Lollipop Chapter 19 – Unicode

All chapters are in Lollipop
A+ A-

စိုင်းမာန်သစ် ဖျားလိုက်တာဆိုတာ သုံးရက်ဆက်တိုက် အိပ်ယာထဲက မထွက်နိုင်အောင်ပင်ဖြစ်သည်။ အလုပ်ကိုသွားဖို့၀ေးစွ အခန်းထဲက အခန်းပြင်ပင်သူ့မှာမထွက်နိုင်။ ဘုန်းပြည့်အာဏာက သူ့ကိုခွင့်ပေးတာတစ်ရက် သူကတော့ ခွင့်တစ်ပတ်တိတိယူလိုက်ရသည်။

ဒီနေ့ စိုင်းမာန်သစ် အလုပ်ပြန်ဆင်းမှာဖြစ်သည်။ နည်းနည်းအချိန်ကြာသွားလို့ရယ်လားတော့ မသိ။ အဲဒီနေ့ကလောက် သိပ်နေရမခက်တော့သည်ကိုတွေ့ရသည်။ ကားပါကင်မှာ ကားကိုထိုးလိုက်ပြီး ဘုန်းပြည့်အာဏာမရောက်ခင် သူ့ထိုင်ခုံာထိုင်နိုင်ဖို့ ကြိုးစားရဦးမည်။

သို့သော် သူ့ဆုတောင်းသည်မပြည့်လိုက်။ ရုံးခန်းထဲမ၀င်ခင်မှာပင် အိပ်ခန်းထဲကထွက်လာသော ဘုန်းပြည့်အာဏာနှင့်တည့်တည့်တိုးသည်။ မေ့ထားတဲ့ အကြောင်းအရာတွေက သူ့ကိုတွေ့တော့ အကုန်အသစ်လိုပြန်ဖြစ်လာသည်။ ဘုန်းပြည့်အာဏာမျက်နှာကို မကြည့်ဘဲ ရုံးခန်းထဲကို တန်း၀င်သွားလိုက်ပြီး သူ့ထိုင်ခုံပေါ်ကို သေချာစွာထိုင်ချလိုက်သည်။ ဘုန်းပြည့်အာဏာကလည်း ထမင်းစားခန်းထဲကို တန်း၀င်သွားတာကိုမြင်မှ စိုင်းမာန်သစ် သက်ပြင်းချမိသည်။

သူထင်သလောက် ဘုန်းပြည့်အာဏာကို တစ်ဖန်ပြန်လည်တွေ့ရှိခြင်း အပိုင်းသစ်က သိပ်ပြီးတော့လည်း မခက်ခဲကြောင်းသိလိုက်ရသည်။ ဒီလိုလေး မျက်နှာလွှဲနိုင်ဖို့အတွက် ဘယ်လောက်တောင်စိတ်ကို ပြင်ဆင်ခဲ့ရလဲ။ သူ့မှာ ဘုန်းပြည့်အာဏာကို ပြောဖို့စကားတောင် စီခဲ့သေးတာဖြစ်သည်။ သို့သော် အမှန်တွေ့ဆုံခြင်းကတော့ တိတ်တိတ်ဆိတ်ဆိတ်ပင်

“ဘုန်းပြည့် ငါရောက်ပြီ”

ကြားလိုက်ရတဲ့ အသံကြောင့် စိုင်းမာန်သစ် တံခါးအ၀ကို လှမ်းကြည့်တော့ တစ်ခါမှမမြင်ဘူးသည့်သူဖြစ်သည်။ ဘုန်းပြည့်အာဏာနှင့် အနည်းငယ်ဆင်သလိုရှိသော်လည်း လုံး၀မတူ။ ဘုန်းပြည့်အာဏာကဲ့သို့ ဆံပင်တို့ကို လှန်သိမ်းထားတာမျိုးမဟုတ်ဘဲ ကပိုကရိုချထားတာမျိုး။ တီရှပ်နဲ့ ဘောင်းဘီအပွက ဘုန်းပြည့်အာဏာလို သပ်ရပ်မနေ။ ကိုယ့်ဘက်ကိုယ်ယက်တယ်ဟု ပြောချင်ပြောနိုင်သည်။ ထိုလူသည် ဘုန်းပြည့်အာဏာနဲ့ တူသော်လည်း ဘုန်းပြည့်အာဏာက အပုံကြီးသာသည်။

“ဟို ဥက္ကဌက မနက်စာစားနေတုန်းမို့ပါဗျ ခဏထိုင်စောင့်ပေးပါဦး”

“မင်းက ရမ်ခမဟုတ်ပါဘူး။ ရမ်ခက မင်းထက်လူကောင်ထွားတယ်။ ဒီသေးသေးလေးနာမည်ကို ကိုယ်သိခွင့်ရှိမလား”

“အာ ကျွန်တော်က အတွင်းရေးမှူးအသစ်ပါဗျ စိုင်းမာန်သစ်လို့ ခေါ်ပါတယ်”

ထိုလူက ပြုံးစစနဲ့ ကြည့်နေရာမှ စိုင်းမာန်သစ်ရဲ့ အပြောကြောင့် မျက်မှောင်ကို အနည်းငယ်ကျုတ်ကာ စဥ်းစားဟန်ပြုသည်။

“မင်းနာမည်ကို ကိုယ်ကြားဖူးသလို ရှိနေတယ် ရင်းရင်းနှီးနှီးကိုပဲ”

“အာ ဟုတ်လားဗျ”

“အင်း မင်းကချစ်စရာလေးပဲ”

“ဗျာ”

“ရောက်လာရင်လည်း အိမ်မှာပဲနေတာမဟုတ်ဘူး။ ဘာလို့ ဒီကိုလိုက်လာတာလဲ?”

စိုင်းမာန်သစ်ထိုလူ့စကားကြောင့် ကြောင်အနေမိစဥ် ဘုန်းပြည့်အာဏာက ရုံးခန်းထဲ၀င်လာတာကြောင့် စာရွက်ဖြူဖြူတွေဆီကို အာရုံပြန်စိုက်လိုက်မိသည်။

“မင်းကလည်း မတွေ့ရတာကြာပြီကို”

ဘုန်းပြည့်အာဏာက မျက်မှောင်ကြုတ်လိုက်ပြီး ထိုလူ့ကိုကြည့်သည်။ ထို့နောက် ဆိုဖာကို မျက်စောင်းထိုးပြကာ ထိုင်ခိုင်းသည်။

“မင်းကလည်း ကော်ဖီလေးတစ်ခွက်နဲ့တောင် ဧည့်မခံတော့ဘူးလား?”

ထိုလူရဲ့စကားဆုံးဆုံးချင်း ဘုန်းပြည့်အာဏာကထသွားကာ ထမင်းစားခန်းရှိရာကိုသွားသည်။ ဘုန်းပြည့်အာဏာရဲ့အငွေ့အသက်ကပင် သူ့ကိုအနေခက်စေသည်မို့ ရုံးခန်းထဲတွင် သူမရှိတော့သည့်တစ်ခဏမှာပင် စိုင်းမာန်သစ် အတော်လေးအနေချောင်သွားသည်။

ဘုန်းပြည့်အာဏာထွက်သွားတော့ ထိုလူက စိုင်းမာန်သစ်ရှိရာ စားပွဲသို့ ဆိုဖာနောက်ခုံကို မေးတင်လှည့်လိုက်ပြီး စိုင်းမာန်သစ်ကိုကြည့်သည်။ စိုင်းမာန်သစ် မနေတတ်စွာသူ့ကို ပြန်မော့ကြည့်တော့ ပြုံးပြီးပင်ကြည့်နေသေးသည်။

“ဘာ ဘာ လိုလို့လဲဗျ”

“မင်းမျက်လုံးတွေကသိပ်လှတယ် နှုတ်ခမ်းတွေရော”

“ဗျာ”

“Sie sind sehr schön!(မင်းကအရမ်းလှတယ် in German)”

“Danke schön(ကျေးဇူးတင်ပါတယ်)”

စိုင်းမာန်သစ်က ဂျာမန်စကားကိုအနည်းငယ်သင်ထားမိတာကြောင့် သူပြောလိုက်တာကို နားလည်လိုက်သည်။ လေလွင့်နေခဲ့တဲ့ နှစ်တွေထဲမှာ သူဒီလောက်တော့ အကျိုးရှိတာတွေလုပ်ခဲ့ပါသေးသည်။ ယောကျ်ားလေးတစ်ယောက်ကို ချောတယ်လို့မပြောဘဲ လှတယ်လို့သုံးလိုက်တာက နည်းနည်းတော့ စိုင်းမာန်သစ်အတွက် ကသိကအောက်နိုင်သွားပေမဲ့ ၀တ္တရားအရမို့ ခေါင်းသာငြိမ့်လိုက်သည်။

ထိုလူက စိုင်းမာန်သစ်ကို ပြုံးပြလိုက်တော့ သွားတက်ကလှစ်ကနဲ့ပေါ်လာသည်။ မဆီမဆိုင် ဘုန်းပြည့်အာဏာပြုံးရင်ရော ဘယ်လိုနေလိမ့်မလဲလို့ စိုင်းမာန်သစ်တွေးလိုက်မိပြန်သည်။

“ကိုယ့်နာမည် သျှင်ရဲအာဏာ မင်းဥက္ကဌရဲ့ ၀မ်းကွဲညီ”

“ဟုတ်ကဲ့ဗျ”

“ဒီမှာ သျှင်ရဲ ကော်ဖီ သောက်ပြီးရင် ပြန်”

ရုံးခန်းထဲကို တစ်ဖန်ပြန်၀င်လာတဲ့ ဘုန်းပြည့်အာဏာက ခွက်ကို တမင်ဆောင့်ချလိုက်ကာ လေသံမာမာနှင့်ပြောပြီး မျက်နှာချင်းဆိုင်ဆိုဖာတွင် ၀င်ထိုင်သည်။ ခွက်ကိုဆောင့်ချသံနှင့် အသံမာမာကြောင့် စိုင်းမာန်သစ်ပင် ကျဥ်ကနဲ့ တုန်တက်သွားရသေးသည်။

“အတွင်းရေးမှူးက ယဥ်ကျေးပြီးချစ်ဖို့ကောင်းသလောက် ဥက္ကဌက အပေါက်ဆိုးလိုက်တာ ခုမှရောက်တဲ့သူကို အတင်းနှင်လွှတ်နေတယ်”

သျှင်ရဲအာဏာက ပြုံးစစနှင့် ကော်ဖီခွက်ကို ယူသောက်ရင်း ဘုန်းပြည့်အာဏာကို မျက်လုံးလှန်ကြည့်ကာပြောသည်။ ဒီလိုမျက်နှာချင်းဆိုင်ထိုင်နေတော့မှ သျှင်ရဲအာဏာက ဘုန်းပြည့်အာဏာနဲ့ နည်းနည်းလေးသာ ဆင်တယ်ဆိုတာကိုသိလိုက်ရသည်။

တစ်ယောက်စီခွဲမြင်ရင်တော့ တော်တော်တူတယ်ထင်ရပေမဲ့ အခုလို နှစ်ယောက်တူတူယှဥ်မြင်ရရင်တော့ သိပ်မတူကြောင်းကိုတွေ့ရသည်။ ဘုန်းပြည့်အာဏာထက်လည်း သျှင်ရဲအာဏာက လူကောင်နည်းနည်းသေးသေးသည်။ အသံကဆို မူရင်းအသံကတူကောင်းတူနိုင်ပေမယ့် သျှင်ရဲအာဏာရဲ့အသံက ဘုန်းပြည့်အာဏာလို အန္တတိကတိုက်မှာ နှစ်ရှစ်ရာလောက် အအေးခံထားတဲ့ အသံမျိုးမဟုတ်ဘဲ ခပ်ရွှင်ရွှင်အသံဖြစ်သည်။

စိုင်းမာန်သစ် သူတို့နှစ်ယောက်ကို ခွဲခြမ်းစိတ်ဖျာနေတုန်း သူနဲ့မျက်နှာချင်းဆိုင်အနေအထားမှာရှိတဲ့ ဘုန်းပြည့်အာဏာရဲ့ မျက်လုံးက သူ့ထံဖျတ်ကနဲ့ ရောက်လာတာကြောင့် အကြည့်ကို အလျင်အမြန်လွှဲလိုက်ကာ လပ်တော့နဲ့ စာရွက်ဖြူတွေဆီ အာရုံပြန်စိုက်လိုက်သည်။

“ဘယ်တော့ပြန်မှာလဲ?”

“ဟိုကိုလား?”

သူ့အမေးကို ဘုန်းပြည့်အာဏာက ခေါင်းငြိမ့်ပြကာဖြေသည်။ တကယ် အင်းလေးတစ်လုံးပြောဖို့ကို တအားနှမြောနေသလား။ ကုမ္ပဏီကြီးပိုင်တော့ဘာလုပ်မှာလဲ။ ငယ်ငယ်ရွယ်ရွယ်နဲ့ တအားတော်နေတော့ရောဘာလုပ်မှာလဲ။ စကားတစ်လုံးပြောဖို့တောင် ဒီလောက် နှမြောနေတာ။

“အိမ့်ငယ် မင်္ဂလာဆောင်လာတာလေ အိမ့်ငယ် မင်္ဂလာဆောင် ပြီးမှပြန်ဖြစ်မယ်ထင်တယ် ငါဒီမှာနည်းနည်းတော့ နေချင်သေးတယ်”

အိမ့်မင်္ဂလာဆောင်ဆိုသော စကားကြောင့် စိုင်းမာန်သစ်ကိုယ်ကလေး အနည်းငယ်တွန့်သွားရသည်။

သျှင်ရဲအာဏာက အိမ့်မှူးသော်ကို အိမ့်ငယ်လို့သာခေါ်သည်။ အရင်က ငယ်လေးဟု ခေါ်လိုက်မိတာကြောင့် ဘုန်းပြည့်အာဏာဆီက လက်သီးစာအကြွေးခံခဲ့ရဖူးသည်။ အဲ့ဒီကောင် ဘုန်းပြည့်အာဏာကလေ အကြီးဆိုပြီး သူ့ကိုအနိုင်ကျင့်တာမှ တအား။

အခုလည်း သူ့ရှေ့မှာ ရုပ်တည်ကြီးနဲ့ ကျောက်ရုပ်ကြီးလိုထိုင်နေပြန်သည်။ သျှင်ရဲအာဏာ သူတစ်ယောက်တည်းစကားတွေပြောနေရသလို ခံစားရသည်။

“အခုတော့ ငါနေလို့ရပြီမို့လား အိမ့်ငယ်က လက်ထပ်တော့မယ်ဆိုတော့ ပြဿနာမရှိလောက်တော့ပါဘူး”

ထိုစကားကြောင့် ဘုန်းပြည့်အာဏာမျက်ခုံးနှစ်ဖက်ကပင့်သွားရသည်။ ထို့အတူ စိုင်းမာန်သစ်ကလည်း စိတ်၀င်စားစွာ နားစွင့်လိုက်မိသည်။ သျှင်ရဲအာဏာဒီမှာနေတာနဲ့ အိမ့်မှူးသော်မင်္ဂလာဆောင်နဲ့ ဘာဆိုင်လဲဆိုသည့် မေးခွန်းကို သူအတော်လေးစိတ်၀င်စားလာမိသည်။

“မှတ်မိသေးတယ် အိမ့်ငယ်ကို ငါချစ်တယ်ပြောမိလို့ မင်းသေမလိုထိုးတာခံရပြီး နောက်နေ့ကျောင်းတောင်မတတ်ရတော့ဘဲ ဟိုကို ချက်ချင်း​​ ပြန်​ပြောင်း သွားရတာ အဲ့တုန်းက မင်းကို တော်တော်မုန်းမိခဲ့တာ”

စိုင်းမာန်သစ် ခြောက်ခြားသွားရပြန်သည်။ အိမ့်မှူးသော်ကို ဘုန်းပြည့်အာဏာက ဒီလောက်တောင်ချစ်တာဆိုရင် အိမ့်မှူးသော်ကို စောမင်းသိုက်လက်ထဲထည့်ပေးလိုက်မိသလိုဖြစ်သွားတဲ့ စိုင်းမာန်သစ်ကို ရုံးဆင်းရင် အခန်းပိတ်ပြီးများ သတ်တော့မလား။

“အဟက် မုန်းမိခဲ့တာဆိုတော့ မင်းက အခုမမုန်းတော့တဲ့ပုံနဲ့”

“အင်း နည်းနည်းလေးတော့ ပြေသွားပြီ မင်းလည်း အိမ့်ငယ်ကို မရခဲ့ဘူးလေ”

“မင်း သျှင်ရဲအာဏာ”

“ဟား စတာပါကွာ သိပ်အဖြစ်သည်းမနေပါနဲ့”

သျှင်ရဲအာဏာက ကုန်သွားပြီဖြစ်တဲ့ ကော်ဖီခွက်ကို စားပွဲပေါ်အသာပြန်ချလိုက်ရင်း မတ်တပ်ထရပ်လိုက်သည်။ ထို့နောက်စိုင်းမာန်သစ်ရှိရာစားပွဲကို ခြေလှမ်းလှမ်းလာနေသည်။ စိုင်းမာန်သစ်ကလည်း အထူးအဆန်းမော့ကြည့်နေခဲ့ပါသည်။ သူစိတ်ထင်နေလို့ရယ်လားမသိ သျှင်ရဲအာဏာစိုင်းမာန်သစ်စားပွဲရှေ့ရောက်လာချိန်တွင် ဘုန်းပြည့်အာဏာရဲ့ ကိုယ်က အနည်းငယ်လှုပ်သွားသည်ကို မြင်လိုက်ရသလို။

“စိတ်မရှိရင် ကိုယ့်ကို ဖုန်းနံပါတ်လေးတစ်ချက်လောက်”

“ဗျာ”

“ဖုန်းနံပါတ်တောင်းနေတာပါ မင်းအနှောက်အယှက်ဖြစ်သွားဖို့တော့မရည်ရွယ်ပါဘူး”

ညင်သာတဲ့ အသံအနေအထားနဲ့ တောင်းပန်ခယတဲ့စကားအသွားအလာက စိုင်းမာန်သစ်ကို ငြင်းလို့မရအောင် ချုပ်ပစ်လိုက်သလိုပင်။

“ကျွန်တော့်ဖုန်းနံပါတ်က”

“ငါ့အတွင်းရေးမှူးကို ရှုပ်မနေဘဲပြန်တော့”

စိုင်းမာန်သစ်က ဖုန်းကလေးကိုကိုင်ကာ ဖုန်းနံပါတ်ပြောမလို့ပင်ရှိသေး ဘုန်းပြည့်အာဏာရဲ့ အမိန့်သဖွယ်အသံကလည်း တပြိုင်နက်ထွက်ပေါ်လာတာကြောင့် လန့်သွားရပြန်သည်။ သျှင်ရဲအာဏာက စိုင်းမာန်သစ်လက်ထဲရှိ ဖုန်းကို ဆတ်ကနဲ့ဆွဲယူလိုက်ပြီး သူ့ဖုန်းနံပါတ်ကို အလျင်အမြန်နှိပ်ကာ missed call ပေးလိုက်သည်။

ထို့နောက်မှ ဖုန်းကို စိုင်းမာန်သစ်ထံပြန်ပေးပြီး သွားတက်ပေါ်လာတဲ့အထိ ပြုံးပြသည်။

“Tut mir leid(ဆောရီး) ယဥ်ကျေးမှု့မရှိသလိုဖြစ်သွားပေမဲ့ ဒီလိုမှမလုပ်ရင် မင်းဥက္ကဌက ကိုယ့်ကို ဆွဲထုတ်လိုက်တာနဲ့ မင်းကိုဆက်သွယ်ဖို့လမ်းစပျောက်ရလိမ့်မယ်”

ပြုံးစစနှင့်ပြောတော့လည်း စိုင်းမာန်သစ်မှာအကြောင်ကြောင်အအအ။ ဘုန်းပြည့်အာဏာရှိနေလို့ စိတ်နဲ့လူနဲ့မကပ်ပါဘူးဆိုမှ နောက်တစ်ယောက်ကပါ  သူ့ကိုဘာတွေလာပြောပြီး ဘာတွေလာစားနေတာလဲ။ ညီအစ်ကိုနှစ်ယောက်က စိုင်းမာန်သစ်ကို တစ်ယောက်တစ်မျိုးစီ စိတ်ဒုက္ခပေးဖို့ကြံစည်နေတာဖြစ်မည်။

“သွားပါ့မယ် သွားပါ့မယ် မင်းကလည်း အခုသွားပါပြီ တကယ်ပဲ”

သျှင်ရဲအာဏာထွက်သွားတော့ စိုင်းမာန်သစ်မှာ လပ်တော့က ကီးဘုတ်ကြီးကိုပဲ အကျိုးအကြောင်းမရှိ အားပါပါစာတွေဖိရိုက်နေမိသည်။ သျှင်ရဲအာဏာကိုပင် ပြန်၀င်လာလိုက်စေချင်သည်။ အနေခက်တာကြောင့် မျက်တောင်ပင်မခတ်ရဲ။

“ကီးဘုတ်ကို ဘာအညှိုးတွေရှိလို့ အဲ့လောက် နှိပ်နေတာလဲ စာတွေကမှန်ရောမှန်ရဲ့လား?”

ထိုင်လျက်ကနေ သူ့ကိုမေးနေတဲ့ ဘုန်းပြည့်အာဏာကြောင့် စိုင်းမာန်သစ်သူရိုက်ထားတဲ့စာကို ပြန်ကြည့်မိတော့။ တကယ်တလွဲတချော်တွေချည်း။ ကလေးပေါက်စလျှောက်နှိပ်ထားတဲ့အတိုင်းပင်ဖြစ်သည်။

“ဟို”

ဖြေရှင်းမည်လုပ်တုန်း ဆိုဖာပေါ်ကနေထသွားတဲ့ ဘုန်းပြည့်အာဏာကြောင့် စိုင်းမာန်သစ်မှာ အသက်ရှူချောင်သွားရသည်။

(OliviaThet-Eleanor’s Note: ရုတ်တရတ်ကြီး Viewer တွေတက်လာတော့ ရင်တွေတောင်ခုန်တယ်^~^ ဟီး တကယ် မနူးမနပ်လေးကို လာဖတ်ပေးတာနဲ့တင် ကျေးဇူးအများကြီးတင်ရပါတယ်ဗျ❤)

@OliviaThet-Eleanor

_____________________________________

Tags: read novel Lollipop Chapter 19 – Unicode, novel Lollipop Chapter 19 – Unicode, read Lollipop Chapter 19 – Unicode online, Lollipop Chapter 19 – Unicode chapter, Lollipop Chapter 19 – Unicode high quality, Lollipop Chapter 19 – Unicode light novel, ,

Comment

Leave a Reply

Chapter 19