Lollipop Chapter 17 – Unicode

All chapters are in Lollipop
A+ A-

လေးနှစ်အရွယ် စိုင်းမာန်သစ်အငယ်လေးတစ်ယောက် တစ်ဖက်အိမ်က ရှုပ်ရှုပ်ရှုပ်ရှုပ်ဖြစ်နေတာကို ငေးကြည့်ရင်း သဘောတကျဖြစ်နေသည်။ မိခင်ကလည်း ဂရုမစိုက်၊ ဖခင်ကလည်း အလုပ်တစ်ဖက်နှင့်မို့ အချိန်မပေးနိုင်သည်ကများသည်။ ထို့ကြောင့် စိုင်းမာန်သစ်သည် ငယ်စဥ်က အလွန်အထီးကျန်ဆန်ခဲ့လေသည်။

ကလေးထိန်းတွေ ရှိသော်ငြားလည်း ကစားဖော်ရယ်လို့ကမရှိ။ အထီးတကျန်နဲ့သာ။ ခြောက်ကပ်နေတဲ့ ဟိုဘက်အိမ်က အခုတော့ ကားတွေ၀င်လိုက်ထွက်လိုက်။ စိုင်းမာန်သစ်အငယ်လေးက စိတ်၀င်စားစွာ ခြံတံခါး၀ကနေချောင်းကြည့်နေခြင်းဖြစ်သည်။

နောက်ဆုံးရောက်လာတဲ့ ဇိမ်ခံကားပေါ်ကနေ အသက်ဆယ်နှစ်အရွယ်လောက်ကောင်ကလေးက ခပ်တည်တည်မျက်နှာထားနဲ့ ဆင်းလာသည်ကို စိုင်းမာန်သစ်မြင်လိုက်မိတော့ တစ်လောကလုံးကို အပိုင်ရလိုက်သလိုပင်။ သူ့အတွက် ကစားဖော်ရှိလာပြီမဟုတ်လား။

စိုင်းမာန်သစ်ငေးနေရင်းမှာ ထိုကောင်လေးက သူ့ဘက်ကို ဆတ်ကနဲ့ လှည့်ကြည့်လာသည်။ အကြည့်ချင်းဆုံသွားတာမို့ စိုင်းမာန်သစ်လည်း အကြောက်ကြောက်အလန့်လန့်နှင့်အိမ်မကြီးထဲ ၀င်ပြေးခဲ့ရလေသည်။

နောက်တစ်နေ့ကျတော့ စိုင်းမာန်သစ် ခြံအနောက်မှာ တစ်ယောက်ထဲထိုင်နေတုန်း ထိုကောင်လေးက သူ့ဘေးနားကို ရောက်လာသည်။ တင်းတင်းစေ့ထားတဲ့ နှုတ်ခမ်းတွေက တဖြည်းဖြည်းပွင့်အာလာပြီး စိုင်းမာန်သစ်ရဲ့ ခပ်ပျေ့ာပျော့ဆံပင်တွေကို ဖွကာ ပြုံးပြလေသည်။

စိုင်းမာန်သစ်ကတော့ ငိုတော့မည့် မျက်နှာဖြင့်။ ဒါကို ထိုကောင်လေးက နားလည်တော့ ပြာပြာသလဲ သူ့ဘောင်းဘီအိတ်ကပ်ထဲက တစ်စုံတစ်ခုကို ထုတ်သည်။

“ရော့ မင်းအတွက်”

စိုင်းမာန်သစ်က ထိုကောင်လေးလက်ထဲက အရာကို အချိန်အတော်အတန်ကြာ ငေးကြည့်နေခဲ့ပါသေးသည်။ Strawberry Lollipop လေးတစ်လုံး။ လက်သေးသေးလေးတွေက သေချာစွာလှမ်းဆုပ်ကိုင်ယူလိုက်ပြီး ထို Lollipop လေးကို သေချာစွာကြည့်နေသေးတော့ ထိုကောင်လေးက သဘောကျစွာ ပြုံးလာပြန်သည်။

ထို့နောက် စိုင်းမာန်သစ်ရဲ့ ဘေးနားကို ၀င်ထိုင်လိုက်တော့ စိုင်းမာန်သစ်အငယ်လေးက မော့ကြည့်ကာ လက်ထဲက ထိုကောင်လေးပေးတဲ့ ဟာကို ကြည့်ပြီး မေးသည်။

“ဒါက ဘာယဲ”

မပီကလာ ပီကလာအသံက ချစ်ဖို့ကောင်းစွာထွက်ပေါ်လာသည်။

“အဲဒါက Lollipop လို့ခေါ်တယ် သကြားလုံး ချိုတယ် စားကြည့်”

“လာလာပေါ့?”

“အင်း လာလာပေါ့ ဟား”

စိုင်းမာန်သစ်က ထိုကောင်လေးပေးတဲ့ Lollipop ကို အိပ်ထောင်သေးသေးလေးထဲ သေချာထည့်ရင်း ပြုံးသည်။ ကလေးဘ၀မှာ ပြုံးခဲ့ဖူးတဲ့ အပြုံးတွေက အဖြူစင်ဆုံးဟုပြောကြသည်။ စိုင်းမာန်သစ်ရဲ့ ထိုအပြုံးလေးတွေက ဖြူစင်လွန်းတဲ့အပြင် တယုတယ ဖန်ပုလင်းထဲ ထည့်သိမ်းထားဖို့ပင် ကောင်းနေသေးသည်။

“ကလေးလေးနာမည်က ဘယ်လိုခေါ်လဲ?”

စိုင်းမာန်သစ်က ထိုအသံလာရာကို မော့ကြည့်ကာ နှုတ်ခမ်းကို ဆူပြီး ဖြေမယ်ပြုသည်။ တကယ် စိုင်းမာန်သစ်က ချစ်မွှေးပါတာ ငယ်ငယ်လေးကတည်းကပင်ဖြစ်သည်။

“တားတားနာမယ် ချိုင်းမာန်တစ်”

မပီမသနာမည်ကြောင့် ထိုကောင်လေးမှာ အော်ရယ်တော့မတတ်ဖြစ်သွားသည်။

“ဟင် ဘယ်လို”

“ချိုင်းမာတစ်လို့”

“ဟားး ဘယ်လိုတောင်လား ဘယ်က ချိုင်းမှာတစ်မှာလဲ ကလေးလေးရဲ့”

“တားကို ကယေးယေးရို့ ခေါ်နဲ့ တိုတိုလည်း ကယေးယေးပဲဟာကို”

သူ့ကိုရယ်လို့ မကျေနပ်တာပါပေါင်းပြီး ဆရာကြီးလုပ်နေခြင်းဖြစ်သည်။

“ဒါပေမယ့် ကိုကိုက မင်းထက်ကြီးတယ်လေ? အဲဒါကြောင့် မင်းကို ကလေးလေးလို့ ခေါ်တာပေါ့”

“ဟုတ်ယား”

စဥ်းစားဟန်နဲ့ ခေါင်းကို အောက်ငုံ့သွားတော့ ပါးဖောင်းဖောင်းလေးတွေက အထင်းသား။

“ပါးပါးတို့ကမှ လူကြီးယေ တိုတိုကလည်း ကယေးပဲ ဟုတ်၀ူးလား အဲ့လို”

ထိုကောင်လေးက နောက်တစ်ကြိမ်နှစ်နှစ်ခြိုက်ခြိုက်ရယ်ပြန်သည်။ ဒီကလေးလေးက သူထင်ထားတာထက်ကို ချစ်ဖို့ကောင်းနေတာမို့ ထိုကောင်လေးစိတ်ထဲ အသည်းယားလာရသည်။

“နေပါဦး မင်းနာမည်ကို ကိုကိုစဥ်းစားဦးမယ် ချိုင်းမာတစ် ခွီး တစ်ဆိုတော့ သစ်ပဲဖြစ်ရမယ် ချိုင်းက ဘာလဲ တကယ်ကွာ ဟား”

ထိုကောင်လေးက သူ့စကားသူသဘောကျရင်း တခစ်ခစ်ရယ်နေပြန်သည်။

“သေချာတာကတော့ သစ်ပဲ ဟုတ်တယ်မို့လား ဒါဆို ကိုကိုမင်းကို အသစ်လို့ခေါ်မယ် အဆင်ပြေလား?”

မော့ကြည့်နေတဲ့ မျက်လုံး၀ိုင်း၀ိုင်းတွေက သူပြောသမျှ ဘာမှမသိပါဆိုတဲ့အကြောင်း ပြောပြနေသလို ဖြစ်နေပြန်တော့ ထိုကောင်လေးမှာ ငိုရခက်ရယ်ရခက်။

“အသစ် မင်းကို အသစ်လို့ ခေါ်မယ်လို့ပြောတာ ရလား”

“ရ ရ”

“ကိုကို့နာမည်ကိုရောမမေးတော့ဘူးလား?”

“တိုတို့နာမည်က တိုတိုဟုတ်၀ူးယား?”

“ဘယ်ဟုတ်မှာလဲ ကိုကို့နာမည်က ဘုန်းပြည့်အာဏာ”

“စိုင်းမာန်ရေ သား ဘယ်မှာလဲ?”

ရုတ်တရတ် ဦးစိုင်းတမာန်ရဲ့ ခေါ်သံကြောင့် စိုင်းမာန်သစ်က ခေါင်းမော့လာသည်။

“ပါးပါးခေါ်နေပြီ တွားတော့မယ် တိုတို”

“ဟုတ်ပြီ ဟုတ်ပြီ”

လုံးတုံးလုံးတုံးနဲ့ ပြေးသွားသည်က ဖျစ်ညှစ်ပစ်ချင်စရာမို့ ထိုကောင်လေးက ပြုံးမိပြန်သည်။ ထို့ပြင်သူသိလိုက်သည်က ထိုကလေးလေးနာမည်က စိုင်းမာန်သစ်ဟူ၍။

___________________________________________________________________________________________________

“ရမ်ခ”

“ဟုတ်ကဲ့ ဥက္ကဌ”

“နှစ်ယောက်တည်းရှိနေတဲ့ အချိန် အစ်ကိုလို့ပဲခေါ်”

“အကျင့်ပါနေပြီ”

ရမ်ခက ပြုံးစစနှင့် စကားဆိုသည်။ တကယ်လည်း အကျင့်ကပါနေလေပြီ။ ရမ်ခက ဘုန်းပြည့်အာဏာ ယုံကြည်နိုင်တဲ့ တစ်ဦးတည်းသောသူ။ ဘယ်တော့နေနေ ဘုန်းပြည့်အာဏာဘေးမှာ ရှိနေမည့်သူ။

“အင်း ထားပါတော့”

ဖန်ခွက်ထဲက ရွှေ၀ါရောင်လှလှ ရမ်ကို တစ်ကျိုက်မော့ချလိုက်ရင်း ရီ၀ေစွာအရှေ့ကို ကြည့်လိုက်ပြန်သည်။ သူ ကုမ္ပဏီအပေါ်ဆုံးထပ်က သူ့ဘားမှာ ရမ်ခကို အဖော်ပြုပြီး သောက်နေခြင်းဖြစ်သည်။

“ဖေဖေက ငါ့အပေါ်ဒီလောက်ရက်စက်မယ်လို့ထင်မထားဘူး ဘယ်လိုများ ငါစီစဥ်ထားတဲ့ ငယ်လေးနဲ့ မင်္ဂလာပွဲကို အခြားသူအတွက်ဖြစ်အောင် လုပ်ပစ်နိုင်ရတာလဲ ငါတော့မတွေးတတ်တော့ဘူး”

ရမ်ခကလည်း သူ့ရှေ့က ၀ိုင်ခွက်ကို တစ်ချက်မကိုင်လိုက်ရင်း မျက်လုံးပင့်သည်။

“အန်ကယ်ပြောတာကိုလည်း စဥ်းစားကြည့်စေချင်တယ် အန်ကယ်က မမလေးအပေါ်လည်း အဲ့လောက်ခါးခါးသီးသီးမဟုတ်ပေမယ့် ဒီလိုလုပ်တာဆိုတော့ ပြီးတော့ မမလေးအတွက်လည်း ဖြစ်ချင်ဖြစ်မှာပေါ့”

“ဖေဖေက ငယ်လေးကို မေမေမွေးစားမယ်ပြောတုန်းကကတည်းက လက်မခံခဲ့ဘူး ငယ်လေးနဲ့ တူတူဆော့ခဲ့တဲ့အချိန်တွေတုန်းကတောင် ဘာမှမပြောခဲ့ဘဲ အိမ်ပြောင်းလာတော့မှ ငါရူးတော့မလိုဖြစ်တာတောင် ငယ်လေးကို မွေးစားဖို့ကို အတင်းကန့်ကွက်ခဲ့တာ”

“နေဦး အစ်ကို့အရင်ရပ်ကွက်က ဟိုဇွဲမြေပင်ရပ်ကွက်ကလို့ပြောတယ်မို့လား”

“အင်းဟုတ်တယ်လေ”

“မမလေးတို့အိမ်နဲ့ ဘေးချင်းကပ်ရပ်လို့ပြောတယ်နော်”

“အင်း ဟုတ်တယ် တစ်နှစ်ကျော်ကျော်လောက်ပဲနေခဲ့ရတာ မေမေက အတင်းပြောင်းမယ်လုပ်လို့”

ရမ်ခက မျက်မှောင်ကျုတ်လိုက်ကာ ၀ိုင်ခွက်ကို ကြည့်သည်။

“ဘာဖြစ်လို့လဲ?”

“အင်း ကျွန်တော်အဲ့ရပ်ကွက်နာမည်ကို တစ်နေရာမှာမြင်ဖူးသလိုပဲမို့”

“ဘယ်မှာလဲ?”

“အာ သိပြီ ကိုစိုင်းမာန်သစ်တို့ရပ်ကွက်”

“ဟင်”

စိုင်းမာန်သစ်ဆိုတဲ့ နာမည်ကို ကြားမှ ဘုန်းပြည့်အာဏာသတိရသည်။ သူ စိုင်းမာန်သစ်ကို တစ်ယောက်တည်းပစ်ထားခဲ့မိတာဖြစ်သည်။ ဘုန်းပြည့်အာဏာ ယိုင်တိယိုင်တိုင်နဲ့ ထလိုက်ပြီးထွက်ဖို့ပြင်သည်။

“ဘယ်လဲ?”

“စိုင်းမာန်သစ်ကို သွားခေါ်မလို့”

“အာ သူ့အိမ်ပြန်ရောက်နေလောက်ပြီ မနက်က အစ်ကိုပြန်လာလာချင်း သူကျွန်တော့်ကိုဖုန်းခေါ်တယ် အစ်ကိုပြန်ရောက်ပြီလားတဲ့ အဲဒါနဲ့ ကျွန်တော်လည်း သူကျန်ခဲ့တာသိလို့ ကားလွှတ်ပေးလိုက်တာ”

ထိုအခါမှ ဘုန်းပြည့်အာဏာက ထိုင်ခုံပေါ်ကို ထိုင်ချလိုက်ကာ မျက်ရိုးကို လက်နဲ့ဖိလိုက်ရင်း သက်ပြင်းချလိုက်သည်။ ထို့နောက်အတွေးထဲအစီအရီ၀င်လာသည်က သူဒီကိုမလာခင် စိုင်းမာန်သစ် ပြောလိုက်သည့်စကား။

“ဥက္ကဌကို ကျွန်တော်ချစ်တယ်” တဲ့။ ထိုစဥ်က ပူထူနေတာမို့ ဘာမှမတွေးဖြစ်ခဲ့သော်လည်း ထိုအသံကိုပြန်ကြားယောင်ကြည့်မိသည့်အခါ ရင်ထဲသိမ့်ကနဲ့ဖြစ်သွားရသည်။

“နေဦး စိုင်းမာန်သစ်က တကယ်အဲ့ဒီရပ်ကွက်ကလား?”

“ဟုတ်တယ် သူ့ကို မမလေးရည်းစားလို့ထင်ပြီး အစ်ကို စုံစမ်းခိုင်းတုန်းက ကျွန်တော်သေချာကြည့်ထားတာ”

အိမ့်မှူးသော်ကတော့ အဲ့ဒီရပ်ကွက်ကမဟုတ်ဘူးဆိုတဲ့ အကြောင်းကို ရမ်ခထိမ်ချန်ထားလိုက်သည်။ အရာအားလုံးကို သေချာမှပဲ ပြောခွင့်ရှိမယ်မဟုတ်လား။

“တောင်းပန်ပါတယ် ကျွန်တော်သေချာစုံစမ်းလိုက်ရမှာ”

“အင်း မင်းမမှားဘူး ငယ်လေးကို ပေါ့ပေါ့တန်တန်ငါတွေးလိုက်မိတာ”

“ကျွန်တော် သွားတော့မယ် အစ်ကိုလည်း ဆက်မသောက်နဲ့တော့”

“အင်း”

ရမ်ခထသွားတာနဲ့ တစ်ပြိုင်နက် ဘုန်းပြည့်အာဏာလည်း သူ့အိပ်ခန်းထဲကို ၀င်ဖို့ပြင်လိုက်သည်။ စီးကရက်ကို အသာမီးညှိလိုက်ရင်း ၀ရန်တာကို ထွက်လာခဲ့ပြန်သည်။ ဒီညတော့ သူအိပ်ပျော်တော့မည်မထင်။ စီးကရက်ငွေ့တွေက တလွင့်လွင့်နဲ့လေထဲကိုပါသွားသလို ဘုန်းပြည့်အာဏာရဲ့ အတွေးတွေကလည်း တမြောမြောတလွင့်လွင့်။

ဘောင်းဘီအိတ်ထဲကို တစ်ချက်နှိုက်ကြည့်မိတော့ တစ်စုံတစ်ခုကို စမ်းမိသည်။ ထုတ်ယူကြည့်လိုက်မိတော့ ဘုန်းပြည့်အာဏာရဲ့ နှုတ်ခမ်းထောင့်စွန်းတစ်ဖက်က ကွေးကနဲ့ ကော့တက်သွားသည်။

ထိုအရာက Lollipop တုတ်ချောင်းအခွံတစ်ခု။ ဘုန်းပြည့်အာဏာ ထိုပိုက်ချောင်းကို ဘောင်းဘီအိတ်ကပ်ထဲပြန်ထည့်လိုက်ရင်း စီးကရက်ကိုသာ ဆက်ဖွာနေလိုက်သည်။ သူ့ကိုချစ်တယ်ပြောတဲ့ ကောင်လေးအကြောင်းကိုလည်း ခေါင်းထဲမှာ အလိုအလျောက်ထည့်လျက်။

@OliviaThet-Eleanor

____________________________________________________________________

Tags: read novel Lollipop Chapter 17 – Unicode, novel Lollipop Chapter 17 – Unicode, read Lollipop Chapter 17 – Unicode online, Lollipop Chapter 17 – Unicode chapter, Lollipop Chapter 17 – Unicode high quality, Lollipop Chapter 17 – Unicode light novel, ,

Comment

Leave a Reply

Chapter 17