Lollipop Chapter 1 – Unicode

All chapters are in Lollipop
A+ A-

“ဒါက ဘယ်လဲ စိုင်းမာန်သစ်?”

“ဟီးဟီး ပါပါးကလည်း လမ်းထိပ်ခဏ”

“လမ်းထိပ်ခဏလုပ်မနေနဲ့ ဒီကိုလာထိုင်”

ဖခင်ဖြစ်သူရဲ့ပြောစကားကြောင့် စိုင်းမာန်သစ်သည် ဆိုဖာပေါ်ကို မထိုင်ချင်ထိုင်ချင်နဲ့ ထိုင်လိုက်ရသည်။

“ကျောင်းပြီးကတည်းက မင်း လက်ယားလက်ယားနဲ့ မနက်ဖြန် ကုမ္ပဏီမှာ အလုပ်ဝင်!”

“ပါပါးကလည်း‌ဗျာ”

“ပါးပါးကလည်း မဗျာနဲ့ မင်းဒီလိုနေနေရင် မိန်းမပေးစားပစ်မှာနော် စိုင်းမာန်သစ်”

“မိန်းမမလိုချင်ပါဘူးဆို‌တာကိုဗျာ”

“မင်းမလိုချင်လို့ကို ငါကပေးစားချင်တာလေ”

“အလုပ်ဝင်လုပ်မယ် မိန်းမတော့မယူချင်ဘူး ကျွန်တော်ချစ်နေတဲ့သူရှိတယ်”

“အောင်မယ် လေကအလာကြီးပါလား။ မင်းလိုကောင် ဘယ်သူက ပြန်ကြိုက်မှာလဲ။”

“ပါပါးက သားကိုဆို တအားဖဲ့တာပဲ။ အလုပ်က ဝင်တော့လုပ်မယ် ဒါပေမဲ့ ပါပါးကုမ္ပဏီမှာတော့ ဝင်မလုပ်ချင်ဘူး အကပ်နဲ့လာတယ်ဆိုပြီး အပြောမခံချင်ဘူး သားဘာသာရှာမယ် တစ်‌လလောက်တော့ စောင့်”

“စိုင်းမာန်သစ်‌တို့ကတော့ ပြောလိုက်ရင် လေကြီးမိုးကြီးပဲ မင်းစကားနဲ့ မင်းပဲနော် တစ်လပြည့်လို့မှ မင်းအလုပ်မရရင် မိန်းမပေးစားပစ်မယ်”

“ပါပါးသဘောပဲ ဒါဆို သားသွားတော့မယ်နော်”

“ကြွ ကြွ”

စိုင်းမာန်သစ်တွင် အမေမရှိတော့ချေ။ မရှိတော့ဘူးဆိုတာထက် ကွဲနေသည်ဟုပြောလျှင် ပိုမှန်လိမ့်မည်။စိုင်းမာန်သစ် အမေက စိုင်းမာန်သစ်အဖေကို ထားသွားပြီး ခြေရာဖျောက်သွားတာ သူငယ်ငယ်လေးကတည်းကပင်ဖြစ်သည်။

အမေဖြစ်သူကို စိတ်နာလားလို့ မေးလာခဲ့မည်ဆိုလျှင် စိုင်းမာန်သစ်က အင်းဟုဖြေမိမှာပင်။ဘာလို့လဲဆိုတော့ လူမှန်းမသိတတ်ခင်အရွယ်‌လေးကတည်းက သူ့ကိုပစ်ထားခဲ့တာ။ ဒါအ‌တွက် သူမုန်းတာ မထူးဆန်းဘူးထင်သည်။ သူ့ဘဝမှာ အ‌မေဆိုတာ မရှိဘူးဟု တရားသေ သဘောထားလိုက်တော့တာဖြစ်သည်။

မိခင်မေတ္တာဆိုတာကို ဘာမှန်းမသိခဲ့သော်လည်း စိုင်းမာန်သစ်ကို သူ့အဖေက လိုလေးသေးမရှိအောင်ထားခဲ့သည်။ ပြောရရင်တော့ သူက ရွှေဇွန်းကိုက် အမွေးခံထားရတဲ့သူပင်။ တစ်ခါတလေ ကြားရတတ်သည့် သူ့ဖခင်၏ သာယာနာပျော်ဖွယ် ပူညံပူညံလုပ်သံတွေကလွဲလို့ သူသည် သူ့အဖေရင်ခွင်တွင် အလွန်ကိုပျော်ရွှင်နေရပါသည်။

စိုင်းသစ်မာန်တွင် အကျင့်တစ်ခုရှိသေးသည်။ အဲဒါကတော့ ငယ်ငယ်လေးကတည်းက Lollipop ကိုတအားကြိုက်တာဖြစ်သည်။ စိုင်းမာန်သစ်ဆီတွင် ယခုချိန်ထိ ထုတ်မစားဖြစ်ခဲ့တဲ့ Lollipop လေးတစ်လုံးရှိတယ်ဆိုရင် ယုံကြမလား။ ဆယ်စုနှစ်တော်တော်ကြာတဲ့အထိအောင်ထိ ထုတ်မစားဖြစ်ခဲ့တဲ့ Lollipop လေးတစ်လုံးလေ။ ဟောင်းနွမ်းနေပြီး အဖုံးပေါ်က တံဆိပ်တောင်သေချာမမြင်ရတော့တဲ့အထိ စိုင်းမာန်သစ် သိုင်းထားဖြစ်ခဲ့တဲ့ Lollipop။

_______________________________________________________

“အသစ်”

“တိုတို လာလာ အသစ်က တိုတိုကိုစောင့်နေတာ”

တစ်ခါက စိုင်းမာန်သစ်တို့ ခြံနောက်တွင် ငါးနှစ်အရွယ်ကလေးလေးနဲ့ ဆယ်နှစ်သားကလေးလေးတို့ရဲ့ ရယ်သံတွေသည် ပျံ့လွင့်ခဲ့ဖူးသည်။

“ဟုတ်လား အသစ်ကလေးက ကိုကို့ကို စောင့်နေတာလား။ ရော့ဒီမှာ Lollipop။ အသစ်အတွက်”

ထိုကောင်လေးကမ်းပေးသော Lollipop ကိုစိုင်းမာန်သစ်က သေချာယူလိုက်ပြီး ထိုကောင်လေးကို တစ်ဖန်ပြန်မော့ကြည့်ကာ ဆို၏။

“နောက်ခါ ချော်ဘယ်ရီရသာဝယ်ခဲ့ပေး”

“ဟုတ်ပြီ ကိုကိုက နောက်တစ်ခါ စတော်ဘယ်ရီအရသာဝယ်ပေးမှာပေါ့”

“တိုတို”

“ပြော အသစ်”

“တိုတိုက လာလာပေါ့(Lollipop) ကြိုက်ဝူးယား”

“ဟင့်အင် ကိုကိုက အချိုမကြိုက်ဘူး အသစ်ကလေးကြိုက်လို့ ဝယ်ပေးတာ”

“ဪ”

လူကြီးတစ်ယောက်လို နှုတ်ခမ်းကလေးထော်အောင် ဪပြောလိုက်သည် စိုင်းမာန်သစ်ပေါက်စဟာ တကယ်အူယားစရာပင်ဖြစ်သည် ။ တခစ်ခစ်ရယ်နေသည့် ကလေးလေး၏ ခေါင်းကိုဖွကာ အရွယ်နှင့်မလိုက်အောင် ရင့်ကျက်စွာပြုံးနေခဲ့သည့် ကောင်လေးကလည်း နေအဝင်မှာ သိပ်လှသည့်ပန်းချီကားတစ်ချပ်ဖြစ်ခဲ့ဟန်။

_______________________________________________________

စိုင်းမာန်သစ် Cafe တစ်ခုမှာထိုင်နေရင်း မှန်ပြတင်းပေါက်ကနေ အပြင်ကို ငေးကြည့်နေမိသည်။ ဒီနေ့ဆို ဆယ့်ငါးရက်ရှိနေပြီဖြစ်သည်။ အခုချိန်ထိ အလုပ်ဆိုတာဘယ်နေမှန်းပင် မသိရသေးပေ။မရတာလည်းမပြောနှင့် သူကျောင်းပြီးတာမှ တစ်နှစ်ကျော်ကျော်သာရှိသေးသည်။ဘယ်သွား လို့ဘာလုပ်ရမလဲကမသိ။ စိုင်းမာန်သစ်ဖြင့် စဉ်းစားလို့ကိုမရ။

သူ့အဖေကကိုက သူ့ကို တင်မကျွေးထားချင်လို့ တမင်နှိပ်စက်နေတာဟု စိတ်ပေါက်ပေါက်နှင့် အဖေဖြစ်သူကိုပဲ အပြစ်‌တင်နေလိုက်သည်။ဒီနေ့မှ‌ပဲ Coffee ကပိုခါးနေသလိုလိုခံစားလိုက်ရတာကြောင့် တစ်ငုံသာသောက်ပြီး ကော်ဖီခွက်ကိုချလိုက်သည်။ ထို့နောက် သူသည် စိတ်ပျက်လက်ပျက်နဲ့ ခုံကို ခါးလျှောထိုင်လိုက်သည်။

မျက်လုံးကို ပိတ်ထားလိုက်ပြီး မှန်ကိုဖြတ်ပြီး ကျလာတဲ့ အလင်းရောင်ကို ခံစားနေလိုက်၏။ နွေးထွေးနေသည့် နေရောင်ကမျက်နှာပေါ်ကို ကျရောက်လာပြီး စိတ်အစဥ်ကို ကြည်လင်သွားစေသည်။ ခေါင်းထဲမှာတော့ သူ့ရဲ့ တစ်ဖက်သတ်ချစ်နေရသူအကြောင်းက ဆင့်ခေါ်စရာမလိုဘဲရောက်လာသည်။

Love at first sight ကိုယုံတဲ့သူ ဘယ်နှယောက်လောက်ရှိလိမ့်မလဲ။ အမှန်တိုင်းပြောရရင် စိုင်းမာန်သစ်ကတော့ မယုံခဲ့ပါဘူး။ အဲ့ဒီလိုမယုံခဲ့လို့လည်း တကယ်မြင်မြင်ချင်းချစ်မိတဲ့အခါကျ သူ့မှာ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်ခဲ့ရတော့သည်။ စိုင်းမာန်သစ် သူကြိုက်နေသည့်သူ၏ နာမည်ကိုပင် မသိဟုဆိုလျှင် ကြားသမျှလူ ၀ိုင်းရယ်ကြလိမ့်မည်ဖြစ်သည်။ သို့သော် နောက်ထပ်အကြောင်းအရာများကိုသာ သိရင် ထိုအကြောင်းသည် သိပ်ရယ်စရာမကောင်းနိုင်တော့ချေ။ 

စိုင်းမာန်သစ်သည် ထိုလူ့ကို တစ်ခါသာလျှင် တွေ့ဖူးသည်ဖြစ်၏။ ထိုတစ်ခါမှာလည်း လွန်ခဲ့သည့် နှစ်နှစ်ကပင်ဖြစ်သည်။ ထို့ပြင် ထိုလူသည် မိန်းကလေးတစ်ယောက်မဟုတ်။ ယောက်ျားလေးတစ်ယောက်သာဖြစ်သည်။ စိုင်းမာန်သစ် သူ့ရဲ့လိင်စိတ်တိမ်းညွှတ်မှုကို လက်ခံလိုက်မိတာဟာလည်း ထိုလူ့ကြောင့်။ ဘယ်သူမှမသိလိုက်ခင်မှာပဲ စိုင်းမာန်သစ်ဟာ Gay သွားခဲ့ပြီး ထိုလူ့ကို ချစ်မိခဲ့ရပါသည်။

နှစ်နှစ်ကြာခဲ့ပြီဆိုသော်လည်း သူ အသေးစိတ်ကို မှတ်မိနေတုန်းပင်။ တင်းတင်းစေ့ထားတဲ့ မေးရိုးတွေ။ တွန့်ချိုးနေတဲ့ ခပ်နက်နက်မျက်ခုံးတွေနဲ့ ဖြောင့်စင်းနေတဲ့နှာတံ။ ပြီးတော့ တုန့်ကနဲ့ပြိုလဲချင်လိုက်ရတဲ့ ရင်ခွင်ကျယ်။ မျက်လုံးမှိတ်ရင်းကပင် လက်ကိုဆန့်ပြီး ပုံရိပ်ထဲက အစိတ်အပိုင်းတွေကို လိုက်စမ်းကြည့်ဖို့ကြိုးစားကြည့်သည်။အခုထိ စိုင်းမာန်သစ်ရဲ့အ‌‌တွေးထဲက ဒီပုံရိပ်သည် မှေးမှိန်မသွားခဲ့။

_______________________________________________________

လွန်ခဲ့သော နှစ်နှစ်၊ စိုင်းမာန်သစ်ထိုင်နေတဲ့ Cafe ဆိုင်တွင်ပင်ဖြစ်သည်။ ရာသီဥတုက ကြည်လင်နေပြီး တိမ်ကင်းစင်နေသည်။ ရာသီဥတုက သီချင်းမြူးမြူးလေးကို ခေါင်းညိတ်ကာစည်းချက်လိုက်ပြီး ငေးလို့ကောင်းသည့်ပုံစံပင်။

*ဂျွတ်

“ဟင်”

စိုင်းမာန်သစ် လှည့်မကြည့်လိုက်ခင်မှာပင် လွယ်အိတ်ထဲက ကျသွားတဲ့ Lollipop လေးရဲ့ ဖြစ်အင်ကို သိသွားလိုက်ရသည်။ အသံအရဆို တစ်စစီဖြစ်မသွားရင်ကို တော်သေးသည် ပြောရမည်။

‌”ဟာ သွားပါပြီ”

“အာ ဆောရီး”

နှစ်ခြမ်းကွဲနေတဲ့ Lollipop လေးကို နှမြောတသကြည့်နေရင်း ကြားလိုက်ရသော အသံခပ်ဩဩကြောင့် မော့ကြည့်လိုက်မိသည်။ ထိုအခိုက်အတန့်သည် ချစ်မိခဲ့သည့် တစ်စက္ကန့်ဟု တင်စားလောက်သည်။ စိုင်းမာန်သစ်သည် ထိုလူ့အား အရာအားလုံးပုံအပ်ချင်သွားလောက်သည်အထိ လုံလောက်တဲ့အခိုက်အတန့်။အနောက်တိုင်း၀တ်စုံအနက်ရောင်နှင့် ခပ်စူးစူးအကြည့်တွေဟာ စိုင်းမာန်သစ်ရဲ့ နှလုံးသားကို ယူဆောင်သွားပါတော့သည်။

ဆောရီးတစ်လုံးထဲသာပြောပြီး ‌ထွက်သွားသော ထိုလူသားရဲ့ ဖိနပ်သံက ဆိုင်လေးထဲမှာ တော်တော်ကျယ်လောင်သလို စိုင်းမာန်သစ်ရဲ့ ဘယ်ဘက်ရင်အုံက အကောင်ပေါက်ဟာလည်း စည်းမရှိကမ်းမရှိ ခုန်ပေါက်နေခဲ့သည်။

_______________________________________________________

*And the stars exploding into fireproof..
My youth,my youth is yours
Tripping on skies, sipping waterfalls

တစ်ယောက်တည်းအတွေးလေးနဲ့ ဆွေးကောင်းနေတုန်း မြည်လာသည့် Phone ringtone ကြောင့် စိုင်းမာန်သစ် စိတ်နောက်သွားရသည်။

‘ကျစ် ဘယ်ကောင်တုန်းကွာ မကိုင်ဘူး ခေါ်ချင်သလောက်ခေါ်’

မျက်စိမှိတ်လျက်ပင် မျက်မှောင်ကြုတ်ကာ စိုင်းမာန်သစ် ခပ်ညစ်ညစ်ကလေးတွေးလိုက်သည်။

*My youth, My youth is yours..

မကိုင်မချင်း လာနေသော ဖုန်းကလည်း ‘မင်းပဲ မကိုင်ဘဲနေနိုင်မလား ငါပဲ ခေါ်နိုင်မလား’ ဟု စိုင်းမာန်သစ်ကို စိန်ခေါ်နေသ‌လိုပင်။ နောက်ဆုံး နားညည်းမခံနိုင်သည့် စိုင်းမာန်သစ်ကပဲ အလျှော့ပေးကာ လျှောချထားသည့် ခါးကို ပြန်မတ်လိုက်ရင်း မျက်စိမှိတ်လျက်ပင် ဖုန်းကိုလှမ်းယူကိုင်လိုက်သည်။

“ဘာလဲ!”

“ငါ မင်းအဖေ မင်းမေလင်မို့ ခုမှဖုန်းကိုင်တာလား?”

“ဟုတ်တယ်လေ ပါပါးက သားအမေလင်”

“စိုင်းမာန်သစ်!”

သူ့အဖေရဲ့ နားနဲ့မဆန့်အောင် အော်လိုက်သည့်အသံကြောင့် စိုင်းမာန်သစ်အသိဝင်လာရသည်။

“ဟမ် ဪ ပါပါး အင်း သား အိပ်ပျော်နေလို့ ဟီး ဘာလဲဗျ”

“ဘာလဲမဗျနဲ့ အိမ်ပြန်လာ! မင်းအလုပ်ရပြီ မင်းသာရှာနေရင် သူတောင်းစားတောင်လုပ်လိုက်ရမှာမဟုတ်ဘူး ခွက်မရှိလို့”

“ဟုတ်”

*တီ တီ တီ

(OliviaThet-Eleabor’s Note_Lollipop က အဖိုးတန်လေးဖြစ်လာမယ်လို့ ထင်ပါတယ် ချက်ချင်းကောက်ရေးလိုက်တာမျိုးမဟုတ်ဘဲ တော်တော်များများ Plot တွေကို ကျွန်တော်အရင်ကတည်းက စဉ်းစားထားခဲ့တာတွေပါ အကောင်အထည်ဖော်ချင်တာကြာခဲ့ပါပြီ ရှေ့အပိုင်းတွေက နည်းနည်းပေါ့နေမယ်လို့တော့ ထင်မိပါတယ် အရေးအသားကလည်းစုတ်ချာသေးတာမို့ သည်းခံပြီးပဲ ဖတ်ပေးကြပါဦးဗျ အားလုံးပဲဂရုစိုက်ကြပါဗျ)

@OliviaThet-Eleanor
_______________________________________________________

Tags: read novel Lollipop Chapter 1 – Unicode, novel Lollipop Chapter 1 – Unicode, read Lollipop Chapter 1 – Unicode online, Lollipop Chapter 1 – Unicode chapter, Lollipop Chapter 1 – Unicode high quality, Lollipop Chapter 1 – Unicode light novel, ,

Comment

Leave a Reply

Chapter 1