနောက်ကနေ လိုက်လာပြန်သည်။ ကြက်ပေါက်ကလေးက ကြက်မကြီးနောက်ကို ‌တကောက်ကောင်လိုက်နေသလိုမျိုးမို့ ဒင်္ဂါးက အဝတ်အစားလဲဖို့အတွက် ပစ်တိုင်းထောင်ကို အောက်ဆင်းခိုင်းလိုက်ရသေးသည်။ ပစ်တိုင်းထောင်ကတော့ ဘာရယ်မဟုတ် အနောက်ကနေ လိုက်ကြည့်ပေးနေပေမယ့် ဒင်္ဂါးကတော့ မျက်နှာအနည်းငယ်ပူသလို ခံစားရတာကြောင့်ဖြစ်သည်။

” အဲ့တာဖြင့် ခပ်သွက်သွက်လဲပြီးဆင်းခဲ့ … အားလုံးက အဆင်သင့်ဖြစ်နေပြီ … အစ်မငွေမှုန်လည်း အောက်ရောက်နေပြီ ”

” အင်းပါ “

ပစ်တိုင်းထောင် အောက်ဆင်းသွားတော့ ဒင်္ဂါးလည်း ခေါင်းကဆံပင်တွေကို ရေခြောက်အောင်သုတ်ပြီး အဝတ်အစား ခပ်သွက်သွက်လဲရသည်။ ဒင်္ဂါးက အလှူမှာ ကူလုပ်ပေးရမှာမလို့ သာမန်ဝတ်နေကျအတိုင်းပဲ ဝတ်သွားရင် အဆင်ပြေပေမယ့် မြို့အုပ်မင်းတို့ပါ ပါတာကြောင့် မကောင်းတတ်တာမလို့ ဟိုက်စကူးအောင်တုန်းက အစ်မငွေမှုန် ဝယ်ပေးထားတဲ့ အင်္ကျီလည်ကတုံးလေးနဲ့ ထောပတ်သီးရောင် ချည်ချောပုဆိုးလေးကို ထုတ်ဝတ်လိုက်သည်။

” ရွှေဒင်္ဂါး … မပြီးသေးဘူးလား ”

” အဲ . ပြီးပြီ ပစ်တိုင်းထောင် … လာပါပြီ “

ဒင်္ဂါးက အင်္ကျီလက်ကြယ်သီးတက်နေတုန်း အောက်ထပ်ကနေ ပစ်တိုင်းထောင်ရဲ့အော်သံကို ကြားလိုက်ရတာကြောင့် ပွနေတဲ့ဆံပင်တွေကို အရင်ဆုံး မြန်မြန်ဖြီးလိုက်သည်။ ပြီးကာမှ တပ်ဖို့ကျန်နေတဲ့ အင်္ကျီလက်က ကြယ်သီးတွေကို အောက်ထပ်ကိုဆင်းရင်း သွက်သွက်လက်လက် တပ်ရတော့သည်။

” ကဲ … အကုန်လုံး အဆင်သင့်ဖြစ်နေပြီပဲ … သွားကြတာပေါ့ “

ဒင်္ဂါး အောက်ရောက်လာတော့ သူကြီးက ဘုန်းကြီးကျောင်းကိုသွားကြဖို့ ပြောလာတာကြောင့် အကုန်လုံးက ကွပ်ပျစ်မှာ ထိုင်နေရာကနေ ထရပ်လာသည်။

” ဟမ် … နေဦးလေ . ရွှေဒင်္ဂါးက နံနက်ခင်းစာမှ မစားရသေးတာ “

” ဟို … ရပါတယ် . ဟိုရောက်ကာမှ အဆင်ပြေတာ စားလိုက်ပါမယ် “

” ဟ ! ဘာကိုအဆင်ပြေတာစားမှာလဲ … ကိုကိုကြီးတို့နဲ့ သူကြီးတို့ သွားနှင့်ချေ … ကျုပ်နဲ့ ဒင်္ဂါးက နံနက်ခင်းစာစားပြီးမှ အနောက်ကနေ လိုက်ခဲ့မယ် ”

ပစ်တိုင်းထောင်လုပ်သမျှကို ဒင်္ဂါးက အားနာရပေမယ့် ပစ်တိုင်းထောင်ကတော့ လုပ်ချင်ရာလုပ်သည်။ ဘုန်းကြီးကျောင်းသွားဖို့ ကားပေါ်တက်ခါနီး မြို့အုပ်မင်းကတော်ကို ဒင်္ဂါးက အားနာသလို ရယ်ပြ‌လိုက်ပေမယ့် မြို့အုပ်မင်းကတော်ကတော့ အပြုံးနွေးနွေးလေးပြုံးပြရင်း ကားပေါ်တက်သွားသည်။

” အဲ့တာဖြင့်လည်း အဘတို့ အရင်သွားနှင့်ချေဦးမယ် … ပြီးကာမှ ကျောင်းကနေပြီး သာထင့်နွားလှည်းကို အိမ်ပြန်လွှတ်လိုက်မယ် “

မြို့အုပ်မင်းတို့ကားနဲ့ သာထင့်နွားလှည်းလေးကတော့ ခြံထဲကနေ ‌တရွေ့ရွေ့ ထွက်ခွာသွားပြီဖြစ်သည်။ အစ်မငွေမှုန်ကိုတော့ မြို့အုပ်မင်းကတော်က အနောက်ခန်းမှာ အတူတူထိုင်ဖို့ ခေါ်သွားတာကြောင့် သာထင့် နွားလှည်းပေါ်မှာတော့ အဘနဲ့ ခွေးပုသာပါသည်။ အိမ်မှာတော့ ပစ်တိုင်းထောင်နဲ့ ဒင်္ဂါးက ကျန်နေရစ်ခဲ့ပြီး မိစွာနဲ့ မိုက်မိုက်စန်းကလည်း ခြံထောင့်မှာ ကြိုးချည်လျက်သား ကျန်နေခဲ့သည်။

” ပစ်တိုင်းထောင်ကလည်း အတူတူသွားလည်း ရတာကို . မြို့အုပ်မင်းတို့ကို အားနာ‌ရအောင် “

” ဟမ့် … ခင်ဗျားက ဗိုက်ဟောင်းလောင်းနဲ့ အလုပ်လုပ်မလို့လား “

” အဲ့လိုတော့လည်း မဟုတ်ပါဘူး “

” ပြောပြန်ပြီ ရွှေဒင်္ဂါး … အဲ့တာဖြင့် ခင်ဗျားက ဘာစားမှာလဲ “

ပစ်တိုင်းထောင်အမေးကို ဘာမှမဖြေတတ်သလိုမျိုး ရွှေဒင်္ဂါးက ခေါင်းငုံ့သွားသည်။ ဒီလူကတော့ လှုပ်စိလှုပ်စိနဲ့ ကိုင်ပေါက်ပစ်လိုက်ရရင် မကောင်းရှိတော့မယ်။

” ဘာလုပ်နေတာလဲ အဲ့မှာ … နံနက်စာလာစားချေ “

အစ်မငွေမှုန်က အသင့်လုပ်ပေးသွားတာကြောင့် ဆီထမင်းတွေက စားပွဲပေါ်မှာ အဆင်သင့်။ ကြက်သွန်ကြော်နဲ့ ပဲပြုတ်ကိုပါ ပန်းကန်လေးနဲ့ သီးသန့်ပြင်ဆင်ပေးသွားတာကြောင့် စားချင်တာကို ထည့်စားရုံသာ။ ရွှေဒင်္ဂါးက ထမင်းစားပွဲဝိုင်းလေးမှာထိုင်တော့ ပစ်တိုင်းထောင်လည်း မျက်နှာချင်းဆိုင်မှာ လိုက်ထိုင်လိုက်သည်။ နံနက်စာက ရွှေဒင်္ဂါးတင် မစားရသေးတာမဟုတ်ပဲ ပစ်တိုင်းထောင်လည်း မစားရသေးတာဖြစ်သည်။

” ပစ်တိုင်းထောင်ရေ … ဒင်္ဂါး … ငါ ပြန်ရောက်ပြီနော် “

ဒင်္ဂါးတို့ မနက်စာစားပြီးကြတော့ ပန်းကန်တွေသိမ်းနေတုန်း အိမ်ရှေ့ကနေ သာထင့်ခေါ်သံကို ကြားလိုက်ရသည်။ ဒင်္ဂါးတို့ကလည်း အဆင်သင့်ပဲမလို့ မိစွာနဲ့ မိုက်မိုက်စန်းတို့အတွက် ပြင်ဆင်ထားတဲ့ အစာခွက်နဲ့ရေခွက်ကို ခြံရှေ့မှာ ချထားခဲ့ရင်း လှည်းပေါ်တက်ခဲ့လိုက်တော့သည်။

” တရားနာနေကြပြီလား သာထင် “

” မနာကြသေးပါဘူး … အခုမှ အစောကြီးရှိသေးတာကို “

ရွှေဒင်္ဂါးရဲ့အမေးကို သာထင်က ပြန်ဖြေလိုက်တဲ့အဖြေကြောင့် ပစ်တိုင်းထောင်မျက်နှာကြီးကို ရှုံ့မဲ့ပစ်လိုက်သည်။ အချိန်ကဖြင့် အစောကြီးရှိသေးတာကို ကိုကိုကြီးတို့က ဘာတွေလောနေမှန်းမသိ။

ဆရာတော့်ကျောင်းကိုရောက်တော့ ရွာက လူတော်တော်များများကလည်း တရားနာဖို့ ရောက်လာကြပြီဖြစ်သည်။ အရုဏ်ဆွမ်းဖြစ်တာကြောင့် ဆွမ်းကပ်ဖို့ ပြင်ဆင်ပေးနေကြတဲ့ မိကဲတို့အဖွဲ့ကလည်း ရောက်နေကြပြီဖြစ်သည်။

” အယ် . မောင်ငယ်တို့ ရောက်လာပြီပဲ … လာ လာ . မမကြီးက စောင့်နေတာ “

ပစ်တိုင်းထောင်တို့ကိုတွေ့တာနဲ့‌ သိမ်ကျောင်းပေါ်ကနေ ပြေးဆင်းလာတဲ့ မမကြီးက အနားကိုရောက်လာသည်။

” တိုက်ပုံဝတ်ဦး မောင်ငယ် … ခုနက မမကြီးဝတ်ခိုင်းမလို့ကို လောနေတာနဲ့ မမကြီးလက်ထဲမှာ တိုက်ပုံက ပါလာတာ “

” ဟာ … မဝတ်ချင်ပါဘူး မမကြီးရာ … ပူကပူနဲ့ “

မမကြီးဝတ်ခိုင်းနေတဲ့ တိုက်ပုံက အနက်ရောင်မလို့ ပစ်တိုင်းထောင်က အကြောက်အကန်ငြင်းမိသည်။ ပူရတဲ့ကြားထဲ အနက်ရောင်တိုက်ပုံကြီးသာ ဝတ်ထားမိရင် ပစ်တိုင်းထောင်တို့ ချွေးတောထဲ နစ်သေတော့မှာ။

” ဟယ် . ခဏလေးပဲ‌ဝတ်ပါ မောင်ငယ်ရဲ့ … နော် . တရားနာတုန်းလေး ဝတ်ထားပေါ့ … ပြီးမှပြန်ချွတ်ချေလေ “

” ဝတ်လိုက်ပါ ပစ်တိုင်းထောင်ရဲ့ သိပ်လည်း မပူသေးပဲကို “

” ကဲဗျာ … ပေး . ပေး … ဝိုင်းပြောနေကြတာ နားညည်းတယ် “

မမကြီးက ချော့မော့ပြောနေတာတောင် အင်တင်တင်လုပ်နေတဲ့ ပစ်တိုင်းထောင်က ရွှေဒင်္ဂါးကပါ ဝင်ပြောလာတာမို့ နားအေးသွားအောင် ချက်ချင်း ကောက်ဝတ်လိုက်သည်။ ထိုတော့မှသာ မမကြီးက ပြုံးသွားပြီး ပစ်တိုင်းထောင်ကို တိုက်ပုံကြယ်သီးတွေ လိုက်တပ်ပေးသည်။

” ကဲ . တရားနာ . ရေစက်ချတော့မှာ… အပေါ်တက်ကြချေတော့ “

” ဟုတ် မမကြီး . သွားမယ် ရွှေဒင်္ဂါး “

မမကြီးက အရှေ့ကနေ ထွက်သွားတာကြောင့် ပစ်တိုင်းထောင်က ရွှေဒင်္ဂါးရဲ့ လက်မောင်းကိုကိုင်ကာ သိမ်ကျောင်းပေါ်ကို ဆွဲခေါ်လာခဲ့သည်။ ကျောင်းပေါ်ကိုရောက်‌တော့ တရားနာဖို့ လူပြည့်နေပြီဖြစ်ပေမယ့် အရှေ့ဆုံးမှာ ပစ်တိုင်းထောင်နဲ့ ဒင်္ဂါးတို့အတွက် နေရာလွတ်လေး ချန်ထားပေးတာကြောင့် အရှေ့ဆုံးထိသွားလိုက်သည်။

” ညီငယ် … ရေစက်ခွက်ယူ … အမျှဝေပြီးရင် ရေတွေကုန်စင်အောင်သွန် “

ပစ်တိုင်းထောင်က ကိုကိုကြီးနားကို ကပ်ထိုင်တော့ ကိုကိုကြီးက ပစ်တိုင်းထောင်ကို ရေစက်ခွက် ကမ်းပေးသည်။ မမကြီးက ကိုကိုကြီးနဲ့ အခြားတစ်ဖက်မှာထိုင်တာကြောင့် ကိုကိုကြီးက အလယ်မှာဖြစ်သည်။ ကိုမင်းမျိုးကတော့ မမကြီးဘေးမှာ ထိုင်နေသည်။

ပစ်တိုင်းထောင်ဘေးမှာတော့ ရွှေဒင်္ဂါးရှိနေပြီး သူကြီးနဲ့ အစ်မငွေမှုန်ကလည်း အစဉ်လိုက်လေး ထိုင်နေကြသည်။ ပစ်တိုင်းထောင်က ခွေးပုကို သတိရသွားတာကြောင့် အနောက်လှည့်ကာ မျက်လုံးဝှေ့လို့ ရှာလိုက်တော့ သကောင့်သားက မယ်တင့်နားမှာဖြစ်သည်။

” ဟမ် … ရေစက်က ကိုကိုကြီးတို့ပဲ ချပါ … ကျွန်တော်က တော်ပြီ “

” မင်းက ရေစက်ချတော့ ဘာဖြစ်လို့တုန်း “

” မချချင်ဘူး “

” ပစ်တိုင်းထောင် …! “

” ကိုကိုကျော်ရယ် … မောင်ငယ်က မလုပ်ချင်တာကို မခိုင်းပါနဲ့ … ဒင်္ဂါးလေးကို ချခိုင်းလိုက်ချေ … မောင်ငယ် . ဒင်္ဂါးလေးကို ရေစက်ခွက်ကမ်းပေးလိုက် “

ကိုကိုကြီးက ပစ်တိုင်းထောင်ကို ခပ်ကြိတ်ကြိတ်ဆူနေပြီမလို့ မမကြီးက ဝင်ပြောမှသာ ငြိမ်သွား‌တော့သည်။ ပစ်တိုင်းထောင်လည်း ကိုကိုကြီးလက်ထဲက ရေစက်ခွက်ကိုယူပြီး ရွှေဒင်္ဂါးရှေ့ ချပေးလိုက်တော့ ရွှေဒင်္ဂါးက မော့ကြည့်လာသည်။

” ရေစက်ချတဲ့ … ကိုကိုကြီးက “

ရွှေဒင်္ဂါးက အထွန့်မတက်ပဲ ခေါင်းသာ တဆတ်ဆတ်ညိတ်သည်။ သိပ်မကြာခင်မှာ ဆရာတော်ကြွလာပြီမလို့ ပစ်တိုင်းထောင်တို့လည်း တရားနာ ရေစက်ချရတော့သည်။

” ကဲ … ဗုဒ္ဓ သာသနံ စိရံ တိဋ္ဌတု … သုံးကြိမ်သုံးခေါက် ရွတ်ဆိုရအောင် “

ဆရာတော်ကပြောတော့ အားလုံးက ပြိုင်တူရွတ်ဆိုကြရသည်။ ရေစက်ချပြီးတော့ အာရုံဆွမ်းကလည်း ပြင်ပြီးသွားပြီမလို့ အာရုဏ်ဆွမ်းကပ်ရန်အတွက် ပစ်တိုင်းထောင်က ကိုကိုကြီးတို့နဲ့ လိုက်သွားရပြန်သည်။

” ရွှေဒင်္ဂါးတို့ကို သွားကူဦးမယ်နော် ကိုကိုကြီး “

” အေး . သွား … “

ဆွမ်းကပ်လို့ပြီးတော့ ကိုကိုကြီးတို့ကို ခွင့်တောင်းပြီးတာနဲ့ ပစ်တိုင်းထောင် ကျောင်းအောက်ကို ပြေးဆင်းလာခဲ့သည်။ ဘုန်းကြီးကျောင်းမျက်နှာစာမှာ အကျွေးအမွေးအတွက် မဏ္ဍပ်ထိုးထားတာမလို့ မဏ္ဍပ်ထဲမှာ လူတွေက ရှုပ်ယှက်ခတ်နေသည်။ မနက်တိုင်းတစ်ရွာလုံးနိုးအောင် ဖွင့်တတ်သည့်ဓာတ်စက်ကြီးကတော့ ဒီနေ့မှာ ထပ်တိုးတာဝန်ကိုဆက်လက်ထမ်းဆောင်နေပြီဖြစ်သည်။

တို့အလှူမှာကွယ် လိုလေသေးမရှိအောင်
စီစဉ်ထားပုံက လက်ဖျားခါတယ်
စီစဉ်ထားလိုက်ပုံက လက်ဖျားခါလောက်ပါတယ်

တစ်ရွာလုံး တစ်နေကုန် မီးခိုးတိတ် အကျွေးအမွေးဖြစ်တာကြောင့် နံနက်ခင်းမှာ ကြာဇံဟင်းခါးမလို့ ချိုင့်နဲ့ လိုက်ပွဲလိုက်ရတဲ့ ရွှေဒင်္ဂါးနဲ့ ကိုဘမော်တို့ ကာလသားအဖွဲ့ကတော့ လက်မလည်အောင်ပင်။

” ရွှေဒင်္ဂါး … ကျုပ်ဘာကူရမလဲ “

လူကြားထဲမှာ ဟင်းလိုက်ချိုင့်ကြီးကိုင်လို့ ပြေးလွှားနေတဲ့ ရွှေဒင်္ဂါးနားကိုရောက်‌တော့ အသံမကြားရမှာစိုး၍ ခပ်ကျယ်ကျယ်မေးလိုက်တော့ ရွှေဒင်္ဂါးက ပစ်တိုင်းထောင်ကို လှည့်ကြည့်လာသည်။

” အဲ . ခိုင်းရတော့မှာပဲ … မိကဲတို့နားမှာ ပန်းကန်တွေသွားယူခဲ့ပေးပါဦး ပစ်တိုင်းထောင် … ပန်းကန်တွေက ကုန်တော့မှာမလို့ “

” အင်း . ရစေရမယ် “

ဒင်္ဂါးတို့ မင်းကန်ရိုးရွာတင်မဟုတ်ပဲ ရွာလေးရွာလုံးကပါ မြို့အုပ်မင်းအလှူကို လာကြတာကြောင့် အကျွေးအမွေးနေရာကတော့ ကြက်ပျံမကျပင်။ ပစ်တိုင်းထောင်က ရွှေဒင်္ဂါးခိုင်းတဲ့အတိုင်း ကျောင်းဘေးနားက မိကဲတို့ ပန်းကန်ဆေးနေတဲ့နားကို ခပ်သွက်သွက်ပြေးသွားလိုက်သည်။

” ဟဲ့ မိကဲ … ပန်းကန်တွေ ရပလား . ဟိုမယ် ရွှေဒင်္ဂါးက ပန်းကန်မလောက်တော့ဘူးတဲ့ “

” အမလေးတော် … ပန်းကန်လိုတယ်ဆို ပန်းကန်လိုတယ်ပေါ့ … ကိုရွှေဒင်္ဂါးက ဘယ်က ပါလာတာတုန်း “

” ဟ ! ပန်းကန်တွေကုန်တော့မယ်ဆိုတာ ရွှေဒင်္ဂါးက ပြောလိုက်လို့ပေါ့ဟ “

ပန်းကန်ဆေးနေတဲ့ မိကဲက ပစ်တိုင်းထောင်ကို နှုတ်လှန်ထိုးသည်။ ပစ်တိုင်းထောင်မှာ မိကဲနဲ့ပင် စကားနိုင်မလုနိုင်အားသေး။ မဏ္ဍပ်ထဲက လူအုပ်ကြီးကိုကြည့်ပြီး ပူအိုက်လာတာကြောင့် ဝတ်ထားတဲ့ တိုက်ပုံအမဲကြီးကို ခပ်သွက်သွက် ဆွဲချွတ်ပစ်လိုက်ရင်း အင်္ကျီလက်ကိုလည်း တံတောင်ဆစ်အထိ ခေါက်တင်လိုက်သည်။

” ကဲ ကဲ … ညည်းနဲ့ စကားနိုင်ပြီးမှလုမယ် … ဘယ်မလဲ ဆေးပြီးသားပန်းကန်တွေ “

” ဟိုဗန်းထဲမယ် မှောက်ထားတယ် … သေချာလည်း သယ်သွားဦး … ကိုရွှေဒင်္ဂါးခိုင်းတယ်ဆိုပြီး ခပ်သွက်သွက်သွားရင် မှောက်လည်း လဲနေဦးမယ် “

” ဒီမိကဲကတော့ … “

ပစ်တိုင်းထောင်က မိကဲကို ခေါင်းတစ်ချက်လောက် ခေါက်ပစ်ဖို့တော့ တွေးလိုက်ပေမယ့် လက်ထဲမှာလည်း ပန်းကန်တွေကို သယ်ထားရတာကြောင့် လက်မအားတော့တာမလို့ ‌မခေါက်ဖြစ်တော့ပါ။

” ပန်းကန်တွေရပြီ ရွှေဒင်္ဂါး “

” ဟုတ်ပြီ ဟုတ်ပြီ … “

” ပေး အဲ့ဟင်းလိုက်ချိုင့်ကြီး . ကျုပ် လိုက်ထည့်ပေးလိုက်မယ် “

ဒင်္ဂါးလက်ထဲက ဟင်းလိုက်ချိုင့်ကြီးကို ဆွဲယူသွားတဲ့ ပစ်တိုင်းထောင်ကို မတားဖြစ်လိုက်ပါ။ မြို့အုပ်မင်းအလှူမလို့ လူက ထင်ထားတာထက် ပိုများတာမလို့ ရွာက ကာလသား ကာလသမီးပျိုတွေနဲ့တင်ကို မနိုင်ပေ။ မြို့အုပ်မင်းက မနက်စာ၊ နေ့လယ်စာနဲ့ ညစာကို ဖောဖောသီသီ ပြင်ဆင်ထားစေလို့သာ တော်တော့သည်။ စားပွဲဝိုင်းတွေကတော့ မလောက်တာမလို့ ကာလသားတချို့က အနီးနားအိမ်တွေက ထမင်းစားပွဲတွေကိုလည်း သွားသယ်ရသေးသည်။

” ကိုဒင်္ဂါးရေ … သံပရာသီးနဲ့ ငရုပ်သီး၊ နံနံပင်ပန်းကန်လေးတွေ လိုက်ချပေးပါဦး “

” အေးအေး . လာပြီ “

ဒင်္ဂါးက လှရီတို့အနားက ငရုပ်သီးနဲ့ လှီးပြီးသားသံပုရာသီးပန်းကန်တွေကိုယူလို့ ဝိုင်းတိုင်းမှာ လိုအပ်ရင် ခပ်သွက်သွက်ပင် လိုက်ဖြည့်‌ပေးရသည်။ တောသူတောင်သားတွေမလို့ အားရပါးရ စား‌ကြတာကြောင့် ဟင်းလိုက်ချိုင့်သယ်တဲ့သူတွေလည်း လည်မလည်။ ပစ်တိုင်းထောင်လည်း ဟိုပြေးလိုက်ဒီပြေးလိုက်နဲ့ ကုန်ရင် ကြာဇံချက်အိုးဆီကို ခေါက်တုံ့ခေါက်ပြန် ပြေးရသည်။

” နေ့လယ်ခင်းနဲ့ ညနေခင်းကျရင်လည်း လာစားကြဦးနော် … တစ်နေကုန် မီးခိုးတိတ်ကျွေးမှာ … ကျန်တဲ့အချိန်က ကျောင်းထဲက ဇရပ်တွေမှာ နားလို့ရပါတယ် “

” သာဓုကွယ် . သာဓု သာဓု … မြို့အုပ်မင်းတို့မိသားစုလည်း ဒီထက်မက လှူနိုင်တန်းနိုင်ပြီး ကျွေးမွေးနိုင်ကြပါစေ . ကျန်းမာပါစေ “

ဒင်္ဂါက ဟင်းလိုက်ချိုင့်တွေသယ်လို့ အလုပ်လည်းကူရင်း နေ့လယ်နဲ့ ညနေခင်းဘက်တွေအတွက်ပါ ထမင်းစားဖိတ်တဲ့အခါ သက်ကြီးရွယ်အိုတွေဆို ဆုမွန်ကောင်းပါ တောင်းပေးသေးသည်။

အကျွေးအမွေးကလည်း ပြောစရာမရှိတယ်
ဝက်သား ကြက်သား ငါးခြောက်ချက်ရှိတယ် ကြိုက်ရာနဲ့တွဲ
နှုတ်ခမ်းမှာ အဆီတွေရစ်အောင် စားစမ်းကွယ်
အပိုမပြော အပြောမပိုပါတယ်
ပြိုင်စံရှား . ပြိုင်စံရှား . ဒီအလှူဟာ ပြိုင်စံရှားပဲကွယ်

” အများကြီးပဲနော် ကိုကိုကျော် … ခင်ခင်ဖြင့် ပီတိဖြစ်လိုက်တာ “

ကျော်ကျော်ဟန်တို့ ဆရာတော်ဘုရားနဲ့ စကားပြောပြီး‌တော့ ကျောင်းအောက်ကို ဆင်းလာခဲ့သည်။ ထမင်းစားမဏ္ဍပ်ထဲမှာ လူက တိုးလို့ပင်မပေါက်လောက်အောင် စည်ကားနေတာမလို့ ကြည့်ရင်း ကိုယ့်အလှူအတွက်လည်း ပီတီဖြစ်ရသည်။

” မောင်ငယ့်ကို ကြည့်ပါဦး ကိုကိုကျော် … ဟင်းချိုင့်ကြီးနဲ့ အလုပ်တွေများနေလိုက်တာ “

မဏ္ဍပ်ထဲမှာရှိတဲ့ညီငယ်ကို လက်ညှိုးထိုးပြရင်း ပြုံးကြည့်နေတဲ့ ခင်ခင်ကြောင့် ကျော်ကျော်ဟန်လည်း လှမ်းကြည့်လိုက်သည်။

” ညီငယ်က အများကြီးပြောင်းလဲသွားတာပဲ ခင်ခင် … လိမ္မာလာတယ်လို့ ကိုကိုတော့ မြင်တယ် “

” အဲ့တာဖြင့် မောင်ငယ့်ကို အိမ်ပြန်ခေါ်တော့မလား ကိုကိုကျော် “

” အင်း . ခေါ်ရမှာပေါ့ ”

ခင်ခင်မပြောလည်း ကျော်ကျော်ဟန်ကတော့ ပစ်တိုင်းထောင်ကို အိမ်ပြန်ခေါ်ဖို့ အစကတည်းက တွေးထားပြီးသားပင်။ မြို့မှာထက်စာရင် ညီငယ်က ပိုအပိုးကျိုးသလို ဖြစ်လာတာမလို့ အိမ်ပြန်ရောက်ရင် ဟိုက်စကူးပြန်တက်ခိုင်းဖို့ပါ နားချဖို့တွေးထားသည်။ အခုတော့ ကျော်ကျော်ဟန့်ရှေ့မှာ မြင်နေရတဲ့ ညီငယ်ပစ်တိုင်းထောင်က မြို့မှာနေသလို ကျော့ကျော့မော့မော့မဟုတ်ပဲ အများကြီးပြောင်းလဲသွားတာတော့ အသေအချာပင်ဖြစ်သည်။ 

>>>>>>>>>>

ဆက်ရန်
Yellowish_One 💛
(၁၉-၄-၂၀၂၄)

ညဘက်အချိန်မီရင် နောက်တစ်ပိုင်းထပ်တင်ပေးပါမယ်

Tags: read novel Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၁၄), novel Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၁၄), read Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၁၄) online, Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၁၄) chapter, Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၁၄) high quality, Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၁၄) light novel, ,

Comment

Leave a Reply

Chapter 27