Lollipop Chapter 21 – Unicode

All chapters are in Lollipop
A+ A-

စိုင်းမာန်သစ်တစ်ယောက် ဘုန်းပြည့်အာဏာကို အစစအရာရာလုပ်ပေးပြီး ထိုလူမမာပြန်အိပ်ပျော်သွားသည့်အချိန်မှာတော့ ညနေလေးနာရီပင်ထိုးနေပြီဖြစ်သည်။ အခုမှ သူနေ့လည်စာပင်မစားရသေးသည်ကို သတိရလိုက်သည်။

စိုင်းမာန်သစ် ဘုန်းပြည့်အာဏာစားလို့ကျန်တဲ့ ဆန်ပြုတ်ကို အနည်းငယ်နွှေးလိုက်ပြီး သူစားဖို့ပြင်လိုက်သည်။ အဓိကက ဗိုက်ဆာနေတာကို ဖြေရှင်းဖို့ပဲမို့ ဘာဘာညာညာတွေးမနေနိုင်တော့။ ကြီးကြီးလက်ရာက ဆန်ပြုတ်ကပင် စားကောင်းတာမို့ စိုင်းမာန်သစ် ဘုန်းပြည့်အာဏာအခန်းထဲမှာပဲ ဘုန်းပြည့်အာဏာကျန်တဲ့ ပန်းကန်ထဲကိုပဲ ပြန်ထည့်စားနေလိုက်သည်။ 

“မင်းက ဘာလို့ဆန်ပြုတ်တွေစားနေတာလဲ?”

ရုတ်တရတ်ကြားလိုက်ရတဲ့ အသံကြောင့် စိုင်းမာန်သစ် ဆန်ပြုတ်ပင်သီးမလိုဖြစ်သွားရသည်။ ဘုန်းပြည့်အာဏာက အလန့်တကြားလုပ်ရတာ တအားသဘောကျတာဖြစ်မည်။ လှည့်ကြည့်လိုက်တော့ ခုတင်ပေါ်မှာ ဘုန်းပြည့်အာဏာက ငုတ်တုတ်ထထိုင်နေပြန်သည်။

“ကျွန်တော်နေ့လည်စာမစားရသေးလို့”

“ခုချိန်ထိလေ”

နေမကောင်းလေး နည်းနည်းလောက်သက်သာကာ ရှိသေး။ ဘုန်းပြည့်အာဏာက ခုဏကလို လေသံပျော့ပျော့မဟုတ်တော့။ သူ့ထုံးစံအတိုင်းအနည်းငယ်မာလာသည်။

“ဟုတ် ဟုတ်”

စိုင်းမာန်သစ် ဟုတ်သာဖြေပြီး ဆန်ပြုတ်ကို ပြန်ငုံ့သောက်နေလိုက်သည်။ ထိုင်နေတုန်းက အကောင်း ထသွားမှ အကျိုးမှန်းသိဆိုသလို ဒီတိုင်းနေတုန်းက ဗိုက်မဆာပေမယ့် စားလိုက်မိတော့ ရပ်တောင်မရပ်ချင်တော့။ သူ့ကိုယ်သူ အတော် ဗိုက်ဆာနေမှန်း အခုမှသိသည်။

“ဒီချိန်ထိ မစားဘဲဘာလုပ်နေတာလဲ?”

“ဘာ”

စိုင်းမာန်သစ်က ဒေါသတကြီး ဇွန်းကို စားပွဲပေါ်ချကာ အော်လိုက်တာကြောင့် ဘုန်းပြည့်အာဏာပင် တွန့်သွားရသည်။

“ခင်ဗျားကြောင့်လေ ခင်ဗျားကြောင့် ဖျားနေတာကို အရက်တွေပါသောက်ပြီး သေမလိုဖြစ်နေတဲ့လူကြောင့် ခုထိဘာမှမစားရသေးတာလေ အဲဒါကို မစားဘဲဘာလုပ်နေတာလဲဆိုတော့ ဥက္ကဌအမေကြီးတော်လား?”

နေဦး။ အခု ဘုန်းပြည့်အာဏာက စိုင်းမာန်သစ်ဆဲတာကို ခံလိုက်ရတာလား။ တကယ်အံ့သြစရာပါပဲ။ ဘုန်းပြည့်အာဏာအဖေတောင် ဘုန်းပြည့်အာဏာကို ဆဲဖူးတာမဟုတ်။ ဒါကို စိုင်းမာန်သစ်က ဘာမှမဖြစ်သလိုနှင့် ကျန်ဆဲလိုက်တာဖြစ်သည်။

“မင်း အခု ငါ့ကို ဆဲလိုက်တာလား?”

“နေကောင်းလို့ ဗိုက်၀နေပြီဆိုလည်း အေးအေးဆေးဆေး ပြန်အိပ်ပါတော့လား ဥက္ကဌရယ်၊ အစာစားနေတဲ့အချိန် ခွေးတောင်မနှောက်ယှက်ရဘူးတဲ့၊ ဒီမှာ ဗိုက်ဆာနေတာ အစာအိမ်မီးတောက်မတတ်ဘဲ မအိပ်ချင်ရင်လည်း စားပြီးတဲ့အထိ တိတ်တိတ်နေပေး”

 ဘုန်းပြည့်အာဏာ သူ့ဘ၀မှာ ဒီလို ပူညံပူညံလုပ်တာ တစ်ခါမှ မခံခဲ့ရဖူးပေ။ အိမ်မှာရော၊ အလုပ်မှာရော တအားကြိုးစားပြီး ဦးနှောက်ကလည်း တအားကောင်းနေတာမို့ သူ့ကို ဘယ်သူမှ ဒီလိုမပြောရဲကြ။ အခုတော့ သူခန့်ထားသည့် အတွင်းရေးမှူးပါးစပ်ထဲတွင် လှိမ့်မပိတ်အပြောခံရချေပြီ။ သူ့ကို အေးအေးဆေးဆေးပြန်အိပ်ခိုင်းနေတဲ့ စိုင်းမာန်သစ်ကြောင့် ဘုန်းပြည့်အာဏာမှာ ပါးစပ်အဟောင်းသား။

တိတ်ဆိတ်သွားတဲ့ ဘုန်းပြည့်အာဏာကြောင့် စိုင်းမာန်သစ် လှည့်ကြည့်မိတော့ ထိုသူက တစ်ဖက်ကို မျက်နှာလှည့်ကာတိတ်ဆိတ်နေသည်။ စိုင်းမာန်သစ်က သူကြိုက်နေတဲ့သူကို ကရားရေလွှတ်ပူညံပူညံလုပ်နေမိတော့တာဖြစ်သည်။

နောင်တဆိုတာ နောင်မှရတာအမှန်ပင်ဖြစ်သည်။ စိုင်းမာန်သစ် ဆန်ပြုတ်တွေကို ထိုးသွတ်ရင်းတွေးလိုက်မိ၏။ ဘုန်းပြည့်အာဏာကို မျက်နှာချင်းဆိုင်ဖို့ စာတွေတောင်စီနေခဲ့တဲ့သူက အခုတော့ ဘုန်းပြည့်အာဏာအခန်းထဲမှာ သူကျန်တဲ့ ဆန်ပြုတ်ပန်းကန်ကို ကုန်းသောက်နေပြီး ဘုန်းပြည့်အာဏာကိုလည်း ပူညံပူညံလုပ်နေမိပါသတဲ့။

စားလို့ပြီးတော့ ပန်းကန်တွေကို ထမင်းစားခန်းထဲသွားထားလိုက်သည်။ သန့်ရှင်းရေးက ညနေတိုင်းလာပြီး အကုန်ဆေးကြောသန့်ရှင်းပေးသွားတာကို သိတာမို့ ဘာမှဆေးဖို့မလို။ 

“ဥက္ကဌ ဘာစားချင်လဲဗျ ကျွန်တော်တော့မချက်တတ်ဘူး မှာလိုက်မယ်လေ”

ရုတ်တရတ် ယဥ်ကျေးသွားပြန်သော စိုင်းမာန်သစ်ကြောင့်  ဘုန်းပြည့်အာဏာ အလိုမကျစွာမျက်မှောင်ကြုတ်လိုက်မိပြန်သည်။ ဘုန်းပြည့်အာဏာ စိုင်းမာန်သစ်ဆိုတဲ့ ကောင်လေးကို တကယ် ဘာသတ္တ၀ါလေးမှန်းကိုမသိတော့တာဖြစ်သည်။ ခုတစ်မျိုး တော်ကြာတစ်မျိုး။

“ဘာမှစားချင်စိတ်မရှိဘူး”

“ဘာမှမစားချင်လို့ရမလားဗျ ဆေးသောက်ရမယ်လေ ဆေး ဆေး ဘာမှမစားဘဲဆေးသောက်ရင် ခင်ဗျား တစ်ခါတည်းလျှောသွားမှာပေါ့ ပြော တစ်ခုခုတော့ ဥက္ကဌမပြောရင် ကျွန်တော်စားချင်တာ၀ယ်လိုက်မယ်”

ဘုန်းပြည့်အာဏာ ပါးစပ်အဟောင်းသားဖြစ်သွားရပြန်ပါသည်။ ယဥ်ကျေးနေသည့် စိုင်းမာန်သစ်သည် သူ့ရှေ့တွင် နှစ်မိနစ်ပင် မခံလိုက်။ စိုင်းမာန်သစ်လည်း ထိန်းမပြောတာမဟုတ်၊ စိတ်ထိန်းပါသေးသည်။ သို့သော် ဘုန်းပြည့်အာဏာက ဖျားနေတာသိရက်နဲ့ အရက်သောက်ရတာနဲ့။ ဆေးမသောက်ချင်ရတာနဲ့။ အစာမစားချင်ရတာနဲ့ ဂျီးကိုများလွန်းသည်။ 

အဆိုးဆုံးက အိပ်ယာပေါ်ကနေ လူမမာရုပ်လုပ်ပြနေတာပင်။ သူက ဘာခံစားချက်မှမရှိတဲ့သူမို့ထား။ စိုင်းမာန်သစ်ကတော့ သူ့အပေါ်ခံစားချက်တွေအပြည့်နဲ့မို့ လူမမာရုပ်ကို မကြည့်ရက်။ ဒီလောက် ကြံ့ခိုင်တဲ့သူက ပျော့တိပျော့ဖတ်နဲ့ နွမ်းလျနေတော့ သူ့စိတ်ထဲဘယ်လိုဖြစ်မလဲတွေးကြည့်စေချင်သည်။ တကယ် ကိုယ်ချင်းလည်းမစာတတ်သည့် ဘုန်းပြည့်အာဏာကြောင့် စိုင်းမာန်သစ် ၀မ်းနည်းလာရသည်။

စိုင်းမာန်သစ်တွေးရင်းနဲ့ မျက်ရည်တွေပင် ၀ဲလာတာကြောင့် တစ်ဖက်ကို လှည့်ကာ လက်နဲ့ ပွတ်ကာ သုတ်လိုက်သည်။ ဒါကို ဘုန်းပြည့်အာဏာက မြင်တော့ အံ့သြတကြီး။

“ငါအစာမစားတာ အဲဒီလောက်၀မ်းနည်းဖို့မကောင်းပါဘူး ငိုနေတာလား?”

“ငိုနေတာ မဟုတ်ဘူး သူ့ဘာသာ မျက်ရည်ကကျလာတာ ဟင့် ခင်ဗျားဘာသာစားချင်စားမစားချင်နေ ကျွန်တော်နဲ့မဆိုင်ဘူး”

ပြောကာ ငိုရင်းပြေးထွက်သွားသူကြောင့် ဘုန်းပြည့်အာဏာမှာ နေမထိထိုင်မသာကဖြစ်ရသေးသည်။ တုန်ရီနေတဲ့ ခြေထောက်ကို အားယူရင်း နောက်ကလိုက်ဖို့ပြင်တော့ ထိုကောင်လေးက ၀ေး၀ေးမှာမဟုတ်။ သူ့တံခါး၀မှာ ငုတ်တုတ်ကလေး မျက်ရည်တွေသုတ်နေတာဖြစ်သည်။

“ဟို ငါဆေးလည်း သောက်ပါ့မယ် အစာလည်းစားပါ့မယ် ငိုတော့မငိုနဲ့”

ဘေးနားကို ဆောင့်ကြောင့်ထိုင်ကာပြောတော့ စိုင်းမာန်သစ်က ရှိုက်ကြီးတငင်ငိုနေတာမျိုးမဟုတ်ဘဲ တစိမ့်စိမ့်ကျနေတဲ့ မျက်ရည်တွေနဲ့သူ့ကို မော့ကြည့်သည်။ မျက်ရည်တွေကို သုတ်လိုက်ပြီး တဆတ်ဆတ်တုန်နေတဲ့ နှုတ်ခမ်းကနေပြောလိုက်သည်က တည်ငြိမ်စွာ။

“ကျွန်တော်လည်း ဘာလို့ငိုမိမှန်းမသိဘူး ကျွန်တော်က ဒီတိုင်း ခင်ဗျားကို အဲ့လိုပုံစံနဲ့မြင်ရတာမကြိုက်လို့၊ ကျွန်တော်က ခင်ဗျားပြုံးနေတာကိုပဲ မြင်ဖူးချင်တာ အဲဒီလိုနေမကောင်းဖြစ်နေတာမျိုး မမြင်ချင်ဘူး”

ဘုန်းပြည့်အာဏာသည် စိုင်းမာန်သစ်ပြောသမျှစကားလုံးတိုင်းမှာ ထိတ်ကနဲ့ ထိတ်ကနဲ့ဖြစ်ရလေသည်။

“ကိုယ့်ကို တကယ်အဲ့ဒီလောက်တောင်လား?”

“နှစ်နှစ်ဗျ နှစ်နှစ် နှစ်နှစ်လုံး ခင်ဗျားကိုပဲလိုက်ရှာပြီး ခင်ဗျားကိုပဲတမ်းတမ်းစွဲဖြစ်ခဲ့တာ”

ဘုန်းပြည့်အာဏာ မျက်ခုံးတို့က တွန့်ချိုးသွားရပြန်သည်။ ဘုန်းပြည့်အာဏာသည် စိုင်းမာန်သစ်ကို လျစ်လျူရှူ့ခဲ့သော်လည်း စိုင်းမာန်သစ်ကတော့ အမြဲသူ့ကိုပဲ ငေးကြည့်နေခဲ့ပုံရသည်။ သူချစ်ရတဲ့ ညီမငယ်ရဲ့ ကောင်လေးဟုသာ သတ်မှတ်ခဲ့တာကြောင့် သူမမြင်နိုင်ခဲ့တဲ့အရာတွေလည်း ရှိကြောင်း ဘုန်းပြည့်အာဏာ တွေးလိုက်မိသည်။

ရုတ်ချည်း သူ့ရှေ့က မျက်ရည်တွေနဲ့ စိုင်းမာန်သစ်ရဲ့ မျက်နှာဟာ အမူအရာတစ်မျိုးကိုပြောင်းသွားသည်။

“ဟာ ဥက္ကဌ ကတိတည်လေဗျ အဲ့အကြောင်းကို မေ့ပစ်ဖို့ပြောထားတယ်လေ”

“အဟက်”

ဘုန်းပြည့်အာဏာက ဖွဖွရယ်တော့ စိုင်းမာန်သစ်က အံ့သြစွာ ငေးကြည့်သည်။ ဒီလို ဖွဖွကလေးရယ်တာတောင် သိပ်ချောမောလွန်းသည့် ဘုန်းပြည့်အာဏာသည် နှစ်နှစ်ခြိုက်ခြိုက်သာ ရယ်လိုက်လျှင် ဘယ်အတိုင်းအတာအထိများ ချောလိမ့်ဦးမလဲ။

“အခု ရယ်လိုက်တာလား?”

“ဟင်”

“ဟုတ်တယ် ဥက္ကဌက ရယ်လိုက်တယ် ၀ါး ဥက္ကဌက ရယ်တယ် ကျွန်တော် ၀မ်းသာလွန်းလို့ မျက်ရည်တောင်ပြန်ကျချင်လာပြီ”

တကယ်အံ့သြတကြီးပြောနေတဲ့ စိုင်းမာန်သစ်ကြောင့် ဘုန်းပြည့်အာဏာ အောက်ကိုငုံ့ကာပြုံးလိုက်မိသည်။ ။

“အခု အခု ပြုံးနေတာမို့လား ဥက္ကဌ အခုပြုံးနေတာ”

လက်ဖွေးဖွေးတစ်စုံက ပါးပြင်ကို မော့စေတော့ ဘုန်းပြည့်အာဏာက အံ့သြစွာ။ မျက်နှာနှစ်ခုကလည်း နီးကပ်နေတာကြောင့် နှစ်ယောက်လုံးတိတ်ဆိတ်သွားမိသည်။ 

ဘုန်းပြည့်အာဏာအသိစိတ်တွေပျောက်သွားသကဲ့သို့ပင်။ သူ့နဲ့နီးကပ်နေတဲ့ မျက်နှာသေးသေးဆီကအကြည့်ကိုမခွာနိုင်ဖြစ်ရသည်။ မျက်လုံး၀ိုင်း၀ိုင်းတွေ။ နှုတ်ခမ်းလှလှတစ်စုံ။ ပြီးတော့ နှာခေါင်းလုံးလုံး။ ငိုထားတာကြောင့် အနည်းငယ်နီရဲနေတဲ့ နှာတံထိပ်။ မျက်ရည်တွေနဲ့ စိုစွတ်နေတဲ့ မျက်တောင်ရှည်တွေ။ စိုင်းမာန်သစ်က သိပ်လှလွန်းနေသည်။

ပါးဖောင်းဖောင်းတစ်ဖက်ပေါ်ကို ဘုန်းပြည့်အာဏာရဲ့ နှာခေါင်းက နစ်၀င်သွားသည်။ နဂိုကမှ နီရဲနေတဲ့ ပါးက ထိုနှာခေါင်းနှစ်၀င်လာချိန်မှာတော့ နှစ်ဆပိုနီရဲသွားသည်။ နှာတံနဲ့အပြင် ဘုန်းပြည့်အာဏာရဲ့ နှုတ်ခမ်းနဲ့ပါထိလုမတတ် နစ်၀င်နေတာဖြစ်သည်။ ဘုန်းပြည့်အာဏာ မျက်လုံးတွေကိုမှိတ်လိုက်ပြီး ကိုယ်သင်းနံ့မွေးမွေးနဲ့ အသားအိအိကို အချိန်အတော်အတန်ကြာ ရစ်မူးနေမိသည်။ ထိကပ်နေတဲ့ ထိုပါးပြင်ကို ခွာဖို့ပင် သူအတော်သင်ယူရဦးမည်။

“ဟို ဥက္ကဌ”

စိုင်းမာန်သစ် ဓာတ်လိုက်သလိုပင်ကျဥ်တက်သွားရပြီးနောက် ရင်ခုန်သံတွေက စည်းချက်မညီဖြစ်နေသည်။ ဘုန်းပြည့်အာဏာက သူ့ကို အသက်ရှူရပ်ပြီး သေသွားစေချင်တာဖြစ်မည်။ သူ့ပါးပေါ်ကိုရောက်နေသည့် အထိအတွေ့ကြောင့် လူက ပျော်သလိုလို၊ ၀မ်းနည်းသလိုလိုဖြစ်ရသည်။

စိုင်းမာန်သစ်အသံကိုကြားမှ ဘုန်းပြည့်အာဏာ ထိုပါးပြင်ကနေ စခန်းဆုတ်လိုက်သည်။ 

“ဟို ကိုယ် တောင်းပန်”

“ရတယ် ဥက္ကဌစားဖို့ တစ်ခုခုသွား၀ယ်လိုက်ဦးမယ် အောက်က အရောင်းဆိုင်တွေထဲကပဲ ရှာလိုက်မယ်နော် အထဲ၀င်အိပ်ချင်အိပ်နေ”

စိုင်းမာန်သစ် မျက်နှာချင်းပင်မဆိုင်တော့ဘဲ ထိုနားလေးကနေ ခပ်သွက်သွက်ထွက်သွားမိတော့သည်။ တောင်းပန်တယ်ဆိုသည့် စကားကိုတော့ သူအဆုံးထိနားမထောင်ချင်။

__________________________________________________________

“မာန်”

ခြံတံခါး၀ကနေ ရုတ်တရတ်ကြားလိုက်ရတဲ့ အသံကြောင့် ဦးစိုင်းတမာန် ထိတ်လန့်သွားရသလို သွေးကြောတွေပါ ပြောင်းပြန်စီးသွားသလို ခံစားလိုက်ရသည်။ မတွေ့ရတာ ဆယ်စုနှစ်တစ်ခုကျော်တောင်ရှိခဲ့ပါပြီ။ လေလှိုင်းထဲက ကြားရတဲ့ အသံထက် ထိုအသံက သူ့နှလုံးသားကို ပိုပြီးရိုက်ခတ်နိုင်နေသည်။

လှမ်းကာကြည့်လိုက်မိတော့ အရင်လို မနုပျိုတော့သော်လည်း လှမျိုးမြင့်ဆိုတဲ့ တစ်ချိန်က သူပိုင်ဆိုင်ချင်ခဲ့သည့်အမျိုးသားဟာ သူ့မျက်လုံးထဲတွင်တော့ ချောမောနေဆဲပင်ဖြစ်သည်။

“ဒီ ဒီကို လာတာ ကြိုမပြောဘူး”

ဘယ်လောက်ပဲ အသက်တွေကြီးသွားပါစေ လှမျိုးမြင့်ရှေ့ကိုရောက်ရင် သူက လူငယ်တစ်ယောက်လို အထစ်ထစ်အအအနဲ့ ရှက်သွေးဖြာမိတုန်း။

“ကိုယ်လာတာသိရင် မင်းရှောင်ပြေးဦးမှာလေ ဖုန်းနဲ့ပဲ ဆက်သွယ်ခွင့်ပြုပြီး ကိုယ့်ကို ရှောင်ပြေးနေရတာ ပျော်မှပျော်ရဲ့လား?”

ဦးလှမျိုးမြင့်က ထိုသို့ပြောတော့ ဦးစိုင်းတမာန်က ယဲ့ယဲ့လေးပြုံးသည်။ သူမှမသိတာ။ ဒီလိုလူချင်းတွေ့ဖို့အထိ ဒီလောက်ကြာတာတောင် သူ့နှလုံးသားကို မထိန်းချုပ်နိုင်သေးတာကို လှမျိုးမြင့်မှမသိဘဲ။

“ဘယ်တော့ပြန်မှာလဲ?”

“ပြန်စကားမပြောစမ်းပါနဲ့ မာန်ရာ”

နှစ်ယောက်ပြန်ဆုံချိန်မှာတော့ စကားပြောပုံတွေကအစ အရင်တစ်ချိန်ကအတိုင်း ပျိုမြစ်နေသလိုပင်။

“မင်း သားရော”

“သူပါလိုက်လာတာ ကိုယ့်တူမ မင်္ဂလာဆောင်လေ”

“သြော်”

“မာန်”

“မပြောနဲ့”

တားစီးကာပိတ်ပင်ခံလိုက်ရသည့် စကားတစ်ခွန်းအတွက် ဦးလှမျိုးမြင့်ရင်တွေ အစိတ်စိတ်အမွှာမွှာကွဲကြေသွားရသလိုခံစားရသည်။

“ကျစ် တကယ် မဖြစ်နိုင်တော့ဘူးလားကွာ”

“မင်းရော ငါရော အသက်တွေတောင်ရနေပြီ သားတွေတောင် အရွယ်ရောက်နေပြီ ငါဒီအရွယ်ကြီးကျမှ ပြန်အရှက်မရချင်ဘူး အရင်တုန်းကလို နောက်တစ်ကြိမ်မင်းကို ငါရွေးချယ်ဖို့လုပ်ခဲ့ဖူးတယ် ဒါပေမယ့် ထိုးနှက်ခံခဲ့ရပြန်တာ ငါတင်မကဘူး ငါ့သားပါ ခံစားခဲ့ရတာ”

(OliviaThet-Eleanor’s Note: တန်းလန်းကြီးထားခဲ့တာမဟုတ်ရပါဘူးဗျ ဟီး အရစ်ရှည်ချင်သေးလို့ပါဗျ)

@OliviaThet-Eleanor

_______________________________________________________________

Tags: read novel Lollipop Chapter 21 – Unicode, novel Lollipop Chapter 21 – Unicode, read Lollipop Chapter 21 – Unicode online, Lollipop Chapter 21 – Unicode chapter, Lollipop Chapter 21 – Unicode high quality, Lollipop Chapter 21 – Unicode light novel, ,

Comment

Leave a Reply

Chapter 21